ကျယ်ယန်းတောင်မှထွက်ခွာပြီ
Vol. 5 Ch. 473
ကျားနက်ကြီးက သူ့ကို ချက်စားချင်နေသည့် ကလေးမလေးကို စိတ်တိုနေသည့် အချိန်တွင်….
တာ့ရှီမှ စစ်သည်တော်များကတော့ ကံဆိုး မိုးမှောင်ကျခဲ့ပြီ ဖြစ်လေသည်။ တာ့ရှီမှ စစ်သည်တော်များ လော်ဟယ်မြစ်ကို ကူးဖြတ်ကြသည့် အချိန်မှာပင် ငလျင်ကြီးတစ်ခု စတင် လှုပ်ခတ် လေတော့သည်။ ထိုအခါ မြစ်ရေ တရဟောလျှံတက်လာပြီး မြစ်ကို ဖြတ်ကူးနေကြသည့် စစ်သည်တော်များ အားလုံး ရေစီးနှင့်အတူ မျောပါသွားခဲ့ကြလေသည်။
ကြောက်မက်ဖွယ်ရာ စစ်သည်တော်များသည် သဘာဝ ဘေးအန္တရယ်ကြီးကိုတော့ မလွန်ဆန်နိုင်ခဲ့ကြပေ။
ကောင်းကင် တစ်ခုလုံးတွင်လည်း တိမ်ညိုများ အုံ့မှိုင်းနေပြီး မိုးကြိုးများ စတင်ပစ်ခတ် လာလေသည်။
တာ့ရှီဧကရာဇ်မှာ မိုးကောင်းကင်၏ အမျက်ဒေါသကို အလွန်မှ တုန်လှုပ်သွားခဲ့ရလေသည်။
သဘာဝ ဘေးအန္တရယ်ကြီးသည် တာ့ရှီတစ်ပြည်လုံးသို့ ကျရောက်ခဲ့ခြင်းဖြစ်ပြီး တာ့ရှီဧကရာဇ် အတွက် ကြိုတင်ပြင်ဆင်ရန်ပင် အချိန်မရခဲ့ပေ။
စစ်ပွဲအတွက် တာ့ရှီပြည်၏ အတော်ဆုံး စစ်သည်တော်များလည်း ဆုံးရှုံးခဲ့ရလေသည်။ မိုးနတ်မင်းသာ နောက်ထပ် အခွင့်အရေး ပေးမည်ဆိုလျှင် သူသည် အခြေအနေများ အားလုံးကို ပြန်လည် ပြုပြင်ချင်မိသည်။ သို့သော် အချိန်ဆိုသည်က နောက်ပြန်လှည့်ရိုးထုံးစံမှ မရှိဘဲလေ။
မိုးကြိုးများက အဆက်မပြတ် ပစ်ခတ်နေပြီး မိုးများက ရွာသွန်းနေလေသည်။ ပတ်ဝန်းကျင် တစ်ခုလုံးမှ ရေများဖုံးလွှမ်းလာပြီး ရွှံ့နွံများ ထူထပ် လာတော့သည်။ မိုးကြိုးပတ်ခတ် လိုက်သည့် အခါတိုင်း အသားများ လောင်ကျွမ်းသွားသည် ညှော်နံ့များလည်း ထွက်ပေါ်နေလေသည်။
ထိုမျှ ဆိုးဝါးလှသည့် ရာသီဥတု သဘာဝဘေးဒုက္ခကို လျိုမုန့်တယ်လည်း တားဆီး နိုင်စွမ်းမရှိပါ။ သူသည် ဘေးဒုက္ခ ရောက်နေကြသည့် စစ်သည်တော်များကို ကြည့်နေရုံသာ တတ်နိုင်တော့သည်။
သဘာဝဘေးအန္တရယ်သည် စစ်သူကြီးလား၊ သာမန် စစ်သည်တော်လား မခွဲခြားဘဲ အားလုံး၏ အသက်များကို နှုတ်ယူ သွားလေသည်။
လျိုမုန့်တယ်သည် နောက်ဆုံးတော့ တာ့ရှီဧကရာဇ်ကို ရှာဖွေတွေ့ရှိ သွားခဲ့လေသည်။ တာ့ရှီဧကရာဇ်သည် မြေတောင်ပို့ တစ်ခုထက်တွင် အလွန်စိတ်ရှုပ်ထွေးသည့် အမူအရာဖြင့် ထိုင်နေလေသည်။ သူ့ဘေးနားတွင် သစ္စာရှိစစ်သည်တော် အချို့က စောင့်ကြပ်နေလေသည်။
"ဒါဘယ်လို ဖြစ်ရတာလဲ"
လျိုမုန့်တယ်ကိုတွေ့သည်နှင့် တာ့ရှီဧကရာဇ်က စကားဆိုလိုက်သည်။
လျိုမုန့်တယ်က သက်ပြင်း တစ်ချက်ချလိုက်ရင်း…
"ဒါ မိုးကောင်းကင်ရဲ့ အမျက်ဒေါသပါပဲ၊ မင်းကြီး ကျွန်တော်နဲ့လိုက်ခဲ့ပါ"
"လိုက်ခဲ့ရမယ် …၊ ဘယ်ကိုလိုက်ခဲ့ရမှာလဲ"
ဧကရာဇ်က ခံစားချက်ကင်းမဲ့သည့် အမူအရာဖြင့် ပြောလိုက်လေသည်။
"မင်းကြီး အနားယူလို့ရမယ့် တစ်နေရာကိုပေါ့"
လျိုမုန့်တယ်က တာ့ရှီဧကရာဇ်ကို နှစ်သိမ့်သည့် လေသံဖြင့် ပြောလိုက်သည်။
လေသံမိုးသံများ ကြားမှာပင် လျိုမုန့်တယ်၏ သိမ်မွေ့သည့် လေသံကို တာ့ချီဧကရာဇ်မင်း ကြားလိုက်ရလေသည်။
"ငါကိုယ်တော် မျက်လုံးမှိတ်လိုက်တိုင်း မြင်မြင်သမျှဟာ သူတို့ရဲ့ ဝိညာဉ်တွေပဲ၊ ငါကိုယ်တော် ဘယ်လိုလုပ် အနားယူနိုင်မှာတဲ့လဲ၊ တာ့ရှီပြည် စတင် တည်ထောင်ခဲ့တုန်းက ဆယ်မိုင် ပတ်လည်ရှိတဲ့ မြို့လေးတစ်မြို့ပဲ၊ အခုတော့ မိုင်ပေါင်းထောင်နဲ့ ချီအောင် ကျယ်ပြန့်တဲ့ တိုင်းပြည်ကြီး ဖြစ်လာခဲ့တယ်၊ တိုင်းပြည်ကို တည်ဆောက်ဖို့ အသက်၊ သွေး ချွေးတွေ အများကြီး ရင်းခဲ့ရတယ်၊ ဒါပေမယ့် အဲဒီလို ရင်းနှီးခဲ့ရသမျှတွေ အကုန်လုံး ဒီညတော့ ရေစုံ မျောသွားခဲ့ပါပြီ၊ အဲဒီတော့ ငါကိုယ်တော် ဘယ်ကိုများ သွားနိုင်ဦးမှာတဲ့လဲ၊ တိုင်းပြည် အကြံပေးအရာရှိမင်း… ပြောစမ်းပါဦး၊ ဒီဘေးဆိုးကြီး ကြုံတွေ့ရတာ တိုက်ဆိုင်မှုလား၊ ဒါမှမဟုတ် ရှီးလျန်မြို့တော် သခင်မရဲ့ သားတော် လုပ်လိုက်တဲ့ လက်ချက်လား"
အဖြေကို ရှင်းရှင်းလင်းလင်း မသိရမချင်း တာ့ရှီဧကရာဇ်သည် သေလျှင်တောင် မျက်လုံးမှိတ်နိုင်မည် မဟုတ်ပေ။
"ကျွန်တော်လည်း မသိပါဘူး"
လျိုမုန့်တယ်က ပြန်ဖြေလိုက်လေသည်။
"ငါကိုယ်တော်ကို သူ့ဆီ ခေါ်သွားပေးပါ၊ အဖြေကို ရှင်းရှင်းလင်းလင်း သိချင်တယ်"
တာ့ရှီဧကရာဇ်က ပြောလိုက်လေသည်။
လျိုမုန့်တယ်သည် တာ့ချီဧကရာဇ်ကို ခဏကြာမျှ ငေးကြည့်နေပြီးမှ…
"ဒါဖြင့်လည်း ကျွန်တော်နဲ့ လိုက်ခဲ့ပါ…"
လျိုမုန့်တယ်က သူ၏ အင်္ကျီလက်ကို တစ်ချက် ဝှေ့ယမ်းလိုက်ပြီး တောက်ပသည့် မီးတောက်တစ်ခုကို ဖန်ဆင်းလိုက်ကာ ဧကရာဇ်မင်းကို ခေါ်ဆောင်ပြီး ကျယ်ယန်းတောင်သို့ ထွက်ခွာ လာခဲ့တော့သည်။
သူတို့ ကျယ်ယန်းတောင်သို့ ရောက်ရှိ လာချိန်တွင်တော့ နံနက်ခင်အချိန်သို့ ရောက်နေပြီ ဖြစ်လေသည်။
ကျယ်ယန်းတောင်သည် လူသူအရောက်အပေါက် သိပ်မရှိဘဲ အေးချမ်းလွန်းသည့် နေရာတစ်ခု ဖြစ်လေသည်။
နံနက်ခင်း နေရောင်ခြည်သည် သစ်ပင်များထက်ဆီမှ နှင်းစက်လေးများ ပေါ်သို့ ဖြာကျနေသည်မှာ အလွန်မှ လှပသည့် မြင်ကွင်းပင် ဖြစ်လေသည်။
တာ့ချီဧကရာဇ် ရောက်လာသည့် အချိန်တွင်တော့ ဆန်းလျန်က သူစိုက်ပျိုးထားသည့် သစ်ပင်များကို တန်ခိုးစွမ်းအား အသုံးပြုကာ နေရာ ချထားနေလေသည်။ ဆန်းလျန်၏ လှုပ်ရှားမှု ဟန်ပန်မှာ တိမ်များ ရွေ့လျားနေသကဲ့သို့၊ ရေများ စီးဆင်းနေသကဲ့သို့ပင် စွဲဆောင်မှု ရှိလှလေသည်။
ဧကရာဇ်မင်းမှာ ဆံပင်များပင် ဖြူဖွေးနေပြီဖြစ်ပြီး သဘာဝ ဘေးဒဏ်များကို ခံထားရသည့်အတွက် ပုံသဏ္ဍန် ကလည်း ကြောက်စရာကောင်းနေလေသည်။
ကလေးငယ်လေး တစ်ယောက်၏ ကြည်လင်သည့် အသံလေးတစ်သံ ထွက်ပေါ် လာလေသည်။
"ဟာ… ဒီလူကြီး ပြန်ရောက်လာပြန်ပြီ၊ ပြီးတော့ လူတစ်ယောက်ကိုလည်း ခေါ်လာသေးတယ်"
လျိုမုန့်တယ်သည် ဆန်းလျန်၏ ညီမလေး ရှောင်ခယ်ကို ပြုံးပြလိုက်ပြီး ဆန်းလျန်ကို လှမ်းကြည့် လိုက်သည်။
"သခင်လေး၊ တာ့ရှီဧကရာဇ်မင်းက ခင်ဗျားကို တွေ့ချင်တယ်ဆိုလို့ ခေါ်လာခဲ့တယ်၊ သူ့ကို စိတ်ပျက် မသွားစေချင်လို့ ခင်ဗျားဆီကို ခေါ်လာရတာပါ"
ဆန်းလျန်က သစ်ပင်များကို ရွှေ့ပြောင်းနေခြင်းကို လက်စသတ်လိုက်ပြီး သူတို့ဆီသို့ လှည့်ကြည့် လိုက်သည်။ သူ၏ မျက်ဝန်းများသည် ပန်းချီကားထဲမှ နတ်ဘုရား တစ်ပါးအလား နက်ရှိုင်း လွန်းလှလေသည်။
"ကျုပ်ကိုများ မင်းတွေ့ချင်တိုင်း တွေ့လို့ရတဲ့လူလို့ ထင်နေသလား၊ ဒီနေ့ကစပြီး ဒီတောင်ကို ဆယ်နှစ် စောင့်ရှောက်ဖို့ အပြစ်ပေးမှ ဖြစ်တော့မယ်"
ဆန်းလျန်၏ စကားသံက အေးအေးဆေးဆေးပင် ဖြစ်သည့်တိုင် လျိုမုန့်တယ်သည် မငြင်းဆန်နိုင်ခဲ့ပေ။ သူက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း ဆန်းလျန်၏စကားကို နာခံကြောင်း ပြလိုက်လေသည်။
ဆန်းလျန်မှာ သာမန် လူတစ်ယောက် မဟုတ်ပါ။ လျိုမုန့်တယ်က ဆန်းလျန်နှင့် တွေ့ခွင့် ရနေခြင်းမှာ ဆန်းလျန် ကိုယ်တိုင်ကလည်း တွေ့ချင်သောကြောင့် ဖြစ်လေသည်။ သို့သော်… တာ့ရှီဧကရာဇ်ကိုတော့ ဆန်းလျန်က တွေ့ဆုံ လိုခြင်းမရှိပေ။ လျိုမုန့်တယ်က တာ့ရှီဧကရာဇ်ကို သူ့ဆီသို့ မပြောမဆို ခေါ်ဆောင်လာခြင်းကို ဆန်းလျန်က သဘော မကျနိုင်ပါ။
လျိုမုန့်တယ်ကတော့ ဆန်းလျန် အပြစ်ပေးသည်ကိုပင် ဝမ်းသာ နေမိသေးသည်။ ဆန်းလျန်က သူ့ကို အရေးစိုက် သောကြောင့်သာ ထိုသို့ အပြစ်ပေးခြင်း မဟုတ်ပါလား။
"မင်းက ငါကိုယ်တော်တို့ကို အခွင့်အရေး တစ်ချက်တောင် မပေးဘဲနဲ့ ဘာလို့ တန်ခိုးစွမ်းအား သုံးပြီး ငါကိုယ်တော်ရဲ့ တိုင်းပြည်ကို ဖျက်ဆီးပစ်ရတာလဲ၊ အဲဒါ လူပေါင်းတစ်သောင်းရဲ့ အသက်တွေ ဆိုတာ မင်းမသိဘူး လား"
ဆန်းလျန်က တာ့ရှီဧကရာဇ်ကို တစ်ချက်ပင် မကြည့်ပါ။
"အဲဒီလူတွေကို ကျုပ်လက်နဲ့တောင် ထိစရာမလိုဘူး၊ အခုလို ဖြစ်ရတာ မိုးကောင်းကင်ရဲ့ ဆန္ဒအတိုင်းပဲ"
"မိုးကောင်းကင်ရဲ့ ဆန္ဒဟုတ်လား၊ မနေ့ညကမှ ဒီလောက်တောင် တိုက်တိုက်ဆိုင်ဆိုင် အဖြစ်ဆိုးကြီး ကြုံရတာ၊ မင်းအမေရဲ့ စစ်သည်တော်တွေ ကျတော့ရော၊ ဒီဘေးဆိုးကြီး မကြုံခင် အကုန် ဆုတ်ခွာ သွားကြတာမဟုတ်လား၊ သူတို့ ပစ္စည်းတွေကိုတောင် အကုန်ထားခဲ့ကြတာ"
တာ့ရှီဧကရာဇ်က ကျယ်လောင်သည့် အသံဖြင့် ဒေါသတကြီး မေးလိုက်လေသည်။
ဆန်းလျန်က လက်နှစ်ဖက်ကို နောက်ပစ်လိုက်ရင်း…
"ရှီးလျန်က စစ်သည်တော်တွေ ဘာလို့ ဆုတ်ခွာသွားရလဲဆိုတော့ ကျုပ်က မိုးကောင်းကင်ရဲ့ ဆန္ဒကို သိနိုင်တဲ့သူ ဖြစ်နေလို့ပဲ"
ဆန်းလျန်၏ စကားကြောင့် တာ့ရှီဧကရာဇ်က ဟားတိုက် ရယ်မောလိုက်လေသည်။
"ဒီလုပ်ရပ် အတွက် မင်းတစ်နေ့ ပြန်ပေးဆပ်ရလိမ့်မယ်"
"ကျုပ်ကို ပြန်ပေးဆပ်ရမယ်လို့ ဘယ်သူက ပြောရဲတာလဲ"
ဆန်းလျန်က ပြုံးရင်း ပြောလိုက်လေသည်။
တာ့ရှီဧကရာဇ်သည် သူ့တွင်ရှိသမျှ စွမ်းအား အကုန်လုံးကို အသုံးပြုကာ ဆန်းလျန်ကို ဓားဖြင့် ထိုးစိုက် လိုက်လေသည်။ တစ်ခဏ အတွင်းမှာပင် ဧကရာဇ်မင်း၏ ဓားက ဆန်းလျန်ကို ထိုးစိုက်နိုင်ခြင်း မရှိဘဲ သူ့မျက်စိရှေ့တွင် ချောက်ကမ်းပါးကြီး တစ်ခုကို တွေ့မြင်လိုက်ရကာ ချောက်ကမ်းပါးထိပ်မှ ပြုကျသွားတော့သည်။ သူ၏ အော်သံကိုပင် ကြားရခြင်း မရှိတော့ပေ။
"သူက ကျုပ်ကို မုန်းနေတာ မဟုတ်ဘူး၊ သူ့ကိုယ်သူမုန်းနေခဲ့တာ…
ဆန်းလျန်က ပြောလိုက်သည်။
"ကျုပ်သိပါတယ်…"
လျိုမုန့်တယ်က ပြန်ပြော လိုက်လေသည်။
"အင်းလေ….၊ ကျုပ်လည်း နည်းနည်းတော့ ရက်စက်မိသွားတယ် ထင်တယ်၊ ဒီထက်ကောင်းတဲ့ နည်းလမ်းနဲ့လည်း ဒီစစ်ပွဲပြဿနာကိုဖြေရှင်းလို့ရပါတယ်၊ ဒါပေမယ့် ပျင်းစရာကောင်းတယ်၊ မလုပ်ချင်တော့ဘူး၊ တကယ်တော့ မနေ့ညကဖြစ်ရတဲ့ သဘာဝ ဘေးဆိုးကြီးကို ကျုပ်ကြိုသိနေခဲ့တာ ကြာပါပြီ၊ ပြီးတော့ အဲဒီဘေးဆိုးကြီး ဖြစ်ရတဲ့ အဓိက အကြောင်းရင်းက မင်းကြောင့်ပဲ၊ မင်းက ဒီ ကျယ်ယန်း တောင်ထိပ်မှာ မက်မွန်ပင် လာစိုက်ခဲ့တယ် ။ အဲဒီ မက်မွန်ပင်က ထွက်နေတဲ့ မိစ္ဆာဝိညာဉ် စွမ်းအားတွေက သိပ်ပြီးမြင့်မားလို့ လော်ဟယ်မြစ်ကို ထိခိုက် သွားတယ်၊ ကိုးနှစ်ကြာပြီးတဲ့နောက် သဘာဝ ပတ်ဝန်းကျင်က တဖြည်းဖြည်း ပြောင်းလဲလာပြီး မနေ့ညကလို သဘာ၀ ဘေးအန္တရယ်ကြီး ဖြစ်ပေါ်လာရတာပဲ"
ဆန်းလျန်စကားကြောင့် လျိုမုန့်တယ်မှာ အံ့သြ တုန်လှုပ် သွားလေသည်။
သဘာဝ ဘေးဆိုးကြီး ဖြစ်ပေါ်ခြင်း၏ ဖြစ်နိုင်ချေများ အားလုံးကို သူစဉ်းစား ကြည့်မိသော်လည်း သူ၏အစ်ကိုဖြစ်သူမှ ဖြစ်တည်လာသည့် မက်မွန်ပင်ကြောင့် ဘေးဆိုးကြီး ကျရောက်ရသည်ဟု လုံး၀ မျှော်လင့်မထားခဲ့မိပေ။
"ကြိုပြီးသာ သိခွင့်ရခဲ့မယ်ဆိုရင် ကျုပ်ဒီမက်မွန်ပင်ကို မစိုက်ခဲ့ပါဘူးဗျာ"
လျိုမုန့်တယ်က စိတ်မကောင်းစွာဖြင့် ပြောလိုက်လေသည်။
ဆန်းလျန်က…
"စကားပုံတစ်ခု ရှိတယ်လေ၊ အကျိုးမျှော်ကိုးပြီး သီလစောင့်တဲ့သူက အချည်းအနှီးပဲ ဖြစ်သလို မရည်ရွယ်ဘဲ လုပ်မိတဲ့ အမှားကလည်း အပြစ်မရှိဘူးတဲ့၊ ဒီစကားပုံက သိပ်တော့ မမှန်ပေမယ့် မင်း စိတ်သက်သာရာ ရအောင် ပြောပြတာပါ"
"သခင်လေး၊ ကျုပ်ကို နှစ်သိမ့်ပေးတဲ့အတွက် ကျေးဇူးတင်ရမှာလား၊ ဒါမှမဟုတ် ကြိုပြီး သတိမပေးခဲ့တဲ့ အတွက် မုန်းတီး လိုက်ရမှာလား မဝေခွဲနိုင်တော့ဘူး"
လျိုမုန့်တယ်က နာကျည်းစွာ တစ်ချက် ရေရွတ်ရင်း ပြောလိုက်လေသည်။
"မင်းစိတ်ထဲ ဘယ်လိုပဲရှိရှိ ကျုပ်အတွက် အရေးမကြီးပါဘူး၊ ရွှမ်တု ကျောင်းတောင်ကို ဆယ်နှစ် စောင့်ရှောက် ပေးရမယ် ဆိုတာ မမေ့ပါနဲ့၊ ကျုပ်ပြန်လာတဲ့ အချိန်ထိ မင်းဒီနေရာမှာ ရှိနေမယ်လို့ မျှော်လင့်မိပါတယ်"
ထို့နောက် ဆန်းလျန်သည် ညီမငယ်လေးရှောင်ခယ်ကို ကောက်ချီလိုက်ပြီး ကျားနက်ကြီးကို စီးကာ ကျယ်ယန်း တောင်ပေါ်မှ ထွက်ခွာ သွားလေတော့သည်။
***