ယင်းလုန်
Vol. 5 Ch. 475
ဆန်းလျန် တိချိုးမြို့တော်သို့ရောက်ရှိသည်နှင့် ထူးဆန်းမှုတစ်ခု စတင် ဖြစ်ပွားတော့သည်။
ကြီးမားသည့် နဂါးကြီး တစ်ကောင်သည် တိချိုးမြို့တော်၏ မြောက်ဘက် ကောင်းကင်တွင် ထွက်ပေါ်လာခြင်း ဖြစ်လေသည်။ နဂါးကြီးမှာ ဦးခေါင်း၊ ခန္ဓာကိုယ်များမှာ ရှည်လျားပြီး တောင်ကြီး တစ်လုံးသဖွယ် ကြီးမားလွန်းလှလေသည်။
ထို့ပြင် နဂါးကြီးတွင် လှပပြီးတောက်ပသည့် အတောင်ပံများလည်း ရှိလေသည်။ တိမ်စိုင်များထဲတွင် ပျံသန်းနေသည့် အလားပင် ထင်မှတ်ရလေသည်။
နဂါးကြီး၏ ကြီးမားသည့် မျက်ဝန်းကြီးများသည် အလင်းရောင်များ လင်းလက်နေကာ တိချိုးမြို့တော် တစ်ခုလုံးကို စစ်ဆေးကြည့်ရှု နေလေသည်။ နဂါးပုံရိပ်ကြီးကြောင့် ဆန်းလျန်စီးသည့် လှည်းကို ဆွဲလာသည့် အမွေးရှည်ဆင်ကြီး နှစ်ကောင်မှာ မြေပြင်ထက်တွင် တွားသွားရင်း တုန်လှုပ် ကြောက်ရွံ့ နေကြလေသည်။
ဆန်းလျန်မှာ လှည်း၏ ပြတင်းပေါက်မှ ထိုမြင်ကွင်းကို သေသေချာချာ မြင်တွေ့ လိုက်ရလေသည်။
ထိုနဂါးကြီးမှာ ဒဏ္ဍာရီထဲမှ ယင်းလုန်ဟုခေါ်သည့် နဂါးကြီးပင်ဖြစ်လေသည်။
ယင်းလုန်ဆိုသည်မှာ အတောင်ပံပါသည့် နဂါးမျိုးဖြစ်ပြီး အသက်ငါးရှည် ရှည်သည့် အတောင်ပါ နဂါးမျိုးကို ကျောက်လုန်ဟု ခေါ်ဆိုကာ အသက်တစ်ထောင်ရှည်သည့် အတောင်ပါ နဂါးမျိုးကိုတော့ ယင်းလုန်ဟု ခေါ်လေသည်။ သို့သော် အသက်ထောင်ချီ ရှည်သည့် ယင်းလုန်နဂါးမျိုးသည် အလွန်မှ ရှားပါးလေသည်။ ထို့ပြင် ယင်းလုန်နဂါးသည် ကျောက်လုန် နဂါးနှင့်ယှဉ်လျှင် တန်ခိုးစွမ်းအားက အဆမတန် သာလွန်လေသည်။ ယင်းလုန်နဂါးကြီးသည် တန်းတူ တန်ခိုးစွမ်းအား ကြီးမား နိုင်လေသည်။
ယင်းလုန်နဂါးကြီးသည် တိချိုးမြို့တော်ကို ကြည့်ရုံသာ ကြည့်နေခြင်း ဖြစ်ပြီး မည်သည့် လှုပ်ရှားမှုမှ ပြုလုပ်ခြင်း မရှိပေ။ ထို့နောက်တွင်တော့ ပြန်လည် ထွက်ခွာသွားခဲ့လေသည်။
ကုန်သည်များမှာ ယင်းလုန်နဂါးကြီး အကြောင်းကို ပြောဆို နေကြလေသည်။ ယင်းလုန်နဂါးကြီးမှာ တိချိုးမြို့တော်၏ အစောင့်နဂါးကြီး ဖြစ်ပြီး အသက်မည်မျှ ရှည်ပြီကို မည်သူမှ မသိကြပေ။ ယင်းလုန် နဂါးကြီးသည် တာ့ရှားဧကရာဇ်နီးပါး တန်ခိုးစွမ်းအား မြင့်မားပြီး တော်ဝင်မိသားစု များပင်လျှင် ယင်းလုန်နဂါးကြီးကို ဦးညွတ် ဂါရဝပြု ကြရသည်ဟု အဆို ရှိလေသည်။
သို့သော် ယနေ့တွင်တော့ ထူးဆန်းမှုတစ်ခု ဖြစ်ပျက်ခဲ့သည်မှာ သေချာလေသည်။
ဆန်းလျန်မှာ သူ၏ အသက်ရှူသံကို ကြိုးစားပြီး လျှော့ချ ထားရလေသည်။ ယင်းလုန်နဂါးကြီး ထွက်ပေါ် လာရခြင်းမှာ ကြီးမားသည့် စွမ်းအားတစ်ခု မြို့တွင်းသို့ ဝင်ရောက် လာသည်ကို အာရုံခံမိသောကြောင့် ဖြစ်လေသည်။
ကိုယ့်ပိုင်နက် အတွင်းသို့ ကျူးကျော်လာသည့် လူတစ်ယောက်ကို မြို့တော်ကို စောင့်ရှောက်သူက သတိထားမိသည်မှာ မဆန်းပေ။
ဆန်းလျန်က သူ၏ အသက်ရှူသံကို လျှော့ချပြီး ထိန်းချုပ် ထားသည့်တိုင် ယင်းလုန် နဂါးကိုတော့ ဖုံးကွယ်ထား၍ မရပေ။
သို့သော် ယင်းလုန်နဂါးကြီးက သူ့ကို မည်သူမှန်း မသိသေးသည့် အတွက် အနည်းငယ် ကံကောင်း သွားခဲ့ရလေသည်။
ယင်းလုန်နဂါးကြီးက တာ့ရှားပြည်ကို စောင့်ရှောက်နေသည့် အတွက် တာ့ရှား ဧကရာဇ်ကလည်း မည်သူ့ကိုမှ မကြောက်ခြင်း ဖြစ်နိုင်လေသည်။
တာ့ရှားပြည်၏ မြို့တော်ဖြစ်သည့် တိချိုးမြို့တော်တွင် တာ့ရှားဧကရာဇ် သာမက တော်ဝင်မိသားစု ဆယ့်နှစ်စုလည်း အတူတကွ နေထိုင်ကြလေသည်။ ထိုအိမ်တော်ဆယ့်နှစ်ခုမှာ အလွန်ထူးခြားသည့် စွမ်းအားများကို ပိုင်ဆိုင်ထားကြသည့် သူများ ဖြစ်လေသည်။
ထိုအချိန်မှာပင် ကုန်သည် တစ်ယောက်က ဆန်းလျန်ရှိရာသို့ ရောက်လာပြီး…
"ရှီးလျန်မင်းသားငယ်… သစ္စာစောင့်သိခြင်း အကြောင်းကြားစာကို ပေးအပ်ချင်တယ် ဆိုရင် နိုင်ငံခြားရေး ဝန်ကြီးရဲ့ အိမ်တော်ကို အရင်သွားပါတယ်၊ ပြီးတော့ အရာရှိ မင်းအတွက် လက်ဆောင်လေး ဘာလေးလည်း ပေးဖို့လိုတယ်၊ အဲဒီလို မလုပ်ဘူး ဆိုရင်တော့ နောက်ပိုင်း ခက်ခဲနိုင်တယ်"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ကောင်းပါပြီ၊ ခုလိုသတိပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ"
ဆန်းလျန်မှာ မည်သည့် လက်ဆောင်ပစ္စည်းမှ ပါလာခြင်းမရှိသည့် အတွက် ကုန်သည်မှာ ခေါင်းတစ်ချက် ခါယမ်း လိုက်မိလေသည်။
ထိုကုန်သည်၏အမည်မှာ ကျူးကျား ဖြစ်လေသည်။
ချန်ချင်ဘုရင်မကသာ ငွေကြေး အမြောက်အမြား မပေးလိုက်လျှင် သူကလည်း ဆန်းလျန်ကို ယခုလောက် ပြောပြပြီး ဂရုစိုက်လိမ့်မည် မဟုတ်ပါ။
အမှန်တော့ ကုန်သည်ကြီး ကျူးကျားထံမှ ချန်ချင်ဘုရင်မ သင်ယူခဲ့သည့်အရာ များစွာ ရှိလေသည်။ ထို့ကြောင့် သူတို့နှစ်ယောက်၏ ဆက်ဆံရေးက အဆင်ပြေပြေ ရှိခဲ့လေသည်။
ကျူးကျားသည် ယင်းစန်းမှ သစ္စာရှိ ကုန်သည်တစ်ယောက် ဖြစ်ပြီး ထျန်းယီအကြီးအကဲ၏ တူတော်စပ် လေသည်။ လောကတွင် သတ္တိအရှိဆုံး ကုန်သည် တစ်ယောက်လည်း ဖြစ်လေသည်။
ဆန်းလျန်သည် ကုန်သည်များနှင့် လမ်းခွဲလိုက်ပြီး နိုင်ငံခြားရေးဝန်ကြီး၏ နေအိမ်သို့ ထွက်ခွာ သွားတော့သည်။
ထိုအချိန်တွင် ကုန်သည် အုပ်စုများထဲမှ ကြေးစိမ်းဖြင့် ပြုလုပ်ထားသည့် ဓားရှည် တစ်လက်ကို ကိုင်ထားသည့် လူငယ်တစ်ယောက်သည် ဆန်းလျန်ကို မျက်စိ တစ်ဆုံး စိုက်ကြည့် နေခဲ့လေသည်။
"ဝူတင်၊ အဲဒါ ရှီးလျန်က မင်းသားငယ်ပဲ၊ မင်းကြည့်ရတာ သူ့ကို တစ်ခုခု အလိုမကျသလိုပဲ၊ သူက ငါတို့ကုန်သည် အဖွဲ့နဲ့ တစ်လမ်းလုံး လိုက်လာတာ၊ မင်းက သူ့ကို စကားလေး တစ်ခွန်းတောင် မပြောဘူး"
"ယီကွေး၊ သူက တစ်ခုခုထူးခြားတယ်လို့ မထင်ဘူးလား"
ဝူတင်က ပြန်ပြောလိုက်သည်။
"သူက ထူးခြားတာပေါ့၊ သူ့ရဲ့ အသက်ရှူသံကလည်း ထူးခြားတယ်၊ ပြီးတော့ ကျင့်ကြံသူလည်း မဟုတ်၊ ထူးခြားတဲ့ စွမ်းအားပိုင်ရှင် မျိုးရိုးကလည်း မဟုတ်ဘူး"
ယီကွေးက ပြန်ပြောလိုက်သည်။
"ဒီခရီးတစ်လျှောက်လုံး သူထိတ်လန့် သွားတာမျိုးများ မင်းတွေ့ဖူးလား၊ သူ့ကြည့်ရတာ အမြဲတမ်း တည်ငြိမ်နေတာပဲ၊ ဘယ်အကြောင်းအရာတွေပဲ ကြားရကြားရ စိတ်မလှုပ်ရှားဘူး၊ သူ့ရဲ့ တည်ငြိမ်မှုက လူတစ်ယောက်ကိုတောင် သတိရသွားစေတယ်"
ဝူတင်က ပြန်ပြောလိုက်သည်။
"ဘယ်သူ့ကိုလဲ…"
ယီကွေးက မေးလိုက်လေသည်။
ဝူတင်က ယီကွေး၏ အမေးကို ပြန်မဖြေပါ။
လူတစ်ယောက်၏ ပုံရိပ်သည် သူ၏အတွေးထဲသို့ ဝင်ရောက် လာလေသည်။ ထိုသူမှ သာမန်လူများထက် အရပ်အနည်းငယ်မြင့်ပြီး ရုပ်ရည်ကတော့ သာမန်ပင် ဖြစ်လေသည်။ ထိုသူသည် ရှီးလျန်မှ မင်းသားငယ်ကဲ့သို့ပင် တည်ငြိမ်ပြီး နွေးထွေးသည့် စိတ်ထားရှိသူ ဖြစ်လေသည်။ လောကတွင် ထိုသူကို မည်သူမှ ဒုက္ခမပေးနိုင်သလို ထိုသူ မဖြေရှင်းနိုင်သည့် ပြဿနာဟူ၍လည်း မရှိပေ။
ထိုသူသည် တာ့ရှားပြည် ဧကရာဇ်ကဲ့သို့ တန်ခိုးစွမ်းအားမြင့်မားပြီး သိုင်းပညာလည်း ထူးချွန်သူ ဖြစ်လေသည်။ သို့သော် သူက တာ့ရှားပြည် ဧကရာဇ်ကဲ့သို့ ထောင်လွှားမော်ကြွားခြင်း မရှိပေ။
တာ့ရှား ဧကရာဇ်သည် နေမင်းကဲ့သို့ ဖြစ်ပြီး သူ၏ဂုဏ်သတင်းကို နေရာအနှံ့သို့ ပျံ့နှံ့စေသူ ဖြစ်လေသည်။
တာ့ရှားဧကရာဇ်သည် အလွန်စိတ်ဝင်စားဖွယ် ကောင်းသည့် အကျဉ်းထောင်ကြီးတစ်ခုကို တည်ဆောက် ထားခဲ့လေသည်။ ထိုအကျဉ်းထောင်ကြီးကို မြင့်မားသည့် တံတိုင်းကြီးများဖြင့် ကာရန်ထားပြီး ဝင်ပေါက်ကတော့ လေးထောင့်ပုံစံ ဖြစ်လေသည်။
အကျဉ်းထောင် လေးဘက်လေးတန်တွင် အဆုံးမရှိသည့် မီးတောက်များက တောက်လောင်နေပြီး ထိုမီးတောက်များမှာ နေရောင်ခြည် စွမ်းအင်ဖြင့် တောက်လောင်နေခြင်း ဖြစ်လေသည်။
ကောလာဟလများအရ ဆိုလျှင် အကျဉ်းထောင်မှာ အပူချိန် အလွန်မြင့်မားပြီး သံမဏိများကိုပင် အရည်ပျော်စေ နိုင်သည်ဟု ဆိုကြလေသည်။
ထိုမီးတံတိုင်းကြီးကို ရှားထိုက်တံတိုင်းဟု ခေါ်လေသည်။ ထိုတံတိုင်းကြီးကို တာ့ရှားဧကရာဇ် စိတ်တိုင်းကျ ဒီဇိုင်းရေးဆွဲထားခြင်း ဖြစ်လေသည်။ ထိုတံတိုင်းကြီးကို ဆောက်လုပ်စဉ်တွင် ကျွန်ပေါင်းများစွာ အသက်များ စတေးခဲ့ရလေသည်။
ရှားထိုက် အကျဉ်းထောင် အတွင်းတွင် အကျဉ်းသားတစ်ဦးသာ ရှိလေသည်။ ထိုသူမှ အသက်သုံးဆယ်ခန့် ရှိပြီ ဖြစ်သည့်တိုင် အသက်နှစ်ဆယ်ခန့် လောက်သာ ထင်ရလောက်အောင် နုပျိုလေသည်။ ထိုသူက နက်ရှိုင်းသည့် မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားပြီး အသိဉာဏ် ဗဟုသုတနှင့် ပြည့်ဝသည့်ပုံ ရလေသည်။
အစောင့် စစ်သည်တော်များသည် ရှားထိုက် အကျဉ်းထောင် ရှိရာနေရာကို ကြည့်ပင် မကြည့်ရဲကြပေ။
ထိုအကျဉ်းသား ဝတ်ဆင်ထားသည့် အဝတ်အစားများမှာ ပြာမှုန့်များ ဖြစ်သွားခဲ့ပြီး ထိုသူ၏ အသားများမှာလည်း မီးလောင်ကာ ရဲရဲနီတော့သည်။
"ကျီလု၊ ဧကရာဇ်မင်းက မင်းကို တကယ် လေးစားတာပါ၊ မင်းသာ သူ့ကိုတောင်းပန်လိုက်ရင် ဒီရှားထိုက်အကျဉ်း ထောင်ကနေ ချက်ချင်း လွှတ်ပေးမှာပဲ"
ကျယ်လောင်သည့် အသံတစ်သံသည် မီးတံတိုင်းကြီးကို ဖြတ်ကျော်ကာ ထွက်ပေါ် လာလေသည်။
အကျဉ်းထောင် အတွင်းမှ ထူးဆန်းသည့်လူသည် ထိုအသံကို ကောင်းကောင်း ကြားရမည် ဖြစ်လေသည်။
ကျီလုဆိုသည်မှာ အခြားသူ မဟုတ်ပေ။ ယင်းစန်းဒေသ၏ ခေါင်းဆောင် ထျန်းယီ အကြီးအကဲပင် ဖြစ်လေသည်။ သူ၏မျိုးရိုးက ကျီမျိုးရိုးဖြစ်ပြီး သူ၏ အမည်အရင်းမှာ ကျီလု ဖြစ်လေသည်။
ရှားထိုက် အကျဉ်းထောင် တံတိုင်းများထက်မှ မီးတောက်များကို ရွှမ်ကျန်း သူတော်စင်ခုနစ်ပါးပင် မတားဆီးနိုင်ပေ။ သို့သော် ထျန်းယီ အကြီးအကဲကတော့ ထိုမီးတောက် ဒဏ်ကို တောင့်ခံထားသည်မှာ နှစ်ဝက်ခန့်ပင်ရှိပြီ ဖြစ်လေသည်။
ထျန်းယီအကြီးအကဲက မီးလျှံတံတိုင်း အပြင်ဘက်မှ အသံကို ကြားရသည်နှင့် ပြန်ပြော လိုက်သည်။
"ယင်းလုန်နဂါးကြီး ဘာဖြစ်လို့ ထွက်လာတာလဲ၊ သူအိပ်ပျော်နေတာ ဆယ်နှစ်တောင်ရှိပြီ မဟုတ်လား၊ မိုးကြိုးပစ်ရင်တောင် နိုးမယ့်အကောင်ကြီး မဟုတ်ဘူး၊ ဒါပေမဲ့ ခုတော့ ယင်းလုန် နိုးထလာပြီ၊ အဲဒါ တိချိုးမှာ တန်ခိုးစွမ်းအားကြီးမားတဲ့ ဖြစ်တည်မှု တစ်ခု ရှိနေလို့ပဲ"
"ကျီလု၊ ဘယ်သူမှ မင်းကို မကယ်နိုင်ပါဘူး၊ မင်းလုပ်ရမယ့် တစ်ခုတည်းသော အလုပ်က ဧကရာဇ်မင်းကို တောင်းပန် လိုက်ဖို့ပဲ၊ ဘယ်လောက်ပဲ တန်ခိုးစွမ်းအား မြင့်မားတဲ့ လူတစ်ယောက် တိချိုးကို ရောက်လာပါစေ… မင်းကိုတော့ ကယ်နိုင်မှာ မဟုတ်ဘူး၊ မင်းအမှားကို ဝန်ခံလိုက်တာ အကောင်းဆုံးပဲ"
***