← Chapters

အခန်း (၁၆၅-၁၆၆)

Vol. 9 Ch. 165-166

အခန်း (၁၆၅-၁၆၆)

Vol. 9 Ch. 165-166

အခန်း (၁၆၅) - အရေးပေါ်အခြေအနေက စောစီးစွာ ရောက်ရှိလာခြင်း

​ဇူမိသားစု၏ ခေါင်းနှစ်လုံးပါမြွေကို သွေးသစ္စာစာချုပ် ချုပ်ဆိုပေးပြီးနောက်၊ လင်းကျင်းအနေဖြင့် ဇူအိမ်တော်တွင် လုပ်ဆောင်ရမည့် တာဝန်များ ပြီးဆုံးသွားပြီ ဖြစ်၏။

​ထိုစဉ် ဇူမိသားစု၏ တတိယအကြီးအကဲသည် သူ၏ သားသမီး၊ မြေးမြစ်များနှင့်အတူ လင်းကျင်းထံသို့ ရောက်ရှိလာကာ အရိုအသေ ပေးကြ၏။

​“အကဲဖြတ်မှူးလင်း... ပြီးခဲ့တဲ့တစ်ခေါက်က ကျုပ်တို့ အရမ်းကို မောက်မာမိခဲ့လို့ လူကြီးမင်းကို စော်ကားမိသလို ဖြစ်သွားပါတယ်.... ကျွန်တော့ဖခင်က အသက်ကြီးပြီမို့လို့၊ ကျေးဇူးပြုပြီး သနားညှာတာသောအားဖြင့် သူ့ကို ကယ်တင်ပေးပါဦးခင်ဗျာ”

တတိယအကြီးအကဲ၏ သားဖြစ်သူက ရိုသေသေဖြင့် တောင်းပန်ရှာ၏။

​တတိယအကြီးအကဲ ကိုယ်တိုင်လည်း သနားစဖွယ် မျက်နှာထားဖြင့် လင်းကျင်းကို စိုက်ကြည့်နေပေသည်။ ရက်အနည်းငယ်မျှ စကားမပြောနိုင်ဘဲ နေခဲ့ရခြင်းမှာ သူ့အတွက်တော့ ငရဲကျနေသကဲ့သို့ပင်။ လူဆိုသည်မှာ မိမိတွင် ရှိနေသောအရာတစ်ခု ဆုံးရှုံးသွားမှသာ တန်ဖိုးထားရမှန်း သိကြသည် မဟုတ်ပါလား။

​မိမိ၏ မာနထောင်လွှားမှုက ဤကဲ့သို့သော နောက်ဆက်တွဲ ပြဿနာများကို ယူဆောင်လာမည်မှန်း ကြိုသိခဲ့လျှင်၊ သူသည် လင်းကျင်းအပေါ် ဘယ်တော့မှ ရိုင်းစိုင်းခဲ့မည် မဟုတ်ပေ။

​လင်းကျင်းကတော့ ဘာမှမပြောဘဲ တိတ်ဆိတ်နေ၏။

​ဇူမိသားစု၏ ဒုတိယအကြီးအကဲကလည်း သူ့ကို ဝိုင်းဝန်း တောင်းပန်ပေးရှာသည်။

​လင်းကျင်းကတော့ သူတို့ကို ဂရုမစိုက်သလိုသာ နေနေ၏။

​နောက်ဆုံးတွင် ဇူထျန်းဟုန်နှင့် ဇူချန်းတို့ပါ ဝိုင်းဝန်းတောင်းပန်ကြတော့မှ လင်းကျင်းက စကားစလိုက်သည်မှာ။

“တတိယအကြီးအကဲ စကားမပြောနိုင်တာက စိတ်လှုပ်ရှားလွန်းလို့ ဖြစ်မှာပါ.... ဒါက ရှားရှားပါးပါး အခြေအနေမျိုးမှာ နှာခေါင်းနဲ့ လည်ချောင်းထဲက အပ်စိုက်မှတ်တွေကို ပိတ်ဆို့သွားစေတတ်တယ်... ဒါက သိပ်ပြီး စိုးရိမ်စရာ မရှိဘူး... ကျုပ်ဆေးနည်းတစ်ခု ရေးပေးပါ့မယ်... အဲဒီအတိုင်း ဆေးဖော်စပ်ပြီး ရက်အနည်းငယ်လောက် သောက်လိုက်ရင်တော့ အခြေအနေက ပုံမှန်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်”

​ဇူမိသားစုအနေဖြင့်လည်း အခုချိန်မှာတော့ လင်းကျင်းကို ယုံကြည်ဖို့မှတစ်ပါး အခြားမရှိပေ။

​ဆေးက တကယ် အာနိသင်ရှိ၊ မရှိထက် လင်းကျင်း၏ ခွင့်လွှတ်မှုကို ရရှိဖို့က ပို၍ အရေးကြီးလှပေသည်။

​သူတို့က လူအတွေမှ မဟုတ်တာ။ အဲဒီတုန်းက လင်းကျင်းက တတိယအကြီးအကဲကို လက်နဲ့တောင် မထိခဲ့ပါဘူး။ ‘စကားမပြောတတ်ရင် မပြောနဲ့တော့’ လို့ပဲ ပြောခဲ့တာလေ။

​အဲဒီနောက်မှာ တတိယအကြီးအကဲက တကယ်ပဲ စကားမပြောနိုင်တော့တာပါ။

​ထို့ကြောင့်ပင် လင်းကျင်းသည် တစ်စုံတစ်ရာသော လျှို့ဝှက်အစွမ်းကို အသုံးပြုခဲ့ခြင်း ဖြစ်နိုင်ကြောင်း သူတို့ တွေးမိကြ၏။ မည်သို့ပင်ဆိုစေကာမူ ဇူမိသားစုတစ်ခုလုံးမှာ ဤဖြစ်ရပ်ကြောင့် ထိတ်လန့်သွားကြရသည်မှာတော့ အမှန်ပင်။ လင်းကျင်း၏ လုပ်ဆောင်မှုမှာ ဆန်းကြယ်လွန်းပြီး မည်သည့် လက်စလက်နမျှ ချန်ထားခြင်း မရှိပေ။ ဒါဟာ ‘ကျိန်စာ’ တစ်မျိုးများလားဟုပင် သူတို့ ထင်မှတ်နေကြသော်လည်း၊ နောက်ဆုံးတွင်တော့ အားလုံး သဘောတူလိုက်ကြသည့် အချက်တစ်ခု ရှိပေသည်။

​အဲဒါကတော့ လင်းကျင်းကို ဘယ်တော့မှ ထပ်ပြီး မစော်ကားမိဖို့ပင်။

​သူတို့အနေဖြင့် အကဲဖြတ်မှူးလင်း၏ မျက်နှာသာပေးမှုကိုသာ ရအောင်ယူရမည်ဖြစ်ပြီး၊ သူ့ကို ရန်စဖို့ လုံးဝ မစဉ်းစားရဲတော့ပေ။

​ရိုးရှင်းသော ဆေးနည်းတစ်ခု ပေးခဲ့ပြီးနောက် လင်းကျင်း ထွက်ခွာခဲ့တော့သည်။ ဇူမိသားစုဝင်များမှာလည်း ချက်ချင်းပင် ဆေးနည်းထဲမှ ဆေးမြစ်များကို ရှာဖွေကာ ဆေးဖော်စပ်ကြတော့၏။ တတိယအကြီးအကဲမှာ ဆေးတစ်ခွက်လုံးကို ကုန်အောင် သောက်လိုက်၏။

​အံ့ဩစရာကောင်းသည်မှာ ပထမဆုံး ဆေးတစ်ခွက်ကပင် သိသိသာသာ အာနိသင်ပြလာခြင်း ဖြစ်၏။ တတိယအကြီးအကဲသည် အသံအချို့ကို ဝေဝေဝါးဝါး စတင် ထွက်ဆိုနိုင်လာပြီ ဖြစ်သည်။

​နောက်ထပ် ဆေးအနည်းငယ် ထပ်သောက်လိုက်လျှင် ပုံမှန်အတိုင်း ပြန်လည် စကားပြောနိုင်တော့မည်မှာ သေချာလှပေသည်။

​တတိယအကြီးအကဲ၏ မိသားစုဝင်များမှာ ဝမ်းသာအားရ ဖြစ်နေကြသလို၊ တတိယအကြီးအကဲ ကိုယ်တိုင်လည်း မျက်ရည်များ ဝဲနေပြန်၏။ အရင်တစ်ခေါက် မျက်ရည်ကျတာက ကြောက်လို့ဖြစ်ပေမဲ့၊ အခုတော့ သေဘေးက လွတ်မြောက်လာသလို ဝမ်းသာလွန်းလို့ ကျတဲ့ မျက်ရည်တွေ ဖြစ်ပေသည်။

​ထိုအချိန်တွင် လင်းကျင်းကတော့ ဇိုရိုကုတောင်ဆီသို့ ဦးတည်နေပေသည်။ တတိယအကြီးအကဲ၏ အခြေအနေမှာ သေချာပေါက် သူ၏ လက်ချက်ပင် ဖြစ်၏။

​ဘယ်လိုနည်းလမ်းနဲ့လဲ။ ‘ရစ်ပတ်အပ်နည်းစနစ်ကြောင့်ပင်။

​ဆန်းကြယ်စွာ လုပ်ဆောင်နိုင်ပြီး လူမသိသူမသိ သတ်ဖြတ်နိုင်စွမ်းရှိသော ဤအပ်စိုက်နည်းပညာမှာ၊ လင်းကျင်း လက်ရှိ ပိုင်ဆိုင်ထားသမျှထဲတွင် အားအကောင်းဆုံး တိုက်ခိုက်ရေးစွမ်းရည် ဖြစ်ပေသည်။ ဤထူးခြားသော နည်းစနစ်မှာ အသုံးချစရာ နယ်ပယ်လည်း အလွန်ကျယ်ပြန့်လှ၏။

​သတ်ဖြတ်ရုံတင်မကဘဲ အပ်စိုက်မှတ်တွေကို ပိတ်ဆို့ဖို့လည်း အသုံးပြုနိုင်ပေသည်။

​သာမန်လူတစ်ယောက် မသိလိုက်ခင်မှာပင်၊ ရစ်ပတ်အပ်က သူတို့၏ အပ်စိုက်မှတ်တွေကို ပိတ်ဆို့သွားနိုင်ပေသည်။ လင်းကျင်းသည် ဤနည်းစနစ်ကို အသုံးပြုကာ တတိယအကြီးအကဲ၏ လည်ချောင်း အပ်စိုက်မှတ်ကို ပိတ်ဆို့ခဲ့ခြင်း ဖြစ်ရာ၊ သူ စကားမပြောနိုင်အောင် ဖြစ်သွားခဲ့ခြင်းပင်။

​လင်းကျင်းက စောစောကမှ အပ်စိုက်မှတ်ကို ပြန်ဖွင့်ပေးခဲ့ခြင်း ဖြစ်သော်လည်း၊ ပိတ်ထားခဲ့သည့် အရှိန်ကြောင့် ပုံမှန်ပြန်ဖြစ်ဖို့ ရက်အနည်းငယ် ကြာဦးမည် ဖြစ်၏။ သူပေးခဲ့သော ဆေးနည်းမှာ လည်ချောင်းကို စိုပြည်စေသည့် ရိုးရှင်းသော ဆေးနည်းသာ ဖြစ်သဖြင့် သောက်ရုံဖြင့် ဘာဘေးထွက်ဆိုးကျိုးမှ မရှိပေ။

​ဇူအိမ်တော်တွင် ဖြစ်ပျက်ခဲ့သည့် ကိစ္စမှာ လင်းကျင်းအတွက်တော့ အကြီးအကျယ် မဟုတ်သလို၊ သူသည်လည်း ရန်ငြိုးဖွဲ့တတ်သူ မဟုတ်ပေ။ သူတို့ဘက်က ရိုးရိုးသားသား တောင်းပန်လာကြသဖြင့် အရာအားလုံးက ပြေလည်သွားပြီ ဖြစ်၏။ အမှန်အတိုင်း ပြောရလျှင် ဇူချန်းနှင့် ဇူထျန်းဟုန်တို့ကိုအားနာလို့သာ သူက ခွင့်လွှတ်ပေးခဲ့ခြင်း ဖြစ်ပေသည်။

​ဇိုရိုကုတောင်တွင်...

​မြေခွေးလေးများမှာ သိသိသာသာ တိုးတက်လာကြပြီး၊ ယခုဆိုလျှင် အခြေခံ ကျင့်စဉ်အချို့ကို သင်ယူနေကြပြီ ဖြစ်၏။ ရှောင်ဝူကိုမူ လင်းကျင်းက ရုပ်ပြောင်းလဲခြင်းပညာကို သင်ကြားပေးနေပေသည်။

​‘မိစ္ဆာကျင့်စဉ်’၏ ပထမပိုင်းတွင် ဤနည်းစနစ်အကြောင်းကို အသေးစိတ် ရှင်းပြထားပြီး၊ ၎င်းမှာ အခြေခံ အကျဆုံးသော စွမ်းရည်တစ်ခုအဖြစ် သတ်မှတ်ထားပေသည်။

​ရှေးဟောင်း ဒဏ္ဍာရီများတွင် သစ်ပင်ပန်းမာန်များမှာ နတ်သမီးများအဖြစ် ပြောင်းလဲနိုင်ပြီး၊ သားရဲများမှာမူ မိစ္ဆာများအဖြစ် ပြောင်းလဲနိုင်သည်ဟု ဆိုကြ၏။ သူတို့အများစုမှာ ရုပ်ပြောင်းလဲခြင်း ပညာအားဖြင့် လူသားအသွင်ကို ယူနိုင်ကြပေသည်။ ရှောင်ဝူသည် အဆင့် ၃ ကျင့်ကြံသူ ဖြစ်လာသောကြောင့် ဤပညာရပ်ကို အလွန်လျင်မြန်စွာ သင်ယူနိုင်ခဲ့၏။ ဘာပဲဖြစ်ဖြစ် သူမသည် ‘အိပ်မက်ကျူးကျော်ခြင်း’ စွမ်းရည်ကို အသုံးပြုစဉ်ကတည်းက လူသားအသွင်ကို ယူခဲ့ဖူးသည် မဟုတ်ပါလား။

​ဖြစ်နိုင်သည်မှာ နောက်ထပ် ရက်အနည်းငယ်အတွင်းမှာပင် ရှောင်ဝူသည် လူသားအသွင်သို့ အမှန်တကယ် ပြောင်းလဲနိုင်တော့မည် ဖြစ်၏။

​‘ရှန်းအာ’ကတော့ ယခုအခါအရာဝတ္ထု ထိန်းချုပ်ခြင်းပညာကို အပြည့်အဝ တတ်မြောက်သွားပြီ ဖြစ်သည်။ သူမသည် ကျောက်တုံးကြီး ဆယ်တုံးထက်မကကို တစ်ပြိုင်တည်း ထိန်းချုပ်နိုင်သလို၊ သစ်ရွက်များကိုလည်း မြှားတိုများကဲ့သို့ အသုံးပြုနိုင်ပေသည်။ ထိုသစ်ရွက်မြှားတိုများသည် ပေတစ်ရာအကွာအဝေးအထိ ပျံသန်းနိုင်ပြီး ကျောက်တုံးများထဲသို့ အနည်းဆုံး သုံးလက်မခန့်အထိ စိုက်ဝင်နိုင်စွမ်း ရှိပေသည်။

​ပိုမို မြင့်မားသော အရာဝတ္ထု ထိန်းချုပ်ခြင်း နည်းစနစ်ကိုတော့ မိစ္ဆာကျင့်စဉ်၏ ဒုတိယပိုင်းတွင် တွေ့ရနိုင်ပေသည်။ လင်းကျင်းတွင် လောလောဆယ် ထိုကျင့်စဉ် မရှိသေးသော်လည်း မကြာခင် ရရှိတော့မည်မှာ သေချာလှ၏။ သူသည် သားရဲပြတိုက်ထဲသို့ နောက်ထပ် မိစ္ဆာသားရဲအချို့ကို ထပ်မံ မှတ်တမ်းတင်ရုံဖြင့် ဒုတိယဆုလာဘ်အဖြစ် မိစ္ဆာကျင့်စဉ် ဒုတိယပိုင်းကို ရရှိနိုင်မည် ဖြစ်ပေသည်။

​လင်းကျင်းသည် ရှန်းအာကို မှောင်မိုက်သောလေပြင်း အပါအဝင် အခြားသော ဂါထာအချို့ကိုလည်း စတင် သင်ကြားပေးနေပြီ ဖြစ်၏။

​သို့သော်လည်း အတိုးတက်ဆုံးသော သူမှာတော့ ‘မျောက်ဖြူကြီး’ ပင် ဖြစ်ပေသည်။

​မျောက်မျိုးနွယ်စုမှာ လူသားများနှင့် အနီးစပ်ဆုံး ဖြစ်သဖြင့်၊ အခြားသော သတ္တဝါများထက် ဉာဏ်ရည်ပိုင်းတွင် ပိုမို အားသာချက် ရှိပေသည်။ ဤအားသာချက်မှာ ကျင့်ကြံခြင်း လုပ်ငန်းစဉ်အတွင်းတွင် ပိုမို ထင်ရှားလာပေသည်။

​ရက်အနည်းငယ်မျှ လေ့ကျင့်ပြီးနောက်၊ မျောက်ဖြူကြီးသည် ရုပ်ပြောင်းလဲခြင်း၏ အခြေခံကို နားလည်သွားခဲ့၏။ ၎င်းသည် မိမိ၏ ခန္ဓာကိုယ် အရွယ်အစားကို ခေတ္တမျှ ပြောင်းလဲနိုင်စွမ်း ရှိလာပြီး၊ သာမန် မျောက်တစ်ကောင်၏ အရွယ်အစားအထိ သေးငယ်သွားအောင် လုပ်နိုင်ပေသည်။

​ဒါဟာ ၎င်း၏ ရှင်သန်မှုအတွက် အလွန် အရေးကြီးလှပေသည်။

​လင်းကျင်းသည် ဒီနေ့တွင် အာဏာပိုင်အချို့ကို စုံစမ်းကြည့်ခဲ့ရာ၊ မြို့စားမင်း အိမ်တော်မှ လူများမှာ မျောက်ဖြူကြီးကို ဆက်လက် ရှာဖွေနေဆဲ ဖြစ်ကြောင်း သိလိုက်ရ၏။ မြက်ခင်းပြင်တိုက်ကြီးမှ ကုန်သည်အဖွဲ့ကလည်း လက်လျှော့ကြဦးမည် မဟုတ်ပေ။

​သူတို့၏ ရှာဖွေမှုမှာ တစ်နေ့တွင် ဇိုရိုကုတောင်ဆီသို့ ရောက်ရှိလာနိုင်သဖြင့် ကြိုတင် ကာကွယ်မှုများ ပြုလုပ်ထားရမည် ဖြစ်၏။

​ကံကောင်းသည်မှာ လင်းကျင်း နေ့ဘက်တွင် ဤနေရာ၌ မရှိသည့်တိုင်အောင်၊ ရှန်းအာက မျောက်ဖြူကြီး၏ ကျင့်ကြံမှုကို လမ်းပြပေးနိုင်ပေသည်။ ထို့အပြင် မျောက်ဖြူကြီးမှာ ရှန်းအာတို့ထက် အစပျိုးမှု ပိုကောင်းပေသည်။ ၎င်းသည် အစကတည်းက အဆင့် ၃ သားရဲ ဖြစ်နေသဖြင့်၊ အကယ်၍ ‘သားရဲစွမ်းအင် ဖြစ်တည်ခြင်း’၏ ပထမသုံးပိုင်းကိုသာ ကျင့်ကြံနိုင်မည်ဆိုလျှင်၊ သေချာပေါက် အဆင့် ၄ သို့ ဆင့်ကဲပြောင်းလဲနိုင်ပေလိမ့်မည်။

​လင်းကျင်းသည် ဆရာတစ်ယောက်၏ အခန်းကဏ္ဍကို ယူလိုက်ကာ မျောက်ဖြူကြီးကို ကိုယ်တိုင် သင်ကြားပေးလိုက်၏။

​မျောက်ဖြူကြီးကလည်း ရိုရိုသေသေ အရိုအသေ ပေးရှာသည်။ ၎င်းသည် လူသားတို့၏ ယဉ်ကျေးမှုကို ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်၏။ ထို့ကြောင့် ၎င်း၏ ခန္ဓာကိုယ်မှာ ကြီးမားပြီး သားရဲရုပ်ပေါက်နေသည့်တိုင်အောင်၊ ၎င်း၏ အပြုအမူနှင့် လုပ်ဆောင်ချက်များကို ကြည့်ရသည်မှာ လူသားတစ်ဦးနှင့် မခြားလှပေ။

​လင်းကျင်း သင်ကြားပေးသမျှမှာ ပြတိုက်၏ အသေးစိတ် ရှင်းလင်းချက်များမှ ဆင်းသက်လာခြင်း ဖြစ်၏။ ကျွမ်းကျင်သူများ ပြုပြင်ထားသော လက်စွဲစာအုပ်ကဲ့သို့ပင်၊ ၎င်းမှာ နားလည်ရ လွယ်ကူလှပြီး ကျော်ကြားလှသော ဆရာကြီးတစ်ဦးထံမှ လမ်းညွှန်မှုကို တိုက်ရိုက် ရရှိနေသကဲ့သို့ပင် ဖြစ်၏။ မျောက်ဖြူကြီးသည် ဤနည်းဖြင့် ပိုမို သင်ယူနိုင်ခဲ့ပြီး၊ လင်းကျင်းက သင်ခန်းစာကို အဆုံးသတ်လိုက်သောအခါ ၎င်းကို ရုပ်ပြောင်းလဲခြင်း ပညာကို ပြသခိုင်းလိုက်၏။ ၎င်းသည် ကျွမ်းကျွမ်းကျင်ကျင်ပင် ဂါထာကို အသက်သွင်းလိုက်၏။

​ဖူး...

​ဖြူဖွေးသော မီးခိုးငွေ့များ ထွက်ပေါ်လာပြီး မျောက်ဖြူကြီး၏ အရွယ်အစားမှာ ကျုံ့သွားတော့သည်။ လေပြင်းတစ်ချက်က မိစ္ဆာအငွေ့အသက်များကို သယ်ဆောင်သွားပြီးနောက်၊ မျောက်ဖြူကြီးမှာ သာမန်အရွယ်အစားရှိသော မျောက်တစ်ကောင်အဖြစ် ပြန်လည် ပေါ်ထွက်လာတော့သည်။

​“မင်း ဒီပုံစံနဲ့ ဘယ်လောက်ကြာကြာ ခံနိုင်မလဲ ကြည့်ရအောင်” လင်းကျင်းက သူ၏လက်ထဲရှိ သစ်ကိုင်းဖြင့် အနီးရှိ သစ်ပင်ပင်စည်ကို စည်းချက်ကျကျ စတင် ခေါက်လိုက်၏။

​မှန်မှန်ထွက်ပေါ်လာသော ခေါက်သံများက ပဲ့တင်ထပ်နေ၏။ လွန်ခဲ့သောတစ်ခေါက်က လင်းကျင်း စမ်းသပ်စဉ်တွင် မျောက်ဖြူကြီးမှာ ခေါက်သံ ခုနစ်ဆယ့်ခြောက်ချက်အထိ ခံနိုင်ခဲ့ပေသည်။ အခုတော့ ၎င်း၏ ကျင့်ကြံမှု တိုးတက်လာပြီဖြစ်ရာ ပိုမိုကြာရှည် ခံနိုင်သင့်ပေသည်။

​သို့သော်လည်း ထိုစဉ်မှာပင် လင်းယုန်ငှက်တစ်ကောင်၏ အော်မြည်သံက ကောင်းကင်ယံတွင် ဟိန်းထွက်သွားတော့၏။

​လင်းကျင်း၏ ရင်မှာ ထိတ်ခနဲ ဖြစ်သွားရသည်။ သူသည် ရှန်းအာကို မြေခွေးလေးများအားလုံးကို ဂူအတွင်းသို့ ခေါ်သွားပြီး ပုန်းနေရန် ချက်ချင်း အချက်ပြလိုက်၏။ နောက်တစ်စက္ကန့်မှာပင် ကြီးမားလှသော လင်းယုန်နှစ်ကောင်မှာ အပေါ်မှနေ၍ ဝဲဆင်းလာတော့သည်။

​၎င်းတို့ထဲမှ တစ်ကောင်မှာ အဝါရောင် အမွေးအတောင်များဖြင့် ဖုံးလွှမ်းနေပြီး၊ ပြင်းထန်သော သဲမုန်တိုင်းများက ဝန်းရံနေသဖြင့် ပို၍ပင် ကြီးမားနေပုံရ၏။ ထိုအဝါရောင် လင်းယုန်၏ ကျောပေါ်တွင်တော့ အရပ်ရှည်ရှည် လူရိပ်တစ်ခု မတ်တပ်ရပ်နေပြီး၊ ၎င်းမှာ မြက်ခင်းပြင်တိုက်သားတစ်ဦးမှန်း သိသာလှပေသည်။

​အခြားတစ်ကောင်မှာမူ သာမန် လင်းယုန်တစ်ကောင် ဖြစ်သော်လည်း အတောင်ပံဖြန့်လိုက်လျှင် ပေခြောက်ဆယ် (မီတာ ၂၀ ခန့်) နီးပါး ရှိပေသည်။ ၎င်းကတော့ မေပယ်မြို့ မြို့စောင့်တပ်မှ တပ်မှူးငယ်တစ်ဦးကို တင်ဆောင်လာခြင်း ဖြစ်၏။

​လင်းကျင်းသည် ထိုသူနှင့် ယခင်က အကြိမ်အနည်းငယ် တွေ့ဖူးပေသည်။

​ဤလူများမှာ ရုတ်တရက် ရောက်ရှိလာသဖြင့် လင်းကျင်းအနေဖြင့် ပုန်းကွယ်ရန် အချိန်မရလိုက်ပေ။ သေချာပေါက် မျောက်ဖြူကြီးသည်လည်း မပြေးနိုင်တော့ဘဲ၊ မမျှော်လင့်ဘဲ ရောက်ရှိလာသော ဧည့်သည်နှစ်ဦးနှင့် သူတို့၏ လင်းယုန်များ၏ စူးစိုက်ကြည့်ခြင်းကို ခံနေရတော့သည်။

​လင်းကျင်းသည် ချက်ချင်းပင် တုံ့ပြန်လိုက်ကာ၊ လက်နှစ်ဖက်ကို နောက်ပစ်လျက် မတ်တပ်ရပ်လိုက်၏။ သူသည် မြေခွေးလေးများနှင့် သူမကိုယ်တိုင်ကိုပါ အပြင်သို့ ထွက်မလာရန် ရှန်းအာကို လက်ဟန်ခြေဟန်ဖြင့် တိတ်တဆိတ် အချက်ပြလိုက်၏။

​မျောက်ဖြူကြီးအတွက်မူ၊ ၎င်းသည် အခုလို လူမိနေပြီဖြစ်ရာ မဆင်မခြင် လှုပ်ရှား၍ မရတော့ပေ။ ကံကောင်းသည်မှာ ၎င်းသည် လက်ရှိတွင် ရုပ်ပြောင်းလဲထားသော ပုံစံဖြင့် ရှိနေခြင်းပင်။ လင်းကျင်းသည် သစ်ပင်ကို ခေါက်နေခြင်းကို ရပ်လိုက်သော်လည်း၊ သစ်ကိုင်းကို ကိုင်ထားရင်း သူ၏ ဝတ်ရုံကို ခပ်ဖွဖွလေး ပုတ်ကာ စိတ်ထဲမှနေ၍ ရေတွက်ခြင်းကို ဆက်လက် လုပ်ဆောင်နေ၏။

​မျောက်ဖြူကြီးအနေဖြင့် ပိုမိုကြာရှည် ခံနိုင်ပါစေဟုသာ သူ ဆုတောင်းနေမိတော့သည်။ မဟုတ်လျှင်တော့ သူတို့အားလုံး ဖော်ထုတ်ခံရမည်မှာ သေချာလှပေသည်။

​အဲဒီလို ဖြစ်လာရင်...

​လင်းကျင်းလည်း ဘာလုပ်ရမှန်း မသိတော့ပေ။ သူသည် လက်ရှိတွင် အတော်လေးကို ထိတ်လန့်နေမိ၏။

​သို့သော်လည်း သူ၏ မျက်နှာပေါ်တွင်တော့ မည်သည့် အမူအရာမျှ မပြပေ။

​သူသည် ထိုသူများထံသို့ ဦးတည်ကာ လျှောက်သွားလိုက်၏။ လမ်းလျှောက်သွားရင်းမှ တပ်မှူးငယ်၏ အမည်ကိုလည်း သတိရအောင် ကြိုးစားနေမိ၏။

​“တပ်မှူးငယ်ကော်... မင်းတို့တွေ ဒီသန်းခေါင်ယံအချိန်ကြီးမှာ အပြင်ထွက်ပြီး ဘာတွေ လုပ်နေကြတာလဲ”

လင်းကျင်းက တည်တည်ငြိမ်ငြိမ်ပင် မေးလိုက်၏။ သူသည် အေးဆေးစွာ နေနေရုံတင်မကဘဲ၊ တစ်စုံတစ်ယောက်က မိမိ၏ ပျော်ရွှင်စရာ အချိန်များကို လာရောက် နှောင့်ယှက်နေသကဲ့သို့ မကျေမနပ် ဖြစ်နေသော အမူအရာကိုပါ ပြသလိုက်၏။

​မီးခိုးရောင် လင်းယုန်ကြီးပေါ်မှ တပ်မှူးငယ်သည် သေချာ ကြည့်လိုက်ပြီးနောက် လင်းကျင်းကို မှတ်မိသွား၏။

​သူသည် လင်းယုန်ကျောပေါ်မှ ဆင်းလာကာ လင်းကျင်းကို အလေးပြုလိုက်၏။

“အကဲဖြတ်မှူးလင်း ပါလား”

​လက်ရှိ လင်းကျင်းမှာ အတိတ်က လင်းကျင်းနှင့် မတူတော့ပေ။ အဆင့် ၂ သားရဲအကဲဖြတ်မှူး ဟူသော ဂုဏ်ပုဒ်ကပင် လေးစားမှုကို ရရှိစေရန် လုံလောက်လှပေသည်။ ထို့အပြင် လင်းကျင်းသည် သားရဲအကဲဖြတ်မှူး အသင်းချုပ်တွင်လည်း ဩဇာအာဏာ ရှိနေသလို၊ မြို့စားမင်း အိမ်တော်မှ ဘဏ္ဍာစိုးကျောက်နှင့်လည်း ရင်းနှီးသည့် ဆက်ဆံရေး ရှိပေသည်။

​ထို့ကြောင့် မြို့စောင့်တပ်မှ တပ်မှူးငယ်တစ်ဦးပင်လျှင် သူ့အပေါ် ယဉ်ကျေးပျူငှာစွာ ဆက်ဆံရခြင်း ဖြစ်ပေသည်။

​အဝါရောင် လင်းယုန်ပေါ်မှ မြက်ခင်းပြင်တိုက်သားမှာလည်း အောက်သို့ ခုန်ဆင်းလာတော့သည်။

​အခန်း (၁၆၆) - မျောက်ဖြူကြီး၏ စွမ်းဆောင်ရည်

​လင်းကျင်းသည် ဘေးတွင် ရပ်နေသော ထိုလူကို ခပ်စောင်းစောင်း ကြည့်လိုက်မိ၏။

​သူ့စိတ်ထဲတွင်လည်း 'မြက်ခင်းပြင်တိုက်သားတွေက တကယ့်ကို အရပ်ရှည်တာပဲ...သူ့ခန္ဓာကိုယ် တည်ဆောက်ပုံကို ကြည့်ပါဦး... သူ့လက်မောင်းက ငါ့ပေါင်ထက်တောင် ပိုတုတ်နေသေးတယ်... အကယ်၍သာ ခေတ်သစ်ကမ္ဘာမှာဆိုရင်တော့ ဒီလိုလူမျိုးကို ကြွက်သားပုံကြီးလို့ပဲ ခေါ်ကြမှာ သေချာတယ်’ ဟု တွေးနေမိသည်။

​ထိုမျက်မှောက်တိုက်သားမှာ ယဉ်ကျေးမှုပိုင်းတွင် အလွန်အမင်း အလေးမထားတတ်သူဖြစ်ရာ၊ လင်းကျင်းကို သံသယမျက်လုံးများဖြင့် စိုက်ကြည့်ရင်း မေးလိုက်၏။

“ဒီသန်းခေါင်ယံ အချိန်ကြီးမှာ မင်းက ဒီမှာ ဘာလုပ်နေတာလဲ”

​သူ့လေသံမှာ တကယ့်ကို ရိုင်းစိုင်းလှပေသည်။

​လင်းကျင်းက မျက်မှောင်ကြုတ်လိုက်ကာ ထိုလူ၏ ရိုင်းစိုင်းမှုကို စိတ်အနှောင့်အယှက် ဖြစ်ရုံမျှသာ ပြလိုက်၏။ သူသည် ထိုလူကို အဖက်မလုပ်ဘဲ တပ်မှူးငယ်ကော်ကိုသာ လှည့်မေးလိုက်သည်မှာ။

“ဒီ မြက်ခင်းပြင်တိုက်က အရိုင်းအစိုင်းက ဘာကိစ္စနဲ့ ဒီကို ရောက်နေတာလဲ”

​တစ်ဖက်လူက သူ့အပေါ် ရိုင်းစိုင်းနေသဖြင့်၊ လင်းကျင်းကလည်း ထိုထက်မကသော အပြုအမူဖြင့်သာ ပြန်လည် တုံ့ပြန်လိုက်ခြင်း ဖြစ်၏။

​‘မြက်ခင်းပြင်တိုက်က အရိုင်းအစိုင်း’ ဆိုသော စကားမှာ ချီးမွမ်းစကားမဟုတ်မှန်း သိသာလှသဖြင့်၊ ထိုလူမှာ ဒေါသတကြီးဖြင့် တိုက်ခိုက်တော့မည့်ဟန် ပြင်လိုက်၏။ ကံကောင်းစွာဖြင့် တပ်မှူးငယ်ကော်က ကြားဖြတ်ကာ အလျင်အမြန် ဖြေလိုက်ရသည်။

“အကဲဖြတ်မှူးလင်း... သူက မြင်ခင်းပြင်တိုက် ကုန်သည်အဖွဲ့က ငှားရမ်းထားတဲ့ ကျွမ်းကျင် မုဆိုးတစ်ယောက်ပါ.... သူ့နာမည်က ‘ရူဘား’တဲ့"

​လင်းကျင်း ခဏမျှ ဆွံ့အသွားရ၏။

​“သူ့နာမည်က ဘယ်သူ...”

​“ရူဘား ပါ"

​ဒါက ဘာနာမည်ကြီးလဲ။

​လင်းကျင်းမှာ ရယ်ချင်စိတ်ကို အောင့်ထားရသဖြင့် နှာခေါင်းရှုံ့မိသွား၏။ ဒီလူ့မှာ တကယ့်ကို ထူးထူးဆန်းဆန်း နာမည်ရှိတာပဲ။ သူ့မိဘတွေကလည်း တကယ့်ကို တောသားတွေများလား။ ရူဘားတဲ့... ရူဘားဒပ်ဒပ်လို့တောင် အမည်မပေးတာ ကံကောင်းတာပဲ။

​သူသည် အော်ဟစ်ကာ ရယ်မောခြင်း မပြုသော်လည်း၊ သူ၏ မျက်နှာပေါ်တွင်တော့ လှောင်ပြုံးတစ်ခုက ထင်ဟပ်နေပေသည်။

​ရူဘားက မျက်မှောင်ကြုတ်လျက်။ “မင်းက ဘာကို ပြုံးနေတာလဲ” ဟု မေးလိုက်၏။

​“ဘာမှမဟုတ်ပါဘူး”

လင်းကျင်းက ချောင်းတစ်ချက် ခပ်ဖွဖွ ဟန့်လိုက်၏။ သူ့တွင် အချိန်အများကြီး မရှိတော့ပေ။ ဤလူနှစ်ဦးကို အမြန်ဆုံး နှင်ထုတ်နိုင်မှသာ ဖြစ်မည်၊ မဟုတ်လျှင် မျောက်ဖြူကြီးမှာ ကြာရှည် ခံနိုင်တော့မည် မဟုတ်ပေ။

​“တပ်မှူးငယ်ကော်... ဒီလူက သံသယဖြစ်စရာပဲ... ဒီလို လူသူမနီးတဲ့ တောအုပ်ထဲမှာ သန်းခေါင်ယံအချိန်ကြီး ရှိနေတာက တစ်ခုခု ကြံစည်နေတာ သိသာတယ်... သူက မျောက်ဖြူကြီး ဘယ်မှာရှိလဲဆိုတာကိုတောင် သိနေနိုင်တယ်”

ဝန်ခံရလျှင် ဤရူဘားဆိုသော လူမှာ တောသားဖြစ်သော်လည်း သူ၏ အာရုံခံစားမှုမှာ အတော်လေး ထက်မြက်လှပေသည်။ သူက ပထမဆုံးအကြိမ်မှာပင် မှန်ကန်အောင် ခန့်မှန်းနိုင်ခဲ့သည် မဟုတ်ပါလား။

​တပ်မှူးငယ်ကော်သည်လည်း လင်းကျင်း ဤနေရာ၌ ဘာလုပ်နေသလဲဆိုသည်ကို သိချင်နေပေသည်။

​လင်းကျင်းက စိတ်ကို တည်ငြိမ်အောင် ထိန်းလိုက်ရင်း ရှင်းပြလိုက်၏။

“ငါက အဆင့် ၂ သားရဲအကဲဖြတ်မှူး တစ်ဦးအနေနဲ့၊ တောရိုင်းထဲကို ထွက်ပြီး သားရဲယဉ်ပါးအောင် လုပ်တာနဲ့ အကဲဖြတ်တဲ့ ပညာရပ်တွေကို လေ့ကျင့်နေတာက ထူးဆန်းလို့လား”

​တပ်မှူးငယ်ကော်သည်လည်း ထိုအကြောင်းပြချက်ကို တိတ်တဆိတ် သဘောတူလိုက်၏။

​သားရဲအကဲဖြတ်မှူးများအနေဖြင့် တောရိုင်းသားရဲများနှင့် ရင်းနှီးကျွမ်းဝင်အောင် တောထဲသို့ ထွက်လေ့ရှိကြသည်မှာ သာမန်ကိစ္စပင် ဖြစ်၏။

​တပ်မှူးငယ်က ရူဘားကို ပြန်လည် ရှင်းပြလိုက်သောအခါ၊ ထိုလူမှာ ဘာပြန်ပြောရမှန်း မသိသဖြင့်။ “ဒါဆိုရင် သူက ဘာလို့ နေ့ဘက်မှာ မလာတာလဲ” ဟု ထပ်မေးလိုက်ပြန်သည်။

​“ငါ့ရဲ့ အချိန်ဇယားက မင်းနဲ့ ဘာဆိုင်လို့လဲ”

လင်းကျင်းက မယဉ်ကျေးစွာပင် ပြန်ပြောလိုက်၏။

​သူ၏ တုံ့ပြန်မှုမှာ တိုတောင်းသော်လည်း ယုတ္တိရှိလှပေသည်။ သူက နေ့ဘက်လာလာ၊ ညဘက်လာလာ ဒါက တခြားလူနှင့် ဘာမှ မသက်ဆိုင်ပေ။

​ထိုစဉ်မှာပင် ရူဘားသည် အနီးနားရှိ မျောက်ဖြူလေးကို သတိပြုမိသွားကာ ကြောင်အသွားရ၏။

​ရုပ်ပြောင်းလဲခြင်း ပညာကို အသုံးပြုထားသဖြင့်၊ မျောက်ဖြူကြီးမှာ လက်ရှိတွင် သာမန် မျောက်တစ်ကောင်၏ အရွယ်အစားသာ ရှိသော်လည်း၊ ၎င်း၏ ခန္ဓာကိုယ်ပေါ်ရှိ အဖြူရောင် အမွေးအတောင်များမှာတော့ ကျန်ရှိနေသေး၏။

​ရူဘား၏ မျက်ဝန်းထဲတွင် သံသယများ ဖြစ်ပေါ်လာပြီး၊ အနီးကပ် သေချာအောင် ကြည့်ရန် ရှေ့သို့ တစ်လှမ်း တိုးလိုက်၏။

​“အဲဒီမှာတင် ရပ်လိုက်”

လင်းကျင်းက သူ့ကို တားရန် လက်မြှောက်ပြလိုက်သည်။

“ဒီမျောက်က ငါအခုမှ ယဉ်ပါးအောင် လုပ်ထားတာ၊ အပြည့်အဝ ယဉ်ပါးသေးတာ မဟုတ်ဘူး... သတိထားဦး... မင်းကို ရန်ပြုလိမ့်မယ်”

​ထိုစကားကို ကြားသောအခါ ရူဘားက ရိုင်းစိုင်းစွာ ရယ်မောလိုက်၏။

“ဒီလို မျောက်သေးသေးလေးကို ငါက လက်တစ်ဖက်တည်းနဲ့ ချေမှုန်းပစ်လို့ ရပါတယ်... ဒါပေမဲ့ ဒီမျောက်က ဘာလို့ အမွေးတွေ ဖြူနေရတာလဲ”

​ရူဘားကတော့ ဒါကို ထူးဆန်းသည်ဟု ထင်ရုံမျှသာ ဖြစ်၏။ ၎င်းမှာ ထွက်ပြေးသွားသော မျောက်ဖြူကြီး ဖြစ်လိမ့်မည်ဟု တွေးတောနိုင်လောက်သည့် စိတ်ကူးစိတ်သန်းမျိုးတော့ သူ့တွင် မရှိပေ။

​ဘာပဲဖြစ်ဖြစ် သူတို့ မြင်နေရသည့် အရွယ်အစားက အလွန်အမင်း ကွာခြားနေသည် မဟုတ်ပါလား။

​သူ လင်းကျင်းနားသို့ တိုးလာခြင်းမှာလည်း သိချင်စိတ်ကြောင့်သာ ဖြစ်ပေသည်။

​မြက်ခင်းပြင်တိုက်ကဲ့သို့သော ယဉ်ကျေးမှု မထွန်းကားသည့် နေရာမှ လူများမှာ မိစ္ဆာပညာရပ်များအကြောင်း တစ်ခါမျှ မကြားဖူးကြပေ။ အကယ်၍ ကြားဖူးလျှင်ပင် ၎င်းကို မည်သို့ အသုံးပြုသည်ကို စိတ်ကူးနိုင်ကြမည် မဟုတ်ပေ။

​ရူဘား၏ စကားကို ကြားသောအခါ လင်းကျင်းက ခပ်ပြောင်ပြောင် ပြုံးလိုက်ရင်း။

“ဘာလို့ အဖြူရောင် ဖြစ်နေရတာလဲ ဟုတ်လား... အဲဒါကိုတော့ ဒီမျောက်ရဲ့ မိဘတွေကိုပဲ သွားမေးရလိမ့်မယ်”

​တပ်မှူးငယ်ကော်သည် လင်းကျင်းက ထိုမြက်ခင်းပြင်တိုက်သားအပေါ် ရန်လိုနေသည်ကို သတိထားမိလိုက်ပြီး၊ ၎င်းမှာ လူမျိုးရေး ခွဲခြားနေခြင်းသာ ဖြစ်လိမ့်မည်ဟု ထင်မှတ်လိုက်၏။ ထို့ကြောင့် သူသည် လေထုကို ပြေလည်သွားစေရန် ကြားဖြတ်ကာ၊ လင်းကျင်းအနေဖြင့် ဤအနီးအနားတွင် ကြီးမားသော မျောက်ဖြူကြီးတစ်ကောင်ကို တွေ့မိသလားဟု မေးလိုက်၏။

​လင်းကျင်းက မျောက်ဖြူလေးကို တမင်တကာ လက်ညှိုးထိုးပြလိုက်ရင်း မေးလိုက်၏။

“မင်းတို့ ပြောနေတာက ဒီကောင်ကိုလား”

​ရူဘားမှာ ထပ်မံ၍ ဒေါသထွက်သွားရပြန်သည်။

​တပ်မှူးငယ်ကော်။ “...”

​သူ အခုပဲ ထွက်သွားချင်နေပြီ ဖြစ်၏။ အကယ်၍သာ ဆက်နေနေမည်ဆိုလျှင် ထိုနှစ်ဦးမှာ ရန်ပွဲ ဖြစ်ကြတော့မည်မှာ သေချာလှပေသည်။

​“အကဲဖြတ်မှူးလင်း... တကယ်လို့ မျောက်ဖြူကြီးရဲ့ လက်စလက်န တစ်ခုခုကို တွေ့မယ်ဆိုရင် ကိုယ့်ဘာသာကိုယ် မစုံစမ်းပါနဲ့... မြို့စားမင်း အိမ်တော်ကို သတင်းပို့ပေးပါ” ဟု တပ်မှူးငယ်ကော်က သူတို့ မထွက်ခွာမီ သတိပေးလိုက်၏။

​လင်းကျင်းက ခေါင်းညိတ်ပြလိုက်၏။

​သူ၏ စိတ်ထဲတွင်တော့ တကယ့်ကို ထိတ်လန့်နေမိပေသည်။ သူတို့ အမြန်ဆုံး ထွက်သွားကြဖို့ကိုသာ သူ ဆုတောင်းနေမိ၏။ ဘာကြောင့်လဲဆိုသော် သူ၏ စိတ်ထဲမှ ရေတွက်နေသော အချက်မှာ အခုဆိုလျှင် တစ်ရာ့တစ်ဆယ့်နှစ်ချက်အထိ ရောက်ရှိနေပြီ ဖြစ်ပြီး၊ ၎င်းမှာ မျောက်ဖြူကြီး၏ ယခင် ကန့်သတ်ချက်ထက် အများကြီး ကျော်လွန်နေသောကြောင့် ဖြစ်၏။

​မျောက်ဖြူကြီးမှာ အခုဆိုလျှင် အတော်လေးကို ပင်ပန်းနေရှာပြီဖြစ်ပြီး၊ အချိန်မရွေး မူလပုံစံသို့ ပြန်ရောက်သွားနိုင်ပေသည်။

​အကယ်၍သာ လူမိသွားမည်ဆိုလျှင် အရာအားလုံးက ရှုပ်ထွေးသွားတော့မည် ဖြစ်၏။

​ကံကောင်းထောက်မစွာဖြင့် ကြီးမားလှသော လင်းယုန်နှစ်ကောင်မှာ ကောင်းကင်ယံသို့ ပျံတက်သွားကြပြီး ထွက်ခွာသွားကြတော့သည်။ မျောက်ဖြူကြီးမှာလည်း ဆက်လက်၍ မတောင့်ခံနိုင်တော့ဘဲ ဂါထာကို ဖျက်သိမ်းလိုက်ရာ၊ ၎င်း၏ မူလအရွယ်အစားသို့ ပြန်လည် ရောက်ရှိသွားတော့၏။

​လင်းကျင်းသည် သူ၏ နဖူးပေါ်တွင် စိမ့်ထွက်နေသော ချွေးအေးများကို သုတ်လိုက်မိ၏။

​တကယ့်ကို ထိတ်လန့်စရာ ကောင်းလှပေသည်။

​ဤစမ်းသပ်မှုကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သဖြင့်၊ ဤနေရာမှာ လောလောဆယ်တော့ ဘေးကင်းသည်ဟု ဆိုနိုင်ပေသည်။ သို့သော်လည်း သူတို့ ပြန်လာပြီး ရှာဖွေနိုင်သည့် အခွင့်အလမ်းတော့ ရှိနေသေး၏။

​လင်းကျင်းက မျောက်ဖြူကြီးနားသို့ သွားကာ ၎င်း၏ ခေါင်းကို ပုတ်ပေးလိုက်ရင်း။

“တွေ့လား... မင်းကို ကူညီဖို့ ငါက တကယ့်ကို အန္တရာယ်ကြီးတဲ့ စွန့်စားမှုကို လုပ်ခဲ့ရတာ... ဒီပညာကို သေချာ သင်ယူစမ်းပါ၊ မင်း စိတ်တိုင်းကျ ဒီပုံစံကို ကြာရှည် ထိန်းထားနိုင်တဲ့နေ့ကျမှ မင်း တကယ် ဘေးကင်းမှာ”

​ဉာဏ်ကောင်းလှသော မျောက်ကြီးက ခေါင်းညိတ်ပြရှာသည်။

​ရှန်းအာနှင့် အခြားသူများမှာလည်း ဂူအတွင်းမှ ထွက်လာကြ၏။

​လင်းကျင်းသည် ဤမိစ္ဆာအုပ်စုကို ကြည့်ရင်း တစ်ခုခုကို စဉ်းစားမိလိုက်၏။

​ရှန်းအာနှင့် အခြားသူများကို ဤနေရာ၌သာ ဆက်ထားခြင်းမှာ ရေရှည်အတွက် အဆင်မပြေနိုင်ပေ။ ဤနေရာမှာ လူသူကင်းမဲ့သည်ဟု ဆိုနိုင်သော်လည်း တကယ့် တောနက်ကြီးတော့ မဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ယောက်က သူတို့၏ လက်စလက်နကို တွေ့သွားမည်ဆိုလျှင် ဘာဖြစ်လာမည်ကို လင်းကျင်း မစဉ်းစားရဲပေ။

​လင်းကျင်း၏ အရည်အချင်းနှင့် ရှန်းအာ၊ ရှောင်ဝူ၊ မျောက်ဖြူကြီးတို့၏ စုပေါင်းအင်အားမှာ လူသားကမ္ဘာ၏ အန္တရာယ်များကို ခုခံနိုင်ရန်အတွက် အလွန်အမင်း အားနည်းနေသေး၏။ အကယ်၍သာ အခွင့်အလမ်း ရှိလာမည်ဆိုလျှင်၊ ပိုမို ဘေးကင်းသော နေရာတစ်ခုကို ရွေးချယ်ကြရပေလိမ့်မည်။

​သို့သော်လည်း ဇိုရိုကုတောင်တွင် နေထိုင်ခြင်းမှာ လောလောဆယ်တော့ ပြဿနာ မရှိသေးပေ။ သူတို့အနေဖြင့် ပြဿနာ မတက်အောင် နေထိုင်ကြဖို့သာ လိုအပ်ပေသည်။

​ကျင့်ကြံသူများအသင်းတွင်...

​ရန်ကျဲသည် ‘ရဲ့ယွီကျိုး’၏ အခန်းရှေ့တွင် ရိုသေသေဖြင့် စောင့်ဆိုင်းနေ၏။ ရဲ့ယွီကျိုးမှာ တံခါးပိတ် ကျင့်ကြံနေခြင်း ဖြစ်သည်။ ခဏအကြာတွင် ရဲ့ယွီကျိုးသည် အလွန်ပင် စိတ်အားတက်ကြွနေသော အမူအရာဖြင့် အခန်းထဲမှ ထွက်လာတော့၏။

​ရဲ့ယွီကျိုး ဤကဲ့သို့သော အမူအရာမျိုး ပြသခဲ့သည်မှာ အတော်လေး ကြာလှပေပြီ။

​သူ၏ ကျင့်ကြံမှု အဆင့်နှင့် သူ၏ သားရဲ၏ အဆင့်မှာ အချိန်အတော်ကြာအောင် တန့်နေခဲ့ခြင်း ဖြစ်၏။ ရဲ့ယွီကျိုးသည် ဤအတားအဆီးကို ကျော်ဖြတ်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားခဲ့ဖူးပေသည်။

​အကယ်၍ သူ သို့မဟုတ် သူ၏ သားရဲဖြစ်သော ‘ရေနဂါး’သာ အဆင့်တက်နိုင်မည်ဆိုလျှင်၊ သူ၏ အင်အားမှာ အဆမတန် တိုးတက်လာမည် ဖြစ်၏။

​သို့သော်လည်း ဆက်တိုက် ကျရှုံးခဲ့မှုများကြောင့် ရဲ့ယွီကျိုးမှာ စိတ်ဓာတ်ကျနေခဲ့ရသည်။ သူသည် သူ၏ ဘဝတစ်လျှောက်လုံးတွင် ဤကန့်သတ်ချက်ကို ကျော်ဖြတ်နိုင်တော့မည် မဟုတ်ဟုပင် ထင်မှတ်နေခဲ့၏။

​သူ၏ ရေနဂါးမှာ ရေဓာတ်သဘာဝရှိပြီး တိမ်တိုက်များကို ထိန်းချုပ်နိုင်သော်လည်း၊ ၎င်း၏ အလားအလာမှာ အံ့ဩစရာကောင်းလောက်အောင် နိမ့်ပါးလှပေသည်။ ဝါရင့် သားရဲအကဲဖြတ်မှူးအချို့၏ အဆိုအရ၊ အဆင့် ၄ သည် ထိုသတ္တဝါ၏ အမြင့်ဆုံး ကန့်သတ်ချက်ပင် ဖြစ်၏။

​ရဲ့ယွီကျိုးမှာ ကျောက်စိမ်းနဂါးနိုင်ငံ၏ အတော်ဆုံး ပညာရှင် ငါးဦးထဲတွင် တစ်ဦးအဖြစ် သတ်မှတ်ခြင်း ခံရသူ ဖြစ်ပေသည်။

​အကယ်၍ သူ၏ ရေနဂါးသာ ဆင့်ကဲပြောင်းလဲနိုင်မည်ဆိုလျှင်၊ သူသည် သေချာပေါက် နိုင်ငံ၏ နံပါတ်တစ် ပညာရှင် ဖြစ်လာပေလိမ့်မည်။ ထို့အပြင် နိုင်ငံကိုယ်တိုင်လည်း ‘နိုင်ငံကြီး’ စာရင်းထဲသို့ ဝင်ရောက်သွားနိုင်သဖြင့်၊ ဒါက အလွန်ကြီးမားသော ကိစ္စရပ်ပင် ဖြစ်၏။

​ဒီနှစ်တွေအတွင်းမှာ ကျောက်စိမ်းနဂါးနိုင်ငံရဲ့ ထိပ်တန်းပညာရှင်တွေဟာ သူတို့ကိုယ်သူတို့ တိုးတက်အောင် နည်းလမ်းမျိုးစုံ ရှာဖွေခဲ့ကြပါတယ်။ ရဲ့ယွီကျိုးလည်း ဒါကို အကောင်းမြင်ဖို့ မဝံ့ရဲခဲ့ပေမဲ့၊ အခုတော့ သူ လမ်းစရှာတွေ့သွားခဲ့ပြီ ဖြစ်၏။

​ထိုလမ်းစကို ‘ပြတိုက်မှူး’ က ပေးအပ်ခဲ့ခြင်း ဖြစ်ပေသည်။

​အကယ်၍ ရဲ့ယွီကျိုးသာ ထိုလမ်းစဉ်အတိုင်း ဆက်သွားမည်ဆိုလျှင်၊ သူ၏ ရေနဂါးမှာ အဆင့် ၅ သို့ ဆင့်ကဲပြောင်းလဲနိုင်ပေလိမ့်မည်။

​သေချာပေါက် အဆင့် ၄ သားရဲတစ်ကောင်ကို အဆင့် ၅ သို့ တိုးမြှင့်ဖို့ဆိုသည်မှာ မလွယ်ကူလှပေ။ နည်းလမ်း ရှိသည့်တိုင်အောင် ပြင်ဆင်မှုများအတွက် အချိန်လိုအပ်ပြီး တစ်ဆင့်ချင်းစီ လုပ်ဆောင်သွားရမည် ဖြစ်၏။

​အရေးအကြီးဆုံးအချက်မှာ မှန်ကန်သော ဆင့်ကဲပြောင်းလဲမှု လမ်းစဉ်ကို ရွေးချယ်ခြင်းပင် ဖြစ်၏။

​ရဲ့ယွီကျိုးအနေဖြင့် သူသည် မှန်ကန်သော လမ်းပေါ်တွင် ရှိနေပြီဟု အခု အတည်ပြုနိုင်ပြီ ဖြစ်သည်။ သူ တံခါးပိတ် ကျင့်ကြံနေစဉ်အတွင်း ပြတိုက်မှူး ပေးခဲ့သော အကဲဖြတ် အစီရင်ခံစာကို သေချာ လေ့လာခဲ့ရာ၊ ဤဆင့်ကဲပြောင်းလဲမှု နည်းလမ်းမှာ အမှန်တကယ်ပင် ဖြစ်နိုင်ခြေ ရှိပေသည်။

​သူကိုယ်တိုင်လည်း ဒါကို အတည်ပြုနိုင်ခဲ့၏။

​သို့သော်လည်း ထိုလုပ်ငန်းစဉ်အတွက် အဖိုးတန်သော ဆေးမြစ်များ၊ ဆေးလုံးများ၊ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများနှင့် ရတနာအချို့ လိုအပ်ပေသည်။

​ဒါက ရဲ့ယွီကျိုးအတွက်တော့ အံ့ဩစရာ မဟုတ်ပေ။ အဆင့် ၄ မှ အဆင့် ၅ သို့ တိုးမြှင့်ခြင်းမှာ ငွေကြေးအမြောက်အမြား ကုန်ကျမည့် ကိစ္စဖြစ်၏။ အချို့နိုင်ငံများတွင်ဆိုလျှင် နိုင်ငံတော်ဘဏ္ဍာကိုပင် အသုံးပြု၍ ဤလုပ်ငန်းစဉ်ကို ကူညီပေးလေ့ ရှိကြပေသည်။

​ကျောက်စိမ်းနဂါးနိုင်ငံ၏ အခြေအနေမှာတော့ အနည်းငယ် ထူးခြားပေသည်။ သို့သော် အကယ်၍ ရဲ့ယွီကျိုးသာ သူ၏ သားရဲကို ဆင့်ကဲပြောင်းလဲနိုင်မည်ဟု ယုံကြည်ချက်ရှိလျှင်၊ လိုအပ်သော အရင်းအမြစ်များကို တောင်းခံနိုင်မည်သာ ဖြစ်၏။

​ခြုံပြောရလျှင် သူ၏ သားရဲ ဆင့်ကဲပြောင်းလဲဖို့အတွက် တံခါးကြီး ပွင့်သွားခဲ့ပြီ ဖြစ်၏။ သူ၏ နောက်ထပ် တာဝန်မှာတော့ ထိုအဆင့်သို့ ရောက်ရှိသည်အထိ အတွေ့အကြုံများကို စုဆောင်းသွားဖို့ပင်။

​ဤလုပ်ငန်းစဉ်မှာ နှစ်အနည်းငယ် ကြာနိုင်သလို၊ လအနည်းငယ်အတွင်းမှာပင် ပြီးဆုံးသွားနိုင်ပေသည်။

All Chapters