← Chapters

နိုင်ငံခြားရေးဝန်ကြီး

Vol. 5 Ch. 476

နိုင်ငံခြားရေးဝန်ကြီး

Vol. 5 Ch. 476

အသံနှင့်အတူ အနက်ရောင် ဝတ်ဆင်ထားသည့် လူတစ်ယောက် ပေါ်ထွက်လာလေသည်။

ထိုသူသည် အနက်ရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး မျက်လုံးတစ်ခုသာလျှင် ဖော်ထားလေသည်။

ထျန်းယီ အကြီးအကဲသည် အေးချမ်းသည့် မျက်ဝန်းတစ်စုံဖြင့် ထိုသူကို စိုက်ကြည့် လိုက်သည်။

တိချိုးတွင် ထျန်းယီ အကြီးအကဲကို မျက်ဝန်းချင်း ဆုံကြည့်ရလောက်အောင် သတ္တိရှိသည့်သူ မည်သူမျှ မရှိပေ။ သို့သော် အနက်ရောင်ဝတ် လူကတော့ ထျန်းယီအကြီးအကဲနှင့် မျက်ဝန်းချင်းဆိုင်ရဲသူ ဖြစ်လေသည်။

ထိုအနက်ရောင်ဝတ် လူသည် ရှားထိုက် အကျဉ်းထောင်၏ ထောင်စောင့် ဖြစ်လေသည်။ ထိုသူမဟုတ်ဘဲ အခြားအစောင့်များသာ ထျန်းယီ အကြီးအကဲကို စောင့်မည်ဆိုပါက စိတ်မထိန်းနိုင်ကြဘဲ လွှတ်ပေးကြမည် ဖြစ်လေသည်။

ထျန်းယီ အကြီးအကဲက ပြုံးလိုက်လေသည်။ သူ၏နှုတ်ခမ်းများက တွန့်ကွေးသွားပြီး သူပြုံးလိုက်သည့် အပြုံးမှာ အလွန် လှပလေသည်။ မြင်ရသူတိုင်း၏ စိတ်နှလုံးကို အေးချမ်းစေသည့် နွေဦး လေပြေလေး အလားပင် ဖြစ်လေသည်။

"ကျုပ်က တာ့ရှားဧကရာဇ်ရဲ့ လက်အောက်ကလူပါ၊ ဒါကြောင့် ကျုပ်ထွက်ပြေးမှာ မဟုတ်ဘူး၊ ကျုပ်သာ ထွက်ပြေးချင်တယ် ဆိုရင် ဒီရှားထိုက် အကျဉ်းထောင်ဟာ ကျုပ်ကို ဖမ်းချုပ်ထားနိုင်မှာ မဟုတ်ဘူး"

ထျန်းယီအကြီးအကဲက စကားပြောရင်းဖြင့်ပင် နူးညံ့သည့် အကြည့်တစ်ချက်ဖြင့် အကျဉ်းထောင် ပတ်ဝန်းကျင်ကို တစ်ချက် ဝေ့ကြည့် လိုက်လေသည်။ သူတစ်ချက် ဝေ့ကြည့် လိုက်သည်နှင့် မီးလျှံတံတိုင်းထက်တွင် တောက်လောင်နေသည့် မီးတောက်များမှာ ချက်ချင်းပင် ငြိမ်းသွားတော့သည်။

အနက်ရောင်ဝတ်ရုံကို ဝတ်ဆင် ထားသည့်လူမှာ အံ့သြတုန်လှုပ် သွားရလေသည်။ သူက ချက်ချင်းပင် ထူးဆန်းသည့် ဂါထာတစ်ပုဒ်ကို ရွတ်ဆို လိုက်လေသည်။ ထိုအခါ အနက်ရောင် လေပွေရှစ်ခုသည် အကျဉ်းထောင် အတွင်းသို့ ဝင်ရောက်လာပြီး ထျန်းယီ အကြီးအကဲကို ကြိုးဖြင့် ချည်နှောင်သကဲ့သို့ ချည်နှောင် ထားလိုက်တော့သည်။

ထျန်းယီအကြီးအကဲက ခုခံကာကွယ်ခြင်း မရှိပါ။

နေရောင်ခြည် မီးတောက်များမှာ ပြန်လည် တောက်လောင် လာသည့်တိုင် အနက်ရောင်ဝတ် လူသည် ထျန်းယီအကြီးအကဲကို တားဆီနိုင်ခြင်း မရှိကြောင်း သဘောပေါက် သွားလေသည်။

သို့သော် ထျန်းယီအကြီးအကဲ ထွက်ပြေး လွတ်မြောက်သွားလျှင် တာ့ရှားဧကရာဇ်မှာ ဒေါသအကြီးအကျယ် ထွက်မည်ဖြစ်ပြီး တိချိုးမြို့တော်မှ မင်းမျိုးမင်းနွယ်များ အားလုံး၏ စွမ်းအားများကို စုစည်းကာ ထျန်းယီ အကြီးအကဲကို ပြန်လည် ဖမ်းဆီးမည်ပဲ ဖြစ်လေသည်။ ထိုအခါ ထျန်းယီ အကြီးအကဲသည် မည်မျှပင် စွမ်းအား ကြီးမားပါစေ လွတ်လမ်းရှိတော့မည် မဟုတ်ပေ။

ထျန်းယီအကြီးအကဲက စကား ဆက်မပြောတော့ဘဲ မျက်လုံး မှိတ်ထားလိုက်လေသည်။ သူက မျက်လုံး မှိတ်ထားရင်းမှ အေးချမ်းစွာ တစ်ချက် ပြုံးလိုက်မိသည်။

"တာ့ရှားပြည်ဟာ လူတိုင်းကို သူ့လက်အောက်ခံဖြစ်အောင် သိမ်းသွင်းဖို့ဆိုတာ ဘယ်နည်းနဲ့မှာ မဖြစ်နိုင်ဘူး၊ အခုတော့ ထူးဆန်းတဲ့ လူတစ်ယောက်က တိချိုးကို ရောက်လာခဲ့ပြီ၊ ကွမ်းလုန်ကျီ ပြောခဲ့သလိုပဲ ယင်းလုန်နဂါးကြီးလည်း ထွက်ပေါ်လာခဲ့ပြီ၊ ဒီအတိုင်းဆို အဲဒီလူဟာ တိချိုးက ထွက်သွားတာနဲ့ ယင်းစန်းကို သွားလိမ့်မယ်၊ ကွမ်းလုန်ကျီ ကြိုတင်ခန့်မှန်းချက်တွေ အကုန်လုံး အမှန်ဖြစ်လာတော့မှာပဲ"

တာ့ရှားပြည်ကြီးက အင်အားကြီးမားသလို တိချိုးမြို့တော်ကြီးကလည်း ကျယ်ပြန့် လေသည်။ စီးဆင်းနေသည့် မြစ်ချောင်း အင်းအိုင်များမှာလည်း ဝိညာဉ် စွမ်းအားများက မြင့်မားလွန်းသည်။ ထိုမြစ်ချောင်း အင်းအိုငများထဲတွင် ရေစိမ်နေလျှင်ပင် သာမန် လူတစ်ယောက်သည် တန်ခိုးစွမ်းအားများ မြင့်မားလာနိုင်လေသည်။

သို့သော် တာ့ရှားပြည်သည် တိုင်းပြည်တစ်ပြည်နှင့် မတူဘဲ ပဟေဠိဆန်သည့် နေရာတစ်ခုနှင့် တူနေသည်ဟု ဆန်းလျန်ကတော့ ခံစားနေမိလေသည်။ ဆန်းလျန်သည် ထိုအခြေအနေကြီးကို သဘောမကျ ဖြစ်နေမိလေသည်။

ထို့ပြင် တာ့ရှားပြည်မှ သာမန်စစ်သည်များထံမှ ထွက်ပေါ်နေသည့် တန်ခိုးစွမ်းအား သည်ပင်လျှင် လျိုမုန့်တယ်နီးပါး တန်ခိုးစွမ်းအား မြင့်မားနေလေသည်။

ဤသည်ကို ကြည့်ခြင်းအားဖြင့် တာ့ရှားအင်ပါယာ စစ်တပ်မှာ မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို သိရှိနိုင်ပြီး တာ့ရှားဧကရာဇ်သည် လောက နတ်ဘုရားများကိုပင် ထိန်းချုပ် ထားသည် ဆိုသည့်အချက်ကို ဆန်းလျန် အံ့သြမနေတော့ပါ။

တာ့ရှားပြည်၏ ဂုဏ်သတင်း ကြီးမားမှုကြောင့် ထောင်နှင့်ချီသည့် တိုင်းပြည်များသည် တာ့ရှားပြည် လက်အောက်သို့ ခိုဝင်ကြလေသည်။ ထို့ကြောင့် နိုင်ငံခြားရေး ဝန်ကြီးသည် တစ်နှစ်ပတ်လုံး အလုပ်များလျက် ရှိလေသည်။

ထို့ကြောင့် နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံနိုင်ရန်မှာ လွယ်ကူသည့် ကိစ္စတော့မဟုတ်ပေ။

ဧည့်ကြိုအရာရှိ၏ အမည်မှာ လေ့နော် ဟူ၍ ဖြစ်လေသည်။ သူသည် စွမ်းအားကြီးမားသည့် တော်ဝင်မိသားစု ဆယ့်နှစ်ခုဖြစ်သည့် ယိုဟူအိမ်တော်မှ မိသားစုဝင် ဖြစ်လေသည်။ သူ၏ဇနီးဖြစ်သူမှာ တာ့ရှား ဧကရာဇ်၏ ညီမဖြစ်သူ စစ်ကျန်းမင်းသမီး ဖြစ်လေသည်။

လွန်ခဲ့သော ရက်အနည်းငယ်ခန့် ကတည်းက နိုင်ငံခြားရေးဝန်ကြီး လေ့နော်၏ ဘဝသည် ငြိမ်းချမ်းခြင်း မရှိတော့ပေ။

အဘယ်ကြောင့်ဆိုသော် ယင်းလုန်နဂါးကြီး ရုတ်တရက် ထွက်ပေါ်လာသောကြောင့် ဖြစ်လေသည်။ ယင်းလုန်နဂါးကြီး ထွက်ပေါ် လာကတည်းက တာ့ရှားဧကရာဇ်က စုံစမ်း စစ်ဆေးမှုများကို စတင်ပြုလုပ်နေပြီ ဖြစ်လေသည်။ တာ့ရှားပြည်မှ မဟုတ်သည့် ထူးခြားသည့် လူတစ်ယောက် ရောက်ရှိနေသည်ကို ဧကရာဇ်က သတိထားမိနေပြီး ထိုသူကို ရှာဖွေရန် အတွက် နိုင်ငံခြားရေး ဝန်ကြီးကို တာဝန်ပေးအပ်ထားလေသည်။

တာ့ရှားဧကရာဇ်သည် ထိုသို့ တန်ခိုးစွမ်းအား ကြီးသူများ တိချိုးမြို့တော်သို့ ရောက်ရှိ လာပါက အမြဲတမ်း အလွတ်မပေးဘဲ စောင့်ကြည့် နေတတ်သူ ဖြစ်လေသည်။

နိုင်ငံခြားရေး ဝန်ကြီးလေ့နော်သည် တာ့ရှားပြည်သို့ လွန်ခဲ့သည့် ငါးရက်က ဝင်ရောက် လာသည့် တိုင်းတစ်ပါးမှ လူများကို တစ်ယောက်မကျန် စစ်ဆေး နေလေသည်။ ယင်းလုန်နဂါးကြီး ထွက်ပေါ်လာသည် အထိ တန်ခိုးစွမ်းအား မြင့်မားသူမှာ မည်သူဖြစ်သည်ကို သူကိုယ်တိုင်လည်း အလွန်အမင်း သိချင်နေပြီ ဖြစ်လေသည်။

သို့သော် သူကြိုးပမ်းသမျှ အရာမထင်ခဲ့ပေ။

လေ့နော်သည် စိတ်ပျက်လက်ပျက်ဖြင့် အိမ်တော်သို့ ပြန်လာလေသည်။ ဧကရာဇ်မင်း အမျက်မရှရန် အတွက် တောင်းပန်ပေးရန် သူ၏ဇနီးဖြစ်သူကိုသာ အကူအညီ တောင်းရတော့မည်ဟု စဉ်းစား နေမိလေသည်။ သူ၏စိတ် အခြေအနေ မကောင်းမှုကြောင့် သံအမတ်များနှင့်လည်း တွေ့ဆုံနိုင်ခြင်း မရှိတော့ပေ။

သို့သော် အိမ်တော် အတွင်းသို့ မဝင်မီမှာပင် လေ့နော်၏  ခြေလှမ်းများ ရပ်တန့်သွားသည်။

သူ၏ အိမ်တော်အရှေ့တွင် နှစ်ပေါင်းထောင်ချီ ကြာနေပြီ ဖြစ်သည့် နှစ်ရှည် သစ်ပင်ကြီးတစ်ပင် ရှိလေသည်။ ဒဏ္ဍာရီများအရ ဆိုလျှင်တော့ ထိုသစ်ပင်ကြီး ထက်တွင် တစ်ချိန်က ဇာမဏီ ငှက်တစ်ကောင် လာနားဖူးသည်ဟု အဆိုရှိလေသည်။ သို့သော် ထိုသစ်ပင်ကြီးကို ခုတ်မပစ်ရသည့် အကြောင်းရင်းမှာ ထိုအကြောင်းကြောင့်တော့ဖြင့် မဟုတ်ပေ။

သူ့အနေဖြင့် ဇာမဏီ ငှက်လောက်ကို ခေါင်းထဲသို့ မထည့်ပေ။ သူလိုချင်လျှင် နန်းတော်ထဲတွင် ကြိုက်သည့် ဇာမဏီငှက်ကို သွားဖမ်း၍ရလေသည်။

သူ ထိုသစ်ပင်ကြီးကို ခုတ်မပစ်ရသည့် အကြောင်းရင်းမှာ ရွှမ်ကျန်းကျောင်းတော်မှ တာအိုဆရာ တစ်ပါးက ထိုသစ်ပင်ကြီးမှာ သူတော်စင် သစ်ပင်ဖြစ်ကြောင်း ပြောပြ ထားသောကြောင့် ဖြစ်လေသည်။ ထိုသစ်ပင်ကြီးရှိနေ သရွေ့ သူ့အနေဖြင့် ဘေးဆိုးအန္တရာယ် မကျရောက်ဘဲ ကံကောင်းခြင်းများကိုသာ ကြုံတွေ့ရမည် ဖြစ်လေသည်။

ယခုတော့ လူငယ်လေး တစ်ယောက်သည် ထိုသစ်ပင်ကြီးအောက်တွင် ထိုင်နေလေသည်။ သူထိုင်နေသည်မှာ       အတော်ပင် ကြာမြင့် နေပုံရလေသည်။ အရာရှိ မင်းလေ့နော်က လူငယ် တစ်ယောက် သူ၏ အိမ်တော်ရှေ့ရှိ သစ်ပင် အောက်တွင် ထိုင်နေသည့် အတွက် စိတ်အနှောင့်အယှက်တော့ မဖြစ်မိပါ။

သို့သော်… သူသေသေချာချာ ပြန်စဉ်းစား ကြည့်လိုက်တော့ ထိုသစ်ပင်အောက်တွင် ထိုလူငယ်လေး ထိုင်နေသည်မှာ ငါးရက်ခန့်ရှိပြီ ဖြစ်လေသည်။

သူ့အိမ်သို့ လာရောက် တွေ့ဆုံသည့် ဧည့်သည်များမှာ လာလိုက်သွားလိုက်နှင့် အလွန် များပြားသည့်တိုင် ထိုလူငယ်လေးကတော့ ထိုသစ်ပင်အောက်တွင် ထိုင်နေမြဲသာ ဖြစ်လေသည်။

"အဲဒီကလေးကို အိမ်တော်ထဲ ခေါ်ခဲ့၊ သူ့ကိုမေးစရာရှိတယ်"

အရာရှိလေ့နော် ကိုယ်ရံတော် တစ်ယောက်ကို အမိန့်ပေးလိုက်လေသည်။

လေ့နော်က လူငယ်လေးမှာ ထူးခြားသူ တစ်ယောက် ဖြစ်ပြီး လူငယ်လေး၏ ပတ်ဝန်းကျင်ရှိလေထုမှာ တည်ငြိမ် အေးချမ်းနေသည်ကို သတိပြုမိလေသည်။ ထို့ကြောင့် သူ၏ အိမ်တော်အတွင်းသို့ ဖိတ်ခေါ်လိုက်ခြင်း ဖြစ်သည်။

လေ့နော်၏ ကိုယ်ရံတော် တပ်သားတစ်ယောက်သည် ဆန်းလျန်ဆီသို့ သွားလိုက်ပြီး အိမ်တော် အတွင်းသို့ ဖိတ်ကြား လိုက်လေသည်။

အရာရှိမင်း ကိုယ်တိုင် ဖိတ်ကြားခြင်းခံရသည့် အတွက် ဆန်းလျန်ကို အလွန်ကံကောင်းသည့် ကောင်လေးပဲဟု ကိုယ်ရံတော်က တွေးနေမိလေသည်။ အချို့လူများဆိုလျှင် တစ်လ ကိုးသီတင်း စောင့်နေရသည့် တိုင်အောင် လေ့နော်အရာရှိနှင့် တွေ့ခွင့် မရခဲ့ကြပေ။ ဆန်းလျန်ကတော့ သစ်ပင်အောက်တွင် ထိုင်နေရုံမျှဖြင့်ပင် အရာရှိမင်း၏ ဖိတ်ကြားခြင်းကို ခံရလေသည်။

ကိုယ်ရံတော်က ပြုံးလိုက်ရင်း…

"မင်းတော်တော်ကံကောင်းတာပဲ…"

ဆန်းလျန်က ကိုယ်ရံတော်ကို ပြန်ပြုံးပြလိုက်ရင်း…

"ကျွန်တော်က အမြဲတမ်း ကံကောင်းနေတဲ့သူပဲ…"

ကိုယ်ရံတော်မှာ သူ့ကိုယ်သူ အထင်ကြီးနေပုံရသည့် ဆန်းလျန်၏ စကားကြောင့် အနည်းငယ် ချဉ်သွားလေသည်။

"အဲဒါဆို ထပ်ပြီး ကံကောင်းအောင်သာ ဆုတောင်းပေတော့၊ အရာရှိမင်းက စိတ်သိပ်မကြည်ဘူး၊ ကံမကောင်းရင်တော့ အိမ်တော်ထဲက လမ်းလျှောက်ပြီး ပြန်ထွက်သွား နိုင်မှာတောင် မဟုတ်ဘူးနော်"

ဆန်းလျန်က ကိုယ်ရံတော်ကို တည်ငြိမ်သည့် အကြည့်တစ်ချက်ဖြင့် စိုက်ကြည့် လိုက်လေသည်။ သူ၏ နက်ရှိုင်းသည့် အကြည့်ကြောင့် ကိုယ်ရံတော်မှာ စိတ်မသက်မသာ ခံစားလိုက်ရလေသည်။

"မင်း ဘာလို့ ငါ့ကိုကြည့်နေတာလဲ"

"မင်းတော့ ကံဆိုးတော့မှာပဲ"

ဆန်းလျန်က ပြန်ပြောလိုက်သည်။

ကိုယ်ရံတော်က ဆန်းလျန်၏ စကားကို ပြန်လည်ချေပရန် ပါးစပ်ဟလိုက်သည့် အချိန်မှာပင် အဝါရောင် အရည်များ သူ၏ပါးစပ် အတွင်းသို့ ဝင်ရောက် လာလေသည်။ သစ်ပင်ထက်မှ ငှက်ချေးများ ပါချလိုက်ခြင်း ပင် ဖြစ်လေသည်။

ကိုယ်ရံတော်အနေဖြင့် ငှက်ချေး ပါချသည်လောက်ကို ကောင်းကောင်း ရှောင်နိုင်လေသည်။ သို့သော် ယခုတစ်ကြိမ် တွင်တော့ မည်သို့ဖြစ်သည် မသိ။ လုံးဝ သတိမထားလိုက်မိဘဲ ခံလိုက်ရခြင်း ဖြစ်လေသည်။ သူက သစ်ပင်ပေါ်ကို မော့ကြည့်လိုက်တော့ သစ်ပင်ထက်တွင် ထိုင်နေသည့် ကျားနက်ကြီး တစ်ကောင်ကို တွေ့လိုက်ရလေ သည်။

ကျားနက်ကြီးသည် သစ်ပင်ထက်သို့ မည်သည့် အချိန်ကတည်းက တက်နေသည်လဲ သူမသိရှိခဲ့ပေ။ ထူးဆန်းလွန်း ပေစွ။

***

All Chapters