အခန်း (၃၇၇)
Vol. 38 Ch. 377
ချီချီလေးကို ကတိပေးပြီးနောက် ထမင်းပင် မကုန်သေးမီမှာပင် သူမသည် မျိုးရိုးဗီဇပြောင်း ငါးများကို အမဲလိုက်ရန် လိုက်ပို့ပေးဖို့ လုချွမ်းကို အသည်းအသန် ပူဆာတော့သည်။
ကလေးမလေး၏ တောင်းဆိုမှုကို မငြင်းဆန်နိုင်သဖြင့် လုချွမ်းသည် ဇွန်ဘီရုပ်သေးများစွာ၏ အကာအကွယ်ဖြင့် ချီချီလေးကို လီမြစ်ကမ်းနားသို့ ခေါ်ဆောင်လာခဲ့ရသည်။
သူတို့ရောက်ရှိလာသော နေရာမှာ လုချွမ်း အမဲလိုက်နေကျနေရာဖြစ်ပြီး ယခင်ကတည်းက မြေပြင်ကို ညီညာအောင် ပြုပြင်မွမ်းမံထားသော နေရာဖြစ်သည်။
လုချွမ်းနှင့် ချီချီလေးတို့သည် အနောက်ဘက်တွင် ရပ်နေရင်း ရှေ့မှ မြစ်ပြင်ကြီးကို ကြည့်နေကြသည်။ သူတို့၏ ပတ်ပတ်လည်တွင်မူ ဇွန်ဘီရုပ်သေးများစွာက ဝိုင်းရံကာ စောင့်ကြပ်ပေးထားကြသည်။
ဖခင်ဖြစ်သူ၏ လက်ကို ကိုင်ထားရင်း ကျိရုရွှယ်သည် ရေအောက်မျက်နှာပြင်ရှိ ဝိုးတဝါး အရိပ်များကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်မိသည်။
လီမြစ်၏ ဤအပိုင်းတွင်ရှိသော မျိုးရိုးဗီဇပြောင်း ငါးအရေအတွက်မှာ အမှန်တကယ်ပင် ပေါများလှသည်။ ခဏမျှ အကဲခတ်ရုံဖြင့်ပင် ထိုငါး အကောင် ၂၀ ထက်မနည်းကို သူမ မြင်တွေ့လိုက်ရသည်။
သို့သော်လည်း ဤသတ္တဝါများသည် ရေအောက်တွင် ပုန်းအောင်းနေကြသဖြင့် ကုန်းပေါ်ရှိ သားရဲများထက်ပင် ဖမ်းရသည်မှာ ပို၍ ခက်ခဲလှသည်။
ထို့နောက် ကျိရုရွှယ်သည် လုချွမ်းကို မော့ကြည့်ကာ မေးလိုက်သည်။
"ဖေဖေ... ဘယ်တော့ စမှာလဲဟင်"
"မလောပါနဲ့ဦး... မကြာခင် စတော့မှာပါ"
၎င်းကို ကြားသောအခါ လုချွမ်းက ပြုံးလျက် ချီချီလေး၏ ခေါင်းကို ပုတ်ပေးပြီး စက္ကူပေါ်တွင် ရေးသားလိုက်သည်။
ကျိရုရွှယ်က ခေါင်းညိတ်ပြပြီး တိတ်ဆိတ်စွာ စောင့်ဆိုင်းနေလိုက်သည်။
မကြာမီမှာပင် သူတို့၏ အထက်ကောင်းကင်ယံမှ ဝူးဝူးဝါးဝါး အသံတစ်သံ ထွက်ပေါ်လာသည်။
ပျံသန်းသူ ၁ သည် သူ၏ အတောင်ပံများကို ခတ်ကာ လျင်မြန်စွာ ပျံသန်းလာပြီး တစ်ချိန်
တည်းမှာပင် သွေးချင်းချင်းနီနေသော အနက်ရောင်ချပ်ဝတ် ဝက်ရိုင်းတစ်ကောင်ကို အောက်သို့ ပစ်ချလိုက်တော့သည်။
ဘုန်း
မီတာ သုံးမီတာကျော် ရှည်လျားသော အနက်ရောင်ချပ်ဝတ် ဝက်ရိုင်းကြီး၏ ဧရာမ ခန္ဓာကိုယ်သည် မြစ်ကမ်းနားနှင့် မလှမ်းမကမ်းရှိ မြေပြင်ပေါ်သို့ ဝုန်းကနဲ ပြုတ်ကျသွားသည်။
ဝက်ရိုင်းကြီးမှာ အသက်မရှိတော့သော်လည်း ခန္ဓာကိုယ်ပေါ်ရှိ နက်ရှိုင်းသော ဒဏ်ရာများထဲမှ သွေးများမှာ အဆက်မပြတ် စီးထွက်နေဆဲပင်။
တဖြည်းဖြည်းနှင့် ထိုသွေးများမှာ စုစည်းသွားပြီး မြစ်ထဲသို့ စီးဝင်သွားတော့သည်။
ခဏချင်းမှာပင် မြစ်ကမ်းနားရှိ ရေပြင်မှာ သွေးရောင်များ လွှမ်းသွားပြီးနောက် ရေစီးနှင့်အတူ မြစ်အလယ်ပိုင်းဆီသို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့သည်။
"စပြီ..."
ဝက်ရိုင်းကြီးကို မြင်လိုက်ရသည်နှင့် ကျိရုရွှယ်သည် ဖခင်ဖြစ်သူ၏ အကြံကို ရိပ်မိလိုက်သည်။ သားရဲ၏ သွေးနံ့ကို အသုံးပြု၍ မျိုးရိုးဗီဇပြောင်း ငါးများကို ရေပေါ်သို့ မျှားခေါ်တော့မည် ဖြစ်သည်။
ဤနည်းဖြင့် ငါးများကို ကုန်းပေါ်သို့ ရောက်အောင် ဆွဲဆောင်နိုင်ပါက မြစ်ထဲတွင် တိုက်ရိုက် အမဲလိုက်သည်ထက် ပိုမို ဘေးကင်းစွာ ကိုင်တွယ်နိုင်မည်ဖြစ်သည်။
လုချွမ်းသည် မြစ်ကမ်းနားရှိ ရေပြင်ကို စူးစိုက်ကြည့်ရင်း တိတ်ဆိတ်စွာ စောင့်ဆိုင်းနေသည်။
ဝက်ရိုင်းကြီးမှာ တကယ့်ကို အချက်ကျသော ငါးစာပင်။ လီမြစ်အတွင်းရှိ ငါးများသည် ဤသွေးညှီနံ့ကို မည်သို့မျှ မအောင့်နိုင်ကြဘဲ အမြဲတမ်းလိုလို အလွယ်တကူ အဖမ်းခံကြရစမြဲပင်။
မျှော်လင့်ထားသည့်အတိုင်းပင် တစ်မိနစ်ခန့်အကြာတွင် သွေးညှီနံ့က မြစ်ထဲရှိ ငါးများ၏ အာရုံကို ဖမ်းစားလိုက်ပြီဖြစ်သည်။
ရေအောက်တွင် ပုန်းအောင်းနေသော အရိပ်များမှာ ပိုမိုများပြားလာပြီး ထိုအရိပ်များမှာ မြစ်ကမ်းနားဆီသို့ ဖြည်းညင်းစွာ ဦးတည်လာကြသည်။
မကြာမီမှာပင် ကမ်းနားရှိ ရေအောက်တွင် အရိပ်များမှာ သိပ်သည်းစွာ စုစည်းလာပြီး ယခင်က ကြည်လင်နေသော ရေပြင်မှာ ယခုအခါ အောက်ခြေတွင် အနက်ရောင် မျက်နှာပြင်တစ်ခု အုပ်ထားသည့်အလား ထင်မှတ်ရတော့သည်။
ဤအချိန်တွင် လုချွမ်း၏ အမိန့်အရ ဇွန်ဘီရုပ်သေးများစွာမှာ အသင့်ပြင်ထားကြပြီး ငါးများ ကုန်းပေါ်သို့ တက်လာသည်နှင့် အစုလိုက်အပြုံလိုက် သုတ်သင်ရန် စောင့်ဆိုင်းနေကြသည်။
နောက်တစ်ခဏတွင်...
ဝုန်း
ရုတ်တရက် ရေမျက်နှာပြင်မှ ရေလုံးကြီးများ ပန်းထွက်လာပြီး ငါးအမြောက်အမြားမှာ ထူးဆန်းသော အော်ဟစ်သံများဖြင့် ရေပေါ်သို့ ခုန်တက်လာကြသည်။ ၎င်းတို့သည် သွားများဖြင့်ပြည့်နှက်နေသော သူတို့၏ ပါးစပ်ကြီးများကို ဖြဲလျက် ကမ်းနားရှိ ဝက်ရိုင်းအလောင်းကို အငမ်းမရ ကိုက်ခဲရန် ကြိုးပမ်းကြတော့သည်။
ချက်ချင်းဆိုသလိုပင် ကြောက်မက်ဖွယ်ကောင်းသော အသားစိုင်များကို ဆွဲဖြဲဝါးမြိုသံများ ဆက်တိုက်ထွက်ပေါ်လာပြီး မျိုးရိုးဗီဇပြောင်း ငါးများသည် သူတို့၏ အားကောင်းသော ဆူးတောင်များကို အသုံးပြု၍ ကိုယ့်ကိုယ်ကိုယ် ထောက်ကန်ထားကြသည်။
ထိုငါးများသည် တစ်ကောင်နှင့်တစ်ကောင် ပူးကပ်နေပြီး ဧရာမမြွေကြီးများစွာ ရစ်ပတ်နေသကဲ့သို့ လှုပ်ရှားနေကြကာ အနက်ရောင်ချပ်ဝတ် ဝက်ရိုင်း၏ အသားများကို အဆက်မပြတ် ကိုက်ဖဲ့နေကြသည်မှာ ကြည့်ရသူကို ကြက်သီးထစေလောက်သည်။
ခဏချင်းမှာပင် ကမ်းပါးပေါ်ရှိ ဝက်ရိုင်းအလောင်း၏ တစ်ဝက်ခန့်မှာ ဝါးမြိုခံလိုက်ရပြီး အရိုးများသာ ကျန်တော့သည်။
တစ်ချိန်တည်းမှာပင် နောက်ထပ် ငါးများမှာလည်း ရေထဲမှ တဒိုင်းဒိုင်း ခုန်ထွက်လာကြပြီး ဤဧည့်ခံပွဲကြီးတွင် ပါဝင်ဆင်နွှဲနေကြသည်။
ခေတ္တမျှအတွင်းမှာပင် ဝက်ရိုင်းအလောင်း၏ ပတ်လည် မီတာ ၃၀ အတွင်းရှိ မြေပြင်တစ်ခုလုံးမှာ ငါးများဖြင့် ပြည့်နှက်သွားတော့သည်။
ဤသတ္တဝါများသည် သူတို့၏ သန်မာပြီး အရောင်အသွေးစုံသော ဆူးတောင်များကို အားပြု၍ ကုန်းပေါ်တွင် ဖြည်းညင်းစွာ လျှောက်လှမ်းနေကြခြင်းဖြစ်သည်။
အနောက်ဘက်မှနေ၍ အချိန်အခါကောင်းရောက်ပြီဟု တွက်ဆမိသည်နှင့် လုချွမ်း၏ စိတ်အာရုံမှာ လှုပ်ရှားသွားခဲ့သည်။
ဝုန်း...
ချက်ချင်းပင် လုချွမ်းကို ဝန်းရံထားသော ဇွန်ဘီရုပ်သေးများသည် လျှပ်စီးတန်းများအလား ငါးအုပ်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်သွားကြသည်။
လျှပ်စီး ၁ နှင့် အခြားသူများမှာ အမြန်ဆုံးဖြစ်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ငါးများအနားသို့ ရောက်ရှိသွားကာ သူတို့၏ စူးရှသော လက်သည်းများဖြင့် ငါးများ၏ အသက်ကို အဆက်မပြတ် ရိတ်သိမ်းတော့သည်။
ထို့နောက် ဧရာမဇွန်ဘီ ၁ နှင့် အခြားဇွန်ဘီရုပ်သေးများက နောက်မှလိုက်ပါလျက် ပျာယာခတ်နေသော ငါးအုပ်ကြီးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ကြတော့သည်။
ဝူး... ဝူး... ဝူး...
အထက်ကောင်းကင်ယံမှ ပျံသန်းသူ ၁ နှင့် မီးလျှံ ၁ တို့သည် သူတို့၏ စူးရှသော အနက်ရောင် အကြေးခွံချပ်ဝတ်များနှင့် တောက်လောင်နေသော နီရဲသည့် မီးလျှံများကို အသုံးပြု၍ လျင်မြန်စွာ ဆင်းသက်လာကာ ရေထဲသို့ ပြန်လည်ထွက်ပြေးရန် ကြိုးပမ်းနေသော ငါးများကို လိုက်လံသတ်ဖြတ်ကြသည်။
မကြာမီမှာပင် သတ်ဖြတ်မှုကြီး ပြီးဆုံးသွားပြီး ဆူညံနေသော ကမ်းခြေမှာ တစ်ခဏချင်းပင် တိတ်ဆိတ်သွားကာ မြေပြင်တစ်ခုလုံးမှာ ငါးများ၏ အလောင်းများဖြင့် ပြန့်ကျဲနေတော့သည်။
"ဇွန်ဘီတွေသာ ရေကူးတတ်ရင် သိပ်ကောင်းမှာပဲ"
ရှေ့မှ ရလဒ်များကို ကြည့်ရင်း လုချွမ်းက အနည်းငယ် မကျေနပ်သလို ခေါင်းခါယမ်းလိုက်မိသည်။
မျိုးရိုးဗီဇပြောင်း ငါးများ၏ အနည်းဆုံး သုံးပုံတစ်ပုံခန့်မှာ ရေထဲသို့ ပြန်လညလွတ်မြောက်သွားကြသဖြင့် အမှန်တကယ်ပင် နှမြောစရာကောင်းသည်။ ထိုကဲ့သို့ ငါးများကို ကုန်းပေါ်သို့ မျှားခေါ်သည့် နည်းလမ်းမှာ ဘေးကင်းစိတ်ချရသော်လည်း ထိရောက်မှုအပိုင်းတွင်မူ အနည်းငယ် နှေးကွေးနေဆဲပင်
ဘေးမှ စောင့်ကြည့်နေသော ကျိရုရွှယ်သည်လည်း ဤအချက်ကို သတိပြုမိသွားပြီး လုချွမ်းကို မော့ကြည့်ကာ "ဖေဖေ... သမီးမှာ အချိန်ထိန်းချုပ်နိုင်စွမ်းရှိတယ်လေ။ ဒီငါးတွေ ထွက်မပြေးနိုင်အောင် သမီး ကူညီပြီး ထိန်းထားပေးလို့ရတယ်" ဟု ပြောလိုက်သည်။
တိုက်ပွဲဖြစ်ပွားရာနေရာကို ရှင်းလင်းရန် ပြင်ဆင်နေသည့် လုချွမ်းသည် ၎င်းကို ကြားသိရသောအခါ စဉ်းစားချင့်ချိန်ကြည့်ပြီးနောက် အလုပ်ဖြစ်နိုင်သည်ဟု ယူဆသဖြင့် စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။
ပထမဦးစွာ လုချွမ်းသည် ဇွန်ဘီရုပ်သေးများကို အမြုတေများ ထုတ်ယူရန် ခိုင်းစေလိုက်ပြီး သာမန်ဇွန်ဘီရုပ်သေးများကိုမူ ငါးအလောင်းများအား အဝေး၌ ရပ်တန့်ထားသော စစ်သုံးကုန်တင်ကားဆီသို့ သယ်ဆောင်သွားရန် စေခိုင်းလိုက်သည်။ အခြေအနေများ ပြန်လည်တည်ငြိမ်သွားသောအခါ လုချွမ်းက ပျံသန်းသူ ၁ ကို နောက်ထပ် သားရဲတစ်ကောင် သွားရောက်ဖမ်းဆီးရန် အမိန့်ပေးလိုက်ပြန်သည်။
" ဘုန်း..."
ဒဏ်ရာများဖြင့် ပြည့်နှက်နေသော အစိမ်းရောင်အကျောရှိ ဧရာမသမင်တစ်ကောင်မှာ ရှေ့မှောက်၌ပင် ပစ်ချခြင်း ခံလိုက်ရပြီး ၎င်း၏ သွေးတို့သည် မြောင်းငယ်လေးများအတိုင်း မြစ်ထဲသို့ စီးဝင်သွားပြန်သည်။ မကြာမီမှာပင် ငါးအုပ်ကြီးမှာ နောက်တစ်ကြိမ် ထပ်မံဆွဲဆောင်ခြင်း ခံလိုက်ရပြန်သည်။
"ဝုန်း..."
တစ်ခဏချင်းမှာပင် ငါးများသည် ရေမျက်နှာပြင်ကို ဖောက်ထွက်ကာ သမင်အလောင်းရှိရာသို့ အလုအယက် ခုန်တက်လာကြရာ ယခင်ကကဲ့သို့သော မြင်ကွင်းမျိုး ထပ်မံဖြစ်ပေါ်လာသည်။ လုချွမ်းက ငုံ့ကြည့်၍ ချီချီလေးကို အသင့်ပြင်ထားရန် အကြည့်ဖြင့် အချက်ပြလိုက်ရာ ကျိရုရွှယ်ကလည်း ချက်ချင်း ခေါင်းညိတ်ပြသည်။
"ဝုန်း..."
ဇွန်ဘီရုပ်သေးတစ်စုသည် ငါးအုပ်ကြီးထဲသို့ ပြေးဝင်၍ စတင်သုတ်သင်ကြတော့သည်။ ထိုအခါ ငါးများသည် လန့်ဖျန့်သွားပြီး ရေထဲသို့ ပြန်လည်ဝင်ရောက်ရန် အလျင်အမြန် လှည့်ထွက်ကြသည်။ ၎င်းတို့ ရေထဲသို့ ခုန်ဆင်းတော့မည့် အချိန်မှာပင် ကျိရုရွှယ်က သူမ၏ အချိန်ထိန်းချုပ်ခြင်းစွမ်းရည်ကို အသုံးချ၍ လှုပ်ရှားလိုက်သည်။
ချက်ချင်းဆိုသလိုပင် မမြင်နိုင်သော စွမ်းအားတစ်ခုမှာ မြစ်ကမ်းနားတစ်လျှောက် ဖြတ်သန်းသွားပြီး ငါးများသည် မမြင်နိုင်သော လက်များဖြင့် အဖမ်းခံလိုက်ရသည့်အလား လေထဲမှာပင် တန့်ခနဲ ရပ်တန့်သွားကြသည်။ ထို့နောက် လျှပ်စီး ၁ နှင့် အခြားဇွန်ဘီရုပ်သေးများသည် အရှိန်အဟုန်ဖြင့် ပြေးဝင်သွားပြီး ၎င်းတို့၏ စူးရှသော လက်သည်းများဖြင့် ပိုင်းဖြတ်လိုက်ကြသည်။ ကျိရုရွှယ်က အချိန်စွမ်းအားကို ပြန်လည်ရုပ်သိမ်းလိုက်သောအခါ ငါးအားလုံးသည် မြစ်ကမ်းပါးထက်မှာပင် အသက်ပျောက်ကုန်ကြတော့သည်။
ငါးတစ်ကောင်မျှ လွတ်မြောက်သွားခြင်း မရှိသည်ကို မြင်တွေ့လိုက်ရသောအခါ လုချွမ်း၏ မျက်လုံးများမှာ ဝင်းပသွားပြီး
"ချီချီလေး... သမီးကတော့ တကယ့်ကို ဖေဖေ့ရဲ့ အဖိုးတန် လက်ရုံးပဲ" ဟု ချီးကျူးစကား ပြောလိုက်တော့သည်။