အခန်း (၁၆၃-၁၆၄)
Vol. 9 Ch. 163-164
အခန်း (၁၆၃) - အကဲဖြတ်မှူးလင်းက လူပျိုကြီးလို့ ကြားတယ်
လင်းကျင်း အံ့အားသင့်သွားရ၏။
ရှီမိသားစုဝင်များ သူ့ကို စိုက်ကြည့်နေကြသည့် ပုံစံမှာ ငတ်မွတ်နေသော ဝံပုလွေအုပ်ကြီးက အရသာရှိလှသည့် အသားတုံးကြီးကို တွေ့လိုက်ရသကဲ့သို့ပင်။ ရေခဲပြင်သခင်မလေးဟု တင်စားရသည့် ရှီဝမ်ကျွင်းပင်လျှင် ထိုအထဲတွင် ပါဝင်နေပေသည်။
လင်းကျင်း ဘာတွေဖြစ်နေမှန်း မသိလိုက်ခင်မှာပင် ထိုလူအုပ်ကြီးက သူ့ထံသို့ ‘အုပ်စုလိုက်’ တိုးဝှေ့လာကြတော့သည်။
“အကဲဖြတ်မှူးလင်းက တကယ့်ကို ထူးချွန်တဲ့ လူငယ်လေးပဲ... လူကြီးမင်းရဲ့ ဆေးဖော်စပ်ပုံကို ကြည့်ရှုခွင့်ရတာ ကျုပ်တို့အတွက်တော့ ဂုဏ်ယူစရာပါပဲဗျာ”
“အကဲဖြတ်မှူးလင်းက ဆေးဖော်စပ်ခြင်းပညာမှာ တကယ့်ကို ဆရာတစ်ဆူပဲ... ကျုပ်တောင် နားမလည်နိုင်တဲ့ အချက်အလက်တွေကို အခုမှ ရှင်းရှင်းလင်းလင်း သိလိုက်ရတော့တယ်... လူကြီးမင်းဆီကနေ သင်ကြားပြသမှုတွေ ရရှိဖို့ မျှော်လင့်ပါတယ်”
“အကဲဖြတ်မှူးလင်း...”
လင်းကျင်းမှာ ထိုလူအုပ်ကြီး၏ ဝိုင်းအုံခြင်းကို ချက်ချင်းပင် ခံလိုက်ရတော့သည်။
ကံကောင်းထောက်မစွာဖြင့် အကြီးအကဲ၄က ချောင်းတစ်ချက် ဟန့်လိုက်ပြီး၊ ထိုသူများမှာ ယဉ်ကျေးမှု ဖောက်ဖျက်နေကြောင်း သတိပေးကာ စိတ်အေးအေးထားရန် တိုက်တွန်းလိုက်၏။
“အကဲဖြတ်မှူးလင်း... ကျုပ် ဒီနေ့ တကယ့်ကို အများကြီး သင်ယူလိုက်ရပါတယ်... မျှော်လင့်ထားတဲ့အတိုင်းပါပဲ၊ တော်တဲ့သူထက် ပိုတော်တဲ့သူဆိုတာ အမြဲရှိနေတာပဲ... အကယ်၍ အဆင်ပြေမယ်ဆိုရင် အကဲဖြတ်မှူးလင်း ကျုပ်တို့နဲ့အတူ ထမင်းတစ်နပ်လောက် အတူစားပါဦး... လူကြီးမင်းဆီကနေ ဆေးဖော်စပ်နည်းတွေအကြောင်း ထပ်ပြီး သင်ယူချင်ပါသေးတယ်” ဟု အကြီးအကဲ၄က ရိုရိုသေသေ ဖိတ်ကြားလိုက်၏။
သားရဲပြတိုက်မှ ပေးထားသော ထူးခြားသည့် ဆေးဖော်စပ်နည်းစနစ်များကြောင့်ပင် ရှီမိသားစုထံမှ ဤကဲ့သို့သော တုံ့ပြန်မှုများ ထွက်ပေါ်လာခြင်းဖြစ်မှန်း လင်းကျင်း ရိပ်မိလိုက်ပေသည်။
သို့သော်လည်း သူ့ထံမှ နည်းစနစ်များ သင်ယူရန်ဆိုသည်ကိုတော့ သူတို့ မေ့ထားလိုက်ခြင်းက အကောင်းဆုံးပင် ဖြစ်လိမ့်မည်။
၎င်းမှာ လင်းကျင်းက ပညာအလွန်တွန့်တိုနေ၍ မဟုတ်ဘဲ၊ ဆေးဖော်စပ်ခြင်းနှင့် ပတ်သက်လျှင် သူကိုယ်တိုင်လည်း အများကြီး မသိသောကြောင့် ဖြစ်၏။ အကယ်၍ သူသာ သူတို့ကို သင်ကြားပြသပေးမည်ဆိုလျှင်၊ သူ၏ အသိပညာမှာ မည်မျှအထိ အပေါ်ယံဆန်ကြောင်း မကြာခင်မှာပင် ပေါ်သွားပေလိမ့်မည်။
ထို့ကြောင့်ပင် လင်းကျင်းအနေဖြင့် သူတို့၏ တောင်းဆိုမှုကို ငြင်းပယ်ရန်မှတစ်ပါး အခြားမရှိပေ။
သူ့တွင် အလုပ်များ ရှိနေသေးကြောင်း ပြောကာ ငြင်းလိုက်၏။
ရှီမိသားစုဝင်များမှာလည်း သူ၏ အဖြေကြောင့် အလွန်အမင်း အံ့ဩမသွားကြပေ။ ဘာပဲဖြစ်ဖြစ် ‘ဆေးလုံးဝိညာဉ်ဂါထာ’ ကဲ့သို့သော အဖိုးတန်လှသည့် ပညာရပ်ကို အလွယ်တကူ သင်ပေးလိမ့်မည်ဟု သူတို့လည်း မမျှော်လင့်ထားကြပေ။ သူတို့သာ လင်းကျင်း၏ နေရာတွင်ဆိုလျှင်လည်း ထိုတောင်းဆိုမှုကို ငြင်းပယ်ကြမည်သာ ဖြစ်၏။
အခုတော့ သူလိုချင်သည့် ဆေးလုံးကိုလည်း ရပြီဖြစ်သလို၊ တခြား လုပ်စရာများလည်း ရှိနေသေးသဖြင့် လင်းကျင်းသည် သူတို့ကို နှုတ်ဆက်ကာ ထွက်ခွာခဲ့တော့သည်။
ရှီဝမ်ကျွင်းက သူ့ကို အိမ်ရှေ့တံခါးအထိ လိုက်လံပို့ဆောင်ပေးခဲ့၏။ သူမ အခန်းထဲသို့ ပြန်ရောက်လာသောအခါ၊ သူမ၏ အကြီးအကဲ၄နှင့် အခြားသူများမှာ ဝိုင်းဖွဲ့ကာ အလေးအနက် ဆွေးနွေးနေကြသည်ကို တွေ့လိုက်ရသည်။
အခုတော့ ပြင်ပလူ မရှိတော့ပြီဖြစ်ရာ သူတို့အားလုံး ပွင့်ပွင့်လင်းလင်း ပြောဆိုနိုင်ကြပြီ ဖြစ်၏။
အကြီးအကဲ၄က ပြောနေသည်မှာ။
“အကဲဖြတ်မှူးလင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ တကယ့်ကို အရည်အချင်းရှိတာပဲ... အဆင့် ၂ သားရဲအကဲဖြတ်မှူး တစ်ဦးဖြစ်ရုံတင်မကဘဲ၊ ဆေးဖော်စပ်ခြင်း ပညာမှာလည်း ဒီလောက်အထိ တတ်ကျွမ်းနေတာကို ငါ တကယ်ပဲ အံ့ဩမိတယ်... မင်းတို့ထဲက တစ်ယောက်ယောက် သိလား... သူက အိမ်ထောင်ပြုပြီးပြီလား၊ ဒါမှမဟုတ် စေ့စပ်ထားတဲ့သူရော ရှိလား”
ဉာဏ်ကောင်းလှသော ထိုလူအုပ်ကြီးမှာ အကြီးအကဲ ၄ ဘာတွေ ကြံစည်နေသည်ကို ချက်ချင်းပင် ရိပ်မိလိုက်ကြ၏။
သို့သော်လည်း သူတို့သည် လင်းကျင်းနှင့် ပတ်သက်၍ အများကြီး မသိကြပေ။ ရှီဝမ်ကျွင်းကို မြင်သောအခါမှ သူမကို လှမ်းမေးလိုက်ကြတော့သည်။
ရှီဝမ်ကျွင်းသည် လင်းကျင်း၏ နောက်ကြောင်းကို စုံစမ်းထားဖူးသဖြင့်၊ သေချာပေါက် သူမသည် သူတို့ထက် ပိုသိပေသည်။
“အကဲဖြတ်မှူးလင်းက အိမ်ထောင်မရှိသေးပါဘူး၊ ဒါပေမဲ့ စေ့စပ်ထားတဲ့သူတော့ ရှိခဲ့ဖူးတယ်”
ရှီဝမ်ကျွင်း စကားမဆုံးခင်မှာပင် အကြီးအကဲ ၄က အလျင်အမြန် မေးလိုက်၏။
“သူက စေ့စပ်ထားတာလား... ဘယ်မိသားစုနဲ့လဲ”
“ချန်မိသားစုနဲ့ပါ”
ရှီဝမ်ကျွင်းက ဖြေလိုက်၏။
“ဘာ"
လူတိုင်း အံ့အားသင့်သွားကြရသည်။ မကြာသေးမီ နှစ်များအတွင်း ဆေးဝါးကုန်သွယ်မှုတွင် သူတို့ကို အမီလိုက်လာသည့် ချန်မိသားစုမှာ ယခုအခါ မေပယ်မြို့၏ ဈေးကွက်ကိုပါ လွှမ်းမိုးထားပြီး သူတို့ကို ကျော်တက်သွားခဲ့ပြီ ဖြစ်သည်။ ပြိုင်ဘက်မိသားစု ဖြစ်နေသဖြင့်၊ လင်းကျင်းနှင့် ချန်မိသားစုတို့၏ ပတ်သက်မှုကို ကြားလိုက်ရသောအခါ ရှီမိသားစုဝင်များမှာ အသက်ရှူမှားသွားကြရ၏။
အထူးသဖြင့် အကြီးအကဲ ၄မှာ အလွန်ပင် စိတ်ပူသွားပုံရ၏။ “ဒါကတော့ မကောင်းဘူး... အဲဒီချန်မိသားစုက ငါတို့ထက် ဆေးဆိုင်လုပ်ငန်းမှာ သာနေပြီ... အကယ်၍ သူတို့သာ အကဲဖြတ်မှူးလင်းကိုပါ ရသွားမယ်ဆိုရင်၊ သူ့ရဲ့ ဆေးဖော်စပ်နိုင်စွမ်းနဲ့ဆိုရင် ငါတို့ ရှီမိသားစုတော့ ဒုက္ခရောက်တော့မှာပဲ”
လူတိုင်း၏ မျက်နှာပေါ်တွင် စိတ်ပျက်အားငယ်မှုများ အရိပ်ထင်လာတော့သည်။
ရှီဝမ်ကျွင်းက နှာခေါင်းတစ်ချက် ရှုံ့လိုက်ရင်း။
“အကြီးအကဲ ၄... ကျွန်မ ပြောတာက အကဲဖြတ်မှူးလင်းက ချန်မိသားစုနဲ့ စေ့စပ် ‘ခဲ့ဖူး’ တာလို့ ပြောတာပါ... ဒါပေမဲ့ မကြာခင်မှာပဲ ချန်းမိသားစုဘက်က ကတိဖျက်ပြီး စေ့စပ်မှုကို ဖျက်သိမ်းလိုက်ကြတာ”
အကြီးအကဲ၄နှင့် အခြားသူများမှာ ခဏမျှ ကြောင်အသွားကြရ၏။
သူတို့၏ မျက်နှာအမူအရာများမှာ သူတို့ ဘာတွေးနေသည်ကို ဖော်ပြနေပေသည်။
‘ချန်မိသားစုက တုံးအကုန်ကြတာလား... ချန်ဝမ်လင်းရဲ့ ခေါင်းကို မြည်းကန်ခံထားရလို့လား... ဘာလို့ ဒီလောက် မိုက်မဲတဲ့ လုပ်ရပ်မျိုးကို လုပ်ကြတာလဲ’
ရှီဝမ်ကျွင်းက ဆက်လက် ရှင်းပြလိုက်သည်မှာ။
“ကျွန်မ ဒီကိစ္စကို စုံစမ်းကြည့်ပြီးပါပြီ... အကဲဖြတ်မှူးလင်းက အေးအေးဆေးဆေး နေတတ်ပြီး အာဏာလုတဲ့ ကိစ္စတွေမှာ မပါဝင်တတ်သလို၊ သူ့ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ထုတ်ကြွားလေ့ မရှိဘူး... တစ်ဘက်မှာလည်း အဲဒီချန်ဝမ်လင်းဆိုတာက အလွန် ဟန်ဆောင်ကောင်းတဲ့သူပဲ... သူက လူတော်တစ်ယောက်လို ဟန်ဆောင်ထားပေမဲ့ တကယ်တော့ လောဘကြီးတဲ့သူမှန်း သိသာတယ်... သူက အကဲဖြတ်မှူးလင်းကို သားရဲအကဲဖြတ်မှူး တစ်ဦးဖြစ်လို့သာ မျက်စိကျခဲ့တာ... အကဲဖြတ်မှူးလင်းက အသင်းချုပ် ဥက္ကဋ္ဌရဲ့ ဖိနှိပ်မှုကို ခံရပြီး အောက်ခြေကို ရောက်သွားတဲ့အချိန်မှာ၊ သူ့သမီးက စေ့စပ်မှုကို ချက်ချင်း ဖျက်သိမ်းခဲ့တာပဲ... အံ့ဩစရာကောင်းတာက ချန်ဝမ်လင်းကလည်း ဘာမှ မစဉ်းစားဘဲ အဲဒါကို သဘောတူခဲ့တာ.... နောက်ပိုင်းမှာ အကဲဖြတ်မှူးလင်းက ပြန်လည် နာမည်ကြီးလာတဲ့အခါကျမှ၊ သူက နောင်တရပြီး အကဲဖြတ်မှူးလင်းနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် ကြိုးစားခဲ့သေးတယ်... ဒါပေမဲ့ အခုအထိတော့ သူ အောင်မြင်တဲ့ အရိပ်အယောင် မတွေ့ရသေးပါဘူး”
“ဟားဟား... ထိုက်တာပဲ”
အကြီးအကဲ၄က ဝမ်းသာအားရ ခုန်ပေါက်လိုက်၏။ “ကောင်းကင်ကြီးက ငါတို့မိသားစုကို ကူညီနေတာပဲ... ကောင်းကင်ကြီးကို ကျေးဇူးတင်လိုက်တာ”
ရှီဝမ်ကျွင်းသည် သူမ၏ အကြီးအကဲ၄၏ အကြံအစည်ကို အခုမှ နားလည်သွားတော့သည်။ သူမ တစ်ခုခု ပြောချင်သော်လည်း နောက်ဆုံးတွင်တော့ ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းထားလိုက်၏။
ဘာပဲဖြစ်ဖြစ် အကြီးအကဲ၄က မိသားစုအတွက် စေတနာနဲ့ စဉ်းစားပေးနေခြင်း မဟုတ်ပါလား။
“ဝမ်ဘင်း... မင်းရဲ့သမီး ‘ဟွေ့လင်း’ က ဒီနှစ်ဆိုရင် နှစ်ဆယ့်ရှစ်နှစ် ရှိပြီ မဟုတ်လား... သူမက ထက်မြက်ပြီး နူးညံ့သိမ်မွေ့တဲ့သူဆိုတော့ သေချာပေါက် အရည်အချင်း ပြည့်မီမှာ... ပြီးတော့ အကြီးအကဲ၅... ခင်ဗျားရဲ့မြေးမလေး ‘ရော့ထုံ’ ကလည်း အသက်ချင်း ဆင်တူတာပဲ... သူမက ဟွေ့လင်းထက် တစ်နှစ်ပဲ ငယ်တာဆိုတော့ သူမကိုလည်း စာရင်းထဲ ထည့်ထားလိုက်"
အကြီးအကဲ၄မှာ ပျော်ရွှင်စွာ လက်ဝါးချင်း ပွတ်ရင်း လိုအပ်သည့် စီစဉ်မှုများကို စတင် ပြုလုပ်တော့၏။ ရှီဝမ်ဘင်းနှင့် အကြီးအကဲ၅တို့ကလည်း သူ၏ အကြံပြုချက်ကို မကန့်ကွက်ကြပေ။
အကယ်၍ သူတို့သာ မိသားစု၏ အမျိုးသမီး မျိုးဆက်များထဲမှ တစ်ဦးဦးကို လင်းကျင်းနှင့် လက်ထပ်ပေးနိုင်မည်ဆိုလျှင်၊ ‘ဆေးလုံးဝိညာဉ်ဂါထာ’ ပိုင်ရှင်ကြီးမှာ သူတို့လက်ထဲ ရောက်ရှိလာမည် မဟုတ်ပါလား။ ဤကုန်သွယ်မှုမှာ မည်သည့်ဘက်က ကြည့်ကြည့် သူတို့အတွက် အကျိုးအမြတ် ရှိလှပေသည်။
ထိုစဉ် တစ်ယောက်က ကြားဖြတ် ပြောလိုက်၏။
“သူက ငါတို့မိသားစုထဲကို ‘သားမက်’ အဖြစ် ဝင်လာမယ်ဆိုရင် ပိုကောင်းမှာပဲနော်”
အကြီးအကဲ၄က မျက်မှောင်ကြုတ်လိုက်ကာ ငေါက်လိုက်၏။
“ငါတို့က အကဲဖြတ်မှူးလင်းကို တောင်းဆိုနေရတာလေ၊ ပြောင်းပြန်မှ မဟုတ်တာ... ငါတို့မိသားစုထဲ ဝင်လာဖို့လား... သူ့ကို အဲဒီ အသုံးမကျတဲ့ ဝူချန်းဝေနဲ့ သွားမနှိုင်းနဲ့...”
စကားတစ်ဝက်မှာပင် သူသည် အလွန် မသင့်တော်သော စကားကို ပြောမိသွားမှန်း သိလိုက်သဖြင့် ပါးစပ်ကို ချက်ချင်း ပိတ်လိုက်၏။
လူတိုင်း၏ မျက်နှာများ တောင့်တင်းသွားကြပြီး လေထုမှာ အနေရခက်သွားရတော့သည်။ ရှီဝမ်ကျွင်းမှာလည်း ဤနေရာတွင် ရှိနေသေးသလို၊ ဒီနေ့ မနက်မှာပင် သူမသည် ဝူချန်းဝေနှင့် ကွာရှင်းကြောင်း ကြေညာခဲ့သည် မဟုတ်ပါလား။
ဤအခြေအနေတွင် ဝူချန်းဝေက အရှက်ရဆုံးသူ ဖြစ်နေသော်လည်း၊ ရှီမိသားစုအတွက်လည်း အကောင်းကြီးတော့ မဟုတ်ပေ။
သို့သော် ရှီဝမ်ကျွင်းမှာ ထိုစကားကြောင့် တုန်လှုပ်သွားခြင်း မရှိပေ။ သူမသည် ထရပ်လိုက်ကာ ပြောလိုက်သည်မှာ။
“အကြီးအကဲ၄ရဲ့ စေတနာကို ကျွန်မ နားလည်ပါတယ်... လက်ထပ်ထိမ်းမြားခြင်းအားဖြင့် ဆက်ဆံရေးကို ခိုင်မြဲစေတာက ရှေးယခင်ကတည်းက သုံးခဲ့တဲ့ နည်းလမ်းကောင်း တစ်ခုပါပဲ... ရှီမိသားစုရဲ့ အကြီးအကဲ တစ်ဦးအနေနဲ့ အကဲဖြတ်မှူးလင်းနဲ့ ရင်းနှီးအောင် လုပ်ဖို့ကို ကျွန်မ သဘောတူပါတယ်... ဒါပေမဲ့ ကျွန်မတို့ အရမ်း စိတ်မစောဖို့တော့ လိုလိမ့်မယ်၊ မဟုတ်ရင် အရာအားလုံးက ပြောင်းပြန် ဖြစ်သွားနိုင်လို့ပါ”
ရှီမိသားစုဝင်များမှာလည်း သဘောတူသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြ၏။
လက်ထပ်ဖို့ ဆုံးဖြတ်ခြင်း မပြုမီ၊ တစ်ဖက်လူ၏ သဘောထားကို အရင် သိရပေမည်။ မဟုတ်လျှင် ဤမင်္ဂလာကိစ္စမှာ ပြဿနာများနှင့်သာ အဆုံးသတ်သွားနိုင်ပေသည်။
မည်သူမျှ ဝူချန်းဝေ အကြောင်းကို ထပ်မပြောကြတော့ပေ။ ဘာပဲဖြစ်ဖြစ် ရှီဝမ်ကျွင်းသည် လက်ရှိ မိသားစု အကြီးအကဲ ဖြစ်ပေသည်။ သူမ၏ ကွာရှင်းမှုအပေါ် မည်သူမျှ မှတ်ချက်ပေးပိုင်ခွင့် မရှိပေ။ ထို့အပြင် သူတို့သည် ဝူချန်းဝေကို စိတ်ပျက်နေကြသည်မှာ ကြာလှပေပြီ။ လေးဘွားကြီးကိုယ်တိုင်ပင် ထိုလူသည် ရှီဝမ်ကျွင်းနှင့် မထိုက်တန်ကြောင်း အကြိမ်ကြိမ် ပြောခဲ့ဖူးသည် မဟုတ်ပါလား။
တကယ်တော့ သူက သူမနဲ့ လုံးဝ မထိုက်တန်ခဲ့တာပါ။
ထို့ကြောင့်ပင် သူတို့သည် ကွာရှင်းခြင်းကို တိတ်တဆိတ် သဘောတူခဲ့ကြခြင်း ဖြစ်၏။ ရှီဝမ်ကျွင်း၏ အသက်အရွယ်နှင့် ရုပ်ရည်၊ သူမ၏ နောက်ခံနှင့် အရည်အချင်းများအရ နောက်ထပ် အိမ်တွင်းဝင် သားမက်တစ်ဦး ရဖို့မှာ သူတို့အတွက် မခက်ခဲလှပေ။
သို့သော်လည်း မကြာခင်မှာပင် ရှီမိသားစုထံသို့ တုန်လှုပ်စရာ သတင်းတစ်ခု ရောက်ရှိလာတော့သည်။
ဒီနေ့ နေ့လယ်ကတည်းက ချန်မိသားစု၏ ဆေးဆိုင်များတွင် အသင့်သုံး ဆေးလုံးများကို စတင် ရောင်းချနေပြီ ဖြစ်ကြောင်းနှင့်၊ ထိုဆေးလုံးများမှာ ရှီမိသားစု ရောင်းချနေသော ဆေးလုံးများနှင့် ဆင်တူသော်လည်း ဈေးနှုန်းမှာ အဆမတန် သက်သာနေကြောင်း သိလိုက်ရ၏။
ဒါက ရှီမိသားစုကို အကြီးအကျယ် တုန်လှုပ်သွားစေတော့သည်။
ချန်မိသားစုမှာ ဆေးဆိုင်လုပ်ငန်းတွင် သူတို့ကို ကျော်တက်သွားခဲ့ပြီ ဖြစ်သော်လည်း၊ ဆေးလုံး ဖော်စပ်ခြင်းမှာတော့ ရှီမိသားစု၏ တစ်ခုတည်းသော အသက်သွေးကြောနှင့် အဓိက ကျွမ်းကျင်သော နယ်ပယ် ဖြစ်နေသေး၏။
အခုတော့ ချန်မိသားစုက ထိုနယ်ပယ်ကိုပါ ချဲ့ထွင်လာပြီး သူတို့နှင့် ဆင်တူသော ဆေးလုံးများကိုပါ ရောင်းချလာခြင်း ဖြစ်၏။ ဤလုပ်ရပ်မှာ ရှီမိသားစုကို အသေသတ်လိုက်ခြင်းပင် ဖြစ်ပေသည်။
အကယ်၍ ချန်မိသားစုက ဆေးလုံးလုပ်ငန်းကိုပါ သိမ်းပိုက်သွားမည်ဆိုလျှင်၊ ရှီမိသားစုမှာ သေချာပေါက် ပြိုလဲသွားမည်ဖြစ်ပြီး ဘယ်တော့မှ ပြန်မထူနိုင်တော့ပေ။
ဤအခြေအနေကြောင့် ရှီဝမ်ကျွင်းပင်လျှင် ထိတ်လန့်သွားရတော့သည်။
ညမိုးချုပ်သောအခါ စုံစမ်းရန် လွှတ်ထားသော ရှီမိသားစု၏ လက်အောက်ငယ်သားများ ပြန်ရောက်လာပြီး သတင်းအသစ်များကို ပေးအပ်ကြ၏။
သတင်းနှစ်ခုကို သူတို့ အတည်ပြုနိုင်ခဲ့သည်။
ပထမတစ်ခုမှာ ဝူချန်းဝေနှင့် ချန်ဝမ်လင်းတို့ ပူးပေါင်းသွားကြခြင်း ဖြစ်ပြီး၊ ဒုတိယတစ်ခုမှာ ချန်မိသားစု၏ ဆေးလုံးဈေးကွက်သို့ ချဲ့ထွင်လာမှု၏ နောက်ကွယ်တွင် ဝူချန်းဝေ ရှိနေခြင်းပင် ဖြစ်၏။
ခိုင်လုံသော သက်သေ မရှိသော်လည်း၊ ဒါကို ခန့်မှန်းရသည်မှာ မခက်လှပေ။
အကယ်၍ ချန်မိသားစုက ဆေးလုံး ရောင်းချချင်သည်ဆိုလျှင် ဆေးဆရာများကို ငှားရမ်းနိုင်ပေသည်။ သူတို့၏ တစ်ခုတည်းသော ပြဿနာမှာ သက်ဆိုင်ရာ ဆေးနည်းများ မရှိခြင်းပင်။
ဆေးနည်းဆိုသည်မှာ ဤလုပ်ငန်း၏ အဓိကသော့ချက် ဖြစ်ပေသည်။
ချန်မိသားစုက ရှီမိသားစုနှင့် ဆင်တူသော ဆေးလုံးများကို ရောင်းချနေခြင်းမှာ၊ ဝူချန်းဝေသည် တစ်နည်းနည်းဖြင့် သူတို့မိသားစု၏ ဆေးနည်းများကို ခိုးယူကာ ချန်မိသားစုကို ပေးလိုက်ခြင်း ဖြစ်ကြောင်း သက်သေပြနေပေသည်။
ရှီအိမ်တော်၏ ခန်းမဆောင်ကြီးအတွင်းတွင် ဆေးဆိုင်ခွဲများမှ ဆိုင်မန်နေဂျာများ စုရုံးရောက်ရှိနေကြ၏။ လူတိုင်း၏ မျက်နှာပေါ်တွင် စိုးရိမ်သောကများ အရိပ်ထင်နေကြပေသည်။
“သခင်မ... ချန်မိသားစုကို မူပိုင်ခွင့် ခိုးယူမှုနဲ့ အာဏာပိုင်တွေဆီမှာ တိုင်ကြားကြရအောင်ပါ” ဟု ဆိုင်မန်နေဂျာ တစ်ဦးက အကြံပြုလိုက်၏။
အခန်း (၁၆၄) - ချန်ဝမ်လင်း ကျေနပ်နေခြင်း
ဤဆိုင်မန်နေဂျာအချို့မှာ ရှီမိသားစုတွင် လုပ်သက်ရင့်နေပြီဖြစ်သောသူများ ဖြစ်ကြ၏။ အချို့ဆိုလျှင် ရှီဝမ်ကျွင်း၏ ဖခင်လက်ထက်ကတည်းက ခစားလာခဲ့ကြသူများ ဖြစ်ရာ၊ သူတို့နှင့် ရှီမိသားစုကြားရှိ သံယောဇဉ်မှာ သွေးသားရင်းချာကဲ့သို့ပင် နက်ရှိုင်းလှပေသည်။
ထို့အပြင် သူတို့၏ အကျိုးစီးပွားမှာလည်း ရှီမိသားစုနှင့် တစ်ဆက်တည်း ဖြစ်နေ၏။ အကယ်၍ ရှီမိသားစုသာ ပြိုလဲသွားမည်ဆိုလျှင် သူတို့လည်း အလုပ်လက်မဲ့ ဖြစ်ကြရပေလိမ့်မည်။
“ဟုတ်ပါတယ်... ဒါကို အာဏာပိုင်တွေဆီ တိုင်သင့်တယ်” အခြား ဆိုင်မန်နေဂျာများကလည်း ထောက်ခံလိုက်ကြ၏။
ရှီဝမ်ကျွင်းကတော့ မျက်မှောင်ကြုတ်လျက် ခေါင်းခါပြလိုက်သည်မှာ။
“ကျွန်မတို့မှာ ခိုင်လုံတဲ့ သက်သေမရှိဘူး... ပြီးတော့ ချန်မိသားစုက သူတို့ဆေးလုံးတွေမှာ သုံးထားတဲ့ နာမည်တွေကလည်း ကျွန်မတို့နဲ့ မတူဘူး... ဒါကြောင့် တိုင်လည်း ဘာမှ ထူးလာမှာ မဟုတ်ဘူး”
ရှီဝမ်ကျွင်းကတော့ အခြေအနေကို ကောင်းကောင်း နားလည်ထားပေသည်။
ချန်မိသားစုက သူတို့နှင့် အမျိုးအစားတူ ဆေးလုံးတွေ ရောင်းနေရုံမျှနှင့် ဆေးနည်းကို ခိုးယူပါတယ်ဟု စွပ်စွဲ၍ မရပေ။ နှစ်ဖက်စလုံး၏ ဆေးနည်းတွေကို ချပြပြီး တိုက်ဆိုင်စစ်ဆေးနိုင်မှသာ ဖြစ်နိုင်မည်။ သို့သော် ပါဝင်ပစ္စည်းတွေက ထပ်တူကျနေသည့်တိုင်အောင်၊ ဒါက ဘာကို သက်သေပြနိုင်မှာလဲ။
ဒါက အဓိက ပြဿနာကို ဖြေရှင်းပေးနိုင်မည် မဟုတ်ပေ။
ဘာပဲဖြစ်ဖြစ် ပြစ်မှုကျူးလွန်သူကို လက်ပူးလက်ကျပ် မိခဲ့တာမှ မဟုတ်တာပဲလေ။
ရှီဝမ်ကျွင်း သက်ပြင်းတစ်ချက် ချလိုက်မိ၏။ ဝူချန်းဝေသည် မိသားစုက မရိပ်မိခင်မှာပင် ဆေးနည်းတွေကို ခိုးယူထားခြင်း သို့မဟုတ် မိတ္တူကူးထားခြင်း ဖြစ်ရမည်။ ဒါက တစ်ရက်တည်းနှင့် လုပ်ခဲ့ခြင်းမျိုး မဟုတ်ပေ။
တစ်နည်းအားဖြင့် ပြောရလျှင် ဝူချန်းဝေသည် ရှီမိသားစုကို တိုက်ခိုက်ရန် လွန်ခဲ့သော အချိန်ကတည်းက ကြံစည်နေခဲ့ခြင်း ဖြစ်ပေသည်။
ရှီဝမ်ကျွင်းအနေဖြင့် ဝူချန်းဝေကို အပြတ်ရှင်းပစ်ရန် အမိန့်ပေးဖို့ စဉ်းစားမိသော်လည်း၊ ထိုလူ သေသွားသည့်တိုင်အောင် လက်ရှိ သူတို့ ရင်ဆိုင်နေရသော အခက်အခဲကို ကူညီနိုင်မည် မဟုတ်ပေ။
ထို့အပြင် လူသတ်မှုဆိုသည်မှာလည်း တစ်နည်းမဟုတ် တစ်နည်းဖြင့် ဆိုးကျိုးများသာ ဖြစ်ပေါ်စေမည် မဟုတ်ပါလား။
“အားလုံးပဲ... ချန်မိသားစုက ဆေးလုံးတွေ စတင်ရောင်းချနေပြီ ဆိုပေမဲ့၊ သူတို့ရဲ့ ဆေးအာနိသင်က ကျွန်မတို့လောက် မကောင်းနိုင်ပါဘူး... သူတို့က ဈေးနှုန်းနဲ့ပဲ အသာစီးရအောင် လုပ်နေတာ.... ဒါကြောင့် လောလောဆယ်မှာတော့ ဝယ်လိုအား ကျမသွားအောင် ကျွန်မတို့ဘက်ကလည်း ဈေးနှုန်းတွေကို လျှော့ချလိုက်ကြရအောင်”
ရှီဝမ်ကျွင်းသည် လက်ရှိ အကျပ်အတည်းအတွက် ယာယီ တုံ့ပြန်မှုကို ဆုံးဖြတ်လိုက်တော့သည်။
ဆိုင်မန်နေဂျာများမှာလည်း ခေါင်းညိတ်လိုက်ကြ၏။ အခုချိန်မှာတော့ ဒါက သူတို့အတွက် တစ်ခုတည်းသော ရွေးချယ်စရာပင်။
ရှီမိသားစု၏ မှိုင်တွေနေသော အခြေအနေနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ချန်မိသားစုတွင်မူ အလွန်ပင် စည်ကားတက်ကြွနေပေသည်။
စားဖွယ်စုံလင်စွာ ခင်းကျင်းထားသော စားပွဲတစ်ခုတွင် ချန်မိသားစု၏ အိမ်ထောင်ဦးစီးနှင့် ဝူချန်းဝေတို့ ထိုင်နေကြပြီး၊ အပြန်အလှန် ခွက်ချင်းတိုက်ကာ ဂုဏ်ပြုနေကြ၏။
“သခင်လေးဝူ... ရှီမိသားစုကို တစ်ချက်တည်းနဲ့ အလဲထိုးနိုင်ခဲ့တာက လူကြီးမင်းရဲ့ ကူညီပံ့ပိုးမှုတွေကြောင့်ပါပဲ”
ချန်းဝမ်လင်းက ဝူချန်းဝေကို ဝိုင်ခွက်မြှောက်၍ ချီးကျူးလိုက်၏။
ဝူချန်းဝေကလည်း ကျေနပ်နေသော အမူအရာ ဖြစ်သွားရသည်။
“လူကြီးမင်းကလည်း မြှောက်ပင့်လွန်းနေပါပြီ... ဒါပေမဲ့ ရှီမိသားစုကိုတော့ လျှော့မတွက်သင့်ဘူးနော်၊ အထူးသဖြင့် အဲဒီမိန်းမ... ရှီဝမ်ကျွင်းပေါ့... သူမမှာ လှည့်ကွက်တွေ အများကြီး ကျန်သေးတယ်... ရှီမိသားစု တစ်ခုလုံး အမြစ်ပြတ်သွားအောင် ကျုပ်တို့ သေချာ လုပ်ဆောင်ကြရမယ်”
ဝူချန်းဝေက ရန်ငြိုးများ ပြည့်နှက်နေသော လေသံဖြင့် သတိပေးလိုက်၏။
ချန်ဝမ်လင်းကတော့ ရယ်မောလျက်သာ ပြန်ဖြေလိုက်၏။ ဝူချန်းဝေက ရှီမိသားစုကို ဘာကြောင့် ဒီလောက်အထိ မုန်းတီးနေရသလဲဆိုတာကို သူ စဉ်းစားနေမိသော်လည်း၊ ဒါကို ထုတ်ပြီးတော့ မမေးခဲ့ပေ။
ဆေးလုံးဈေးကွက်ကို သိမ်းပိုက်ရန် ဝူချန်းဝေနှင့် ပူးပေါင်းဆောင်ရွက်ရာတွင်၊ ဝူချန်းဝေက ဆေးနည်းများကို ပံ့ပိုးပေးပြီး ချန်ဝမ်လင်းကတော့ ရန်ပုံငွေနှင့် လိုအပ်သော လူအင်အားကို တာဝန်ယူပေးခြင်း ဖြစ်၏။
ယခင်က ဤလုပ်ငန်းကို ရှီမိသားစု တစ်ခုတည်းကသာ လက်ဝါးကြီးအုပ် လုပ်ကိုင်နေခဲ့ခြင်း ဖြစ်သည်။ ချန်ဝမ်လင်းအနေဖြင့်လည်း ဤလုပ်ငန်းထဲသို့ ဝင်ရောက်ရန် စဉ်းစားခဲ့ဖူးသော်လည်း အရေးအကြီးဆုံး ဖြစ်သည့် ဆေးနည်းများ မရှိခဲ့ပေ။
ရှီမိသားစု၏ အစဉ်အလာက ဘယ်ကနေ ဆင်းသက်လာတာလဲ။
ချန်ဝမ်လင်း၏ အမြင်တွင်မူ ရှီမိသားစု၏ အစဉ်အလာမှာ ရာစုနှစ်ပေါင်းများစွာ စုဆောင်းလာခဲ့သော ရာနှင့်ချီသည့် ဆေးနည်းများအပေါ်တွင် အခြေခံထားခြင်း ဖြစ်၏။ အမှန်အတိုင်း ပြောရလျှင် ဝူချန်းဝေသာ မရှိခဲ့ပါက၊ ချန်မိသားစုသည် ဆေးဆိုင်လုပ်ငန်းတွင် ရှီမိသားစုကို အသာစီးရနိုင်သော်လည်း၊ ဆေးလုံးကုန်သွယ်မှုတွင်တော့ ယှဉ်ပြိုင်နိုင်ရန် ဘယ်တော့မှ စဉ်းစားဝံ့မည် မဟုတ်ပေ။
ဒါပေမဲ့ အခုတော့ အခြေအနေတွေက ပြောင်းလဲသွားပြီ ဖြစ်၏။ ဆေးနည်းတွေသာ လက်ထဲရှိနေလျှင် ရှီမိသားစုကို တစ်နှစ်အတွင်း အမြစ်ပြတ်အောင် လုပ်နိုင်မည်ဟု ချန်ဝမ်လင်းက ယုံကြည်နေပေသည်။ ထိုသို့ဖြစ်လာလျှင် သူ၏ ချန်မိသားစုမှာ မေပယ်မြို့၏ အထင်ရှားဆုံး မိသားစု ဖြစ်လာပေတော့မည်။
“ဒါနဲ့... သခင်ကြီးချန်၊ လူကြီးမင်းရဲ့ သမီးလေးက လင်းကျင်းနဲ့ စေ့စပ်ခဲ့ဖူးတယ်လို့ ကျွန်တော် ကြားတယ်”
ဝူချန်းဝေက အမူးရှိန်ဖြင့် ရုတ်တရက် မေးလိုက်၏။
ထိုအကြောင်းကို ပြောလိုက်သောအခါ ချန်ဝမ်လင်း၏ မျက်နှာထားမှာ ပြောင်းလဲသွားရတော့သည်။
မကြာသေးမီက သူသည် လင်းကျင်းနှင့် ဆက်ဆံရေး ပြန်ကောင်းအောင် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့သော်လည်း၊ လင်းကျင်းက သူ့ကို လှည့်ပင်မကြည့်ခဲ့ပေ။ ဒါက ချန်ဝမ်လင်းအတွက်တော့ တကယ့်ကို အရှက်ရစရာ ကိစ္စပင်။
အတိတ်တုန်းကဆိုလျှင် ချန်ဝမ်လင်းသည် သည်းခံပြီး ဆက်လက် ကြိုးစားနေဦးမည် ဖြစ်သော်လည်း၊ မိသားစု အင်အားက တစ်နေ့ထက်တစ်နေ့ ကြီးမားလာသောအခါတွင်မူ သူသည် ဘဝင်မြင့်လာခဲ့တော့သည်။
မာနထောင်လွှားမှုကနေတစ်ဆင့် ရက်စက်ကြမ်းကြုတ်မှုတွေ ဆီသို့ ဦးတည်လာခဲ့ခြင်း ဖြစ်၏။
“ဒါက အတိတ်က ကိစ္စတွေပါပဲ... အခုတော့ စေ့စပ်မှုက ပျက်ပြားသွားပါပြီ”
ချန်ဝမ်လင်းက လက်ကို ဝေ့ယမ်းလိုက်ကာ အလေးမထားသလို ပြောလိုက်၏။
ဝူချန်းဝေက ဘာကြောင့် ဒီလိုမေးခွန်းမျိုး မေးသလဲဆိုတာ သူ သိပေသည်။ ဒီနေ့ ဝူချန်းဝေ ပြဿနာတက်နေစဉ်မှာ အာဏာပိုင်တွေကို ပိုက်ဆံပေးပြီး ကယ်ထုတ်ပေးခဲ့သူမှာ သူကိုယ်တိုင်ပင် မဟုတ်ပါလား။
တစ်နည်းအားဖြင့် ပြောရလျှင် လင်းကျင်း၏ အိမ်ကို မီးရှို့ရန် လူစေလွှတ်ခဲ့သူမှာ ဝူချန်းဝေ ဖြစ်ကြောင်းလည်း သူ သိထားပြီးသား ဖြစ်၏။
“သခင်ကြီးချန်... ကျုပ်က ဒီလင်းကျင်းနဲ့ ရန်ငြိုးရှိတယ်... အကယ်၍ လူကြီးမင်းက သူနဲ့ ဆက်ဆံရေး ပြန်ကောင်းအောင် လုပ်ဖို့ စိတ်ကူးရှိသေးတယ်ဆိုရင်တော့၊ ကျုပ်တို့ရဲ့ မိတ်ဖက်ဖြစ်မှုကို အခုပဲ ရပ်စဲကြရလိမ့်မယ်”
ဝူချန်းဝေက ခြိမ်းခြောက်လိုက်၏။
ချန်ဝမ်လင်းကတော့ ခပ်ပြုံးပြုံးဖြင့်သာ ပြန်ဖြေလိုက်သည်မှာ။
“ကျုပ်က အဲဒီလင်းကျင်းကို အသုံးချချင်ရုံသက်သက်ပါပဲ၊ ဒါပေမဲ့ သူက ဒီလောက်အထိ ရိုင်းစိုင်းလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ... အမှန်အတိုင်း ပြောရရင် ကျုပ်လည်း သူ့ကို ဆက်ပြီး သည်းမခံနိုင်တော့ပါဘူး... အကယ်၍ သခင်လေးဝူက သူ့ကို ကိုင်တွယ်ချင်တယ်ဆိုရင်တော့ ကျုပ်က အလွန်ပဲ ဝမ်းသာမိမှာပါ... ကျုပ်က မတားဆီးတဲ့အပြင် သခင်လေးဝူကို ကူညီဖို့ လက်တစ်ဖက်တောင် ကမ်းပေးပါဦးမယ်”
“ကောင်းလိုက်တာ... ဒါက ကိုပ် ကြားချင်တဲ့ စကားပဲ”
ဝူချန်းဝေက အရက်ကို တစ်ကျိုက်တည်းနှင့် ကုန်အောင် မော့ချလိုက်၏။ သူ၏ မျက်ဝန်းထဲတွင် မုန်းတီးမှုများ တောက်လောင်နေပေသည်။ လင်းကျင်းသာ သူ့ဆီ လာပြီး ပြဿနာ မရှာခဲ့လျှင်၊ ရှီဝမ်ကျွင်းက သူ့ကို ဒီနေ့ အိမ်ပေါ်က နှင်ချမှာ မဟုတ်ပေ။
မိန်းမတစ်ယောက်က သူ့ယောက်ျားကို ကွာရှင်းလိုက်တာတဲ့လား...
ဒါက ယောက်ျားတစ်ယောက်အတွက်တော့ အကြီးမားဆုံးသော အရှက်ခွဲခံရမှုပင် ဖြစ်၏။ အနည်းဆုံးတော့ သူက ထိုသို့ ထင်မှတ်ထားပေသည်။
သူ၏ ဂုဏ်သိက္ခာမှာ အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့ရပြီ ဖြစ်၏။
ဝူချန်းဝေသည် ရှီဝမ်ကျွင်းကို မုန်းတီးနေသော်လည်း၊ လင်းကျင်းကိုတော့ ပို၍ပင် နာကြည်းနေမိပေသည်။
“ဒါဆိုရင် သခင်ကြီးချန်... လင်းကျင်းကို ဘယ်လို ကိုင်တွယ်ရင် ကောင်းမလဲလို့ လူကြီးမင်း ထင်သလဲ”
ဝူချန်းဝေက မေးလိုက်၏။
ချန်ဝမ်လင်းက ပြန်ပြောလိုက်၏။
“ဒီလင်းကျင်းက အခုဆိုရင် အောင်မြင်နေတဲ့ အဆင့် ၂ သားရဲအကဲဖြတ်မှူး တစ်ဦးဖြစ်နေပြီဆိုတော့၊ သားရဲအကဲဖြတ်မှူး အသင်းချုပ်ထဲမှာ သူ့ကို သွားပြီး တိုက်ခိုက်လို့ မရဘူး... ဒါပေမဲ့ သူက ‘ကျင့်ကြံသူများအသင်း’ထဲကို ဝင်သွားပြီး အဲဒီမှာရှိတဲ့ ရန်ကျဲနဲ့ အဆင်မပြေဖြစ်နေတယ်လို့ ကျုပ် ကြားတယ်...”
ချန်ဝမ်လင်းက ထိုနေရာတွင် စကားကို ရပ်လိုက်၏။ ဝူချန်းဝေသည်လည်း ပါးနပ်သူတစ်ဦးဖြစ်ရာ ထိုအဘိုးကြီး ဘာကို ဆိုလိုသလဲဆိုတာကို ချက်ချင်း ရိပ်မိသွားပြီး တဟားဟားနှင့် အော်ဟစ် ရယ်မောလိုက်တော့သည်။
“မျှော်လင့်ထားတဲ့အတိုင်း သခင်ကြီးချန်ပါပဲ... တခြားလူကို သုံးပြီး ကိုယ့်ရန်သူကို သတ်ခိုင်းတဲ့ ဒီအကြံက တကယ့်ကို ပြောင်မြောက်လှပါတယ်... အခုတော့ လင်းကျင်းနဲ့ ရန်ကျဲတို့ကြားက သေးငယ်တဲ့ ပဋိပက္ခကို ကြီးမားတဲ့ ပဋိပက္ခဖြစ်အောင် နည်းလမ်းရှာကြရအောင်... သူတို့နှစ်ယောက်ကို တစ်ယောက်နဲ့တစ်ယောက် သေလူလို သဘောထားအောင် လုပ်နိုင်ရင်တော့ အကောင်းဆုံးပဲ... ဒါက တကယ့်ကို လက်ဖျားခါစရာ ဖြစ်မှာပဲ"
ထိုသို့ပြောပြီးနောက် ဝူချန်းဝေသည် ရိုင်းစိုင်းသော လေသံဖြင့် ရယ်မောနေတော့သည်။
“ဒါနဲ့... သခင်လေးဝူ၊ ကျုပ်လူတစ်ယောက်နဲ့ မိတ်ဆက်ပေးချင်သေးတယ်... လင်းကျင်းကို ဖြုတ်ချဖို့အတွက် ကျုပ်တို့ကို ကူညီပေးနိုင်မယ့်သူပေါ့... ကျုပ်ရဲ့ တူလေး ချန်ချန်းပါ... လာစမ်း... သခင်လေးဝူကို နှုတ်ဆက်လိုက်ဦး"
ချန်ဝမ်လင်းက လှမ်းခေါ်လိုက်၏။
...........
တစ်ဖန် လင်းကျင်းသည် ဇူအိမ်တော်သို့ ဧည့်သည်အဖြစ် ရောက်ရှိလာပြန်၏။ ယခင်ကနှင့်တော့ အခြေအနေချင်း မတူတော့ပေ။
ယခင်ကဆိုလျှင် ဇူထျန်းဟုန်နှင့် ဇူချန်းတို့နှစ်ဦးတည်းသာ အိမ်ရှေ့တွင် လာကြိုကြခြင်း ဖြစ်သော်လည်း၊ ယခုတစ်ကြိမ်တွင်မူ စကားမပြောနိုင်သေးသော ‘တတိယအကြီးအကဲ’ အပါအဝင် ဇူမိသားစုတစ်ခုလုံးက သူ့ကို ကြိုဆိုရန် ထွက်လာကြခြင်း ဖြစ်၏။
ဒါက တကယ့်ကို ခမ်းနားလှသော မြင်ကွင်းပင် ဖြစ်၏။
ဒါကလည်း ဇူမိသားစုအနေဖြင့် လင်းကျင်းအပေါ် မည်မျှအထိ လေးစားမှုရှိကြောင်း ဖော်ပြနေခြင်းပင်။
ဇူထျန်းဟုန်က ရှေ့သို့ တိုးလာကာ ပြောလိုက်သည်မှာ။ “အကဲဖြတ်မှူးလင်း... လူကြီးမင်းကို ဒီကို ထပ်ပြီး ကြွလာခိုင်းရတဲ့အတွက် တောင်းပန်ပါတယ်"
လင်းကျင်းက လက်ဝေ့ယမ်းပြလိုက်ကာ ဘာမှမဖြစ်ကြောင်း အရိပ်အယောင် ပြလိုက်၏။
ဇူချန်းက ရှေ့သို့ တိုးလာပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည်မှာ။
“အစ်ကိုလင်း... ကျွန်တော့်ရဲ့ ဒုတိယအကြီးအကဲ၊ တတိယအကြီးအကဲနဲ့ ဇူထျန်းလီတို့တောင်မှ အခုတလော အေးအေးဆေးဆေး ရှိနေကြတယ်... သူတို့က ကျွန်တော့်ဖခင်ကို ဆန့်ကျင်တာတွေလည်း မလုပ်ကြတော့ဘူး... တကယ်တော့ ကျွန်တော့်ရဲ့ ဒုတိယအကြီးအကဲနဲ့ တတိယအကြီးအကဲတို့က လူကောင်းတွေပါ၊ သူတို့က ဇူထျန်းလီရဲ့ သွေးထိုးမှုကို ခံလိုက်ရလို့သာ အခုလို ဖြစ်သွားကြတာ”
လင်းကျင်းက နားလည်ကြောင်း ခေါင်းညိတ်ပြလိုက်၏။
လင်းကျင်းသည် ဒီနေ့မနက်က သူ့ဆီကို လာရောက်တွေ့ဆုံခဲ့သော ဒုတိယအကြီးအကဲကိုတော့ ဆက်လက်ပြီး ဂရုမစိုက်ဘဲ ထားလိုက်၏။ သို့သော်လည်း ထိုအဘိုးအိုမှာ စိတ်မဆိုးသည့်အပြင် သူ၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် သူသည် အမှန်တကယ်ပင် နောင်တရပြီး အမှားကို ပြင်ဆင်ချင်နေမှန်း လင်းကျင်း မြင်နေရ၏။
ထိုသို့ဆိုလျှင် လင်းကျင်းအနေဖြင့် ထိုလူကြီးအပေါ် ဘာကြောင့် ဆက်ပြီး ခက်ခဲအောင် လုပ်နေတော့မည်နည်း။
သူ ယခုတစ်ခေါက် လာရခြင်းမှာ သူတို့အား ခေါင်းနှစ်လုံးပါ မြွေနှင့် ‘သွေးသစ္စာစာချုပ်’ချုပ်ဆိုနိုင်ရန် ကူညီပေးဖို့ ဖြစ်၏။ လင်းကျင်းသည် ဇူချန်းနှင့် ဇူထျန်းဟုန်တို့ကို အားနာသောကြောင့်သာ ဤကိစ္စကို လုပ်ဆောင်ပေးခြင်း ဖြစ်ပေသည်။ တတိယအကြီးအကဲ၏ စကားမပြောနိုင်သော ဝေဒနာကို ကုသပေးမည်၊ မပေးမည်မှာတော့ လင်းကျင်း၏ စိတ်ခံစားချက်ပေါ်တွင်သာ လုံးလုံးလျားလျား မူတည်ပေလိမ့်မည်။
ယခုတစ်ကြိမ်တွင်မူ မည်သည့် အနှောင့်အယှက်မျှ မရှိတော့ပေ။ ဇူမိသားစုဝင်များမှာလည်း အစစအရာရာ လိုက်လျောညီထွေ ရှိကြ၏။ လင်းကျင်းက သေလုမျောပါး ဖြစ်နေသော မြွေကို ဆေးလုံးတစ်လုံး တိုက်ကျွေးလိုက်သောအခါ၊ ထူးဆန်းစွာပင် ထိုခေါင်းနှစ်လုံးပါ သတ္တဝါမှာ ချက်ချင်း ပြန်လည် အသက်ဝင်လာတော့၏။
ဤဖြစ်ရပ်တစ်ခုတည်းနှင့်ပင် လင်းကျင်း၏ အရည်အချင်းမှာ လွန်ခဲ့သော နှစ်ရက်အတွင်း သူတို့ ငှားရမ်းခဲ့သော အခြား သားရဲအကဲဖြတ်မှူးများထက် မည်မျှ သာလွန်ကြောင်း သက်သေပြနေပေသည်။
သွေးသစ္စာစာချုပ် ချုပ်ဆိုခြင်း အခမ်းအနား စတင်တော့၏။
ဇူယွမ်သည် စိုးရိမ်စိတ်ဖြင့် ရှေ့သို့ တိုးလာ၏။ လင်းကျင်းသည် သူ၏ သွေးတစ်စက်နှင့် ခေါင်းနှစ်လုံးပါ မြွေ၏ သွေးတစ်စက်ကို ယူလိုက်၏။ ထိုသွေးများကို ပေါင်းစပ်လိုက်ပြီး မန္တန်တစ်ခုကို ရွတ်ဆိုလိုက်ရာ၊ သွေးသစ္စာစာချုပ်မှာ ဖြစ်တည်သွားတော့သည်။
သွေးသစ္စာစာချုပ် ချုပ်ဆိုခြင်းဆိုသည်မှာ သားရဲအကဲဖြတ်မှူးတိုင်း၏ အခြေခံ အရည်အချင်းတစ်ခု ဖြစ်သလို မသင်မနေရ ဘာသာရပ်တစ်ခုလည်း ဖြစ်ပေသည်။
သားရဲအကဲဖြတ်မှူး သင်တန်းသားများပင်လျှင် ဒါကို ကျွမ်းကျင်အောင် လေ့ကျင့်ကြရ၏။
သို့သော်လည်း သာမန် သွေးသစ္စာစာချုပ် ချုပ်ဆိုခြင်း ကိစ္စပင်လျှင် လင်းကျင်း လုပ်ဆောင်လိုက်သောအခါတွင်မူ တကယ့်ကို ကြည့်ကောင်းလှပြီး လုပ်ငန်းစဉ်မှာလည်း ယုံကြည်နိုင်စရာ မရှိလောက်အောင်ပင် ချောမွေ့လှပေသည်။
သူတို့ အရင်က ငှားရမ်းခဲ့သော ပညာရှင်များအားလုံးမှာ တစ်စုံတစ်ခုသော အခက်အခဲနှင့် ကြုံတွေ့ရလေ့ရှိပြီး လုပ်ငန်းစဉ်အတွင်းမှာ တုန့်ဆိုင်းသွားတတ်ကြ၏။ ဥပမာအားဖြင့် အချို့မှာ မန္တန်ရွတ်ဆိုရာတွင် ထစ်ငေါ့သွားတတ်ကြသလို၊ အချို့မှာလည်း အကြောင်းပြချက်မရှိဘဲ ရုတ်တရက် ရပ်တန့်သွားတတ်ကြသည်။ သို့သော် လင်းကျင်း၏ သွေးသစ္စာစာချုပ် ချုပ်ဆိုခြင်းမှာမူ မည်သည့် အနှောင့်အယှက်မျှ မရှိဘဲ ချောချောမွေ့မွေ့ပင် ပြီးဆုံးသွားခဲ့၏။ တကယ့်ကို အပြစ်ပြောစရာ မရှိလောက်အောင် ပြည့်စုံလွန်းလှသဖြင့် လင်းကျင်း လုပ်ငန်းစဉ် အဆုံးသတ်လိုက်သည့်တိုင်အောင် သူတို့ မသိလိုက်ကြပေ။
“ကဲ... ရပြီ”
လင်းကျင်းက လှောင်အိမ်ကို သွားဖွင့်ပေးလိုက်ရာ ခေါင်းနှစ်လုံးပါ မြွေမှာ အပြင်သို့ ထွက်လာတော့၏။
ဇူယွမ်က အနည်းငယ် စိုးရိမ်စိတ်ဖြင့် သူ၏ သားရဲကို အမိန့်တစ်ခု ပေးလိုက်ရာ၊ ခေါင်းနှစ်လုံးပါ မြွေမှာ သူ့ထံသို့ လျှောတိုက်လာပြီး သူ၏ ခြေထောက်နားတွင် ခွေနေတော့သည်။
ဇူထျန်းဟုန်းကတော့ အလွန်ပင် ဝမ်းသာသွားပုံရ၏။
အတားအဆီးများနှင့် အခက်အခဲအချို့ ကြုံတွေ့ခဲ့ရသော်လည်း၊ နောက်ဆုံးတွင်တော့ အရာအားလုံးက အဆင်ပြေသွားခဲ့ပြီ ဖြစ်၏။ ဇူမိသားစု၏ မျိုးဆက်တစ်ခုမှာ အဆင့် ၂ ရက်စက်သော သားရဲတစ်ကောင်နှင့် သွေးသစ္စာစာချုပ် ချုပ်ဆိုနိုင်ခဲ့ပြီ မဟုတ်ပါလား။ သူတို့တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးအောင် လုပ်ဖို့နှင့် ဇူယွမ်ကို မိသားစုက ကောင်းကောင်း ပျိုးထောင်ပေးဖို့ အချိန်အနည်းငယ် ပေးလိုက်မည်ဆိုလျှင်၊ အများဆုံး တစ်နှစ်အတွင်းမှာ လင်းကျင်းက ထိုမြွေကို ဆင့်ကဲပြောင်းလဲအောင် ကူညီပေးနိုင်ပေလိမ့်မည်။ ထိုအချိန်ကျလျှင် ဇူမိသားစုမှာ အဆင့် ၃ သားရဲတစ်ကောင်ကို ပိုင်ဆိုင်နိုင်ပေတော့မည်။