အကျပ်ကိုင်ခြင်း
Vol. 80 Ch. 1083
သူတို့၏ စိတ်လှုပ်ရှားမှုများမှာ ယီထျန်းယွမ်အား အနည်းငယ် လက်ခံရခက်စေသည်။ ဤကဲ့သို့သော စမ်းသပ်မှုမျိုးကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်း ဖြစ်ပြီး တစ်ဖက်လူမှာ ဤမျှအထိ ဖော်ရွေနေသဖြင့် သူသည် အလွန်ပင် အသားမကျ ဖြစ်နေခဲ့သည်။
အမှန်စင်စစ် နှိမ်ချဆက်ဆံတတ်သော လူတစ်စုနှင့် တွေ့ရသည်ထက်စာလျှင်မူ ဤသည်မှာ များစွာ ပိုကောင်းလှပေသည်။ ဤလူများမှာ အနည်းဆုံးတော့ စိတ်ပျက်စရာ မကောင်းလှဘဲ အနည်းငယ် ဖော်ရွေလွန်းခြင်းသာ ဖြစ်၏။ ၎င်းမှာ စမ်းသပ်မှုနှင့် မတူဘဲ ပျော်စရာ တစ်ခုခုကို ရှာဖွေတွေ့ရှိသွားသည့်အလားပင်။
“ဟို... ကျွန်တော်က စမ်းသပ်မှု ခံယူဖို့ လာတာပါ... စီနီယာအစ်ကိုတို့ အစ်မတို့ အားလုံးက စစ်ဆေးမယ့်သူတွေလား...”
ယီထျန်းယွမ်သည် သူ့အား ဝန်းရံထားသော လူ ၁၀ ဦိးကျော်ကို ကြည့်ကာ မေးမြန်းလိုက်သည်။ ဤကဲ့သို့သော အခြေအနေမျိုးကို သူ ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်သည်။
“မှန်တယ်... မဟုတ်ရင် ငါတို့က ဘာလို့ ဒီကို ရောက်လာမှာလဲ...”
သူတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်ကာ ပြုံးလိုက်ကြပြီး အချင်းချင်း၏ မျက်ဝန်းထဲတွင် နောက်ပြောင်လိုသော အငွေ့အသက်အချို့ကို မြင်တွေ့နေရသည်။
“ဘုန်း...”
ထိုအချိန်တွင် သူ၏နောက်ဘက်ရှိ တံခါးကြီးမှာ တိုက်ရိုက် ပိတ်သွားခဲ့ပြီး ထွက်ပေါ်လာသော အသံကြီးမှာ ဤနယ်မြေအတွင်းသို့ ဟိန်းထွက်သွားခဲ့သည်။ ယီထျန်းယွမ်က နောက်သို့ လှည့်ကြည့်လိုက်သည့်အခါ စီနီယာအစ်ကို နှစ်ယောက်မှာ မည်သည့်အချိန်က နောက်သို့ ရောက်သွားသည် မသိဘဲ တံခါးကြီးကို ပိတ်လိုက်သည်ကို တွေ့ရှိလိုက်ရသည်။
“ဒါက ဘာဖြစ်တာလဲ...”
ယီထျန်းယွမ်က သံသယဖြင့် မေးမြန်းလိုက်သည်။
“ဘာမှ မဖြစ်ပါဘူး... တခြားလူတွေ မင်းရဲ့ စမ်းသပ်မှုကို လာမနှောင့်ယှက်အောင်လို့ပါ... ဒါက အလွန် အရေးကြီးတဲ့ စမ်းသပ်မှုမို့လို့ လုံးဝ အနှောင့်အယှက် အပေးခံလို့ မရဘူးလေ...”
စီနီယာအစ်ကိုယွီလုံက ဆိုလိုက်သည်။ ရောက်ရှိလာသော စီနီယာများထဲတွင် သူသည် အကြီးဆုံးဖြစ်ပြီး ကျင့်ကြံခြင်းနယ်ပယ်မှာလည်း အမြင့်ဆုံးဖြစ်ကာ ကောင်းကင်အရှင် အဆင့် ၇ သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဒုတိယ အသန်မာဆုံးမှာမူ ယီထျန်းယွမ်အား ဆွဲဆောင်ခဲ့သော စီနီယာအစ်မဖြစ်ပြီး သူ၏ အမည်မှာ စီနီယာအစ်မဟော်လျန် ဖြစ်ကာ ကောင်းကင်အရှင် အဆင့် ၆ သို့ ရောက်ရှိနေသည်။ သူတို့အားလုံးမှာ မြေကမ္ဘာအရှင် အဆင့် ၈ မှနေ၍ ဖောက်ထွက်လာကြသူများ ဖြစ်ကြပြီး မြေကမ္ဘာအရှင် အဆင့် ၉ မှ ထိုးဖောက်လာသူများတော့ မဟုတ်ချေ။
သို့သော် ဤသည်မှာ အလွန်ပင် အစွမ်းထက်လှပေသည်။ မြေကမ္ဘာအရှင် အဆင့် ၈ မှနေ၍ ကောင်းကင်အရှင် အဆင့်သို့ တက်လှမ်းနိုင်ခြင်းမှာ အဆင့် ၁ နတ်ဘုရားနယ်မြေတွင်ဆိုပါက အကြီးအကဲ အဆင့်အတန်းမျိုး ဖြစ်နေပြီ ဖြစ်သည်။ ဤနေရာတွင်မူ တပည့်အဆင့်သာ ရှိနေသဖြင့် အခွင့်အရေး ကွာခြားချက်မှာ ကောင်းကင်နှင့် မြေကြီးကဲ့သို့ပင်။
ယီထျန်းယွမ်မှာ ဆွံ့အသွားရသည်။ ဤသည်မှာ သူတစ်ပါး လာမနှောင့်ယှက်စေရန် မဟုတ်ဘဲ သူ ထွက်ပြေးသွားမည်ကို စိုးရိမ်နေကြခြင်းသာ ဖြစ်ပေလိမ့်မည်။
“ဒါဆို စမ်းသပ်မှု အကြောင်းအရာက ဘာလဲ...”
ယီထျန်းယွမ်သည် သူတို့၏ ပုံစံများကို ကြည့်လိုက်သည့်အခါ စမ်းသပ်မှု အကြောင်းအရာကို အကြိမ်ပေါင်း ရာနှင့်ချီ၍ စဉ်းစားထားကြပုံ ရပေသည်။
“အကြောင်းအရာကတော့ ငါတို့ စဉ်းစားပြီးသားပါ... မင်းကို အဆင့် ၁၀ ဆင့် စမ်းသပ်မယ်...”
ထိုအထဲမှ တစ်ဦးက ရှေ့သို့ ထွက်လာပြီး ဆိုလိုက်သည်။
“အဆင့် ၁၀ ဆင့် ဟုတ်လား...”
ယီထျန်းယွမ်မှာ သွေးအန်ချင်စိတ်ပင် ပေါက်သွားရသည်။ စစချင်းမှာပင် အဆင့် ၁၀ ဆင့်ဆိုသည်မှာ လူကို နှိပ်စက်နေခြင်း မဟုတ်ပါလော။
“ဟမ့်... အရမ်းလွန်မသွားနဲ့...”
အကြီးအကဲတုန်းယွမ်က ရှေ့သို့ လှမ်းထွက်လာပြီး ထိုတပည့်အား တစ်ချက် စိုက်ကြည့်လိုက်ကာ ယီထျန်းယွမ်အား ပြုံးလျက် ဆိုလိုက်သည်။
“၃ ဆင့်ပဲ... ငါရယ်၊ ယွီလုံရယ်၊ မီးလျှံကြာပန်းရယ်က မေးခွန်းထုတ်မယ်... အောင်မြင်သွားရင်တော့ နတ်ဘုရားလက်နက်နန်းတော်ရဲ့ တပည့် ဖြစ်လာလိမ့်မယ်... လမ်းတစ်ဝက်မှာတော့ လုံးဝ နုတ်ထွက်လို့ မရဘူးနော်...”
“လမ်းတစ်ဝက်မှာ နုတ်ထွက်လို့ မရဘူး ဟုတ်လား... တကယ်လို့ ကျွန်တော် မအောင်မြင်ရင်တောင် ဆက်လုပ်ရမှာလား...”
ယီထျန်းယွမ်က သံသယဖြင့် မေးမြန်းလိုက်သည်။
“ဒါပေါ့... တကယ်လို့ မအောင်မြင်ခဲ့ရင်တောင် နောက်တစ်ဆင့်ကို ကူးသွားမှာပဲ... မအောင်မြင်ရင်တောင် တပည့်ဖြစ်ဖို့ အခွင့်အရေး ရှိနေပါသေးတယ်...”
အကြီးအကဲတုန်းယွမ်က ပြုံးလျက် ဆိုလိုက်သည်။
“ဒီလို စည်းကမ်းမျိုးလည်း ရှိတာပဲလား...”
ယီထျန်းယွမ်မှာ အံ့ဩသွားရသည်။ ဤစည်းကမ်းမှာ တကယ်ပင် ရှုပ်ထွေးလှပေသည်။ မအောင်မြင်လျှင်ပင် တပည့်ဖြစ်နိုင်သည် တဲ့လား။
ဤသည်မှာ ဘက်စုံ စွမ်းဆောင်ရည်ကို ကြည့်ရှုခြင်း ဖြစ်ပေလိမ့်မည်။ တစ်ဖက်တည်းကို ကြည့်ခြင်း မဟုတ်ဘဲ ဘက်ပေါင်းစုံကို ကြည့်ကာ ထူးခြားချက် တစ်ခုခု ရှိနေပါက လက်ခံမည် ဖြစ်ပြီး ထူးခြားချက် မရှိလျှင်မူ သေချာပေါက် လက်ခံမည် မဟုတ်ချေ။ အကယ်၍ အားလုံးကို အောင်မြင်သွားပါက သေချာပေါက် ရွေးချယ်ခံရမည် ဖြစ်သည်။
“ဒါပေါ့... ဘာပဲဖြစ်ဖြစ် မင်း လမ်းတစ်ဝက်မှာ နုတ်ထွက်လို့ မရဘူး... ငါတို့ရဲ့ စမ်းသပ်မှုကို အဆုံးအထိ ပါဝင်ရမယ်... နားလည်လား...”
သူတို့မှာ တစ်ယောက်ချင်းစီ မျက်ဝန်းများ တောက်ပနေကြပြီး သူ့အား ထွက်ပြေးခွင့် မပေးလိုကြသည့်အလားပင်။
ယီထျန်းယွမ်မှာ ကျားရှေ့ ရောက်နေသည့် ဆိတ်ကလေးတစ်ကောင်ကဲ့သို့ ခံစားနေရသည်။ မိမိ နေရာမှား ရောက်လာသလား ဟု သံသယဝင်ကာ ဟင်းလင်းပြင် ကူးပြောင်းခြင်းဖြင့် ထွက်ပြေးရန်ပင် စဉ်းစားလိုက်မိသည်။
“ဒီစမ်းသပ်မှုက အသက်အန္တရာယ် မရှိဘူး မဟုတ်လား...”
ယီထျန်းယွမ်က မေးမြန်းလိုက်သည်။
“အဲဒါကတော့...”
သူတို့မှာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး ဝေခွဲမရ ဖြစ်နေကြသည်။ ဤသို့ ဝေခွဲမရ ဖြစ်နေခြင်းမှာ အသက်အန္တရာယ် အမှန်တကယ် ရှိနေနိုင်ခြင်းကို ဆိုလိုခြင်းပင်။ ယီထျန်းယွမ်၏ အကြည့်ကို မြင်လိုက်ရသည့်အခါ သူတို့မှာ အားနာသလို ပြုံးလိုက်ကြသည်။
“အသက်အန္တရာယ်ကတော့ အနည်းငယ် ရှိနိုင်တာပေါ့... ငါတို့ရဲ့ စမ်းသပ်မှုကတော့ သေချာပေါက် မလွယ်ကူဘူးလေ... ဒါပေမဲ့ မစိုးရိမ်ပါနဲ့... အရမ်းကြီးတော့ အန္တရာယ် မရှိပါဘူး...”
စီနီယာအစ်ကိုယွီလုံက ပြုံးလျက် ဆိုလိုက်သည်။
ယီထျန်းယွမ်မှာ ဆွံ့အသွားရပြီး ဆိုလိုက်သည်။
“ကောင်းပြီလေ... ဒါဆိုရင် အခု စမ်းသပ်မှု စလို့ ရပြီလား...”
“ရပြီ... ရပြီ...”
သူတို့မှာ အဆက်မပြတ် ခေါင်းညိတ်လိုက်ကြပြီး အချင်းချင်း ကြည့်ရှုပြီးနောက် အကြီးအကဲတုန်းယွမ်က ရှေ့သို့ ထွက်လာကာ ပြုံးလျက် ဆိုလိုက်သည်။
“ဒါဆို ပထမဆုံး စမ်းသပ်မှုကို ငါပဲ စတင်လိုက်မယ်...”
သူသည် ရှေ့သို့ ထွက်လာပြီး ယီထျန်းယွမ်အား ကြည့်ကာ ဆိုလိုက်သည်။
“ပထမဆုံး အဆင့်ကတော့ မင်းအတွက် အရမ်း မခက်ခဲစေရပါဘူး... လက်နက်သွန်းလုပ်ရာမှာ ပထမဆုံး ကျွမ်းကျင်ရမှာက မီးကို ထိန်းချုပ်ခြင်းပဲ... မီးကို ကောင်းကောင်း မထိန်းချုပ်နိုင်ရင် အရာအားလုံးက အချည်းအနီး ဖြစ်ကုန်လိမ့်မယ်... ဒါကြောင့် ငါ မင်းကို ပေးမယ့် ပထမဆုံး စမ်းသပ်မှုကတော့ ဒီရေခဲတုံးကို အပ်အသေးလေး ဖြစ်အောင် အပူပေးခိုင်းမှာပဲ...”
ပြောပြီးသည်နှင့် သူသည် လက်ကို မြှောက်လိုက်ရာ ရေခဲတုံး တစ်တုံးမှာ ယီထျန်းယွမ်၏ ရှေ့သို့ ကျရောက်လာခဲ့သည်။ ဤရေခဲတုံးအား အပ်အသေးလေး ဖြစ်အောင် အပူပေးရန် သူက ညွှန်ကြားလိုက်သည်။
ယီထျန်းယွမ်မှာ မှင်တက်မိသွားသည်။ ဤသည်က တကယ့်ကို ထူးဆန်းသော စမ်းသပ်မှုပင် မဟုတ်ပါလော။ ရေခဲတုံး တစ်တုံးအား အပ်အသေးလေး ဖြစ်အောင် အပူပေးရန်မှာ လိုအပ်သော စွမ်းအား ထိန်းချုပ်မှုမှာ ခက်ခဲရုံတင်မကဘဲ အလွန်ပင် ခက်ခဲလှပေသည်။
စွမ်းအားကို အလွန်ပင် အသေးစိတ် ထိန်းချုပ်ရမည် ဖြစ်သည်။ အထူးသဖြင့် ဤရေခဲတုံးမှာ အလွန်ပင် သာမန်ဖြစ်ပြီး သာမန်ရေမှ ခဲထားခြင်း ဖြစ်သည်။ ၎င်းမှာ အပူရှိန် အနည်းငယ် ပိုသွားသည်နှင့် တိုက်ရိုက် အငွေ့ပျံသွားပေလိမ့်မည်။
အကယ်၍ ရေခဲတုံးကို အနည်းငယ် သေးသွားအောင် လုပ်ရန်မှာ အဆင်ပြေနိုင်သော်လည်း အပ်အသေးလေး ဖြစ်အောင် အရည်ပျော်စေရန်မှာမူ အလွန်ပင် ခက်ခဲလှသည်။ မူလကတည်းက အပ်အသေးလေးမှာ အလွန်ပင် သေးငယ်လှသဖြင့် အပူရှိန် အနည်းငယ် ထိတွေ့ရုံဖြင့် အငွေ့ပျံသွားပေလိမ့်မည်။
“တကယ်လို့ မင်းသာ အပ်ပေါ်မှာ အပေါက်အသေးလေး တစ်ခု ဖော်နိုင်ပြီး အပ်ချည် ထိုးလို့ရတဲ့အထိ လုပ်နိုင်မယ်ဆိုရင် ငါ မင်းကို သံသရာနယ်ပယ် အထက်ဆင့် ရတနာ တစ်ခု လက်ဆောင်ပေးမယ်...”
စီနီယာအစ်ကိုယွီလုံက ဘေးမှနေ၍ စိတ်လှုပ်ရှားစွာဖြင့် ဆုလာဘ် တစ်ခုကို ထပ်တိုးလိုက်သည်။
သူတစ်ယောက်တည်း မဟုတ်ဘဲ အခြားသော သူများကလည်း ယီထျန်းယွမ် မည်သို့ လုပ်ဆောင်မည်ကို ကြည့်ရှုနေကြသည်။
ယီထျန်းယွမ်မှာ ဆွံ့အသွားရသည်။ ဤသည်မှာ သူ့အား အကျပ်ကိုင်နေခြင်း မဟုတ်ပါလော။ အကယ်၍ စွမ်းအင်ကို အသုံးပြုပြီး ထုဆစ်မည်ဆိုပါက တစ်စက္ကန့်အတွင်းမှာပင် အပ်အသေးလေး ဖြစ်အောင် လုပ်နိုင်သော်လည်း ယခုအခါ မီးကို အသုံးပြုရမည်ဖြစ်ရာ အလွန်ပင် ခက်ခဲလှပေသည်။
“ဒီစမ်းသပ်မှုက အနည်းငယ် ခက်ခဲလွန်းမနေဘူးလား...”
ယီထျန်းယွမ်က မျက်မှောင်ကြုတ်လျက် ဆိုလိုက်သည်။
“ခင်ဗျားတို့ရဲ့ မီးထိန်းချုပ်နိုင်စွမ်းကရော ဒီအဆင့်အထိ လုပ်နိုင်လို့လား...”
သူ့တွင် ဤကိစ္စနှင့် ပတ်သက်၍ အတွေ့အကြုံ ရှိသဖြင့် မည်မျှအထိ ခက်ခဲသည်ကို သူ သိရှိသည်။ အကယ်၍ လူတိုင်းက ဤအဆင့်အထိ လုပ်နိုင်ပါက အလွန်ပင် အစွမ်းထက်သော မီးထိန်းချုပ်မှု ဆရာကြီးများ ဖြစ်နေကြပေလိမ့်မည်။
“အဲဒါကတော့ ငါတို့ထဲမှာလည်း ဒီအဆင့်အထိ လုပ်နိုင်တဲ့သူက အလွန်နည်းပါတယ်... ဒါပေမဲ့ မရှိတာတော့ မဟုတ်ဘူး... တင်းကျပ်တဲ့ စံနှုန်းတွေကမှ မင်းရဲ့ စွမ်းရည်ကို သက်သေပြနိုင်မှာပေါ့...”
စီနီယာအစ်ကိုယွီလုံက အလွန်ပင် ပွင့်လင်းစွာ ပြောဆိုလိုက်သဖြင့် ယီထျန်းယွမ်မှာ မျက်လုံးလှန်ပြလိုက်မိသည်။ ဤသည်က သူ့အား အကျပ်ကိုင်နေခြင်းသာ ဖြစ်ပေလိမ့်မည်။
“မှန်တယ်... ငါတို့ရဲ့ ထူးချွန်တဲ့ စံနှုန်းက ဒီမှာပဲ... မင်း ဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာ ကြည့်ရမှာပေါ့...”
အကြီးအကဲတုန်းယွမ်၏ စကားကြောင့် ယီထျန်းယွမ်မှာ ထူးခြားချက် တစ်ခုကို သိရှိလိုက်သည်။ ၎င်းမှာ အားလုံးကို အောင်မြင်ရန် မလိုအပ်ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် ခက်ခဲလွန်းလှသဖြင့် အပ်အသေးလေး မဟုတ်လျှင်ပင် အလွန် သေးငယ်အောင် လုပ်နိုင်ပါက အတော်လေး ကောင်းမွန်သည်ဟု ယူဆပေလိမ့်မည်။
ယီထျန်းယွမ်က သူတို့ကို ကြည့်ကာ သက်ပြင်းချလျက် ဆိုလိုက်သည်။
“ကောင်းပြီလေ... ကျွန်တော် စမ်းကြည့်ပါ့မယ်...”
“စိတ်အေးအေးထားပါ... ငါတို့ မင်းကို အခွင့်အရေး ၃ ကြိမ် ပေးမယ်... အခွင့်အရေး ၃ ကြိမ် ပြီးသွားရင်တော့ အကောင်းဆုံး ရလဒ် တစ်ခုကို မင်းရဲ့ ရမှတ်အဖြစ် သတ်မှတ်ပေးမယ်...”
အကြီးအကဲတုန်းယွမ်က ဆိုလိုက်သည်။
ယီထျန်းယွမ်သည် သူ၏ရှေ့ရှိ ရေခဲတုံးကို ကြည့်ကာ ပြုံးလိုက်သည်။ သူ့အတွက်တော့ ဤသည်မှာ အလွန်ပင် လွယ်ကူလှပေသည်။ သူသည် ဟန်ဆောင်နေခြင်းသာ ဖြစ်ပြီး မီးထိန်းချုပ်မှုတွင် သူသည် မည်သူ့ထက်မျှ မညံ့ဖျင်းကြောင်း မိမိကိုယ်မိမိ ယုံကြည်ထားသည်။
သူ့တွင် ကောင်းကင်မျက်လုံး ရှိနေသဖြင့် အရာအားလုံးမှာ ပြဿနာ မဟုတ်ချေ။ ထို့အပြင် သူသည် နတ်ဘုရားအင်းဆရာကြီး တစ်ဦးလည်း ဖြစ်သဖြင့် စိတ်ဝိညာဉ်စွမ်းအား ထိန်းချုပ်မှုမှာလည်း သာမန်လူများထက် များစွာ သာလွန်ပေသည်။
အခန်း ၁၀၈၃ ပြီးပါပြီ။