“သရဲခြောက်တဲ့မိသားစု”: ကြေးနီချပ်ဝတ်ဖုံး ဖုတ်ကောင် (၁)
Vol. 8 Ch. 80
ဇနီးသည်တစ်ယောက် လက်ထပ်ယူရမည့်အရေးတွင် တန်ဝမ်ကျဲအတွက် ငြင်းပယ်စရာ အကြောင်းမရှိပေ။ မသေမျိုးဖြစ်ရန် ကျင့်ကြံခြင်းက တစ်ပိုင်း၊ အိမ်ထောင်ပြုခြင်းက တစ်ပိုင်းပင်ဖြစ်သည်။
သို့သော် ဤခေတ်ကာလတွင် လက်မထပ်မီ ချစ်ကြိုက်ကြသည်ဟူ၍ မရှိသလောက်ပင်။ အများစုမှာ လူချင်းမမြင်ဖူးဘဲ လက်ထပ်ကြရသည့် “မျက်စိမှိတ် အိမ်ထောင်ရေး” များသာ ဖြစ်၏။ ချမ်းသာသော မိသားစုမှ အမျိုးသမီးငယ်များသည် အိမ်တွင်း၌သာ နေကြရပြီး အိမ်တစ်အိမ်မှ တစ်အိမ်သို့သာ ကူးသန်းသွားလာကြရသည်။
ထင်ထင်၊ ကျူးကျူး သို့မဟုတ် နျန်ယင်းတို့ကဲ့သို့ ပွင့်လင်းသော အတွေးအခေါ်ရှိသူများသာလျှင် လူချင်းတွေ့ဆုံသည့်အဆင့်သို့ ရောက်ရှိကြခြင်းဖြစ်သည်။ လွတ်လပ်စွာ ချစ်ကြိုက်ခွင့်ရရှိရန်မှာ မလွယ်ကူသလို “လက်မှတ်မဝယ်ခင် လှေပေါ်တက်ခြင်း” မှာ ပို၍ပင် ခက်ခဲလှပေသည်။
အန်နီ ကဲ့သို့ နေ့စဉ်လှည့်ပတ်သွားလာရင်း သူမ၏ “မြောက်ဘက်ခြမ်း” ကို လိုက်ပြနေသူမျိုးဆိုလျှင် လူတိုင်းက သူမ၏ ဖြူဝင်းသော အသားအရေကို အလကားကြည့်ကြမည်ဖြစ်သော်လည်း သူမကို ဇနီးမယားအဖြစ် လက်ထပ်ယူရန်မှာမူ အရည်အချင်းရှိသူများက မလိုချင်ကြဘဲ မတတ်နိုင်သူများကလည်း မရနိုင်ကြပေ။ အလွန်ဆုံးရှိလှလျှင် မယားငယ်အဖြစ်သာ နေရပေလိမ့်မည်။
မယားငယ်များသည် အလှအပဖြင့်သာ အလုပ်အကျွေးပြုရသူများဖြစ်ပြီး သူငယ်ချင်းအချင်းချင်း မယားငယ်များကို လက်ဆောင်ပေးကြသည်မှာလည်း မကြားဖူးသည်မဟုတ်ချေ။
မိန်းမယူမည့်အကြောင်း ပြောရလျှင် စစ်ဗိုလ်ချုပ်လုံ ကျောထောက်နောက်ခံရှိသော နျန်ယင်းက ထိပ်တန်းရွေးချယ်စရာတစ်ခု ဖြစ်သည်။ စစ်ဗိုလ်ချုပ်များမှာ အကာအကွယ်ကောင်းတစ်ခုပင်။ သို့သော် ထိုမိန်းကလေးက မကြီးပြင်းသေးပေ။ တန်မိသားစု၏ လုပ်ငန်းမှာ ကြီးမားလှသဖြင့် ဇနီးဖြစ်သူမှာ သီလရှိရပေမည်။ အနာဂတ်ကို ကြိုတင်ဟောကိန်းမထုတ်နိုင်လျှင်တောင် အိမ်ထောင်ထိန်းသိမ်းခြင်းနှင့် စာရင်းအင်းကို နားလည်ရမည်ဖြစ်သည်။
အစောပိုင်းက တန်ဝမ်ကျဲသည် စစ်ဗိုလ်ချုပ်များနှင့် သေနတ်များကိုသာ ဂရုစိုက်ခဲ့သော်လည်း ယခုအခါတွင်မူ အတွေးများ ပြောင်းလဲလာခဲ့ပြီဖြစ်သည်။ ဤသည်မှာ သူ၏ တိုးတက်လာသော စွမ်းအားကြောင့် ရရှိလာသည့် ယုံကြည်ချက်ပင်။ သူသည် ရက်အနည်းငယ်အတွင်း ထူးခြားသွားသည်ဟု အခြားသူများက ခံစားမိသော်လည်း သူသည် စွမ်းအားရှင်တစ်ပိုင်းဖြစ်သွားပြီကိုမူ မသိကြပေ။ ပျံသန်းနိုင်ခြင်း သို့မဟုတ် ဒဏ်ရာ လုံးဝမရနိုင်ခြင်းမျိုး မရှိသေးသော်လည်း သာမန်လူ ဒါဇင် နှစ်ဆယ်ခန့်မှာ သူ့အတွက် ပြိုင်ဘက်မဟုတ်တော့ပေ။
သူသည် မကောင်းမှုကို မလုပ်လိုသော်လည်း တစ်စုံတစ်ယောက်က သူ့ကို ရန်ပြုလာပါက သူ၏ လက်အောက်ရှိ တစ္ဆေများနှင့် ဖုတ်ကောင်များကိုသုံး၍ ထိုသူတို့၏ ခေါင်းဆောင်ကို အရင်ဖမ်းဆီးရန်မှာ မခက်ခဲလှပေ။
အင်အားရှိလာပါက ကြောက်ရွံ့မှုမှာ နည်းပါးသွားစမြဲပင်။
အိမ်ထောင်ပြုခြင်းသည်လည်း မိဘနှင့် အောင်သွယ်တော်တို့၏ စကားအတိုင်းပင် ဖြစ်သည်။ သူ၏ ဆရာက သူ မည်သူ့ကို လက်ထပ်ရမည်ကို ဆုံးဖြတ်ပေးနိုင်၏။ ထိုအမျိုးသမီးက အလွန်အမင်း ဆိုးရွားမနေသရွေ့ သူ ငြင်းမည်မဟုတ်ပေ။ ဇနီးသည်ရှိခြင်းက မယားငယ်များ ထပ်ယူခြင်းကိုလည်း တားဆီးနိုင်မည်မဟုတ်ပေ။
ထိုစဉ် ဒုတိယဦးလေးဘိုးဘိုးက သူ၏လက်ချောင်းများဖြင့် တွက်ချက်ရင်း ပြောလိုက်သည်။
“မင်း မိသားစုကောင်းကောင်း ရှာချင်တယ်ဆိုရင် ငါ အောင်သွယ်တော်ကို ကူမေးပေးလို့ရတယ်။ မင်းရဲ့ လိုအပ်ချက်တွေက ဘာလဲ။”
“ဘာလဲဆိုတော့...”
တန်ဝမ်ကျဲ ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။
“ကျုပ်ရဲ့ တန်မိသားစုက အကြီးကြီးမဟုတ်ပေမဲ့ မိုင်တစ်ရာပတ်လည်မှာတော့ ပိုင်ဆိုင်မှုတချို့ ရှိပါတယ်။ အဲ့ဒါကြောင့် ကျုပ် လက်ထပ်မယ့်ဇနီးက စာတတ်ရမယ်၊ စာရင်းအင်းနဲ့ အိမ်ထောင်မှုကို ကိုင်တွယ်နိုင်ရမယ်။ ပြီးတော့ နူးညံ့တဲ့ စရိုက်ရှိရမယ်လို့ မျှော်လင့်ပါတယ်။”
“အင်း ဒါက ဖြစ်သင့်တာပဲ။”
ဒုတိယဦးလေးဘိုးဘိုးက ခေါင်းငြိမ့်လိုက်၏။ တန်ဝမ်ကျဲ၏ တောင်းဆိုချက်မှာ မများလွန်းဟု သူ ခံစားရသည်။ သူဌေးကြီးတန် လိုချင်သည်မှာ လှပသော မယားငယ်တစ်ယောက် မဟုတ်ဘဲ အိမ်ထောင်ကို ဦးစီးရမည့် ပထမဇနီးမှာ အရည်အချင်းရှိရမည်ဖြစ်သည်။
သူ၏ တပည့်မှာ ရမ္မက်ရှိသူဖြစ်ကြောင်း မဖုံးကွယ်ထားသလို တန်မိသားစုကလည်း မျိုးဆက်ပြန့်ပွားရန် လိုအပ်ပေသည်။ အနာဂတ်တွင် မယားငယ်များ ထပ်ယူဦးမည်မှာလည်း သေချာသလောက်ပင်။
တန်ဝမ်ကျဲက ဆက်ပြောလိုက်သည်။
“ဒုတိယအချက်ကတော့ ရုပ်ရည်လှပရမယ်။ ဆရာ ကျုပ်အကြောင်းလည်း ဆရာသိသားပဲလေ။”
သူသည် လုပ်ဆောင်ချက်တိုင်းတွင် ပွင့်လင်းလှ၏။ ဇနီးဖြစ်သူက စရိုက်ကောင်းရမည်ဖြစ်သလို လှလည်းလှပရပေမည်။ “မီးပိတ်လိုက်ရင် အတူတူပဲ” ဆိုသည့် စကားမှာ သူငယ်ချင်းအချင်းချင်း ညာပြော၍ ရသော်လည်း ကိုယ့်ကိုယ်ကိုယ်တော့ လှည့်စား၍ မရပေ။
ဒုတိယဦးလေးဘိုးဘိုးက ခေါင်းငြိမ့်လိုက်သော်လည်း “ခြေထောက်တွေ အားနည်းနေတယ်” ဆိုသည့် ယခင်က စကားကို သတိရကာ တန်ဝမ်ကျဲကို မကြည်ကြည့် ကြည့်လိုက်မိသည်။
“မင်းကိုယ်တိုင်က ရုပ်ဖြောင့်တဲ့သူဆိုတော့ ရုပ်ဆိုးတဲ့သူကိုတော့ မယူသင့်ဘူး။”
“ဟဲဟဲ...တတိယအချက်ကတော့ ကျုပ်က မိသားစုပိုင်ဆိုင်မှုကို ဂရုမစိုက်ပေမဲ့ နောက်ခံကိုတော့ အရမ်း မဆင်းရဲစေချင်ဘူး။ ဂုဏ်ရည်ချင်းတူရမယ်လို့ မတောင်းဆိုပေမဲ့ အနည်းဆုံးတော့ ပညာတတ်မိသားစု၊ ဒါမှမဟုတ် အရာရှိမျိုးနွယ်၊ ဒါမှမဟုတ် အနည်းဆုံး ဂုဏ်သရေရှိတဲ့ မျိုးနွယ်စုက ဖြစ်သင့်တယ်။”
အဆင့်အတန်း ကွာခြားလွန်းလျှင် မိသားစုအတွင်း စကားပြောဆို ဆက်ဆံရန် ခက်ခဲပြီး မသာယာနိုင်ပေ။
“ဒါလည်း ကျိုးကြောင်းဆီလျော်ပါတယ်။”
“စတုတ္ထအချက်က သူမရဲ့ အသက်က အနည်းဆုံး ၁၆ နှစ် ဖြစ်ရမယ်။”
“ဘာဖြစ်လို့လဲ။”
ဒုတိယ ဦးလေးဘိုးဘိုး နားမလည်နိုင်ဖြစ်သွားခဲ့၏။
“သေချာတာပေါ့၊ ကျုပ် သားသမီး မြန်မြန်ရချင်လို့လေ။”
တန်ဝမ်ကျဲမှာမူ သူ၏ မူလကမ္ဘာတွင် တင်းကျပ်သော ဥပဒေများရှိပြီး အသက်မပြည့်သူကို လက်ထပ်လျှင် အဖမ်းခံရနိုင်သည်ဟု မပြောနိုင်ပေ။
“ပဉ္စမအချက်က...”
“တော်ပြီ၊ တော်ပြီ၊ တော်ပြီ။”
ဒုတိယ ဦးလေးဘိုးဘိုးက အမြန်တားလိုက်သည်။
ဂုဏ်သရေရှိ မျိုးနွယ်၊ ချောမောလှပ၊ ၁၆ နှစ်၊ စာတတ်၊ စာရင်းကိုင်နိုင်၊ စိတ်သဘောထားကောင်း... စသည့် အချက်အလက်များစွာ။
ဒုတိယ ဦးလေးဘိုးဘိုးဘိုးက စိုက်ကြည့်လိုက်သည်။
“မင်းက ငါ့ဆီမှာ ဆုတောင်းနေတာလား။”
သို့သော်တန်ဝမ်ကျဲက ရပ်မသွားခဲ့ချေ။
“ဆရာ ပဉ္စမအချက်က အရမ်းအရေးကြီးတယ်။ ကျုက်ရဲ့ ဓာတ်ငါးပါးက သစ်သားဓာတ်ပဲ။ အချင်းချင်း အကျိုးပြုခြင်းနဲ့ ထိန်းချုပ်ခြင်းအရ ကျုပ်ကို မီးဓာတ်ရှိတဲ့သူနဲ့ ပေးစားရင် ကျုပ်ရဲ့အိမ် နောက်ဖေး တစ်ခုလုံး မီးလောင်ကုန်လိမ့်မယ်။ ရေဓာတ်ရှိသူကို ရှာတာ ပိုကောင်းပါတယ်။ ရေက သစ်ပင်ကို ရှင်သန်စေတယ်လေ။”
“မင်းက ငါ့ထက်တောင် အယူသီးနေပါလား။”
ဒုတိယ ဦးလေးဘိုးဘိုးက ပြောလိုက်သည်။
သို့သော် ပဉ္စမအချက်ကို သူ ခေါင်းငြိမ့်လက်ခံလိုက်၏။ တန်ဝမ်ကျဲ မပြောလျှင်တောင် ဇာတာတိုက်စစ်ရန်မှာ လိုအပ်သည်ပင်။
“ငါ အောင်သွယ်တော်ကို ကူပြီး စုံစမ်းခိုင်းလိုက်မယ်။”
ဆရာတပည့် နှစ်ဦး ခဏတာ နောက်ပြောင်ပြီးနောက် စကားဝိုင်းမှာ ကြေးနီချပ်ဝတ်ဖုံး ဖုတ်ကောင်ဆီသို့ ပြန်ရောက်သွားခဲ့သည်။
မိမိ၏ သက်တမ်းမှာ ရေတွက်နေရပြီဟု ခံစားရသဖြင့် ဒုတိယ ဦးလေးဘိုးဘိုးသည် သူ၏တပည့်ကိစ္စများကို ပို၍ ဂရုစိုက်လာခဲ့၏။ မကြာသေးမီရက်များအတွင်း သူသည် လျှို့ဝှက်နည်းလမ်းများကိုသုံးကာ လူများစွာကို ဆက်သွယ်ပြီး ကြိုးစားစုံစမ်းပေးခဲ့သည်။
“ဒီတစ်ခါ ကြေးနီချပ်ဝတ်ဖုံး ဖုတ်ကောင်နဲ့ ပတ်သက်ပြီး ငါပြောခဲ့တဲ့ အမှားက... ဖုတ်ကောင်မှာ ပြဿနာရှိတာ မဟုတ်ဘူး။ လူမှာ ပြဿနာရှိနေတာပဲ။”
လောကတွင် ကြေးနီချပ်ဝတ်ဖုံး ဖုတ်ကောင်များမှာ ရှားပါးသော်လည်း တစ်ခုတည်းရှိသည်တော့ မဟုတ်ပေ။ လူအများအပြားသည် ထူးခြားသော ဖုတ်ကောင်များကို စုဆောင်းရသည်ကို ဝါသနာပါကြ၏။ ထိုသူများကို ဝိညာဉ်ရေးရာလောက၏ “အိမ်တွင်းအောင်းသမားများ” ဟုပင် ဆိုနိုင်ပေသည်။
တန်ဝမ်ကျဲက ခေါင်းငြိမ့်ရင်း ဒုတိယ ဦးလေးဘိုးဘိုး၏ ရှင်းပြချက်ကို စောင့်ဆိုင်းနေလိုက်သည်။
“ငါ စုံစမ်းကြည့်တော့မှ သိလိုက်ရတာက အဲ့ဒီကြေးနီချပ်ဝတ်ဖုံး ဖုတ်ကောင်က တောရိုင်းကောင်မဟုတ်ဘူး။ သူ့မှာ ပိုင်ရှင်ရှိတယ်။ အဲဒါက ချီဟွမ်ဂူက နှစ်တစ်ထောင်သက်တမ်းရှိတဲ့ ရှေးဟောင်းဖုတ်ကောင်ပဲ။ သူ့ရဲ့ အသားအရေက ရေခဲလို အေးစက်ပြီး အရိုးတွေက ကျောက်စိမ်းလို မာကျောတယ်။ ရုပ်ဆိုးပေမဲ့ အင်မတန် ကြမ်းတမ်းခက်ထန်တယ်။”
‘ရုပ်မဆိုးတဲ့ ဖုတ်ကောင် ရှိလို့လား။ ဒါက ဖုတ်ကောက်ပုံပြင်များထဲကအတိုင်းပဲလေ’ ဟု သူ တွေးလိုက်မိသည်။
တန်ဝမ်ကျဲ : “ချီဟွမ်ဂူလား။”
ကြားဖူးသလိုလို ရှိသည်။
“အဲ့ဒါက ဖုတ်ကောင်တွေကို ပြုပြင်မွေးမြူတဲ့ လမ်းစဉ်အမှားပဲ။ အဆိပ်ဆေးတွေ ဖော်စပ်ပြီး ဖုတ်ကောင်တွေကို မွေးမြူတာကို အဓိကလုပ်တယ်။”
ချီဟွမ်ဂူအကြောင်း ပြောရင်း ဒုတိယ ဦးလေးဘိုးဘိုး၏ မျက်နှာတွင် မထီမဲ့မြင် အမူအရာတစ်ခု ထွက်ပေါ်လာခဲ့သည်။
လမ်းမှန် မော်ရှန်း တပည့်တစ်ဦးအနေဖြင့် ထိုသို့သော လမ်းစဉ်အမှားများကို အထင်သေးသည်မှာ ဓမ္မတာပင်။ အဆိပ်သုံး၍ ဖုတ်ကောင်မွေးမြူသော ချီဟွမ်ဂူမှာ ပို၍ပင် ရွံရှာဖွယ်ကောင်းလှပေသည်။
ချီဟွမ်ဂူအကြောင်း ပြောရင်း ဒုတိယ ဦးလေးဘိုးဘိုးဘိုးက စကားဆက်လိုက်သည်။
“ချီဟွမ်ဂူရဲ့ ဘိုးဘေးက အသက် ရာနဲ့ချီရှိနေပြီ။ သူက အဲဒီ ကြေးနီချပ်ဝတ်ဖုံး ဖုတ်ကောင်ကို ရတနာတစ်ခုလို တန်ဖိုးထားတယ်။ ဒါပေမဲ့ အဲဒီဖုတ်ကောင်ကို ရပြီးကတည်းက သူက ကံဆိုးမှုတွေနဲ့ ဆက်တိုက် ကြုံနေခဲ့ရတယ်။ ဖုတ်ကောင်ကို ရပြီး သုံးရက်အကြာမှာ သူ့ခြေထောက် ကျိုးတယ်။ လေးရက်အကြာမှာ လက်ကျိုးတယ်။ သူက အရမ်းကံဆိုးလွန်းလို့ မသန်မစွမ်းတောင် ဖြစ်နေပြီ။ နှစ်ပေါင်း ရာနဲ့ချီပြီး အဲဒီဖုတ်ကောင်ရဲ့ အတိုက်အခိုက်ကို ခံနေရတာ။ သေချင်ပေမဲ့လည်း သေလို့မရဘူး။ အသက်ကြီးပေမဲ့ သေလို့မရတာက ကံဆိုးတာပဲ မဟုတ်ဘူးလား။”
ဆရာ...ဆရာ အကျယ်ကြီး အော်မရယ်နေပေမဲ့ ဆရာ့မျက်နှာက အော်ရယ်နေသလိုကြီး။
ဒုတိယ ဦးလေးဘိုးဘိုးနှင့် ထိုချီဟွမ်ဂူမှာ အတိတ်က ပဋိပက္ခများ ရှိခဲ့ပုံပင်။ ဒုတိယ ဦးလေးဘိုးဘိုးမှာ အငြိုးအတေးကြီးသူဖြစ်ကြောင်း လူတိုင်း သိကြပေသည်။