အခန်း (၁၆၁-၁၆၂)
Vol. 9 Ch. 161-162
အခန်း (၁၆၁) - လင်းကျင်း၏ ဆေးဖော်စပ်နည်းစနစ်
ဆေးဆရာအချို့မှာ အသက်အရွယ်ရနေပြီဖြစ်ကာ အချို့မှာ အသက် ခုနစ်ဆယ်၊ ရှစ်ဆယ်ဝန်းကျင်များ ဖြစ်ကြ၏။ သူတို့ထဲတွင် အငယ်ဆုံးဆိုလျှင်ပင် အနည်းဆုံး အသက်လေးဆယ်ခန့် ရှိပေပြီ။ လင်းကျင်းသည် အဆင့် ၂ သားရဲအကဲဖြတ်မှူး တစ်ဦးဖြစ်ကြောင်း သိကြသောအခါ၊ သူတို့သည်လည်း လာရောက်၍ လေးလေးစားစား နှုတ်ဆက်ကြ၏။
သို့သော် လင်းကျင်းက သူတို့၏ ဆေးဖော်စပ်ခန်းကို ငှားရမ်းလိုသည်ဟု ကြားသောအခါတွင်မူ ထိုသူများအားလုံး အံ့အားသင့်သွားကြရသည်။
“အကဲဖြတ်မှူးလင်းက ဆေးဖော်စပ်တာကိုလည်း တတ်ကျွမ်းတာလား”
တစ်ယောက်က မေးလိုက်၏။ သူ့အမည်မှာ ရှီဝမ်ဘင်းဖြစ်ပြီး ရှီဝမ်ကျွင်း၏ အကြီးဆုံးအစ်ကို ဖြစ်ပေသည်။
“နဲနဲပဲ တတ်တာပါ”
လင်းကျင်းက ရှေ့တွင် ဖြေခဲ့ဖူးသည့်အတိုင်းပင် ပြန်လည်ဖြေကြားလိုက်၏။
အခြား သက်ကြီးရွယ်အို တစ်ဦးကမူ လင်းကျင်းလက်ထဲရှိ သားရဲခေါင်းခွံဆေးဖိုကို မြင်သောအခါ အလန့်တကြား ရေရွတ်လိုက်၏။
“ဒါက... ကျိန်စာသင့်နေတဲ့ ဆေးဖို မဟုတ်လား”
ရှီဝမ်ကျွင်းက အခြေအနေကို ရှင်းပြလိုက်သောအခါ ဆေးဆရာအချို့မှာ မနှစ်မြို့သော မျက်နှာထားများ ဖြစ်သွားကြတော့သည်။
ရှီဝမ်ကျွင်းသည် ကလေးကစားသလို လုပ်နေပြီး လင်းကျင်းမှာလည်း ကိုယ့်နေရာကိုယ် မသိဘဲ လျှောက်လုပ်နေသည်ဟု သူတို့က ထင်မြင်နေကြခြင်း ဖြစ်၏။ ဒါက တကယ့်ကို အဓိပ္ပာယ်မရှိသော ကိစ္စပင်။ ဆေးဖော်စပ်ခြင်းဆိုသည်မှာ ကလေးကစားစရာ မဟုတ်သလို၊ မအောင်မြင်နိုင်ဟု အာမခံထားသော ဆေးဖိုကို သုံးခြင်းမှာ အချိန်နှင့် ဆေးဖက်ဝင်ပစ္စည်းများကို အလဟဿ ဖြုန်းတီးခြင်းသာ ဖြစ်ပေလိမ့်မည်။
သို့သော်လည်း လင်းကျင်းမှာ သူတို့၏ ဧည့်သည်ဖြစ်သလို ရှီဝမ်ကျွင်းကိုယ်တိုင်ကလည်း ကတိပေးထားပြီး ဖြစ်၏။ ဤသူများအားလုံးမှာ ရှီဝမ်ကျွင်းကို အလွန်ပင် လေးစားကြသူများ ဖြစ်ကြသည်။ အကြောင်းမှာ သူမသည် ရှီမိသားစုကို ပုခုံးထမ်းထားနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်သောကြောင့်ပင်။ ဆေးဖော်စပ်ခြင်း ပညာရပ်တွင် သူတို့က ပိုကောင်းချင် ကောင်းနိုင်သော်လည်း၊ အိမ်တော်သခင်မ တစ်ဦးအနေဖြင့်မူ သူမလောက် မစွမ်းဆောင်နိုင်မှန်း သူတို့ သိကြ၏။ ထို့ကြောင့် သူတို့သည် ရှီဝမ်ကျွင်းကို ကာကွယ်ပေးသလို အမြဲလည်း ထောက်ခံပေးကြပေသည်။
ထို့ကြောင့်ပင် မည်သူမျှ ဘာမှ ထပ်မပြောကြတော့ပေ။
သို့သော်လည်း သူတို့ စိတ်ဝင်စားနေကြသည်မှာတော့ အမှန်ပင်။
တခြားကိစ္စဆိုလျှင် သူတို့ စိတ်ပါချင်မှ ပါမည်ဖြစ်သော်လည်း၊ ဆေးဖော်စပ်ခြင်းနှင့် ပတ်သက်လာလျှင်မူ သူတို့မှာ အလွန်ပင် စိတ်အားထက်သန်ကြသူများ ဖြစ်၏။
“ကျုပ်တို့ အကဲဖြတ်မှူးလင်းရဲ့ ဆေးဖော်စပ်တဲ့ လုပ်ငန်းစဉ်ကို လေ့လာခွင့် ရနိုင်မလား”
ရှီဝမ်ဘင်းက မေးလိုက်၏။ ဆေးဆရာတစ်ဦး၏ ဆေးဖော်စပ်ပုံကို လေ့လာရန်မှာ ပထမဦးစွာ ခွင့်ပြုချက်တောင်းရန်မှာ သဘာဝပင် ဖြစ်ပေသည်။
“ရတာပေါ့”
လင်းကျင်းက ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏။
သူ ဒါကို အများကြီး ထည့်မစဉ်းစားထားပေ။ သူတို့က ကြည့်ချင်သည်ဆိုမှတော့ ငြင်းပယ်စရာ အကြောင်းရင်း မရှိပေ။
ရှီဝမ်ကျွင်း၏ မျက်ဝန်းများမှာလည်း ဝင်းလက်သွား၏။ သူမသည် လင်းကျင်းကို ဆေးဖော်စပ်ခန်းထဲသို့ လမ်းပြခေါ်ဆောင်သွားကာ၊ အခန်းထောင့်တွင် အခြားသော ဆေးဆရာများနှင့်အတူ ထိုင်၍ လင်းကျင်း၏ လုပ်ဆောင်ပုံကို စောင့်ကြည့်နေတော့သည်။
သူမသည်လည်း အခြားသူများကဲ့သို့ပင် စူးစမ်းချင်စိတ် ပြင်းပြနေမိ၏။
အကြောင်းမှာ လင်းကျင်း ရွေးချယ်လိုက်သည့် ဆေးဖိုမှာ သူမ၏ ဘိုးဘေးများက ‘ကျိန်စာသင့်ဆေးဖို’ ဟု သတ်မှတ်ထားခြင်းကြောင့်ပင်။ ဤဆေးဖိုသည် မည်သည့်ဆေးလုံးကိုမျှ ဖြစ်မြောက်အောင် မစွမ်းဆောင်နိုင်ဟု သူတို့မိသားစုက ကောက်ချက်ချထားခြင်း ဖြစ်သည်။
ဤအချက်မှာလည်း အကြိမ်ကြိမ် မှားယွင်းမှုများဖြင့် သက်သေထူပြီးသား ဖြစ်၏။
သို့သော်လည်း လင်းကျင်းမှာ ထိုအကြောင်းကို သိသွားသည့်တိုင်အောင် ဤဆေးဖိုကိုသာ ရွေးချယ်ခဲ့သဖြင့် ရှီဝမ်ကျွင်းမှာ အံ့ဩမဆုံး ဖြစ်နေရခြင်းပင်။
ထို့ကြောင့်ပင် သူမသည် မီးဂါထာစက္ကူနှင့် ဆေးဖော်စပ်ခန်းကို ပံ့ပိုးပေးကာ လင်းကျင်း၏ ဆေးဖော်စပ်မှုကို ကိုယ်တိုင် မြင်တွေ့လိုနေခြင်း ဖြစ်သည်။
သို့သော်လည်း သူမ၏ စိတ်ထဲတွင်မူ လင်းကျင်းမှာ သေချာပေါက် ကျရှုံးလိမ့်မည်ဟုပင် မှတ်ယူထားမိ၏။ သူမသည် သူမ၏ ဘိုးဘေးများ၏ ဆေးဖော်စပ်ခြင်း ပညာရပ်အပေါ် အလွန်ပင် ဂုဏ်ယူပြီး ယုံကြည်မှု ရှိသူ ဖြစ်ပေသည်။ မဟုတ်လျှင် ရှီမိသားစုမှာ ဤမျှ ကာလပတ်လုံး ကျော်ကြားနေမည် မဟုတ်ပေ။ သူမ၏ ဘိုးဘေးနှင့် ဖခင်တို့တောင်မှ ဤဆေးဖိုကို မသုံးနိုင်ခဲ့မှတော့၊ လင်းကျင်းအနေဖြင့်လည်း သေချာပေါက် သုံးနိုင်မည် မဟုတ်ပေ။
ရှီဝမ်ကျွင်း၏ အတွေးတွင်မူ လင်းကျင်းမှာ သံသယရှိနေပြီး သူ၏ သိက္ခာကို ကာကွယ်ချင်၍သာ စမ်းသပ်နေခြင်း ဖြစ်သည်ဟု ထင်နေ၏။ သူ၏ ကြိုးပမ်းမှုမှာ ကျရှုံးမှုနှင့်သာ အဆုံးသတ်မည်ဖြစ်ပြီး၊ ထိုအချိန်ကျမှ သူမက အခြားဆေးဖိုတစ်ခုကို ပြန်ရွေးခိုင်းကာ ဆေးဖက်ဝင်ပစ္စည်း အသစ်များကိုလည်း ပံ့ပိုးပေးမည်ဟု ကြိုတင် စဉ်းစားထားခြင်း ဖြစ်ပေသည်။
ရှီဝမ်ကျွင်းအနေဖြင့် မိသားစုကို ထိန်းချုပ်ထားနိုင်သည်မှာ အကြောင်းမဲ့တော့ မဟုတ်ပေ။
ရှီမိသားစုမှာ လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ဆုတ်ယုတ်လာခဲ့ပြီး၊ ချန်မိသားစုမှာ စီးပွားရေးပြိုင်ဘက်အဖြစ် အမီလိုက်လာခဲ့ခြင်း ဖြစ်၏။ အမှန်တကယ်တွင်မူ ချန်မိသားစုမှာ သူတို့ကို ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။
ဒါက လက်ရှိ အခြေအနေမှန်ပင်။
ဆေးဖော်စပ်ခြင်းနှင့် ပတ်သက်လာလျှင် ရှီဝမ်ကျွင်းမှာ မွေးရာပါ ပါရမီရှိသော်လည်း၊ သူမ၏ ဖခင်ထက်တော့ အနည်းငယ် လိုအပ်နေဆဲ ဖြစ်၏။ သူမ၏ အရည်အချင်းမှာ တစ်မိသားစုလုံးတွင် အတော်ဆုံးဟု ဆိုနိုင်သော်လည်း၊ မျိုးဆက်သစ်များထဲတွင်မူ သူမနှင့် ယှဉ်နိုင်သူ မရှိသလောက်ပင်။
၎င်းမှာ မိသားစု၏ ဆေးဖော်စပ်နည်းစနစ်များ မကောင်းမွန်၍ မဟုတ်ဘဲ၊ သင်ယူမည့်သူများ၏ ပြဿနာသာ ဖြစ်ပေသည်။
ဆေးဖော်စပ်ခြင်းတွင် အဆင့်တစ်ခုသို့ ရောက်ရှိရန်မှာ မွေးရာပါ နားလည်နိုင်စွမ်း ရှိရမည်ဖြစ်သလို၊ တစ်ချိန်တည်းမှာပင် သင်ယူမှုဖြစ်စဉ်တွင် များစွာ အားထုတ်ရမည် ဖြစ်သည်။ နှစ်မျိုးစလုံးမှာ လိုအပ်သော်လည်း မွေးရာပါ ပါရမီက ပို၍ အရေးကြီးသော အချက် ဖြစ်နေပြန်၏။
ဘာပဲဖြစ်ဖြစ် ဆေးဖော်စပ်ခြင်းမှာ ဆရာဝန်တစ်ဦး ဖြစ်လာသကဲ့သို့ပင် နှစ်ရှည်လများ အတွေ့အကြုံ စုဆောင်းရသည့် ကိစ္စပင်။ အချိန်ကြာလာမှသာလျှင် ပိုမို မြင့်မားသော အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
အကယ်၍ မိသားစုထဲတွင် ထူးချွန်သော ပါရမီရှင်တစ်ဦး ပေါ်ထွက်လာမည်ဆိုလျှင် မိသားစုကို ပိုမို အောင်မြင်အောင် ဦးဆောင်နိုင်မည် ဖြစ်သော်လည်း၊ ကံမကောင်းစွာပင် သူတို့၏ မျိုးဆက်များထဲတွင် မွေးရာပါ အသိဉာဏ် မြင့်မားသူမှာ လက်ချိုးရေတွက်ရုံမျှသာ ရှိခဲ့၏။ ထိုသူများထဲတွင်လည်း များစွာသောသူတို့မှာ မတော်တဆမှုများကြောင့် ခရီးတစ်ဝက်တွင်ပင် လက်လျှော့ခဲ့ကြရသည်။ ရလဒ်အနေဖြင့် လူအင်အား မလုံလောက်မှုမှာ မိသားစုကို ဆုတ်ယုတ်စေသည့် အဓိက အချက် ဖြစ်လာခဲ့ရ၏။
ဤပြဿနာ၏ အဖြေမှာ အမှန်တကယ်တွင် ရိုးရှင်းလှပေသည်။ မိသားစု စည်းကမ်းကို ဖျက်သိမ်းကာ အရည်အချင်းရှိသူများကို စုဆောင်းပြီး သူတို့၏ အဖိုးတန် သင်ကြားမှုများကို လက်ဆင့်ကမ်းပေးရန်သာ ဖြစ်၏။
သို့သော်လည်း ဤဆုံးဖြတ်ချက်မှာ ချမှတ်ရန် အလွန်ပင် ခက်ခဲလှပေသည်။
အမျိုးသမီးတစ်ဦးအနေဖြင့် ရှီဝမ်ကျွင်းသည် ဤရွှေရောင်စည်းကမ်းက မိသားစု တိုးတက်မှုကို အဟန့်အတား ဖြစ်နေမှန်း သိနေသည့်တိုင်အောင်၊ သူမသည် ၎င်းကို ဖျက်သိမ်းရန် မဝံ့ရဲခဲ့ပေ။
သူမ အတတ်နိုင်ဆုံးသာ ဆက်လက် ထိန်းသိမ်းထားနိုင်ပေသည်။
ကံကောင်းသည်မှာ ရှီမိသားစု၏ ဆေးဖော်စပ်နိုင်စွမ်းမှာ ထိပ်တန်းအဆင့်တွင် ရှိနေဆဲဖြစ်ပြီး၊ ဤအချက်မှာ ချန်မိသားစုအနေဖြင့် အစားထိုးနိုင်ခြင်း မရှိသေးသည့် နယ်ပယ်တစ်ခု ဖြစ်နေခြင်းပင်။
ရှီဝမ်ကျွင်းအနေဖြင့် ဆုံးရှုံးသွားသော နယ်ပယ်များကို ပြန်လည် သိမ်းပိုက်လိုပြီး ချန်မိသားစုက ဝါးမျိုနေသော ဆေးဝါးဈေးကွက်ကို ပြန်လည် ရယူလိုလျှင် ဘာလုပ်ရမည်နည်း။
ဓနအင်အား စုဆောင်းရမည် ဖြစ်၏။
သားရဲအကဲဖြတ်မှူး အသင်းချုပ်တွင် ဆေးဖက်ဝင်ပစ္စည်းများအတွက် လိုအပ်ချက် အလွန်များပြားလှပေသည်။ ထိုစဉ်က ချန်မိသားစုသည် ယခင် ဥက္ကဋ္ဌ ဝမ်ကျိနှင့် ပေါင်းပြီး အသင်းချုပ်သို့ ပစ္စည်းသွင်းခြင်းကို လက်ဝါးကြီးအုပ်နိုင်ခဲ့ကြ၏။ ဝမ်ကျိ အာဏာလက်လွှတ်လိုက်ရသည့်တိုင်အောင် ဤထောက်ပံ့မှုမှာ ပြတ်တောက်မသွားခဲ့ပေ။ ထို့ကြောင့် ရှီဝမ်ကျွင်းသည် လင်းကျင်းနှင့် ရင်းနှီးသော ဆက်ဆံရေး တည်ဆောက်ကာ ဤဆက်ဆံရေးမှတစ်ဆင့် ရှီမိသားစု၏ ဂုဏ်သိက္ခာကို ပြန်လည် မြှင့်တင်နိုင်ရန် မျှော်လင့်နေခြင်း ဖြစ်သည်။
ကြားသိရသော ကောလာဟလများအရ လင်းကျင်းနှင့် အသင်းချုပ်၏ ဥက္ကဋ္ဌသစ်မှာ အလွန်ပင် ရင်းနှီးကြသည် မဟုတ်ပါလား။
ရှီဝမ်ကျွင်းမှာ အတွေးများစွာဖြင့် နစ်မွန်းနေခဲ့၏။ သူမ မော့ကြည့်လိုက်ပြီး လင်းကျင်းကို အမှတ်မထင် လှမ်းကြည့်လိုက်သောအခါတွင်မူ သူမ၏ ခန္ဓာကိုယ်မှာ တောင့်တင်းသွားရတော့သည်။ စိတ်ထဲရှိ ရှုပ်ထွေးနေသော အတွေးများမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားရ၏။
အကြောင်းမှာ လင်းကျင်းသည် မီးဂါထာစက္ကူကို အသက်သွင်းရာတွင် သုံးသော မန္တန်မှာ အနည်းငယ် ကွဲပြားနေသည်ကို သူမ သတိပြုမိလိုက်သောကြောင့်ပင်။
မီးဂါထာစက္ကူကို အသက်သွင်းရန် နည်းလမ်းများစွာ ရှိပေသည်။ အချို့မှာ ရိုးရှင်းသော်လည်း အချို့မှာမူ ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင် နက်နဲလှပေသည်။
ရှီဝမ်ကျွင်းသည် အသက် ခြောက်နှစ်အရွယ်ကတည်းက ဆေးဖော်စပ်ခြင်း ပညာရပ်ကို သင်ယူခဲ့သူ ဖြစ်သည်။ သူမသည် များစွာသော မန္တန်များကို အလွတ်ရနေသော်လည်း၊ အခုတော့ လင်းကျင်း သုံးနေသော မန္တန်ကို သူမ လုံးဝ မမှတ်မိပေ။
ဒါက သူမ၏ အာရုံကို ချက်ချင်းပင် ဆွဲဆောင်သွားတော့၏။
ရှီဝမ်ကျွင်းသည် လင်းကျင်း ဘာတွေ လုပ်နေသလဲဆိုသည်ကို အနီးကပ် မြင်နိုင်ရန် ရှေ့သို့ တိုးကြည့်လိုက်မိ၏။
လင်းကျင်းသည် မီးဂါထာစက္ကူကို အသက်သွင်းလိုက်ပြီး ဆေးဖိုထဲသို့ ပစ်ထည့်လိုက်ရာ၊ ချက်ချင်းပင် မီးတောက်များ ထွက်ပေါ်လာတော့၏။ ထိုမီးတောက်များက ဆေးဖိုကို ချက်ချင်းပင် အပူပေးလိုက်ပေသည်။
“ပုံမှန်ဆိုရင်တော့ ဆေးဖိုကို အရင် အပူပေးပြီးမှ ဆေးဖက်ဝင်ပစ္စည်းတွေကို ထည့်ရမှာလေ... နေပါဦး၊ ဆေးဖက်ဝင်ပစ္စည်းတွေက ဘယ်မှာလဲ”
ရှီဝမ်ကျွင်း ထူးဆန်းမှုတစ်ခုကို တွေ့ရှိသွားရ၏။
ရှီဝမ်ဘင်းက စိတ်ပျက်နေသော အသံဖြင့် ပြန်ဖြေလိုက်သည်မှာ။
“သူ အထဲကို ထည့်ပြီးသွားပြီ”
ရှီဝမ်ကျွင်း ကြောင်အသွားရ၏။
“ဒီအကဲဖြတ်မှူးလင်းက မီးမထည့်ခင်ကတည်းက ဆေးဖက်ဝင်ပစ္စည်း အားလုံးကို ဆေးဖိုထဲ ထည့်ထားလိုက်တာပဲ... ဒါက တကယ့်ကို အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်ပဲ”
ရှီမိသားစုမှ သက်ကြီးဆေးဆရာ တစ်ဦးကလည်း မနှစ်မြို့စွာဖြင့် ခေါင်းခါပြလိုက်၏။
ဒါက ဆေးဖော်စပ်ခြင်း၏ အခြေခံ စည်းကမ်းများကို လုံးဝ ဆန့်ကျင်နေခြင်း ဖြစ်ပေသည်။
ရှီဝမ်ကျွင်း စကားပြောချင်သော်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းထားလိုက်၏။ ဒီလို နည်းလမ်းမျိုးနဲ့ သူက ဆေးအာနိသင်တွေကို ဘယ်လို ပေါင်းစပ်မှာလဲ။
ဘာပဲဖြစ်ဖြစ် အရည်ပျော်မှတ် နိမ့်တဲ့ ဆေးဖက်ဝင်ပစ္စည်းတွေက အခုဆိုရင် ပျော့ဖတ် ဖြစ်နေလောက်ပြီဖြစ်သလို၊ အရည်ပျော်မှတ် မြင့်တဲ့ ပစ္စည်းတွေကတော့ အပူချိန် ပိုလိုနေဦးမှာ ဖြစ်၏။ အကယ်၍ ပစ္စည်းအားလုံးကို တပြိုင်နက်တည်း ဖော်စပ်မည်ဆိုလျှင်၊ ဆေးပျော့ဖတ်မှာ လောင်ကျွမ်းသွားနိုင်သလို ဆေးအာနိသင်တွေလည်း ပျောက်ဆုံးသွားနိုင်ပေသည်။ ခြုံကြည့်ရလျှင် ဆေးလုံးက ကျရှုံးဖို့ သေချာနေပြီ ဖြစ်၏။
အဲဒီအချိန်မှာပင် လင်းကျင်း၏ မန္တန်က ပြောင်းလဲသွားတော့၏။
ချက်ချင်းဆိုသလိုပင် ဆေးဖိုထဲမှ လျှံထွက်နေသော မီးတောက်များမှာ အစိမ်းရောင်သို့ ပြောင်းလဲသွားရတော့သည်။
“ဆေးကို အရည်ပျော်စေဖို့ အနီရောင်မီးကို သုံးပြီး၊ ဆေးလုံး ဖြစ်တည်ဖို့အတွက် အစိမ်းရောင်မီးကို သုံးတာလား... အကဲဖြတ်မှူးလင်းက အခုပဲ ဆေးလုံးကို အချောသတ်တော့မှာလား... ဒါက အရမ်း စောလွန်းနေပြီလေ”
ရှီမိသားစုမှ သက်ကြီးဆေးဆရာ တစ်ဦးမှာ ဇဝေဇဝါ ဖြစ်သွားရတော့၏။
သူတစ်ယောက်တည်း မဟုတ်ဘဲ၊ ထိုနေရာရှိ လူတိုင်းပင် လင်းကျင်း၏ ဆေးဖော်စပ်ပုံကို လုံးဝ နားမလည်နိုင် ဖြစ်နေကြရ၏။
ဤလူများသည် ဆေးဖော်စပ်ခြင်း နယ်ပယ်တွင် တစ်သက်လုံး နစ်မွန်းလာခဲ့သူများ ဖြစ်ကြသည်။ အချို့ဆိုလျှင် ဆေးဖော်စပ်ခြင်းကို အနှစ် ငါးဆယ်ကျော် လေ့ကျင့်လာခဲ့ကြပြီး၊ သာမန်လူတွေ မမီနိုင်တဲ့ အတွေ့အကြုံကရတဲ့ ပင်ကိုယ်အသိတွေကို ပိုင်ဆိုင်ထားကြသူများ ဖြစ်၏။ သို့သော်လည်း ထိုသူများပင် ယခုအခါ ဘာလုပ်ရမှန်းမသိအောင် လမ်းပျောက်နေကြရရှာသည်။
“ဒါက အချိန်ဖြုန်းတာတင် မဟုတ်ဘူး၊ ဆေးဖက်ဝင်ပစ္စည်းတွေကိုပါ ဖြုန်းတီးနေတာပဲ”
တစ်ယောက်ကတော့ ဆက်ကြည့်မနေနိုင်တော့ဘဲ ထွက်သွားရန် ပြင်လိုက်၏။
“နေဦး”
သက်ကြီးရွယ်အို တစ်ဦးကတော့ တည်ငြိမ်သော အမူအရာဖြင့် ရုတ်တရက် အော်ဟစ်လိုက်၏။
“အကြီးအကဲ ၄"
ထွက်သွားရန် ပြင်နေသောသူမှာ ရပ်တန့်သွားရ၏။ သူသည် သူ့ကို လှမ်းခေါ်လိုက်သော ထိုအဘိုးအိုကို ဇဝေဇဝါဖြင့် ကြည့်လိုက်၏။ ထိုအဘိုးအိုမှာ လက်ရှိ ရှီမိသားစုတွင် အသက်အကြီးဆုံး ဆွေမျိုးတော်စပ်သူဖြစ်ပြီး၊ ရှီဝမ်ကျွင်း၏ ဖခင်ကိုယ်တိုင်ပင် အကြီးအကဲ၄ဟု ခေါ်ဆိုရသူ ဖြစ်ပေသည်။
အကြီးအကဲ၄က ပြောလိုက်သည်မှာ။
“အကဲဖြတ်မှူးလင်းရဲ့ ဒီဆေးဖော်စပ်ပုံက ငါတို့ ရှီမိသားစုရဲ့ ‘ရောင်ခြည်ခြောက်သွယ် ယပ်ခတ်နည်းစနစ်’နဲ့ အနည်းငယ် ဆင်တူနေသလိုပဲ"
ထိုစကားကြောင့် လူတိုင်း အံ့အားသင့်သွားကြရတော့သည်။
“အကြီးအကဲ၄ ပြောမှပဲ သတိထားမိတော့တယ်... အဲဒါနဲ့ တကယ် ဆင်နေတာပဲ”
“ဒါပေမဲ့ ငါတို့ ရှီမိသားစုရဲ့ ရောင်ခြည်ခြောက်သွယ် ယပ်ခတ်နည်းစနစ်က မိသားစု လျှို့ဝှက်ချက်လေ... အကဲဖြတ်မှူးလင်းက ဒါကို ဘယ်လို သိနေတာလဲ”
လူတိုင်း၏ အကြည့်များမှာ ရှီဝမ်ကျွင်းထံသို့ ချက်ချင်းပင် ရောက်ရှိသွားကြတော့သည်။
အခန်း (၁၆၂) - ဆေးလုံးဝိညာဉ်ဂါထာ
ရှီဝမ်ကျွင်းသည်လည်း အခြားသူများနည်းတူပင် တုန်လှုပ်ချောက်ချားသွားရ၏။
အကြီးအကဲ၄က လင်းကျင်း၏ ဆေးဖော်စပ်နည်းကို မှတ်ချက်ပေးလိုက်သောအခါ၊ သူမသည်လည်း ထိုနည်းစနစ်မှာ ရှီမိသားစု၏ လျှို့ဝှက်ဆေးဖော်စပ်နည်းတစ်ခုနှင့် အလွန်ပင် ဆင်တူနေကြောင်း မှတ်မိသွားခဲ့သည်။
ရှီမိသားစုသည် ဆေးဆရာမျိုးရိုးဖြစ်ရာ သူတို့၏ ဆေးဖော်စပ်နည်းများကို အလွန်ပင် လျှို့ဝှက်ထားကြပေသည်။ ဤအချက်မှာပင် မျိုးရိုးတူသူမှလွဲ၍ မည်သူ့ကိုမျှ မသင်ပေးရဟူသော ရွှေရောင်စည်းကမ်းအဖြစ် ပေါ်ထွက်လာခြင်း ဖြစ်၏။
သာမန်အခြေအနေတွင် ရှီဝမ်ကျွင်းသည်ပင် ထိုနည်းစနစ်များကို သင်ယူရန် သင့်တော်သူဟု သတ်မှတ်ခြင်း ခံရမည်မဟုတ်ပေ။
အကြောင်းမှာ သူမသည် အမျိုးသမီးတစ်ဦး ဖြစ်နေသောကြောင့်ပင်။
သမီးမိန်းကလေးဆိုသည်မှာ အချိန်တန်လျှင် အခြားသူထံ လက်ထပ်သွားရမည်ဖြစ်ပြီး၊ လက်ထပ်ပြီးသည်နှင့် ရှီမိသားစုဝင်အဖြစ်မှ ရပ်စဲသွားမည် ဖြစ်ပေသည်။
သို့သော်လည်း ရှီဝမ်ကျွင်း၏ အခြေအနေမှာ ထူးခြားလှပေသည်။ မိသားစုက သူမအတွက် အိမ်ထောင်ဖက်ကို အိမ်တွင်းသို့ လက်ထပ်ယူခိုင်းခဲ့ခြင်း ဖြစ်ရာ၊ သူမ၏ ခင်ပွန်းသည်မှာ ဇနီးအိမ်သို့ လိုက်နေရသူ ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော် သူမ၏ သားသမီးများသည် ရှီမျိုးရိုးကိုသာ ဆက်ခံကြမည် ဖြစ်သည်။ ထို့ကြောင့်ပင် သူမသည် မိသားစုစည်းကမ်းမှ ကင်းလွတ်ခွင့်ရရှိခဲ့ခြင်း ဖြစ်ပေသည်။
ထိုသို့သော အခြေအနေကြောင့်သာ ရှီဝမ်ကျွင်းသည် မိသားစု၏ လျှို့ဝှက်နည်းစနစ်များကို သင်ယူခွင့် ရရှိခဲ့ခြင်း ဖြစ်၏။
အခြားတစ်ဖက်တွင်မူ သူမ၏ခင်ပွန်း ဝူချန်းဝေကိုတော့ မိသားစုက ပြင်ပလူအဖြစ်သာ သတ်မှတ်ထားသဖြင့်၊ သူသည် မျိုးရိုးစဉ်ဆက် သင်ကြားမှုများကို လေ့ကျင့်ခွင့် မရှိခဲ့ပေ။
ဒါက ရှီမိသားစု၏ တင်းကျပ်လှသော စည်းကမ်းများပင် ဖြစ်၏။
လင်းကျင်း၏ ဆေးဖော်စပ်နည်းမှာ သူတို့၏ လျှို့ဝှက်နည်းစနစ်နှင့် ဆင်တူနေသည်ကို မြင်သောအခါ၊ လူတိုင်းက ရှီဝမ်ကျွင်းကို လှည့်ကြည့်လိုက်ကြ၏။ သူတို့ ဘာတွေးနေသည်မှာ သိသာလှပေသည်၊ သူမက မိသားစုလျှို့ဝှက်ချက်ကို လင်းကျင်းအား ထုတ်ဖော်ပြောကြားလိုက်သည်ဟု သံသယဝင်နေကြခြင်း ဖြစ်၏။
ဤကိစ္စမှာ အလွန်ပင် ကြီးလေးလှပေသည်။ ထိုကဲ့သို့သော လုပ်ရပ်မျိုးမှာ မိသားစုဥပဒေအရ ပြင်းထန်စွာ အပြစ်ပေးခံရမည့် ကိစ္စပင်။
လက်ရှိ မိသားစုအကြီးအကဲ ဖြစ်နေသည့်တိုင်အောင်၊ ရှီဝမ်ကျွင်းအနေဖြင့် အပြစ်ပေးခံရမည်မှာ သေချာလှပေသည်။
“ဝမ်ကျွင်း... မင်းက...”
ရှီဝမ်ဘင်းက ဇဝေဇဝါဖြင့် ကြည့်လိုက်၏။ သို့သော်လည်း ရှီဝမ်ကျွင်းက တည်ငြိမ်သော မျက်နှာထားဖြင့် ပြန်ဖြေလိုက်သည်မှာ။
“ကျွန်မ မိသားစုစည်းကမ်းတွေကို အမြဲတမ်း တသွေမတိမ်း လိုက်နာခဲ့ပါတယ်... ဘယ်တုန်းကမှလည်း ဖောက်ဖျက်ခဲ့တာ မရှိပါဘူး”
သူမသည် လင်းကျင်းကို ဘာမှ သင်ပေးခဲ့ခြင်း မရှိကြောင်း ဆိုလိုခြင်း ဖြစ်၏။
“ထပ်ပြောရရင် အကဲဖြတ်မှူးလင်းနဲ့ ကျွန်မ ဒီနေ့မှ ပထမဆုံးအကြိမ် တွေ့ဖူးတာ... ကျွန်မက သူ့ကို ဆေးဖော်စပ်နည်း လျှို့ဝှက်ချက်တွေကို ဘယ်လိုလုပ် သင်ပေးနိုင်မှာလဲ”
ရှီဝမ်ကျွင်းက ဖြည့်စွက် ပြောလိုက်၏။
ထိုစကားကို ကြားသောအခါ လူတိုင်းက သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။ သို့သော်လည်း လင်းကျင်း၏ ဆေးဖော်စပ်နည်းစနစ်မှာ သူတို့မိသားစု နည်းစနစ်နှင့် အလွန်ပင် ဆင်တူနေသည်မှာ ငြင်းမရသော အချက်ပင်။ တခြား ဘယ်လို အကြောင်းပြချက်မျိုး ရှိနိုင်ဦးမှာလဲ။
လင်းကျင်းက တိတ်တဆိတ် ခိုးယူသင်ယူခဲ့တာလား။
သူတို့၏ အကြည့်များမှာ ချက်ချင်းပင် ရန်လိုသော အမူအရာများ ဖြစ်သွားတော့သည်။
အခြားသူ၏ လျှို့ဝှက်နည်းစနစ်ကို ခိုးယူခြင်းမှာ အလွန်ပင် ကန့်ကွက်ရမည့် လုပ်ရပ်ဖြစ်သလို အခြေခံ ကျင့်ဝတ်ကိုလည်း ဖောက်ဖျက်ရာ ရောက်ပေသည်။ အကယ်၍ ဒါကသာ အမှန်ဖြစ်ခဲ့လျှင် ကြီးလေးသော နောက်ဆက်တွဲ ပြဿနာများ ဖြစ်ပေါ်လာနိုင်ပေသည်။
အကြီးအကဲ၄က ရှီဝမ်ကျွင်းကို တစ်ချက် ကြည့်လိုက်ကာ ပြောသည်မှာ။
“ဝမ်ကျွင်း... ငါတို့ မင်းကို ယုံပါတယ်... ငါ အကဲဖြတ်မှူးလင်းရဲ့ လုပ်ဆောင်ပုံကို သေချာ စောင့်ကြည့်နေတာ... ဒါက ငါတို့မိသားစုရဲ့ ‘ရောင်ခြည်ခြောက်သွယ် ယပ်ခတ်နည်းစနစ်’ နဲ့ ဆင်တူတယ်ဆိုပေမဲ့၊ အပေါ်ယံ ပုံစံလောက်ပဲ တူတာပါ... အသေးစိတ် အချက်အလက်တွေမှာတော့ အခြေခံကျကျ ကွဲပြားတာတွေ ရှိနေတယ်”
လူတိုင်းသည် သူတို့၏ အာရုံကို လင်းကျင်းထံသို့ ပြန်လည် ပို့ဆောင်လိုက်ကြ၏။
အသေအချာ စစ်ဆေးကြည့်လိုက်သောအခါ အကြီးအကဲ၄ ပြောသည့်အတိုင်းပင် ဖြစ်နေ၏။ အပေါ်ယံတွင် ဆင်တူနေသော်လည်း အခြေခံကျကျ ကွဲပြားမှုများ ရှိနေပေသည်။
ကွဲပြားနေရုံသာမကဘဲ အလွန်ပင် ကွာခြားလှပေ၏။
လင်းကျင်း၏ နည်းစနစ်မှာ ပိုမို ပြည့်စုံနေပုံရ၏။ သူတို့၏ မူလနည်းစနစ်ထဲတွင် ရှိနေသော ချို့ယွင်းချက်အချို့ပင်လျှင် လင်းကျင်း၏ လုပ်ဆောင်မှုတွင် ပျောက်ကွယ်နေပေသည်။
လင်းကျင်း အသုံးပြုနေသော လျှို့ဝှက်နည်းစနစ်မှာ မူလလက်ဟောင်း နည်းစနစ်ကြီး ဖြစ်နေပြီး၊ ရှီမိသားစု၏ နည်းစနစ်မှာမူ ထိုနည်းစနစ်မှ ခွဲထွက်လာသော အခက်အလက်တစ်ခုသာ ဖြစ်နေသကဲ့သို့ပင်။
တစ်ခုခုကို စဉ်းစားမိသွားဟန်ဖြင့် အကြီးအကဲ၄၏ မျက်နှာထား ပြောင်းလဲသွားကာ အလွန်ပင် စိတ်လှုပ်ရှားလာပုံရ၏။
“ဝမ်ဘင်း... တံခါးတွေ ပိတ်လိုက်စမ်း"
အကြီးအကဲ၄၏ ထူးဆန်းသော အပြုအမူကြောင့် အခြားသူများမှာ လန့်ဖျန့်သွားကြရသည်။ ရှီဝမ်ဘင်းကတော့ ချက်ချင်းပင် တံခါးများကို ပိတ်လိုက်၏။
အကြီးအကဲ၄က လင်းကျင်းကို စိုက်ကြည့်ရင်း လေသံတိုးတိုးဖြင့် ပြောလိုက်သည်မှာ။
“မင်းတို့အားလုံး ဆေးဖော်စပ်နည်း သင်ယူတုန်းက ဘိုးဘေးရဲ့ မှတ်တမ်းတွေကို ဖတ်ခဲ့ဖူးကြတယ် မဟုတ်လား”
လူတိုင်း ခေါင်းညိတ်လိုက်ကြ၏။
မိသားစု၏ ဆေးဖော်စပ်နည်းကို ငယ်စဉ်ကတည်းက သင်ယူလာသူတိုင်းသည် ပထမဦးစွာ ဘိုးဘေး၏ မှတ်တမ်းများကို ဖတ်ရှုရခြင်း ဖြစ်သည်။ ထိုမှတ်တမ်းများတွင် ဆေးဖော်စပ်နည်း မန္တန်များသာမက မိသားစုစည်းကမ်းများနှင့် ဘိုးဘေးတို့၏ သတ်မှတ်ချက်များလည်း ပါဝင်ပေသည်။
“ငါတို့ ဘိုးဘေးရဲ့ မှတ်တမ်းထဲမှာ၊ သူဟာ မူလက ဆေးလုံးနဲ့ ဆေးဝါးတွေ လိုက်ရောင်းတဲ့ လှည့်လည်သွားလာနေတဲ့ ဆေးဆရာတစ်ယောက်ပဲလို့ ဆိုထားတယ်... သာမန်လူတစ်ယောက်သက်သက်ပဲ... ဒါပေမဲ့ ကံကောင်းတဲ့ နေ့တစ်နေ့မှာတော့ သူဟာ ရှေးဟောင်း ဆေးဖော်စပ်နည်းဂါထာတစ်ခုကို တွေ့ရှိခဲ့တယ်... အဲဒီကနေ သူဟာ ကြီးမားတဲ့ သိမြင်မှုတွေကို ရရှိခဲ့ပြီး ငါတို့မိသားစုရဲ့ လျှို့ဝှက်ဆေးဖော်စပ်နည်းတွေကို ဖန်တီးနိုင်ခဲ့တာ... အဲဒီကနေပဲ ငါတို့မိသားစုအတွက် ရာစုနှစ်တစ်ခုစာ ဂုဏ်သိက္ခာတွေ ရရှိလာခဲ့တာပေါ့... တစ်နည်းအားဖြင့် ပြောရရင် ငါတို့ ရှီမိသားစုရဲ့ နည်းစနစ်တွေ အားလုံးဟာ အဲဒီတုန်းက ဘိုးဘေး ဖတ်ရှုခဲ့ရတဲ့ ဆေးဖော်စပ်နည်းဂါထာကနေ ဆင်းသက်လာတာပဲ... အဲဒီဂါထာရဲ့ နာမည်ကို မင်းတို့ မှတ်မိကြသေးလား”
အကြီးအကဲ၄က တိုးတိုးလေး မေးလိုက်၏။
လူတိုင်း အသက်ရှူမှားသွားကြရသည်။
“ဒါက... ‘ဆေးလုံးဝိညာဉ်ဂါထာ’လား”
“မှန်တာပေါ့"
အကြီးအကဲ၄သည် ယခင်က ဤမျှအထိ စိတ်လှုပ်ရှားနေသည်ကို မည်သူမျှ မမြင်ဖူးခဲ့ကြပေ။
“ဒါက ဆေးလုံးဝိညာဉ်ဂါထာပဲ... ရှီမိသားစုရဲ့ ဆေးဖော်စပ်နည်းတွေဟာ ဆေးလုံးဝိညာဉ်ဂါထာကနေ ရရှိတဲ့ အချက်အလက်တွေအပေါ် အခြေခံထားတယ်လို့ ဘိုးဘေးက ဆိုခဲ့ဖူးတယ်... ဒါပေမဲ့ နှမြောစရာကောင်းတာက အဲဒီတုန်းက သူ မြင်ခဲ့ရတာဟာ အဲဒီဂါထာရဲ့ အပိုင်းအစတစ်ခုပဲ ဖြစ်နေတာ.... သူက သစ်ပင်ကြီးတစ်ပင်ရဲ့ အတွင်းဘက် နံရံပေါ်မှာ ထွင်းထုထားတာကို တွေ့ခဲ့တာ၊ ဒါပေမဲ့ နောက်ပိုင်းမှာ အဲဒီဂါထာကို ပြန်ကူးဖို့ သွားတဲ့အခါမှာတော့ အဲဒီရှေးဟောင်းတောအုပ်ကြီးဟာ မြေလှန်မီးရှို့ခံလိုက်ရပြီ... ဒါဟာ ဘုရားသခင်ရဲ့ အလိုတော်လည်း ဖြစ်နိုင်သလို၊ ငါတို့ ဘိုးဘေးတွေကလည်း မှာကြားခဲ့ဖူးတယ်... အကယ်၍ ငါတို့ရဲ့ နည်းစနစ်နဲ့ ဆင်တူပေမဲ့ ပိုမိုမြင့်မားတဲ့ နည်းစနစ်ကို တွေ့ခဲ့မယ်ဆိုရင်၊ အဲဒါဟာ မူရင်း ဆေးလုံးဝိညာဉ်ဂါထာကနေ ဆင်းသက်လာတာပဲ ဖြစ်ရမယ်လို့ပေါ့"
လူတိုင်း နားလည်သွားကြတော့သည်။
သူတို့သည် စိတ်ကို တည်ငြိမ်အောင်ထားပြီး လင်းကျင်း၏ လုပ်ဆောင်ပုံကို အသေးစိတ် ထပ်မံ လေ့လာလိုက်ကြ၏။ အမှန်တကယ်ပင် ထိုလူ၏ နည်းစနစ်မှာ ပိုမို ပြည့်စုံပြီး နက်နဲလှပေသည်။ ဘိုးဘေးတို့၏ မှတ်တမ်းများနှင့် ပြန်လည် တိုက်ဆိုင်ကြည့်လိုက်သောအခါ...။
အဖြေမှာ ရှင်းလင်းသွားပြီ ဖြစ်၏။
သူတို့၏ အသက်ရှူသံများမှာ ပြင်းထန်လာပြီး ရှီဝမ်ကျွင်းကိုယ်တိုင်ပင် အလွန် စိတ်လှုပ်ရှားနေမိ၏။
လင်းကျင်းကို ပြန်ကြည့်လိုက်သောအခါ သူတို့၏ မျက်ဝန်းထဲတွင် မနှစ်မြို့မှုနှင့် သံသယများ ပျောက်ကွယ်သွားရပြီ ဖြစ်၏။ ထိုနေရာတွင် စိတ်လှုပ်ရှားမှုနှင့် လေးစားမှုများက အစားထိုး ဝင်ရောက်လာတော့သည်။
ဘာဖြစ်လို့လဲဆိုတော့ ဒီအကဲဖြတ်မှူးလင်းဟာ ဘိုးဘေးတို့ရဲ့ မှတ်တမ်းမှာ ပါရှိတဲ့ မူရင်း ဆေးလုံးဝိညာဉ်ဂါထာကို သိနေတဲ့သူ ဖြစ်နိုင်ခြေ အလွန်များနေသောကြောင့် ဖြစ်၏။
ထိုစဉ်က ဘိုးဘေးမှာ ခရီးသွားရင်း ငတ်ပြတ်ပြီး အေးခဲနေခဲ့ခြင်း ဖြစ်၏။ သူသည် သစ်ခေါင်းထဲတွင် ခိုလှုံရင်းမှ သစ်ပင်နံရံပေါ်တွင် ထွင်းထုထားသော ဆေးလုံးဝိညာဉ်ဂါထာကို အမှတ်မထင် တွေ့ရှိခဲ့ခြင်း ဖြစ်ပေသည်။ ထိုအချိန်တွင် သူ့မှာ စုတ်တံ သို့မဟုတ် စက္ကူ မရှိသဖြင့် မှတ်တမ်းမတင်နိုင်ခဲ့သော်လည်း၊ သူ၏ ဉာဏ်ရည်နှင့် မှတ်ဉာဏ်ကောင်းမှုကြောင့် ထိုသင်ကြားမှုများကို အလွတ်မှတ်နိုင်ခဲ့ခြင်း ဖြစ်၏။ သို့သော်လည်း သူ ပြန်ရောက်သည့်အချိန်တွင်မူ အချို့သော အစိတ်အပိုင်းများကို မေ့လျော့သွားခဲ့ရသည်။ ဆေးဖော်စပ်နည်းကို စတင် လေ့လာပြီး ဂါထာ၏ လစ်ဟာနေသော နေရာများကို ဖြည့်စွက်ခဲ့သည့်တိုင်အောင်၊ မူရင်းနှင့်တော့ မယှဉ်နိုင်ခဲ့ပေ။ အရည်အသွေး ကွာခြားမှုမှာ အလွန်ပင် ကြီးမားလှပေသည်။
ထို့ကြောင့်ပင် ဆေးလုံးဝိညာဉ်ဂါထာကို သိနိုင်ဖွယ်ရှိသော သူတစ်ဦးနှင့် တွေ့ဆုံရသည့် အလားအလာမှာ သူတို့ကို အလွန်ပင် စိတ်ဓာတ်တက်ကြွစေခြင်း ဖြစ်၏။
သူတို့ စောင့်ကြည့်လေလေ၊ အဖြေက ပိုသေချာလာလေလေ ဖြစ်၏။
အကြီးအကဲ၄၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီမြန်းနေ၏။ သူက တိုးတိုးလေး ပြောလိုက်သည်မှာ။
“အကယ်၍ ငါတို့သာ မူရင်း ဆေးလုံးဝိညာဉ်ဂါထာကို သင်ယူနိုင်မယ်ဆိုရင်၊ ငါတို့ ရှီမိသားစုဟာ သေချာပေါက် ပိုမို မြင့်မားတဲ့ အဆင့်ကို ရောက်ရှိနိုင်မှာပဲ... ဒါဟာ ငါတို့ ဘိုးဘေးရဲ့ ဆန္ဒလည်း ဖြစ်တယ်"
အခု နောက်ထပ် ပြဿနာတစ်ခု ပေါ်လာပြန်ပြီ ဖြစ်၏။
သူတို့ ဘယ်လို သင်ယူကြမှာလဲ။
ပထမတော့ လူတိုင်း စိုးရိမ်ပူပန်နေကြ၏။ ကံကောင်းသည်မှာ သူတို့သည် အနီးကပ် စောင့်ကြည့်ခွင့်ရသဖြင့် လင်းကျင်းသည် သူတို့၏ နည်းစနစ်ကို ခိုးယူထားခြင်း မဟုတ်ကြောင်း သက်သေပြနိုင်ခဲ့ခြင်းပင်။ အကယ်၍သာ သူတို့က အကဲဖြတ်မှူးလင်းကို အတင်းအဓမ္မ စစ်မေးခဲ့မည်ဆိုလျှင်၊ အခြေအနေမှာ တကယ့်ကို ရုပ်ဆိုးသွားပေလိမ့်မည်။
သူ၏ ‘အရိပ်ခြောက်ခု သားရဲဝိညာဉ်ဆေးလုံး’ ကို ဖော်စပ်ရာတွင် အာရုံစိုက်နေသော လင်းကျင်းကတော့ ရှီမိသားစု ဘာတွေ တွေးနေသလဲဆိုတာကို လုံးဝ မသိပေ။ သူသည် လက်ရှိတွင် သားရဲပြတိုက်မှ ပေးထားသော ညွှန်ကြားချက်များအတိုင်း ဆေးလုံးကို ဖော်စပ်နေခြင်း ဖြစ်ပေသည်။
ဒါက သူငယ်ချင်းဆီကနေ အိမ်စာ ကူးနေရသလိုပင်။
အခုတော့ သူ နောက်ဆုံးအဆင့်ကို ရောက်ရှိလာပြီ ဖြစ်၏။
ဆေးဖိုထဲရှိ ဆေးလုံးမှာ တဖြည်းဖြည်း ပုံစံပေါ်လာပြီ ဖြစ်၏။ ဆေးလုံးမှာ အချောသတ် မပြီးသေးသော်လည်း၊ လင်းကျင်းအနေဖြင့် ဆေးလုံး၏ ပုံသဏ္ဌာန်မှာ ကြည်လင်သော ရေခဲလုံးကဲ့သို့ ဖောက်ထွင်းမြင်နေရသည်ကို တွေ့မြင်နေရ၏။
ဆေးလုံးထံမှ အေးစိမ့်သော အငွေ့အသက်များပင် ထွက်ပေါ်နေပေသည်။
မီးကို အသုံးပြုပြီး အရိပ်ဆေးလုံးတစ်လုံး ဖော်စပ်ရခြင်းမှာ အလွန်ပင် စိန်ခေါ်မှုကြီးမားလှသဖြင့် သာမန်ဆေးဆရာများမှာ စမ်းသပ်ရန်ပင် ဝံ့ရဲကြမည် မဟုတ်ပေ။
သို့သော်လည်း ဆေးလုံး ဖြစ်တည်တော့မည့် အလွန် အရေးကြီးသော အချိန်တွင်၊ ဆေးဖိုအတွင်းရှိ မီးတောက်များမှာ သားရဲဝိညာဉ်တစ်ခု ဟိန်းဟောက်ပြီး သောင်းကျန်းနေသကဲ့သို့ လှုပ်ခတ်လာတော့၏။
ဆေးလုံးမှာ အက်ကွဲတော့မည့် ပုံပေါ်နေ၏။
ဤဆေးဖိုသည် ကျိန်စာသင့်နေပြီး ဆေးလုံး အချောသတ်ခါနီးတိုင်း အမြဲ ကျရှုံးတတ်သည်ဟူသော ရှီမိသားစု၏ ပြောစကားကို လင်းကျင်း သတိရသွား၏။
ဒါဟာ ဆေးဖိုထဲမှာ သောင်းကျန်းနေတဲ့ သားရဲဝိညာဉ်ကြောင့် ဖြစ်ရပေမည်။
လင်းကျင်းသည် ဤသားရဲဝိညာဉ်မှာ အဆင့် ၄ ပိုယီ၏ ဝိညာဉ်ဖြစ်ကြောင်း သိထား၏။ ဤထူးခြားသားရဲမှာ ဆေးဖိုအဖြစ် ပြုလုပ်ခံလိုက်ရခြင်းကို မကျေမနပ် ဖြစ်နေပုံရသဖြင့်၊ ၎င်းက ဖျက်ဆီးမှုများ ပြုလုပ်နေခြင်းမှာ သဘာဝကျလှပေသည်။
အကယ်၍ တခြားလူသာဆိုလျှင် ဘာမှ မတတ်နိုင်ဘဲ ဆေးလုံး အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသည်ကိုသာ ကြည့်နေရပေလိမ့်မည်။ သို့သော် လင်းကျင်းတွင် နည်းလမ်း ရှိပေသည်။
သူသည် လက်တစ်ဖက်ဖြင့် ဆေးဖော်စပ်ခြင်း တံဆိပ်ခတ်နှိပ်မှုကို ထိန်းထားရင်း၊ အခြားလက်တစ်ဖက်ဖြင့် ‘သားရဲခြောက်လှန်ခြင်း’ ဂါထာကို အသက်သွင်းလိုက်၏။ ချက်ချင်းဆိုသလိုပင် ပြတိုက်မှ ရရှိထားသော ‘အလယ်အလတ်အဆင့် သားရဲခြောက်လှန်နိုင်စွမ်း’ က ဆေးဖိုအတွင်းရှိ သားရဲဝိညာဉ်ကို လွှမ်းမိုးသွားတော့သည်။
အလယ်အလတ်အဆင့် သားရဲခြောက်လှန်နိုင်စွမ်းသည် အဆင့် ၄ နှင့် အောက်ရှိ သားရဲများကို၊ အရှင်ဖြစ်စေ၊ အသေဖြစ်စေ နှိမ်နင်းနိုင်စွမ်း ရှိပေသည်။
ဆေးဖိုအတွင်းရှိ ပိုယီဝိညာဉ်မှာ တုန်လှုပ်သွားရ၏။ လျှပ်စီးအပစ်ခံလိုက်ရသကဲ့သို့ ၎င်းသည် တုန်တုန်ယင်ယင်နှင့် နောက်သို့ ဆုတ်သွားကာ ထပ်မံ၍ ပြဿနာ မရှာရဲတော့ပေ။
တစ်ပြိုင်နက်တည်းမှာပင် ဆေးလုံး ဖြစ်တည်သွားတော့၏။
လင်းကျင်းသည် ကျိန်စာသင့်ဆေးဖိုကို အသုံးပြုပြီး ဆေးလုံး ဖော်စပ်နိုင်ခဲ့သည်ကို မြင်သောအခါ၊ ရှီမိသားစုဝင်များ၏ မျက်လုံးများမှာ မျက်လုံးအိမ်ထဲမှ ထွက်ကျမတတ် အံ့ဩသွားကြရတော့သည်။
သူတို့သည် စောစောက လင်းကျင်း၏ ဆေးဖော်စပ်နည်းစနစ်ကိုသာ အာရုံစိုက်နေမိသဖြင့် အလွန် အရေးကြီးသော အချက်တစ်ခုကို မေ့နေခဲ့ကြခြင်း ဖြစ်၏။
ဒါဟာ သူတို့ ဘိုးဘေးတောင် သုံးမရခဲ့တဲ့ ‘သားရဲခေါင်းခွံဆေးဖို’ ဖြစ်ပေသည်။ ရှီမိသားစုရဲ့ ထိပ်တန်းဆေးဆရာကြီးတွေလည်း စမ်းသပ်ခဲ့ကြပေမဲ့ ဘယ်သူမှ ဆေးလုံး မဖော်စပ်နိုင်ခဲ့ကြဘူးလေ။
ဤမျှ ခက်ခဲသော အခြေအနေများကြားမှ လင်းကျင်းကတော့ အောင်မြင်သွားခဲ့ပြီ ဖြစ်၏။
လင်းကျင်းသည် နဖူးမှ ချွေးများကို သုတ်လိုက်ကာ ရှီမိသားစုဘက်သို့ လှည့်ကြည့်လိုက်၏။ ထိုအချိန်ကျမှသာ သူ့ထံသို့ စူးစိုက်ကြည့်နေသော စိတ်အားထက်သန်သည့် အကြည့်များကို သူ သတိပြုမိလိုက်တော့သည်။