← Chapters

မင်း ဒူးချောင်နေလိမ့်မယ်

Vol. 8 Ch. 79

မင်း ဒူးချောင်နေလိမ့်မယ်

Vol. 8 Ch. 79

ကျူးအိမ်တော်၊ နေဝင်ရီတရောအချိန်...။

တန်ဝမ်ကျဲသည် တံခါးကို တွန်းဖွင့်၍ ဝင်လာခဲ့ရာ စီထားသော စက္ကူရုပ်များနှင့် စက္ကူမြင်းများကို ချက်ချင်း မြင်လိုက်ရ၏။ စက္ကူရုပ်များ မလဲအောင် ခြေထောက်နားတွင် ပြောင်းဖူးရိုးဖြင့် ပြုလုပ်ထားသော ဒေါက်တိုင်သေးသေးလေးများကို အုတ်ခဲနှစ်ခဲဖြင့် ဖိထားသည်။

လေတိုက်လိုက်သောအခါ စက္ကူရုပ်များသည် တန်ဝမ်ကျဲကို လက်ဝှေ့ယမ်းပြနေသကဲ့သို့ ယိမ်းထိုးနေကြတော့လေသည်။

ဒုတိယဦးလေးဘိုးဘိုးမှာ လက်ဖက်ရည် သောက်နေခဲ့သည်။ အသက်အရွယ်ကြီးရင့်ပြီ ဖြစ်သော်လည်း သူ၏ စိတ်ဓာတ်မှာ လူငယ်တစ်ယောက်ထက်ပင် ပို၍ တက်ကြွနေသေးသည်။

“ဆရာ ကြေးဝါချပ်ဝတ် အလောင်းကောင်နဲ့ ပတ်သက်ပြီး တစ်ခုခု မှားယွင်းသွားလို့လား။”

တန်ဝမ်ကျဲသည် လက်ဖက်ရည်အိုးကို မကာ ရေတစ်ခွက် ငှဲ့လိုက်၏။

“အဲဒီ ကြေးဝါချပ်ဝတ် အလောင်းနဲ့ ပတ်သက်ပြီး ရှုပ်ထွေးမှုတချို့ ရှိနေတယ်။”

“ရှုပ်ထွေးမှုလား။”

“ဟုတ်တယ်။”

ဒုတိယဦးလေးဘိုးဘိုးသည် သူ၏လက်ဖက်ရည်ခွက်ကို ချလိုက်ပြီး တန်ဝမ်ကျဲကို ကြည့်လိုက်သည်။ သူသည် ခေတ္တမျှ တန့်သွားပြီး ရုတ်တရက် စကားလမ်းကြောင်း ပြောင်းသွားခဲ့သည်။

“မင်း ဒါက...”

သူသည် မျက်မှောင်ကျုံ့ကာ တန်ဝမ်ကျဲကို အနီးကပ်ကြည့်ပြီး အထက်အောက် စူးစမ်းလိုက်၏။

“တစ်ခုခုမှားနေတယ်။”

“ဘာက မှားနေလို့လဲ ဆရာ။”

တန်ဝမ်ကျဲ အနည်းငယ် ဝေခွဲမရ ဖြစ်သွားခဲ့သည်။

“မင်း နွားလိင်တံပြုတ် ဒါမှမဟုတ် ကျားလိင်တံပြုတ်တွေ စားလာတာလား။”

ဒုတိယဦးလေးဘိုးဘိုးက မေးလိုက်၏။ တန်ဝမ်ကျဲက ခေါင်းခါပြလိုက်သည်။

“လွန်ခဲ့တဲ့ နှစ်ရက်လုံး ဘာမှ မစားဖြစ်ပါဘူး။”

ဒုတိယဦးလေးဘိုးဘိုးသည် တန်ဝမ်ကျဲကို ဘယ်ပြန်ညာပြန် စိုက်ကြည့်နေပြီးနောက် ရုတ်တရက် လက်ကိုဆန့်ကာ တန်ဝမ်ကျဲ၏ လက်မောင်းကို အားပြင်းပြင်းဖြင့် ညှစ်လိုက်ဘေသည်။

အား...နာတယ်ဟ။

ဒုတိယဦးလေးဘိုးဘိုး၏ လက်ဆုပ်လက်ကိုင် ခွန်အားမှာ ကီလို ၁၀၀ ကျော်လေးသော လူဝကြီး ကျူးဗိုက်ပူကိုပင် စက်ဝိုင်းလက်တံကဲ့သို့ ချာချာလည်သွားအောင် ရိုက်နိုင်ကြောင်း သက်သေရှိပြီးသားဖြစ်သည်။

တန်ဝမ်ကျဲသည် အဘိုးအို၏ လက်ချောင်းများ ထိခိုက်မည်ကို စိုးရိမ်သဖြင့် ကြွက်သားများကို တင်းမထားဘဲ လွှတ်ပေးထားလိုက်၏။

သက်ကြီးရွယ်အိုများ၏ အရိုးများမှာ အလွန်ကျွတ်ဆတ်တတ်ပေသည်။ ထိုင်ခြင်း၊ ထခြင်းကဲ့သို့ သာမန်လှုပ်ရှားမှုလေးကပင် အရိုးကျိုးခြင်းကို ဖြစ်စေနိုင်သည်။

“ရက်အနည်းငယ်ပဲ ရှိသေးတယ်။ မင်းရဲ့ ရက်တစ်ရာ အခြေခံတည်ဆောက်ခြင်း ပြင်ဆင်မှုတွေ အခြေအနေ ဘယ်လိုရှိလဲ။”

ဒုတိယဦးလေးဘိုးဘိုးက ထပ်မေးလိုက်သည်။

“ခုမှ စနေတုန်းပါ။”

“တခြား ဘယ်ကိုယ်ခံပညာတွေ လေ့ကျင့်နေသေးလဲ။ မင်းရဲ့ ခန္ဓာကိုယ်က ဘယ်လိုလုပ် ဒီလောက် သန်မာလာရတာလဲ။”

“ကျွန်တော် လျှပ်စစ်မိုးကြိုးလက်သီးကိုလည်း လေ့ကျင့်နေပါတယ်။”

ဒုတိယဦးလေးဘိုးဘိုးက ခေါင်းခါလိုက်သည်။ ရက်အနည်းငယ်အတွင်း တန်ဝမ်ကျဲသည် လျှပ်စစ်မိုးကြိုးလက်သီးကို မည်သို့ တတ်မြောက်နိုင်မည်နည်း။ သူသည် ဖုတ်ကောင် တစ်ကောင်ပင် မရသေးချေ။

ထို့ပြင် လျှပ်စစ်မိုးကြိုးလက်သီးသည် ယခုကဲ့သို့ ကြွက်သားများကို ကြီးထွားစေရန် ရည်ရွယ်ခြင်း မဟုတ်ပေ။

“ဒါက ကျင့်စဉ်ကနေ မင်းရဲ့ အစွမ်းအစတွေကို နှိုးဆွပေးလိုက်လို့ နတ်ဘုရားစွမ်းအားတွေ ရလာတာများလား။ ဒါက ငါ သိတဲ့ တစ်ယောက်ယောက်ကို သတိရသွားစေတယ်။”

“ဘယ်သူ့ကိုလဲ ဆရာ။”

“ဆရာဘိုးဘေးလေးလုံးကိုပေါ့။ ငါ ငယ်ငယ်တုန်းက သူ့ကို တစ်ခါ မြင်ဖူးတယ်။ သူ့ရဲ့ခန္ဓာကိုယ်က ကြွက်သားအဖုအထစ်တွေချည်းပဲ။ သူ ဖုတ်ကောင်တွေနဲ့ တိုက်ခိုက်တဲ့အခါ ဘယ်တော့မှ မန္တန်တွေ မသုံးဘူး။ လက်သီးသက်သက်နဲ့တင် ဖုတ်ကောင်တစ်ကောင်ကို အဝတ်စုတ်လို ဖြစ်သွားအောင် ထိုးသတ်နိုင်တယ်။”

ဒုတိယဦးလေးဘိုးဘိုးက စိတ်လှုပ်ရှားစွာဖြင့် သက်ပြင်းချလိုက်သည်။ ထိုပညာရှင်ကို ပြန်အမှတ်ရမိတိုင်း သူ အံ့သြနေမိဆဲပင်။

လောကတွင် သရဲနှင့် ဖုတ်ကောင်များကို ဖမ်းဆီးရန် နည်းလမ်းပေါင်းစုံ ရှိသော်လည်း မည်သည့်အရာကမျှ မဖောက်ထွင်းနိုင်သော ဖုတ်ကောင်ကို ကိုယ်ခံပညာသက်သက်ဖြင့် အသားစိမ်းတုံး ဖြစ်သွားအောင် ချေမှုန်းနိုင်သူကို သူ တစ်ဦးတည်းသာ တွေ့ဖူး၏။ ၎င်းကို တစ်ကြိမ်မြင်ဖူးရုံနှင့် တစ်သက်လုံး မေ့နိုင်တော့မည် မဟုတ်ပေ။

တန်ဝမ်ကျဲသည် စိတ်ထဲမှ သိလိုက်လေသည်။ ၎င်းသည် သူ၏ ကံစမ်းမဲနှိုက်မှုကြောင့် ရရှိလာသော ရလဒ်များပင်ဖြစ်သည်။

သို့သော်လည်း သူ၏ အရည်အချင်းများ တိုးတက်လာမှုမှာ များပြားသော်လည်း ကုန်ကျစရိတ်မှာ မှော်ဝင်ငွေ တစ်သောင်းကျော်ပင် ဖြစ်သည်။ လျှို့ဝှက်နယ်မြေတစ်ခုမှ သူ၏ ပုံမှန်ဝင်ငွေမှာ သုံးရာ၊ ငါးရာခန့်သာရှိပြီး အများဆုံးမှ တစ်ထောင်ကျော်သာ ဖြစ်သဖြင့် မှော်ဝင်ငွေ တစ်သောင်း ပြန်ရရန် အနည်းဆုံး နယ်မြေ ၁၀ ခုခန့် ဖြတ်သန်းရမည်ဖြစ်သည်။

ငွေရှာရန် အပေါက်အလမ်း ရှာတွေ့ဖို့ဆိုသည်မှာ အမြဲတမ်း မလွယ်ကူလှပေ။

“ကျုပ်က ထူးထူးခြားခြား ပါရမီပါလာတာလည်း ဖြစ်နိုင်တာပဲ‌လေ။”

“မင်းရဲ့ အဆီအနှစ်တွေက ပြည့်ဝနေပြီး မင်းရဲ့ ယန်ချီက မီးခိုးငွေ့တွေလိုပဲ တလူလူတက်နေတယ်။”

ဒုတိယဦးလေးဘိုးဘိုးက စဉ်းစားပြီးနောက် ပြောလိုက်သည်။

“မင်းရဲ့ တက်ကြွနေတဲ့ အရာရှိကံနဲ့ ရောင်စုံချယ်ထားသလို တောက်ပနေတဲ့ လာဘ်လာဘကံတွေကြောင့် အခုကစပြီး သာမန်ဝိညာဉ်တွေနဲ့ သရဲတစ္ဆေတွေက မင်းကို ရှောင်ကြဉ်ရလိမ့်မယ်။ မင်းက ဆီးနှင်းတွေကျနေတဲ့ ဆောင်းတွင်းထဲက မီးဖိုကြီးတစ်ခုလိုပဲ။ နွေးထွေးပြီး အရပ်မျက်နှာအားလုံးကို အလင်းပွားစေလိမ့်မယ်။ ဒါပေမဲ့ သတိလည်းထားရမယ်။ အဲဒီ မိစ္ဆာတွေနဲ့ သရဲတွေက မင်းရဲ့ ယန်ဓာတ်ကို လိုချင်ကြလို့ မင်းကို လှည့်စားဖို့ ကြိုးစားကြလိမ့်မယ်။ မင်းရဲ့ စိတ်ကို ကာမဂုဏ်တွေနဲ့ အမှောင်မဖုံးစေနဲ့။”

ဒီလို ကောင်းတဲ့အချက်လည်း ရှိတာလား။

တန်ဝမ်ကျဲ ချက်ချင်းပင် နားစွင့်လိုက်သည်။

“ဆရာ ကျုပ်စိတ်ကို ကာမဂုဏ်တွေ ဖုံးလွှမ်းသွားရင် ဘာဖြစ်နိုင်လဲ။ မိစ္ဆာတွေကို နှိမ်နင်းဖို့ဆိုရင် ကျုပ် ရှေ့ဆုံးကနေ တာဝန်ယူဖို့ အသင့်ပါပဲ။”

“မင်းရဲ့စိတ်ကို ကာမဂုဏ်တွေ ဖုံးလွှမ်းသွားရင် မိစ္ဆာတွေနဲ့ သရဲတွေက မင်းရဲ့ ယန်ဓာတ်ကို စုပ်ယူသွားလိမ့်မယ်။ သူတို့ရဲ့ ယန်ဓာတ်က အများကြီး တိုးလာပြီး မင်းရဲ့ ယန်ဓာတ်ကတော့ ညှိုးနွမ်းသွားလိမ့်မယ်။ မင်းရဲ့ ကျန်းမာရေးနဲ့ဆိုရင် အသက်တိုမှာ မဟုတ်ပေမဲ့ မင်းရဲ့ ခြေထောက်တွေ တစ်ရက်၊ နှစ်ရက်လောက် ခွေယိုင်နေလိမ့်မယ်။”

“ဒါဆိုရင်တော့ ကျုပ် တောင့်ခံနိုင်ပါသေးတယ်။”

တန်ဝမ်ကျဲက အလေးအနက် ခေါင်းညိတ်လိုက်သည်။

သူသာ သရဲ သို့မဟုတ် မိစ္ဆာများကို မစီးနင်းနိုင်လျှင် ၎င်းတို့ကို နှိမ်နင်းလိုသည့် သူ၏ ပြတ်သားသော ဆန္ဒကို မည်သို့ ပြသနိုင်မည်နည်း။

ဖြန်း...

လက်ဝါးတစ်ချက်က သူ့ခေါင်းနောက်စေ့ကို ရိုက်ချလိုက်၏။

“မင်းလည်း ငယ်တော့တာ မဟုတ်ဘူး။ အမြန်ဆုံး ဇနီးတစ်ယောက် ရှာသင့်ပြီ။”

“ဆရာ ဆရာက ကျုပ်ကို တကယ်နားလည်ပေးတာပဲ။”

All Chapters