← Chapters

အခန်း (၃၇၂)

Vol. 38 Ch. 372

အခန်း (၃၇၂)

Vol. 38 Ch. 372

လုချွမ်းသည် အရာရာကို သေချာစဉ်းစားဆုံးဖြတ်ပြီးသွားသောအခါ စိတ်ထဲတွင် ဝန်ထုပ်ဝန်ပိုးကြီး ကျသွားသကဲ့သို့ ခံစားလိုက်ရပြီး ချီချီလေး၏ ခေါင်းကို ကြင်နာယုယစွာ ပုတ်ပေးရင်း ပြုံးပြလိုက်သည်။

ထို့နောက် လုချွမ်းသည် စက္ကူပေါ်တွင် အလျင်အမြန် ရေးသားလိုက်သည်။

"ချီချီလေး ပြောတာ မှန်တယ်။ ဖေဖေ ကတိပေးတယ် အခုကစပြီး ငါတို့တွေ ထပ်ပြီး ပုန်းမနေတော့ဘူး။

အရင်တုန်းက ခြံထဲမှာ နေခဲ့သလိုမျိုးပဲ ငါတို့တွေ ဒီမှာပဲ အခြေချပြီး ထာဝရ နေသွားကြမယ်"

"တကယ်လား ဝမ်းသာလိုက်တာ နောက်ဆို သမီးတို့တွေ တစ်နေရာပြီးတစ်နေရာ ထပ်ရွှေ့နေစရာ မလိုတော့ဘူးပေါ့။ ဖေဖေက အကောင်းဆုံးပဲ ဟားဟား... "

ဤစကားကို ကြားလိုက်ရသောအခါ ကျိရုရွှယ်သည် အလွန်အံ့အားသင့်သွားဟန်ဆောင်ကာ ပျော်လွန်း၍ ခုန်ပေါက်မတတ် ဖြစ်သွားတော့သည်။ သူမ၏ မျက်နှာထက်တွင် တောက်ပသော အပြုံးများ ပေါ်လာပြီး ငွေခေါင်းလောင်းသံလေးကဲ့သို့ တဟားဟား ရယ်မောလိုက်တော့သည်။

လုချွမ်းသည် ပျော်ရွှင်နေသော ချီချီလေးကို ကြည့်ရင်း ပြုံးနေသော်လည်း ရင်ထဲတွင်မူ နာကျင်မှုကို ခံစားလိုက်ရသည်။

ဒီမှာပဲ နေထိုင်ဖို့ ဆုံးဖြတ်လိုက်တာလေးက ချီချီလေးကို ဒီလောက်အထိ ပျော်ရွှင်သွားစေလိမ့်မယ်ဟု သူ မထင်မှတ်ထားခဲ့ပေ။

သူနှင့်အတူ နေရာအနှံ့ လိုက်ပါနေခဲ့ရသည့် ဤကာလအတောအတွင်း ချီချီလေးအတွက် အမှန်တကယ်ပင် ပင်ပန်းခက်ခဲခဲ့ပုံပင်။

စဉ်းစားကြည့်လျှင် ချီချီလေးမှာ အလွန်ငယ်ရွယ်သေးသော်လည်း သူနှင့်အတူ ဤမျှကြာအောင် ခရီးကြမ်းနှင်ခဲ့ရသည်။

ထိုသို့ဖြစ်လင့်ကစား ဤကလေးငယ်မှာ သူ့ကို တစ်ခွန်းတစ်လေမျှ ငြိုငြင်ခြင်းမရှိဘဲ တိတ်ဆိတ်စွာ သည်းခံခဲ့သည်။ သူမသည် အမှန်တကယ်ပင် သိတတ်လွန်းလှသည်။

ယခုအချိန်တွင် လုချွမ်းသည် နောင်လာမည့်နေ့ရက်များ၌ ချီချီလေးကို မင်းသမီးလေးတစ်ပါးကဲ့သို့ ထားမည်ဖြစ်ပြီး မည်သည့်အန္တရာယ်မှ မကျရောက်အောင် ကာကွယ်ပေးမည်ဟု အခိုင်အမာ ဆုံးဖြတ်ချက်ချလိုက်သည်။

သူမအနေဖြင့် နောက်ထပ် ခရီးတိုခရီးရှည်များ အမြဲတမ်းသွားနေစရာ မလိုတော့ဘဲ ပျော်ရွှင်စွာ ကြီးပြင်းလာနိုင်ပေတော့မည်။

"ချီချီလေး... ဖေဖေ လုပ်စရာလေးတွေ ရှိသေးလို့ ကားထဲမှာပဲ လိမ်လိမ်မာမာနေခဲ့နော် ဟုတ်ပြီလား"

လုချွမ်းက ကျိရုရွှယ်အတွက် စက္ကူပေါ်တွင် ထပ်မံရေးသားလိုက်သည်။

မြို့တော်စခန်းတစ်ခုလုံးသည် ယခုအချိန်တွင် ရုန်းရင်းဆန်ခတ် ဖြစ်နေပြီဖြစ်ရာ လုချွမ်းအနေဖြင့် ကိုယ်တိုင်ဝင်ရောက်ပြီး အခြေအနေကို ထိန်းသိမ်းရန် အချိန်တန်ပြီဖြစ်သည်။

"ဟုတ်ကဲ့ပါ ဖေဖေ။ ချီချီ လိမ်မာပါ့မယ် စိတ်ချပါ"

စက္ကူပေါ်က စာသားများကို မြင်လိုက်ရသောအခါ ကျိရုရွှယ်က ပျော်ရွှင်စွာ ပြုံးပြရင်း အလေးအနက် ခေါင်းညိတ်ပြလိုက်သည်။

၎င်းကို ကြားရသောအခါ လုချွမ်းသည် ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။

ချီချီလေးမှာ ဤသို့ပင် လိမ္မာပါးနပ်လှသဖြင့် သူ စိုးရိမ်စရာ မလိုပေ။

မဟုတ်ပါက အတွေ့အကြုံမရှိသော ဖခင်တစ်ဦးအနေဖြင့် ချီချီလေးကို ပြုစုပျိုးထောင်ရန်မှာ အလွန်ပင် ခက်ခဲပေလိမ့်မည်။

ထို့နောက် လုချွမ်းသည် သူ၏ အသိစိတ်အာရုံကို ဇွန်ဘီရုပ်သေးများအတွင်းသို့ တစ်ခုပြီးတစ်ခု နှစ်ဝင်စေကာ ၎င်းတို့ကို တစ်ခုနှင့်တစ်ခု ဆက်သွယ်ပေးလိုက်ပြီး လီမြစ်မြို့တော်စခန်းကို သိမ်းပိုက်စိုးမိုးရန် စတင်စေခိုင်းလိုက်တော့သည်။

သူသည် ဤမြို့တော်ကို အနာဂတ်အတွက် သူ၏ ခိုင်မာသော အခြေစိုက်စခန်းတစ်ခုအဖြစ် အသုံးချရန် စီစဉ်ထားပြီးဖြစ်ရာ မြို့ထဲတွင် ပုန်းအောင်းနေဆဲဖြစ်သော လူများကို ရှင်းလင်းပစ်ရန် လိုအပ်နေသည်။

ဘာပဲဖြစ်ဖြစ် ဤလူများသည် အတွင်းမြို့၏ အနေအထားကို ကျွမ်းကျင်ကြသူများဖြစ်ရာ သူ၏ လျှို့ဝှက်ချက်များကို ရှာဖွေတွေ့ရှိသွားနိုင်သည့် အလားအလာရှိသော အန္တရာယ်များ ဖြစ်ကြသည်။

၎င်းတို့မှာ သူတို့အိမ်ထဲ၌ ကြောက်လန့်တကြား ပုန်းအောင်းနေသော သာမန်လူများဖြစ်စေ အာဏာပိုင်များ သို့မဟုတ် ဆင့်ကဲပြောင်းလဲသူများအဖြစ် တိတ်တဆိတ် ဆူပူသောင်းကျန်းရန် ကြိုးပမ်းနေသူများဖြစ်စေ...

လုချွမ်းအတွက်မူ ဤလူအားလုံးမှာ ချက်ချင်း ဖယ်ရှားပစ်ရမည့် ပစ်မှတ်များသာ ဖြစ်ကြသည်။

နောက်တစ်ခဏတွင် လုချွမ်းက စိတ်အာရုံဖြင့် အမိန့်ပေးလိုက်သည်နှင့် သူ၏ ဇွန်ဘီများက စတင်လှုပ်ရှားကြတော့သည်။

ဇွန်ဘီရေလှိုင်းကြီးသည် အရပ်မျက်နှာအသီးသီးသို့ ပျံ့နှံ့သွားပြီး အဆောက်အအုံများကို တစ်ခုပြီးတစ်ခု ဝင်ရောက်ရှာဖွေကြတော့သည်။

ဒုန်း...

အတွင်းဘက်မှ ပိတ်ထားသော တံခါးအချို့မှာ ဇွန်ဘီများ၏ အရှိန်ဖြင့် တွန်းဖွင့်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းကို ခံလိုက်ရတော့သည်။

"အား... "

ရုတ်တရက်ဆိုသလိုပင် ထိတ်လန့်တုန်လှုပ်နေသော အော်ဟစ်သံများ ထွက်ပေါ်လာပြီး အတွင်းရှိ အသက်ရှင်ကျန်ရစ်သူများက ထောင့်စွန်းများတွင် ကပ်ကာ ထိန်းမနိုင်သိမ်းမရ တုန်ရင်နေကြတော့သည်။

လုချွမ်း၏ ထိန်းချုပ်မှုအောက်တွင် ဤအသက်ရှင်ကျန်ရစ်သူများကို ပြင်းပြင်းထန်ထန် တိုက်ခိုက်ခြင်းမျိုး မလုပ်ဘဲ ဇွန်ဘီများက သူတို့ကို အပြင်ဘက်သို့သာ ဆွဲထုတ်ပစ်လိုက်ကြသည်။

ဘုန်း... ဘုန်း...

ချက်ချင်းဆိုသလိုပင် လမ်းမများပေါ်၌ ခန္ဓာကိုယ်များ ကြမ်းပြင်နှင့် ရိုက်မိသံများနှင့် နာကျင်စွာ အော်ဟစ်သံများ ပဲ့တင်ထပ်သွားတော့သည်။

သာမန်လူတန်းစားများသည် နောက်ဆုံး၌ သတိပြန်ဝင်လာကြပြီး နေရာအနှံ့တွင် ဇွန်ဘီများကို မြင်လိုက်ရသောအခါ တံခါးဝဆီသို့ အသည်းအသန် တွားသွား၍ ပြေးလွှားကြတော့သည်။

သာမန်လူများနှင့် ယှဉ်လျှင် ပုန်းအောင်းရန် ကြိုးပမ်းနေသော ဆင့်ကဲပြောင်းလဲသူများမှာ ပို၍ အလုပ်ရှုပ်စေသည်။

ဇွန်ဘီများ အိမ်ထဲသို့ အတင်းတိုးဝင်လိုက်သည်နှင့် အတွင်းရှိ ဆင့်ကဲပြောင်းလဲသူများသည် လျှပ်စီးကဲ့သို့ မြန်ဆန်သော အရှိန်ဖြင့် ပြတင်းပေါက်များမှ ခုန်ထွက်ကာ လမ်းကြားများထဲသို့ ပျောက်ကွယ်သွားကြသည်။

၎င်းကို သတိပြုမိလိုက်သောအခါ လုချွမ်းသည် အရှိန်နှုန်း အထူးပြုထားသော လျှပ်စီး ၁ နှင့် ပျံသန်းသူ ၁ တို့ကို ထိုဆင့်ကဲပြောင်းလဲသူများကို ကိုင်တွယ်ရန် ချက်ချင်း စေလွှတ်လိုက်တော့သည်။

မကြာမီမှာပင် ဆင့်ကဲပြောင်းလဲသူတစ်ဦးသည် ထိုနည်းလမ်းဟောင်းအတိုင်း ထပ်မံကြိုးပမ်းလာခဲ့သည်။

ဝုန်း...

ဇွန်ဘီများ အိမ်ထဲသို့ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် အတွင်းရှိ ဆင့်ကဲပြောင်းလဲသူသည် ပြတင်းပေါက်ကို မှန်ကွဲသံအကျယ်ကြီးနှင့်အတူ တိုးထွက်လိုက်သည်။

"ဟင်း... ဒီအသုံးမကျတဲ့ ဇွန်ဘီတွေက ငါ့ကို ဖမ်းချင်သေးတာလား..."

အောင်မြင်စွာ ထွက်ပြေးနိုင်ခဲ့သော ဆင့်ကဲပြောင်းလဲသူသည် ကျေနပ်ဂုဏ်ယူသော အမူအရာဖြင့် အဝေးသို့ ထပ်မံခုန်ပျံထွက်ပြေးရန် ပြင်လိုက်သည်။

ရှုး... ရှုး... ရှုး...

ရုတ်တရက်ဆိုသလိုပင် လေထုကို ခွဲထွက်လာသော သိပ်သည်းရှည်လျားသည့် အသံတစ်သံသည် ထိုဆင့်ကဲပြောင်းလဲသူတုံ့ပြန်ရန် အချိန်မရခင်မှာပင် သူ့ထံသို့ စူးရှစွာ ဦးတည်လာတော့သည်။

အထက်ကောင်းကင်ယံမှ ပျံသန်းသူ ၁ သည် သူ၏ ကောင်းကင်ပျံ အကြေးခွံချပ်ဝတ်များကို ထုတ်လွှတ်လိုက်ရာ အနက်ရောင် ရေစီးကြောင်းကြီးတစ်ခုအလား ဆင့်ကဲပြောင်းလဲသူ၏ အပေါ်သို့ ဝုန်းကနဲ ကျရောက်လာတော့သည်။

"မကောင်းတော့ဘူး"

အခြေအနေကို နောက်ကျမှ သတိပြုမိလိုက်သော ဆင့်ကဲပြောင်းလဲသူသည် အပေါ်မှ အုပ်မိုးလာသော အမှောင်ထုကို ကြည့်ရင်း မျက်နှာပျက်သွားသော်လည်း ထွက်ပြေးရန် အချိန်မမီတော့ဘဲ မျှော်လင့်ချက်မဲ့သွားခဲ့ရသည်။

"အား…"

ရင်ကွဲမတတ် အော်ဟစ်သံတစ်သံသည် လီမြစ်မြို့တော်စခန်းအတွင်း ချက်ချင်းပင် ပဲ့တင်ထပ်သွားတော့သည်။

ဆင့်ကဲပြောင်းလဲသူ၏ ခန္ဓာကိုယ်မှာ ရုတ်တရက် တောင့်တင်းသွားပြီး မျက်လုံးများ ပြူးကျယ်လာကာ သူ၏ အဝတ်အစားများမှာလည်း သွေးစိုနေသော အပေါက်ပေါင်းများစွာ ဖြစ်သွားခဲ့သည်။ သူသည် ခန္ဓာကိုယ်အတွင်းမှ အင်အားများ လျင်မြန်စွာ ဆုတ်ယုတ်သွားပြီး အသိစိတ်များ ဝေဝါးလာသည်ကို ခံစားလိုက်ရသည်။

ဘုန်း….

နောက်တစ်ခဏတွင် ထိုဆင့်ကဲပြောင်းလဲသူသည် သွေးအိုင်ထဲသို့ လဲကျသွားပြီး မျက်လုံးထဲမှ အလင်းအစက်အပြောက်များ မှိန်ဖျော့သွားကာ အသက်မဲ့သွားခဲ့ပြီဖြစ်သည်။

အလားတူ မြင်ကွင်းမျိုးမှာ မြို့တော်စခန်း၏ နေရာအနှံ့အပြားတွင် ဖြစ်ပွားနေပြီး အဆင့်မြင့် ဇွန်ဘီရုပ်သေးများနှင့် ထိပ်တိုက်ဆုံမိသော ဆင့်ကဲပြောင်းလဲသူတိုင်းမှာ ချက်ချင်းပင် အသက်ပျောက်နေကြရသည်။

သာမန်ဇွန်ဘီများကို စိတ်ကြိုက်ကစားနိုင်ခဲ့သော ဤဆင့်ကဲပြောင်းလဲသူများသည် လုချွမ်း၏ ဇွန်ဘီရုပ်သေးများနှင့် ရင်ဆိုင်ရချိန်တွင်မူ ခုခံနိုင်စွမ်းမရှိသော သိုးငယ်လေးများကဲ့သို့ ဖြစ်နေကြတော့သည်။

တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်၌ သွေးညှီနံ့များ ထွက်ပေါ်နေသော အလောင်းများက လုချွမ်း၏ အာရုံကို ဖမ်းစားလိုက်ရာ သူသည် စစ်မြေပြင်ကို ရှင်းလင်းရန် ဇွန်ဘီရုပ်သေး အဖွဲ့တစ်ဖွဲ့ကို စေလွှတ်လိုက်သည်။

ဇွန်ဘီရုပ်သေးများက တိုက်ပွဲကြောင့် ဖြစ်ပေါ်လာသော အပေါက်များနှင့် အပျက်အစီးများကို အလျင်အမြန်ပင် ရှင်းလင်းလိုက်ကြသည်။

သွေးစွန်းနေသော မြေပြင်များကို ဆေးကြောသန့်စင်ပြီး မြေကျင်းများကို ပြန်လည်ဖို့ကာ အမှိုက်သရိုက်များကိုလည်း လှည်းကျင်းပစ်လိုက်သည်။

နာရီဝက်ခန့် ကြာပြီးနောက်တွင်မူ ယခင်က ကစဉ့်ကလျားဖြစ်ပြီး ဆူညံနေခဲ့သော လီမြစ်မြို့တော်စခန်းမှာ သပ်ရပ်ကာ စနစ်တကျ ရှိသွားခဲ့ပြီဖြစ်သည်။

ဆေးကြော၍မရနိုင်သော သွေးကွက်အချို့မှလွဲ၍ မြို့တော်မှာ အသစ်တစ်ဖန် ပြန်လည်ဆန်းသစ်လာသကဲ့သို့ ရှိနေပြီး ယခင်က ပျက်စီးယိုယွင်းခဲ့သော အရိပ်အယောင်များ မရှိတော့ပေ။

ပုံထားသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို စစ်သုံးကုန်တင်ကားတစ်စီးပေါ်သို့ တင်ဆောင်လိုက်ပြီး မြို့ပြင်သို့ သွားရောက်စွန့်ပစ်မည်ဖြစ်သည်။

လမ်းမတိုင်းတွင် ကင်းလှည့်နေသော ဇွန်ဘီတပ်ဖွဲ့များကို တွေ့ရပြီး တစ်ဖွဲ့လျှင် ၁၂ ကောင်စီ ပါဝင်ကာ ရိုင်ဖယ်သေနတ်များကို ကိုင်ဆောင်လျက် ပတ်ဝန်းကျင်ကို စူးစိုက်ကြည့်ရှုနေကြသည်။

လုချွမ်းသည် မြို့ရိုးထက်တွင် ရပ်နေရင်း သူ၏အောက်ခြေရှိ စနစ်တကျ ရှိနေသော ထောင်ပေါင်းများစွာသော ဇွန်ဘီများကို ကြည့်ကာ ဂုဏ်ယူဝင့်ကြွားမှုကို ခံစားလိုက်ရသည်။

ဒီနေ့ကစပြီး ဒီနေရာက ငါ့ရဲ့ ဇွန်ဘီအင်ပါယာစတင်မွေးဖွားရာ အရပ် ဖြစ်လာတော့မယ်။

All Chapters