← Chapters

သတ်မှတ်ချက်

Vol. 80 Ch. 1081

သတ်မှတ်ချက်

Vol. 80 Ch. 1081

ယီထျန်းယွမ်က တန်းစီရန် ငြင်းဆိုလိုက်သဖြင့် ထိုသူမှာလည်း လက်လျှော့လိုက်ရတော့သည်။ ဘေးမှ ကျင့်ကြံသူများကမူ လှောင်ပြောင်သရော်လာကြသည်။

“သူက မင်းတို့တန်းစီနေတာ အရမ်းရှည်လွန်းလို့ ရှေ့မှာ ကြားဖြတ်ဝင်လို့ရမယ့်နေရာ ရှိမလားလို့ သွားကြည့်မလို့တဲ့ဟေ့...”

“ဟိတ်ကောင်... မင်း နောက်မှာပဲ အေးအေးဆေးဆေး သွားတန်းစီစမ်းပါ... ဒီမှာရပ်ပြီး မျက်စိနောက်အောင် မလုပ်နဲ့... ရှေ့မှာလည်း မင်းလို လူသားမျိုးနွယ်တွေ မရှိဘူး... ကြားဖြတ်ဝင်ဖို့ စိတ်မကူးနဲ့တော့...”

“ကြားဖြတ်ဝင်ချင်တာလား လွယ်ပါတယ်... ငါ့ဆီလာခဲ့... ကြယ်တာရာကျောက်တုံး ၁၀၀ ပေးရင် မင်းကို ကြားဖြတ်ဝင်ခိုင်းမယ်...”

“ကြယ်တာရာကျောက်တုံး ၁၀၀ ဟုတ်လား... ဒါက အရမ်းများလွန်းတာပဲ... နာမည်စာရင်းပေးသွင်းဖို့က ကြယ်တာရာကျောက်တုံး ၁၀ တုံးပဲ လိုတာလေ...”

“တူမလားကွ... မြန်မြန် နာမည်စာရင်းပေးချင်ရင်တော့ ပေးဆပ်ရမှာပဲလေ...”

သူတို့မှာ တစ်ဦးပြီးတစ်ဦး လှောင်ပြောင်နေကြပြီး ရှေ့ပိုင်းမှ လူအချို့မှာမူ ယီထျန်းယွမ်အား ကြားဖြတ်ဝင်ရန် ဈေးကြီးစျေးနာတောင်း၍ ကမ်းလှမ်းလာကြသည်။ သူသည် မြန်မြန် တန်းစီလိုသဖြင့် လူမျိုးတူချင်း တန်းစီရန် ငြင်းဆိုခြင်း ဖြစ်မည်ဟု သူတို့က ထင်မှတ်နေကြသည်။

ဤလုပ်ရပ်ကြောင့် ယီထျန်းယွမ်အား ကူညီလိုသော ထိုလူသားမျိုးနွယ်မှာ အမှန်တကယ်ပင် စိတ်ထိခိုက်သွားရသည်။ မိမိက စေတနာဖြင့် ကူညီသော်လည်း တစ်ဖက်လူက လက်မခံသဖြင့် သူသည်လည်း အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားရသည်။

“ညီလေး... ကျေးဇူးတင်ပါတယ်... ဒါပေမဲ့ ငါက ဒီမှာ နာမည်စာရင်းပေးမှာ မဟုတ်လို့ပါ... ဒီမှာတန်းစီနေတာက ငါ့အတွက် အဓိပ္ပာယ်မရှိဘူးလေ...”

ယီထျန်းယွမ်က ထိုလူငယ်အား ကျေးဇူးတင်စကား ဆိုလိုက်သည်။

ထို့နောက် သူသည် သေချာစွာ ကြည့်လိုက်သည့်အခါ ရှေ့ဘက်တွင် စားပွဲတစ်ခု ရှိနေပြီး ထိုနေရာ၌ မည်သူမျှ မရှိဘဲ စီမံခန့်ခွဲသူ တစ်ဦးမှာ ပျင်းရိစွာ ထိုင်နေသည်ကို တွေ့လိုက်ရသည်။ တစ်စုံတစ်ဦးကို စောင့်ဆိုင်းနေပုံလည်း ရပေသည်။

သူသည် မျက်ဝန်းများ တောက်ပသွားကာ ရှေ့သို့ တိုက်ရိုက် လျှောက်သွားလိုက်ရာ ဘေးမှ ကျင့်ကြံသူများက မြင်တွေ့သည့်အခါ သံသယများ ဖြစ်ပေါ်လာကြသည်။

“အဲဒီကောင်က ဟိုဘက်မှာ နာမည်စာရင်း သွားပေးမလို့လား...”

“ကြည့်ရတာတော့ ဟုတ်ပုံရတယ်... အဲဒီနေရာက အတွင်းတပည့်တွေကို လက်ခံတဲ့နေရာ မဟုတ်လား... သတ်မှတ်ချက်တွေက အရမ်း တင်းကျပ်တာလေ... အဲဒီကောင်က သတ်မှတ်ချက် ပြည့်မီလို့လား...”

“ပြည့်မီစရာလား... အဲဒီမှာ လူမရှိတာ ဘယ်လောက်တောင် ကြာနေပြီလဲ... ကြည့်ရတာ သူက ရောက်ခါစမို့လို့ စည်းကမ်းတွေကို ဘာမှ မသိသေးတာ ဖြစ်မှာပါ...”

“မှန်တယ်... စည်းကမ်းမသိတာ သေချာတယ်... အခုတော့ သူ လူရယ်စရာ ဖြစ်တော့မှာပဲ...”

သူတို့အားလုံးမှာ ရယ်မောလိုက်ကြသည်။ ဤကဲ့သို့သော ကိစ္စမျိုးမှာ အဆန်းမဟုတ်ချေ။ လူသစ်များ ရောက်လာသည့်အခါ ထိုနေရာ၌ လူမရှိသည်ကို မြင်သဖြင့် သွားရောက်တန်းစီတတ်ကြသည်။ သို့သော် တောင်းဆိုထားသော သတ်မှတ်ချက်များမှာ အလွန်တင်းကျပ်လှသဖြင့် သတ်မှတ်ချက် ပြည့်မီရန် မဆိုထားနှင့်၊ အခြေခံအဆင့်ကိုပင် မမီကြချေ။

ယီထျန်းယွမ်သည် စီမံခန့်ခွဲသူ၏ ရှေ့သို့ ရောက်သွားပြီး ဆိုလိုက်သည်။

“ကျွန်တော် နတ်ဘုရားလက်နက်နန်းတော်ကို ဝင်ဖို့ လာတာပါ...”

ပြောပြီးသည်နှင့် သူသည် အထောက်အထား တံဆိပ်ပြားကို ကမ်းပေးလိုက်ရာ တစ်ဖက်လူက ပျင်းရိစွာဖြင့် ယူဆောင်၍ တစ်ချက် စစ်ဆေးလိုက်သည်။

“နတ်ဘုရားနယ်မြေ တက်လှမ်းခြင်းတိုက်ပွဲရဲ့ ပထမဆုရှင်... ဆန်းကြယ်မီးလျှံ ရှိတယ်... အင်း... မအောင်ဘူး... ဟင်... နတ်ဘုရားနယ်မြေ တက်လှမ်းခြင်းတိုက်ပွဲရဲ့ ပထမဆုရှင်... ဆန်းကြယ်မီးလျှံလည်း ရှိတာလား...”

သူသည် ရုတ်တရက် ခုန်ထလိုက်ပြီး အသံမှာလည်း အလွန်ပင် ကျယ်လောင်လှသဖြင့် တန်းစီနေသော လူများကိုပင် လန့်သွားစေခဲ့သည်။

“ဟုတ်ပါတယ်... ဘာပြဿနာရှိလို့လဲ ခင်ဗျာ... ကျွန်တော် သတ်မှတ်ချက် ပြည့်မီရဲ့လား...”

ယီထျန်းယွမ်က တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

“ပြည့်မီတယ်... သေချာပေါက် ပြည့်မီတာပေါ့... ကျွန်တော်နဲ့အတူ အထဲကို လိုက်ခဲ့ပါ...”

စီမံခန့်ခွဲသူသည် အလွန်ပင် စိတ်လှုပ်ရှားနေခဲ့သည်။ နောက်ဆုံးတွင် သူသည် လူတစ်ယောက်ကို ရှာဖွေနိုင်ခဲ့ပြီ မဟုတ်ပါလော။ လူတစ်ယောက်မျှ ရောက်မလာသဖြင့် သူသည် တကယ်ပင် စိတ်ပျက်နေခဲ့ရသည်။

“ဒါဆိုရင် ကျွန်တော့်သူငယ်ချင်းကိုလည်း တစ်ခါတည်း ခေါ်သွားလို့ ရမလား... သူကတော့ အတွင်းတပည့် စမ်းသပ်ပွဲ မဟုတ်ဘဲ သာမန် စမ်းသပ်ပွဲအတွက်ပါ...”

ယီထျန်းယွမ်က အစောပိုင်းက မိမိအား ကူညီခဲ့သော ထိုလူငယ်ကို ညွှန်ပြကာ ဆိုလိုက်သည်။

ထိုအချိန်တွင် တန်းစီနေသော ကျင့်ကြံသူများမှာ မှင်တက်မိသွားကြပြီး အညွှန်ပြခံရသော ထိုလူငယ်မှာလည်း ကြောင်အသွားတော့သည်။

စီမံခန့်ခွဲသူက တစ်ချက်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“လာခဲ့လေ... တစ်ခါတည်း ခေါ်သွားပေးမယ်... လမ်းကြုံတာပဲဥစ္စာ...”

ရုတ်တရက် ဖြစ်ပေါ်လာသော အခြေအနေကြောင့် ထိုကျင့်ကြံသူမှာ မျက်ဝန်းများ တောက်ပသွားပြီး ဤဘက်သို့ လျင်မြန်စွာ ပြေးလာခဲ့သည်။ ယီထျန်းယွမ်အပေါ် ထားရှိခဲ့သော မကျေနပ်မှုများမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားတော့သည်။

ထို့နောက် စီမံခန့်ခွဲသူသည် သူတို့နှစ်ဦးအား ခေါ်ဆောင်၍ အထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့ရာ ရှေ့မှ ကင်းစောင့်များမှာလည်း စီမံခန့်ခွဲသူ ကိုယ်တိုင် ခေါ်ဆောင်လာခြင်း ဖြစ်သဖြင့် တားဆီးခြင်း မပြုကြချေ။

“ဘာ... ဘာတွေ ဖြစ်ကုန်တာလဲ... အဲဒီကောင်မှာ ဆန်းကြယ်မီးလျှံ ရှိတာလား...”

“မှန်တယ်... နတ်ဘုရားနယ်မြေ တက်လှမ်းခြင်းတိုက်ပွဲရဲ့ ပထမဆုရှင်လည်း ဖြစ်နေသေးတယ်လို့ ကြားတယ်... သရဲခြောက်တာပဲ... နှစ်ပေါင်း တစ်ရာအတွင်းမှာ တစ်ယောက်မှ လာပြီး နာမည်မပေးခဲ့ဘူးလေ... အခုမှ ဘယ်လိုဖြစ်ပြီး ဒီမှာ ပေါ်လာရတာလဲ...”

“တောက်... သူက တန်းစီစရာတောင် မလိုတော့ဘူး... အဓိကက အဲဒီ စီမံခန့်ခွဲသူက ကိုယ်တိုင်လမ်းပြပေးတာဆိုတော့ စမ်းသပ်မှု အောင်မြင်ဖို့က ပိုသေချာသွားပြီလေ...”

လူတိုင်းမှာ နောင်တရနေကြတော့သည်။ အကယ်၍သာ ယီထျန်းယွမ်အပေါ် ကောင်းမွန်စွာ ဆက်ဆံခဲ့မည်ဆိုပါက ယခုအခါ သူတို့မှာလည်း အခွင့်အရေး ရရှိနိုင်သည် မဟုတ်ပါလော။ ယခုမူ ယီထျန်းယွမ်က သူတို့ကို ပြန်လည် ကလဲ့စားချေမည်လား ဆိုသည်ကိုသာ တွေးပူနေကြရသည်။ အကယ်၍ သူသာ တပည့်အဖြစ် ဝင်ရောက်နိုင်ခဲ့ပါက အခွင့်အာဏာ အချို့ကို ပိုင်ဆိုင်သွားမည် မဟုတ်ပါလော။

သူတို့ကဲ့သို့ အလုပ်ကြမ်းသမားများကို ဤနေရာမှ ကန်ထုတ်ရန်မှာ အလွန်ပင် လွယ်ကူလှပေသည်။ ထိုအခါမှသာ သူတို့မှာ အမှန်တကယ်ပင် ငိုရခက် ရယ်ရခက် ဖြစ်ကြရပေလိမ့်မည်။

မူလက လှောင်ပြောင်နေသော မျက်နှာများမှာ ယခုအခါ စိတ်ပျက်အားငယ်သော အမူအရာများအဖြစ်သို့ ပြောင်းလဲသွားကြပြီး ယင်ကောင်တစ်ကောင်ကို မျိုချမိလိုက်သကဲ့သို့ ခံစားနေကြရသည်။

တစ်ချိန်တည်းမှာပင် ယီထျန်းယွမ်သည် စီမံခန့်ခွဲသူ၏ နောက်သို့ လိုက်ပါလာခဲ့ပြီး သူ၏ နောက်တွင်မူ စိုးရိမ်ပူပန်နေသော ထိုလူငယ် ပါရှိလာခဲ့သည်။ သူသည် အလွန်ပင် စိတ်လှုပ်ရှားနေသဖြင့် ဘာပြောရမှန်းပင် မသိတော့ချေ။

“စိတ်အေးအေးထားပါ... အဲဒီလောက် စိုးရိမ်စရာ မလိုပါဘူး... ဒါဆိုရင် မင်း တန်းစီနေစရာ မလိုတော့ဘူးပေါ့...”

ယီထျန်းယွမ်က သူ၏ ပခုံးကို ပုတ်ကာ အားပေးလိုက်သည်။

လူငယ်သည် ချွေးများကို သုတ်လိုက်ပြီးမှ ခေါင်းညိတ်ပြကာ ဆိုလိုက်သည်။

“ကျွန်တော့်ကို ခေါ်လာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကို... အစ်ကိုက ဒီဘက်မှာ နာမည်ပေးဖို့ အရည်အချင်းရှိမယ်လို့ မထင်ထားမိဘူး... ကျွန်တော်က အမြင်မှားသွားတာပါ... အစ်ကိုက တန်းစီနေတာ ရှည်လို့ ကျွန်တော့်ကို အထင်သေးလို့လို့ ထင်နေတာ...”

“ရပါတယ်... ကြိုးစားပါ... မင်းလည်း နောင်ကျရင် ဒီမှာ နေရာတစ်ခု ရလာမှာပါ...”

ပြောပြီးသည်နှင့် သူသည် သံသရာအဆင့် အခြေခံလက်နက်တစ်ခုကို ထုတ်ယူကာ ထိုလူငယ်၏ လက်ထဲသို့ တိုက်ရိုက် ထည့်ပေးလိုက်သည်။

“ဒါက မင်းအတွက် လက်ဆောင်ပါ... အစောပိုင်းက မင်းရဲ့ စေတနာအတွက် ကျေးဇူးတင်ပါတယ်...”

“ဒါ... ဒါက သံသရာအဆင့် အခြေခံလက်နက်လေ... အရမ်း... အရမ်း တန်ဖိုးကြီးလွန်းလို့ ကျွန်တော်... ကျွန်တော် မယူရဲပါဘူး...”

သူ၏ လက်နှစ်ဖက်မှာ တုန်လှုပ်နေခဲ့သည်။ ဤအရာမှာ သူ့အတွက်တော့ အလွန်ပင် တန်ဖိုးကြီးလှသော ကောင်းကင်ဘုံမှ ရတနာတစ်ခုပင် မဟုတ်ပါလော။

“ယူထားလိုက်ပါ... သေချာ ကြိုးစားပါ...”

ယီထျန်းယွမ်က သူ၏ ပခုံးကို ထပ်မံ ပုတ်ပေးလိုက်သည်။

ဘေးမှ စီမံခန့်ခွဲသူက တစ်ချက်ကြည့်ကာ ဆိုလိုက်သည်။

“ရောက်ပြီ... မင်းကတော့ ဒီထဲမှာ နာမည်စာရင်း တိုက်ရိုက် သွားပေးလိုက်ရုံပဲ... ရွေးချယ်ခံရမလား ဆိုတာကတော့ မင်းရဲ့ အရည်အချင်းအပေါ်မှာပဲ မူတည်လိမ့်မယ်...”

လူငယ်သည် ပြင်းပြင်းထန်ထန် ခေါင်းညိတ်ပြလိုက်ပြီး ယီထျန်းယွမ်အား အရိုအသေပြုကာ ဆိုလိုက်သည်။

“ကျေးဇူးတင်ပါတယ် အစ်ကို... နောင်တစ်ချိန် အောင်မြင်မှု ရခဲ့ရင် သေချာပေါက် ကျေးဇူးဆပ်ပါ့မယ်...”

ပြောပြီးသည်နှင့် သူသည် လက်နက်ကို ကိုင်ဆောင်၍ နာမည်စာရင်းပေးရန် ပြေးသွားတော့သည်။ ကောင်းမွန်သော အခြေခံ သတ်မှတ်ချက်တစ်ခု ရှိနေခြင်းက သူ၏ လမ်းခရီးကို ပိုမို ခိုင်မာစေမည် မဟုတ်ပါလော။ ထို့ကြောင့်ပင် သူသည် လက်နက်ကို ယူဆောင်လိုက်ပြီး ထပ်မံ၍ ငြင်းဆိုခြင်း မပြုတော့ချေ။

ထို့နောက် ယီထျန်းယွမ်သည် စီမံခန့်ခွဲသူ၏ နောက်သို့ ဆက်လက် လိုက်ပါသွားစဉ် မေးမြန်းလိုက်သည်။

“ဒါနဲ့... ဒီဘက်မှာ နာမည်စာရင်းပေးတဲ့သူက တကယ်ပဲ အဲဒီလောက် နည်းတာလား...”

“နတ်ဘုရားလက်နက်နန်းတော်ရဲ့ သတ်မှတ်ချက်တွေက အရမ်း တင်းကျပ်တာလေ... ဆန်းကြယ်မီးလျှံ ရှိနေရင်တောင် ရွေးချယ်ခံရမယ်လို့ မသေချာဘူး... ဒါကြောင့် နာမည်ပေးတဲ့သူက အရမ်းကို နည်းတာပါ... မူလကတည်းက ဆန်းကြယ်မီးလျှံ ရှိတဲ့သူက နည်းနေတဲ့ကြားထဲ ဒီမှာ နာမည်ပေးဖို့ဆိုတာ ပိုတောင် ခက်ခဲပါသေးတယ်...”

စီမံခန့်ခွဲသူက သက်ပြင်းချလျက် ဆိုလိုက်သည်။

“ကျွန်တော့်ဘက်မှာပဲ ဖြစ်ဖြစ်၊ တခြား လမ်းကြောင်းတွေမှာပဲ ဖြစ်ဖြစ် လူက တော်တော်နည်းတယ်... ဆန်းကြယ်မီးလျှံ ရှိတဲ့သူဆိုတာက လမ်းဘေးက အမှိုက်တွေလို နေရာတိုင်းမှာ ရှိနေတာမှ မဟုတ်တာ... တကယ်ကို ရှာရ ခက်ပါတယ်...”

အကယ်၍ သူသာ လူတစ်ယောက်မျှ မရှာနိုင်ပါက မည်သည့် အကျိုးကျေးဇူးမျှ ရရှိလိမ့်မည် မဟုတ်ရာ သူသည်လည်း အလွန်ပင် စိုးရိမ်နေခဲ့ရခြင်း ဖြစ်သည်။

ယီထျန်းယွမ်က ခေါင်းညိတ်လိုက်၏။ ဆန်းကြယ်မီးလျှံမှာ မူလကတည်းက ရှားပါးလှပြီး လူတစ်သောင်းမှာ တစ်ယောက် ရှိရန်ပင် ခက်ခဲလှပေသည်။ ထို့အပြင် ဆေးလုံးဖော်စပ်ခြင်းနန်းတော်ကလည်း လူများကို လုယူနေကြသေးသည်။ ဆန်းကြယ်မီးလျှံ ရှိသူများမှာ ဆေးလုံးဖော်စပ်ခြင်းနန်းတော်သို့လည်း သွားနိုင်သဖြင့် ဤနေရာ၌ လူဦးရေမှာ ပိုမို နည်းပါးသွားရခြင်း ဖြစ်သည်။

လက်တွေ့ကျကျ ကြည့်မည်ဆိုပါက လူအများစုမှာ ဆေးလုံးဖော်စပ်ခြင်းနန်းတော်သို့သာ သွားလိုကြသည်။ အဘယ်ကြောင့်ဆိုသော် လက်နက်မှာ ပြင်ပပစ္စည်းသာ ဖြစ်သော်လည်း ဆေးလုံးများကို ဖော်စပ်၍ သုံးစွဲနိုင်ပါက ကျင့်ကြံခြင်းနယ်ပယ်ကို မြှင့်တင်နိုင်သဖြင့် ပိုမို အရေးကြီးသည် မဟုတ်ပါလော။

“မင်း ရောက်လာလို့ တော်သေးတာပေါ့... မဟုတ်ရင်တော့ ငါ အပြစ်ပေးခံရတော့မှာ...”

စီမံခန့်ခွဲသူက စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်သည်။

“မင်း သေချာပေါက် တပည့်အဖြစ် ရွေးချယ်ခံရအောင် ကြိုးစားပါ... အဲဒါမှ ငါလည်း အကျိုးကျေးဇူး တစ်ခုခု ရမှာလေ...”

သူ၏ ပွင့်လင်းလှသော စကားများကြောင့် ယီထျန်းယွမ်မှာ အနည်းငယ် ဆွံ့အသွားခဲ့ရသည်။

အခန်း ၁၀၈၁ ပြီးပါပြီ။

All Chapters