← Chapters

ဒေါသ

Vol. 80 Ch. 1090

ဒေါသ

Vol. 80 Ch. 1090

ဤမျှအထိ ခွဲခြားဆက်ဆံမှု ကင်းမဲ့ခြင်းမျိုးကို ယီထျန်းယွမ် တွေ့ရခဲလှသည်။ ဤနေရာ၌ အကြီးအကဲရှောင်ထျန်းနှင့် အချေအတင် ပြောဆိုနေသည်ကို ကြည့်ခြင်းအားဖြင့် ဤလူစုမှာ စိတ်ရင်းမှန်ဖြင့် ခင်မင်ကြသူများ ဖြစ်ကြောင်း သူ သိရှိလိုက်သည်။ တစ်ကြိမ် သတ်မှတ်ပြီးပါက မည်သည့်အခါမျှ ပြောင်းလဲလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ထင်ရှားသည်မှာ ဂိုဏ်းတစ်ခုတည်းမှ အကြီးအကဲနှစ်ဦး၏ အတွေးအခေါ်မှာ လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေခြင်းပင်။ တစ်ဦးက ပါရမီရှင်များကိုသာ ရွေးချယ်လိုပြီး နောက်တစ်ဦးကမူ လူ့ကျင့်ဝတ်ကို ပိုမိုဦးစားပေးသည်။

နတ်ဘုရားလက်နက်နန်းတော်သည် အေးချမ်းသော နယ်မြေတစ်ခု ဖြစ်လိမ့်မည်ဟု ထင်မှတ်ခဲ့သော်လည်း ဤကဲ့သို့သော အတွေးမျိုးရှိသူမှာ လောလောဆယ်တွင် အကြီးအကဲတုန်းယွမ် တစ်ဦးတည်းသာ ရှိပုံရသည်။ အကြီးအကဲတုန်းယွမ်၏ အတွေးအခေါ်မှာ အကြီးအကဲရှောင်ထျန်းကဲ့သို့ အစွန်းမရောက်လှချေ။

အကြီးအကဲရှောင်ထျန်းကဲ့သို့သော သူများမှာ ပို၍ များပြားပုံရပြီး နိုင်ရာစားစနစ်ကို ကျင့်သုံးကြသည်။ သူတို့ ရွေးချယ်သည့်သူများမှာ သေချာပေါက် ထူးချွန်ထက်မြက်သူများထဲမှ အထူးချွန်ဆုံး ဖြစ်ရပေမည်။

ယခု အကြီးအကဲတုန်းယွမ်၏ ဘေးနားရှိ တပည့်များမှာလည်း တစ်ဦးချင်းစီ ထူးချွန်ကြသော်လည်း ထိုကဲ့သို့သော ပါရမီရှင် အဆင့်အတန်းမျိုးရှိသူမှာ အနည်းငယ်သာ ရှိပေသည်။

အကြီးအကဲရှောင်ထျန်းကမူ အလားအလာ အလွန်ကောင်းသည့် ထူးချွန်သူများကိုသာ လက်ခံခဲ့သည်။

အကြီးအကဲရှောင်ထျန်းက သူတို့ကို ကြည့်ကာ အထင်အမြင်သေးသော အကြည့်ဖြင့် မဲ့ပြုံးပြုံးလျက် ဆိုလိုက်သည်။

“တကယ့် ရယ်စရာပဲ... နတ်ဘုရားလက်နက်နန်းတော် တစ်ခုလုံးမှာ လူအနည်းဆုံးက ခင်ဗျားတို့ပဲ... နန်းတော်တွင်း ပြိုင်ပွဲတွေမှာလည်း ခင်ဗျားတို့ရဲ့ အဆင့်တွေက အောက်ဆုံးမှာပဲ ရှိတာ... ဒါက အကြီးအကဲတုန်းယွမ်ရဲ့ ဦးဆောင်မှု ကောင်းတာကြောင့်ပေါ့... မဟုတ်ရင် ဒီလို အောင်မြင်မှုမျိုး ရပါ့မလား...”

အကြီးအကဲတုန်းယွမ်၏ မျက်နှာမှာ ပျက်ယွင်းသွားခဲ့ပြီး ကြည့်ရသည်မှာ မျက်နှာမကောင်းလှချေ။ အကြီးအကဲရှောင်ထျန်း ပြောသည်မှာ အမှန်တရားဖြစ်ကြောင်း ငြင်းဆို၍မရချေ။ သူသည် လူ့ကျင့်ဝတ်နှင့် စည်းလုံးမှုကို အလွန်အမင်း စွဲကိုင်ထားသဖြင့် စမ်းသပ်မှုကို အောင်မြင်သူမှာ အလွန်ပင် နည်းပါးလှသည်။ အချို့မှာ ထူးကဲသော ပါရမီရှိကြသော်လည်း လူ့ကျင့်ဝတ် မပြည့်မီသဖြင့် တိုက်ရိုက် ပယ်ထုတ်ခြင်း ခံရသည်။

ပယ်ထုတ်ခံရသူများမှာ သဘာဝအတိုင်း အခြားအကြီးအကဲများ၏ လက်အောက်သို့ ဝင်ရောက်သွားကြပြီး သူတို့အတွက် အရင်းအမြစ်များ အဆက်မပြတ် ရရှိလာစေခဲ့သည်။ အပြန်အလှန်အားဖြင့် အကြီးအကဲတုန်းယွမ်၏ ဘက်တွင်မူ နှစ်ပေါင်းများစွာ၊ ရာစုနှစ်နှင့်ချီ၍ပင် လူသစ်တစ်ယောက်မျှ ဝင်ရောက်လာခြင်း မရှိခဲ့ချေ။

သူတို့ထံသို့ လာရောက်စမ်းသပ်သူ မရှိခြင်း မဟုတ်ဘဲ တစ်ကြိမ်မျှ အောင်မြင်ခြင်း မရှိကြခြင်းပင်။ စမ်းသပ်မှု အကြောင်းအရာများမှာ သူတို့အတွက် တကယ်ပင် ထူးဆန်းလွန်းလှသည်။ ဤအဆင့်သို့ ရောက်အောင် ကျင့်ကြံထားသူ အများစုမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ၌ အနည်းငယ် အတ္တကြီးတတ်ကြရာ သူတို့ကို ရုတ်တရက် သဘောထားကြီးခိုင်းပြီး အားနည်းသူများနှင့် ပူးပေါင်းခိုင်းခြင်းမှာ သူတို့အတွက် မဖြစ်နိုင်သော အရာပင်။

ကြာလာသည်နှင့်အမျှ ရလဒ်အနေဖြင့် ဤဘက်သို့ ဝင်ရောက်လာသူ မရှိသလောက် ဖြစ်သွားခဲ့သည်။ ယီထျန်းယွမ် လာရောက်သည့်အခါ တန်းစီနေသူ မရှိခြင်းမှာလည်း ထို့ကြောင့်ပင်။ သူသွားခဲ့သော နယ်မြေကူးပြောင်းခြင်း အစီရင်မှာ အကြီးအကဲတုန်းယွမ် စီမံသော ဧရိယာသို့ ဦးတည်နေသဖြင့် အကြီးအကဲတုန်းယွမ်နှင့် ဆုံတွေ့ခဲ့ခြင်း ဖြစ်သည်။

အခြားသော လမ်းကြောင်းများမှာမူ မတူညီသော အကြီးအကဲများနှင့် ရင်ဆိုင်ရပေလိမ့်မည်။ အချိန်ကြာလာသည်နှင့်အမျှ အကြီးအကဲတုန်းယွမ်၏ ဘက်တွင် ပိုမိုတင်းကျပ်လာသဖြင့် နောက်ဆုံး၌ မည်သူမျှ လာရောက်စာရင်းမသွင်းတော့ချေ။

ဤသည်မှာ အလွန်ပင် အနေရခက်သော ကိစ္စပင် ဖြစ်သည်။ အကြီးအကဲတုန်းယွမ်၏ လုပ်ဆောင်ပုံမှာ ပို၍ မှန်ကန်သော်လည်း ကျင့်ကြံသူ အများစုအတွက်မူ အားနည်းသူများနှင့် မပူးပေါင်းလိုကြချေ။ မဟုတ်ပါက ဤကဲ့သို့သော ‘နှောင်ကြိုး’ မျိုးကို သူတို့ မနှစ်သက်ကြချေ။

လူတိုင်းတွင် ကိုယ်ပိုင် အတွေးအခေါ် ရှိကြသော်လည်း ယီထျန်းယွမ်မှာမူ ဤခံစားချက်မျိုးကို နှစ်သက်သည်။ အနည်းဆုံးတော့ ကျောပြင်ကို ဓားနှင့် ထိုးခံရမည် မဟုတ်တော့ပေ။

“ဒါက ငါ့ကိစ္စပဲ... အကြီးအကဲရှောင်ထျန်းအနေနဲ့ အရမ်း စိတ်ပူနေဖို့ မလိုပါဘူး...”

အကြီးအကဲတုန်းယွမ်က လေးနက်စွာ ဆိုလိုက်သည်။

“ဒါက ခင်ဗျားကိစ္စဆိုတာ မှန်ပါတယ်... ဒါပေမဲ့ နန်းတော်တွေကြား ပြိုင်ပွဲဖြစ်လာရင်တော့ ခင်ဗျား တစ်ယောက်တည်း ကိစ္စ မဟုတ်တော့ဘူး... နတ်ဘုရားလက်နက်နန်းတော် တစ်ခုလုံးရဲ့ ကိစ္စ ဖြစ်သွားပြီ... အဲဒီအချိန်ကျရင် ခင်ဗျားတို့ လူတွေကြောင့် နောက်တွဲဆွဲခံရရင် နန်းတော်သခင်က ဘယ်လိုတွေးမလဲ မသိဘူးနော်...”

အကြီးအကဲရှောင်ထျန်းက လှောင်ပြောင်လိုက်သည်။

နန်းတော်တစ်ခုချင်းစီ၌ နန်းတော်သခင် တစ်ဦးစီ ရှိကြပြီး နန်းတော်တစ်ခုလုံးကို အဓိက စီမံခန့်ခွဲသူ ဖြစ်သည်။ ပုံမှန်အားဖြင့် ထွက်ပေါ်လာလေ့မရှိဘဲ အကြီးအကဲများကသာ စီမံကြသည်။ အလွန်အရေးကြီးသော ကိစ္စမျိုးမှလွဲ၍ ထွက်လာလေ့ မရှိချေ။

“အဲဒီအတွက် ငါ့မှာ အစီအစဉ် ရှိပါတယ်...”

ပြောပြီးနောက် အကြီးအကဲတုန်းယွမ်သည် မိမိဘက်က အားနည်းနေသည်ကို သိသဖြင့် တပည့်များကို ခေါ်ဆောင်ကာ ရှေ့ဘက်ရှိ သီးသန့်ခန်းသို့ သွားလိုက်သည်။

သူတို့ ထိုင်လိုက်သည့်အခါ စီနီယာအစ်ကိုယွီလုံက မကျေမနပ်ဖြင့် ဆိုလိုက်သည်။

“အကြီးအကဲတုန်းယွမ်... ဟိုရှောင်ထျန်းက တကယ်ကို လွန်လွန်းတယ်... ကျွန်တော် သူတို့ကို လုံးဝ မကြောက်ဘူး... ပါရမီရှင်အချင်းချင်း ယှဉ်မယ်ဆိုရင်တောင် ကျွန်တော်တို့ဆီမှာလည်း မနည်းဘူး... ကျွန်တော်နဲ့ ဟော်လျန် နှစ်ယောက်တည်းနဲ့တင် ဟိုလူအုပ်ကြီးကို နှိမ်နင်းဖို့ လုံလောက်တယ်...”

သူတို့ တစ်ဦးချင်းစီမှာ အရက်သောက်ရန် စိတ်မပါတော့ဘဲ အလွန်ပင် မကျေမနပ် ဖြစ်နေကြသည်။ မည်သူမျှ အနှိမ်ခံရသည်ကို မနှစ်သက်ကြချေ။ အထူးသဖြင့် မိမိတို့၏ အကြီးအကဲ ရှေ့မှောက်၌ အနှိမ်ခံရခြင်းမှာ ပို၍ စိတ်မသက်မသာ ဖြစ်စေသည်။

“လောလောဆယ် သူပြောတာတွေက အမှန်တရားတွေပဲ... သူ့ကို ပြန်တုံ့ပြန်ချင်ရင် အကောင်းဆုံးက နန်းတော်တွင်း ပြိုင်ပွဲကျရင် မင်းတို့ ငါ့အတွက် ဂုဏ်ယူစရာ ဖြစ်အောင် လုပ်ပေးရမယ်...”

အကြီးအကဲတုန်းယွမ်က အံကြိတ်ကာ ဆိုလိုက်သည်။

သူကိုယ်တိုင်လည်း လက်တုံ့ပြန်ချင်သော်လည်း အကြီးအကဲ အချင်းချင်း တိုက်ခိုက်ခြင်း မပြုရသလို သီးသန့် တိုက်ခိုက်ခြင်းကိုလည်း ခွင့်မပြုပေ။ အထူးသဖြင့် နတ်ဘုရားအရှင် အဆင့်ရှိသူ နှစ်ဦးသာ ရုန်းရင်းဆန်ခတ် ဖြစ်ကြမည်ဆိုပါက ဤ ကြယ်စုံညမြို့တော်မှာ ပေါက်ကွဲသွားပေလိမ့်မည်။

“သေချာပေါက် ဂုဏ်ယူရစေရမယ်... သူတို့ကို အသေသတ်ပစ်မယ်... ကျွန်တော် အမုန်းဆုံးက ဟိုလိုမျိုး မောက်မာနေတဲ့ ကောင်တွေပဲ... ဘယ်သူ့ကိုမှ အထင်မကြီးကြဘူး... ကျွန်တော် ဝန်ခံပါတယ်... ကျွန်တော့် ပါရမီက နည်းနည်း ညံ့ချင်ညံ့မယ်... ဒါပေမဲ့ ကျွန်တော် မကြိုးစားလို့လား... တစ်နေ့ကျရင် အဲဒီကောင်တွေကို ကျော်တက်နိုင်မယ်လို့ ကျွန်တော် ယုံကြည်တယ်...”

“မှန်တယ်... ပါရမီမှာ မယှဉ်နိုင်တာတော့ ဟုတ်တယ်... ဒါပေမဲ့ အဲဒါကြောင့်နဲ့ ငါတို့ကို အထင်သေးလို့ ရမလား... တကယ်တော်ရင် သူတို့ မကျင့်ကြံဘဲ နေကြည့်ပါလား... မောက်မာလွန်းတဲ့ ကောင်တွေ...”

သူတို့ တစ်ဦးချင်းစီမှာ ဒေါသတကြီးဖြင့် အရက်များကို မော့သောက်လိုက်ကြသည်။ သောက်လိုက်သော အရက်များမှာ မည်သည့် အရသာမျှ မရှိတော့ဘဲ ရေသောက်ရသကဲ့သို့ ဖြစ်နေတော့သည်။

အားလုံး ဒေါသထွက်နေကြစဉ် ယီထျန်းယွမ်ကမူ ချပေးထားသော အရက်ကို အသာအယာ သောက်နေပြီး မျက်မှောင်ကြုတ်ကာ တစ်စုံတစ်ခုကို တွေးတောနေခဲ့သည်။

ထိုအချိန်တွင် အောက်ထပ်မှ ဝမ်းသာအားရ ဟစ်ကြွေးသံများ ထွက်ပေါ်လာပြီး စည်ကားလာသဖြင့် သူတို့၏ အာရုံကို ဆွဲဆောင်သွားခဲ့သည်။

လှမ်းကြည့်လိုက်သည့်အခါ အောက်ထပ်၌ မည်သည့်အချိန်က တိုက်ပွဲစင်မြင့်တစ်ခု တည်ဆောက်လိုက်သည် မသိပေ။ ဗာဒံမိုးစားသောက်ဆိုင်မှာ အလွန်ပင် ကျယ်ဝန်းလှသဖြင့် တိုက်ပွဲစင်မြင့်တစ်ခု တည်ဆောက်ခြင်းမှာ ပြဿနာ မရှိလှချေ။

“အားလုံးကို ကြိုဆိုပါတယ်... ဒီနေ့လည်း ထုံးစံအတိုင်း အထူး အစီအစဉ်တစ်ခု ရှိပါတယ်... ခင်ဗျားတို့ဘက်က လူလွှတ်ပြီး ယှဉ်ပြိုင်လို့ ရပါတယ်... တကယ်လို့ နိုင်ခဲ့မယ်ဆိုရင် အရက်ဖိုး အကုန်အခမဲ့ပါပဲ... ဒါပေမဲ့ ယှဉ်ပြိုင်ဖို့ စိတ်မပါဘူးဆိုရင်တော့ ထုံးစံအတိုင်း လောင်းကြေးထပ်လို့ ရပါတယ်...”

ဗာဒံမိုးစားသောက်ဆိုင် ပိုင်ရှင်သည် တိုက်ပွဲစင်မြင့်ပေါ်တွင် ရပ်ကာ ဧည့်သည်များကို အခြေအနေ ရှင်းပြနေသည်။ ဗာဒံမိုးစားသောက်ဆိုင်မှာ အနည်းငယ် ထူးခြားပြီး ခွန်အားကို အလေးထားသော ဤကမ္ဘာ၌ တိုက်ပွဲဆိုသည့် စကားလုံးမှာ မပါမဖြစ်ပင်။

ဗာဒံမိုးစားသောက်ဆိုင်က တိုက်ပွဲစင်မြင့်ကို ဤနေရာ၌ တည်ဆောက်ထားပြီး အထူး အစီအစဉ်များလည်း ရှိသည်။ အကယ်၍ တိုက်ပွဲတွင် အနိုင်ရရှိပါက အရက်ဖိုး အခမဲ့ဆိုသည့် ဆုလာဘ်ကို ရရှိမည် ဖြစ်သည်။ အကယ်၍ မယှဉ်ပြိုင်လိုပါက လောင်းကြေးထပ်ရုံသာဖြစ်ပြီး ပျော်စရာ တစ်ခုပင် ဖြစ်သည်။

ဤကဲ့သို့သော ဖျော်ဖြေရေး အစီအစဉ်က လူများကို စိတ်ကြည်လင်စေနိုင်သည်။ အမှန်စင်စစ် ၎င်းမှာ လောင်းကြေးထပ်ခြင်းပင် ဖြစ်ပြီး ဒိုင်မှာမူ ဗာဒံမိုးစားသောက်ဆိုင်ပင် ဖြစ်ရာ ဤနေရာမှနေ၍ အပိုဝင်ငွေ ပိုမိုရရှိစေရန် ရည်ရွယ်ခြင်း ဖြစ်သည်။

“ဒါက ကျွန်တော်တို့ဘက်က တိုက်ခိုက်ရေးသမားပါ... ဘယ်သူကစိန်ခေါ် ချင်ပါသလဲ...”

ဆိုင်ရှင်က သူလွှတ်လိုက်သော တိုက်ခိုက်ရေးသမားကို ညွှန်ပြလိုက်သည်။ ကျင့်ကြံခြင်းနယ်ပယ်မှာ အတော်ပင် အားကောင်းလှပြီး ကောင်းကင်အရှင် အဆင့် ၆ သို့ ရောက်ရှိနေသည်။

“စိန်ခေါ်မယ့်သူက ကျင့်ကြံခြင်းနယ်ပယ် အရမ်းမမြင့်ရပါဘူး... အများဆုံး တစ်ဆင့်ထက် ပိုမမြင့်ရပါဘူး... မဟုတ်ရင် ကျွန်တော် အရှုံးကြီး ရှုံးသွားပါလိမ့်မယ်... ကျင့်ကြံခြင်းနယ်ပယ် နိမ့်တဲ့သူတွေကတော့ အကန့်အသတ် မရှိပါဘူး...”

အာရုံပြောင်းလဲသွားသဖြင့် လူများ၏ စိတ်အခြေအနေမှာ အနည်းငယ် ပြေလျော့သွားပြီး အောက်ထပ်ရှိ အခြေအနေကို လှမ်းကြည့်လိုက်ကြသည်။ မကြာမီမှာပင် ဧည့်သည်အချို့ စိန်ခေါ်လာကြသည်။ အရက်ဖိုး အခမဲ့ရနိုင်သဖြင့် အဘယ်ကြောင့် မစမ်းသပ်ဘဲ နေပါမည်နည်း။

ဤနေရာရှိ အရက်ဈေးနှုန်းများမှာ အလွန်မြင့်မားလှရာ အခမဲ့ သောက်ရမည်ဆိုပါက အလွန်ပင် တန်လှပေသည်။

“ကောင်းပါပြီ... အခု ဧည့်သည်တစ်ယောက် စိန်ခေါ်လာပါပြီ... ကျွန်တော်တို့ရဲ့ တိုက်ခိုက်ရေးသမားကို အနိုင်ယူပြီး အရက်ဖိုး အခမဲ့ ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်...”

ဆိုင်ရှင်က ပျော်ရွှင်စွာ ပြုံးလိုက်ပြီး တိုက်ပွဲစတင်ရန် အချက်ပြလိုက်၏။

အခန်း ၁၀၉၀ ပြီးပါပြီ။

All Chapters