အငြိုးကြီးသရဲ ပြန်လာခြင်း
Vol. 8 Ch. 73
မီးလောင်နေသော အိမ်ဟောင်းတစ်လုံးသည် ကယ်တင်၍မရနိုင်တော့ပေ။
မစ္စစ်လီ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အလွန်အားကောင်းလှပေသည်။ ဤကမ္ဘာရှိလူများ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ ထူးခြားနေ၍လား သို့မဟုတ် မစ္စစ်လီကပင် ထူးခြားနေ၍လားမသိပါချေ။ အကယ်၍ တန်ဝမ်ကျဲသာ တန်မျိုးရိုးသွေးကို ဆက်ခံထားခြင်းမရှိပါက သူသည် သူမ၏လက်ထဲ၌ အမှန်တကယ် အရေးနိမ့်သွားနိုင်ပေသည်။
တန်ဝမ်ကျဲ အဆောက်အဦးထဲမှ အေးအေးလူလူ ထွက်လာချိန်၌ ရှောင်ရုံနှင့် အဘွားအိုတစ်ဦး အတူတူလမ်းလျှောက်လာသည်ကို တွေ့လိုက်ရလေသည်။
“ရှောင်ရုံလေး...”
တန်ဝမ်ကျဲက ဦးအောင် နှုတ်ဆက်လိုက်၏။ သူသည် တစ်ညလုံး ရှောင်ရုံကို လျိုဟိုင်ကျူးအတတ်ဖြင့် တိုက်ခိုက်ထားခဲ့သဖြင့် ကလေးငယ်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့ရခြင်းဖြစ်သည်။ ထို့ကြောင့် ယခုလို ရှောင်ရုံကို မြင်ရသည်မှာ သူ့အတွက် အနည်းငယ် အနေရခက်စေသည်။
“ဦးလေးတန်”
ရှောင်ရုံက ယဉ်ကျေးစွာ နှုတ်ဆက်ပြီး မိတ်ဆက်ပေးလိုက်သည်။
“ဒါက ကျွန်တော့်အဘွားပါ။”
“မင်္ဂလာပါ အဘွား။ ကျုပ်က ရှောင်ရုံရဲ့ အိမ်နီးချင်းပါ။”
အဘွားအိုက ပြုံးပြီး တန်ဝမ်ကျဲအား ခေါင်းငြိမ့်ပြလိုက်သည်။
“ရှောင်ရုံက သူ့မေမေကို လွမ်းနေလို့ အိမ်ပြန်ခေါ်လာခဲ့တာလေ။”
အပြန်အလှန် နှုတ်ဆက်ပြီးနောက် သူတို့ လမ်းခွဲခဲ့ကြ၏။
မြေးအဘွားနှစ်ယောက် အပေါ်ထပ်သို့ တက်သွားသောအခါ ကုတင်ပေါ်တွင် လှဲနေသော မစ္စစ်လီကို တွေ့လိုက်ရလေသည်။ သူမ၏ ခန္ဓာကိုယ်မှာ ပျော့ခွေနေပြီး မလှုပ်မယှက် ရှိနေသော်လည်း သူမ၏ စိတ်ဝိညာဉ်မှာမူ အတွင်းစိတ်ထဲမှ ကျေနပ်မှုကို ဖော်ပြနေသကဲ့သို့ ရှိနေခဲ့သည်။
ရှောင်ရုံသည် မစ္စစ်လီကို ကြောက်ရွံ့စွာ ကြည့်နေသော်လည်း မထင်မှတ်ဘဲ မစ္စစ်လီက ရေလိုအေးမြသော အသံဖြင့် “ရှောင်ရုံ” ဟု ခေါ်လိုက်၏။
သူမ၏ အသံမှာ အလွန်နူးညံ့နေသဖြင့် ရှောင်ရုံမှာ ခဏမျှ ကြောင်အသွားရခဲ့လေသည်။
“မေမေ ဘာဖြစ်တာလဲ။”
ရှောင်ရုံက စိုးရိမ်တကြီး မေးလိုက်သည်။
“ဘာမှမဖြစ်ပါဘူး၊ မေမေ မနေ့ညက မတော်တဆ ခြေထောက်ခေါက်သွားလို့ပါ။”
မစ္စစ်လီက သူမ၏ခြေထောက်နှစ်ဖက်ကို စုရန် ကြိုးစားလိုက်သော်လည်း နောက်ဆုံးတွင်မူ ကွင်းစကွင်းပိတ် ပုံစံအတိုင်းပင် ကားလျက်သား ကျန်နေခဲ့လေသည်။
တန်ဝမ်ကျဲသည်မူ အဆောက်အဦးထဲမှ ထွက်လာပြီးနောက် ချက်ချင်းပင် အစီအစဉ်များ စတင်ချမှတ်တော့လေသည်။
လီယွန်တွင် သူ၏ သရဲဖမ်းနည်း ရှိသကဲ့သို့ တန်ဝမ်ကျဲတွင်လည်း သူ၏ ပြင်ဆင်မှုများရှိ၏။ ဤတစ်ကြိမ်တွင်မူ သူ ပိုပြီး သေချာအောင် လုပ်ရပေမည်။ လီယွန်၏ သိဒ္ဓိတင်ထားသော ပါးစပ်ကြောင့် အဆင့်မြှင့်တင်ခံလိုက်ရသည့် အငြိုးကြီးသရဲမစ္စတာလီမှာ ပို၍ပင် ကြောက်စရာကောင်းနေပေလိမ့်မည်။ သူအရင်က ကြက်သွေးဖြင့် ပြင်ဆင်ထားသော “မင်ကြိုး” မှာလည်း ခြောက်သွေ့သွားပြီဖြစ်ရာ အသစ်ပြန်ပြင်ရဦးမည်ဖြစ်သည်။
သူ ပြင်ဆင်မှုများ ပြီးဆုံးသွားချိန်၌ ကပ္ပတိန်လုက ဖုန်းဆက်လာခဲ့သည်။ သူ၏ အသံမှာ ပထမဆုံး စာကြောင်းကတည်းက နာကျည်းမှုများဖြင့် ပြည့်နှက်နေခဲ့သည်။
“မစ္စတာတန်... ကျုပ်တို့ကို ကယ်ပါဦး။”
လီယွန်သည် ကပ္ပတိန်လုနှင့် အခြားသူများကို သူ၏ ပထမဆုံး သရဲဖမ်းသင်ခန်းစာဖြစ်သော “ကြောက်စိတ်ကို ကျော်လွှားခြင်း” ကို သင်ကြားပေးနေခြင်း ဖြစ်၏။
မစင်တုံးဖြင့် ဆော့ကစားရာမှသည် ယမ်းတုံးများဖြင့် ဆော့သည်အထိ ဖြစ်သွားခဲ့ပြီး နောက်ဆုံးတွင် အားလုံး ဆေးရုံအရေးပေါ်ခန်းသို့ ရောက်ရှိသွားခဲ့ကြရရှာသည်။
...
ညရောက်လာချေပြီ။
အဆောက်အဦး၏ လုံခြုံရေးရုံးခန်းတွင် လူအများအပြား ဝိုင်းဖွဲ့ကာ ထိုင်နေကြ၏။
လီယွန်သည် ညဘက်တွင် ချုံကွမ်းစိတ်ကျန်းမာရေးဆေးရုံသို့ လူစာရင်းစစ်ရန် ပြန်သွားရသဖြင့်လည်းကောင်း၊ အဆောက်အဦးကိုလည်း လှည့်ကင်းရန် လိုအပ်သောကြောင့်လည်းကောင်း သူတို့ အေးအေးဆေးဆေး ရှိနေခဲ့ကြသည်။
တန်ဝမ်ကျဲကို မြင်သောအခါ လူတိုင်းက တစ်ပြိုင်နက်တည်း တိုင်တန်းကြတော့၏။
“မစ္စတာတန်...အဲဒီအရူးက ဦးနှောက်မကောင်းဘူးဗျာ။”
“ဟုတ်တယ်။ ကျုပ်တို့ကို ယမ်းတုံးတွေနဲ့ ‘လက်ဆင့်ကမ်း’ ဆော့ခိုင်းတယ်။ မစင်တွေနဲ့ ဆော့ခိုင်းတယ်။ ပြီးတော့...”
“နွားမျက်ရည် မျက်စဉ်းဆေးက သရဲတွေကို မြင်စေနိုင်တယ်ဆိုလို့ လမ်းပေါ်က မိန်းမတွေကို မတော်တဆ သွားပြီး ကာယိန္ဒြေဖျက်မိသလို ဖြစ်သွားလို့ ရဲစခန်းမှာ အဖမ်းခံလိုက်ရသေးတယ်။ ပြန်လွတ်လာဖို့ ဒေါ်လာ တစ်ထောင်တောင် ပေးလိုက်ရတယ်။”
လီယွန်၏ သီအိုရီများမှာ လက်တွေ့တွင် အသုံးမဝင်ပေ။ သို့မဟုတ် လီယွန်အနေဖြင့် မည်သူ့ကိုမှ ယုံကြည်အောင် ပြောနေစရာမလိုဘဲ မိမိကိုယ်ကိုယ် ယုံကြည်နေရုံဖြင့် သူ၏ စိတ်ကူးစိတ်သန်းမှာ အစွမ်းထက်သွားခြင်းဖြစ်သည်။
လီယွန်ဆီမှာ သရဲဖမ်းနည်း သင်ယူခြင်းမှာ အနှိပ်စက်သာ ခံနေရခြင်းပင်။
သို့သော် တန်ဝမ်ကျဲကမူ ထိုသို့ ဝန်မခံနိုင်ပေ။ သူသည် ဤလူများကို ရက်လည်ညတွင် အကာအကွယ်အဖြစ် အသုံးပြုရန်အတွက် ငွေပေးထားခဲ့ခြင်း ဖြစ်သည်။
“လူတိုင်းပဲ စိတ်အေးအေးထားကြပါ။”
တန်ဝမ်ကျဲက လက်နှစ်ဖက်ကိုမြှောက်ကာ ပြောလိုက်၏။လူတိုင်း၏ အကြည့်မှာ သူ့ထံတွင် ရှိနေသဖြင့် သူ၏ နောက်ဆုံးလက်နက်ကို ထုတ်သုံးရတော့လေသည်။
“မစ္စတာလီ ပြန်လာမယ့်ည ပြီးသွားရင် ကျုပ် လူတိုင်းကို အောင်ဘာလေ အိတ်ကြီးကြီး တစ်လုံးစီ ပေးပါမယ်။”
“မစ္စတာတန်...ကျုပ်က ပွင့်ပွင့်လင်းလင်း ပြောတတ်တဲ့လူပဲ။ ခင်ဗျားကို လေးစားလို့သာ ကျုပ်တို့ ကူညီပေးနေတာ။ အဲဒီ ငွေအိတ်တွေနဲ့ ဘာမှမဆိုင်ဘူး။”
“ကောင်းပြီလေ...။ ကျုပ် ခင်ဗျားတို့ရဲ့ မျက်နှာကို ငါထောက်ထားပါ့မယ်။”
သို့သော် နောက်တစ်နေ့ ရောက်သောအခါ တန်ဝမ်ကျဲက ခွင့်ယူလိုက်ပြန်ပြီး ထပ်ပေါ်မလာတော့ပေ။
“ဘာလို့ သူထပ်မလာပြန်တာလဲ။”
လူတိုင်းက သံမဏိသတ္တိကို တစ်ပြိုင်နက်တည်း လှည့်ကြည့်ကြပြန်သည်။
သံမဏိသတ္တိသည် တန်ဝမ်ကျဲအတွက် အောက်ခြေသိမ်း အလုပ်များလုပ်ပေးပြီး ပစ္စည်းဝယ်ပေးနေသည်ကို အားလုံးသိထားကြ၏။ အထူးသဖြင့် တန်ဝမ်ကျဲက လက်ဖက်ရည်ဖိုးကို ရက်ရက်ရောရော ပေးတတ်သော်လည်း ထိုအလုပ်မှာ တခြားသူများထံသို့ ရောက်ခဲလှပေသည်။
အချို့က အတင်းပြောနေကြပြီး၊ အချို့က စပ်စုနေကြကာ၊ အချို့မှာမူ မကျေမနပ် ဖြစ်နေခဲ့ကြသည်။
ဤသည်မှာ သရဲဖမ်းသင်တန်းဖြစ်ပြီး တန်ဝမ်ကျဲက ပေါ်မလာလျှင် သူတို့ချည်းပဲ လီယွန်၏ အနှိပ်စက်ကို ခံနေရမည် မဟုတ်ပါလော။
သံမဏိသတ္တိက ခေါင်းခါပြလိုက်သည်။
“ကျွန်တော်လည်း မသိဘူး။ မနေ့ညကတော့ သူ့ကို ခြောက်ဘူးလောက် ဝယ်ပေးလိုက်ရတယ်...”
“ခြောက်ဘူးပဲလား။ နည်းလှချည်လားဟ။”
နို့သောက်နေသော လီယွန်ပင်လျှင် အတင်းထဲသို့ ဝင်ပါလာခဲ့သည်။
“သူက သက်သတ်လွတ် စားနေတာလား။”
...
ခုနစ်ရက်မြောက်နေ့သို့ အလျင်အမြန် ရောက်ရှိလာခဲ့သည်။ တန်ဝမ်ကျဲမှာ တစ်ခါတစ်ရံမှသာ ပေါ်လာခဲ့ပြီး လီယွန်နှင့် အင်းအတတ်များအကြောင်း ဆွေးနွေးပြီးနောက် ချက်ချင်းပြန်သွားတတ်၏။ သူသည် သရဲဖမ်းသင်တန်းကို တစ်ကြိမ်သာ တက်ရောက်ခဲ့ပြီး တစ်ဝက်မှာတင် ထွက်ပြေးသွားခဲ့လေသည်။
သရဲဖမ်းသင်တန်း၏ အချိန်တစ်ဝက်မှာ ဆေးရုံသွားနေရခြင်းဖြင့် ကုန်ဆုံးနေရ၏။ အကယ်၍ လူတိုင်းသာ ကျန်းမာရေးမကောင်းပါက လီယွန်၏ လက်ချက်ဖြင့် စောစောစီးစီး သေဆုံးသွားနိုင်ပေသည်။
လုံခြုံရေးဝန်ထမ်းများမှာလည်း မကျေမနပ် ဖြစ်နေကြပြီဖြစ်သည်။ အကယ်၍ တန်ဝမ်ကျဲသာ သူတို့၏ လစာကို တိုးမပေးထားပါက မစ္စတာလီ၏ ရက်ဘည်နေ့ မတိုင်ခင် သူတို့ကိုယ်တိုင် ရက်လည်နေ့သို့ ရောက်ရှိသွားကြပေလိမ့်မည်။
မစ္စတာလီ၏ ရက်လည်နေ့ညသို့ ရောက်ရှိလာခဲ့ချေပြီ။ နာရီလက်တံများက တစ်ချက်ချက် မြည်နေခဲ့၏။
“ဒီနေ့ည ၁၂ နာရီမှာ အငြိုးကြီးသရဲရဲ့ ဝိညာဉ် ပြန်လာလိမ့်မယ်။ အားလုံး သတိထားကြ။”
လီယွန်သည် သူ၏ ပန်းအိုးနှင့် လက်ဆွဲသေတ္တာကို ကိုင်ဆောင်ကာ လုံခြုံရေးရုံးခန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော် လုံခြုံရေးဝန်ထမ်းများမှာမူ ပေါ့ပေါ့ဆဆပင် ရှိနေကြ၏။ သူတို့သည် သူဌေးတန်ဆီကရမည့် အပိုငွေအတွက်သာ လီယွန်နောက်သို့ ခုနစ်ရက်လုံးလုံး အရူးတစ်ယောက်လို လိုက်ပြီး သရဲဖမ်းခဲ့ကြသော်လည်း နောက်ဆုံးတွင် သရဲ၏ ဆံပင်တစ်ပင်တောင် မတွေ့ခဲ့ရပေ။ ထို့ကြောင့် ဤရက်လည်နေ့တွင် အငြိုးကြီးဝိဉာည်ပြန်လာမည်ကို သူတို့ လုံးဝမယုံကြည်ကြတော့ပေ။
“အားကျဲ ဘာလို့မလာသေးတာလဲ။”
“သူက မစ္စစ်လီကို သွားပြီး ဖြေသိမ့်ပေးနေပုံပဲ။”
သံမဏိသတ္တိ၏ အမူအရာမှာ အနည်းငယ် မရိုးမသား ဖြစ်နေသည်။
“သံမဏိသတ္တိ မင်း မစ္စတာတန်ဆီက တခြား အထူးအလုပ်တွေ လက်ခံထားသေးတာလား။”
“ငလူး... မင်းကတော့ လက်ဖက်ရည်ဖိုးတွေ ထပ်ရနေပြန်ပြီပေါ့။ တွေ့ရင် ငါတို့ကိုလည်း တစ်ဝက်ခွဲပေးဦးဟ။”
ထိုအချိန်တွင်ပင် အချိန်မှာ ၁၂ နာရီ တိတိ ရောက်ရှိသွားခဲ့သည်။ လူတိုင်း ချက်ချင်း ငြိမ်သက်သွားကြ၏။
စိတ်ထဲတွင် မည်မျှပင် မယုံမကြည်ဖြစ်နေစေကာမူ ရက်လည်နေ့၌ ဝိညာဉ်ပြန်လာမည့်အကြောင်းကို ခဏခဏ ကြားနေရသဖြင့် လူတိုင်း၏ ကြက်သီးမွေးညင်းများမှာ ထလာကြလေသည်။
“မှတ်ထားကြ။ ငါတို့မြင်ရသမျှ အရာအားလုံးက ထင်ယောင်ထင်မှားတွေပဲ။ မင်းတို့ မကြောက်သရွေ့ ဘာမှမဖြစ်ဘူး။”
လီယွန်က လူတိုင်းကို အားပေးလိုက်၏။
သူ၏ သရဲဖမ်းအတွေ့အကြုံအရ အငြိုးကြီးသရဲ မစ္စတာလီ ပြန်လာသည့်အခါ သူတို့ဘက်တွင် လူအများကြီး ရှိနေသည်ကို မြင်လျှင် သတိထားလာပေလိမ့်မည်။ အကောင်းဆုံးနည်းလမ်းမှာ လှည့်ကွက်သုံးပြီး အားလုံးကို လူစုခွဲကာ တစ်ယောက်ချင်းစီကို သတ်ဖြတ်ခြင်းပင် ဖြစ်သည်။
မထင်မှတ်ဘဲ တံခါးဆီမှ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဒေါက်... ဒေါက်
ရုဟွာက တံခါးကို ပေါ့ပေါ့ပါးပါးပင် ဖွင့်လိုက်ရာ သရဲမျက်နှာကြီးတစ်ခု ရုတ်တရက် ဝင်လာတော့လေသည်။ ၎င်းမှာ အမှန်ပင် အငြိုးကြီးသရဲ မစ္စတာလီ၏ ဝိညာဉ်ပင်ဖြစ်သည်။
သူသည် လက်ထဲတွင် အမျိုးသား အတွင်းခံတစ်ထည်ကို ကိုင်ထားပြီး အော်ဟစ်လိုက်၏။
“ဒါ ဘယ်သူ့ အတွင်းခံလဲ။”
“သရဲတကယ် ရှိတယ်ဟ။”
“မစ္စတာလီရဲ့ ဝိညာဉ် ပြန်လာပြီ။”