← Chapters

လှည့်ကွက်

Vol. 80 Ch. 1087

လှည့်ကွက်

Vol. 80 Ch. 1087

ယီထျန်းယွမ်၏ ဟန့်တားပြောဆိုမှုကြောင့် အစ်မဟော်လျန်မှာ နောက်ဆုံးတော့ အနည်းငယ် တည်ငြိမ်သွားခဲ့ပြီး သူ၏ဘေးတွင် အေးအေးဆေးဆေး လိုက်ပါလာခဲ့သည်။

ယီထျန်းယွမ်သည် ပတ်ဝန်းကျင်ကို သေချာစွာ စူးစမ်းရှာဖွေနေခဲ့သည်။ ဤနေရာ၌ နတ်ဆိုးသားရဲများစွာ ရှိနေသလို လက်နက်သွန်းလုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းများစွာလည်း ရှိနေခဲ့သည်။ ဤနေရာမှာ ကုန်ကြမ်းသိုက်ကြီးတစ်ခုဟု ဆိုနိုင်ပြီး နတ်ဘုရားလက်နက်နန်းတော်၏ အတွင်းပိုင်း၌သာ တည်ရှိကာ ပြင်ပလူများကို ပေးဝင်ပုံမရချေ။

သို့မဟုတ်ပါက ဤနေရာ၌ ကျင့်ကြံသူများစွာဖြင့် ပြည့်နှက်နေလောက်ပြီ ဖြစ်သည်။ အနည်းငယ် အန္တရာယ်ရှိနိုင်သော်လည်း လက်ခံနိုင်သော အတိုင်းအတာအတွင်း၌သာ ရှိပေသည်။ အထူးသဖြင့် ကောင်းကင်မက်မွန်နန်းတော်မှ ကောင်းမွန်သော ပစ္စည်းများကို လိုချင်ပြီး စွန့်စားရန် ဝန်လေးနေခြင်းမှာ အဓိပ္ပာယ်မရှိလှချေ။

သူတို့ အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်လာသည်နှင့်အမျှ နတ်ဆိုးသားရဲများမှာ တဖြည်းဖြည်း နည်းပါးလာခဲ့ပြီး နောက်ဆုံးတွင် ဤအနီးအနား၌ လှုပ်ရှားနေသော နတ်ဆိုးသားရဲ တစ်ကောင်မျှပင် မရှိတော့ချေ။ တစ်ချိန်တည်းမှာပင် အနီးနားရှိ ကုန်ကြမ်းများ၏ အရည်အသွေးမှာလည်း ပိုမိုမြင့်မားလာပြီး အရေအတွက်မှာလည်း များပြားလာခဲ့သည်။

ဤသည်မှာ မည်သူမျှ လာရောက်မစုဆောင်းကြခြင်း မဟုတ်ဘဲ ဤနေရာမှာ အစွမ်းထက်သော နတ်ဆိုးသားရဲ တစ်ကောင်၏ နယ်မြေဖြစ်နေသောကြောင့်ပင်။

“ကျွန်တော်တို့ မီးလျှံချီလင်ရဲ့ နယ်မြေထဲကို ရောက်နေပြီ ထင်တယ်...”

ယီထျန်းယွမ်က ဘေးပတ်ဝန်းကျင်ကို ဝေ့ကြည့်ကာ ဆိုလိုက်သည်။ သူသည် အန္တရာယ်ရှိသော အငွေ့အသက်အချို့ကို ရရှိနေပြီ ဖြစ်သည်။

မီးလျှံချီလင်မှာ သေချာပေါက် အားနည်းလိမ့်မည် မဟုတ်ဘဲ အနည်းဆုံးတော့ ကောင်းကင်အရှင် အဆင့်တွင် ရှိနေရပေလိမ့်မည်။ ထို့အပြင် အလွန်လည်း အစွမ်းထက်ပေလိမ့်မည်။ ချီလင်သွေးရိုးဗီဇကို ပိုင်ဆိုင်ထားသဖြင့် မည်သို့လျှင် အားနည်းပါမည်နည်း။

ချီလင်သွေးရိုးဗီဇမှာ ထိပ်တန်းဆယ်ခုစာရင်းဝင် ဖြစ်သဖြင့် ပေါက်ကွဲထွက်လာသော စွမ်းအားမှာ တူညီသော အဆင့်အတန်းရှိသည့် အခြားသော တည်ရှိမှုများကို သေချာပေါက် ကျော်လွန်နေပေလိမ့်မည်။

“အင်း... ဟုတ်တယ်... ငါတို့ မီးလျှံချီလင်ရဲ့ နယ်မြေထဲကို ရောက်နေပြီ...”

အစ်မဟော်လျန်၏ အမူအရာမှာ တည်ငြိမ်သွားခဲ့ပြီး အရင်ကကဲ့သို့ နောက်ပြောင်နေခြင်း မရှိတော့ချေ။

“ဝေါင်း...”

စကားသံအဆုံးမှာပင် ဝေါင်းခနဲ ဒေါသတကြီး ဟိန်းဟောက်သံမှာ ရှေ့ဘက်ရှိ မီးလျှံတောအုပ်အတွင်းမှ ထွက်ပေါ်လာခဲ့သည်။ ၎င်းမှာ မြေအောက်နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာသည့် ဟိန်းဟောက်သံနှင့် တူလှသဖြင့် လူကို ကြောက်ရွံ့သွားစေနိုင်သည်။

“ဒါက ငါတို့ကို အနားမကပ်ဖို့ သတိပေးနေတာပဲ...”

အစ်မဟော်လျန်က လေးနက်စွာ ဆိုလိုက်သည်။

“ဒါဆိုရင်လည်း အခုပဲ မြန်မြန်သွားကြစို့... အကြေးခွံယူပြီးရင် အောင်မြင်ပြီပေါ့...”

ယီထျန်းယွမ်က ခေါင်းညိတ်လိုက်ပြီး သတိပေးသံကို ဂရုမစိုက်ဘဲ ရှေ့သို့ အရှိန်မြှင့် ပြေးထွက်သွားခဲ့သည်။

အစ်မဟော်လျန်မှာ နောက်မှ လိုက်ပါလာခဲ့ပြီး သူ၏ လက်ထဲတွင်လည်း ကြာပွတ်ရှည် တစ်ခု ရှိနေခဲ့သည်။ ၎င်းမှာ သူ၏ ပြင်းထန်သော စရိုက်နှင့် အလွန်ပင် လိုက်ဖက်လှပေသည်။

“ဝေါင်း...”

ထိုအချိန်တွင် ဧရာမ ပုံရိပ်ကြီးတစ်ခုမှာ မီးလျှံတောအုပ်အတွင်းမှ ခုန်ထွက်လာခဲ့သည်။ ယီထျန်းယွမ် ပထမဆုံး ခံစားလိုက်ရသည်မှာ အလွန်ပြင်းထန်သော အပူရှိန်ပင် ဖြစ်သည်။ ၎င်းမှာ လူကို အရည်ပျော်သွားစေနိုင်သည့်အလားပင်။

ထို့နောက် သူတို့၏ ရှေ့မှောက်၌ ပေါ်ပေါက်လာသည်မှာ ဧရာမ မီးလျှံချီလင်ကြီးပင် ဖြစ်ပြီး တစ်ကိုယ်လုံးတွင် မီးလျှံများ ဖုံးလွှမ်းနေခဲ့သည်။ တစ်ကိုယ်လုံးမှာ ထူထဲသော မီးလျှံအကြေးခွံများဖြင့် ဖုံးအုပ်ထားပြီး မီးလျှံအကြေးခွံ တစ်ခုချင်းစီ၌ ထိတ်လန့်ဖွယ် ကောင်းသော မီးလျှံစွမ်းအင်များ ကိန်းအောင်းနေခဲ့သည်။ ကောင်းကင်အရှင် အဆင့်ရှိသူပင်လျှင် ထိုမီးလျှံအကြေးခွံကို လက်ဖြင့် မကိုင်ရဲချေ။ သို့မဟုတ်ပါက အပူလောင်သွားပေလိမ့်မည်။

ယီထျန်းယွမ်မှာမူ ဤသည်ကို စိုးရိမ်စရာ မလိုချေ။ သူတို့ နှစ်ယောက်လုံးမှာ မီးလျှံအကြေးခွံ၏ အပူရှိန်ကို စိုးရိမ်စရာ မလိုသဖြင့် ယခု စိုးရိမ်ရမည်မှာ ၎င်း၏ ခန္ဓာကိုယ်ပေါ်မှ မီးလျှံအကြေးခွံကို မည်သို့ ခွာယူရမည်နည်း ဆိုသည်ပင်။

- မီးလျှံချီလင် - အလွန်အစွမ်းထက်သော နတ်ဘုရားသားရဲ။ ကောင်းကင်အရှင် အဆင့် ၅ ကျင့်ကြံခြင်းနယ်ပယ်။ အလွန်အစွမ်းထက်သော ဆန်းကြယ်မီးလျှံ စွမ်းအားကို ပိုင်ဆိုင်ထားပြီး အရာအားလုံးကို လောင်ကျွမ်းစေနိုင်သည်... တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်ပေါ်ရှိ မီးလျှံအကြေးခွံများမှာ အရာအားလုံးကို ခုခံနိုင်စွမ်း ရှိသည်။ ထူးကဲသော ကာကွယ်ရေး စွမ်းအားမှာ သေစေနိုင်သည့် တိုက်ခိုက်မှုများကိုပင် ခုခံနိုင်စွမ်း ရှိသည်...

ကောင်းကင်အရှင် အဆင့် ၅ ကျင့်ကြံခြင်း နယ်ပယ်။ ဤမီးလျှံချီလင်မှာ တကယ်ပင် အစွမ်းထက်လှပေသည်။ ဤသည်မှာ နတ်ဘုရားသားရဲကြီး တစ်ကောင်ပင် ဖြစ်ရာ ယီထျန်းယွမ်သည် ၎င်းကို မြင်လိုက်ရသည့်အခါ မိမိအတွက် ဖမ်းဆီးအသုံးပြုလိုသော စိတ်များ ပေါ်ပေါက်လာခဲ့သည်။ ဤမျှ အစွမ်းထက်သော နတ်ဘုရားသားရဲကို အဖော်အဖြစ် ရရှိထားမည်ဆိုပါက မည်မျှအထိ စိတ်အေးရမည်နည်း။

“ဝေါင်း...”

မီးလျှံချီလင်မှာ သူတို့အား ထပ်မံ ဟိန်းဟောက်လိုက်ပြီး အနားမကပ်ရန် ပြင်းထန်စွာ သတိပေးလိုက်သည်။

“သေစမ်း...”

အစ်မဟော်လျန်မှာ မဆိုင်းမတွပင် မီးလျှံချီလင်ထံသို့ ပြေးဝင်သွားခဲ့ပြီး သူ၏ လက်ထဲမှ ကြာပွတ်ရှည်ကို ဝှေ့ယမ်းကာ မီးလျှံချီလင်၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်နှက်လိုက်သည်။ ဖျတ်ခနဲ အသံနှင့်အတူ ပြင်းထန်သော ရိုက်ချက်မှာ မီးလျှံချီလင်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။

ဤမျှ ပြင်းထန်သော ရိုက်ချက်မှာ မီးလျှံချီလင်၏ ခန္ဓာကိုယ်ပေါ်တွင် သာမန် အမှတ်အသားလေး တစ်ခုသာ ကျန်ရစ်ခဲ့ပြီး ခဏချင်းမှာပင် ပြန်လည် ပျောက်ကွယ်သွားခဲ့သည်။ ၎င်းမှာ မည်သည့် ထိခိုက်မှုမျှ မရှိခဲ့ချေ။

“ဝေါင်း...”

အစ်မဟော်လျန်၏ တိုက်ခိုက်မှုမှာ မီးလျှံချီလင်အား လုံးဝ ဒေါသထွက်သွားစေခဲ့ပြီး သူ့အား ဟိန်းဟောက်ကာ ဧရာမ မီးလုံးကြီး တစ်လုံးကို မှုတ်ထုတ်လိုက်သည်။ ကမ္ဘာပျက်ကိန်း ဆိုက်ရောက်လာသည့်အလား ဧရာမ မီးလုံးကြီးမှာ ကောင်းကင်ယံမှ ကျဆင်းလာခဲ့ပြီး ဤမြေပြင် တစ်ခုလုံးကို ဖုံးလွှမ်းသွားခဲ့သည်။

အစ်မဟော်လျန်၏ မျက်နှာမှာ ပျက်သွားခဲ့ပြီး ဘေးသို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်သော်လည်း သူ၏ အရှိန်မှာ အနည်းငယ် နှေးကွေးနေခဲ့သည်။ မီးလုံးကြီးမှာ သူရှိရာသို့ ပေါက်ကွဲထွက်လာတော့မည် ဖြစ်သည်။

ထိုခဏချင်းမှာပင် ပုံရိပ်တစ်ခုမှာ သူ၏ ရှေ့မှောက်၌ ပိတ်ဆို့လာခဲ့ပြီး အေးစက်သော အလင်းတန်း တစ်ခု တောက်ပသွားခဲ့သည်။ ရှူးခနဲ အသံနှင့်အတူ ဤ ဧရာမ မီးလုံးကြီးမှာ လှံတစ်ချက်တည်းနှင့်တင် နှစ်ခြမ်း ကွဲသွားခဲ့သည်။

ယီထျန်းယွမ်က ဟော်လျန်အား ဆွဲကိုင်ကာ ဘေးသို့ ပြေးထွက်လာခဲ့သည်။ အစ်မဟော်လျန်မှာ ဆွံ့အသွားရ၏။ ယီထျန်းယွမ် ဤမျှအထိ လျင်မြန်စွာ ရောက်ရှိလာလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့သလို ဤထိတ်လန့်ဖွယ် ကောင်းသော မီးလုံးကြီးကိုလည်း လှံတစ်ချက်တည်းနှင့် ထိုးဖောက်နိုင်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ဒီမှာပဲ နေပါ... ကျွန်တော်ပဲ သူ့ကို ရင်ဆိုင်လိုက်မယ်...”

ယီထျန်းယွမ်က သူအား ဘေးတွင် နေရန် အမူအရာ ပြလိုက်သည်။ ဤမီးလျှံချီလင်အား ရင်ဆိုင်ရန် သူ တစ်ယောက်တည်းနှင့်တင် လုံလောက်လှပြီ ဖြစ်သည်။

“နေဦး...”

အစ်မဟော်လျန်က သူ့အား လျင်မြန်စွာ လှမ်းအော်လိုက်သော်လည်း ယီထျန်းယွမ်မှာ တစ်ကိုယ်တော် ပြေးဝင်သွားခဲ့ပြီး မီးလျှံချီလင်အား လှံဖြင့် ထိုးဖောက်ရန် ပြင်ဆင်လိုက်ပြီ ဖြစ်သည်။

ယီထျန်းယွမ် ပြေးဝင်လာသည်ကို မြင်လိုက်ရသည့်အခါ မီးလျှံချီလင်မှာ မှင်တက်မိသွားရပြီး အစ်မဟော်လျန်အား လှည့်ကြည့်လိုက်သည်။ ၎င်း၏ မျက်ဝန်းကြီးများထဲတွင် ဝေခွဲမရဖြစ်နေသော အကြည့်များ ရှိနေပြီး တစ်စုံတစ်ခုကို ညွှန်ကြားချက် တောင်းခံနေသည့်အလားပင်။

အစ်မဟော်လျန်က ယီထျန်းယွမ်အား လက်ညှိုးညွှန်ကာ ခေါင်းညိတ်ပြလိုက်သည်။

“ဝေါင်း...”

မီးလျှံချီလင်မှာ ရုတ်တရက် ရူးသွပ်သွားသည့်အလား ယီထျန်းယွမ်ထံသို့ မီးလျှံများစွာကို အဆက်မပြတ် မှုတ်ထုတ်လိုက်သည်။ တစ်ခုထက်တစ်ခု ပိုမိုပြင်းထန်လှပြီး သူ၏ ထွက်ပြေးနိုင်သော လမ်းကြောင်း အားလုံးကို ပိတ်ဆို့လိုက်သည်။

“ဖျက်ဆီးစမ်း...”

ယီထျန်းယွမ်၏ မျက်ဝန်းများမှာ မှေးစင်းသွားခဲ့ပြီး ရူးသွပ်ခြင်း အမိန့်ကို အသုံးပြုလိုက်ရာ လှံတစ်ချက်အတွင်းမှ ပေါက်ကွဲထွက်လာသော ရူးသွပ်ဖွယ် စွမ်းအားများက ဤဧရာမ မီးလုံးကြီးများကို တိုက်ရိုက် ထိုးဖောက်သွားခဲ့ပြီး ပစ်လွှတ်လာသော မီးလုံးများကို အလွယ်တကူပင် နှစ်ခြမ်းခွဲပစ်လိုက်သည်။

နောက်တစ်ခဏတွင် သူသည် ပေါက်ကွဲနေသော မီးလုံးများကြားမှ ထိုးထွက်လာပြီး မီးလျှံချီလင်၏ ရှေ့မှောက်သို့ ရောက်ရှိသွားကာ လှံကို ဝှေ့ယမ်း၍ ၎င်း၏ ခန္ဓာကိုယ်ပေါ်သို့ ရိုက်ချလိုက်သည်။ ဗုန်းခနဲအသံနှင့်အတူ မီးလျှံချီလင်မှာ အရူးတစ်ယောက်ကဲ့သို့ ကောင်းကင်ယံမှနေ၍ အောက်သို့ ရိုက်ချခြင်း ခံလိုက်ရသည်။

ဘုန်းခနဲအသံနှင့်အတူ မီးလျှံချီလင်မှာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားခဲ့ပြီး မြေပြင်ပေါ်တွင် ဧရာမ ကျင်းကြီး တစ်ကျင်း ဖြစ်ပေါ်သွားစေခဲ့သည်။

ယီထျန်းယွမ်မှာ ရပ်တန့်မသွားဘဲ မီးလျှံချီလင်ရှိရာသို့ လျင်မြန်စွာ လိုက်ပါသွားခဲ့ပြီး ၎င်းအား ပြင်းထန်စွာ ထပ်မံ တိုက်ခိုက်ရန် ပြင်ဆင်လိုက်သည်။

“နေပါဦး...”

ထိုအချိန်တွင် အစ်မဟော်လျန်က မီးလျှံချီလင်၏ ရှေ့တွင် လျင်မြန်စွာ ကာဆီးလိုက်ပြီး လက်များကို ဖြန့်ကာ တားဆီးလိုက်သည်။

“ဂျူနီယာမောင်လေး... သူ့ကို မတိုက်ပါနဲ့တော့...”

“ဘာဖြစ်လို့လဲ... ကျွန်တော်တို့ မီးလျှံအကြေးခွံ ယူရမှာ မဟုတ်ဘူးလား...”

ယီထျန်းယွမ်၏ မျက်နှာပေါ်တွင် ထူးခြားသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူသည် အခြေအနေ အမှန်ကို သိရှိနေပုံ ရပေသည်။

“ဒါက ငါတို့ရဲ့ စမ်းသပ်မှုလေ... မင်းက ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ... ငါတို့ရဲ့ အစီအစဉ်တွေ အကုန်ပျက်ကုန်ပြီ...”

အစ်မဟော်လျန်မှာ အလွန်ပင် စိတ်ပျက်သွားရသည်။

“ဘယ်လို အစီအစဉ်တွေ ပျက်သွားတာလဲ...”

ယီထျန်းယွမ်က သိရှိသွားသည့်အလား ဟန်ဆောင်ကာ မေးမြန်းလိုက်သည်။

“တကယ်တော့ မီးလျှံချီလင်က အစ်မတို့ရဲ့ အဖော်ဖြစ်ပြီး ကျွန်တော့်ကို စမ်းသပ်ဖို့ ခေါ်လာတာပေါ့ ဟုတ်လား...”

“မှန်တယ်... မင်းကို စမ်းသပ်ဖို့ပဲ... ဒါပေမဲ့ နောက်ဆုံး စမ်းသပ်မှုကတော့ မအောင်မြင်ဘူး ထင်တယ်နော်...”

ထိုအချိန်တွင် ဘေးဘက်မှ လူတစ်စု ပြေးဝင်လာကြသည်။ ထိုလူများမှာ အရင်က စီနီယာအစ်ကို အစ်မများဖြစ်ကြပြီး အကြီးအကဲတုန်းယွမ်လည်း ပါဝင်သည်။ သူတို့အားလုံးမှာ ဘေးတွင် ပုန်းအောင်းနေကြခြင်း ဖြစ်ပြီး ယခုအခါ လှည့်ကွက်မှာ ပေါ်သွားပြီဖြစ်သဖြင့် ထွက်ပေါ်လာကြခြင်း ဖြစ်သည်။

ယီထျန်းယွမ်သည် သူတို့ ပေါ်လာသည်ကို ကြည့်ကာ အံ့ဩခြင်းမရှိချေ။ အမှန်စင်စစ် သူသည် အစောကြီးကတည်းက ရိပ်မိနေခဲ့ခြင်းပင် ဖြစ်သည်။ ဤသည်မှာ လှည့်ကွက်များသာ ဖြစ်ပေလိမ့်မည်။

အခန်း ၁၀၈၇ ပြီးပါပြီ။

All Chapters