← Chapters

အခန်း (၃၇၃)

Vol. 38 Ch. 373

အခန်း (၃၇၃)

Vol. 38 Ch. 373

အချိန်တွေက တရိပ်ရိပ်ကုန်ဆုံးသွားခဲ့ပြီး သုံးရက်တာကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ဤသုံးရက်အတွင်း လုချွမ်းသည် မြို့တော်စခန်းကို ပြန်လည်မွမ်းမံပြင်ဆင်ရန်အတွက် အလွန်အလုပ်ရှုပ်နေခဲ့ပြီး သူ၏ ဇွန်ဘီရုပ်သေးများကို အနားမယူစေဘဲ မြို့တော်တစ်ခုလုံးကို အကြီးအကျယ် ပြုပြင်ပြောင်းလဲရန် စီမံခန့်ခွဲနေခဲ့သည်။

ဘာပဲဖြစ်ဖြစ် လုချွမ်းသည် လီမြစ်မြို့တော်စခန်းကို သူ၏ အမာခံစခန်းအဖြစ် ရေရှည်အခြေချရန် ရည်ရွယ်ထားပြီး အချိန်အတော်ကြာသည်အထိ စွန့်ခွာသွားမည့်ပုံမပေါ်ပေ။

ဤမျှကျယ်ဝန်းလှသော နယ်မြေတစ်ခုကို အချိန်အတိုင်းအတာတစ်ခုအထိ အသုံးမပြုဘဲ စနစ်တကျဖြစ်အောင် စီစဉ်ရန်မှာ မဖြစ်နိုင်ပေ။

ယခုအချိန်တွင် ဇွန်ဘီရုပ်သေး အမြောက်အမြားမှာ မြို့တော်စခန်း၏ မြို့ရိုးများပေါ်၌ အလုပ်ရှုပ်နေကြပြီး မြို့ထဲမှရရှိသော မူလအဆောက်အအုံပစ္စည်းများကို အသုံးပြုနေကြသည်။ လုချွမ်းသည် မူလမြို့ရိုးများကို ပိုမိုမြင့်မားလာစေရန် သူ၏ ဇွန်ဘီရုပ်သေးများကို ညွှန်ကြားနေခြင်းပင်။

နောင်တွင် မြို့ရိုး၏အမြင့်မှာ သုံးမီတာမှ ခြောက်မီတာအထိ မြင့်တက်လာမည်ဖြစ်ပြီး အကျယ်မှာလည်း မူလ နှစ်မီတာမှ သုံးမီတာအထိ တိုးချဲ့သွားမည်ဖြစ်ရာ ပိုမိုမြင့်မားပြီး ကျယ်ဝန်းလာတော့မည်ဖြစ်သည်။

မြင့်မားလှသော မြို့ရိုးထက်တွင် ရိုင်ဖယ်သေနတ်များ ကိုင်ဆောင်ထားသည့် ဇွန်ဘီတပ်ဖွဲ့များသည် အပြန်အလှန် ကင်းလှည့်နေကြမည်ဖြစ်ရာ မြို့ပြင်မှ မဖိတ်ခေါ်ဘဲ ရောက်ရှိလာသော မည်သည့်ဧည့်သည်မဆို ဇွန်ဘီကင်းစောင့်များ၏ မျက်စိအောက်မှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။

မြို့အတွင်း၌မူ မူလနေထိုင်သူများ မရှိတော့သဖြင့် ဆူညံသံများနှင့် ကစဉ့်ကလျားဖြစ်မှုများ မရှိတော့ဘဲ အလွန်ပင် တိတ်ဆိတ်ငြိမ်သက်နေတော့သည်။

ယခုအချိန်တွင် သပ်ရပ်လှသော လမ်းမများပေါ်၌ အပြန်အလှန် ကင်းလှည့်နေသော ဇွန်ဘီတပ်ဖွဲ့များ၏ ခြေသံများမှလွဲ၍ အရာအားလုံးမှာ တိတ်ဆိတ်လျက်ရှိသည်။

မြို့တော်စခန်း၏ အရှေ့တောင်ဘက်အရပ်တွင်မူ လီမြစ်မြို့တော်စခန်း အာဏာပိုင်များက မူလက စိုက်ပျိုးထားခဲ့သော စိုက်ပျိုးရေးမြေကွက်ကြီးတစ်ခု ရှိနေပြီး သီးနှံမျိုးစုံ ဖြစ်ထွန်းနေသည်။

သို့သော်လည်း လယ်ကွင်းအများစုမှာ မြို့တော်စခန်းရှိ အသက်ရှင်ကျန်ရစ်သူများ၏ ဝမ်းရေးအတွက် ကောက်ပဲသီးနှံများကိုသာ စိုက်ပျိုးထားခြင်း ဖြစ်သည်။

အရာရှိကြီးများ၏ စားသောက်မှုလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက်မူ လယ်ကွင်းအနည်းငယ်တွင်သာ ဟင်းသီးဟင်းရွက်များနှင့် သစ်သီးပင်အချို့ကို ခပ်ကျဲကျဲစိုက်ပျိုးထားသည်။

ယခုအခါတွင်မူ ဇွန်ဘီအုပ်စုများသည် စိုက်ပျိုးရေးသုံး ကိရိယာများကို ကိုင်ဆောင်ကာ လယ်ကွင်းများမှ ကောက်ပဲသီးနှံအချို့ကို ရိတ်သိမ်းနေကြပြီး ၎င်းတို့ကို ဟင်းသီးဟင်းရွက် စိုက်ခင်းများအဖြစ်သို့ ပြောင်းလဲပစ်နေကြသည်။

ဤမြေကွက်ရှိနေခြင်းက ချီချီလေးအတွက် စားဝတ်နေရေးနှင့် ပတ်သက်၍ စိုးရိမ်စရာမလိုတော့ဘဲ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို စိတ်ကြိုက်စားသုံးနိုင်တော့မည်ဟု ဆိုလိုခြင်းပင်။

မွန်းတည့်ချိန် အတွင်းမြို့ ရှိ အခြားဗီလာ အိမ်ရာပေါင်း တစ်ဒါဇင်ကျော် ဝန်းရံထားသော ဗီလာတစ်ခုအတွင်း၌ ဖြစ်သည်။

ကျိရုရွှယ်သည် ခုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ မျက်လုံးများကို မှိတ်၍ အာရုံစူးစိုက်ထားပြီး အရပ်မျက်နှာအသီးသီးမှ စွမ်းအင်ဓာတ်များကို စုပ်ယူရန် သူမ၏ ကျင့်စဉ်ကို လည်ပတ်နေသည်။

ပတ်ဝန်းကျင်တွင် လွင့်မျောနေသော စွမ်းအင်ဓာတ်များသည် တစ်ပြိုင်နက်တည်း ဆင့်ခေါ်ခြင်း ခံလိုက်ရသည့်အလား ကျိရုရွှယ်၏ ခန္ဓာကိုယ်အတွင်းသို့ ရူးသွပ်စွာ တိုးဝင်လာကြတော့သည်။

ကျိရုရွှယ်၏ ကျင့်စဉ် လည်ပတ်မှုနှင့်အတူ အဆက်မပြတ် စီးဝင်လာသော ဤစွမ်းအင်

များသည် ဝိညာဉ်အနှစ်သာရများအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြီး သူမ၏ ခန္ဓာကိုယ်

အတွင်း၌ ဖြည်းညင်းစွာ လည်ပတ်နေသော ဝိညာဉ်ဆေးလုံးအတွင်းသို့ စုစည်းသွားကြသည်။

ခဏအကြာတွင် ကျိရုရွှယ်သည် သူမ၏ ကျင့်ကြံမှုကို ရပ်တန့်လိုက်ပြီး မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။

"အဆင့် ၅ ကို ရောက်ပြီးတဲ့နောက်မှာတော့ ပြင်ပစွမ်းအင်တွေကို စုပ်ယူတာသက်သက်နဲ့ ကျင့်ကြံရတာက ငါ့ရဲ့ တိုးတက်မှုနှုန်းကို နည်းနည်း နှေးကွေးသွားစေတာပဲ"

သူမ၏ ကျင့်ကြံမှုအဆင့် အပြောင်းအလဲကို သတိပြုမိရင်း ကျိရုရွှယ်သည် မတတ်သာသလို ခေါင်းခါယမ်းလိုက်မိသည်။

အကယ်၍ သူမတွင် သက်ဆိုင်ရာ မျိုးရိုးဗီဇဆင့်ကဲပြောင်းလဲမှု ဆေးရည်များသာ ရှိနေပါက သူမ၏ ကျင့်ကြံမှုအရှိန်မှာ သိသိသာသာ တိုးတက်လာမည်မှာ အသေအချာပင်။

သို့သော်လည်း လက်ရှိအခြေအနေအရ အဆင့်မြင့် မျိုးရိုးဗီဇဆေးရည်များကို ရရှိရန်မှာ မဖြစ်နိုင်သလောက် ဖြစ်နေသဖြင့် ကျိရုရွှယ်သည် ထိုအတွေးကို ဘေးဖယ်ထားလိုက်ရတော့သည်။

အချိန်ကို ကြည့်လိုက်ရာ နေ့လယ်စာ စားချိန်ရောက်နေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ကျိရုရွှယ်သည် ခုတင်ပေါ်မှ အမြန်ထကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

"ဖေဖေ... ထမင်းပြင်ပြီးပြီလားဟင်"

သူမ၏ဖခင်မှာ အပြင်တွင် အလုပ်ကိစ္စတစ်ခုခုဖြင့် ရောက်နေဟန်တူပြီး အိမ်ထဲတွင် မရှိသည်ကို တွေ့လိုက်ရသဖြင့် ကျိရုရွှယ်၏ အကြည့်မှာ ထမင်းစားပွဲပေါ်သို့ ရောက်သွားသည်။

စားပွဲပေါ်တွင် ပြင်ဆင်ထားပြီးသော ဟင်းလျာများကို သူမ တွေ့လိုက်ရသည်။

ကျိရုရွှယ်သည် စားပွဲဆီသို့ လျှောက်သွားကာ နေရာယူလိုက်သည်။ ဟင်းနှစ်ပွဲကို မြင်လိုက်ရသည်နှင့် သူမ၏ မျက်လုံးများမှာ ဝင်းပသွားတော့သည်။

တရုတ်နံနံနဲ့ အမဲသားကြော် ပြီးတော့ ဟင်းနုနွယ်သားလုံးဟင်းချို…

သူမ၏ စားချင်စိတ်မှာ ချက်ချင်းပင် နိုးကြားလာပြီး အားရပါးရ စတင်စားသောက်တော့သည်။

ပန်းကန်လုံးထဲရှိ ဟင်းချိုကို အမြန်သောက်ပြီးနောက် ကျိရုရွှယ်မှာ ဗိုက်ပြည့်သွားသဖြင့် ခဏနားနေလိုက်သည်။ သူမ၏ဖခင်မှာ အပြင်သို့ ထွက်သွားပုံရသည်ကိုလည်း သတိပြုမိလိုက်သည်။

ထို့နောက် ကျိရုရွှယ်သည် ဗီလာအတွင်းမှ ထွက်လာခဲ့ပြီး သူမ၏ စိတ်စွမ်းအင်ကို အသုံးပြုကာ ကောင်းကင်ယံသို့ ပျံတက်သွားခဲ့သည်။

"ဒါက ဇွန်ဘီဘုရင်တစ်ယောက်မှာ ရှိသင့်တဲ့ မြင်ကွင်းမျိုးပဲ"

အောက်ခြေရှိ အရာအားလုံးကို ငုံ့ကြည့်လိုက်ရာ လက်နက်အပြည့်အစုံဖြင့် ကင်းလှည့်နေသော ဇွန်ဘီအုပ်စုများနှင့် အဝေးမှ စိမ်းစိုလန်းဆန်းနေသော စိုက်ခင်းများကို မြင်လိုက်ရသဖြင့် ကျိရုရွှယ်မှာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် ပြုံးလိုက်မိသည်။

သန့်ရှင်းသပ်ရပ်သော နေအိမ်နှင့် စားမကုန်နိုင်အောင် ပေါများလှသော ဟင်းသီးဟင်းရွက် သစ်သီးဝလံများ...

ဤကဲ့သို့သော ဘဝမျိုးမှာ နေ့စဉ်နှင့်အမျှ ဒုက္ခအမျိုးမျိုး၏ ဒဏ်ကိုခံရင်း နေထိုင်ရသည်ထက် အဆပေါင်းများစွာ သက်သောင့်သက်သာရှိလှသည်။

အကယ်၍ ဖြစ်နိုင်မည်ဆိုပါက ကျိရုရွှယ်သည် သူမနှင့် သူမ၏ဖခင်အတွက် ဤကဲ့သို့သော ဘဝမျိုးတွင် ထာဝရ နေထိုင်သွားချင်မိသည်။

သို့သော်လည်း သူမနှင့် သူမ၏ဖခင်အတွက် တည်ငြိမ်သောဘဝကို ရရှိရန်မှာ အခွင့်အရေး အလွန်နည်းပါးကြောင်း သူမ သိထားသည်။

လီမြစ်မြို့တော်စခန်း၏ အဆင့်အတန်းမှာ မူလ လီမြစ်မြို့တော်ကြီး၏ အဆင့်အတန်းအတိုင်း ဆက်ခံထားခြင်းဖြစ်ပြီး ပြည်နယ်တစ်ခုတွင် လီမြစ်မြို့တော်စခန်းကဲ့သို့သော မြို့ကြီးများမှာ အနည်းငယ်သာ ရှိပေလိမ့်မည်။

ထို့ကြောင့် လီမြစ်မြို့တော်စခန်းသည် အာဏာပိုင်များအတွက် အလွန်အရေးပါလှသည်။ သို့မဟုတ်လျှင်လည်း မည်သည့်မြို့တော်စခန်းမဆို အာဏာပိုင်များအတွက် အရေးကြီးသည်မှာ အမှန်ပင်။

ယခုအခါ လီမြစ်မြို့တော်စခန်းမှာ ကျဆုံးသွားခဲ့ပြီဖြစ်ရာ လူသားအာဏာပိုင်များအနေဖြင့် ဤကိစ္စကို ဒီအတိုင်း လွှတ်ထားမည်မဟုတ်ပေ။

ဘာပဲဖြစ်ဖြစ် သူမ၏ဖခင်သည် လီမြစ်မြို့တော်စခန်းကို ထိပ်တိုက်ချိုးဖျက်ဝင်ရောက်ခဲ့ပြီး ဤနေရာတွင် အခြေချနေထိုင်လိုက်ခြင်းမှာ လူသားများကို တိုက်ရိုက်စစ်ကြေညာလိုက်ခြင်းနှင့် အတူတူပင်။

"အာဏာပိုင်တွေရဲ့ စစ်တပ်ကြီး ပြန်လာဖို့က သိပ်မကြာတော့ဘူးလို့ ငါထင်တယ်..."

ဤသို့ တွေးမိသည်နှင့် ကျိရုရွှယ်၏ မျက်နှာအမူအရာမှာ အနည်းငယ် တင်းမာသွားပြီး အရေးတကြီး လိုအပ်ချက်တစ်ခုကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။

စစ်တပ်ကြီး ရောက်ရှိလာချိန်တွင် ဖခင်ဖြစ်သူကို ကူညီနိုင်ရန်အတွက် သူမ၏ ကျင့်ကြံမှုအရှိန်ကို မဖြစ်မနေ မြှင့်တင်ရမည်ဟု သူမ ယူဆလိုက်သည်။

ခိုင်မာတောင့်တင်းသော စွမ်းအားရှိမှသာလျှင် လူသားအာဏာပိုင်များကို ကြောက်ရွံ့စေပြီး သူတို့နှင့် နောက်ဆုံးအထိ တိုက်ပွဲမဝင်ဝံ့အောင် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

ထိုအချိန်တွင် မြို့ရိုးထက်၌ ရပ်နေသော လုချွမ်းသည်လည်း ကျိရုရွှယ်နှင့် ထပ်တူပင် တွေးတောနေခဲ့သည်။

မြို့အတွင်းရှိ မြောက်မြားလှစွာသော ဇွန်ဘီများကို ကြည့်ရင်း လုချွမ်း၏ အကြည့်များမှာ အနည်းငယ် ပြောင်းလဲသွားသည်။ သူ၏ စွမ်းအားမြှင့်တင်လိုစိတ်မှာလည်း ကျိရုရွှယ်ထက် မလျော့ပေ။

ယခုအခါ နယ်မြေတစ်ခုကို စိုးမိုးထားနိုင်ပြီဖြစ်ပြီး လှည့်လည်သွားလာနေစရာ မလိုတော့သဖြင့် ဇွန်ဘီမွေးမြူရေး စီမံကိန်းကို ပြန်လည်စတင်ရမည်ဖြစ်သည်။

ဤနည်းဖြင့် အမြုတေများကို အဆက်မပြတ် ထုတ်လုပ်နိုင်မည်ဖြစ်ပြီး အမြုတေများ ပေါများလာပါက အဆင့်မြင့် ဇွန်ဘီရုပ်သေးများကို အုပ်စုလိုက် တဖြည်းဖြည်း ဖန်တီးလာနိုင်မည်ဖြစ်သည်။

အဆင့်မြင့် ဇွန်ဘီရုပ်သေးများ ရှိလာပါက အဆင့်မြင့် အမြုတေများကို ရရှိနိုင်မည်ဖြစ်ရာ ၎င်းတို့ကို သူကိုယ်တိုင် ဆင့်ကဲပြောင်းလဲရန်အတွက်သာမက သူ၏လက်အောက်ရှိ အဆင့် ၄ ဇွန်ဘီရုပ်သေးများကို အဆင့် ၅ သို့ တက်လှမ်းနိုင်ရန်လည်း ကူညီပေးနိုင်မည်ဖြစ်သည်။

ဇွန်ဘီများ ဆင့်ကဲပြောင်းလဲရန် လိုအပ်သော အသားအရင်းအမြစ်ကို ထောက်ပံ့ပေးရနအတွက်မူ လုချွမ်း၏ အကြည့်မှာ မြို့ပြင်ရှိ ကျယ်ပြောလှသော လီမြစ်ဆီသို့ သဘာဝအတိုင်း ရောက်ရှိသွားခဲ့သည်။

ငှက်များနှင့် သားရဲများမှာ မျိုးရိုးဗီဇ ပြောင်းလဲနိုင်လျှင် ရေနေသတ္တဝါများမှာလည်း သေခါပေါက် ပြောင်းလဲနိုင်ပေလိမ့်မည်။

လုချွမ်းသည် လီမြစ်မြို့အတွင်းသို့ စတင်ဝင်ရောက်စဉ်က ကြုံတွေ့ခဲ့ရသော လီမြစ်အတွင်းရှိ အရေးပါသော သတ္တဝါတစ်ကောင်ဖြစ်သည့် အနက်ရောင်အကြေးခွံရှိ မြွေကြီးကို မတွေးဘဲ မနေနိုင်ခဲ့ပေ။

အဆင့် ၄ ရှိသော သားရဲမြွေကြီးတစ်ကောင် အသက်ရှင်သန်ရန်အတွက် နေ့စဉ် အစားအစာ အမြောက်အမြား လိုအပ်သည်။

ဤမြစ်က အဆင့် ၄ မြွေကြီးကို မွေးမြူထားနိုင်ခြင်းမှာ ရေအောက်တွင် အဆင့်နိမ့် မျိုးရိုးဗီဇပြောင်း သားရဲများ အမြောက်အမြား ရှိနေသည်ကို ညွှန်ပြနေခြင်းပင်။

လီမြစ်အတွင်းရှိ မျိုးရိုးဗီဇပြောင်း သားရဲများသည် လုချွမ်းအတွက် ဇွန်ဘီမွေးမြူရန် လိုအပ်သော အသားအရင်းအမြစ်များ ဖြစ်လာမည်ဖြစ်သည်။ ၎င်းတို့မှာ အသားကိုသာမက အမြုတေ အမြောက်အမြားကိုလည်း ပေးစွမ်းနိုင်မည်ဖြစ်သည်။

ယခင်က အဝါရောင်နဂါးတောင်ကဲ့သို့ပင် နောင်တွင် လီမြစ်သည် လုချွမ်း၏ အမဲလိုက်ကွင်း ဖြစ်လာတော့မည်ပင်။

အဝါရောင်နဂါးတောင်နှင့် နှိုင်းယှဉ်ပါက ရေအောက်တွင် သားရဲများကို အမဲလိုက်ရန်မှာ ပို၍ ခက်ခဲပေလိမ့်မည်။

သို့သော်လည်း လုချွမ်းအတွက် ယခုအချိန်တွင် အခြားရွေးချယ်စရာ မရှိပေ။ အသက်

ရှင်သန်ရေးမှာ ရရှိနိုင်သော သဘာဝအရင်းအမြစ်များပေါ်တွင်သာ မူတည်နေသည်။

တောင်ရှိလျှင် တောင်ထွက်ကုန် ရေရှိလျှင် ရေထွက်ကုန်ကိုသာ အားကိုးရမည်ဖြစ်သည်။

လီမြစ်မြို့တော်စခန်း ပတ်ဝန်းကျင်တွင် တောင်ကြီးတောင်ငယ်များ မရှိသဖြင့် သားရဲအသားများကို အလုံအလောက် ရရှိရန်အတွက် လီမြစ်အတွင်း၌သာ အဖြေရှာရမည်ဖြစ်သည်။

All Chapters