ကြက်ဖ၊ လျှပ်စီးမိုးကြိုးလက်သီး အဆင့် ၁ (၂)
Vol. 8 Ch. 76
လီယွန် နေထိုင်ရာ စိတ်ကျန်းမာရေးဆေးရုံတွင် ပါရမီရှင်များစွာ ရှိသဖြင့် ဗုဒ္ဓဘာသာနှင့် တာအိုဘာသာ ဗဟုသုတ ကြွယ်ဝသူများ ရှိနေခြင်းမှာ မဆန်းထူးပေ။
၎င်းမှာ ယုတ္တိရှိသလိုလိုနှင့် ယုတ္တိမရှိသလိုပင်။
“မင်း အရင် လေ့ကျင့်တုန်းက ကြက်ဖ ပွေ့မထားပါဘူး။”
တန်ဝမ်ကျဲက ပြောလိုက်သည်။
“အဲဒီနေ့က ငါ ဆေးရုံမှာ ကြက်စွပ်ပြုတ် သောက်ထားလို့လေ။”
လီယွန်၏ အဖြေမှာ အမြဲတမ်း ထင်မှတ်မထားစရာပင်။
တန်ဝန်ကျဲ: “ကြက်စွပ်ပြုတ်ကလည်း ရတာပဲလား။”
လီယွန်: “ရတာပေါ့၊ ဒါပေမဲ့ မင်းဗိုက်ထဲမှာ မိုးကြိုးချီ ရှိနေရမယ်။ ပြီးရင် အဲဒီ ကြက်စွပ်ပြုတ်နဲ့ မိုးကြိုးချီကို ဒီလိုမျိုး လည်ခိုင်းပြီး ဟိုလိုမျိုး လှုပ်ရှားခိုင်းရမယ်။ နောက်ဆုံးကျရင်...”
တန်ဝမ်ကျဲက မြန်မြန်ပင် တားလိုက်၏။
“တော်ပြီ။ ကြက်ဖကြီး ပွေ့ပြီး လက်သီးလေ့ကျင့်တာက ပိုကောင်းမယ်လို့ ငါထင်တယ်။”
လာနောက်နေတာလား။
အကယ်၍ လီယွန်သာ ဆက်ပြောနေပါက ကျင့်ကြံခြင်း အခက်အခဲမှာ သေချာပေါက် တိုးလာပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူသည် တစ်သက်လုံး လျှပ်စီးမိုးကြိုးလက်သီးကို တတ်မြောက်ရန် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။
အကယ်၍ ရှီကျန့်သာ ဤလျှို့ဝှက်နည်းဗျူဟာကို သင်ယူရန် ကြက်ဖတစ်ကောင် ပွေ့ထားရုံဖြင့် ရသည်ကို သိသွားပါက မည်သို့သော မျက်နှာထားမျိုး ရှိမည်နည်းဟု သူ တွေးနေမိသွားခဲ့သည်။
နှမြောစရာကောင်းသည်မှာ နည်းလမ်းကိုယ်တိုင်က အရေးမကြီးခြင်းပင်။ ကြက်စွပ်ပြုတ် သောက်သည်ဖြစ်စေ၊ ကြက်ဖ ပွေ့သည်ဖြစ်စေ ဘာမှအရေးမကြီးပေ။ အရေးကြီးဆုံးမှာ လီယွန်က ၎င်းသည် သေချာပေါက် အောင်မြင်မည်ဟု ယုံကြည်နေခြင်းပင် ဖြစ်သည်။ အကယ်၍ ဤကမ္ဘာတွင် လီယွန်သာ မရှိပါက တခြားသူတစ်ယောက်က ကြက်ဖကြီးကို ပွေ့နေသည်ကို အသာထား ကြက်ခြံထဲ၌ သွားနေလျှင်ပင် ဘာမှ ထူးခြားလာမည် မဟုတ်ပေ။
တန်ဝမ်ကျဲသည် သူ၏လက်ကိုမြှောက်ကာ မှော်ဝင်ငွေ ၁၀ သုံးပြီး စနစ်ဈေးဆိုင်မှ ကြက်ဖကြီးတစ်ကောင် ဝယ်ယူလိုက်လေသည်။
သူ လက်ကမ်းလိုက်ရာ ကြက်ဖကြီးမှာ သူ၏လက်မောင်းပေါ်သို့ ခုန်တက်လာခဲ့သည်။
သူသည် လျှပ်စီးမိုးကြိုးလက်သီး တစ်စုံလုံးကို ဖြည်းဖြည်းချင်း လေ့ကျင့်လိုက်ရာ ကြက်ဖကြီးမှာလည်း တစ်လျှောက်လုံး ငြိမ်သက်စွာ လိုက်ပါပေးနေခဲ့သည်။
[သင်သည် “လျှပ်စီးမိုးကြိုးလက်သီး” ကို အပင်ပန်းခံ လေ့လာခဲ့ပြီး နောက်ဆုံးတွင် သိမြင်နားလည်သွားပါပြီ။ သင် “လျှပ်စီးမိုးကြိုးလက်သီး” ကို တတ်မြောက်သွားပါပြီ။]
[စွမ်းရည်: လျှပ်စီးမိုးကြိုးလက်သီး အဆင့် ၁ (၁/၉၀)၊ အမြင့်ဆုံး သွေး +၄၊ အမြင့်ဆုံး မန်နာ +၄၊ အမြင့်ဆုံး ခံနိုင်ရည် +၄။ တိုက်ခိုက်ရန် လျှပ်စီးများ စုဆောင်းနိုင်သည်။ မန်နာကုန်ကျမှု: ၂]
လီယွန်၏ စိတ်ကူးယဉ်မှုကြောင့် မိုးကြိုးချီများမှာ သူ၏ ခန္ဓာကိုယ်ထဲတွင် ကျန်ရှိနေသေးသည်။ ဝါးမြိုထားသော မိုးကြိုးချီများမှာ ပျောက်ကွယ်မသွားဘဲ ဗိုက်ထဲတွင် အနည်းငယ် မအီမသာဖြစ်ပြီး လေပွသလို ခံစားရသည်မှလွဲ၍ အခြား ဘေးထွက်ဆိုးကျိုး မရှိပေ။
ထွက်ခွာရန် အချိန်စတင်ရေတွက်နေပြီဖြစ်သည်။
တန်ဝမ်ကျဲက လီယွန်ကို ကြည့်ကာ ပြောလိုက်သည်။
“ငါ သွားရတော့မယ်။”
“ငါလည်း သွားရတော့မယ်။ ရုတ်တရက်ကြီး သစ်သီးတွေ အရမ်းစားချင်လာလို့။”
လီယွန်က အညောင်းအညာဆန့်ကာ သူ၏သေတ္တာကို ယူ၊ ပလတ်စတစ် နှင်းပန်းအိုးကို ပိုက်ကာ အေးအေးလူလူပင် ထွက်ခွာသွားတော့လေသည်။
“ဟေး”
ရုတ်တရက် အသံတစ်သံ ထွက်လာခဲ့၏။ တန်ဝမ်ကျဲ လှည့်ကြည့်လိုက်သောအခါ မိန်းကလေးငယ်တစ်ဦး သူ့ဆီ ပြေးလာသည်ကို တွေ့လိုက်ရလေသည်။ ၎င်းမှာ အားချွမ်ပင် ဖြစ်သည်။ သို့သော် သူသည် ထိုမိန်းကလေးကို စိတ်မဝင်စားသဖြင့် ကပ္ပတိန်လုနှင့် အခြားသူများကို “နှုတ်ဆက်ပါတယ်” ဟုသာ ပြောပြီး ထွက်ခွာလာခဲ့တော့လေသည်။
ဤလူများမှာသာ သူ၏ အစစ်အမှန်သူငယ်ချင်းများ ဖြစ်၏။
နောက်အခိုက်၌ သူ မျက်လုံးများကို ဖွင့်လိုက်လေသည်။
“ဟူး... ရူးကြောင်ကြောင် နိုင်လွန်းတဲ့ အိပ်မက်တစ်ခုလိုပဲ။”
တန်ဝမ်ကျဲတစမယောက် သူ၏ခေါင်းကိုပွတ်ကာ ထထိုင်လိုက်သည်။ ထိုကမ္ဘာထဲတွင် ရှိနေစဉ်က ဘာမှ ထူးခြားသည်ဟု မခံစားရသော်လည်း ထွက်လာပြီးနောက်တွင်မူ သူ၏ အတွေ့အကြုံမှာ အလွန်ပင် ထူးဆန်းလွန်းလှသည်ဟု ခံစားလိုက်ရသည်။
ရရှိခဲ့သည့် အကျိုးကျေးဇူးအနေဖြင့် လျှပ်စီးမိုးကြိုးလက်သီးကို သင်ယူနိုင်ခဲ့ခြင်းကပင် ထိုက်တန်လှပြီဖြစ်သည်။
ထို့ပြင် ဤသရဲဖမ်းစစ်ဆင်ရေးတွင် ဖုတ်ကောင်နှင့် အမွှာမိန်းကလေးများကို အဓိက တိုက်ခိုက်ရေးအင်အားအဖြစ် သုံးနိုင်ခဲ့ခြင်းမှာလည်း ဂိမ်း၏ မူလတိုက်ခိုက်ရေးပုံစံနှင့် ကွင်းတိကွက်တိပင်။ တပ်မှူးတစ်ယောက်အနေဖြင့် သူသည် နောက်တန်းမှသာ နေရမည်ဖြစ်ပြီး အဖွဲ့လိုက် တိုက်ခိုက်ခြင်းကသာ အမှန်ကန်ဆုံး နည်းလမ်းဖြစ်လေသည်။
ဇာတ်ကောင်များကို ပြန်ကြည့်လိုက်သောအခါ ဇာတ်ကောင် သုံးကောင်စလုံးမှာ အတွေ့အကြုံ ၁၆ မှတ်စီ ရရှိထားခဲ့ကြ၏။ ၎င်းမှာ မစ္စတာလီကို အနိုင်ယူခဲ့ခြင်းနှင့် ဆက်စပ်နေပုံရသည်။ သို့သော် တန်ဝမ်ကျဲ ကိုယ်တိုင်မှာမူ ၁၆ မှတ်သာ ရရှိခဲ့လေသည်။
သူသည် အမွှာမိန်းကလေးများ၊ ဖုတ်ကောင်နှင့် သရဲပုတို့ကို ဆင့်ခေါ်လိုက်၏။
အမွှာမိန်းကလေးနှစ်ဦးမှာ တန်ဝမ်ကျဲ၏ ရှေ့တွင် လက်ချင်းချိတ်ကာ ရပ်နေကြသော်လည်း သူတို့၏ မျက်လုံးထဲမှ လူသတ်လိုစိတ်နှင့် နာကျည်းမှုများမှာ လျော့ပါးသွားခြင်း မရှိပေ။
သရဲပု၏ ပြတ်နေသော ခြေထောက်မှာလည်း ပြန်မကောင်းသေးဘဲ တတွတ်တွတ်ဖြင့် ညည်းညူနေဆဲပင်။ သို့သော် အရင်အတွေ့အကြုံအရ ခြေထောက်အသစ် ပြန်ပေါက်လာမည်ကို တန်ဝမ်ကျဲ သိသဖြင့် ကြိုးစားရန်သာ အားပေးလိုက်ရာ သရဲပု၏ ဆဲဆိုခြင်းကိုသာ ခံလိုက်ရ၏။
ဖုတ်ကောင်မှာမူ လွှစက်ဖြင့် အလှီးခံထားရသော ပုခုံးမှ အသားပုပ်နံ့များ ထွက်နေဆဲဖြစ်ပြီး လှုပ်ရှားမှုများမှာလည်း တောင့်တင်းနှေးကွေးနေလေသည်။
တန်ဝမ်ကျဲ၏ အမြင်တွင် ဤသုံးကောင်စလုံးမှာ ကျင့်ကြံရန် တန်ဖိုး သိပ်မရှိလှသဖြင့် ကွင်းထဲတွင် ရှိနေသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူ ဂရုမစိုက်ပေ။ မိုဘိုင်းဂိမ်း အတွေ့အကြုံအရ ကျင့်ကြံရန် ထိုက်တန်သော ဇာတ်ကောင်များမှာ အနည်းဆုံး လိမ္မော်ရောင် သို့မဟုတ် အနီရောင်အဆင့် ရှိရမည် ဖြစ်သည်။
အမွှာမိန်းကလေးများနှင့် ဖုတ်ကောင်မှာ အစိမ်းရောင်အဆင့်သာ ရှိပြီး အမြင့်ဆုံး အဆင့် ၂၀ သာ ရှိပေသည်။ သူသည် ၎င်းတို့ကို အတွေ့အကြုံပစ္စည်းများအဖြစ်သာ သုံးလေ့ရှိ၏။
ယခုမူ သူသည် အဆင့်မြင့်ဇာတ်ကောင်များ မရသေးသဖြင့် ၎င်းတို့ကိုသာ ဖြစ်သလို သုံးနေရခြင်း ဖြစ်သည်။
ဖုတ်ကောင်နှင့် အမွှာမိန်းကလေးများ၏ ပေါင်းစပ်မှု၊ ပြီးတော့ ပါးစပ်သရမ်းသည့် သရဲပုတို့မှာ ရန်သူကို အာရုံလွှဲရန်အတွက် အလွန် အသုံးဝင်သော်လည်း ၎င်းတို့ကို အသေအချာ ကျင့်ကြံပျိုးထောင်ပေးရမည်လားဆိုသည်မှာမူ မသေချာပေ။
“ကျိုးချွမ်မြို့က အလောင်းမြှုပ်တဲ့နေရာက ငါ့ရဲ့ဖုတ်ကောင်ကို ပြန်ကောင်းစေမလား မသိဘူး။”
စုတ်ပြတ်သတ်နေသော ဖုတ်ကောင်ဦးလေးတုန်းကို ကြည့်ပြီး တန်ဝမ်ကျဲ တွေးလိုက်မိသည်။
ဤဖုတ်ကောင်ကို တိုက်ပွဲတွင် အားကိုးရန်မှာ မဖြစ်နိုင်ပေ။
၎င်းမှာ အာဖုန်းက သံမှိုရိုက်ထားသည့် တုတ်ဖြင့် ရိုက်လျှင်ပင် မျက်နှာပျက်သွားနိုင်သည့် အဆင့်သာ ဖြစ်သည်။ အဘိုးကြီးရန်ကိုပင် မမှီသလို သူဝယ်ယူရန် ကြံစည်ထားသော “ကြေးဝါချပ်ဝတ်ဖုတ်ကောင်” နှင့်ဆိုလျှင် ပို၍ပင် ဝေးလှပေသည်။ သို့သော် ၎င်းကို အတွေ့အကြုံပစ္စည်းအဖြစ် သုံးမည်ဆိုလျှင်တော့ အနာဂတ်တွင် ရလာမည့် အဆင့်မြင့်ဇာတ်ကောင်များကို အဆင့်မြှင့်တင်ရာ၌ အသုံးဝင်ပေလိမ့်မည်။
ယခုတော့ အလောင်းမြှုပ်သည့်နေရာ၌ သွားထည့်ထားလိုက်ခြင်းက အကောင်းဆုံးပင်။ အကယ်၍ အဆင့်တက်လာခဲ့လျှင်လည်း မဆိုးဘူး မဟုတ်ပါလား။ ယခင်က ခက်ခဲခဲ့သော်လည်း ယခု တန်ဝမ်ကျဲသည် တန်ကျားမြို့မှာ အခြေစိုက်ထားပြီး ကျိုးချွမ်မြို့၏ မြို့တော်ဝန်လည်း ဖြစ်နေပြီဖြစ်ရာ မကောင်းသောအရပ်သုံးခု၌ရှိနေသည့် ဘုရားကျောင်းကို သူစိတ်ကြိုက် သုံးပိုင်ခွင့် ရှိနေပြီ ဖြစ်သည်။
ထို့နောက် တန်ဝမ်ကျဲသည် အပြင်ထွက်ကာ လျှပ်စီးမိုးကြိုးလက်သီးကို အရင်စမ်းသပ်ကြည့်လိုက်၏။
လက်သီးထိုးခြင်း၊ အရှိန်ယူခြင်း၊ စွမ်းအင်စုဆောင်းခြင်း။
နာရီဝက်ခန့် ကြာမှသာ လျှပ်စစ်မီးပွားလေးတစ်ခု ထွက်ပေါ်လာခဲ့သည်။ လက်သီးဖြင့် ထိုးထုတ်လိုက်ရာ တစ်မီတာ၏လေးပုံတစ်ပုံသာ ရောက်သွားပြီးနောက် ပျောက်ကွယ်သွားခဲ့လေသည်။
“ဒီစွမ်းအားက လက်ဝါးမိုးကြိုးထက် အများကြီး အားနည်းတာပဲ။”
စွမ်းအင်စုဆောင်းရချိန် ကြာပြီး စွမ်းအားနည်းလှ၏။ သို့သော် သွေး၊ မန်နာနှင့် ခံနိုင်ရည်ကိုမူ တိုးတက်စေပေသည်။ လျှပ်စီးမထွက်လျှင်ပင် လေ့ကျင့်ရန် ထိုက်တန်ရှိသဖြင့် သူ ဆက်လက်၍ လေ့ကျင့်ရပေမည်။
တန်ဝမ်ကျဲသည် နောက်ထပ် ၅ ရက်ခန့် လက်သီးကျင့်စဉ်ကို လေ့ကျင့်ခဲ့ရာ သူ၏ ဗိုက်ထဲရှိ မိုးကြိုးချီများကို အောင်မြင်စွာ သုံးစွဲနိုင်ခဲ့၏။ သူ၏ လျှပ်စီးမိုးကြိုးလက်သီး အတွေ့အကြုံမှာလည်း ၃၀/၉၀ သို့ ရောက်ရှိသွားခဲ့လေသည်။ မစ္စတာလီကဲ့သို့သော အငြိုးကြီးသရဲ သို့မဟုတ် မိစ္ဆာ နှစ်ကောင်ခန့် ထပ်မံရရှိလျှင် အဆင့်တက်နိုင်ပေတော့မည်။
တန်အိမ်တော်မှ အစေခံများမှာ သူတို့သခင်သည် မနက်တိုင်း ကြက်ဖကြီးတစ်ကောင်ကို ပွေ့ပြီး လက်သီးလေ့ကျင့်နေသည်ကို ကြည့်ကာ အလွန်စိတ်ဝင်စားနေခဲ့ကြသည်။ ထိုကြက်ဖကြီးမှာ အိမ်ဝိုင်းထဲတွင် မောက်မောက်မာမာ လမ်းလျှောက်နေတတ်ပြီး သခင်တန်ကို မြင်လျှင်ပင် ဂရုမစိုက်တတ်သော်လည်း လက်သီးကျင့်ချိန်တွင်မူ အလိုလို ရောက်လာတတ်သည်မှာ အံ့ဩစရာပင်။
လျှပ်စီးမိုးကြိုးလက်သီးမှာ မိုးကြိုးချီရှိလျှင် လေ့ကျင့်ရသည်မှာ လျင်မြန်သော်လည်း မရှိပါက တိုးတက်ရန် ခက်ခဲလှပေသည်။ ထို့ကြောင့် တန်ဝမ်ကျဲသည် စီမီးအော်တို ဓားလက်ချောင်းနှင့် မော်ရှန်းကျန်းမာရေးလက်သီးဆီသို့သာ အာရုံပြန်လှည့်လိုက်လေသည်။
ကျန်းမာရေးလက်သီးသိုင်းမှာ သူ၏ ကန့်သတ်ချက်များကို တိုးမြှင့်ပေးနိုင်သဖြင့် လျှပ်စီးမိုးကြိုးလက်သီး ရထားပြီဆိုသော်လည်း သူ စွန့်လွှတ်ရန် အစီအစဉ်မရှိပေ။
ဓားလက်ချောင်းမှာမူ လီယွန်၏ ပြုပြင်မှုကြောင့် စီမီးအော်တို ပစ္စတိုကဲ့သို့ ဖြစ်နေပြီဖြစ်သည်။ စွမ်းအားမတိုးသော်လည်း ပစ်ခတ်မှုနှုန်းမှာ အလွန်လျင်မြန်သွားခဲ့သည်။ အကယ်၍ “နတ်တိုင်ပင် စစ်သူကြီးစေခိုင်းခြင်း” မှ စစ်သူကြီး ကျိုးချန်နှင့် ပေါင်းစပ်လိုက်ပါက တစ်ခါတစ်ရံ ဓားချီများ ပါဝင်သွားတတ်သဖြင့် ပိုမိုအစွမ်းထက်လာခဲ့လေသည်။
အချိန်ရသည့်အခါ တန်ဝမ်ကျဲသည် မြို့တော်ဝန် ဖြစ်မြောက်ရေး လုပ်ငန်းစဉ်များကို အပြီးသတ်လိုက်ပြီး ပြည်နယ်မြို့တော်သို့ လူလွှတ်ကာ ငွေဒင်္ဂါး ရာအနည်းငယ်ပါသော သေတ္တာငယ်လေးကို လက်ဆောင်အဖြစ် ပေးပို့လိုက်လေ၏။
သူသည် ဖုတ်ကောင်ဦးလေးတုန်းကို အနောက်တိုင်းဖုတ်ကောင် ရှိခဲ့သည့် မြေအောက်ခန်းတွင် ထားရှိလိုက်လေသည်။ အတွေ့အကြုံ ရ၊မရကိုတော့ နောက်မှ ပြန်၍စစ်ဆေးရပေမည်။
နောက်ဆုံးတွင် သူ အားလပ်ချိန် ရခဲ့ပြီဖြစ်ရာ ကံစမ်းမဲ ကောင်းကောင်း နှိုက်ရန် အချိန်တန်ပြီဖြစ်သည်။
“ဘယ်သူရှိလဲ...ငါ ကိုယ်လက်သန့်စင်မယ်။”