အခန်း (၃၇၁)
Vol. 37 Ch. 371
မြို့တော်တွင် သူ့အား အခမဲ့ဆေးကုသပေးခဲ့သည့် နတ်ဆေးဆရာမလေး ရောက်ရှိနေကြောင်း သတင်းစကားကြားရသောအခါ ရွာသူကြီးမှာ အတိုင်းမသိ ဝမ်းသာသွားတော့သည်။ ရွာသားများသည်လည်း ခေါင်းကိုက်၊ ဖျားနာခြင်းမှအစ ယွင်ရှန်းပေးအပ်သော ဆေးလုံးများကြောင့် ချက်ချင်းပင် ဝေဒနာသက်သာသွားကြသဖြင့် ယွင်ရှန်းနှင့် စီအန်းခန်းမငယ်အပေါ်၌ အထူးပင် ကျေးဇူးတင်ရှိနေကြသည်။
ရွာသူကြီးက ရွာသားများကို နေအိမ်သို့ပြန်ရန် ဖျောင်းဖျပြောဆိုပြီးနောက် သူ၏ဇနီးအား ယွင်ရှန်းတို့အဖွဲ့ကို အိမ်အတွင်းသို့ ဖိတ်ကြားရန် စေခိုင်းလိုက်သည်။ ရွာသူကြီးဟု ဆိုသော်ငြားလည်း လယ်သမားကြီး၏ အိမ်မှာမူ များစွာချမ်းသာကြွယ်ဝခြင်း မရှိချေ။ ဇနီးမောင်နှံနှစ်ဦးတွင် သားသမီး သုံးလေးဦးရှိရာ ထမင်းစားပွဲအနီး၌ ဟိုမှသည်သို့ ပြေးလွှားဆော့ကစားနေကြသည်။ ကလေးငယ်များသည် ဧည့်သည်အသစ်များကို အလွန်ပင် စိတ်ဝင်စားနေကြပြီး ယွင်ရှန်းနှင့် ကျိမော့တို့၏ ဘေးတွင် မနားတမ်း ပတ်ပြေးနေကြတော့သည်။
အထူးသဖြင့် ကျိမော့မှာ နေအိမ်အတွင်းသို့ ရောက်ရှိကတည်းက စကားတစ်ခွန်းမျှ မဆိုသကဲ့သို့ ဘေးဘီသို့လည်း လှည့်လည်ကြည့်ရှုခြင်း မရှိပေ။ သို့သော် ထူးဆန်းသည်မှာ ကလေးငယ်များသည် သူ့အား အလွန်ပင် ခင်မင်သွားကြပြီး အတူတကွ ဆော့ကစားရန် တတွတ်တွတ် ပူဆာနေကြခြင်းပင်။
၎င်းကို မြင်တွေ့ရသော ရွာသူကြီးမှာ အားနာသွားကာ ကလေးများကို မကြာခဏ ဆူပူကြိမ်းမောင်းနေမိသည်။
“ရပါတယ်... ကျွန်တော်လည်း ငယ်စဉ်က မောင်နှမတွေနဲ့ အတူမနေခဲ့ရဘူး။ သူတို့ကို ဆော့ကစားခွင့် ပေးလိုက်ပါ”
ကျိမော့က ရွာသူကြီးအား အားမနာရန် ပြောဆိုလိုက်သည်။ ကျိမော့မှာ စကားနည်းသူပီပီ အစပိုင်းတွင် အတန်ငယ် နေရခက်နေသကဲ့သို့ ရှိသော်လည်း ဤသည်မှာ သူ၏ဘဝတွင် ကလေးငယ်များက သူ့အား လာရောက်ဆော့ကစားရန် ပူဆာသည်ကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းပင်။
ကျိမော့၏ ရင်တွင်း၌ မည်သို့ခံစားနေရသည်ကို မည်သူမျှ မသိနိုင်ချေ။ သူငယ်စဉ်ကထူးခြားသော မှော်ပါရမီရှိသူ ဖြစ်သည့်အားလျော်စွာ အချိန်အတော်များများကို မှော်အတတ်များ လေ့ကျင့်ခြင်းနှင့် မှော်အဆင့် မြှင့်တင်ခြင်းတို့၌သာ အသုံးချခဲ့ရသည်။
ကျိမော့၏ ပါရမီရှင်ဟူသော ဂုဏ်သတင်းသည် တိုက်ကြီးတစ်ခုလုံးတွင် ပျံ့နှံ့လာသည်နှင့်အမျှ သူနှင့်ရွယ်တူ တပည့်သာဝကများမှာ သူ့ကို အဝေးမှသာ အားကျရိုသေစွာ ငေးကြည့်နေခဲ့ကြသည်။ အချိန်ကြာလာသည်နှင့်အမျှ ယွီကျိနှင့် ယွီမော့တို့ ပေါ်လာပြီး အခြေအနေအနည်းငယ် ပြောင်းလဲသွားသည့်တိုင်အောင် သူသည် အထီးကျန်ဆဲပင်။
သူတို့၏ အဆင့်အတန်း ကွာခြားမှုကြောင့် ထိုသူများပင်လျှင် ကျိမော့အပေါ် အမြဲတမ်း ရိုသေသမှု ထားရှိကြသဖြင့် ရင်းနှီးပွင့်လင်းမှုမှာ လျော့နည်းနေခဲ့ရသည်။ ကလေးများနှင့် ဆော့ကစားလိုသော ဆန္ဒနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းလိုသော စိတ်တို့ကြား လွန်ဆွဲနေသည့် ကျိမော့၏ အခြေအနေကို ယွင်ရှန်းက အကဲခတ်မိနေခဲ့သည်။
"ဂုဏ်သရေရှိ ဧည့်သည်တို့... သုံးဆောင်ကြပါဦး။ ကျွန်မတို့ ရွာက ဆင်းရဲတော့ အခုလို အထူးဧည့်သည်တွေ လာမယ်မှန်း မသိတာနဲ့ အဆင်သင့် မဖြစ်တာ တကယ်ပဲ အားနာပါတယ်ရှင်"
လယ်သမားကြီး၏ ဇနီးသည် ကြမ်းတမ်းသော မြေအိုးခွက်များဖြင့် ထည့်ထားသည့် ဆန်ပြုတ်အချို့၊ မည်းမှောင်ပြီး မာကျောနေသော ပေါင်မုန့်လုံးများနှင့် လတ်လတ်ဆတ်ဆတ် ခူးထားသည့် ပြောင်းဖူးဝါအချို့ကို ယူဆောင်လာပေးသည်။
ဆန်ပြုတ်ဟု ဆိုသော်လည်း ရေများများထဲတွင် ဆန်ကြမ်းစေ့ အနည်းငယ်သာ ပါဝင်သည်။ မသန့်ရှင်းလှသော ခွက်အနားသတ်များနှင့် ကျောက်တုံးကဲ့သို့ မာကျောနေသော ပေါင်မုန့်များကို ကြည့်ရသည်မှာ ရွာသူကြီး၏ ကလေးများအတွက်ပင် ဤကဲ့သို့သော ညစာမှာ ခဲယဉ်းလှပုံရသည်။ ကလေးများသည် ရေကျဲကျဲ ဆန်ပြုတ်ကိုသာ သောက်ရင်း ထိုပေါင်မုန့်တုံးများကို သရည်တမြမြဖြင့် ငေးကြည့်နေကြသည်။
သူတို့၏ မိခင်က ဤအရာများက ဧည့်သည်များအတွက်ဟု မှာထားခဲ့ခြင်းပင်။
ကျိမော့မှာမူ သူ၏ ထမင်းစားတူကိုပင် မကိုင်ရသေးချေ။
"ကျေးဇူးတင်ပါတယ် အဒေါ်ကြီး... သမီး တကယ်ပဲ ဗိုက်ဆာနေတာနဲ့ အတော်ပဲ"
ယွင်ရှန်းက ဟန်ဆောင်ခြင်းမရှိဘဲ ပွင့်လင်းစွာပင် စားသောက်လိုက်ပြီး ပေါင်မုန့်ကို အစိတ်စိတ်အမြွှာမြွှာ ဖဲ့ကာ မျှော်လင့်တကြီး ကြည့်နေကြသော ကလေးများကို ဝေငှပေးလိုက်သည်။
လင်းယောင်အာသည်လည်း ယွင်ရှန်းကို အတုယူကာ စားသောက်ရင်း ကလေးများကို ပြန်လည်မျှဝေပေးသည်။ ကျိမော့မှာ ခဏတာ တုံ့ဆိုင်းသွားသော်လည်း နောက်ဆုံးတွင် ယွင်ရှန်းကဲ့သို့ပင် ပန်းကန်ခွက်ယောက်များ၏ အခြေအနေနှင့် အစားအစာ၏ ကြမ်းတမ်းမှုကို ဂရုမစိုက်တော့ဘဲ အားပါးတရ စားသောက်လိုက်တော့သည်။
ဤထမင်းတစ်နပ်သည် ကျိမော့၏ တစ်သက်တာတွင် မေ့မရနိုင်သော အမှတ်တရတစ်ခု ဖြစ်လာသည်။
ညစာစားပြီးနောက် လယ်သမားကြီး၏ ဇနီးသည် ကလေးများကို အပြင်သို့ မောင်းထုတ်လိုက်ရာ ယွင်ရှန်းနှင့် ကျိုးချူးရွာသူကြီးတို့ ဆေးဖက်ဝင်စိုက်ခင်းအကြောင်းကို အေးအေးဆေးဆေး ဆွေးနွေးခွင့် ရသွားတော့သည်။
"နတ်ဆေးဆရာမလေး... ဘာပြောလိုက်တယ်။ ကျွန်တော်တို့ရွာမှာ ဆေးဘက်ဝင်အပင်တွေ စိုက်ချင်တယ် ဟုတ်လား"
ရွာသူကြီးမှာ သူကြားလိုက်ရသည်ကို နားကြားမှားသည်ဟုပင် ထင်မှတ်သွားမိသည်။ ကျိုးချူးရွာသည် လမ်းပန်းဆက်သွယ်ရေး အလွန်ခက်ခဲသော ဝေးလံခေါင်ဖျားအရပ်တွင် ရှိသည်။ မြေဆီလွှာကောင်းမွန်ပြီး လုပ်သားအင်အား ရှိသည်ဟု ဆိုသော်လည်း...
သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ရွာမှထွက်ကုန်များကို တောင်အောက်သို့ ပို့ရန်
မလွယ်ကူသလို အောက်မှ ပစ္စည်းများကိုလည်း အပေါ်သို့ တင်ရန် အတော်လေး ခက်ခဲသည်။
"အကယ်၍ ကျွန်မမှာ ဒီသယ်ယူပို့ဆောင်ရေး ပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းရှိတယ်ဆိုရင်ရော"
ယွင်ရှန်းက ပြုံးလျက် မေးလိုက်သည်။ သူမသည် ရွာရှိ မြေဆီလွှာကို စစ်ဆေးပြီးပြီဖြစ်ရာ ပင်လယ်ဆူးဆည်းဆာဟုခေါ်သော အဖိုးတန်ဆေးပင်ကို စိုက်ပျိုးရန် အလွန်သင့်တော်ကြောင်း တွေ့ရှိထားသည်။ ဤဆေးပင်မှာ ဈေးကွက်ထဲတွင် တစ်ပိဿာလျှင် ငွေစင်ငါးပြားအထိ ဈေးကောင်းရနိုင်သောအရာ ဖြစ်သည်။
"နတ်ဆေးဆရာမလေး ပြောတာ တကယ်ပဲလား"
ရွာသူကြီး၏ မျက်နှာမှာ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွားတော့သည်။
"ဒီညကျရင် ရှင်သိရပါလိမ့်မယ်"
ယွင်ရှန်းက အသေးစိတ်ကို ဆက်မပြောဘဲ လျှို့ဝှက်ချက်တစ်ခုအဖြစ်သာ သိမ်းထားလိုက်သည်။
ညစာစားပြီးနောက် ယွင်ရှန်းနှင့် လင်းယောင်အာတို့သည် ရွာမှ အမျိုးသမီးများနှင့်အတူ စကားစမြည် ပြောဆိုနေကြသည်။ ကျိမော့ကမူ ရွာအဝင်ဝတွင် တစ်ယောက်တည်း ရပ်ကာ မတ်စောက်ပြီး အဆက်မပြတ် သွယ်တန်းနေသော တောင်ကုန်းများကို ငေးကြည့်နေမိသည်။
ကောင်းကင်ယံတွင် ကြယ်ပွင့်များမှာ တဖျတ်ဖျတ် တောက်ပနေကြသည်။
သူမက... တကယ်ပဲ ဘယ်လိုလူမျိုးပါလိမ့်။
ကျိမော့၏ စိတ်ထဲတွင် ယွင်ရှန်းအပေါ် ပိုမိုနက်ရှိုင်းသော စိတ်ဝင်စားမှုများ ဖြစ်ပေါ်လာတော့သည်။ သူမသည် မြို့တော်က အထက်တန်းလွှာ မိန်းကလေးတစ်ဦး ဖြစ်သော်လည်း ဤကဲ့သို့ ကြမ်းတမ်းသော အစားအစာများကို စားနိုင်ကာ ဆင်းရဲသားများကို ကူညီတတ်ပြီး ယခုမူ သူတို့၏ ဘဝကို ပြောင်းလဲပေးရန်ပင် ကြိုးစားနေပြန်သည်။
ကျိမော့သည် တစ်ယောက်တည်းရှိနေချိန်တွင် အခြားသူများရှေ့တွင် ထားရှိလေ့ရှိသော အေးစက်ခက်ထန်သည့် အမူအရာများ ပျောက်ကွယ်သွားပြီး အနည်းငယ် ဖြူလျော့သော သူ၏မျက်နှာမှာ သာမန်ပင် ဖြစ်သော်လည်း ညကောင်းကင်ယံအောက်တွင်မူ နုနယ်သော အလင်းရောင်တစ်ခု ဖြာထွက်နေသကဲ့သို့ ရှိနေသည်။
"ဘာတွေ တွေးနေတာလဲ"
ယွင်ရှန်းက လျှောက်လာပြီး ကျိမော့၏ ဘေးတွင် ရပ်လိုက်သည်။
"မင်းအကြောင်းကို..."
ကျိမော့၏ စကားလုံးများမှာ ခဏတာ ရပ်တန့်သွားသည်။ သူ၏ ရဲတင်းသော စကားကြောင့် သူကိုယ်တိုင်ပင် အံ့ဩသွားပုံရသည်။
"ဒီက သယ်ယူပို့ဆောင်ရေး ပြဿနာကို မင်း ဘယ်လိုနည်းနဲ့ ဖြေရှင်းမလဲဆိုတာကို တွေးနေတာပါ။ ဒါတင်မကဘူး... ပင်လယ်ဆူးဆည်းဆာကို စိုက်ပျိုးဖို့က မလွယ်ဘူးဆိုတာ မင်းသိပါတယ်။ ဒီရွာက လူတွေက လယ်သမားတွေပဲလေ။ ဒီလောက် အဖိုးတန်တဲ့ ဆေးပင်ကို ဘယ်လို ပြုစုရမလဲဆိုတာ သူတို့ မသိကြဘူး"
"သာမန်လူတွေအတွက်တော့ ဟုတ်ပါတယ်။ စိုက်ပျိုးဖို့ ခက်ခဲမယ်ဆိုတာလည်း ဟုတ်တယ်။ ဒါပေမဲ့... အကယ်၍ မှော်ဆရာတစ်ယောက်ကသာ စိုက်ပျိုးမယ်ဆိုရင်တော့ အခြေအနေက တခြားစီ ဖြစ်သွားမှာပေါ့"
ယွင်ရှန်းသည် မှောင်မိုက်သော ညဉ့်ကောင်းကင်ယံကို ငေးကြည့်လိုက်သည်။ ကျိမော့နှင့်မတူသည်မှာ သူမသည် ပိန်းပိတ်အောင် မှောင်နေသော ကောင်းကင်ယံထဲမှ တဖျတ်ဖျတ် တောက်ပနေသော ကြယ်ပွင့်လေးများ၊ အလင်းစက်လေးများကို ရှာဖွေရသည်ကို ပို၍ နှစ်သက်သည်။
"မှော်ဆရာ မင်းပြောချင်တာက..."
ကျိမော့သည် တစ်စုံတစ်ခုကို ရုတ်တရက် သဘောပေါက်သွားပြီး ယွင်ရှန်း၏ အစောပိုင်းက လုပ်ရပ်များနှင့် ဆက်စပ်တွေးတောမိလိုက်သည်။
"မင်း သိချင်မှ သိလိမ့်မယ်။ မှော်ပညာကို ဆေးဘက်ဝင်အပင်တွေ စိုက်ပျိုးတဲ့နေရာမှာ သုံးလို့ရတယ်။ အခြေခံမှော်အတတ်ဖြစ်တဲ့ မြေကမ္ဘာဆူးချွန်က မြေဆီလွှာကို ပြုပြင်တဲ့နေရာမှာ သာမန် စိုက်ပျိုးရေးနည်းစနစ်တွေထက် အဆပေါင်းများစွာ ပိုပြီး ထိရောက်တယ်။ မိုးခေါင်တဲ့ ရာသီမှာ မိုးခေါ်အတတ်ကို သုံးလို့ရသလို အေးတဲ့ရာသီမှာလည်း မီးဓာတ်မှော်ပညာနဲ့ ဖန်လုံအိမ်တွေ ဖန်တီးလို့ရတယ်။ ငါ စိတ်ကူးထားတဲ့ ဆေးဖက်ဝင်စိုက်ခင်းက မှော်ဝင်ဆေးစိုက်ခင်းပဲ။ ကျိုးချူးရွာကို မဟာကျိုး နိုင်ငံမှာ မှော်ပညာကို သုံးပြီး ဆေးပင်စိုက်ပျိုးတဲ့ ပထမဆုံးသော ရွာဖြစ်လာစေချင်တာ"
ယွင်ရှန်း၏ အသံမှာ တိုးညင်းသော်လည်း ကျိမော့၏ နားထဲတွင်မူ အလွန်အမင်း အံ့ဩတုန်လှုပ်ဖွယ်ရာ စကားများ ဖြစ်နေတော့သည်။
အမှန်စင်စစ် မှော်ပညာကို ဆေးပင်စိုက်ပျိုးရာတွင် အသုံးပြုရန်မှာ ယွင်ရှန်းက ပထမဆုံး စဉ်းစားမိသူတော့ မဟုတ်ပေ။ မှော်ဘုရားကျောင်းသည်လည်း အဖိုးတန် ဆေးပင်အချို့ကို စိုက်ပျိုးရန် မှော်ပညာကို အသုံးပြုလေ့ရှိသည်။ သို့သော်လည်း မည်သူမျှ မှော်ဆရာမရှိသော သာမန်ရွာလေးတစ်ရွာတွင် မှော်ပညာသုံးပြီး ဆေးပင်စိုက်မည်ဟု မပြောရဲခဲ့ကြချေ။
အကယ်၍ အခြားသူတစ်ဦးကသာ ဤကဲ့သို့ ပြောခဲ့လျှင် ကျိမော့အနေဖြင့် ရယ်မောလိုက်မိမည် ဖြစ်သော်လည်း ယွင်ရှန်းတွင်မူ ဤအရာကို အကောင်အထည်ဖော်နိုင်စွမ်း ရှိနေသည်။ အဘယ်ကြောင့်ဆိုသော် သူမတွင် အဆင့်မြင့်မှော်ဆေးရည်ဖြစ်သော လနတ်သမီး၏ ချီးမွမ်းသံရှိနေသောကြောင့်ပင်။
သာမန်လူတစ်ယောက်ကို ချက်ချင်းဆိုသလို မှော်ဆရာတစ်ဦးဖြစ်အောင် ပြောင်းလဲပေးနိုင်သော အံ့ဖွယ်ဆေးရည်...
အကောင်းဆုံး မှော်ဆေးဝါးပညာရှင်များနှင့် မှော်ဝင်ပစ္စည်းများစွာ ပိုင်ဆိုင်ထားသော မှော်ဘုရားကျောင်းပင်လျှင် လွန်ခဲ့သော တစ်နှစ်ပတ်လုံး ဤဆေးရည်၏ ဖော်စပ်နည်း သဲလွန်စကို တစ်ခုမျှ ရှာမတွေ့ခဲ့ကြချေ။ ဝူကျီတိုက်ကြီးပေါ်တွင် ဤမိန်းကလေးတစ်ဦးတည်းသာလျှင် ဤမျှ အံ့ဩဖွယ်ကောင်းသော ဆေးရည်ကို ပိုင်ဆိုင်ထားခြင်းပင်။
ဪ... ဒါကြောင့်ကိုး။ သူမက ဘာလို့ ကလေးတွေကို မှော်အာရုံခံနိုင်စွမ်း ရှိမရှိ စစ်ဆေးခိုင်းရတာလဲဆိုတာ အခုမှပဲ အဖြေပေါ်တော့တယ်။ မှော်အာရုံခံနိုင်စွမ်း အားနည်းတဲ့သူတောင်မှ သူမရဲ့ ဆေးရည်ကို သောက်လိုက်တာနဲ့ ချက်ချင်း မှော်ဆရာ ဖြစ်လာနိုင်တာပဲ မဟုတ်ဘူးလား။ ကလေးတွေဆိုတာကလည်း သင်ယူနိုင်စွမ်း အကောင်းဆုံးအရွယ်တွေလေ။ ဒါက တကယ်ကို မယုံနိုင်စရာပဲ။
တကယ်လို့ သူမသာ အခြေခံမှော်အတတ်တွေကို သင်ပေးလိုက်မယ်ဆိုရင် ရက်ပိုင်းအတွင်းမှာတင် ကျိုးချူးရွာမှာ ပထမဆုံး မှော်ဆရာအုပ်စုကြီး ပေါ်လာတော့မှာပဲ။ ဒီလို အရှိန်အဟုန်မျိုးနဲ့ဆိုရင်တော့... တကယ်ကို ကြောက်စရာကောင်းတဲ့ တိုးတက်မှုပဲ။
ကျိမော့သည် မဝေးတော့သော အနာဂတ်တွင် မဟာကျိုး နိုင်ငံ၌ မှော်ပါရမီရှင် မျိုးဆက်သစ်များ ပေါ်ထွက်လာတော့မည့် ပုံရိပ်ကို မြင်ယောင်နေမိသည်။ ထိုသူအားလုံးမှာ သူ၏ရှေ့တွင်ရှိနေသော အသက် (၁၀) နှစ်ပင် မပြည့်သေးသည့် ဤမိန်းကလေးက ပျိုးထောင်ပေးလိုက်သူများ ဖြစ်လာနိုင်သည်။