← Chapters

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃-၁၃၄)

Vol. 14 Ch. 133-134

အခန်း (၁၃၃)

ယွီယင် တိုက်ရိုက်ထုတ်လွှင့်မှု

'ယွီယင်' ကို ဒေါင်းလုဒ်ဆွဲထား သူများသည် မိမိတို့၏ လှပသော ဓာတ်ပုံများကိုတင်ခြင်း သို့မဟုတ် နေ့စဉ်လူနေမှု ဘဝများကို မျှဝေခြင်းဖြင့် သူစိမ်းများထံမှ အသိအမှတ်ပြုမှုနှင့် 'လိုက်ခ်' များစွာ ရရှိနိုင်ကြောင်း သိရှိသွားကြရာ ဗီဒီယိုများ ရိုက်ကူးရန်နှင့် ဓာတ်ပုံလှလှလေးများ မျှဝေရန် ပို၍ တက်ကြွလာကြတော့သည်။

အဆက်အသွယ် ပြတ်နေသည်မှာ ကြာပြီဖြစ်သော သူငယ်ချင်း အချို့မှာလည်း 'ယွီယင်' မှတစ်ဆင့် ငယ်သူငယ်ချင်း သံယောဇဉ်များကို ပြန်လည်နွှေးထုံး နိုင်ခဲ့ကြသဖြင့် ပလက်ဖောင်းအပေါ် ကျေးဇူးတင်ရှိပြီး တန်ဖိုးထားလာကြ၏။ ဤနည်းဖြင့် 'ယွီယင်' သည် တစ်ဦးချင်း အကောင့်များမှတစ်ဆင့် ပျံ့နှံ့သွားခဲ့ပြီး ယခုနှစ်၏ လူကြိုက်အများဆုံး လူမှုကွန်ရက် မျှဝေရေး ပလက်ဖောင်း ဖြစ်လာခဲ့ချေပြီ။

ထို့ကြောင့် 'တူဝမ်' တွင် တိုက်ရိုက် ထုတ်လွှင့်နေကြသည့် ထုတ်လွှင့်သူ အငယ်စားလေး များသည်လည်း 'ယွီယင်' ဆီသို့ စတင် ကူးပြောင်းလာကြသည်။ အကြောင်းရင်းမှာ 'ယွီယင်' ၏ စာချုပ် စည်းကမ်းချက်များမှာ ပိုမို ဆွဲဆောင်မှု ရှိသောကြောင့်ပင်။ ဝင်ငွေခွဲဝေမှုစာချုပ် (သို့မဟုတ်) အခြေခံဝင်ငွေ အာမခံချက်ရှိသော စာချုပ်များကို စိတ်ကြိုက် ရွေးချယ်နိုင်ရုံသာမက ပလက်ဖောင်း၏ ကော်မရှင်ခမှာလည်း ၂၀ ရာခိုင်နှုန်းသာ ရှိပေသည်။

အနည်းဆုံး ၅၀ ရာခိုင်နှုန်းခန့် ကော်မရှင် ဖြတ်တောက်သည့် အခြား ပလက်ဖောင်းများနှင့် နှိုင်းယှဉ်လျှင် ၎င်းမှာ ထုတ်လွှင့်သူ အသစ်များအတွက် ပိုမို သင့်တော်လှ၏။ ထို့ပြင် 'ယွီယင်' တွင် အခြေခံ အသုံးပြုသူ အလွန် များပြားလှသည်။ 'တူဝမ်' ကဲ့သို့ အသုံးပြုသူနှင့် အတိအကျ ချိတ်ဆက်ပေးနိုင်မှုမျိုး မရှိသေးသော်လည်း စုစုပေါင်း လစဉ်ဝင်ငွေမှာမူ အခြား ပလက်ဖောင်းများထက် သိသိသာသာ များပြားနေဆဲ ဖြစ်၏။

ထုတ်လွှင့်သူ အကြီးစားများမှာမူ စာချုပ်များဖြင့် ချုပ်နှောင်ခံထားရခြင်း သို့မဟုတ် လက်ရှိ ပရိသတ်အင်အားကို မစွန့်လွှတ်နိုင်ခြင်းတို့ကြောင့် ရှိနေကြသေးသော်လည်း အားလုံးက စောင့်ကြည့်လေ့လာ နေကြသည်မှာ ငြင်းမရသော အချက်ပင် ဖြစ်သည်။

【တိန်း သုံးစွဲမှုတာဝန် စတင်ပါပြီ၊ အချိန်အကန့်အသတ်မရှိ ယွမ်ဘီလီယံ ၁၀၀ သုံးစွဲရန် ဆုလာဘ်အဖြစ် ၃ ဆ ပြန်အမ်းငွေနှင့် စနစ်ဆိုင် အဆင့်မြှင့်တင်မှု ရရှိမည် ဖြစ်ပါသည်】

စနစ်ဆိုင်က အဆင့်မြှင့်တင်တော့မှာလား၊ တန်ယန် တစ်ကျော့ပြန် ယုံကြည်မှုများ ပြည့်ဝလာခဲ့သည်။ စနစ် အဆင့်မြှင့်တင်မှုမှာ ခဏခဏ ဖြစ်လေ့မရှိသော်လည်း အဆင့်မြှင့်တင်လိုက်တိုင်း ထူးခြား ကောင်းမွန်လှသဖြင့် အဆင့်မြှင့်ပြီး နောက်ပိုင်းတွင် မည်သို့သော ပစ္စည်းများ ရှိလာမည်ကို သူမ အလွန်ပင် သိချင်နေမိတော့သည်။

【ယိတျန်တျန်... ငါ့ရဲ့ အချက်အလက်တွေကို စစ်ဆေးပေးပါဦး】

အရှင် - တန်ယန်

ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု - ၁၀၀ (၀ မှ ၁၀၀ အတွင်း)

ဉာဏ်ရည် - ၁၀၀ (၀ မှ ၁၀၀ အတွင်း)

ဆွဲဆောင်မှု - ၅၆ (၀ မှ ၁၀၀ အတွင်း)

ရုပ်ရည် - ၁၀၀ (၀ မှ ၁၀၀ အတွင်း)

ကံကောင်းမှု - ၁၀ (၀ မှ ၁၀ အတွင်း)

ကြည်ညိုမှုအမှတ် - ၆,၄၈၃,၂၆၀

အထူးကျွမ်းကျင်မှုများ - အလယ်အလတ်အဆင့် ကိုယ်ခံပညာ၊ စန္ဒရားကျွမ်းကျင်မှု၊ ကိုယ်ပိုင်ဟင်းလင်းပြင်၊ ပါရမီရှင်အဆင့် ဂီတအာရုံခံစားမှု၊ ကခုန်ခြင်း ကျွမ်းကျင်မှု၊ ရွက်လှေမောင်းနှင်မှု ကျွမ်းကျင်မှုနှင့် ပါရမီပါသော စာရေးဆရာ။

ကျန်ရှိနေသော အရည်အချင်းအမှတ် - ၀

ကျန်ရှိနေသော ရွှေရောင်ကံစမ်းမဲသေတ္တာ - ၉၇ ခု

*

တန်ယန်သည် သူမ၏ ဘဏ်စာရင်း လက်ကျန်ကို တစ်ချက် ပြန်စစ်ဆေးကြည့်ရာ ယွမ်ဘီလီယံ ၁၈၀ ကျော် ရှိနေချေပြီ။ 'ရွေ့လျန်' ဘလက်ဂိုးကတ်နှင့် ချိတ်ဆက်ထားပြီး ကတည်းက သူမအနေဖြင့် ဘဏ်စာရင်းထဲရှိ ငွေပမာဏကို သိပ်ပြီး ဂရုမပြုမိတော့ပေ။

အသစ်ရရှိထားသော ငွေသုံးစွဲမှု တာဝန်ကို တွေးတောရင်း သူမသည် 'ယွီယင်' အက်ပ်ကို ဖွင့်လိုက်၏။ ယခုအချိန်တွင် ယွီယင်ပေါ်၌ တိုက်ရိုက်ထုတ်လွှင့်သူ အလွန်အမင်း မများသေးပေ။ အများစုမှာ အခြား ပလက်ဖောင်းများတွင် အခြေအနေ မလှသဖြင့် ပြောင်းလာကြသည့် ထုတ်လွှင့်သူ အငယ်စားလေးများသာ ဖြစ်ပြီး ဖော်လိုဝါ အရေအတွက်မှာလည်း မပြောပလောက်အောင်ပင် နည်းပါးလှသည်။

ထို့ပြင် ယွီယင်၏ တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုသူ အခြေခံမှာလည်း ပရော်ဖက်ရှင်နယ် ပလက်ဖောင်းများကဲ့သို့ ခိုင်ခိုင်မာမာ မရှိသေးချေ။

တန်ယန်သည် 'ရှီကွမ်းကျင့်ဟောင်' ဆိုသည့် အကောင့်အမည်ဖြင့် တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခုထဲသို့ ကြုံရာကျပန်း ဝင်ကြည့်လိုက်သည်။ ထုတ်လွှင့်သူမှာ ရုပ်ရည်အသင့်အတင့် ရှိသော အမျိုးသားတစ်ဦး ဖြစ်ပြီး အချစ်သီချင်း တစ်ပုဒ်ကို ခံစားချက် အပြည့်ဖြင့် သီဆိုနေ၏။

"ဟင်း..."

တန်ယန်ကတော့ ထိုအမျိုးသား၏ဟန်မှာ အနည်းငယ် ပိုလွန်းသည်ဟု ခံစားရသဖြင့် နောက်ထပ်တစ်ခုသို့ ချက်ချင်း ပြောင်းလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု အချို့ကို အပျော်သဘောဖြင့် လှည့်ပတ် ကြည့်ရှုပြီးနောက် သူမ၏ ပလက်ဖောင်းပေါ်ရှိ ထုတ်လွှင့်သူများ၏ အရည်အသွေးမှာ တကယ်ပင် စိတ်ပျက်စရာ ကောင်းနေကြောင်း တွေ့လိုက်ရသည်။ ၎င်းတို့မှာ ကိုယ်ပိုင်ဟန် မရှိကြသလို ဆွဲဆောင်မှုလည်း သိပ်မရှိကြချေ။ သူမ ပြန်လည် မဝင်စားမီအချိန်က ယွီယင်တွင်ရှိခဲ့သော ထုတ်လွှင့်သူ မျိုးစုံကို ပြန်တွေးမိသည်။ အချို့မှာ ရုပ်ရည်ချောမောပြီး ပါရမီပါကြသည်၊ အချို့က ဟာသနှောတတ်ကြပြီး အချို့မှာမူ ယဉ်ကျေးမှုဆိုင်ရာ ဗဟုသုတများဖြင့် ဆွဲဆောင်နိုင်ကြသည်။ ယခုတော့...

သူမ စာမျက်နှာကို တစ်ခါပြန်ဖွင့်လိုက်ရာ မျက်လုံးများ တောက်ပသွားတော့သည်။ ယခုတစ်ခေါက်တွင် အမျိုးသမီးငယ် တစ်ဦး၏ တိုက်ရိုက်ထုတ်လွှင့်မှုကို တွေ့လိုက်ရပြီး ခေါင်းစဉ်မှာ

"ရှောင်ရို့ပြောပြတဲ့ ပုံပြင်များ" ဖြစ်၏။

အစီအစဉ် တင်ဆက်သူ၏ အသံမှာ နူးညံ့ပြီး ကြည်လင်လှရာ အရုဏ်ဦးအချိန် တောအုပ်ထဲမှ ဥသြငှက်လေး၏ တေးဆိုသံကဲ့သို့ပင် နားထောင်ရသူကို သက်တောင့်သက်သာ ရှိစေသည်။ ထို့ပြင် သူမ၏ ရုပ်ရည်မှာလည်း တော်တော်လေး လှပပေသည်။

သူမသည် နို့နှစ်ရောင် ဂါဝန်လေးပေါ်တွင် နို့ဖြူရောင် ကာဒီဂန် အင်္ကျီလေးကို ထပ်ဝတ်ထားပြီး မိုက်ကရိုဖုန်းရှေ့တွင် ထိုင်နေ၏။ ဖြူဝင်းသော ပါးပြင်လေး နှစ်ဖက်မှာ ပန်းနုရောင် သန်းနေသည်။ ဝိုင်းစက်နေသော မျက်ဝန်းကြီးများဖြင့် မျက်နှာပြင်ကို စိုက်ကြည့်နေပုံမှာ အပြစ်ကင်းစင်သော ယုန်ဖြူလေး တစ်ကောင်နှင့် တူလှပေသည်။ သူမသည် မြင်သူတိုင်း၏ နှလုံးသားကို အလွယ်တကူ ဖမ်းစားနိုင်သည့် 'ပထမအချစ်' ၏ ပြယုဂ်ဟုပင် ဆိုရမည်။

အမှတ် ၁၀ ပေးမည်ဆိုလျှင် ဤ ထုတ်လွှင့်သူမလေးမှာ အနည်းဆုံး ၈.၅ မှတ် ရပေလိမ့်မည်။

တန်ယန်သည် လက်ချောင်းလေးများကို လှုပ်ရှားကာ သူမ၏ အကောင့်ထဲသို့ အင်တာတိန်းမန့်ဒင်္ဂါး ငါးသန်းကို ဖြည့်လိုက်သည်။ C နိုင်ငံသုံးငွေနှင့် အင်တာတိန်းမန့် ဒင်္ဂါး၏ လဲလှယ်နှုန်းမှာ ၁:၁ ဖြစ်၏။

သူမသည် မိန်းကလေးများနှင့် ပိုမိုလိုက်ဖက်မည့် လက်ဆောင်တစ်ခုကို ရွေးချယ်လိုက်သည်။ ၎င်းမှာ ယွမ် ၅,၀၀၀ တန် 'အိပ်မက်ဆန်သော ဘဲလေးကခုန်သည့် သေတ္တာ' ဖြစ်၏။ ချက်ချင်းပင် ဖန်သားပြင်ပေါ်၌ သီချင်းသေတ္တာ စင်မြင့်ပုံစံ ပေါ်လာပြီး အလယ်တွင် ကခုန်နေသော အရုပ်မလေးတစ်ရုပ် ထွက်ပေါ်လာသည်။

ရုတ်တရက် ကျရောက်လာသော လက်ဆောင်များကြောင့် တိုက်ရိုက် ကြည့်ရှုနေသူများမှာ အံ့အားသင့်သွားကြသည်။ သို့သော် ထိုမျှနှင့် မရပ်တန့်ဘဲ ဖန်သားပြင်ပေါ်တွင် ဘဲလေးကခုန်သည့် သေတ္တာလေးများ တစ်ခုပြီးတစ်ခု ဆက်တိုက်ဆိုသလို ပေါ်လာတော့သည်။ လက်ဆောင်ပေးသည့် စာတိုများမှာလည်း ပလက်ဖောင်း တစ်ခုလုံးတွင် ပလူပျံသွား၏။

【သူဌေးကြီးကို လာကြည့်တာ】

【ယွီယင် တိုက်ရိုက်ထုတ်လွှင့်မှု ပလက်ဖောင်းမှာ ဒီလောက် အသုံးကြမ်းတဲ့သူ ရှိလိမ့်မယ်လို့ မထင်ထားမိဘူး လက်ဆောင်တစ်ခုကို ယွမ် ၅,၀၀၀ တန်တယ် မဟုတ်လား အခုဆို အခု ငါးဆယ်ကျော်တောင် ရှိနေပြီ၊ အနည်းဆုံး ယွမ်နှစ်သန်းခွဲ ကျော်နေပြီပဲ】

【လက်ဆောင်လေးတွေက တကယ်လှတာပဲ၊ ဓာတ်ပုံရိုက်ဖို့ ခဏဝင်လာတာ】

【'ရှီကွမ်း' က ယောက်ျားလား မိန်းမလား သူဌေးကြီးတို့ရေ... ကျွန်တော့်ကိုလည်း တစ်ချက်လောက် ကြည့်ပေးကြပါဦး၊ ကျွန်တော်လည်း ရုပ်ချောပါတယ်】

【'ရှီကွမ်းကျင့်ဟောင်' တဲ့လား နာမည်ကတော့ မိန်းကလေးနာမည်နဲ့ တူတယ်၊ ဒါပေမဲ့ အမျိုးသားတွေလည်း သုံးတတ်တာပဲလေ】

【ယောက်ျားလေးပဲ ဖြစ်မှာပါ၊ ထုတ်လွှင့်သူက ချောချောလေးဆိုတော့ ဘယ်မိန်းကလေးကမှ အမျိုးသမီး ထုတ်လွှင့်သူ တစ်ယောက်ကို ဒီလောက်အများကြီး လက်ဆောင်ပေးမှာ မဟုတ်ဘူး】

【အပေါ်ကလူပြောတာ မှန်တယ် +၁၊ ကျွန်တော်လည်း အမျိုးသားပဲ ဖြစ်မယ်ထင်တယ်၊ အသက်ကြီးကြီး လူကြီးပိုင်း တစ်ယောက်များလား】

တန်ယန်သည် ဖန်သားပြင်ပေါ်ရှိ မှတ်ချက်များကို ကြည့်မနေဘဲ 'လက်ဆောင်ပေးရန်' ခလုတ်ကိုသာ အဆက်မပြတ် နှိပ်နေခဲ့ရာ သူမဖြည့်ထားသည့် ငါးသန်းကုန်သွားမှသာ ရပ်လိုက်တော့သည်။

အစီအစဉ်တင်ဆက်သူ ရှောင်ရို့မှာ ထိုမျှများပြားသည့် လက်ဆောင်များကို မြင်သောအခါ အံ့သြဝမ်းသာ ဖြစ်သွားပြီး

"လက်ဆောင်ပေးတဲ့အတွက် 'ရှီကွမ်းကျင့်ဟောင်' ကို ကျေးဇူးအများကြီး တင်ပါတယ်ရှင် နားထောင်ချင်တဲ့ ပုံပြင်လေးတွေ ရှိရင်လည်း ရှောင်ရို့ကို ပြောပြပေးပါဦးနော်"

ဟု အလျင်အမြန်ပင် နှုတ်ဆက်လိုက်သည်။

ရှီကွမ်းကျင့်ဟောင်သည် ရှောင်ရို့၏ တိုက်ရိုက် ထုတ်လွှင့်မှုထဲတွင် 'အိပ်မက်ဆန်သော ဘဲလေးကခုန်သည့် သေတ္တာ' အခု ၁,၀၀၀ လက်ဆောင်ပေးခဲ့သည်။

ရှီကွမ်းကျင့်ဟောင် - "ထုတ်လွှင့်သူရဲ့ အသံလေးက နားထောင်လို့ တကယ်ကောင်းပါတယ်၊ ဆက်ပြီး ကြိုးစားပါဦး ကျွန်မမှာ လုပ်စရာလေးရှိလို့ အခုပဲ ထွက်သွားတော့မယ်နော်"

ရှောင်ရို့သည် ပရိသတ်ကြီးထံမှ ချီးမွမ်းစကားကြောင့် ပါးပြင်လေးများ အနည်းငယ် နီမြန်းသွားပြီး စိတ်ရင်းဖြင့် ထပ်မံ ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထို့နောက် သူမသည် ပထမဆုံး နေရာသို့ ရောက်သွားသည့် ထိုအကောင့်၏ အချက်အလက်ကို နှိပ်ကြည့်လိုက်၏။ ပရိုဖိုင်ပုံမှာ စနစ်မှ ပေးထားသည့် ပုံမှန်ပုံလေးသာဖြစ်ပြီး လိင်အမျိုးအစားတွင် အမျိုးသမီး၊ တည်နေရာမှာ S မြို့တော်ဟုသာ ဖော်ပြထားကာ အခြားအချက်အလက် ဘာမှမရှိချေ။

သို့သော် ဤအကောင့်မှာ ထူးခြားနေသည်၊ အိုင်ဒီမှာ YY888 ဖြစ်သည်။ ဤမျှ တိုတောင်းသော အိုင်ဒီမျိုးမှာ ပလက်ဖောင်း၏ အတွင်းပိုင်းအကောင့်တစ်ခု ဖြစ်ဟန်တူသည်။

ရှောင်ရို့၏ စောစောက ပျော်ရွှင်မှုများမှာ ရုတ်ချည်းပင် ပျောက်ကွယ်သွားရသည်။ တကယ်လို့သာ အတွင်းပိုင်း အကောင့်တစ်ခု ဖြစ်နေခဲ့လျှင် ယနေ့ရရှိသော လက်ဆောင်ငွေများကို သူမ ရရှိနိုင်တော့မည် မဟုတ်ပေ။ သို့သော် သူမသည် လက်ရှိတွင် ငွေအလွန်အမင်း လိုအပ်နေသဖြင့်သာ တိုက်ရိုက် ထုတ်လွှင့်ခြင်းကို စမ်းသပ် လုပ်ကိုင်နေခြင်း ဖြစ်သည်။

"ဟူး..."

ရှောင်ရို့သည် အသာအယာ သက်ပြင်းချလိုက်ပြီး စိတ်ကို ပြန်စုစည်းကာ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ပုံပြင်များကို ဆက်လက် ပြောပြနေလိုက်၏။

【သူဌေးကြီး ထွက်သွားပြီလား ထုတ်လွှင့်သူလေး ကြည့်ရတာ စိတ်မကောင်း ဖြစ်သွားပုံပဲ】

【ဝါး... ကျွန်တော် သူဌေးကြီးရဲ့ ပရိုဖိုင်ကို သွားကြည့်လိုက်တာ၊ လိင်အမျိုးအစားမှာ အမျိုးသမီးလို့ ပြထားတယ် ဒါပေမဲ့ အကောင့်ကတော့ အတွင်းပိုင်းအကောင့် တစ်ခုနဲ့ တူနေတယ်ဗျ】

【ဒါက လူတွေ စိတ်ဝင်စားလာအောင် ပလက်ဖောင်းဘက်ကပဲ အကွက်ကျကျ ငွေအများကြီး သုံးပြပြီး လှည့်စားနေတာ မဟုတ်ဘူးလား တကယ့် သူဌေးအသစ် ပေါ်လာတာ ထင်နေတာ သွားပြီဗျာ၊ မကြည့်တော့ဘူး】

【ဒီအကောင့်က သာမန်အကောင့် မဟုတ်တာတော့ သေချာတယ်၊ ဒါပေမဲ့ ဘာလို့ အတွင်းပိုင်းလူလို့ တထစ်ချ ယုံကြည်နေကြတာလဲ ပလက်ဖောင်းက သူဌေးတွေအတွက် သီးသန့်ထုတ်ပေးထားတဲ့ အထူးအကောင့်မျိုးလည်း ဖြစ်နိုင်တာပဲ ငါ ဖောလိုလုပ်ထားတဲ့ အနုပညာရှင်တွေမှာတောင် သူတို့ကိုယ်ပိုင် သီးသန့်အကောင့်တွေ ရှိကြတာပဲ】

【အဆင့် ၁ အကောင့်တစ်ခုကနေ ယွမ် ၅ သန်းတောင် ချက်ချင်းကြီး လက်ဆောင်ပေးတယ်ဆိုတာ တကယ်ထူးဆန်းတယ် 'ယွီယင်' က အခုမှစတဲ့ ပလက်ဖောင်း အသစ်ပဲလေ၊ ပရိသတ် အခြေခိုင်ပြီးသား 'တူဝမ်' တို့လို ပလက်ဖောင်းကြီးတွေနဲ့မှ မတူတာ】

【အပေါ်ကလူ ပြောတာလည်း ဟုတ်တာပဲ ငါသာဆိုရင်လည်း ပလက်ဖောင်းကြီးတွေမှာပဲ လက်ဆောင်ပေးဖို့ ရွေးမှာပဲ ဒီက ထုတ်လွှင့်သူတွေက ဟိုဘက်က လူတွေလောက်မှ နာမည်မကြီးတာ】

ဖန်သားပြင်ပေါ်မှ စာတိုများကို မြင်ရသောအခါ ရှောင်ရို့၏ မျှော်လင့်ချက်များမှာ ပို၍ပင် မှေးမှိန်သွားတော့သည်။ မကြာမီမှာပင် ယွီယင်အဖွဲ့သား တစ်ဦးဦးက သူမကို ဆက်သွယ်လာတော့မည်ဟု သူမ တွေးထားလိုက်၏။

သူမသည် နောက်ထပ် တစ်နာရီခန့် ဆက်လွှင့်ကာ ထိုနေ့အတွက် ပြင်ဆင်ထားသည့် ပုံပြင်ကို အဆုံးသတ်လိုက်သည်။ ထို့နောက် ရှောင်ရို့သည် ပရိသတ်များကို ပြုံးလျက် နှုတ်ဆက်ပြီး တိုက်ရိုက်ထုတ်လွှင့်မှုကို ရပ်နားလိုက်လေသည်။

သူမသည် သက်ပြင်းရှည်ကြီး တစ်ချက်ချကာ သီးသန့်စာတိုများကို စတင် စစ်ဆေးလိုက်၏။ မျှော်လင့်ထားသည့်အတိုင်း နောက်ကွယ်မှ စနစ် အကြောင်းကြားစာ တစ်ခု ရောက်ရှိနေပေသည်။

"ဖြစ်လာမှာတွေကတော့ ဖြစ်လာတာပါပဲ"

ရှောင်ရို့က ခေါင်းခါလိုက်ရင်း အကြောင်းကြားစာကို ဖွင့်ကြည့်လိုက်ရာ -

"လေးစားရပါသော ထုတ်လွှင့်သူ ရှောင်ရို့ရှင်၊ လူကြီးမင်း၏ တိုက်ရိုက်ထုတ်လွှင့်မှု အချက်အလက်များမှာ ထူးထူးခြားခြား ကောင်းမွန်နေသဖြင့် လာမည့် တစ်ပတ်အတွင်း ပလက်ဖောင်းမှ ပံ့ပိုးမှုများနှင့် ဆုလာဘ် အမျိုးမျိုးကို ခံစားခွင့် ရရှိမည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ အကြောင်းကြားအပ်ပါသည်။ ပလက်ဖောင်း၏ လမ်းညွှန်မှုများ ပိုမို ရရှိနိုင်ရန်အတွက် တိုက်ရိုက် ထုတ်လွှင့်ချိန်များကို ပုံမှန်အတိုင်း တည်တည်ငြိမ်ငြိမ် ထိန်းသိမ်းပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်"

ဟူ၍ ဖြစ်နေလေသည်။

အခန်း (၁၃၄)

စာအုပ်ဝါသနာရှင်များ

ရှောင်ရို့သည် သူမ၏ ပုဂ္ဂလိက စာတိုများနှင့် စနစ်အကြောင်းကြားစာ အားလုံးကို အသေးစိတ် စစ်ဆေးကြည့်သော်လည်း ပယ်ဖျက်လိုက်သည့် လက်ဆောင်များအကြောင်း ပြောဆိုဆက်သွယ်လာသူ တစ်ဦးတစ်ယောက်မျှ မရှိချေ။ သို့ဆိုလျှင် ပလက်ဖောင်း၏ ကော်မရှင် ၂၀ ရာခိုင်နှုန်းကို နှုတ်ပြီးပါက ယနေ့ရရှိသော လက်ဆောင်များ၏ ၈၀ ရာခိုင်နှုန်းကို သူမရရှိမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ဆိုသော် သူမသည် တစ်ရက်တည်းနှင့် ယွမ် ၄ သန်းကို ရှာဖွေနိုင်ခဲ့ခြင်း ဖြစ်ပေသည်။

ထိုခဏ၌ သူမ၏ နှလုံးခုန်သံများ မြန်ဆန်လာပြီး ရင်ဘတ်ကို ညာဘက်လက်ဖြင့် ဖိထားလိုက်မိ၏။ ထို့နောက် သူမ၏မျက်ဝန်းများ နီမြန်းလာကာ နှာခေါင်းလေးမှာလည်း စပ်ဖျဉ်းဖျဉ်း ဖြစ်လာတော့သည်။

ရှောင်ရို့၏ နာမည်အရင်းမှာ စူးယွိရို့ဖြစ်ပြီး ဘွဲ့ရခါစ ကျောင်းသူတစ်ဦး ဖြစ်သည်။ သူမသာ သာမန် အလုပ်တစ်ခုကို ရှာဖွေခဲ့လျှင် ရိုးရှင်းသော ဘဝတစ်ခုကို ပိုင်ဆိုင်နိုင်မည် ဖြစ်သော်လည်း သူမကို ပြုစုပျိုးထောင်ပေးခဲ့သည့် အဘွားဖြစ်သူမှာ ရုတ်တရက် နှလုံးရောဂါ ဖြစ်ပွားကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး နှလုံးအဆို့ရှင် ခွဲစိတ်မှုပြုလုပ်ရန် လိုအပ်လာခဲ့သည်။

သူမသည် ငယ်စဉ်ကပင် မိဘနှစ်ပါးစလုံး ကွယ်လွန်ခဲ့သဖြင့် အဘွားဖြစ်သူနှင့်သာ ကြီးပြင်းခဲ့ရခြင်း ဖြစ်သည်။ ခွဲစိတ်မှုအတွက် ငွေအမြောက်အမြားကို အမြန်ဆုံး ရှာဖွေရန် လိုအပ်နေသည်။ သို့သော် ဘွဲ့ရခါစ ကျောင်းသူတစ်ဦး အနေဖြင့် သိက္ခာမဲ့သော အလုပ်မျိုးကိုလည်း မလုပ်လိုချေ။ ထို့ကြောင့် သူမ၏ သူငယ်ချင်း ဖြစ်သူက ထိပ်တန်း ထုတ်လွှင့်သူ အချို့မှာ တစ်ညတည်းနှင့် ယွမ်သန်းချီ ရှာဖွေနိုင်ကြောင်း ပြောပြကာ တိုက်ရိုက်လွှင့်သည့် အလုပ်ကို စမ်းကြည့်ရန် အကြံပေးခဲ့ခြင်း ဖြစ်သည်။

အခြားရွေးချယ်စရာ မရှိတော့သဖြင့် သူမသည် မိမိနှင့် မရင်းနှီးသော ဤနယ်ပယ်ထဲသို့ ပြတ်ပြတ်သားသား ခြေစုံပစ်ဝင်ခဲ့သည်။ သူမတွင် အချိန်ဆွဲနေရန် အခွင့်အရေး မရှိချေ။ အသက် ၇၀ ကျော်အရွယ် လူကြီးများအတွက် ဤခွဲစိတ်မှုမှာ အန္တရာယ် များသဖြင့် ဆရာဝန်က အမြန်ဆုံး ခွဲစိတ်ရန် အကြံပြုထားသောကြောင့် ဖြစ်သည်။

ယွမ်တစ်သန်းကျော် ကုန်ကျမည့် ခွဲစိတ်စရိတ်မှာ သူမအတွက် မဖြစ်နိုင်သော ပမာဏဟု ထင်ခဲ့ရသော်လည်း ယခုမူ တစ်ရက်မပြည့်မီ အချိန်အတွင်းမှာပင် ယွမ် ၄ သန်းကို ရရှိခဲ့ချေပြီ။ ထိုငွေများကို နောက်လမှသာ ထုတ်ယူနိုင်မည် ဖြစ်သော်လည်း တစ်လဆိုသည့် အချိန်မှာ သူမနှင့် အဘွားဖြစ်သူအတွက် စောင့်ဆိုင်းနိုင်သော အချိန်အတိုင်းအတာ တစ်ခုပင် ဖြစ်သည်။

ဤအတောအတွင်း သူမသည် အဘွားဖြစ်သူ၏ ကျန်းမာရေးကို ကောင်းမွန်အောင် ပြုစုပေးနိုင်မည် ဖြစ်သည်။ အဘွား၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ ပိုမို ကောင်းမွန်လေလေ ခွဲစိတ်မှု အောင်မြင်ရန် အခွင့်အလမ်း ပိုများလေလေ ဖြစ်ပြီး နောက်ဆက်တွဲ ပြန်လည် ကျန်းမာလာမှုမှာလည်း ပိုမို မြန်ဆန်ပေလိမ့်မည်။

ရှောင်ရို့၏ တိုက်ရိုက် ထုတ်လွှင့်မှုထဲမှ ထွက်ခွာလာပြီးနောက် တန်ယန်သည် အလားအလာ ရှိပုံရသော အခြား တိုက်ရိုက်ထုတ်လွှင့်မှု နှစ်ခုကို ထပ်မံရှာဖွေကာ တစ်ခုလျှင် ယွမ် ၅ သန်းစီ လက်ဆောင် ပေးလိုက်သည်။ သို့သော် 'လက်ဆောင်ပေးရန်' ခလုတ်ကို အကြိမ်ကြိမ် နှိပ်နေရခြင်းမှာ သူမကို အနည်းငယ် စိတ်အနှောင့်အယှက် ဖြစ်စေခဲ့၏။

【ယိတျန်တျန်... ကြည့်ရတာ မျက်စိပသာဒ ဖြစ်စေမယ့် ရုပ်ချောတဲ့ ထုတ်လွှင့်သူတွေ ရှိလားဆိုတာကို သွားရှာကြည့်ဦး၊ ပြီးရင် သူတို့ကို လက်ဆောင်တွေ ပေးလိုက်စမ်းပါ】

【အရှင်... အရှင်က ကျွန်တော့်ကို အလကားခိုင်းဖို့ ကြံနေတယ်လို့ သံသယဖြစ်မိတယ်၊ ဒါပေမဲ့ ကျွန်တော့်မှာ သက်သေတော့ မရှိဘူးနော်】

တန်ယန်သည် အနည်းငယ် အနေရ ခက်သွားသော်လည်း ဇွတ်ပေကာ ငြင်းဆိုလိုက်သည်။

"【နင်က ငါ့ကို ဘယ်လိုတောင် တွေးလိုက်တာလဲ နင်ပျင်းနေမှာစိုးလို့ အလုပ်တစ်ခုခု ပေးလိုက်တာလေ ပြီးတော့ နင်လည်း ဒီတာဝန်ကို အမြန်ပြီးချင်တာ မဟုတ်ဘူးလား】"

ယိတျန်တျန်မှာ ဘာပြန်ပြောရမှန်း မသိဘဲ ဆွံ့အသွားကာ

"အရှင်က အရှင်ပဲလေ၊ အရှင်ပြောသမျှ အမှန်ပေါ့!၏"

【အရှင်... ကျွန်တော် မှားသွားပါတယ်၊ အခုချက်ချင်း သွားလိုက်ပါမယ်ခင်ဗျာ】

ဤကဲ့သို့ လိမ္မာရေးခြားရှိသော စနစ်မျိုး ရှိသည်မှာ တကယ်ပင် ကောင်းလှပေသည်။ တန်ယန်သည် စိတ်လက်ပေါ့ပါးစွာဖြင့် အနားယူရင်း ဝတ္ထုဆက်ရေးရန် ပြင်လိုက်တော့သည်။

"ပြန်လည် ဝင်စားလာသော ဗီလိန်မလေး - ကံကြမ္မာကို တန်ပြန်တိုက်ခိုက်ခြင်း" ဝတ္ထုမှာ သူမ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲ မဖြေဆိုမီကပင် ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ သူမသည် "ကမ္ဘာပျက်ကပ်နှင့် နတ်ရေစင် ဟင်းလင်းပြင်" အမည်ရှိသော ဝတ္ထုအသစ် တစ်ပုဒ်ကို ရေးသားနေခြင်း ဖြစ်၏။

ထိုဇာတ်လမ်းမှာ ဇွန်ဘီဗိုင်းရပ်စ်များ ပျံ့နှံ့လာပြီး လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ ကူးစက်ခံလိုက်ရသည့် ကမ္ဘာတစ်ခုအကြောင်း ဖြစ်သည်။ ဇာတ်လိုက်မလေး၏ မိသားစုဝင်များလည်း ကူးစက်ခံခဲ့ရချေပြီ။ သူမသည် အတန်းဖော် အချို့နှင့် စုပေါင်းကာ စစ်တပ်က တည်ထောင်ထားသည့် မြောက်ပိုင်းမှ ခိုလှုံရာ စခန်းဆီသို့ ဦးတည် ထွက်ခွာလာခဲ့ကြသည်။

ထိုသို့ သွားနေစဉ် အတွင်းမှာပင် ဇာတ်လိုက်မလေးမှာ သူမ၏ အချစ်ဆုံး သူငယ်ချင်း၏ တွန်းထုတ်ခြင်းကို ခံလိုက်ရသဖြင့် ကားပေါ်မှ ပြုတ်ကျ ကျန်ရစ်ခဲ့သည်။ ကားနောက်တွင်မူ ဇွန်ဘီအုပ်ကြီးမှာ တစာစာနှင့် လိုက်ပါလာကြ၏။ သူမသည် အံကိုကြိတ်ကာ လမ်းကြောင်းပြောင်းပြေးပြီး အနီးနားရှိ ဂိုဒေါင်တစ်ခု အတွင်းသို့ ဝင်ရောက် ပုန်းအောင်းလိုက်သည်။ သို့သော် ဇွန်ဘီများ၏ ကုတ်ခြစ်ခြင်းကို ခံလိုက်ရသဖြင့် သူမမှာ မကြာမီမှာပင် အပြင်းအဖျား တက်လာတော့သည်။

ထိုခဏ၌ သူမ ငယ်စဉ်ကတည်းက လည်ပင်းတွင် အမြဲဆွဲထားခဲ့သော ကျောက်စိမ်း ဆွဲသီးလေးမှာ လင်းလက်လာပြီး တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် ဇာတ်လိုက်မလေးမှာ ထိုနေရာမှ ပျောက်ကွယ်သွားလေသည်။ သူမ ပြန်လည် နိုးထလာသောအခါ ငှက်သံတကျည်ကျည်နှင့် ပန်းရနံ့များ သင်းပျံ့နေသည့် ဟင်းလင်းပြင် တစ်ခုအတွင်းသို့ ရောက်ရှိနေကြောင်း တွေ့လိုက်ရသည်။ သူမရောက်နေသည့် နေရာမှာ အိမ်တစ်လုံး အတွင်း၌ ဖြစ်၏။

စားပွဲပေါ်ရှိ ကျောက်စိမ်း ပေလွှာမှတစ်ဆင့် ဤနေရာမှာ ရှေးဟောင်း တန်ခိုးရှင်တစ်ဦး ဖန်တီးခဲ့သည့် ကမ္ဘာငယ်လေး တစ်ခုဖြစ်ကြောင်းနှင့် ကျောက်စိမ်းဆွဲသီးကို ပိုင်ဆိုင်သူမှာ ဤနေရာ၏ သခင်အသစ် ဖြစ်လာမည်ဖြစ်ကြောင်း သူမသိလိုက်ရသည်။ ထိုဟင်းလင်းပြင် အတွင်း၌ ရောဂါဝေဒနာ အားလုံးကို ပျောက်ကင်းစေရုံသာမက အသားအရေ လှပစေခြင်း၊ ခန္ဓာကိုယ်ကို အားဖြည့်ပေးခြင်းနှင့် ကျန်းမာကြံ့ခိုင် စေခြင်းတို့ကို ပြုလုပ်ပေးနိုင်သည့် 'နတ်ရေစင်' တစ်ခု ရှိနေပေသည်။ ထို့ပြင် စာအုပ် အမြောက်အမြားကိုလည်း တွေ့ရှိခဲ့၏။

သို့သော် လက်ရှိတွင် ထိုဟင်းလင်းပြင်၌ ဝိညာဉ်စွမ်းအင် မလုံလောက်သေးသဖြင့် လုပ်ဆောင်ချက် အများအပြားမှာ အလုပ်မလုပ်သေးချေ။ သူမအနေဖြင့် ထိုနေရာကို အဆင့်မြှင့်တင်နိုင်ရန် ဝိညာဉ်စွမ်းအင်များ စုဆောင်းပေးရမည် ဖြစ်သည်။ စွမ်းအင်စုဆောင်းရန် နည်းလမ်းမှာမူ ထိုဟင်းလင်းပြင် အတွင်း၌ ကောက်ပဲသီးနှံများ စိုက်ပျိုးရန်ပင် ဖြစ်သည်။

ထို့နောက်တွင်မူ ဇာတ်လိုက်မလေးသည် ဟင်းလင်းပြင် အတွင်း၌ စိုက်ပျိုးရေး လုပ်ငန်းများ လုပ်ကိုင်ရင်း ဆေးကျမ်းများနှင့် ကျင့်စဉ်များကို လေ့လာဆည်းပူးခဲ့သည်။ သူမ၏ စွမ်းအားမှာ လူအများအကြား ထူးထူးခြားခြား ဖြစ်လာသည့် အချိန်ကျမှသာ ဟင်းလင်းပြင်ထဲမှ ပြန်လည် ထွက်ခွာခဲ့၏။ ထိုအခါမှသာ ဟင်းလင်းပြင် အတွင်းရှိ အချိန်စီးဆင်းမှုမှာ ပြင်ပလောကထက် ဆယ်ဆခန့် ပိုမို မြန်ဆန်နေကြောင်း သူမ သိလိုက်ရတော့သည်။

သူမသည် မြောက်ပိုင်းခိုလှုံရာ စခန်း၌ အတန်းဖော်များနှင့် ပြန်လည် ဆုံတွေ့သောအခါ ကလဲ့စားချေခဲ့သည်။ နောက်ဆုံးတွင်မူ သူမသည် လူသားများထဲတွင် အင်အားအကြီးဆုံးဖြစ်သော ဇာတ်လိုက်မင်းသားနှင့် ချစ်ကြိုက်သွားပြီး နှစ်ဦးသား ပူးပေါင်းကာ ကမ္ဘာကြီးကို ပျက်သုဉ်းခြင်းဘေးမှ ကယ်တင်ခဲ့၏။

သူမသည် လက်စသတ်ထားသော စာမူအကြမ်းပေါင်း နှစ်သိန်းနီးပါး ရလာသည့် အချိန်ကျမှသာ ‘ဖုန်းချီ’ ပလက်ဖောင်း၏ စာရေးဆရာ နောက်ကွယ်စာမျက်နှာသို့ တင်လိုက်လေသည်။

ရုံးချိန်အတွင်း ဖြစ်သဖြင့် စာမူတင်ပြီးသည်နှင့် တစ်ပြိုင်နက်တည်းမှာပင် အယ်ဒီတာ ‘ကျင့်မုန့်’ က သူမထံသို့ ဆက်သွယ်လာသည်။

ကျင့်မုန့် - "တန်တာ... ဝတ္ထုအသစ် ပြန်စပြီပေါ့ ဟေး... ပျော်လိုက်တာ"

တန်ယန် - "ပျော်နေတာလား အခုက အားလပ်ရက်ဆိုတော့ ရေးဖို့အချိန် ရနေလို့ပါ"

ကျင့်မုန့် - "ကျွန်မကတော့ ကမ္ဘာပေါ်မှာ အပျော်ဆုံး အယ်ဒီတာပဲ တခြားသူတွေက စာမူရဖို့ အတင်းတိုက်တွန်း နေရချိန်မှာ ကျွန်မရဲ့ စာရေးဆရာမကတော့ ဝတ္ထုအသစ်တောင် စနေပြီ၊ စာမူအကြမ်းကလည်း နှစ်သိန်းတောင် စုထားပြီးသားလေ"

တန်ယန် - "ဒီစာအုပ်ကို တစ်လအတွင်း အပြီးရေးဖို့ စိတ်ကူးထားတယ် ပြီးရင်တော့ ကျောင်းဖွင့်ချိန်မှာ စာရေးတာကို ခဏရပ်နားထားဖို့ အစီအစဉ်ရှိတယ်"

ကျင့်မုန့် - "ရှော့ခ်ရသွားသောပုံ၊ ဘာပြောလိုက်တာလဲ တန်တာ... တကယ်ပဲ စာမရေးတော့ဘူးလား အခု ရှင့်မှာ စာဖတ်ပရိသတ် ဘယ်လောက်တောင် များနေပြီလဲဆိုတာ သိရဲ့လား"

တန်ယန် - "……."

ကျင့်မုန့် - "ရှင့်မှာ စာဖတ်ပရိသတ်အမာခံ နှစ်သန်းတောင် ရှိနေတာလေ"

တန်ယန် ခေတ္တမျှ ဆွံ့အသွားရသည်။ သူမ၏ Weibo အကောင့်တွင်လည်း ဖော်လိုဝါ ဆယ်သန်းနီးပါး ရှိနေသည်ဟု ထင်မိ၏။

【အရှင်... အတိအကျ ပြောရရင် အရှင်မှာ Weibo ဖော်လိုဝါ ၁၁.၀၂ သန်း ရှိတယ် ဒါ့အပြင် C နိုင်ငံမှာ ပရိသတ်အဖွဲ့ တစ်ခုနဲ့ ပရိသတ်အုပ်စုပေါင်း ၈၀၀ တောင် ရှိနေတာ】

"【ဒီလောက်တောင် များတာလား ငါ့မှာ ဖော်လိုဝါ သန်းဂဏန်းလောက်ပဲရှိတာ မဟုတ်ဘူးလား】" တန်ယန် အတော်လေး အံ့သြသွားမိသည်။ သူမက အနုပညာရှင် တစ်ယောက်လည်း မဟုတ်ဘဲနှင့် အဘယ်ကြောင့် ဤမျှအထိ ပရိသတ် များနေရသနည်း။

【အရှင်... အရှင်အနေနဲ့ အပြည်ပြည်ဆိုင်ရာ ရှိုပင်ပီယာနိုပြိုင်ပွဲရဲ့ လွှမ်းမိုးမှုကို အထင်သေးနေတာလား နိုင်ငံတကာက လူအများအပြားဟာ အင်တာနက် အကန့်အသတ်တွေကို ကျော်ဖြတ်ပြီး အရှင်ကို ဖောလိုး လုပ်ထားကြတာပါ။ ပြီးတော့ ‘ယွမ်ရှီး’ ရဲ့ ပရိသတ် အချို့ကလည်း အိမ်ရှင်ကို ဖော်လို လုပ်ထားကြတယ်လေ】

ယွမ်ရှီး… ထိုနာမည်ကို မကြားရသည်မှာ ကြာပြီဖြစ်သည်။ အင်း... ထိုကဲ့သို့သော လူတစ်ယောက် ရှိခဲ့သည်ကိုပင် သူမ မေ့လုနီးပါး ဖြစ်နေချေပြီ။

တန်ယန် - "အော်... စာဖတ်ပရိသတ် နှစ်သန်းဆိုတာ သိပ်မများဘူး မဟုတ်လား"

ကျင့်မုန့် - "တန်တာ၊ ဘယ်လိုတွေ တွေးလိုက်တာလဲ ဝါရင့် စာရေးဆရာမကြီးတွေတောင်မှ စာဖတ်ပရိသတ် တစ်သန်းတောင် မပြည့်ကြဘူးလေ ရှင် စာဖတ်ပရိသတ်တွေနဲ့ ပတ်သက်ပြီး ဘယ်လိုများ ထင်နေတာလဲ”

တန်ယန် - "အဲ့လောက်တောင် နည်းတာလား"

ကျင့်မုန့် - "......"

ကျင့်မုန့် - "ရှင့်ရဲ့ စာရေးဆရာ Weibo အကောင့်မှာ မပေါ်တာ ကြာပြီနော် အားတဲ့အခါ အွန်လိုင်းတက်ပြီး စာဖတ်ပရိသတ်တွေနဲ့ စကားပြောပေးဖို့လည်း မမေ့နဲ့ဦး"

တန်ယန် - "ဟုတ်ကဲ့ပါ (ချစ်စရာကောင်းတဲ့ပုံ)"

ဘေကျင်းမြို့၊ ဖုန်းချီ အယ်ဒီတာအဖွဲ့ ရုံးခန်း။

တန်ယန်နှင့် စကားပြောပြီးနောက် ကျင့်မုန့်မှာ အင်အား ကုန်ခမ်းသွားသလို ခံစားလိုက်ရ၏။ ဟင်း... သူမ၏ စာရေးဆရာမမှာ လောကီရေးရာများနှင့် တကယ်ပင် ကင်းကွာလွန်းလှပေသည်။ စာဖတ်ပရိသတ် နှစ်သန်းဆိုသည်မှာ စာရေးဆရာ အများအပြား မနာလို ဖြစ်ရသည့် အရေအတွက်ပင်။

"ရှောင်မုန့်... တန်တာက ဝတ္ထုအသစ် ပြန်စပြီလား"

လုပ်ဖော်ကိုင်ဖက်အေက အံ့သြတကြီး မေးလိုက်၏။

"အင်း... စာမူအကြမ်းက စာလုံးရေ နှစ်သိန်းတောင် ရှိတယ်လေ"

ကျင့်မုန့်က အားမရှိသလို ပြန်ဖြေလေသည်။

"နင်က ဘာဖြစ်နေတာလဲ နင်အကြိုက်ဆုံး စာရေးဆရာမက စာအုပ်အသစ် ထုတ်တာကို မပျော်ဘူးလား"

လုပ်ဖော်ကိုင်ဖက်အေက ဆက်မေးပြန်သည်။

"မပျော်တာတော့ မဟုတ်ပါဘူး၊ ဒါပေမဲ့ တချို့လူတွေက တခြားသူတွေ မနာလိုဖြစ်ဖို့ မွေးဖွားလာတာလားလို့ တွေးမိလို့ပါ"

"အဲ့ဒါတော့ ဟုတ်တာပေါ့ တန်တာကိုပဲ ကြည့်လေ၊ သူရေးခဲ့တဲ့ ဝတ္ထုနှစ်ပုဒ်လုံးက ပေါက်သွားတာပဲ အခုတစ်ပုဒ်လည်း ဒီလိုပဲ ဖြစ်မှာပါပဲ"

တန်ယန်သည် ကျင့်မုန့်နှင့် စကားပြောပြီးနောက် အယ်ဒီတာ၏ အကြံပြုချက်အတိုင်း သူမ၏ စာရေးဆရာ Weibo စာမျက်နှာကို ဖွင့်လိုက်သည်။

ဆားထဲ သကြားနည်းနည်းခတ် - "ကျွန်မရဲ့ ဝတ္ထုအသစ်လေး တင်လိုက်ပါပြီနော် လာရောက် ဖတ်ရှုပေးကြပါဦး 【လင့်ခ်】 ဒီပို့စ်အောက်မှာ မှတ်ချက်ပေးပြီး မျှဝေပေးတဲ့ သူတွေထဲက ကံထူးသူ စာဖတ်သူ ၁၀၀ ကို ရွေးချယ်ပြီး ဖုန်းချီ ပလက်ဖောင်းမှာ အသုံးပြုနိုင်တဲ့ အမှတ်တစ်သောင်းစီ ပေးသွားမှာပါ ကံထူးသူတွေကို ဒီည ၈ နာရီမှာ ကြေညာပေးပါမယ် အခုပဲ မှတ်ချက်ပေးပြီး မျှဝေလိုက်ကြစို့"

Weibo ပေါ်တွင် ပို့စ်တ်တင်ပြီးနောက် တန်ယန်သည် အထူးတလည် ဓာတ်ပုံရိုက်ကာ အယ်ဒီတာ ကျင့်မုန့်ထံသို့ ပေးပို့လိုက်သည်။

တန်ယန် - "ဟေး ကျွန်မပရိသတ်တွေနဲ့ စကားပြောပြီးပြီနော်"

ကျင့်မုန့် - "..."

ကျင့်မုန့် - "ရှင်ကတော့ တကယ့်ကို အံ့သြစရာပဲ အမှတ်တွေ ဒီလောက်တောင် ပေးလိုက်တာလား ပလက်ဖောင်း ဘက်ကနေ အမှတ်အချို့ကို စိုက်ထုတ်ပေးဖို့ လျှောက်ထားပေးရမလား"

All Chapters