အခန်း (၃၇၈)
Vol. 37 Ch. 378
သူဌေးမင်း ရွှေကိုယ်တော်၏ အသွင်အပြင်မှာ အလွန်ပင် တောက်ပလွန်းလှရာ လမ်းမပေါ်တွင် လမ်းလျှောက်နေသော လူသားပုံသဏ္ဌာန် ရွှေတောင်ကြီးတစ်လုံးကို မြင်ယောင်ကြည့်ပါက မည်မျှအထိ ရုတ်ရုတ်သဲသဲ ဖြစ်သွားမည်ကို မှန်းဆကြည့်နိုင်ပါသည်။ ထို့ကြောင့်ပင် ယွင်ရှန်းသည် သူ့အတွက် ဝတ်ရုံပွကြီးတစ်ထည်ကို ရှာဖွေပေးခဲ့ပြီး မျက်နှာဖုံးတစ်ခုကိုပါ တပ်ဆင်ပေးခဲ့သည်။
"ဒါကတော့ ငါ အရက်သေစာသောက်စားတဲ့နေရာ တစ်ခုမှာ ရှာတွေ့ခဲ့တဲ့ မုဆိုးစစ်သည်
အသစ်ပဲ။ သူက စကားမပြောနိုင်ဘူး။ မင်းအတွက် ငါ့မှာ တာဝန်တစ်ခုရှိတယ်။ နောက်လာမယ့် ခြောက်လအတွင်းမှာ မင်း စခန်းက မစ်ရှင်တွေမှာ ပါဝင်စရာမလိုဘူး။ မင်း တာဝန်က သူ့ကို မဟာကျိုး ပြည်နယ်အတွင်းမှာရှိတဲ့ မုဆိုးစစ်သည် စောင့်ကြပ်ရေးမြို့ကြီး ၁၃ မြို့ဆီ ခေါ်သွားပြီး တစ်မြို့ပြီးတစ်မြို့ စိန်ခေါ်ခိုင်းဖို့ပဲ"
သခင်မလေးယန်ထံမှ ကိုယ်ပိုင်တာဝန်တစ်ခု ရရှိလိုက်ပြီဖြစ်ကြောင်း ကြားလိုက်ရသဖြင့် ကျိုးချွမ်မှာ ချက်ချင်းပင် ဝမ်းသာအားရ ဖြစ်သွားသည်။ သို့သော် သူသည် ချက်ချင်းပင် ပြန်လည်ဝေခွဲမရ ဖြစ်သွားရပြန်၏။
သခင်မလေးယန်က အခုတစ်ခါ ဘာတွေ ကြံစည်နေပြန်တာလဲ။ ဘာလို့များ မုဆိုးစစ်သည်အသစ်တစ်ယောက်ကို စောင့်ကြပ်ရေးမြို့တွေဆီ လွှတ်ပြီး လိုက်စိန်ခေါ်ခိုင်းနေရတာလဲ။
"ငါက မင်းကို သူ့ကိုခေါ်သွားပြီး အဲဒီမြို့ကြီး ၁၃ မြို့မှာရှိတဲ့ ပြိုင်ပွဲတိုင်း၊ အဆင့်တိုင်းမှာ ဝင်ပြိုင်ခိုင်းစေချင်တာ၊ တစ်ခုမှ မလွတ်စေနဲ့။ မှတ်ထားရမှာက... သူ့ရဲ့ နိုင်ပွဲ၊ ရှုံးပွဲမှတ်တမ်းတွေအားလုံးကို မှတ်တမ်းတင်ထားပြီး တစ်ပတ်တစ်ခါ ငါ့ဆီ အစီရင်ခံစာ ပို့ရမယ်"
ယွင်ရှန်းက ပြောလိုက်ရာ ကျိုးချွမ်မှာ အမည်မသိရသေးသော ထိုညီအစ်ကိုအတွက် ကြိုတင်၍ပင် စိတ်မကောင်း ဖြစ်သွားရသည်။
စောင့်ကြပ်ရေးမြို့ကြီး ၁၃ မြို့၏ တစ်ဦးချင်း တိုက်ခိုက်ရေးပွဲစဉ်များမှာ သံမဏိလူသားတစ်ဦးပင် ဖြစ်လင့်ကစား ဒဏ်ရာဒဏ်ချက်များဖြင့် လဲကျသွားနိုင်လောက်အောင်ပင် ပြင်းထန်သည်။ ကျိုးချွမ်ခမျာ ထိုသူမှာ အမှန်တကယ်ပင် ရွှေလူသားတစ်ဦး ဖြစ်နေလိမ့်မည်ဟု မမှန်းဆနိုင်ခဲ့ပေ။
သို့သော် ယွင်ရှန်း၏ အကြည့်တစ်ချက်အောက်တွင် ကျိုးချွမ်သည် ချက်ချင်းပင် တည်ငြိမ်သွားကာ "သခင်မလေးယန် စိတ်ချပါ ကျွန်တော် ဒီညီအစ်ကိုရဲ့ ပြိုင်ပွဲရလဒ်တွေနဲ့ တိုက်ပွဲဖြစ်စဉ်တွေကို အသေးစိတ် မှတ်တမ်းတင်ပေးပါ့မယ်။ ဒါနဲ့... ဒီညီအစ်ကို့ နာမည်က ဘယ်သူလဲဗျ"
"သူ့ကို သူဌေးမင်း ရွှေကိုယ်တော်လို့ပဲ ခေါ်လိုက်"
ယွင်ရှန်းက လက်ကာပြလိုက်ပြီး အမေးအမြန်းမများရန်နှင့် အမြန်ဆုံးထွက်ခွာရန် အချက်ပြလိုက်သည်။ ကျိုးချွမ်သည်လည်း လျင်မြန်သူပီပီ ခြောက်လကြာမှသာ ယွင်ရှန်းထံ ပြန်လာမည်ဟု ကတိပေးကာ ထွက်ခွာသွားပါတော့သည်။
ယွင်ရှန်းသည် မုဆိုးစစ်သည်စခန်းမှ ထွက်ခွာလာပြီးနောက် ဆေးခန်းသို့ ပြန်လာခဲ့သည်။ လင်းယောင်အာမှာ သူမကို မြင်သည်နှင့် တတွတ်တွတ် ပြောဆိုတော့သည်။
"အို... ငါ့အဘွားလေးရယ် ပြန်လာပြီပေါ့။ နင် ပျောက်သွားတာ သုံးရက်တောင် ရှိပြီ။ ကျိမော့က နင် တော်ဝင်မှော်သင်တန်းကျောင်းကို သွားတယ်လို့ ကြားတယ်လို့ မပြောရင်တော့ ငါတော့ နင် ပျောက်သွားပြီလို့ တကယ်ထင်နေတော့မှာ"
ယွင်ရှန်းအနေဖြင့် တော်ဝင်မှော်သင်တန်းကျောင်းသို့ သွားရသည့် တစ်ခုတည်းသော ရည်ရွယ်ချက်မှာ မှော်မျှော်စင်တွင် ကျင့်ကြံရန်ဖြစ်ကြောင်း လင်းယောင်အာလည်း သိရှိထားသည်။
"ငါ တော်ဝင်မှော်သင်တန်းကျောင်းကို သွားမယ်လို့ ပြောဖူးလို့လား"
ယွင်ရှန်း ဇဝေဇဝါ ဖြစ်သွားရသည်။
ငါ ကျိမော့ကို ဘယ်တုန်းက ပြောခဲ့လို့လဲ။
ကျိမော့ကို လှမ်းကြည့်လိုက်သောအခါ ထိုကောင်လေးမှာ သူ၏အလုပ်၌သာ အာရုံစိုက်နေသည်ကို တွေ့ရ၏။
"အဲဒါတွေ ထားပါဦး နင် မရှိတဲ့ ရက်ပိုင်းအတွင်းမှာ ကျိုးချူကျေးရွာက ပင်လယ်အပင်လေးတွေ အညှောက်ပေါက်နေပြီ"
လင်းယောင်အာက ဝမ်းသာအားရ ပြောပြရှာသည်။ ဒါတင်မကသေးဘဲ သူမနှင့် ဒေါက်တာဖန်တို့သည် ကျိုးချူရွာနှင့် ဆင်တူသည့် ဝေးလံခေါင်ဖျားသော ကျေးရွာအချို့ကိုလည်း ရှာဖွေတွေ့ရှိထားကြသေးသည်။
လင်းယောင်အာသည် ယွင်ရှန်း ပြန်ရောက်လာသည်နှင့် တစ်ပြိုင်နက် ထိုကျေးရွာများသို့ သွားရောက်ရန် စီစဉ်ထားသည်။ ဆေးဖက်ဝင်အပင်များ ထောက်ပံ့မှုကို အမြန်ဆုံး အတည်တကျ ဖြစ်အောင် ပြုလုပ်နိုင်လေလေ စီးအန်းဆေးခန်းသည် ၎င်း၏ အင်အားကို ပြန်လည်စုစည်းနိုင်ပြီး ဆေးဧကရာဇ်ခန်းမနှင့် အမှန်တကယ် ယှဉ်ပြိုင်နိုင်လေလေ ဖြစ်ပေလိမ့်မည်။
ကျန်ရှိသော လအနည်းငယ်အတွင်း ယွင်ရှန်းနှင့် လင်းယောင်အာတို့သည် ကျိမော့၏ အကူအညီကို တစ်ခါတစ်ရံ ရယူကာ ယွီကျင်းမြို့ကို ဗဟိုပြု၍ မဟာကျိုးမြို့တော်အတွင်း၌ မှော်ဆေးဖက်ဝင်အပင်စိုက်ပျိုးသည့် ကျေးရွာပေါင်း ဆယ်ကျော်ကို ဆက်တိုက် တည်ထောင်
နိုင်ခဲ့သည်။ ကျုံးရန်ကလည်း ထိုမိစ္ဆာသားရဲများကို အသုံးပြု၍ သယ်ယူပို့ဆောင်ရေးကိစ္စများကို ကူညီပေးခဲ့ရာ သုံးလတာအချိန်မှာ သတိမထားမိလိုက်ဘဲ ကုန်ဆုံးသွားခဲ့သည်။
မှော်အတတ်ဖြင့် ဆေးဖက်ဝင်အပင်များကို ပြုစုပျိုးထောင်ပေးခဲ့ခြင်းကြောင့် ကျိုးချူကျေးရွာမှ ပထမဆုံးအသုတ် အပင်များမှာ အထူးပင် အောင်မြင်ဖြစ်ထွန်းခဲ့သည်။ ပုံမှန်အားဖြင့် ရင့်
မှည့်ရန် တစ်နှစ်ခန့် ကြာမြင့်တတ်သော ပင်လယ်အပင်များသည် သုံးလအတွင်းမှာတင် ပန်းပွင့်၍ အသီးများ သီးလာခဲ့သည်။
ယခင်က ခြောက်သွေ့ဖုန်းဆိုးနေသော ကျိုးချူရွာလေးမှာ ယခုအခါ နေရာအနှံ့ ဆေးနံ့များ သင်းပျံ့နေတော့သည်။ သန္တာကျောက်တန်းမှ အစေ့အဆန်လေးများကဲ့သို့ ပင်လယ်အသီးလေးများသည် အကိုင်းအခက်များပေါ်တွင် ဝေဝေဆာဆာ တွဲလောင်းကျနေသည်။
ရွာသူကြီး၏ ဦးဆောင်မှုဖြင့် ကြိုးစားအားထုတ်ကြသော ရွာသားများသည် ပထမဆုံးအသုတ် အသီးများကို ရိတ်သိမ်းခဲ့ကြသည်။ ထို့နောက် သူတို့ကို အခြောက်ခံကာ ရေဓာတ်ဖယ်ရှားပြီးနောက် ယွင်ရှန်း စစ်ဆေးနိုင်ရန်အတွက် စီးအန်း ဆေးခန်းသို့ သယ်ယူပို့ဆောင်ရန် ပြင်ဆင်ကြတော့သည်။
"အဖေ... စိတ်ချပါ ညီမလေးနဲ့ ကျွန်တော် ဒီဆေးဖက်ဝင်အပင်တွေကို ဘေးကင်းကင်းနဲ့ အရောက်ပို့ပေးပါ့မယ်"
ဤအရေးကြီးသော သယ်ယူပို့ဆောင်ရေးတာဝန်ကို တာဝန်ယူထားသည့် ရွာသူကြီး၏ အသက်ကိုးနှစ်အရွယ် သားကြီးက ပြောဆို လိုက်သည်။
ရွာသူကြီး၏သားကြီး ရီဟွာသည် မှော်စွမ်းအားစစ်ဆေးစဉ်က သူ၏ ခန္ဓာကိုယ်အတွင်း၌ မီးဒြပ်စင် အစအနလေး ပါရှိကြောင်း တွေ့ရှိခဲ့ရသူဖြစ်သည်။ သူ့ကို ယွင်ရှန်းက ရွေးချယ်ပြီး ဆေးခန်းသို့ ခေါ်ဆောင်လာခဲ့သည်။ လနတ်ဘုရား၏ ချီးမွမ်းခြင်းဆေးရည်ကို သောက်သုံးပြီးနောက် သူ၏ ခန္ဓာကိုယ်ဖွဲ့စည်းပုံမှာ မျှော်လင့်ထားသလို ပြောင်းလဲသွားခဲ့ပြီး ပိုမိုဝမ်းသာစရာကောင်းသည်မှာ သူ၏ မှော်ဒြပ်စင်မှာ မျိုးဗီဇပြောင်းလဲသွားကာ လေနှင့် မီးဒြပ်စင်နှစ်မျိုးလုံး ပိုင်ဆိုင်သည့် မှော်ဆရာတစ်ဦး ဖြစ်လာခြင်းပင်။
သူ၏ ထူးချွန်သော အရည်အချင်းကို ထောက်ထား၍ ယွင်ရှန်းက အခြေခံ လေနှင့်မီး မှော်အတတ်များကို ကိုယ်တိုင် သင်ကြားပေးခဲ့ရာ သူသည် ယွင်ရှန်း၏ ပထမဆုံးသော တပည့်ရင်းအဖြစ်ပင် သတ်မှတ်၍ ရနိုင်သည်။ ဤသည်မှာ ရွာသူကြီးမိသားစုတစ်ခုလုံးအတွက် အတိုင်းအထက်အလွန် ဂုဏ်ယူစရာကိစ္စရပ် ဖြစ်နေသည်။ ထို့ကြောင့်ပင် သူတို့အားလုံးသည် ယွင်ရှန်းကို သူတို့၏ ကျေးဇူးရှင်အဖြစ် သတ်မှတ်ထားကြခြင်းပင်။
ရွာ၏ ပထမဆုံးသော ဆေးဖက်ဝင်အပင် သယ်ယူပို့ဆောင်ရေးတာဝန်ကို သူ့အား လွှဲအပ်လိုက်ခြင်းမှာ မဆန်းပေ။ သို့သော် ရီဟွာ ထွက်ခွာတော့မည့် ဆဲဆဲတွင်ပင် သူ၏ ညီမငယ်လေးမှာ အတောင်ပံပါသော လင်းနို့ကြီး၏ ကျောပေါ်သို့ ခိုး၍ တက်သွားလိမ့်မည်ဟု မည်သူကမျှ ထင်မထားခဲ့ကြပေ။
ကလေးမလေးက အလေးအနက်ထား၍ ပြောရှာသည်။
"ညီမလေးလည်း အစ်ကိုနဲ့အတူ လိုက်ချင်တယ်။ ဘာဒုက္ခမှလည်း မပေးပါဘူး"
"အစ်ကို့ကို အနှောင့်အယှက် မပေးရုံတင်မကဘူး။ ဒီငှက်ကြီးတွေကို အမိန့်ပေးတဲ့နေရာမှာတောင် ညီမလေးက ကူညီနိုင်သေးတယ်"
အသက်လေးနှစ်ခွဲအရွယ်သာရှိသေးသော ရှောင်ယန်က ပြောလိုက်သည်။ သူမသည် အတောင်ပံပါသော လင်းနို့ကြီးများနှင့် အလွန်ရင်းနှီးနေပြီဖြစ်ရာ ၎င်းတို့ကို ငှက်ကြီးများဟုသာ ခေါ်လေ့ရှိသည်။
ရွာသူကြီးနှင့် ဇနီးသည်တို့မှာ ထိုစကားကို ကြားသောအခါ မပြုံးဘဲ မနေနိုင်ကြတော့ပေ။ တကယ်လည်း ထူးဆန်းလှသည်မှာ သူတို့၏ သမီးငယ်လေးသည် မိစ္ဆာသားရဲများကို ကြောက်ရွံ့ခြင်းမရှိသည့်အပြင် ကြောက်မက်ဖွယ်ကောင်းသော ထိုသတ္တဝါများနှင့်ပင် အလွန်အဆင်ပြေအောင် နေတတ်ခြင်းဖြစ်သည်။
သူမက ကြွားလုံးထုတ်နေခြင်းလည်း မဟုတ်ပေ။ သူမသည် ငယ်ရွယ်သော်လည်း အတောင်ပံပါသော လင်းနို့ကြီးများကို စေခိုင်းနိုင်စွမ်းရှိသည်မှာ ဆရာကြီးကျုံးရန်ကိုယ်တိုင်ပင် ချီးကျူးခဲ့ရသည်အထိ ဖြစ်သည်။ ရှောင်ဟွာမှာ မှော်ပါရမီရှိသော်လည်း ဤလင်းနို့ကြီးများကို ထိန်းကျောင်းသည့်နေရာတွင်မူ သူ၏ညီမငယ်လေးကို မယှဉ်နိုင်ပေ။
သူတို့၏ သမီးငယ်လေးမှာ မွေးဖွားလာကတည်းက ယွီကျင်းမြို့သို့ တစ်ခါမျှ မရောက်ဖူးသေးသည်ကို တွေးမိသောအခါ ရွာသူကြီးဇနီးမောင်နှံမှာ စိတ်ပျော့သွားကြတော့သည်။ အကျိုးအကြောင်း တိုင်ပင်ပြီးနောက်တွင်မူ ရှောင်ဟွာနှင့်အတူ လိုက်ပါသွားကြမည့် လူကြီးများကို ရှောင်ယန်လေးအား သေချာစွာ ဂရုစိုက်ရန် မှာကြားပြီး အရုဏ်ဦးအချိန်၌ တောင်အောက်သို့ ဆင်းခိုင်းလိုက်သည်။
ကျိုးချူရွာမှ ဆေးဖက်ဝင်အပင် သယ်ယူပို့ဆောင်ရေးအဖွဲ့သည် ကောင်းကင်ယံ၌ ဖြည်းညှင်းစွာ ပျံသန်းနေသည်။ ဤသည်မှာ ပထမဆုံးအကြိမ် ပို့ဆောင်ခြင်းဖြစ်သဖြင့် အတောင်ပံပါသော လင်းနို့ကြီး စုစုပေါင်း ၁၀ ကောင်ကို အသုံးပြုထားသည်။ ရှောင်ဟွာနှင့် သူ၏ညီမ ရှောင်ယန်တို့မှာ ပထမဆုံး လင်းနို့ကြီး၏ ကျောပေါ်၌ ထိုင်လျက် ကျိုးချူရွာလေးမှာ တဖြည်းဖြည်း သေးငယ်သွားသည်ကိုလည်းကောင်း သူတို့မိဘများ၏ ပုံရိပ်လေးများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကိုလည်းကောင်း ကြည့်နေကြသည်။
သူတို့သည် သူတို့သွားရာလမ်းခရီး၌ ကြောက်မက်ဖွယ်ကောင်းသော အန္တရာယ်ကြီးတစ်ခု စောင့်ကြိုနေသည်ကိုမူ လုံးဝသတိမထားမိကြပေ။
ထူထပ်သော ချုံနွယ်ပိတ်ပေါင်းများအောက်တွင် လူတစ်စုနှင့် မြင်းအချို့မှာ ချောင်းမြောင်းပုန်းကွယ်နေကြသည်။ သူတို့မှာ မုဆိုးစစ်သည်ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး ဤနေရာ၌ စောင့်ဆိုင်းနေကြသည်မှာ အတန်ကြာပြီဖြစ်သည်။ ထိုသူများအနက်မှ တစ်ယောက်မှာ ကောင်းကင်ကို မော့ကြည့်ကာ မတ်တပ်ရပ်လိုက်သည်။ ထိုသူမှာ ချီဖန်းဖေးပင်။
"ဆေးဆရာမချီ... ကျွန်တော်ပြောတာ မှန်တယ်မလား။ စီးအန်းဆေးခန်းကလူတွေ အပြင်မှာ ဆေးဖက်ဝင်အပင်တွေကို တိတ်တဆိတ် စိုက်ပျိုးနေကြတာ အမှန်ပဲ။ ကျွန်တော် စုံစမ်းကြည့်ပြီးပြီ။ ဟိုးတောင်ပေါ်ကရွာနာမည်က ကျိုးချူရွာတဲ့။ လွန်ခဲ့တဲ့ လအနည်းငယ်က လူစိမ်းအချို့က ဆေးပင်အစေ့အဆန်တွေ ယူလာပြီး ရွာသူကြီးကို ပိုက်ဆံအမြောက်အမြားပေးပြီးတော့ ဒီဆေးပင်တွေကို ကူညီစိုက်ခိုင်းခဲ့တာ"
ချန်းစီဟိုင်က ပြောလိုက်သည်။
လွန်ခဲ့သောတစ်ခေါက်က ယွင်ရှန်း၏ ပညာပေးခြင်းကို ခံရပြီး အရပ်လေးမျက်နှာ လှည့်လည်ကုသခွင့် လက်မှတ်ကို သိမ်းဆည်းခံလိုက်ရကတည်းက ဤလူမှာ အလုပ်လက်မဲ့ ဖြစ်နေခဲ့သူဖြစ်သည်။ ဆေးဆရာအဖြစ် ဆက်လက်လုပ်ကိုင်ခွင့် မရတော့သဖြင့် ဟိုဟိုဒီဒီ လှည့်လည်သွားလာနေရင်း နောက်ဆုံးတွင်မူ မုဆိုးအဖွဲ့တစ်ခု၌ လိုင်စင်မဲ့ဆေးဆရာအဖြစ် ကပ်နေရသူ ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူသည် မုဆိုးအဖွဲ့နှင့်အတူ အပြင်ထွက်ရင်း ကျိုးချူရွာမှ ရွာသားတစ်ဦးနှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံတွေ့ခဲ့သည်။ စုံစမ်းကြည့်ရာမှ ကျိုးချူရွာ၌ ဆေးပင်များ စိုက်ပျိုးနေခြင်းမှာ ယွီကျင်းမြို့မှ စီးအန်း ဆေးခန်းကြောင့်ဖြစ်ကြောင်း သိလိုက်ရခြင်းပင်။ ဤသတင်းကို ရရချင်းပင် ချန်းစီဟိုင်မှာ ရတနာတစ်ခုကို ရရှိလိုက်သကဲ့သို့ အလွန်ပင် တန်ဖိုးထားကာ ဆေးဧကရာဇ်ခန်းမရှိ ချီဖန်းဖေးထံသို့ အပြေးအလွှား လာရောက် သတင်းပေးခဲ့ခြင်းပင်။