← Chapters

အခန်း (၃၇၀)

Vol. 37 Ch. 370

အခန်း (၃၇၀)

Vol. 37 Ch. 370

"မင်းတို့နှစ်ယောက်လုံး အဆင်သင့်ပြင်ထားကြ ရှေ့မှာ လျှောက်ရမယ့် တောင်ပတ်လမ်းက တော်တော်ဝေးသေးတယ်။ လမ်းမှာ မှော်ပညာကို သုံးပြီးသွားရင်တော့ ပိုပြီး သက်သာလိမ့်

မယ်"

ယွင်ရှန်းက ပြောပြောဆိုဆိုနှင့်ပင် ရှေ့ကနေ ဦးဆောင်ကာ လှမ်းထွက်လိုက်သည်။

လေနတ်ဘုရား၏ အကာအကွယ်ကြောင့် သူမအတွက် လေမှော်ပညာကို အသုံးပြုရသည်မှာ အလွန်ပင် လွယ်ကူလှပြီး သာမန်သိုင်းပညာရှင်တစ်ဦးထက်ပင် ပိုမိုမြန်ဆန်သော နှုန်းဖြင့် ရွေ့လျားနိုင်သည်။

ဆန့်ကျင်ဘက်အနေဖြင့် ကျိမော့မှာမူ တည်ငြိမ်အေးဆေးသော ခြေလှမ်းများဖြင့် နောက်ကနေ လိုက်ပါလာပြီး လင်းယောင်အာကမူ အတော်လေး နောက်ကျကျန်ခဲ့သည်။ ထို့ကြောင့် ယွင်ရှန်းမှာ တစ်ခါတစ်ရံတွင် သူမကို လေပေါ်ပျံဝဲခြင်းအတတ်ဖြင့် ကူညီပေးရသည်။ သူတို့သုံးဦး တောင်လည်ပတ်သို့ ရောက်ရှိရန် မိနစ် ၃၀ ခန့် အချိန်ပေးလိုက်ရသည်။

"မှော်ဆရာတစ်ယောက်အနေနဲ့ မင်းရဲ့ ကိုယ်ကာယကြံ့ခိုင်မှုက တကယ်ကို ကောင်းတာပဲ"

ယွင်ရှန်းက ကျိမော့ကို ကြည့်ကာ မှတ်ချက်ပေးလိုက်သည်။ သူသည် မောပန်းနေပုံမရဘဲ အလွန်ပင် တည်ငြိမ်နေသည်။

လင်းယောင်အာမှာမူ ယွင်ရှန်းပေးသော တရားထိုင်ရေစင်ကို အားမနာတမ်း သောက်လိုက်ပြီး ခန္ဓာကိုယ်ထဲတွင် ကုန်ဆုံးသွားသော မှော်ဓာတ်များကို ပြန်လည်ဖြည့်တင်းလိုက်သည်။

"ကျွန်တော်က တောင်ပေါ်သားပါ။ ငယ်ငယ်ကတည်းက လမ်းအဝေးကြီး လျှောက်ရတာ ကျင့်သားရနေလို့ပါ"

ကျိမော့က ခပ်ပေါ့ပေါ့ပင် ပြန်လည်ဖြေကြားလိုက်သည်။

ယွင်ရှန်းကတော့ စိတ်ထဲကနေ ခပ်ရွဲ့ရွဲ့လေး တွေးနေမိသည်။

ဟန်ဆောင်လိုက်တာ... အမြဲတမ်း ဟန်ဆောင်နေတာပဲ။ ဘယ်လိုတောင်ပေါ်သားမျိုးက ဒီလောက်အထိ ထူးခြားတဲ့ အငွေ့အသက်တွေ ရှိနေပြီး မင်းစိုးရာဇာတွေလို စကားပြောတတ်နေလို့လဲ။

ဂူဖုန်းက ကျိမော့ဆီမှာ အလင်းမှော်ဓာတ်အားနည်းနည်းရှိနေတယ်လို့ ပြောကတည်းက ဒီကောင်လေးရဲ့ နောက်ခံက မရိုးရှင်းဘူးဆိုတာ သူမ သံသယဝင်နေခဲ့ခြင်းဖြစ်သည်။

ယွင်ရှန်းသည် အလွန်ပင် စေ့စပ်သေချာသူ ဖြစ်သည်။ သူမသည် ခရီးတစ်လျှောက်လုံး ကျိမော့ကို စကားအမျိုးမျိုး လှည့်ပတ်မေးမြန်းကာ သဲလွန်စရှာရန် ကြိုးစားခဲ့သော်လည်း ကျိမော့မှာမူ အလွန်သတိကြီးလှသည်။ သူသည် စကားနည်းသော်လည်း မေးသမျှကိုတော့ တိတိကျကျ ပြန်ဖြေခဲ့သည်။ ခရီးတစ်လျှောက်တွင် ယွင်ရှန်းအနေဖြင့် မည်သည့်အမှားအယွင်းမျှ ရှာမတွေ့ခဲ့သော်လည်း ကျိမော့က သာမန်လူတစ်ယောက် မဟုတ်သည်မှာ သူမအတွက် သေချာနေဆဲပင်။

ကျိမော့ စကားပြောပြီးသည်နှင့် သူ၏ အကြည့်များမှာ တောင်ပေါ်ရွာလေးဆီသို့ ရောက်ရှိသွားပြီး သူ၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားတော့သည်။

ယွင်ရှန်းလည်း လှည့်ကြည့်လိုက်မိသည်။

တောင်ပေါ်ရွာလေး၏ အခြေအနေကို မြင်လိုက်ရသောအခါ လင်းယောင်အာက "အမလေး... ဒီမှာ ဘာလို့ ဒီလောက်တောင် ဆင်းရဲနေရတာလဲ" ဟု အံ့ဩတကြီး ရေရွတ်လိုက်မိသည်။

ယွင်ရှန်းတို့ ရောက်ရှိလာသော အမြင့်ပေ တစ်ထောင်ကျော် တောင်ပေါ်တွင် တည်ရှိသည့် ဤရွာလေးမှာ ကျိုးချူးရွာဟု ခေါ်သည်။ ၎င်းသည် ယွီကျင်းမြို့ပြင်ရှိ အမြင့်ဆုံးနေရာတွင်ရှိသော ရွာတစ်ရွာဖြစ်သလို ထိုဒေသတွင် အဆင်းရဲဆုံးအဖြစ် နာမည်ကျော်ကြားလှသည်။

အမှန်တကယ်ပင် ရွာမှာ အလွန်နွမ်းပါးလှသည်။ တစ်ရွာလုံးတွင် သက်ငယ်မိုး အိမ်အိုလေး အလုံးပေါင်း ဆယ်ဂဏန်းခန့်သာ ရှိပြီး ရွာထဲတွင် အကောင်းဆုံးဟု ဆိုနိုင်သော အိမ်များမှာ ကျောက်တုံးများ စီထပ်၍ ဆောက်ထားသည့် အိမ်အနည်းငယ်မျှသာ ဖြစ်သည်။

ရွာအဝင်ဝတွင် သူတို့ လျှောက်လာခဲ့သော တောင်ပတ်လမ်းလေး ရှိပြီး ဘေးတစ်ဖက်တစ်ချက်တွင်တော့ မကြာသေးမီကမှ အဖူးအပွင့်ထွက်စ ပြောင်းဖူးခင်း အနည်းငယ်ကို စိုက်ပျိုးထားကြသည်။ တစ်ရွာလုံးကို ခြုံငုံကြည့်လိုက်လျှင် ထိုအရာများမှလွဲ၍ အခြား ထူးထူးခြားခြား ဘာမှမရှိချေ။

"နင်တို့က ဒီလို တောင်ပေါ်ရွာတွေကို သွားလေ့မရှိလို့ နေမှာပါ။ ငါလည်း ငယ်ငယ်တုန်းက ဒီလိုရွာမျိုးမှာပဲ နေခဲ့တာဆိုတော့ ငါ့အတွက်တော့ ဒါက အထူးအဆန်း မဟုတ်ဘူး"

သုံးယောက်ထဲတွင် ယွင်ရှန်း၏ တုံ့ပြန်မှုမှာ အတည်ငြိမ်ဆုံး ဖြစ်သည်။

သူမက ခပ်နောက်နောက် အပြုံးလေးဖြင့် ကျိမော့ကို တစ်ချက် ဝေ့ကြည့်လိုက်သည်။

ဒီကောင်လေးက ခုနတင် ရွာသားပါလို့ ပြောထားတာ မဟုတ်လား။ အခုတော့ အခြေအနေက သူ့စကားကို သူ ပြန်ရိုက်သလို ဖြစ်နေပြီလေ။

ကျိမော့၏ မျက်နှာမှာ အနည်းငယ် နီမြန်းသွားတော့သည်။ သို့သော် ယွင်ရှန်း၏ ငယ်ဘဝ နေထိုင်ရာအိမ်မှာ ဤမျှ ယိုယွင်းပျက်စီးနေသော တောင်ပေါ်ရွာလေး ဖြစ်လိမ့်မည်ဟု သူ လုံးဝ မထင်ထားခဲ့မိပေ။

ဒီလိုနေရာမျိုးမှာဆိုရင် မှော်ဘုရားကျောင်းတောင် ရှိမှာမဟုတ်ဘူး ထင်တယ်...

"ကဲ... ရှေ့ကို ဆက်သွားပြီး ကြည့်ရအောင်"

ယွင်ရှန်းက ဘာမှထပ်မပြောဘဲ သူတို့နှစ်ဦးကို ရွာထဲသို့ ဦးဆောင်ခေါ်သွားတော့သည်။

သူတို့ ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးခင်မှာပင် အနီးနားမှ လူတစ်ယောက်က "ဟော... ဒါ နတ်ဆေးဆရာမလေး မဟုတ်လား" ဟု လှမ်းအော်ပြောလိုက်သံကို ကြားလိုက်ရသည်။

ရှေ့ဘက်ရှိ သက်ငယ်မိုးအိမ်လေးတစ်လုံးထဲမှ အမျိုးသမီးတစ်ဦး ထွက်လာခဲ့သည်။ သူမသည် လယ်ကွင်းထဲတွင် စိုက်ပျိုးရေးအလုပ်များဖြင့် အလုပ်ရှုပ်နေပုံရပြီး အပြင်မှ စကားပြောသံများကြားရသဖြင့် ထွက်လာကြည့်ရာမှ ယွင်ရှန်းတို့ကို မြင်တွေ့သွားခြင်းဖြစ်သည်။

"ဟယ်... ဒါ ဟိုတစ်ခေါက် အခမဲ့ဆေးကုသပေးတုန်းက တွေ့ခဲ့တဲ့ အဒေါ်ကြီး မဟုတ်လား"

လင်းယောင်အာက ထိုအမျိုးသမီးကို မှတ်မိသွားသည်။ သူမသည် ယွင်ရှန်း အခမဲ့ဆေးကုသစဉ်က တွေ့ခဲ့ရသည့် လယ်သမား၏ ဇနီးပင်။

"ဟုတ်ပါ့... နတ်ဆေးဆရာမလေးပဲ။ ဆရာမလေးတို့ နောက်တစ်ခေါက် အခမဲ့ဆေးလာကုပေးတာလား။ တကယ်ကို ဝမ်းသာစရာပဲရှင်။ ဒီရွာထဲမှာ နေမကောင်းဖြစ်နေတဲ့ လူကြီးတွေနဲ့ ကလေးတွေ အများကြီးရှိတယ်။ ဒါပေမဲ့ တောင်ပေါ်လမ်းက သွားရလာရခက်တော့ သူတို့ တောင်အောက်ကို မဆင်းနိုင်ကြဘူးလေ။ ခဏလေးစောင့်ပါဦး... ကျွန်မ အမျိုးသားကိုလွှတ်ပြီး ရွာထဲကလူတွေကို အသိပေးခိုင်းလိုက်ပါ့မယ်"

ထိုအမျိုးသမီးသည် ဝမ်းသာအားရဖြင့် သူမ၏လက်များကို သုတ်ကာ ရွာသားများကို ကျယ်လောင်စွာ လှမ်းခေါ်တော့သည်။

"အာ... အဒေါ်ကြီး ကျွန်မတို့က အဲဒါအတွက် လာတာ..."

လင်းယောင်အာမှာ စကားစရှာမရဘဲ ဖြစ်သွားသည်။

"ကိစ္စမရှိပါဘူး လူနာကြည့်ပေးရုံပဲဥစ္စာ။ ကျိမော့... ခဏနေရင် ငါ့ကိုကူပြီး လူနာတွေကို ကုသပေးပါဦး။ ပြီးတော့ ဒီရွာထဲက ကလေးတွေနဲ့ လူကြီးတွေထဲမှာ မှော်စွမ်းအင်ကို အာရုံခံနိုင်တဲ့သူ ရှိမရှိ တစ်ခါတည်း စစ်ဆေးပေးပါဦး"

ယွင်ရှန်းက ဤကဲ့သို့သော အခြေအနေမျိုးကို ကျင့်သားရနေသည့်အလား ပြုံးလျက် ပြောလိုက်သည်။

သူမက ငါ့ကို အခမဲ့ဆေးကုသရေးမှာ ကူညီဖို့ ခေါ်လာခဲ့တာကိုး။ ဒါပေမဲ့... သူမက ဘာဖြစ်လို့ ရွာသားတွေထဲမှာ မှော်စွမ်းအင် အာရုံခံနိုင်သူ ရှိမရှိ စစ်ဆေးခိုင်းရတာလဲ။

ကျိမော့သည် စိတ်ထဲမှ တိတ်တဆိတ် အံ့ဩသွားသော်လည်း ရွာကို တစ်ချက်ပြန်ကြည့်လိုက်သောအခါ တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားတော့သည်။

ဤရွာလေးသည် ဝေးလံခေါင်ဖျားပြီး လူဦးရေ ကျဲပါးလှသဖြင့် မှော်ဘုရားကျောင်းတစ်ခုတောင် အခြေစိုက်ထားခြင်း မရှိပေ။

ဒီလိုမျိုး ဝေးလံခေါင်ဖျားတဲ့ ရွာလေးတွေမှာဆိုရင် ရွာသားတွေအနေနဲ့ သူတို့ရဲ့ ကိုယ်ကာယကြံ့ခိုင်မှု ဒါမှမဟုတ် မှော်ပါရမီ ရှိမရှိ စစ်ဆေးဖို့ဆိုတာ တကယ်ကို မဖြစ်နိုင်သလောက်ပဲ။

မဟာကျိုးနိုင်ငံ၏ နယ်နိမိတ်အတွင်း၌ ဤကဲ့သို့သော ကျေးရွာများစွာ ရှိနေကြသည်။ အဆိုပါရွာများသည် သိုင်းသင်တန်းကျောင်းများနှင့် မှော်ဘုရားကျောင်းများအတွက် လစ်ဟင်းနေသော နေရာလွတ်များ ဖြစ်နေခဲ့သည်။

ယွင်ရှန်း... သူမက တကယ်ကို မထင်မှတ်ထားစရာပဲ။ သူမက မှော်ဘုရားကျောင်းတွေနဲ့ သိုင်းသင်တန်းကျောင်းတွေရဲ့ လက်ထဲကနေ လူတွေကို လုယူဖို့ ကြံစည်နေတာလား။

ကျိမော့သည် စိတ်ထဲတွင် အလွန်အမင်း အံ့ဩသွားသော်လည်း သူ၏ မျက်နှာအမူအရာမှာမူ တည်ငြိမ်နေဆဲပင်။ လယ်သမားကြီး၏ နှိုးဆော်မှုကြောင့် ကျိုးချူးရွာသားများသည် ခဏချင်းအတွင်းမှာပင် စုရုံးကာ ရောက်ရှိလာကြသည်။ ဤကဲ့သို့ ဝေးလံသော ကျေးရွာများတွင် တစ်နှစ်လျှင် တစ်ကြိမ်ခန့်သာ တောင်အောက်သို့ ဆင်း၍ ဆေးကုသခွင့် ရရှိလေ့ရှိကြသည်။ ယခုကဲ့သို့ ကျွမ်းကျင်သော ဆရာဝန်များက အိမ်တိုင်ရာရောက် လာရောက်ကုသပေးကြသဖြင့် ရွာသားများအတွက်မူ အတိုင်းမသိ ဝမ်းသာစရာ ဖြစ်နေတော့သည်။

လူဦးရေ သုံးလေးရာခန့်သာရှိသော ရွာလေးဖြစ်သော်လည်း နေမကောင်းသူများသာမက ကျန်းမာသူများပါ ဆရာမလေးကို လာရောက်ကြည့်ရှုကြသဖြင့် လင်းယောင်အာမှာ လူစုလူဝေး စနစ်တကျရှိစေရန် အတော်ပင် ထိန်းသိမ်းပေးလိုက်ရသည်။ ရွာသားများသည် ရိုးသားဖြူစင်သူများပီပီ နတ်ဆေးဆရာမလေးက သူတို့၏ ကလေးငယ်များကို ကိုင်တွယ်ပေးရုံမျှဖြင့် ရောဂါဝေဒနာအားလုံး ပျောက်ကင်းသွားမည်ဟု ယုံကြည်နေကြပြီး ကလေးများကို ရှေ့ဆုံးမှ တိုးဝှေ့ကာ ပို့ဆောင်နေကြသည်။ ယွင်ရှန်းနှင့် ကျိမော့တို့သည် လူနာများကို အသီးသီး ခွဲဝေကုသပေးကြရာ ရွာသားအများစုမှာ သာမန်ဖျားနာမှုလောက်သာ ရှိသဖြင့် နှစ်နာရီအတွင်းမှာပင် အားလုံးကို ကြည့်ရှုပြီးစီးသွားခဲ့သည်။

“ဘယ်လိုလဲ... ရွာထဲက ကလေးတွေရဲ့ ပါရမီက ဘယ်လောက်ရှိလဲ”

ဆေးပစ္စည်းများ ပြန်လည်သိမ်းဆည်းရင်း ယွင်ရှန်းက ကျိမော့ကို မေးမြန်းလိုက်သည်။

“မှော်အာရုံခံနိုင်စွမ်းရှိတဲ့ ကလေးအချို့တော့ ရှိပါတယ်။ ဒါပေမဲ့ အရမ်းကို အားနည်းလွန်းလို့ လျစ်လျူရှုထားလို့ရတဲ့ အဆင့်ပါပဲ”

ကျိမော့က အမှန်အတိုင်း ပြန်လည်ဖြေကြားလိုက်သည်။

မှော်ပါရမီဆိုသည်မှာ များသောအားဖြင့် မျိုးရိုးလိုက်တတ်သည်။ ဤကလေးများ၏ ဘိုးဘွားများမှာ လယ်သမားများသာ ဖြစ်ကြသဖြင့် မှော်ပါရမီ အနည်းငယ် ပါဝင်လာသူ ရှိနေခြင်းကပင် အတော်လေး အံ့ဩစရာ ကောင်းသည်။

“ငါတွေ့တာကတော့ မင်းထက်စာရင် အခြေအနေ နည်းနည်းပိုကောင်းပါတယ်။ ဆယ်ယောက်မှာ သုံးလေးယောက်လောက်က ကိုယ်ကာယကြံ့ခိုင်မှု ကောင်းကြတယ်။ သေသေချာချာ ပျိုးထောင်ပေးမယ်ဆိုရင် သိုင်းပညာ သင်ယူနိုင်ကြမှာပါ”

ယွင်ရှန်းကမူ ဤရလဒ်အပေါ် အံ့ဩပုံမရချေ။ ကျိမော့က ယွင်ရှန်း၏ ရည်ရွယ်ချက်ကို မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ရွာအဝင်ဝမှ အသံကျယ်ကျယ်နှင့် လူတစ်ဦး အပြေးအလွှား ဝင်ရောက်လာခဲ့သည်။

“နတ်ဆေးဆရာမလေး... ကျေးဇူးအများကြီး တင်ပါတယ်ခင်ဗျာ။ တကယ်ကို အားနာဖို့ကောင်းလိုက်တာ... လူနာတွေ ကြည့်ပေးနေတာနဲ့ပဲ ဆရာမလေးတို့ကို ထမင်းကျွေးဖို့တောင် မေ့နေမိတယ်”

ထိုသူမှာ ယွီကျင်းမြို့၌ အခမဲ့ဆေးကုသစဉ်က တွေ့ဆုံခဲ့ရသည့် လယ်သမားကြီးဖြစ်ပြီး သူသည် ကျိုးချူးရွာ၏ ရွာသူကြီး ဖြစ်ကြောင်း နောက်မှ သိရှိလိုက်ရသည်။ ယွင်ရှန်းတို့ ရောက်ရှိလာစဉ်က သူသည် အပြင်သို့ သွားရောက်နေသဖြင့် ညစာစားချိန်နီးမှ အပြေးအလွှား ပြန်လည်ရောက်ရှိလာခြင်းပင်။

All Chapters