အခန်း (၃၇၇)
Vol. 37 Ch. 377
ဘိုဘိုမှာ သူ့ကိုယ်သူ အထင်ကြီးကာ မာန်တက်နေစဉ်မှာပင် သူဌေးမင်း ရွှေကိုယ်တော်မှာ မြေပြင်ပေါ်မှ ယိမ်းယိုင်လျက် ပြန်ထရပ်လာသည်။ ပြင်းထန်လှသော အရှိန်ဖြင့် အတိုက်ခံလိုက်ရသော်လည်း သူ၏ ရွှေကိုယ်ထည်မှာမူ အနာအဆာ တစ်စုံတစ်ရာမရှိဘဲ ပကတိအတိုင်းပင် ရှိနေသည်။
"ဘိုဘို သူက မသေဘူးလား"
ဘိုဘိုမှာ အံ့အားသင့်ကာ ရေရွတ်မိသွားသည်။ သူ၏ တိုက်ခိုက်မှုမှာ သာမန်လူဆိုလျှင် အသားစိုင်များ ကြေမွသွားရလောက်သည်အထိ ပြင်းထန်သော်လည်း သူဌေးမင်း ရွှေကိုယ်တော်မှာမူ မယုံနိုင်လောက်အောင်ပင် ခံနိုင်ရည်ရှိနေခဲ့သည်။
ရွှေကိုယ်တော်သည် သူ၏ လည်ပင်းနှင့် လက်ကောက်ဝတ်များကို တစ်ချက်လှည့်လိုက်ရာ လှုပ်ရှားမှုတိုင်း၌ ပဲစေ့များ ပေါက်ကွဲသံကဲ့သို့ တဂျောက်ဂျောက်မြည်ဟည်းသွားသည်။ ထို့နောက် သူသည် ခြေထောက်နှစ်ဖက်တွင် အားအပြည့်စုလိုက်ပြီး မြှားတစ်စင်းကဲ့သို့ ပြေးထွက်သွားပါတော့သည်။
ဘုန်းဆိုသည့် ကျယ်လောင်သော မြည်ဟည်းသံကြီးနှင့်အတူ မိုးကြိုးပစ်သည့်အလား ဟိန်းထွက်လာသော အသံတစ်ခု ထပ်မံပေါ်ထွက်လာသည်။ သို့သော် ယခုတစ်ကြိမ်၌မူ လွင့်
ထွက်သွားသူမှာ ဘိုဘိုပင်။ သူသည် မှော်ဟင်းလင်းပြင်၏ နံရံဆီသို့ အရှိန်အဟုန်ပြင်းစွာဖြင့် သွားဆောင့်မိတော့သည်။
အကယ်၍သာ မဲမဲလေးနှင့် ပုရွက်ဆိတ်ကင်းခြေများ ဘုရင်တို့သည် လူသားများသာ ဖြစ်ခဲ့ကြပါက "အမလေး... အံ့ဩစရာကောင်းလိုက်တာ" ဟု ပြောကာ ပါးစပ်ကြီး အဟောင်းသား ဖြစ်နေကြမည်မှာ အမှန်ပင်။
ဤသည်မှာ ပြိုင်ဘက်ကောင်းနှင့် တွေ့ဆုံခြင်းပင်။
သနားစရာကောင်းတဲ့ ဘိုဘိုရေ...အခုတော့ နင့်ဘာသာနင်ပဲ ရုန်းကန်ရတော့မယ်။
ဘိုဘိုသည် မှော်နံရံပေါ်မှ တရွတ်တိုက် လျှောကျလာပြီး အချိန်အတော်ကြာမှသာ သတိပြန်ဝင်လာသည်။ ထိုပြင်းထန်လှသော တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခြင်းမရှိသော်လည်း မွေးဖွားလာခဲ့သည့် အချိန်မှစ၍ ယခုကဲ့သို့သော ရိုက်ခတ်မှုမျိုးကို တစ်ခါမျှ မကြုံဖူးခဲ့ပေ။ သူ၏ ဥခွံကြီးပင် အစိတ်စိတ်အမြွှာမြွှာ ကွဲအက်သွားတော့မည့်အလား ခံစားလိုက်ရသည်။
ဥခွံကွဲအက်ရတော့မဲ့ ခံစားချက်ကြီးပါလား။
တကယ် စိတ်ပျက်စရာကောင်းတယ်။
"ဘိုဘို... အရှက်မရှိတဲ့ကောင် နင်က ငါ့ရဲ့ အတတ်ကို ခိုးယူတာပဲ။ တကယ့်ကို အရှက်မရှိတဲ့ကောင်"
ဘိုဘိုမှာ ဒေါသအလိပ်လိပ် ထွက်လာတော့သည်။ ထိုသူဌေးမင်း ရွှေကိုယ်တော်မှာ သူ၏ ကိုယ်ပိုင်အစွမ်းဖြစ်သော ပေါင်တစ်ထောင် အလေးချိန်ဖြင့် ဖိနှိပ်ခြင်းအတတ်ကို အတုခိုးသွားခြင်းပင်။
ဘိုဘိုကို ဒေါသအထွက်ဆုံးဖြစ်စေသည့်အချက်မှာ သူဌေးမင်း ရွှေကိုယ်တော်သည် သူ၏ပုံရိပ်ကို အပိုင်အတုခိုးနိုင်ရုံတင်မကဘဲ သူ၏ ထူးကဲခွန်အားကိုပါ ဆယ်ပုံနှစ်ပုံ၊ သုံးပုံခန့်အထိ တူညီအောင် ထုတ်ဖော်နိုင်ခဲ့ခြင်းကြောင့်ပင်။
ယွင်ရှန်းကမူ ထိုမြင်ကွင်းကို ဘေးမှနေ၍ အစအဆုံး အသေအချာ စောင့်ကြည့်နေခဲ့သည်။
"မဲမဲလေး"
ယွင်ရှန်းက ရုတ်တရက် အမိန့်ပေးလိုက်သည်။
"မင်းရဲ့ ကောင်းကင်ဝါးမြိုခြင်း တိုက်ပွဲဝင်အတတ်ကို ထုတ်သုံးလိုက်စမ်း"
မဲမဲလေးသည် အလွန်နားထောင်တတ်သော သားရဲပီပီ ချက်ချင်းပင် အထက်သို့ ခုန်
တက်လိုက်ပြီး လည်ပင်းကို မော့ကာ "အိုးဝူးးးး" ဟု ဟိန်းဟောက်လိုက်သည်။ ဝံပုလွေတစ်ကောင်၏ အော်ဟစ်သံအဆုံးတွင်မူ တစ်ခုလုံးသော မှော်ဟင်းလင်းပြင်ကြီးမှာ အမှောင်ထုအတွင်းသို့ နစ်မြုပ်သွားတော့သည်။
ထို့နောက်တွင်မူ သူဌေးမင်း ရွှေကိုယ်တော် သည်လည်း ရုတ်တရက် ခေါင်းကိုနောက်သို့ လှန်လိုက်ပြီး မဲမဲလေးကဲ့သို့ပင် ဝံပုလွေတစ်ကောင်၏ ဟိန်းဟောက်သံမျိုး ပြုလုပ်လိုက်ပြန်သည်။ မှော်ဟင်းလင်းပြင်အတွင်း၌ ဒုတိယအကြိမ်မြောက် အမှောင်ထုများ ထပ်မံဖုံးလွှမ်းသွားခဲ့ပြန်သည်။
အမှောင်ထုများ ပြန်လည်လွင့်စင်သွားသည့်အခါ ယွင်ရှန်း၏ မျက်ဝန်းအိမ်၌ အတိုင်းမသိ ဝမ်းသာပီတိဖြစ်မှုများ ပေါ်ပေါက်လာခဲ့သည်။ ဘိုဘို၊ မဲမဲလေးနှင့် ပုရွက်ဆိတ်ကင်းခြေများ စစ်သူကြီးတို့ပင် ကြောင်အမ်းအမ်း ဖြစ်သွားကြရသည်။ ၎င်းတို့သည် လူသားများမဟုတ်ကြသော်လည်း အဆင့်မြင့်မိစ္ဆာသားရဲများဖြစ်သည့်အားလျော်စွာ လူသားကဲ့သို့ တွေးခေါ်နိုင်စွမ်း ရှိကြရာ အခုတော့ သူဌေးမင်း ရွှေကိုယ်တော်၏ တကယ့်စွမ်းရည်ကို သူတို့အားလုံး နားလည်သွားကြပြီဖြစ်သည်။
"တုပခြင်းတဲ့လား"
ယွင်ရှန်းက အံ့ဩတကြီး ရေရွတ်လိုက်မိသည်။
ယခင်က သူမသည် သူဌေးမင်း ရွှေကိုယ်တော်ကို မည်သို့စေခိုင်းရမည်ကို မသေချာခဲ့သော်လည်း အခုတော့ သူ့ကို အမိန့်ပေးရန်ပင် မလိုတော့ကြောင်း သိလိုက်ရသည်။ သူ၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ယွင်ရှန်းကို ကာကွယ်ရန်ပင်။ ယွင်ရှန်း၏ ခွင့်ပြုချက်မရှိဘဲ မည်သည့်လူသား သို့မဟုတ် သားရဲမျှ သူမအနားသို့ ချဉ်းကပ်နိုင်မည် မဟုတ်တော့ပေ။
ယွင်ရှန်းအနေဖြင့် သူဌေးမင်း ရွှေကိုယ်တော်နှင့် ပတ်သက်၍ သိထားသည်မှာ အလွန်နည်းပါးလွန်းသေးသဖြင့် ဆရာကြီးထံမှ ထပ်မံအကြံဉာဏ်ရယူရန် ဆုံးဖြတ်လိုက်သည်။ သူမသည် သူဌေးမင်း ရွှေကိုယ်တော်ကို သားရဲဘာသာစကားလက်စွပ် အတွင်းသို့ ပြန်လည်သိမ်းဆည်းလိုက်ပြီး ဆရာကြီးကို ရှာဖွေရန် မှော်ဟင်းလင်းပြင်မှ ထွက်ခွာလာခဲ့သည်။
ပထမဆုံးအနေဖြင့် သူမသည် အသစ်ပြန်လည်ပုံဖော်ထားသော မှော်တောင်ဝှေးကို ဆရာကြီး၏ လက်ထဲသို့ ကမ်းပေးလိုက်သည်။
သူ၏ မှော်တောင်ဝှေးမှာ တစ်ကျော့ပြန် မွေးဖွားလာသကဲ့သို့ အသစ်စက်စက် ဖြစ်သွားသည်ကို မြင်ရသောအခါ အဖိုးအို မှော်ဆရာကြီးမှာ အတိုင်းမသိ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားရသည်။
အဖိုးအို စိတ်ကြည်လင်နေခိုက်တွင် ယွင်ရှန်းက ထာဝရအသက်ရှင် မှော်လက်နက်နှင့် ပတ်သက်၍ အမြန်ပင် မေးမြန်းလိုက်သည်။ ဆရာကြီးသည် ယွင်ရှန်းအနေဖြင့် ကံကြမ္မာမီးလျှံ သတ္တုရိုင်းကို အသုံးပြု၍ ထိုလက်နက်ကို အမှန်တကယ် ဖန်တီးနိုင်ခဲ့သလားဟုပင် ထပ်မံမမေးတော့ဘဲ ထူထဲလှသော မှော်ကျမ်းစာအုပ် ကြီးတစ်အုပ်ကို ထုတ်ယူကာ သူမအား ကမ်းပေးလိုက်၏။
"ဒါကတော့ ငါ့ရဲ့ဆရာဖြစ်တဲ့ ထူးချွန်တဲ့ မှော်ပစ္စည်းဖန်တီးရှင် တစ်ယောက် ပြုစုခဲ့တဲ့ မှော်လက်နက်ကျမ်းပဲ။ အခု မင်းဆီမှာ ကံကြမ္မာမီးလျှံ ရှိနေပြီဆိုတော့ မှော်လက်နက် အမျိုးမျိုးကို စမ်းသပ်ပုံဖော်ကြည့်လို့ ရပြီ။ ငါ့ရဲ့တောင်ဝှေးကို အပြစ်ပြောစရာမရှိအောင် ပြုပြင်ပေးခဲ့တဲ့အတွက် ဒီစာအုပ်ကို မင်းကို ဆုလာဘ်အဖြစ် ပေးလိုက်မယ်"
ထို့နောက် သူ၏ မှော်တောင်ဝှေးကို သန့်စင်ပြီးနောက် မည်ကဲ့သို့သော ထူးခြားသည့် အစွမ်းသတ္တိများ ရရှိသွားသည်ကို စမ်းသပ်ကြည့်ရန် စိတ်အားထက်သန်နေသဖြင့် ယွင်ရှန်းကို အမြန်ထွက်ခွာရန် တိုက်တွန်းတော့သည်။
ယွင်ရှန်းသည် စာမျက်နှာ ၃၀၀ ကျော်ပါဝင်သော ထိုမှော်လက်နက်ကျမ်းကြီးကို ကိုင်ဆောင်ကာ ထွက်ခွာလာခဲ့သည်။ ၎င်းထဲတွင် မှော်လက်နက် အမျိုးမျိုး၏ ဖန်တီးပုံဖော်နည်းများ အမှန်တကယ်ပင် ပါဝင်သည်။ သူမသည် အသေးစိတ်ဖတ်ရှုရန် အချိန်မရှိသေးသဖြင့် စာမျက်နှာများကို အမြန်လှန်ကြည့်ရင်း ရက်အနည်းငယ်အကြာတွင်မှ ထာဝရအသက်ရှင် မှော်လက်နက်များ ကဏ္ဍကို ရှာဖွေတွေ့ရှိခဲ့သည်။
ထာဝရအသက်ရှင် မှော်လက်နက် မှော်လက်နက်များ၏ ဘုရင်…
၎င်းမှာ ကမ္ဘာပေါ်ရှိ အသန့်စင်ဆုံးသော မှော်ဒြပ်စင် လေးပါးဖြင့် ဖော်စပ်ထားသည့် အထူးမှော်လက်နက်တစ်ခု ဖြစ်သည်။ ထာဝရအသက်ရှင် မှော်လက်နက်တစ်ခုသည် ဖန်တီးသူ၏ မှော်စွမ်းအားနှင့် စရိုက်လက္ခဏာအပေါ် မူတည်၍ ပုံသဏ္ဌာန် အမျိုးမျိုး ရှိနိုင်သည်။ ဖန်တီးသူ၏ စိတ်ကြိုက်အပေါ် မူတည်၍ လက်နက်၊ မှော်တောင်ဝှေး၊ မှော်အစီအရင် သို့မဟုတ် မိစ္ဆာသားရဲ ပုံသဏ္ဌာန်များအဖြစ် အသွင်ပြောင်းနိုင်သည်။
ထိုပုံစံများထဲတွင် အရှားပါးဆုံးနှင့် ဖန်တီးရန် အခက်ခဲဆုံးမှာ လူသားပုံသဏ္ဌာန် မှော်လက်နက် ဖြစ်သည်။ ၎င်းကို ထာဝရအသက်ရှင် မှော်လက်နက်များ၏ ဘုရင်ဟုလည်း ခေါ်ဆိုကြသည်။
ဤနေရာတွင် ယွင်ရှန်း၏ မျက်မှောင်များ တွန့်သွားခဲ့သည်။ သူမ မရည်ရွယ်ဘဲ ဖန်တီးလိုက်မိသည့် သူဌေးမင်း ရွှေကိုယ်တော်သည် ဒဏ္ဍာရီလာ အစွမ်းထက်ဆုံး ထာဝရအသက်ရှင် မှော်လက်နက်များ၏ ဘုရင် ဖြစ်နေလိမ့်မည်ဟု သူမ လုံးဝ မျှော်လင့်မထားခဲ့ပေ။
ယွင်ရှန်းက စိတ်ဝင်တစားဖြင့် ဆက်လက်ဖတ်ရှုလိုက်ရာ လူသားပုံသဏ္ဌာန် မှော်လက်နက်သည် ကြောက်မက်ဖွယ်ကောင်းလှသည့် အကြောင်းရင်းမှာ ၎င်းသည် လူသားတစ်ဦးကဲ့သို့ သင်ယူနိုင်စွမ်းရှိပြီး ၎င်း၏ အကြီးမားဆုံးသော သင်ယူနိုင်စွမ်းမှာ တုပခြင်းပင်။
လူသားပုံသဏ္ဌာန်ရှိသောကြောင့် ၎င်းသည် လူသားတစ်ဦးကဲ့သို့ပင် ကြီးထွားရှင်သန်နိုင်စွမ်းရှိသည်။ ဖွဲ့စည်းတည်ဆောက်မှုနှင့် ကြီးထွားမှုကာလအပိုင်းအခြားအလိုက် အခြေခံ၊ အလယ်အလတ်၊ အဆင့်မြင့်နှင့် အထူးအဆင့်ဟူ၍ အဆင့်လေးဆင့် ခွဲခြားထားပြီး အဆင့်တစ်ခုချင်းစီ၏ စွမ်းပကားမှာ သိသာစွာ ကွာခြားသည်။
အခြေခံအဆင့် ထာဝရအသက်ရှင် မှော်လက်နက် တစ်ခုဖြစ်သည့် ယခု သူဌေးမင်း ရွှေကိုယ်တော်မှာ ရန်သူ၏ တိုက်ခိုက်ရေးနည်းစနစ်နှင့် မှော်အတတ်များကို ချက်ချင်းအတုယူနိုင်စွမ်းရှိသော်လည်း ၎င်းမှာ အပေါ်ယံမျှသာဖြစ်ပြီး မူလစွမ်းအား၏ ၂၀ ရာခိုင်နှုန်းခန့်ကိုသာ ထုတ်ဖော်နိုင်သေးသည်။ အလယ်အလတ်အဆင့်သို့ ရောက်ရှိပါက တိုက်ခိုက်ရေးစွမ်းရည်နှင့် မှော်အတတ်များကို ကိုယ်တိုင်နားလည်သဘောပေါက်လာကာ စွမ်းအား၏ ၅၀ ရာခိုင်နှုန်းခန့်အထိ အသုံးပြုနိုင်မည်ဖြစ်သည်။ အဆင့်မြင့်အဆင့်တွင်မူ စွမ်းအား၏ ၈၀ ရာခိုင်နှုန်းကျော်ကို ထုတ်သုံးနိုင်လာမည်ဖြစ်၏။
အကယ်၍ အထူးအဆင့်သို့ အဆင့်တက်သွားနိုင်ခဲ့လျှင်မူ လူသားပုံသဏ္ဌာန် မှော်လက်နက်သည် သူအတုယူသည့် မူလပိုင်ရှင်ထက်ပင် ကျော်လွန်သွားနိုင်ပြီး စွမ်းအား၏ ၁၂၀ ရာခိုင်နှုန်းအထိ ထုတ်ဖော်ကာ ရန်သူကို သူတို့၏ ကိုယ်ပိုင်ကွက်ဖြင့်ပင် ပြန်လည်အနိုင်ယူနိုင်စွမ်း ရှိသွားမည်ဖြစ်သည်။
"ဝိုး..."
ယွင်ရှန်းမှာ အလွန်ပင် စိတ်လှုပ်ရှားသွားရသည်။ အကယ်၍ သူမ၏ သူဌေးမင်း ရွှေကိုယ်တော် သာ တစ်နေ့တွင် အထူးအဆင့်သို့ ရောက်ရှိသွားခဲ့ပါက ရန်သူ၏ နည်းဗျူဟာကို အသုံးပြု၍ ရန်သူကိုပင် ချက်ချင်း ပြန်လည်အနိုင်ယူနိုင်မည်ပင်။
ဤသည်မှာ သူမ ခေတ်သစ်ကမ္ဘာရှိ သိုင်းဝတ္ထုများထဲတွင် ဖတ်ဖူးခဲ့သည့် သူ့ဓားဖြင့် သူ့ကိုပြန်သတ်ခြင်း ဆိုသော သဘောတရားနှင့် ဆင်တူသော်လည်း ပို၍ပင် ကြောက်မက်ဖွယ်ကောင်းနေသေးသည်။
ယခင်က ယီပိုင်မင်း ပြောခဲ့သလို သူမတွင် ယုံကြည်စိတ်ချရသော ကိုယ်ရံတော်မရှိသော်လည်း ယခုမူ မည်သူနှင့်မျှ အစားထိုး၍မရသော သူဌေးမင်း ရွှေကိုယ်တော်ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။ သို့သော်လည်း မှော်လက်နက်ကျမ်းတွင် ဖော်ပြထားသည့်အတိုင်း လူသားပုံသဏ္ဌာန် မှော်လက်နက်များမှာ ကောင်းကင်ဘုံ၏ နိယာမကို ဆန့်ကျင်နေသကဲ့သို့ ဖြစ်ခြင်းကြောင့် အခြေခံမှ အထူးအဆင့်သို့ တက်လှမ်းရန်မှာ မဖြစ်နိုင်သလောက် ခက်ခဲသည်။
ယွင်ရှန်းသည် လူသားပုံသဏ္ဌာန် မှော်လက်နက်၏ အဆင့်ကို မြှင့်တင်နိုင်မည့် နည်းလမ်းများကို ဆက်လက်ရှာဖွေကြည့်ရာ "အမြန်ဆုံးနည်းလမ်းမှာ တိုက်ပွဲများအတွင်း အဆက်မပြတ် လေ့ကျင့်ပေးခြင်းပင်။ တိုက်ပွဲများကြားတွင် မတူညီသော တိုက်ခိုက်ရေးနည်းစနစ်များနှင့် မှော်အတတ်များကို မနားတမ်း သင်ယူစေရမည်။ သတ်ဖြတ်ခြင်းနှင့် အတုယူခြင်း၊ အထူးသဖြင့် အဆင့်မြင့်ပြိုင်ဘက်များနှင့် ယှဉ်ပြိုင်တိုက်ခိုက်ခြင်းဖြင့်သာ အစဉ်တစိုက် အဆင့်တက်လှမ်းနိုင်မည်ဖြစ်သည်" ဟု တွေ့ရှိရသည်။ ဤအချက်မှာ နားလည်ရန် မခက်ခဲလှပေ။ ၎င်းသည် ခေတ်သစ်ပညာရေးစနစ်မှ ကျောင်းသားများ အမှတ်ကောင်းစေရန် လေ့ကျင့်ခန်းပေါင်းများစွာကို မနားတမ်း ပြုလုပ်ရသကဲ့သို့ပင်။
အခြေခံအဆင့်တွင်ရှိသော သူဌေးမင်း ရွှေကိုယ်တော်မှာ စွမ်းအား၏ ၂၀ ရာခိုင်နှုန်းကိုသာ အသုံးချနိုင်သေးသဖြင့် ပိုမိုအားကောင်းလာစေရန် လိုအပ်နေသေးသည်။ ယွင်ရှန်းသည် သူ့ကို အမြန်ဆုံး အလယ်အလတ်အဆင့်သို့ ရောက်ရှိစေကာ စွမ်းအား၏ ၅၀ ရာခိုင်နှုန်းခန့်ကို ထုတ်သုံးစေပြီး သူမ၏ ကိုယ်ရံတော်အဖြစ် တာဝန်ထမ်းဆောင်နိုင်ရန် ကြံစည်ထားသည်။ ထို့ကြောင့် အဆင့်မြှင့်တင်ရန်အတွက် တိုက်ပွဲ ဟူသော နည်းလမ်းကို သူမ ရွေးချယ်လိုက်တော့သည်။
သူမသည် သူဌေးမင်း ရွှေကိုယ်တော်ကို မုဆိုးစစ်သည် စောင့်ကြပ်ရေးမြို့ အရပ်ရပ်သို့ စေလွှတ်ကာ တိုက်ပွဲများတွင် အဆက်မပြတ် ပါဝင်စေပြီး အခြားသူများ၏ တိုက်ခိုက်ရေးအတတ်နှင့် မှော်ပညာများကို သင်ယူစေရန် ဆုံးဖြတ်လိုက်၏။ ထို့နောက်တွင်မူ သူမသည် တော်ဝင်မှော်သင်တန်းကျောင်းမှ ထွက်ခွာခဲ့သည်။
ပထမဆုံးအနေဖြင့် မုဆိုးစစ်သည်စခန်းသို့ ပြန်လာကာ ကျိုးချွမ်ကို ရှာဖွေလိုက်သည်။
"သခင်မလေး... ကျွန်တော့်ကို ဘာခိုင်းစရာရှိလို့လဲ။ ဟင်... သခင်မလေးရဲ့ နောက်က ဝတ်ရုံခြုံထားတဲ့ လူကောင်ကြီးက ဘယ်သူလဲဗျ"
ကျိုးချွမ်က ယွင်ရှန်းနောက်မှ ဝတ်ရုံခြုံထားသည့် သူဌေးမင်း ရွှေကိုယ်တော်ကို လှမ်းကြည့်ရင်း မေးလိုက်သည်။