အခန်း (၃၇၆)
Vol. 37 Ch. 376
ယွင်ရှန်းသည် သူမ၏ စိတ်ကူးထဲတွင် မှော်စစ်သည်တော်၏ ပုံပန်းသဏ္ဌာန်ကို ဖော်ဆောင်ရန် ကြိုးစားနေသော်လည်း ဤနယ်ပယ်တွင် သူမ၏ စိတ်ကူးစိတ်သန်းမှာ အကန့်အသတ် ရှိနေသည်။ သူမ၏ ခေါင်းထဲတွင်ကားရုပ်ကြီးများနှင့် စက်ရုပ်ရဲသား ပုံရိပ်များသာ အထပ်ထပ် ပေါ်လာပြီးနောက် နောက်ဆုံးတွင်တော့ အကြမ်းဖျင်း ပုံကြမ်းတစ်ခုကို စိတ်ထဲ၌ ရရှိသွားခဲ့သည်။
"စုစည်းစေ..."
ယွင်ရှန်းက သူမ၏ လက်ချောင်းများကို ကျဉ်းမြောင်းလိုက်ရာ အရည်ပျော်နေသော ကံကြမ္မာမီးလျှံ သတ္တုရည်များက တဖြည်းဖြည်းနှင့် လူသားပုံသဏ္ဌာန် စတင်ဖြစ်ပေါ်လာသည်။ ရွှံ့စေးကို လက်ဖြင့် ပုံဖော်နေသကဲ့သို့ပင် ယွင်ရှန်းသည် သူမ၏ စိတ်အာရုံဖြင့် ကံကြမ္မာမီးလျှံကို ထိန်းချုပ်ကာ သူမ မျှော်မှန်းထားသည့်အတိုင်း မှော်စစ်သည်တော်ကို ပုံဖော်ဖန်တီးနေခြင်း ဖြစ်သည်။
အချိန်တွေ ကုန်ဆုံးသွားခဲ့သည်။ မှော်မျှော်စင်၏ ပြင်ပတွင် နေမင်းကြီးသည် ထွက်ပေါ်လာလိုက် ပြန်လည်ဝင်ရောက်သွားလိုက်နှင့် လမင်းကြီးမှာလည်း မျှော်စင်အထက်သို့ ရောက်ရှိပြီးနောက် ပြန်လည် နိမ့်ဆင်းသွားခဲ့သည်။
နောက်ထပ် နေ့သစ်တစ်ခုသို့ ရောက်ရှိလာပြီး ကြက်တွန်သံများ ထွက်ပေါ်လာသည့် အချိန်
တွင်တော့ အရည်ပျော်နေသော သတ္တုရည်များက လူသားပုံသဏ္ဌာန် အပြည့်အဝ ရရှိသွားခဲ့ပြီ ဖြစ်သည်။ ထိုအချိန်မှာပင် ယွင်ရှန်းသည် သူမ၏ ခန္ဓာကိုယ်အတွင်းရှိ အင်္ဂါအစိတ်အပိုင်းအားလုံးဆီသို့ မှော်စွမ်းအားများ ဒလဟော စီးဝင်လာသည်ကို ခံစားလိုက်ရပြီး သူမ၏ မှော်
ဝိညာဉ်ဆီမှလည်း စူးရှတောက်ပသော အလင်းရောင်များ ဖြာထွက်လာတော့သည်။
"အဆင့်တက်ပြီ"
သတ္တုရည်များ ပုံဖော်ခြင်းမှာ အကြမ်းဖျင်း ပြီးစီးသွားပြီဖြစ်ကြောင်း ယွင်ရှန်း သတိပြုမိလိုက်သည်နှင့် ချက်ချင်းပင် တင်ပလ္လင်ခွေ ထိုင်ချလိုက်သည်။ ယွင်ရှန်း အဆင့်တက်သွားသည့် ထိုခဏ၌ပင် ကံကြမ္မာမီးလျှံ သတ္တုရိုင်းဖြင့် ဖော်စပ်ထားသော သက်ရှိမှော်လက်နက်ကြီးမှာလည်း သူမ၏ ရှေ့တွင် တိတ်ဆိတ်စွာ မတ်တပ်ရပ်လျက် ရှိနေတော့သည်။
ဤကဲ့သို့ အဆင့်တက်ရန် ကျင့်ကြံခြင်းအတွက် ယွင်ရှန်းသည် စုစုပေါင်း သုံးရက်နှင့် သုံးည အချိန်ပေးခဲ့ရသည်။ မှော်ညွှန်ကြားရေးမှူးအဆင့်မှ မှော်ဆရာကြီးအဆင့်သို့ ကူးပြောင်းခြင်းမှာ မှော်နယ်ပယ်၏ အဆင့်တစ်ခုတိုးခြင်းသာဟု ထင်ရသော်လည်း ၎င်း၏ အရေးပါမှုမှာ အလွန်ပင် ကြီးမားလှသည်။
အဘယ်ကြောင့်ဆိုသော် မှော်ဆရာကြီးအဆင့်သို့ ရောက်ရှိမှသာ အဆင့်မြင့်မှော်အတတ်များကို စတင်လေ့ကျင့်နိုင်သောကြောင့် ဖြစ်သည်။ ယွင်ရှန်းသည် ဒြပ်စင်ငါးပါး မှော်ဝိညာဉ်ကို ပိုင်ဆိုင်ထားသော်လည်း ယခုထက်တိုင် မည်သည့် အဆင့်မြင့်မှော်အတတ်ကိုမျှ တတ်မြောက်ထားခြင်း မရှိသေးပေ။
ယွင်ရှန်း သိရှိထားသော လျှို့ဝှက်မှော်အတတ်များမှာ အဆင့်မြင့်မှော်အတတ်များထက်ပင် ပိုမိုအစွမ်းထက်သည်။ သို့သော် လျှို့ဝှက်မှော်ဆိုသည်မှာ အလွန်တန်ဖိုးကြီးမားလှသည့်
အပြင် သူမ၏ အရေးပါသောဝှက်ဖဲလည်း ဖြစ်သဖြင့် အခြားသူများရှေ့မှောက်တွင်မူ အလွယ်တကူ ထုတ်ဖော်အသုံးပြုမည်မဟုတ်ချေ။
ယွင်ရှန်းကို ပိုမိုဝမ်းမြောက်စေသည်မှာ သူမအနေဖြင့် မှော်ဆရာကြီးအဆင့်သို့ တက်လှမ်းနိုင်ခဲ့ရုံသာမက စတုတ္ထမြောက် ချီကြောကိုပါ ဖွင့်လှစ်နိုင်ခဲ့ခြင်းပင်။ ထို့ပြင် ခြင်ဆီအရိုးကျောက်စိမ်းကျင့်စဉ်မှာလည်း နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။
ရှင်နောင်၏မျက်လုံးကလည်း တတိယအဆင့်သို့ ရောက်ရှိသွားခဲ့ကာ ယန်လင်၏လက်နည်းစနစ်ပိုင်းတွင် တစ်ဆင့်ပိုမို တိုးတက်လာခဲ့သည်။
ဤတစ်ကြိမ် အဆင့်တက်လှမ်းမှုမှာ ကဏ္ဍစုံတွင် ဘက်စုံတိုးတက်မှု ဖြစ်ပေါ်ခဲ့ခြင်းပင်။ သူမ၏ ယခင်အဆင့်တက်မှုများကို ပြန်လည်သုံးသပ်ကြည့်လျှင် ယခုကဲ့သို့ ရုတ်တရက် အစွမ်းများတိုးလာခြင်းမှာ မကြာသေးမီက ဆေးလုံးများနှင့် မှော်ဆေးရည်များကို အမြောက်အမြား ဖော်စပ်ခဲ့ခြင်းကြောင့်လည်းကောင်း၊ ကမ္ဘာမြေအူတိုင်ချော်ရည်ဂူအတွင်း၌ ကံကြမ္မာမီးလျှံကြာပန်း များကို အများအပြား စားသုံးခဲ့ခြင်းကြောင့်လည်းကောင်း ဖြစ်နိုင်သည်ဟု သူမ ကောက်ချက်ချလိုက်သည်။ အဆိုပါအရာများမှ ရရှိသည့် ဝိညာဉ်စွမ်းအင်များမှာ အလုံးအရင်းနှင့် စုပုံလာခဲ့သဖြင့် ယခုကဲ့သို့ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်လာခြင်း ဖြစ်ပေလိမ့်မည်။
ခဏတာ အသက်ရှူနှုန်းကို ပြန်လည်ထိန်းညှိပြီးနောက် ယွင်ရှန်းသည် မျက်လုံးများကို ဖွင့်
လိုက်သည်။ သူမနှင့်အတူ ပါလာသော အချိန်တိုင်းနာရီကို ကြည့်လိုက်သည့်အခါ သုံးရက်နှင့် သုံးည ကုန်ဆုံးသွားပြီဖြစ်ကြောင်း သိရှိလိုက်ရသည်။
သူမသည် နဖူးကို လက်ဖြင့် ရိုက်လိုက်မိပြီး …
"သွားပြီ... ငါ လောလောလောလောနဲ့ ထွက်လာတာ ဆေးခန်းကလူတွေကို အသိပေးဖို့ မေ့သွားတယ်" ဟု ရေရွတ်လိုက်မိသည်။
ယွင်ရှန်း အမြန်ခုန်ထလိုက်စဉ်မှာပင် သူမ၏အကြည့်မှာ မှော်ဟင်းလင်းပြင်၏ ထောင့်တစ်နေရာဆီသို့ ရောက်ရှိသွားခဲ့သည်။
သူမ၏ နှုတ်ခမ်းအစုံမှာ အသာအယာ တွန့်ကွေးသွားခဲ့သည်။ ဤမှော်မျှော်စင်သို့ လာရောက်ရသည့် သူမ၏ တကယ့်ရည်ရွယ်ချက်ကို ရုတ်တရက် သတိရသွားသောကြောင့်ပင်။
သူမကိုယ်တိုင် ဖန်တီးထားသော သက်ရှိမှော်လက်နက်ကြီးမှာ သူမနှင့် မလှမ်းမကမ်းတွင် ရှိနေသည်။ သို့သော် ယခင်က မည်းနက်နေသော သတ္တုရိုင်းတုံးများသည် ကံကြမ္မာမီးလျှံနှင့် အရည်ကျိုပြီးနောက်တွင် ယခုကဲ့သို့ ပုံသဏ္ဌာန် ဖြစ်ပေါ်လာလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ဤမှော်ဟင်းလင်းပြင်သာ လုံးဝပိတ်ဆို့ထားသည့် နေရာမျိုး မဟုတ်ခဲ့ပါက သူမ စိတ်ကူးကြည့်ရုံနှင့်ပင် ကြောက်ရွံ့မိမည်မှာ အမှန်ပင်ဖြစ်သည်။ ထောင့်တစ်နေရာတွင် မတ်တပ်ရပ်နေသော ပုံရိပ်ကြီးမှာ ရုပ်ရှင်များထဲမှ ရှောင်လင်ဘုန်းကြီးရုပ်တု တစ်ဆယ့်ရှစ်ပါးနှင့် ပြိုင်ဆိုင်နေသကဲ့သို့ ရှိနေသည်။
လူသားပုံသဏ္ဌာန်ရှိပြီး ခေါင်းပြောင်ပြောင်နှင့် ခရမ်းရွှေဒင်္ဂါးပြားများကဲ့သို့ စူးရှတောက်ပသော အလင်းရောင်များ ဖြာထွက်နေသည့် ဤအရာကြီးမှာ သူမ တစ်ရက်တည်းနှင့် ဖန်တီးလိုက်သော ထာဝရအသက်ရှင် မှော်လက်နက်ကြီးပင်။
ယခင်က ဆရာကြီး ပြောကြားခဲ့သည့်အတိုင်းပင် ဤကံကြမ္မာမီးလျှံ သတ္တုရိုင်းများမှာ မူလက အဆင့်မြင့် ခရမ်းရွှေရိုင်းများဖြစ်သော်လည်း ချိပ်ပိတ်ခံထားရသဖြင့် မူလအသွင်အပြင် ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။ ယွင်ရှန်း၏ ကံကြမ္မာမီးလျှံဖြင့် အရည်ကျိုလိုက်သောအခါတွင်မူ အတွင်းပိုင်းမှ အစစ်မှန်ဆုံးနှင့် အသန့်စင်ဆုံးသော ခရမ်းရွှေများ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်း၏ တောက်ပမှုမှာ ယွင်ရှန်း မြင်တွေ့ဖူးသမျှသော တော်ဝင်ခရမ်းရွှေဒင်္ဂါးများထက်ပင် ပိုမိုစူးရှနေသည်။
ယွင်ရှန်း စိတ်ထဲမှ တွေးတောလိုက်မိသည်မှာ “အစွမ်းကတော့ နောက်မှ ကြည့်ရသေးတာပေါ့။ အခုလောလောဆယ် မြင်နေရတဲ့ ဒီရွှေကိုယ်ထည်ကြီးကတင် အတော်လေး တန်ဖိုးကြီးနေတာပဲ။ ဆရာကြီးပြောသလို အစွမ်းမထက်ရင်တောင်မှ ဒီရွှေတွေနဲ့တင် အရှုံးမရှိဘူးလို့ ပြောလို့ရတယ်” ဟူ၍ပင်။
အသေအချာ စဉ်းစားပြီးနောက်တွင် ယွင်ရှန်းသည် သူမ၏ ပထမဆုံးသော ထာဝရအသက်ရှင် မှော်လက်နက်ကို ခန့်ညားသော အမည်တစ်ခု ပေးလိုက်သည်။
"ကဲ... ဒီနေ့ကစပြီး နင့်နာမည်ကို သူဌေးမင်း ရွှေကိုယ်တော်လို့ ခေါ်မယ်"
အမည်ပေးပြီးသည့်နောက်တွင် ဤအရာကြီးမှာ အမှန်တကယ် မည်သည့်အရာများ လုပ်ဆောင်နိုင်မလဲဆိုသည်ကို သူမ စမ်းသပ်လိုစိတ် ပြင်းပြလာသည်။ သူဌေးမင်း ရွှေကိုယ်တော်ကို မည်သို့ထိန်းချုပ်ရမည်ကို သေချာစွာ မသိရှိသေးသဖြင့် လင်လုံသားရဲမျှော်စင် အတွင်းမှ သူမ၏ မိစ္ဆာသားရဲ အုပ်စုကို ဆင့်ခေါ်လိုက်သည်။
"ဘိုဘို... ချစ်လှစွာသော သခင်မလေး သခင်မလေး ဘိုဘိုကို မခေါ်တာ ကြာပြီနော်"
ဘိုဘိုမှာမူ ယခင်အတိုင်းပင် တက်ကြွလျက်ရှိသည်။ ယွင်ရှန်းကို မြင်သည်နှင့် ၎င်း၏ ပထမဆုံး တုံ့ပြန်မှုမှာ ပြေး၍ ဖက်တွယ်ခြင်းပင်။ ယွင်ရှန်းသည် ဥ၏ အစွမ်းထက်သော ခွန်အားကို ကြုံတွေ့ဖူးထားသဖြင့် ချက်ချင်းပင် ရှောင်တိမ်းရန် ပြင်လိုက်သည်။ သို့သော် သူမ မလှုပ်ရှားရသေးမီမှာပင် ဝှစ်ကနဲ အသံနှင့်အတူ ရွှေရောင်အလင်းတန်းတစ်ခုမှာ ယွင်ရှန်း၏ ရှေ့သို့ ရောက်ရှိလာပြီး ဘိုဘိုကို ပိတ်ဆို့လိုက်သည်။
"ဘုန်း..."
ပြင်းထန်သော အသံကြီးနှင့်အတူ ဘိုဘို၏ အရှိန်ဖြင့် ပစ်ဝင်လာမှုကြောင့် သူဌေးမင်း ရွှေကိုယ်တော်မှာ လွင့်ထွက်သွားခဲ့ရသည်။
ဘိုဘိုသည် ယခုတစ်ကြိမ်တွင် လက်တွေ့ခံစားချက်မှာ တစ်မျိုးတစ်ဖုံ ထူးခြားနေသည်ကို သတိပြုမိသွားပြီး သူ့သခင်မလေးအပြင် ဤမှော်ဟင်းလင်းပြင်အတွင်း၌ နောက်ထပ် ထူးဆန်းသော လူတစ်ဦး ရောက်ရှိနေသည်ကို မြင်တွေ့သွားတော့သည်။
မဲမဲလေး နှင့် ပုရွက်ဆိတ်ကင်းခြေများ စစ်သူကြီးတို့သည်လည်း ရွှေရောင်တဝင်းဝင်း တောက်နေသော လူသဏ္ဌာန်သတ္တုကောင်ကြီးကို စူးစမ်းသော မျက်လုံးများဖြင့် ဝိုင်းအုံကြည့်ရှုနေကြသည်။
"ဒါက နင်တို့ရဲ့ သူငယ်ချင်းအသစ် သူဌေးမင်း ရွှေကိုယ်တော်ပဲ။ အခုကစပြီး နင်တို့အားလုံးက အဖော်တွေဖြစ်သွားပြီဆိုတော့ အချင်းချင်း တည့်တည့်သဟဇာတဖြစ်အောင် နေကြရမယ်နော်"
ယွင်ရှန်းမှာမူ ဤမြင်ကွင်းကို ကြည့်ရှုရင်း ရယ်မောနေမိသည်။ ဤစက်ရုပ်ကြီးမှာ ကိုယ်ရံတော်ပီပီ သခင်ကို ကာကွယ်ရမည်ကို သိရှိနားလည်နေသည်။ ဘိုဘို၌ အံ့ဩစရာကောင်းသော ထူးကဲခွန်အား ရှိရုံတင်မကဘဲ အရှိန်အဟုန်မှာလည်း အလွန်ပင် လျင်မြန်လှသည်။ ထိုသို့ဖြစ်ပါလျက်နှင့် သူဌေးမင်း ရွှေကိုယ်တော်က ဘိုဘိုကို ကြားဖြတ်တားဆီးနိုင်ခဲ့ခြင်းမှာ သာမန်စွမ်းဆောင်ရည်မျိုး မဟုတ်ပေ။ ၎င်းအပြင် ယွင်ရှန်းအနားသို့ တစ်စုံတစ်ခု ချဉ်းကပ်လာသည်နှင့် ဤရွှေရောင်ကိုယ်ထည်ကြီးက ချက်ချင်းတုံ့ပြန်နေသည်ကို သူမ သတိထားမိလိုက်သည်။
"ဘိုဘို... သခင်မလေးက အဆိုးဆုံးပဲ။ အမြဲတမ်း အသစ်အသစ်တွေပဲ မက်နေတာ။ နက်
မှောင်လေးတို့ကို ရထားတာတောင် မဝသေးဘူး။ အခု သူဌေးမင်း ရွှေကိုယ်တော်ကို မုန်းတယ်"
ဘိုဘို၏ ရိုးအသော ဦးနှောက်ငယ်လေးထဲတွင်မူ ဤအကောင်သစ်ကြီးသည် သခင်မလေး၏ အချစ်တော်အသစ် ဖြစ်သွားပြီဟု ထင်မြင်နေခြင်းဖြစ်သည်။ အရင်တုန်းက မဲမဲလေးတို့ကို သိမ်းသွင်းစဉ်က သူမပါဝင်ခဲ့သဖြင့် အောင့်အည်းသည်းခံခဲ့ရသော်လည်း ယခုမူ ဤကဲ့သို့ အရောင်တလက်လက်နှင့်ကောင်က သူ၏အချစ်ကို လာရောက်လုယူနေခြင်းပင်။
စိတ်တိုသွားသော ဘိုဘိုသည် သူဌေးမင်း ရွှေကိုယ်တော်ကို ပညာပေးရန် ဆုံးဖြတ်လိုက်သည်။ ၎င်းက အတောင်ပံများကို ခတ်ထုတ်လိုက်ပြီး ဘုန်းဟူသော အသံကြီးနှင့်အတူ ရွှေကိုယ်တော်ကြီးကို ရိုက်ထုတ်လိုက်တော့သည်။
ပုံမှန်အားဖြင့် ဘိုဘိုသည် သခင်မလေးကို ချစ်ခင်ကြောင်းပြသသည့်အခါ သူ၏ခွန်အားကို ထိန်းချုပ်ထားလေ့ရှိသည်။ သခင်မလေး၏ မှော်ဆရာခန္ဓာကိုယ်မှာ သူ၏အားကို မခံနိုင်
ကြောင်း သိရှိသောကြောင့်ဖြစ်သည်။ သို့သော် သူဌေးမင်း ရွှေကိုယ်တော်ကိုမူ သူ ညှာတာမနေတော့ချေ။ တစ်စစီ ဖြစ်သွားစေလိုသော ဆန္ဒဖြင့် အားကုန်သုံး၍ တိုက်ခိုက်လိုက်ခြင်းဖြစ်သည်။
ရွှေကိုယ်တော်ကြီး လွင့်ထွက်သွားသော အရှိန်မှာ မသေးလှပေ။ တစ်ခုလုံးသော မှော်ဟင်းလင်းပြင်ကြီးမှာ အဆင့် ၉ ရှိသော ငလျင်တစ်ခု လှုပ်ခတ်သွားသကဲ့သို့ သိသိသာသာ တုန်ခါသွားခဲ့သည်။
ဘေးမှ စောင့်ကြည့်နေသော မဲမဲလေးနှင့် ပုရွက်ဆိတ်ကင်းခြေများ စစ်သူကြီးတို့မှာမူ ဘိုဘို၏ မနာလိုမှုကို ရိပ်မိကြသဖြင့် ပွဲကြည့်ပရိသတ်အဖြစ်သာ ငြိမ်သက်နေကြသည်။ မိစ္ဆာသားရဲများဆိုသည်မှာ မာန်မာနကြီးကြသူများပီပီ သူတို့နှင့် အဆင့်အတန်းတူညီသူကိုသာ အဖော်အဖြစ် လက်ခံလိုကြခြင်းဖြစ်သည်။ သူတို့အားလုံးမှာ မိစ္ဆာသားရဲလောကတွင် ထိပ်သီးများ ဖြစ်ကြသဖြင့် ဤသူငယ်ချင်းအသစ်မှာ မည်မျှအထိ ခံနိုင်ရည်ရှိမလဲဆိုသည်ကို အကဲခတ်နေကြခြင်းပင်။
မြေပြင်ပေါ်တွင် လဲကျနေပြီး အချိန်အတော်ကြာ ပြန်လည်ထမလာသော သူဌေးမင်း ရွှေကိုယ်တော်ကို ကြည့်ရှုကာ ဘိုဘိုက လှောင်ရယ်လိုက်သည်။
"ဘိုဘို... အခုတော့ သိပြီမလား။ သခင်မလေးအတွက် ဘယ်သူက အရေးအပါဆုံးလဲဆိုတာ။ ငါ ဘိုဘိုက ဒုတိယလို့ ပြောရင် ဘယ်သူမှ ပထမလို့ မပြောရဲစေရဘူး"