အငြိုးကြီးသရဲ ဝိညာဉ်ပြန်လာခြင်း (၂)
Vol. 8 Ch. 74
“ဆရာကြီး... သွားဖမ်းလိုက်တော့လေ။”
လုံခြုံရေးရုံးခန်းမှာ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့လေသည်။ လူတိုင်း ဟိုပြေးဒီပြေး လုပ်နေကြသော်လည်း မည်သူမျှ တံခါးနားသို့ မချဉ်းကပ်ရဲကြပေ။
“မင်း ငါ့ဆီကို ကိုယ်တိုင်လာပို့လိမ့်မယ်လို့ ငါမထင်ထားဘူး။ ဒီလိုဆိုရင် ပိုလွယ်သွားတာပေါ့။”
လီယွန်က အသက်ပြင်းပြင်းရှူလိုက်ရာ သူ၏ရင်ဘတ်မှာ သိသိသာသာ ဖောင်းတက်လာခဲ့သည်။
“ကဲ... ငါ့ရဲ့ လျှပ်စီးမိုးကြိုးလက်သီးကို မြင်အောင်ကြည့်ထားလိုက်စမ်း။”
ဇိ... ဇိ...ဇိ
လျှပ်စစ်အလင်းတန်းများ လေထဲတွင် ပျံ့နှံ့သွား၏။
မိုးကြိုးအလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။
မစ္စတာလီ၏ ဖြူဖျော့နေသော သရဲမျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားခဲ့သည်။ သူသည် ထိုအစွမ်းထက်သော ခြိမ်းခြောက်မှုကြောင့် ဝိညာဉ်လွင့်လုမတတ် ကြောက်ရွံ့သွားခဲ့ရ၏။ သူသည် လေပွေတစ်ခုအသွင် ပြောင်းလဲကာ လုံခြုံရေးရုံးခန်းထဲမှ ထွက်ပြေးသွားတော့သည်။
သို့သော် မထင်မှတ်ဘဲ နောက်အခိုက်တွင် မိုးကြိုးအလင်းတန်းများမှာ ရုတ်တရက် ရပ်တန့်သွားခဲ့၏။ လီယွန်သည် သူ၏ဗိုက်ကို ဖိကာ မြေပြင်ပေါ်သို့ လဲကျသွားခဲ့သည်။
“မကောင်းတော့ဘူး၊ ငါ အူအတက်ပေါက်ပြီ ထင်တယ်။ တစ်ယောက်ယောက် လူနာတင်ကား ခေါ်ပေးကြပါဦး။”
လုံခြုံရေးဝန်ထမ်းများမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်ကြ၏။
လူနာတင်ကား ခေါ်ရမှာလား။ လီယွန်က သူတို့ရှိသမျှထဲမှာ တစ်ဦးတည်းသော ဆရာကြီးလေ။ အကယ်၍ သူ့ကို လွှတ်လိုက်ရင် သူတို့အားလုံး သေကုန်ကြမှာပေါ့။
သူတို့ လီယွန်ကို လုံခြုံရေးရုံးခန်းထဲမှ သယ်ထုတ်လာစဉ်တွင် စင်္ကြံလမ်းအဆုံး၌ မစ္စတာလီက လှောင်ပြောင်ရယ်မောနေသည်ကို တွေ့လိုက်ရလေသည်။
“အူအတက်ပေါက်တာလား။ ဒါဆိုရင်တော့ မင်းတို့အားလုံး သေပြီသာမှတ်လိုက်တော့။”
“ခဏလေး...။ အဲဒီအတွင်းခံက ဘယ်သူ့ဟာလဲဆိုတာ ကျွန်တော်တို့ သိတယ်။”
လူတိုင်း သံမဏိသတ္တိကို တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ကြ၏။ သံမဏိသတ္တိက ပြတ်ပြတ်သားသား ခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ်တယ်၊ သူဘယ်မှာလဲဆိုတာ ကျွန်တော်သိတယ်။”
ယနေ့မနက်က တန်ဝမ်ကျဲ ပြောပြထားသည့် စီမံကိန်းကို ပြန်တွေးရင်း သံမဏိသတ္တိက အသက်ပြင်းပြင်းရှူလိုက်သည်။ ဒေါ်လာ နှစ်သောင်းဆိုသည်မှာ ရှာရလွယ်သည့်အရာ မဟုတ်ပေ။
“လမ်းပြစမ်း။”
မစ္စတာလီက ပြောလိုက်သည်။
နောက်အခိုက်တွင် သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားခဲ့သည်။
“အဲဒီကောင် ငါတို့ထဲက တစ်ယောက်ယောက်ရဲ့ ကိုယ်ထဲကို ဝင်ပူးသွားပြီ။”
လီယွန်သည် ဤအချိန်တွင် ချွေးများရွှဲနေပြီး အားအင်ကုန်ခမ်းနေပြီဖြစ်သည်။
“အားလုံး သတိထားကြ။”
သရဲက သူတို့ထဲမှာ ရှိနေသည်ဟု ကြားလိုက်ရသဖြင့် အားလုံးမှာ ထိတ်လန့်သွားပြီး တစ်ယောက်နှင့်တစ်ယောက် ခပ်ခွာခွာနေကာ သံသယမျက်လုံးများဖြင့် ကြည့်နေကြတော့သည်။
“မင်း ဘယ်သူ့ကိုယ်ထဲမှာပဲ ရှိနေရှိနေ ငါ မင်းကို သူ့ဆီ ခေါ်သွားပေးမယ်။”
သံမဏိသတ္တိက သူ၏ သတ္တိကို မွေးပြီး အော်ပြောလိုက်၏။
တင်း...
ဓာတ်လှေကား ပွင့်သွားခဲ့သည်။
လူအများအပြား ဓာတ်လှေကားထဲသို့ တစ်ယောက်ပြီးတစ်ယောက် ဝင်လိုက်ကြလေသည်။ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်မှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့တော့သည်။
ကံကောင်းသည်မှာ မစ္စတာလီသည် သူ့ကို ဖောက်ပြန်ခဲ့သည့်ကိစ္စကြောင့် သာမညလူများကို သတ်ဖြတ်ခြင်းထက် သူ့မိန်းမနှင့် ဖောက်ပြန်သူကိုသာ ရှာဖွေချင်နေခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် လူအုပ်ကြားထဲတွင် လူသတ်ပွဲမကျင်းပဘဲ ထိန်းချုပ်ထားနိုင်ခဲ့သည်။
ဓာတ်လှေကားမှာ ၁ ထပ်သို့ ရောက်ရှိသွားခဲ့၏။ သူတို့အားလုံး အဆောက်အဦးပြင်ပရှိ အရှေ့ဘက် ကွက်လပ်သို့ ထွက်လာခဲ့ကြသည်။
လမ်းမီးတိုင်များမှာ ဝေဝါးသော ပုံရိပ်အချို့ကိုသာ မြင်နိုင်ရုံမျှ လင်းလက်နေခဲ့လေသည်။။
“မစ္စတာတန်... မစ္စတာတန်။”
သံမဏိသတ္တိ အော်ခေါ်လိုက်၏။
“အဲဒီသရဲက ကျွန်တော်တို့ထဲမှာ ရှိနေတယ်။ သူက ခင်ဗျားကို တွေ့ချင်နေတယ်။”
ထိုစဉ် သံမဏိသတ္တိက ရုတ်တရက် ရပ်တန့်လိုက်သည်။
“ဘရိုက် မင်းက ဘာလို့ ဒီရောက်နေတာလဲ။”
ဘရိုက်က ပြုံးရယ်ကာ နှုတ်ဆက်လာခဲ့သည်။
“ငါက ယာယီဝန်ထမ်းအဖြစ် အလုပ်လာလုပ်တာပါ။ မစ္စတာတန်က သရဲဖမ်းဖို့ ငါ့ကို ဒေါ်လာ နှစ်ထောင် ပေးထားတယ်လေ။”
“မစ္စတာတန် ဘယ်မှာလဲ။”
“ငါ ဒီမှာရှိတယ်။”
အမှောင်ထဲမှ အသံတစ်သံ ထွက်လာခဲ့၏။ လူတိုင်း လှည့်ကြည့်လိုက်သောအခါ တန်ဝမ်ကျဲသည် စားပွဲတစ်ခု၏ နောက်ကွယ်တွင် ရပ်နေသည်ကို တွေ့လိုက်ရလေသည်။ စားပွဲပေါ်တွင် ဖယောင်းတိုင်အနီများ၊ အမွှေးတိုင်အိုး၊ အမိန့်ပေးအလံများ၊ ဓားမကြီးတစ်ချောင်း၊ ဇောက်ထိုးဆွဲထားသော ကြက်နှစ်ကောင်၊ မင်ကြိုးနှင့် သံတောင်ဝှေးတစ်ခု ရှိနေသည်။
အမွှေးတိုင်မီးခိုးများမှာ အပေါ်သို့ တလူခူလွင့်တက်နေခဲ့သည်။
သူသည် မျက်နှာတွင် ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော ကြေးပြားမျက်နှာဖုံးတစ်ခုကိုလည်း စွပ်ဝတ်ထာထားလေသည်။
“သရဲပူးနေတာလား။”
တန်ဝမ်ကျဲ၏ အကြည့်မှာ လုံခြုံရေးဝန်ထမ်းများဆီသို့ ကျရောက်သွားခဲ့ပြီး လီယွန်၏ သေတ္တာကို သယ်ဆောင်လာသည့် ဗီယက်နမ်ကောင်လေးမှာ မစ္စတာလီ ပူးကပ်ခြင်းခံထားရသူဖြစ်ကြောင်း အလွယ်တကူပင် သိလိုက်လေသည်။
ထို့နောက် သူသည် ချွေးများရွှဲနေပြီး လဲကျတော့မတတ် ဖြစ်နေသော လီယွန်ကို ကြည့်လိုက်၏။ မူလက လီယွန် သရဲဖမ်းပြီးလျှင် သူက ဒေါ်လာ ၁,၀၀၀ ပေးပြီး ထိုသရဲကို ဝယ်ကာ လျှပ်စီးမိုးကြိုးလက်သီးကို သင်ယူရန်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ယခုလို အစီအစဉ်များ ပြင်ဆင်ထားခြင်းမှာ ဘေးကင်းအောင် ကြိုတင်ပြင်ဆင်ထားရုံသာ ဖြစ်သည်။
လီယွန် တကယ်ပင် အမှားအယွင်း ဖြစ်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
အားချွမ် ပေါ်မလာသလို ဒီလူရဲ့ အူအတက်ကလည်း အချိန်မရွေးကို လာပေါက်နေတော့တာပဲ။
အငြိုးကြီးသရဲသည်လည်း ပုန်းကွယ်မနေတော့ပေ။ သူသည် သေတ္တာထဲမှ စက်လွှတစ်ခုကို ဆွဲထုတ်လိုက်တော့သည်။
“ကောင်လေး ငါ့အိမ်မှာ ငါ့ဟာမဟုတ်တဲ့ အတွင်းခံတစ်ထည်ကို ငါ တွေ့ခဲ့တယ်။”
“ဒါဆို ခင်ဗျားမှာ ဝတ်ဖို့ အတွင်းခံအပိုတစ်ထည် ရသွားတာပေါ့။ ဂုဏ်ယူပါတယ်။”
တန်ဝမ်ကျဲက ပြန်ပြောလိုက်၏။
“မင်း ဘာပြောတယ်ကွ။”
အငြိုးကြီးသရဲ မစ္စတာလီက ခလုတ်ကို နှိပ်လိုက်ရာ လွှစက်မှာ အသံအကျယ်ကြီးဖြင့် စတင်လည်ပတ်လာတော့သည်။
လုံခြုံရေးဝန်ထမ်းများမှာမူ ချက်ချင်းပင် လူစုခွဲကာ ထွက်ပြေးကြတော့သည်။
“အဲဒီအတွင်းခံက ကျုပ်ဟာဆိုတာ ငါဝန်ခံပါတယ်။ ဒါပေမဲ့ ခင်ဗျားကို တစ်ခုမေးပါရစေ။ ဆွဲဆောင်မှုရှိသေးတဲ့ အမျိုးသမီးတစ်ယောက်က သူ့ယောက်ျားနောက်ကို လိုက်ပြီး သေချာပေါက် သတ်သေတော့မယ်ဆိုရင် ကျုပ်က အသက်တစ်ချောင်းကို ကယ်ဖို့အတွက် ကျုပ်ရဲ့ ရုပ်ရည်ကို အနစ်နာခံပြီး ပေးဆပ်ခဲ့ရမှာပဲလေ။ ခင်ဗျားလည်း ကျုပ်နေရာမှာဆိုရင် ဒီလိုပဲ လုပ်မှာ မဟုတ်ဘူးလား။”
တန်ဝမ်ကျဲက ပြောလိုက်သည်။ သူက ပြောရင်းနှင့် သံမဏိသတ္တိကို ကြည့်လိုက်၏။
“မင်းရော မလုပ်ချင်ဘူးလား။”
သံမဏိသတ္တိက အကြိမ်ကြိမ် ခေါင်းငြိမ့်ပြလိုက်သည်။
“ဟုတ်တယ်။ သေချာပေါက် လုပ်မှာပဲ။”
မစ္စတာလီသည် ရုတ်တရက် သံမဏိသတ္တိဘက်သို့ လှည့်ကာ စက်လွှကို ဝှေ့ယမ်းလိုက်၏။ သံမဏိသတ္တိ၏ မျက်နှာမှာ ဖြူလျော့သွားတော့သည်။
“မဟုတ်ဘူး မစ္စတာလီ သူ ကျွန်တော့်ကို ထောင်ချောက်ဆင်နေတာ။”
“ငါ မင်းကို သတ်မယ်ကွ။”
မစ္စတာလီသည် လွှစက်ကို ကိုင်မြှောက်ပြီး တန်ဝမ်ကျဲဆီသို့ ပြေးဝင်သွားတော့သည်။
ဒုန်း ဒုန်း ဒုန်း
တန်ဝမ်ကျဲသည် သူ၏ ညာခြေဖြင့် မြေပြင်ကို ဆောင့်နင်းလိုက်ပြီး ခေါင်းကို ခါယမ်းလိုက်ရာ သူ၏ ကြေးပြားမျက်နှာဖုံးမှာ ကျယ်လောင်စွာ မြည်ဟည်းသွားတော့သည်။ သူသည် လွှစက်ဖြင့် ပြေးလာသော မစ္စတာလီကို လုံးဝ ဂရုမစိုက်ပေ။
“သတိထား”
ကပ္ပတိန်လုနှင့် အခြားသူများမှာ ဘေးမှကြည့်ရင်း ကူညီချင်သော်လည်း မကူညီနိုင်ဖြစ်နေကြလေသည်။ ထိုစဉ်...
ဘုန်း
လေးလံသော ပုံရိပ်တစ်ခုသည် တမ်ဝန်ကျဲ၏ နောက်ကွယ်မှ ရုတ်တရက် ထွက်ပေါ်လာပြီး သံတုံးကြီးတစ်တုံးကဲ့သို့ မြေပြင်ပေါ်သို့ ပြုတ်ကျရောက်သွားတော့သည်။
၎င်းမှာ နဂါးသားတော် မျက်နှာရှိသော အဘိုးအိုတစ်ဦး ဖြစ်သည်။ သူသည် သူ၏လက်ကို မြှောက်လိုက်ပြီး မစ္စတာလီကို ရိုက်ချလိုက်ရာ မစ္စတာလီမှာ နောက်သို့ ယိုင်ထွက်သွားတော့လေသည်။
“ဖုတ်ကောင်လား။”
အမွှာမိန်းကလေးနှစ်ဦးသည်လည်း လက်ချင်းချိတ်ကာ ဦးလေးတုန်း၏ အနောက်မှ အေးအေးဆေးဆေး ထွက်လာခဲ့ကြသည်။
“ဟာ... ဒါက ဘာကြီးလဲ။”
ကြွက်သားစိုင်ကြီးများနှင့် သရဲပုလည်း ပြေးထွက်လာခဲ့သည်။ သူသည် အင်အားသာသည့်ဘက်မှ နေပြီး အနိုင်ကျင့်ရသည်ကို အနှစ်သက်ဆုံးပင်။ သူသည် မစ္စတာလီကို ဝိုင်းကန်ရန် ခြေထောက်ကို မြှောက်လိုက်သော်လည်း မထင်မှတ်ဘဲ ပြိုင်ဘက်က လွှစက်ဖြင့် ဝှေ့ယမ်းလိုက်ရာ သရဲပု၏ ခြေထောက်တစ်ဖက်မှာ ပြတ်ထွက်သွားတော့သည်။ သရဲပုသည် ချက်ချင်းပင် အော်ဟစ်ကာ ခြေတစ်ဖက်တည်းဖြင့် ခုန်ဆွခုန်ဆွလုပ်ကာ ထွက်ပြေးသွားတော့သည်။
မစ္စတာလီသည် သတိလက်လွတ်ဖြစ်သွားသော်လည်း သူ၏လွှစက်ကို ကိုင်မြှောက်ကာ တန်ဝမ်ကျဲဆီသို့ တစ်ဖန် ပြေးဝင်လာခဲ့ပြန်၏။ သူသည် ထိုကြာကူလီကောင်ကို အရင်ဆုံး သတ်ပစ်ချင်နေခဲ့လေသည်။
သို့သော် သရဲပုသည် ဖုတ်ကောင်ဦးလေးတုန်း၏ အနောက်းတွင် ပုန်းနေပြီး ခေါင်းပြူထွက်ကာ လှောင်ပြောင်တော့၏။
“ဟေ့... နှာခေါင်းသွေးထွက်တဲ့ကောင်...မင်း ငှက်ပျောသီးတွေ ဘယ်လောက်ပဲစားစား၊ မင်းမိန်းမကတော့ ထွက်ပြေးနေမှာပဲကွ။ ပုံစံတူတာချင်း အစားထိုးရတယ်ဆိုတာ မင်းမသိဘူးလား။”
မစ္စတာလီ၏ ခြေလှမ်းများမှာ တန်ဝမါကျဲဆီသို့ မရောက်ဘဲ သရဲပုဆီသို့ လှည့်သွားပြန်သည်။
သို့သော် အမွှာမိန်းကလေးနှစ်ဦးသည် လက်ချင်းချိတ်ကာ ဖုတ်ကောင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လိုက်၏။ နောက်အခိုက်တွင် တောင့်တင်းပြီး ထုံထိုင်းနေသော ဖုတ်ကောင်ကြီးမှာ ရုတ်တရက် လျင်မြန်ဖြတ်လတ်လာတော့လေသည်။
လွှစက်မှာ ဖုတ်ကောင်၏ ခန္ဓာကိုယ်ကို ထိမှန်သွားခဲ့သည်။ ချိန်းကြိုးမှာ လည်ပတ်နေပြီး အသားထဲသို့ နစ်ဝင်သွားကာ ပြင်းထန်သော အလောင်းချီများနှင့် မီးပွားများ ထွက်ပေါ်လာခဲ့သည်။
အမွှာမိန်းကလေးနှစ်ဦး၏ ဝိညာဉ်များမှာ ဖုတ်ကောင်ခန္ဓာကိုယ်ထဲမှ ထွက်လာလုနီးပါး ဖြစ်သွားခဲ့လေသည်။
မစ္စတာလီသည် ခြေထောက်ဖြင့် ဖုတ်ကောင်ကို ကန်ထုတ်လိုက်ပြီး ပူဇော်ပွဲနောက်ကွယ်ရှိ တန်ဝမ်ကျဲဆီသို့ ပြေးဝင်လာခဲ့ပြန်သည်။
ထိုအချိန်တွင်ပင် မြေပြင်ကို နင်းထားသော တန်ဝမ်ကျဲက ရုတ်တရက် ရပ်လိုက်ပြီး ဘေးနားရှိ ဘရိုက်ကို ညွှန်ပြလိုက်လေသည်။
“မြန်မြန်... အမိန့်အတိုင်း လုပ်စမ်း။”
ဘရိုက်သည် ချက်ချင်းပင် အလေးအနက် အနေအထားဖြင့် ရပ်လိုက်လေသည်။
လေထဲတွင် တစ်ပတ်ဂျွမ်းထိုးလိုက်ပြီးနောက် ဖုတ်ကောင်မှာ သာသာယာယာ ဆင်းသက်လာခဲ့၏။ သူ၏ ပုခုံးပေါ်မှ ဒဏ်ရာကြီးကို ဂရုမစိုက်ဘဲ ဘရိုက်ဆီသို့ ပြေးဝင်ကာ သူ့ကို မပြီး မစ္စတာလီ၏ လွှစက်ရှေ့တွင် အကာအကွယ်အဖြစ် ထားလိုက်တော့လေသည်။
လွှစက်နှင့် ဘရိုက်တို့ တိုက်မိသွားခဲ့သည်။
လွှစက်၏ အော်ဟစ်သံနှင့်အတူ မီးပွားများ ထွက်လာသော်လည်း ဘရိုက်မှာမူ လုံးဝ ဒဏ်ရာရသွားခြင်းရှိပေ။
ဖုတ်ကောင်နှင့် ဝိညာဉ်ပေါင်းစပ်ထားသော သတ္တဝါသည် ဘရိုက်ကို သုံးပြီး မစ္စတာလီကို ရိုက်နှက်လိုက်ရာ မစ္စတာလီ၏ ဘယ်ဘက်ပုခုံးမှနေ၍ ညာဘက်ခါးအထိ ဒဏ်ရာကြီးတစ်ခု ဖြစ်သွားတော့လေသည်။
မစ္စတာလီသည် ဗီယက်နမ်ကောင်လေး၏ ခန္ဓာကိုယ်ထဲမှ အော်ဟစ်ကာ လွင့်ထွက်သွားတော့၏။ မထင်မှတ်ထားချန်၌ ဖုတ်ကောင်သည် သူ့ကို ထပ်မံ ဖမ်းချုပ်လိုက်ပြီး ဖုတ်ကောင်၏ ခန္ဓာကိုယ်မှ သရဲလက်မောင်း လေးဖက် ထွက်ပေါ်လာကာ သူ့ကို ဆွဲကုတ်ထားလိုက်တော့လေသည်။
ထိုစဉ် တန်ဝမ်ကျဲ၏ အရှန်အဝါမှာ ပြောင်းလဲသွားပြီး လက်ဟန်တစ်ခုကို ပြုလုပ်လိုက်လေသည်။
“ကောင်းကင်က ကြည်လင်တယ်။ မြေကြီးက လင်းလက်တယ်။ ယင် က ညစ်ထေးပြီး ယန်က သန့်စင်တယ်။ အမှောင်ထဲက ထွက်ပြီး ငရဲပြည်ကို ဝင်စမ်း။ ဗဟိုချက်ကို ထာဝရ စောင့်ရှောက်စမ်း။ မသေမျိုး မဖြစ်မချင်း ကာကွယ်စမ်း။ ကြယ်ခုနစ်ပွင့်ကို နင်းပြီး.....စစ်သူကြီး ကျိုးချန် ထလိုက်စမ်း။”
ထိုသို့ ရေရွတ်ပြီးနောက် သူက အမိန့်ပေးအလံဖြင့် ညွှန်ပြလိုက်၏။ ထိုစဉ် တြိဂံပုံစံ အမိန့်ပေးအလံမှာ လေမတိုက်ဘဲ အလိုလို လှုပ်ရှားလာတော့လေသည်။
ပွဲတော်အောက်တွင်လည်း ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာပြီး ၁၀ မီတာပတ်လည်တွင် ပါးကွာ တံဆိပ်တော်တစ်ခုမှာ လင်းလက်သွားခဲ့၏။ လေထဲ၌ ဓားသွားများ၏ အရိပ်အယောင်များ ပေါ်ထွက်လာတော့သည်။
တန်ဝမ်ကျဲသည် လက်နှစ်ဖက်ကို မြှောက်လိုက်ပြီး သူ၏ ဓားလက်ချောင်းဖြင့် အငြိုးကြီးသရဲမစ္စတာလီကို လှံတစ်စင်းကဲ့သို့ ချိန်ရွယ်လိုက်လေသည်။
ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း
အဆက်မပြတ် ပစ်ခတ်လိုက်ပြီးနောက် သူပစ်လိုက်သော အင်းအတတ်များမှာ မထင်မှတ်ဘဲ ဓားသွားများကဲ့သို့ ဖြစ်သွားပြီး မစ္စတာလီ၏ ခန္ဓာကိုယ်ကို မွှန်းနှိပ်လိုက်တော့၏။
မစ္စတာလီ၏ ခန္ဓာကိုယ်မှာ သိသိသာသာ တုန်ခါသွားခဲ့သည်။ သူသည် အရေးနိမ့်နေပြီ ဖြစ်သလို အနှောင့်အယှက်များ ခံရပြီးနောက် ဖုတ်ကောင်က သူ့ကို ထပ်မံ ဖမ်းချုပ်လိုက်ပြီး ဘရိုက်ဖြင့် ရိုက်နှက်လိုက်ပြန်ရာ သူ၏ ဝိညာဉ်မှာ လွင့်စင်ပျောက်ကွယ်သွားလုနီးပါး ဖြစ်သွားတော့လေသည်။
“ပလတ်စတစ်စက္ကူ သုံးပြီး သရဲကို ဖမ်း။”
လီယွန်က အော်ပြောလိုက်၏။
လုံခြုံရေးဝန်ထမ်းများမှာလည်း ယခုမှ သတိဝင်လာခဲ့ကြ၏။ သူတို့သည် ချက်ချင်းပင် လက်ဆွဲသေတ္တာကို ဖွင့်ကာ ပလတ်စတစ်စက္ကူများကို ထုတ်ပြီး မစ္စတာလီဆီသို့ ပြေးဝင်သွားကြတော့လေသည်။
သူတို့သည် သူ့ကို ပလတ်စတစ်စက္ကူဖြင့် အထပ်ထပ်အခါခါ ရစ်ပတ်လိုက်ကြ၏။
နောက်ဆုံးတွင်မူ ဘောလုံးတစ်လုံး အရွယ်အစားရှိသော ပလတ်စတစ်စက္ကူ အထုပ်ကြီးတစ်ခုသာ ကျန်ရစ်တော့လေသည်။
“ဟူး... နောက်ဆုံးတော့ အားလုံး ပြီးသွားပြီ။”
လူတိုင်း ပြန်လှည့်ကြည့်လိုက်သောအခါ ဖုတ်ကောင်နှင့် သရဲမှာ ဘယ်ရောက်သွားမှန်း မသိတော့ပေ။ ဘာမှမဖြစ်ခဲ့သလိုပင်။ ဘရိုက်တစ်ယောက်သာ မြေပြင်ပေါ်တွင် အနည်းငယ် တုန်ယင်လျက် လဲကျနေရှာသည်။
တန်ဝမ်ကျဲ၏ မျက်နှာပေါ်မှ ကြေးပြားမျက်နှာဖုံးမှာလည်း ပျောက်ကွယ်သွားပြီ ဖြစ်သည်။
သူသည် ပွဲတော်တွင် ချိတ်ဆွဲထားသော ကြက်ဖကို ယူကာ ဓားမကြီးဖြင့် လည်လှီးလိုက်ပြီး သွေးများကို မင်ကြိုးထဲသို့ စီးဝင်စေလိုက်၏။
ထို့နောက် မင်ကြိုးကို ယူကာ ပလတ်စတစ်အထုပ်ဆီသို့ လမ်းလျှောက်သွားပြီး ကြက်သွေးမင်ကြိုးဖြင့် ထပ်မံ ပတ်နှောင်လိုက်တော့သည်။
“အခုမှ တကယ်ပြီးသွားတာ။”