အခန်း (၃၇၅)
Vol. 37 Ch. 375
တခြားသူတွေသာ ဒီကံကြမ္မာမီးလျှံ သတ္တုရိုင်းကို ရရှိခဲ့ရင်တောင် ဘယ်လိုမှ အရည်ကျိုလို့ မရနိုင်တဲ့အတွက် အသုံးမဝင်တဲ့ အမှိုက်သတ္တုအဖြစ်ပဲ စွန့်ပစ်ကြမှာ အသေအချာပါပဲ။
"ဒါပေမဲ့ မင်းလက်ထဲမှာတော့ ဒါက တခြားစီပဲ။ မင်းရဲ့ ကံကြမ္မာမီးလျှံကို သုံးပြီး ဒါကို ပုံဖော်နိုင်ရင် ဒီတိုက်ကြီးပေါ်မှာ တစ်ခုတည်းသော ထာဝရအသက်ရှင် မှော်လက်နက်ကို ဖန်တီးနိုင်လိမ့်မယ်"
ဆရာကြီးက ယွင်ရှန်းလက်ထဲက သတ္တုရိုင်းတွေကို မနာလိုသလို ကြည့်ရင်း ပြောလိုက်သည်။
"ထာဝရအသက်ရှင် မှော်လက်နက် ဟုတ်လား"
ယွင်ရှန်းသည် ချီ၏ မှော်တောင်ဝှေးကို ကိုယ်တိုင်ကိုယ်ကျ ဖန်တီးပေးခဲ့ဖူးသူဖြစ်သဖြင့် သူမကို အခြေခံမှော်လက်နက် ပညာရှင်တစ်ဦးဟု ပြောနိုင်သည်။ ဝူကျီတိုက်ကြီးထက်တွင် မှော်လက်နက်များကို အဆင့်နိမ့်၊ အလယ်အလတ်၊ အဆင့်မြင့်၊ သန့်စင်မွန်မြတ်အဆင့်နှင့် နတ်ဘုရားအဆင့်ဟူ၍ အဆင့်ဆင့် ခွဲခြားထားသည်ကို သိရှိထားသော်လည်း ထာဝရအသက်ရှင် အမျိုးအစားကိုမူ သူမတစ်ခါမျှ မကြားဖူးချေ။
တကယ်တော့ ထာဝရအသက်ရှင် မှော်လက်နက်ဟူသော အမည်မှာ သာမန်မှော်လက်နက်များကဲ့သို့ တစ်ကြိမ် သို့မဟုတ် အကြိမ်အနည်းငယ် အသုံးပြုပြီးပါက မှော်စွမ်းအား ကုန်ခမ်းပျက်စီးသွားခြင်းမျိုး မဟုတ်ဘဲ မည်သည့်အခါမျှ မပျက်စီးနိုင်သည့်အတွက် ပေးထားခြင်း ဖြစ်သည်။
၎င်းကို သက်ရှိမှော်လက်နက်ဟုလည်း ခေါ်ဆိုကြသည်။ ထိုလက်နက်သည် စစ်သုံးသားရဲ တစ်ကောင်ကဲ့သို့ပင် စတင်ဖန်တီးလိုက်သည်မှစ၍ တိုက်ပွဲများနှင့် စမ်းသပ်မှုများအကြားတွင် ပိုမိုအစွမ်းထက်လာအောင် ကြီးထွားနိုင်စွမ်း ရှိသည်။ သို့သော် သားရဲများထက် သာလွန်သည့်အချက်မှာ သတ္တုဖြင့် ပြုလုပ်ထားသော ကိုယ်ထည်ရှိသဖြင့် တိုက်ရိုက်သတ်ဖြတ်၍ မရနိုင်ခြင်းပင်။
"အဲဒီတော့... ဆိုလိုတာက သမီးမှာ စက်ရုပ်တစ်ကောင် ရှိနေသလိုမျိုးပေါ့ ဟုတ်လား"
ယွင်ရှန်းက ဝေခွဲမရစွာဖြင့် မေးမြန်းလိုက်သည်။
"စက်ရုပ် အဲဒါ ဘာကြီးလဲ။ မင်းပြောချင်တာက မင်းမှာ အမြဲတမ်း အစွမ်းထက်လာမယ့် အထူးမှော်စစ်သည်တော် တစ်ယောက် ရှိနေတာကို ပြောတာလား"
ဆရာကြီးမှာမူ ယွင်ရှန်းပြောဆိုသော ခေတ်သစ်စကားလုံးကို နားမလည်နိုင်ရှာပေ။ ယွင်ရှန်းသည် သူမလက်ထဲရှိ သတ္တုရိုင်းကို ကြည့်ရှုရင်း ရုတ်တရက် သဘောပေါက်သွားကာ တံတွေးကို အသာအယာ မျိုချလိုက်မိသည်။ ထို့နောက် တိုးတိုးလေး ရေရွတ်လိုက်သည်မှာ
"နှမြောစရာပဲ... သမီးဆီမှာ ဒီသတ္တုရိုင်းက ပိဿာအနည်းငယ်ပဲ ရှိတာ။ အကယ်၍သာ ဒီသတ္တုရိုင်းတွေ အများကြီးရှိရင် သမီး အထူးစစ်တပ်ကြီး တစ်ခုတောင် ဖန်တီးလို့ ရမှာပဲ"
ဤအရာသည် အမှန်တကယ်ပင် အံ့ဩစရာ ကောင်းသည်။ နောင်အနာဂတ်တွင် အသက်အန္တရာယ်ရှိသော တာဝန်များ ကြုံတွေ့လာပါက ဤမှော်စစ်သည်တော်များကိုပင် တိုက်ရိုက်စေလွှတ်နိုင်မည်ပင်။
ယွင်ရှန်း၏ မျက်ဝန်းများ အရောင်တောက်လာပြီး ခေါင်းထဲ၌ ထူးဆန်းသော စိတ်ကူးယဉ်မှုများ ပြည့်နှက်နေသည်ကို မြင်တွေ့ရသောအခါ ဆရာကြီးမှာ ခေါင်းကိုသာ ခါရမ်းလိုက်ပါတော့သည်။ လူအချင်းချင်း ဤမျှအထိ ကွာခြားရလေခြင်းဟုလည်း တွေးတောမိသည်။ ဤမိန်းကလေးသည် သူမ ပိုင်ဆိုင်ထားသော အရာမှာ မည်မျှအထိ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုမျိုးလဲဆိုသည်ကို လုံးဝ သတိမမူမိဘဲ မှော်စစ်တပ်ကြီး ဖွဲ့စည်းရန်ပင် အိပ်မက်မက်နေသေးသည်။
မှော်စစ်သည်တော် စစ်တပ်ကြီးလား။
"ကဲ... မင်းရဲ့ ကံတရားကို ငါတောင် မနာလိုဖြစ်မိပါရဲ့။ ဒါပေမဲ့ ထားပါတော့လေ မင်းကလည်း တော်ဝင်မှော်သင်တန်းကျောင်းရဲ့ သင်တန်းသားတစ်ယောက်ပဲဆိုတော့ ဒီအရင်းအမြစ်တွေက ပြင်ပလူတွေဆီ ရောက်သွားတာမျိုး မဟုတ်ပါဘူး။ ရော့... ဒါက အကန့်အသတ်မရှိ မှော်
ကတ်ပြားပဲ သိမ်းထားလိုက်ပါ။ အခုကစပြီး မင်းလိုအပ်တဲ့အချိန်တိုင်း မှော်မျှော်စင်ထဲကို တိုက်ရိုက်ဝင်ထွက်သွားလာလို့ ရပြီ"
မှော်စစ်သည်တော်များ ဖန်တီးရန် စိတ်ကူးယဉ်အိပ်မက်ထဲ၌ နစ်မျောနေသော ယွင်ရှန်းကို ကြည့်ရှုကာ ဆရာကြီးက ခေါင်းခါရမ်းရင်း ပြောဆို လိုက်သည်။ တော်ဝင်မှော်သင်တန်းကျောင်း၏ အနာဂတ်မှာ ဤကျောင်းသူလေးနှင့် နီးနီးကပ်ကပ် ဆက်နွယ်နေလိမ့်မည်ဟု သူ့အနေဖြင့် ခပ်မှိန်မှိန် အာရုံရနေမိခြင်းပင်။
"ကျေးဇူးတင်ပါတယ် ဆရာကြီး... သမီး အခုချက်ချင်းပဲ ဆရာကြီးရဲ့ တောင်ဝှေးကိုယူပြီး မှော်ဟင်းလင်းပြင်ထဲမှာ သွားပြီး ပုံဖော်ကြည့်ဦးမယ်"
ယွင်ရှန်းမှာမူ အသစ်အဆန်းများကို စမ်းသပ်ပုံဖော်ချင်စိတ်ဖြင့် မအောင့်နိုင်တော့ပေ။ သူမသည် တောင်ဝှေးကို ကိုင်ဆောင်ကာ မှော်မျှော်စင်၏ အပေါ်ထပ်များဆီသို့ ဦးတည်ကာ လျှောက်လှမ်းသွားခဲ့သည်။ လမ်းခုလတ်တွင်မူ ရှေ့မှ လျှောက်လှမ်းလာသော ခြေသံများကို သူမ ကြားလိုက်ရသည်။
"နင်ပါလား နင် ဒီမှာ ဘာလာလုပ်နေတာလဲ"
လှေကားထစ်များပေါ်မှ ဆင်းလာသူမှာ ချန်လျန်လျန်ပင်။ လော့ရှမြို့မှ ပြန်လာပြီးကတည်းက ချန်လျန်လျန် ပျောက်ကွယ်သွားသည်ဟု ယွင်ရှန်း ကြားသိထားခဲ့သော်လည်း နောက်ပိုင်းတွင် သူမကို ပြန်လည်ခေါ်ဆောင်လာနိုင်ခဲ့ပြီး ထိုအချိန်မှစ၍ ချန်လျန်လျန်မှာ လူမြင်ကွင်းမှ ကွယ်ပျောက်နေခဲ့ခြင်း ဖြစ်သည်။
ယခု ချန်လျန်လျန်နှင့် ပြန်လည်ဆုံတွေ့ရသောအခါ သူမ၏ မှော်စွမ်းအားမှာ အရင်ကထက် အဆပေါင်းများစွာ ပိုမိုအစွမ်းထက်နေသည်ကို ယွင်ရှန်း သတိပြုမိလိုက်သည်။
မှော်ဆရာကြီးအဆင့်လား။
အိမ်ရှေ့စံ ယီပိုင်မင်းထက် ပထမဆုံး အဆင့်တက်သွားလား။
လူတစ်ဦးကို သုံးရက်ခန့် မတွေ့ရပါက အမြင်သစ်ဖြင့် ပြန်လည်ကြည့်ရှုရမည်ဟူသော စကားအတိုင်းပင်။ ယွင်ရှန်းသည် ချန်လျန်လျန်၏ ကျင့်စဉ်များစွာ တိုးတက်လာသည်ကို တွေ့ရှိလိုက်ရသလို ယခင်ကဆိုလျှင် သူမနှင့်တွေ့ပါက အလွယ်တကူ ပျာယာခတ်တတ်သော ချန်လျန်လျန်မှာ ယခုမူ ထူးထူးခြားခြားပင် တည်ငြိမ်နေသည်။
ရေမြားတောင်ပံငါးကြောင့် ဒဏ်ရာရရှိခဲ့သော သူမ၏ မျက်နှာမှာလည်း အမာရွတ်တစ်ချက်မျှ မကျန်ရှိတော့ဘဲ ကျောက်စိမ်းကဲ့သို့ ချောမွတ်ဖြူစင်နေပြီး ပါးပြင်လေးများမှာ ပန်းရောင်သန်းကာ အကောင်းပကတိအတိုင်း ပြန်လည်ဖြစ်ပေါ်နေသည်ကို တွေ့ရှိရသည်။
"ငါ ဒီမှာ ရှိနေနိုင်သလို နင်လည်း ရှိနေနိုင်တာပဲလေ။ မမေ့နဲ့ဦး... ငါက ခုထိ တော်ဝင်မှော်သင်တန်းကျောင်းရဲ့ သင်တန်းသူတစ်ယောက်ပဲ"
ယွင်ရှန်းက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။ သူမသည် ကျောင်းတွင် တရားဝင်စာရင်းရှိနေဆဲဖြစ်ရာ ချန်လျန်လျန်အနေဖြင့် သူမကို မှော်မျှော်စင်ထဲဝင်ခွင့် တားဆီးပိုင်ခွင့်မရှိပေ။ ထိုသို့ပြောပြီးနောက် ယွင်ရှန်းသည် ရှေ့သို့ ဆက်လက်လျှောက်လှမ်းသွားခဲ့သည်။
သူမ ဘေးမှဖြတ်အသွားတွင် ချန်လျန်လျန်က လေသံအေးစက်စက်ဖြင့် ကျိန်စာတိုက်သလို ပြောလိုက်သည်။
"သိပ်ပြီးတော့ မာန်တက်မနေနဲ့ဦး။ နင်နဲ့ ယီပိုင်မင်းတို့ရဲ့ ကောင်းစားတဲ့နေ့ရက်တွေ ကုန်ဆုံးတော့မှာပါ။ အိမ်ရှေ့စံသာ ထီးနန်းတက်လိုက်လို့ကတော့... ပထမဆုံး အသတ်ခံရမယ့်သူက ယီပိုင်မင်းပဲ"
"ဟီးဟီး... အဲဒီစကားကို မဟာကျိုး ဧကရာဇ်မင်းကြီးရှေ့မှာ သွားပြောကြည့်ပါလား။ ငါကြည့်ရသလောက်တော့ ဧကရာဇ်မင်းကြီးက ခုထိ ကျန်းမာသန်စွမ်းနေတုန်းပဲ။ အိမ်ရှေ့စံ နန်းတက်ဖို့ဆိုတာ ဝေးပါသေးတယ်"
ယွင်ရှန်းက လှောင်ပြုံးပြုံးကာ တုံ့ပြန်လိုက်သည်။ ဤမိန်းကလေးမှာ ရယ်စရာကောင်းလှသည်။ သူမနှင့် ယီပိုင်မင်းမှာ ဘာမှပတ်သက်မှုမရှိပါဘဲနှင့် ဤကိစ္စများကို လာရောက်ဆွေးနွေးနေခြင်းက အဓိပ္ပာယ်မရှိပေ။ တစ်မြို့လုံး ပြောင်းပြန်လှန်သွားလျှင်ပင် ယွင်ရှန်းအတွက် ဂရုစိုက်စရာ မလိုချေ။ ထို့နောက် သူမသည် လျင်မြန်စွာပင် ထွက်ခွာလာခဲ့သည်။
ချန်လျန်လျန်သည် စင်္ကြံလမ်းတွင် ခဏမျှရပ်ကာ လှောင်ရယ်ပြီးနောက် မှော်မျှော်စင်မှ ထွက်ခွာသွားတော့သည်။
ဆရာကြီးပေးလိုက်သော အကန့်အသတ်မရှိ မှော်ကတ်ပြားကြောင့် ယွင်ရှန်းသည် မျှော်စင်
အတွင်းရှိ မည်သည့် မှော်ဟင်းလင်းပြင်ကိုမဆို လွတ်လပ်စွာ ဖွင့်လှစ်နိုင်သည်။ သူမသည် ဆိတ်ငြိမ်သော ဆဋ္ဌမထပ်ရှိ အခန်းတစ်ခုကို ရွေးချယ်လိုက်သည်။
သူမသည် ကံကြမ္မာမီးလျှံ သတ္တုရိုင်းကို ချက်ချင်း အရည်မကျိုသေးဘဲ ဆရာကြီး၏ မှော်တောင်ဝှေးကို အရင်ဆုံး အဆင့်မြှင့်တင်ပေးရန် ဆုံးဖြတ်လိုက်သည်။ နှစ်ပေါင်း ခုနစ်ဆယ်သက်တမ်းရှိသော ဤတောင်ဝှေးမှာ ပိုင်ရှင်က ကောင်းကောင်းထိန်းသိမ်းထားသော်လည်း မျက်နှာပြင်ပေါ်တွင် မည်းနက်နေသော အစက်အပြောက်များများစွာ ဖြစ်ပေါ်နေခဲ့ပြီဖြစ်သည်။
ယွင်ရှန်းသည် မန္တန်ကို ရွတ်ဆိုလိုက်ရာ သူမ၏လက်ဖဝါးမှ ကံကြမ္မာမီးလျှံ ကြာပန်းပုံသဏ္ဌာန် မီးတောက်တစ်ခု ပွင့်ထွက်လာပြီး မှော်တောင်ဝှေးတစ်ခုလုံးကို လွှမ်းခြုံလိုက်တော့သည်။
တောက်ပလွန်းသော အနီရောင်မီးတောက်များကြားတွင် မှော်တောင်ဝှေးဆီမှ လူသားတစ်ဦး၏ ညည်းတွားသံကဲ့သို့ တဂျိဂျိအသံများ ထွက်ပေါ်လာသည်။ မီးလျှံများသည် ဒီရေကဲ့သို့ တက်လိုက်ကျလိုက် ဖြစ်နေရင်း တောင်ဝှေးမျက်နှာပြင်ပေါ်မှ မည်းနက်နေသည့် အစက်အပြောက်များနှင့် အရောင်မှိန်နေသော ဝိညာဉ်ကျောက်ခဲများသည် ဖီးနစ်ငှက်တစ်
ကောင် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာသကဲ့သို့ တောက်ပစိုပြည်သော အရောင်
အသစ်များကို ဆောင်ကျဉ်းလာခဲ့သည်။
မိစ္ဆာသားရဲအရိုးအတွင်းရှိ အညစ်အကြေးအားလုံးကို ကံကြမ္မာမီးလျှံက စင်ကြယ်အောင် ဆေးကြောပေးလိုက်ခြင်းပင်။
အရည်ကျိုပုံဖော်ခြင်း၏ နောက်ဆုံးအခိုက်အတန့်တွင် မှော်တောင်ဝှေးသည် ယွင်ရှန်း၏ လက်ထဲမှ ရုတ်တရက် လွတ်ထွက်သွားပြီး လေထဲတွင် လှပသော အကွေးအဝိုက်တစ်ခုကို ရေးဆွဲကာ မြေပြင်ပေါ်သို့ သက်ဆင်းသွားသည်။ ယွင်ရှန်း၏ ရှေ့မှောက်၌ လုံးဝအသစ်စက်စက် ဖြစ်သွားသော မှော်တောင်ဝှေးတစ်ချောင်း ပေါ်ထွက်လာခဲ့ကာ တောင်ဝှေးကိုယ်ထည်သာမက အတွင်းရှိ ဝိညာဉ်ကျောက်ခဲပါ မှော်စွမ်းအားများ ပြည့်လျှံကာ အသက်ဝင်လာခဲ့သည်။
နတ်ဘုရားမီးလျှံတွင် ဤမျှအထိ အံ့ဩစရာကောင်းသော စွမ်းပကားများ ရှိနေလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့မိချေ။ သူမကိုယ်တိုင်လည်း မှော်ဆရာကြီးအဆင့်သို့ ရောက်ရှိသည်နှင့် လျှို့ဝှက်ဆန်းကြယ်အရိုးတောင်ဝှေးကို ယခုကဲ့သို့ သန့်စင်ပစ်မည်ဟု ယွင်ရှန်း စိတ်ကူးလိုက်မိသည်။
ယခုမူ ဆရာကြီး၏ တောင်ဝှေးကိစ္စ ပြီးမြောက်သွားပြီဖြစ်၍ ထာဝရအသက်ရှင် မှော်လက်နက် ကို စတင်ဖန်တီးရမည့် အချိန်သို့ ရောက်ရှိလာပြီဖြစ်သည်။ ယွင်ရှန်းသည် အရင်ဆုံး တရားထိုင်ရေစင် အချို့ကို သောက်သုံးလိုက်ပြီး သူမ၏ သားရဲဘာသာစကားလက်စွပ်အတွင်းမှ ကံကြမ္မာမီးလျှံ သတ္တုရိုင်းအားလုံးကို ထုတ်ယူလိုက်သည်။ မကြာမီမှာပင် မှော်ဟင်းလင်းပြင် အတွင်း၌ သတ္တုရိုင်းတောင်ငယ်တစ်ခု ပုံလာပါတော့သည်။
ဤမျှများပြားသော သတ္တုရိုင်းများကို အရည်ကျိုရန်အတွက်မူ အစောက တောင်ဝှေးကို သန့်စင်စဉ်ကကဲ့သို့ မီးလျှံအနည်းငယ်ဖြင့် မလုံလောက်တော့ပေ။ သူမ၏ နှုတ်ခမ်းဖျားမှ
"ကံကြမ္မာမီးလျှံ ပေါက်ကွဲမှု" ဟု မန္တန်ရွတ်ဆိုလိုက်သည်။
ရုတ်တရက်ဆိုသလို သူမ၏ မှော်တောင်ဝှေးမှ မီးမြွေ ခြောက်ကောင်၊ ခုနစ်ကောင်ကဲ့သို့ ကံကြမ္မာမီးလျှံများ အရှိန်အဟုန်ဖြင့် ပန်းထွက်လာပြီး သတ္တုရိုင်းပုံကြီးဆီသို့ ဦးတည်သွားတော့သည်။ အဆင့်မြှင့်တင်ထားသော ကံကြမ္မာမီးလျှံမှာ ယခင်ကထက် ပိုမိုပြင်းထန်သည့် တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်ပြသနေခြင်းပင်။
မီးလျှံများသည် သတ္တုရိုင်းများနှင့် ထိတွေ့သည်နှင့် တရှဲရှဲနှင့် တောက်လောင်လာပြီး အလွန်မာကျောသော သတ္တုရိုင်းများကို တဖြည်းဖြည်း ပျော့ပြောင်းလာစေသည်။ ဒီတစ်ခေါက် အရည်ကျိုခြင်းမှာ ယွင်ရှန်း ကြုံဖူးသမျှထဲတွင် အခက်ခဲဆုံးပင်။ မှော်စွမ်းအား အမြောက်အမြား အသုံးပြုရသဖြင့် မီးလျှံများ မငြိမ်းသွားစေရန် တရားထိုင်ရေစင်များကို မနားတမ်း သောက်သုံးကာ အားဖြည့်နေရသည်။
နာရီဝက်ခန့် အပြင်းအထန် တောက်လောင်ပြီးနောက်တွင် သတ္တုရိုင်းတောင်ကြီးမှာ သိသိသာသာ သေးငယ်သွားပြီး အရည်ပျော်နေသော သံရည်ပူများကဲ့သို့ အသွင်ပြောင်းသွားသည်။
သို့သော် သူမ၏ မှော်စစ်သည်တော်ကို ဘယ်လိုပုံသဏ္ဌာန်မျိုး ဖန်တီးရင် ကောင်းမလဲဟု ယွင်ရှန်း တွေးတောနေမိသည်။