အကြီးအကဲရှောင်ထျန်း
Vol. 80 Ch. 1089
အကြီးအကဲတုန်းယွမ်၏ ဦးဆောင်မှုဖြင့် သူတို့သည် ကြယ်စုံညမြို့တော်သို့ တိုက်ရိုက်ပျံသန်းခဲ့ကြသည်။ ကြယ်စုံညမြို့တော်မှာ နတ်ဘုရားလက်နက်နန်းတော်နှင့် သိပ်မဝေးလှဘဲ နယ်မြေကူးပြောင်းခြင်း အစီရင်အရ နှစ်နေရာသာ ဖြတ်သန်းရုံဖြင့် ရောက်ရှိနိုင်ပေသည်။
ကြယ်စုံညမြို့တော်မှာ အမည်နှင့်လိုက်ဖက်စွာပင် စားသောက်ဆိုင်များဖြင့် ပြည့်နှက်နေသည့် နေရာကောင်းတစ်ခု ဖြစ်သည်။ အရပ်မျက်နှာအနှံ့၌ ကောင်းမွန်သော အရက်များနှင့် အရသာရှိသော အစားအစာများကို သုံးဆောင်နိုင်သည်။ အခြေခံအားဖြင့် တပည့်အများစုမှာ တာဝန်ပြီးဆုံးသည့်အခါ သို့မဟုတ် စိတ်ညစ်စရာရှိသည့်အခါမျိုး၌ ဤနေရာသို့ လာရောက်အနားယူတတ်ကြသည်။
ဤနေရာသို့ ရောက်ရှိလာသည့်အခါ ယီထျန်းယွမ်မှာ ကြယ်စုံညမြို့တော်၏ အခြေအနေကြောင့် အမှန်ပင် အံ့အားသင့်သွားရသည်။ ကြယ်စုံညမြို့တော်၌ မွှေးပျံ့လှသော အရက်နံ့များ ဖုံးလွှမ်းနေပြီး မိမိကိုယ်ကိုယ် အရက်အိုးကြီးတစ်ခုထဲ ရောက်နေသလားဟုပင် သူ သံသယဝင်မိသည်။ သို့မဟုတ်ပါက မည်သို့လျှင် ဤမျှအထိ မွှေးကြိုင်ချိုမြိန်နေပါမည်နည်း။
သူသည် အရက်အိုးထဲ ရောက်နေခြင်း မဟုတ်သော်လည်း ရောက်နေသည်နှင့် မခြားနားလှချေ။ ဤမျှ မွှေးပျံ့လှသော အနံ့ကို ပေးစွမ်းနေသည်မှာ အမှန်စင်စစ် အရက်မဟုတ်ဘဲ ဤနေရာရှိ ကြယ်စုံညသစ်ပင်များပင် ဖြစ်သည်။ သစ်ပင်စည်ပိုင်းများထဲတွင် အရက်များ ပြည့်နှက်နေသည့်အလား သို့မဟုတ်ပါက မည်သို့လျှင် အမွှေးနံ့များ အဆက်မပြတ် ထွက်ပေါ်နေပါမည်နည်း။
အမှန်စင်စစ် ကြယ်စုံညသစ်ပင်ထဲတွင် အရက်ရှိနေခြင်း မဟုတ်ဘဲ သစ်ပင်၏ မြစ်ဖျားခြေရင်းတွင် ကောင်းမွန်သော အရက်များကို မြှုပ်နှံထားခြင်း ဖြစ်သည်။ စားသောက်ဆိုင်တိုင်း၏ ဘေးပတ်လည်တွင် ကြယ်စုံညသစ်ပင်များကို စိုက်ပျိုးထားပြီး စိတ်ထင်တိုင်း တူးဖော်၍မရချေ။ မဟုတ်ပါက ဤနေရာရှိ ဆိုင်ရှင်များ၏ ရိုက်နှက်ခြင်းကို သေချာပေါက် ခံရပေလိမ့်မည်။
၎င်းတို့မှာ ဤ ကြယ်စုံညသစ်ပင်များမှတစ်ဆင့် အရက်များကို ပိုမိုမွှေးပျံ့ချိုမြိန်စေရုံသာမက ဧည့်သည်များကိုလည်း ပိုမိုဆွဲဆောင်နိုင်ခဲ့သည်။
“ရောက်ပြီ... ငါတို့ ဒီ ဗာဒံမိုးစားသောက်ဆိုင်ကိုပဲ သွားကြရအောင်...”
အကြီးအကဲတုန်းယွမ်က လက်ညှိုးညွှန်ကာ ဆိုလိုက်သည်။
“ဗာဒံမိုးစားသောက်ဆိုင်... အကြီးအကဲတုန်းယွမ်... ဒါက အကြီးအကျယ် အကုန်အကျခံတာထက်တောင် ပိုနေပြီနော်...”
စီနီယာအစ်ကိုယွီလုံတို့က အံ့အားသင့်စွာ ဟစ်ကြွေးလိုက်ကြသည်။
“အရင်က ကျွန်တော်တို့ ဝင်တုန်းကတော့ ဒီလောက်တောင် သဘောထားမကြီးခဲ့ပါဘူး... ဒါက နည်းနည်းတော့ မျက်နှာလိုက်လွန်းရာ မကျဘူးလား...”
“ဟမ်း... ဒါက မျက်နှာလိုက်တာ မဟုတ်ပါဘူး... မင်းတို့လည်း အမြဲတမ်း ပင်ပန်းနေကြတာပဲ... ငါက အားလုံးကို နည်းနည်းပါးပါး ပြန်ကျွေးတာပဲဟာ... မသွားချင်ဘူးလား...”
အကြီးအကဲတုန်းယွမ်က သူတို့ကို စောင့်ကြည့်ရင်း ဆိုလိုက်သည်။
“ဟီးဟီး... အကြီးအကဲတုန်းယွမ်က သဘောထားကြီးတာပဲ... ဒါဆိုရင်လည်း ငါတို့ ကောင်းကောင်းကြီး သွားသောက်ကြတာပေါ့...”
သူတို့ တစ်ဦးချင်းစီမှာ ရယ်မောလိုက်ကြပြီး ဗာဒံမိုးစားသောက်ဆိုင်ထဲသို့ စုပြုံဝင်ရောက်သွားကြရာ အခြေအနေမှာ အလွန်ပင် သာယာလှသည်။ ယီထျန်းယွမ်က ဘေးမှပြုံးလျက် အတူတူ လိုက်ပါဝင်ရောက်သွားခဲ့သည်။
ဤအခြေအနေမှာ အမှန်ပင် မဆိုးလှချေ။ ဤသည်မှာသာ တကယ့်ဂိုဏ်းတူ ညီအစ်ကိုများ ဖြစ်ကြသည်။
“ဂျူနီယာမောင်လေး... မင်း တကယ်ပဲ မရိပ်မိခဲ့တာလား...”
ထိုအချိန်တွင် ဘေးမှ အစ်မဟော်လျန်က မနေနိုင်ဘဲ ထပ်မံမေးမြန်းလိုက်သည်။
အစ်မဟော်လျန်၏ ဝေခွဲမရဖြစ်နေသော အကြည့်များကို ကြည့်ကာ ယီထျန်းယွမ်က စဉ်းစားလိုက်ပြီး ခေါင်းညိတ်ကာ တိုးညှင်းစွာ ဆိုလိုက်သည်။
“နည်းနည်းတော့ ရိပ်မိပါတယ်... အစ်မဟော်လျန်ရဲ့ သရုပ်ဆောင်ချက်က နည်းနည်းလေး ညံ့နေလို့လေ... သိပ်ပြီး သဘာဝမကျဘူး...”
သူ၏ အသံမှာ အလွန်တိုးလှသဖြင့် သူတို့နှစ်ယောက်သာ ကြားနိုင်သည်။
အစ်မဟော်လျန် ကြားလိုက်ရသည့်အခါ လှပသော မျက်ဝန်းအစုံမှာ အပြစ်ကင်းစင်ဟန်ဖြင့် ပိုမိုကျယ်ပြန့်သွားခဲ့သည်။
“တကယ်ပဲ အဲလောက်တောင် ညံ့နေလို့လား... အလွယ်တကူ သိနိုင်လောက်အောင်လား...”
“အဲဒါကတော့ နည်းနည်း ချဲ့ကားပြောတာပါ... အခြားလူတွေအတွက်တော့ အဆင်ပြေပါတယ်... ကျွန်တော်က အသေးစိတ်တွေကို ပိုကြည့်တတ်လို့ပါ... ဥပမာ- အစ်မက အရှေ့ဆုံးကနေ တိုက်ခိုက်တာမျိုးလေ... ဒါက သိသာနေတာပဲ... ကျွန်တော့်ရဲ့ တာဝန်ဖြစ်နေတာကို အစ်မက ဘာလို့ ရှေ့ဆုံးကနေ တိုက်ခိုက်မှာလဲ... ပြီးတော့ မီးလျှံချီလင်နဲ့ မျက်စပစ်နေတာကို မသိဘဲနေဖို့က ခက်ပါတယ်...”
ယီထျန်းယွမ်က မတတ်သာစွာ ဆိုလိုက်သည်။
“နောင်ကျရင် အစ်မဟော်လျန်အနေနဲ့ ပိုပြီး စနစ်ကျတဲ့ အစီအစဉ်တွေ ဆွဲသင့်တယ်... ဒါမှ အမှားအယွင်း မရှိမှာ...”
အစ်မဟော်လျန်က ရုတ်တရက် ရယ်မောလိုက်သည်။
“မင်းပြောတာက တိုက်ပွဲမှာ သဘာဝမကျတာကို ပြောတာလား... ကျန်တဲ့နေရာတွေမှာတော့ အမှားအယွင်း မတွေ့ဘူးပေါ့...”
“ဟုတ်ပါတယ်... တိုက်ပွဲအပိုင်းမှာပဲ ပြဿနာလေး နည်းနည်းရှိတာပါ...”
ယီထျန်းယွမ်က ပြုံးလျက် ဆိုလိုက်သည်။
“ဒါဆိုရင်တော့ တော်သေးတာပေါ့... နောင်ကျရင် ငါ ပြင်ဆင်ပါ့မယ်... အကြံပေးတဲ့အတွက် ကျေးဇူးပါပဲ မောင်လေး... ငါ့ကိုယ်ငါ ယုံကြည်မှုတောင် ပျောက်တော့မလို့...”
အစ်မဟော်လျန်က ပျော်ရွှင်စွာ ရယ်မောလိုက်ပြီး သူ၏ပခုံးကို ပုတ်ကာ ဆိုလိုက်သည်။
“ဒါနဲ့... မင်း အရင်က ငါ့ကို တွန်းထုတ်ပြီး ပြတ်ပြတ်သားသား ပြောလိုက်တာက တကယ့်ကို ဆွဲဆောင်မှု ရှိတယ်နော်... အခွင့်အရေးရရင် ငါ့သူငယ်ချင်းတစ်ယောက်နဲ့ မိတ်ဆက်ပေးမယ်...”
“ဒါကတော့ မလိုတော့ပါဘူး...”
ယီထျန်းယွမ်က မလိုကြောင်း အမူအရာပြကာ လက်ယမ်းလိုက်သည်။
“ဘာလို့ မလိုရမှာလဲ... မိတ်ဆွေဖွဲ့ရတာ ကောင်းပါတယ်...”
အစ်မဟော်လျန်က ပြုံးလျက် ဆိုလိုက်သည်။
“သွားကြစို့... အရက်သောက်ရအောင်...”
သူ၏ စိတ်လက်ပေါ့ပါးသွားသော အမူအရာကို ကြည့်ကာ ယီထျန်းယွမ်က ပုခုံးတွန့်လိုက်သည်။ အမှန်စင်စစ် သူသည် အစကတည်းက ရိပ်မိနေခဲ့ခြင်း ဖြစ်သည်။ သို့သော် အစ်မဟော်လျန် ဤမျှအထိ တွေးတောနေသည်ကို မြင်ရသဖြင့် အမှန်အတိုင်း အနည်းငယ် ပြောပြလိုက်ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူ သေချာပေါက် ရူးသွားအောင် မေးနေပေလိမ့်မည်။
အခြားလူများမှာ အစ်မဟော်လျန် ရုတ်တရက် စိတ်ကြည်လင်သွားသည်ကို မြင်ကာ ဘာဖြစ်မှန်း မသိကြချေ။
ထို့နောက် သူတို့တစ်အုပ်စုလုံး ဗာဒံမိုးစားသောက်ဆိုင်ထဲသို့ ဝင်ရောက်သွားကြသည်။ ဝင်ဝင်ချင်းမှာပင် နေရာအနှံ့၌ ဗာဒံပင်များကို စိုက်ပျိုးထားပြီး ရွှေရောင်ဝင်းနေသည်မှာ အလွန်ပင် လှပလှသည်။ အချို့မှာ ကောင်းကင်ယံ၌ပင် စိုက်ပျိုးထားပြီး စိပ်စိပ်ရရ ကျဆင်းနေသော ဗာဒံသီးများမှာ ဗာဒံမိုးရွာနေသည်နှင့် တူလှသည်။
ဤကဲ့သို့သော သာမန်သစ်သီးမှာ ဤနေရာ၌ အဓိက အပြင်အဆင်တစ်ခု ဖြစ်နေလိမ့်မည်ဟု သူ ထင်မှတ်မထားခဲ့ချေ။
“အော်... အကြီးအကဲတုန်းယွမ် လာတာပဲ... ခင်ဗျား မလာတာ ကြာပြီနော်...”
ထိုအချိန်တွင် ဆိုင်ရှင်မှာ ဘေးမှပြုံးလျက် လျှောက်လာခဲ့သည်။
“ဟုတ်တယ်... မလာတာ ကြာပြီ... ငါတို့ကို သီးသန့်ခန်းတစ်ခု ပေးပါဦး...”
အကြီးအကဲတုန်းယွမ်က လက်ယမ်းကာ ဆိုလိုက်သည်။
“ပြဿနာမရှိပါဘူး... အားလုံး ကျွန်တော့်နောက်ကို လိုက်ခဲ့ကြပါ...”
ဆိုင်ရှင်ကိုယ်တိုင် ဦးဆောင်ခေါ်သွားခဲ့သည်။ အကြီးအကဲတုန်းယွမ်မှာ အကြီးအကဲတစ်ဦး ဖြစ်သဖြင့် ကိုယ်တိုင် ဦးဆောင်သွားခြင်း ဖြစ်သည်။
သူတို့တစ်အုပ်စုလုံး နောက်မှ လိုက်ပါသွားကြပြီး သီးသန့်ခန်းသို့ ရောက်ခါနီး၌ အခြားအခန်းတစ်ခုရှေ့မှ ဖြတ်သွားစဉ် အတွင်းမှ အံ့ဩသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ဒါ အကြီးအကဲတုန်းယွမ် မဟုတ်လား... ဘယ်လိုလဲ... ဒီတစ်ခါတော့ ဒီလောက်လူအများကြီးကို အရက်တိုက်ဖို့ ရက်ရောလှချည်လား...”
အားလုံး လှည့်ကြည့်လိုက်သည့်အခါ မျက်မှောက်သို့ ရောက်ရှိလာသည်မှာ အလားတူ သက်ကြီးရွယ်အိုတစ်ဦးပင် ဖြစ်ပြီး လူသုံးဦးနှင့်အတူ အရက်ကို ဖြည်းညင်းစွာ မြည်းစမ်းနေခဲ့သည်။ သူတို့ကို မြင်လိုက်ရသည့်အခါ ထိုသူ၏ မျက်ဝန်းထဲတွင် လှောင်ပြောင်ရိပ်များ ပြည့်နှက်နေပြီး အထင်အမြင်သေးဟန်လည်း ပိုမိုပါဝင်နေချေသည်။
ယီထျန်းယွမ်သည် ထိုသူ၏ ဝတ်စုံမှာ အကြီးအကဲတုန်းယွမ်နှင့် ဆင်တူနေသည်ကို သတိပြုမိလိုက်ရာ အလားတူ အကြီးအကဲတစ်ဦး ဖြစ်မည်ဟု ယူဆလိုက်သည်။
နတ်ဘုရားလက်နက်နန်းတော်၌ အကြီးအကဲတစ်ဦးတည်း ရှိနေခြင်း မဟုတ်သော်လည်း အခြေအနေမှာ များစွာ ကွဲပြားလှပြီး အတွင်းပိုင်း၌လည်း အားပြိုင်မှုများ ရှိနေပေသည်။ အကြီးအကဲတစ်ဦးချင်းစီ၏ စီမံခန့်ခွဲပုံမှာ မတူညီကြဘဲ အကြီးအကဲတုန်းယွမ်မှာ စည်းလုံးမှုကို ကြိုက်နှစ်သက်သူ ဖြစ်သည်။ အရည်အချင်း အနည်းငယ် ညံ့လျှင်ပင် လူ့ကျင့်ဝတ်ပိုင်းမှာ သေချာပေါက် ပြည့်မီရပေမည်။
“အော်... အကြီးအကဲရှောင်ထျန်းကိုး... ငါက ဘယ်သူလဲလို့... ငါ့ဘာသာ ရက်ရောပြီး ငါ့ဘက်က တပည့်တွေကို ကျွေးတာ... ဘာပြဿနာရှိလို့လဲ...”
အကြီးအကဲတုန်းယွမ်က အေးစက်စွာ ရယ်မောလျက် ဆိုလိုက်သည်။
“ဒါကတော့ ပြဿနာမရှိပါဘူး... ခင်ဗျားပိုင်တဲ့ ဥစ္စာပစ္စည်းပဲလေ... ဘယ်လိုပဲ ဖြုန်းတီးဖြုန်းတီး ခင်ဗျားကိစ္စပါပဲ... အို... လူသားမျိုးနွယ်သားတစ်ယောက်လည်း ပါတာပဲလား... ဟားဟားဟား... အကြီးအကဲတုန်းယွမ်ကတော့ တကယ်ကို နိမ့်ကျသွားပြီပဲ... လူသားမျိုးနွယ်ကိုတောင် တပည့်အဖြစ် လက်ခံနေပြီကိုး... ဒါက ဘာနဲ့တူနေလဲဆိုတော့... အမှိုက်သိမ်းတဲ့နေရာနဲ့ တူနေပြီလား...”
အကြီးအကဲရှောင်ထျန်းက တဲ့တိုးပင် ပြောဆိုလိုက်ပြီး အကြီးအကဲတုန်းယွမ်၏ နေရာမှာ အမှိုက်များကိုသာ လက်ခံသည့်နေရာဟု တိုက်ရိုက်ပြောဆိုလိုက်ခြင်းပင်။
အားလုံးမှာ ချက်ချင်း ဒေါသထွက်သွားကြပြီး စီနီယာအစ်ကိုယွီလုံက ရှေ့သို့ ထွက်လာကာ ပြုံးလျက် ဆိုလိုက်သည်။
“အကြီးအကဲရှောင်ထျန်း... စကားမစပ်... ခင်ဗျားရဲ့ တပည့်က အရင်က ကျွန်တော်တို့ရှေ့မှာ ခွေးတစ်ကောင်လို ရှုံးနိမ့်သွားပြီး လမ်းလျှောက်ရင်း ဟောင်နေတာ... တကယ့်ကို အိမ်ပြန်လမ်းမသိတဲ့ ခွေးအိုကြီးတစ်ကောင်လိုပါပဲ...”
အကြီးအကဲရှောင်ထျန်း၏ မျက်နှာမှာ ပျက်သွားခဲ့ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ တူအချို့မှာ စီနီယာအစ်ကိုယွီလုံထံသို့ ထိုးဖောက်ဝင်ရောက်လာလေသည်။ သို့သော်လည်း အကြီးအကဲတုန်းယွမ်က လျင်မြန်စွာပင် တားဆီးလိုက်၏။
“အကြီးအကဲရှောင်ထျန်း... ဒါက ဘာသဘောလဲ...”
အကြီးအကဲတုန်းယွမ်၏ အကြည့်များမှာ အေးစက်နေခဲ့သည်။
“ဘာသဘောမှ မဟုတ်ဘူး... အကြီးအကဲတုန်းယွမ်... ခင်ဗျားရဲ့ တပည့်တွေကို ကောင်းကောင်း ဆုံးမထားဦး... လူကြီးတွေ စကားပြောနေရင် တပည့်တွေက ဝင်မပြောသင့်ဘူးလေ... ဒီလောက် ယဉ်ကျေးမှုကိုတောင် နားမလည်ဘူးလား...”
အကြီးအကဲရှောင်ထျန်းက အေးစက်စွာ ရယ်မောလိုက်သည်။
“စိတ်ချပါ... ဒီလောက် ယဉ်ကျေးမှုကိုတော့ ငါတို့ နားလည်ပါတယ်... ဒါပေမဲ့ ငါ ဘယ်လိုတပည့်မျိုးကို လက်ခံမလဲဆိုတာက ငါ့ကိစ္စပဲ... မင်းနဲ့ မဆိုင်ဘူး...”
အကြီးအကဲတုန်းယွမ်က အေးစက်စွာ ဆိုလိုက်သည်။
“မှန်တယ်... ကျွန်တော်တို့ ဘယ်လိုမျိုးနွယ်စုကိုပဲ လက်ခံလက်ခံ... အားလုံးက ကျွန်တော်တို့ရဲ့ ဂိုဏ်းတူညီအစ်ကိုတွေပဲ...”
“ဟုတ်တယ်... အားလုံးက ကျွန်တော်တို့ရဲ့ ဂိုဏ်းတူညီအစ်ကိုတွေပဲ...”
သူတို့ တစ်ဦးချင်းစီမှာ ဝိုင်းဝန်း ပြောဆိုလိုက်ကြရာ ယီထျန်းယွမ်၏ စိတ်ထဲ၌ ဝမ်းသာကြည်နူးမှုများ ဖြစ်ပေါ်လာခဲ့သည်။ အခြားလူများနှင့် ဆန့်ကျင်ဘက် ဖြစ်နေလျှင်ပင် မိမိ၏ ဂိုဏ်းတူညီအစ်ကိုများဘက်က ရပ်တည်ပေးနေကြပေသည်။
အခန်း ၁၀၈၉ ပြီးပါပြီ။