← Chapters

အခန်း (၃၆၉)

Vol. 37 Ch. 369

အခန်း (၃၆၉)

Vol. 37 Ch. 369

ယန်ချန်းရွှယ်က ခါးသီးစွာ ပြုံးလိုက်မိသည်။ ဖခင်ဖြစ်သူ၏ နှလုံးသားမှာ နောက်ဆုံးတွင်မူ သူ၏ မြေးမရင်းကိုသာ ပို၍ ဦးစားပေးနေဆဲပင်။

ယန်အိမ်တော်၏ မျိုးဆက်အဖြစ် ယန်မျိုးရိုးကို အမှန်တကယ် ဆက်ခံထားသူမှာ ယွင်ရှန်း တစ်ဦးတည်းသာ ရှိသည်။ ဆေးပညာရော မှော်ပညာမှာပါ ကျွမ်းကျင်လှသည့် ထိုစုတ်တီးစုတ်ပတ်မလေးနှင့် သူမ၏ တန်ယုက ဘယ်လိုလုပ် နှိုင်းယှဉ်နိုင်မှာလဲ။

"ဒါနဲ့ ချန်းရွှယ်... စောစောက အဖေ့ကို တစ်ခုခု ပြောမလို့ မဟုတ်လား"

ယန်ပါဟဲက ဇဝေဇဝါဖြင့် မေးလိုက်သည်။

"ဘာမှမဟုတ်ပါဘူး... ကြက်စွပ်ပြုတ်က နည်းနည်းပူနေလို့ သတိထားသောက်ဖို့ ပြောမလို့ပါ" ယန်ချန်းရွှယ်သည် ယန်ပါဟဲ ကြက်စွပ်ပြုတ်ကို ကုန်အောင် သောက်လိုက်သည်ကို ထုံထိုင်းစွာဖြင့် ကြည့်နေမိသည်။

"ချန်းရွှယ် ကိုယ်တိုင်ချက်တဲ့ ကြက်စွပ်ပြုတ်က တကယ်ကို အရသာရှိတာပဲ"

ယန်ပါဟဲက မည်သည့်သံသယမျှ မရှိဘဲ ချီးကျူးလိုက်သည်။

"အဖေ ကြိုက်တယ်ဆိုရင် သမီး နေ့တိုင်း ချက်ပေးပါ့မယ်"

ယန်ပါဟဲသည် ကြက်စွပ်ပြုတ်ကို သောက်ပြီးနောက် မည်သည့် အဆိပ်လက္ခဏာမျှ မပြသည်ကို မြင်ရသောအခါ ယန်ချန်းရွှယ် စိတ်သက်သာရာ ရသွားတော့သည်။

တန်ယု၏ ကိစ္စ ပြေလည်သွားပြီးနောက် ယွင်ရှန်းသည်လည်း သက်ပြင်းချနိုင်ခဲ့ပြီ ဖြစ်သည်။ ယခုတစ်ကြိမ်တွင် ကောင်းကင်မုဆိုးတပ်ဖွဲ့သည် ခရမ်းရောင်ရွှေကြောကို ရှာဖွေတွေ့ရှိခဲ့သည့်အပြင် ရွာသား ရာပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည့်အတွက် ကြီးမားသော ကောင်းမှုကုသိုလ်ကို ရရှိခဲ့သည်။ ယွီကျင်းမြို့သို့ ပြန်ရောက်သောအခါ သူတို့ကို မုဆိုးမဟာမိတ်အဖွဲ့့မှ အဆင့် B မုဆိုးတပ်ဖွဲ့အဖြစ် အဆင့်တိုးမြှင့်ပေးခဲ့သည်။

ထို့ကြောင့် ယန်ချန်းလန်မှာ အလွန်အမင်း အလုပ်ရှုပ်နေတော့သည်။

ယွင်ရှန်းသည် စီအန်းခန်းမငယ်၏ ကိစ္စရပ်များကို ချက်ချင်း ပြန်လည်စီစဉ်နေစဉ် ယခင်ကထက် ပိုမိုကြောက်စရာကောင်းသော ပူးပေါင်းကြံစည်မှုကြီးတစ်ခုမှာ ယန်အိမ်တော်ကို တိတ်တဆိတ် ဝါးမြိုရန် ပြင်ဆင်နေသည်ကို သူမ သတိမပြုမိခဲ့ချေ။

ယွင်ရှန်း စီအန်းခန်းမငယ်သို့ ပြန်ရောက်ရောက်ချင်းမှာပင် လင်းယောင်အာထံမှ သတင်းစကားတစ်ခု လက်ခံရရှိခဲ့သည်။

"ဪ... အစ်ကိုကျိုးက ဆေးဘက်ဝင်အပင်တွေရဲ့ မျိုးစေ့အားလုံးကို ပို့ပေးလိုက်ပြီလို့ ပြောတာလား"

ယွင်ရှန်း မြောက်ဘက်နယ်စပ်တွင် ပိတ်မိနေသည့် လအနည်းငယ်အတွင်း ကျိုးချင်းချွမ်းသည် ဝူကျီ ကုန်သွယ်ရေးအဖွဲ့၏ ဌာနချုပ်သို့ ပြန်သွားခဲ့ပြီ ဖြစ်သည်။ ကျိုးမိသားစု၏ ဒုတိယဦးလေးနှင့် ပတ်သက်သည့် ကိစ္စမှာလည်း ပြေလည်သွားခဲ့သည်။

ကြီးမားသော စွမ်းဆောင်ရည်ကြောင့် ကျိုးချင်းချွမ်းမှာ ဒုတိယဦးလေး၏ ရာထူးကို ဆက်ခံရန် ရာထူးတိုးမြှင့်ခြင်း ခံရပြီး ဝူကျီ ကုန်သွယ်ရေးအဖွဲ့ ၏ အကြီးတန်းကြီးကြပ်ရေးမှူး ဖြစ်လာခဲ့သည်။

ကျိုးချင်းချွမ်းအနေဖြင့် ဝူကျီကုန်သွယ်ရေးအဖွဲ့၏ အာဏာကို လက်ဝယ်ရရှိချိန်တွင် ယွင်ရှန်း၏ အကူအညီများကို အမြဲတမ်း အမှတ်ရနေခဲ့သည်။ ထို့ကြောင့် သူတာဝန်ယူပြီးသည်နှင့် ယွင်ရှန်းလိုအပ်သော ဆေးဘက်ဝင်အပင် မျိုးစေ့များကို အကောင်းဆုံးဖြစ်အောင် စီစဉ်ပေးခဲ့သည်။

ဝူကျီကုန်သွယ်ရေးအဖွဲ့မှ ပေးပို့လိုက်သော မျိုးစေ့များသည် အရည်အသွေး အလွန်မြင့်မားပြီး ဈေးနှုန်းလည်း သင့်တင့်သည်။ ယွင်ရှန်း တွက်ချက်ကြည့်လိုက်သောအခါ ဆေးဘက်ဝင်အပင် အမျိုးပေါင်း တစ်ထောင်နီးပါး ရှိနေသည်ကို တွေ့ရသည်။ အဆိုပါမျိုးစေ့များထဲတွင် ၃၀ ရာခိုင်နှုန်းမှာ သာမန်အဆင့်၊ ၆၀ ရာခိုင်နှုန်းမှာ အဖိုးတန်ရတနာအဆင့်ဖြစ်ပြီး ကျန် ၁၀ ရာခိုင်နှုန်းမှာမူ သန့်စင်မွန်မြတ်အဆင့်ရှိသော မျိုးစေ့များပင်။

ဤမျှပြည့်စုံသော မျိုးစေ့များကို တစ်ကြိမ်တည်းနှင့် ဝူကျီကုန်သွယ်ရေးအဖွဲ့မှလွဲလျှင် ဆေးဧကရာဇ်နန်းဆောင်ပင်လျှင် အလွယ်တကူ စီစဉ်ပေးနိုင်ရန် ခဲယဉ်းပေလိမ့်မည်။ ထို့ကြောင့် ယွင်ရှန်းသည် ကျိုးချင်းချွမ်းထံသို့ ကျေးဇူးတင်လွှာ ပေးပို့ခဲ့ပြီး အဖိုးတန် ခရမ်းရောင်ဂျင်ဆင်း ရွှေဆေးလုံးတစ်လုံးကိုပါ လက်ဆောင်အဖြစ် ထည့်သွင်းပေးလိုက်သည်။

“ဆရာ... ဘာဖြစ်လို့ ဆေးမျိုးစေ့တွေကို ဒီလောက်အများကြီး တစ်ခါတည်း ဝယ်တာလဲ။ ကျွန်မတို့ဆီမှာ လိုအပ်နေတာက ဆေးဘက်ဝင်အပင်တွေလေ မျိုးစေ့တွေမှ မဟုတ်တာ”

လင်းယောင်အာက ယွင်ရှန်း၏ ရည်ရွယ်ချက်ကို မသိရှိသေးသဖြင့် မေးမြန်းလိုက်ခြင်း ဖြစ်သည်။ အလုပ်ရှုပ်နေခဲ့သဖြင့် ယွင်ရှန်းသည် သူမ၏ အစီအစဉ်သစ်ကို လင်းယောင်အာအား ပြောပြရန် အချိန်မရခဲ့ချေ။

“ငါ စဉ်းစားပြီးပြီ... ဆေးဧကရာဇ်နန်းဆောင်ရဲ့ ဖိနှိပ်မှုကနေ လွတ်မြောက်ဖို့ အကောင်းဆုံးနည်းလမ်းက ကိုယ်ပိုင်အရည်အသွေးမြင့်တဲ့ ဆေးပင်တွေ ထောက်ပံ့ပေးမယ့်သူ ရှာဖို့ပဲ။ ဒီတိုက်ကြီးပေါ်မှာ ဆေးဧကရာဇ်နန်းဆောင်နဲ့ တိုက်ရိုက်မပတ်သက်တဲ့ အကောင်းဆုံး ဆေးပင်စိုက်ပျိုးသူတွေကတော့ ဆေးတောင်သူတွေပဲလေ”

ယွင်ရှန်းက ကျိုးချင်းချွမ်း အကြံပေးခဲ့သည့်အတိုင်း သူမတို့ဘာသာ သီးခြားရပ်တည်နိုင်မည့် ဆေးဝါးကုန်ထုတ်လုပ်မှုစနစ် ထူထောင်မည့်အကြောင်းကို ရှင်းပြလိုက်သည်။

“ဒါက တကယ်ကို ရဲရင့်တဲ့ အကြံဉာဏ်ပဲ ဒါပေမဲ့ ဖြစ်နိုင်ခြေရှိပါတယ်။ ကျွန်မလည်း အရင်က ဆေးတောင်သူအချို့နဲ့ တွေ့ဖူးတယ်။ သူတို့က တကယ်ကို ရိုးသားကြတာ။ ဒါပေမဲ့ ရွာတွေကို ပျိုးထောင်ပြီး ဆေးပင်တွေဖြစ်လာဖို့က အချိန်အများကြီး မကြာသွားဘူးလား။ ရင်းနှီးမြှုပ်နှံမှုကရော ဘယ်လောက်တောင် လိုမှာလဲ။ အကယ်၍ စီအန်းခန်းမငယ်က ဆေးလုံးတွေနဲ့ ဆေးပင်တွေ ထပ်မရောင်းနိုင်တော့ရင် မကြာခင် ပိတ်လိုက်ရမှာကို စိုးရိမ်မိတယ်”

ယွင်ရှန်း မရှိသည့်အချိန်တွင် ဆေးခန်းမှာ ကျိမော့၏ ကျေးဇူးကြောင့် မှော်ဆေးရည်များကို မှော်ဆရာများထံ ရောင်းချပြီး အခြေခံကုန်ကျစရိတ်များကို မနည်းထိန်းထားရခြင်း ဖြစ်သည်။ သို့သော် မဟာကျိုးနိုင်ငံမှာ သိုင်းပညာရှင်များ အဓိကရှိသည့် နိုင်ငံဖြစ်သဖြင့် မှော်ဆေးရည်တစ်ခုတည်းအပေါ်၌သာ ရေရှည်မှီခိုနေ၍ မရနိုင်ပေ။

“စိတ်မပူပါနဲ့... တခြားသူတွေက ဆေးပင်တစ်ပင်ဖြစ်ဖို့ တစ်နှစ်စောင့်ရပေမဲ့ ငါတို့ကတော့ ခြောက်လပဲ လိုမယ် ဒါမှမဟုတ် အဲဒီထက်တောင် ပိုမြန်နိုင်သေးတယ်။ ငါ စုံစမ်းပြီးပြီ... ယွီကျင်းမြို့နဲ့ မဝေးတဲ့ တောင်ပေါ်မှာ ရွာတစ်ရွာ ရှိတယ်။ မနက်ဖြန် ငါ နင်တို့ကို အဲဒီခေါ်သွားမယ်။ ဪ... ဒါနဲ့ ကျိမော့ကိုပါ ခေါ်လိုက်ဦး”

နောက်တစ်နေ့ နံနက်တွင် ယွင်ရှန်းသည် စောစောထ၍ မြင်းရထားတစ်စီး ငှားရမ်းလိုက်သည်။ ယွီကျင်းမြို့အနီး စိုက်ပျိုးရန် သင့်တော်သော မျိုးစေ့အချို့ကို ရွေးချယ်ပြီး လင်းယောင်အာ၊ ကျိမော့တို့နှင့်အတူ ခရီးထွက်ခဲ့ကြသည်။ မြင်းရထားပေါ်တွင် ထိုင်နေရင်း ယွင်ရှန်းသည် စကားတစ်လုံးမျှမပြောဘဲ တည်ငြိမ်စွာ ထိုင်နေသည့် ကျိမော့ကို ကြည့်ရှုကာ ကျေနပ်နေမိသည်။

ကျိမော့မှာ အမှန်တကယ်ပင် အားကိုးရသော ဝန်ထမ်းကောင်းတစ်ဦး ဖြစ်သည်။ ယွင်ရှန်း မရှိသည့် တစ်လကျော်အတွင်း ကျိမော့သည် မိုးလင်းမှ မိုးချုပ်အထိ မှော်ဆေးရည်များ ဖော်စပ်ပေးခဲ့သလို၊ ဆေးခန်း၏ ဆေးဘက်ဝင်စိုက်ခင်းကိုလည်း ဂရုစိုက်ပေးခဲ့သည်။ ထို့ပြင် ယွင်ရှန်း၏ ဖခင်ဖြစ်သူ ယန်ခန်းဟိုင် တည်ဆောက်ထားသည့် မှော်ဝင်အစီအရင်များကိုလည်း လိုအပ်သလို ကြည့်ရှုစောင့်ရှောက်ပေးခဲ့သည်။

All Chapters