အခန်း (၃၇၈)
Vol. 38 Ch. 378
မျိုးရိုးဗီဇပြောင်း ငါးအုပ်စုကြီးကို အမြစ်ပြတ် သုတ်သင်ပြီးနောက် လုချွမ်းမှာ အလွန်ပင် ကျေနပ်သွားခဲ့သည်။ သူသည် ဇွန်ဘီရုပ်သေးများကို စေခိုင်း၍ ငါးအလောင်းများကို အနောက်ဘက်ရှိ စစ်သုံးကုန်တင်ကားများဆီသို့ သယ်ယူပို့ဆောင်စေလိုက်သည်။
ဤနည်းလမ်းမှာ အမှန်တကယ် ထိရောက်သည်ဖြစ်၍ လုချွမ်းသည် ၎င်းကိုပင် တိုက်ရိုက် ဆက်လက်အသုံးပြုတော့သည်။
နောက်ပိုင်းအချိန်များတွင် လုချွမ်းနှင့် သမီးဖြစ်သူတို့သည် အပေးအယူမျှမျှဖြင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး လီမြစ်၏ ဤအပိုင်းအတွင်းရှိ ငါးအုပ်စု ခြောက်သုတ်တိတိကို အောင်မြင်စွာ ခြုံခိုတိုက်ခိုက် သတ်ဖြတ်နိုင်ခဲ့သည်။
လီမြစ်၏ ဤဧရိယာတစ်လျှောက်ရှိ လှည့်လည်သွားလာနေသော ငါးအားလုံးနီးပါးကို ဆွဲဆောင်ဖမ်းဆီးပြီးမှသာ သူတို့ အမဲလိုက်ခြင်းကို ရပ်နားလိုက်ကြသည်။
စစ်သုံးကုန်တင်ကား ငါးစီးစလုံးမှာလည်း ငါးအလောင်းများဖြင့် အပြည့်နီးပါး ဖြစ်သွားခဲ့ကာ
အမဲလိုက်ခြင်း ပြီးဆုံးသွားသဖြင့် လုချွမ်းသည် ချီချီလေးကို ခေါ်ဆောင်ကာ ယာဉ်တန်းကို စေခိုင်းလျက် လီမြစ်မြို့တော်စခန်း ဆီသို့ ပြန်လာခဲ့သည်။
ခေတ္တမျှအကြာတွင် ဇွန်ဘီမွေးမြူရေးစခန်း၏ မြင့်မားသော တံတိုင်းများထက်၌...
ဘုန်း... ဘုန်း...
မျိုးရိုးဗီဇပြောင်း ငါးများ၏ အလောင်းများကို တံတိုင်းအတွင်းသို့ ပစ်ချလိုက်သည်နှင့် သိပ်သည်းလှသော ဇွန်ဘီအုပ်ကြီးကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ ၎င်းတို့သည် ကျယ်လောင်စွာ ဟိန်းဟောက်ရင်း အသားများဆီသို့ အလုအယက် ပြေးဝင်သွားကြသည်။
မကြာမီမှာပင် မြေပြင်ပေါ်ရှိ ငါးအလောင်းများ၏ ပတ်ပတ်လည်တွင် ဇွန်ဘီများက ဝိုင်းရံပိတ်ဆို့သွားကြသည်။
ဤဇွန်ဘီများသည် သူတို့၏ ပုပ်စော်နံလှသော ပါးစပ်ကြီးများကို ဖြဲလျက် အသားများကို ရူးသွပ်မတတ် ကိုက်ခဲဝါးမြိုကြရာ ခဏချင်းမှာပင် သုံးမီတာကျော် ရှည်လျားသော ဧရာမ ငါးအလောင်းကြီးမှာ အရိုးဖြူများသာ ကျန်တော့သည်။
"ဒီဇွန်ဘီတွေက တကယ့်ကို ကံကောင်းတာပဲ"
ဇွန်ဘီများ အလုအယက် စားသောက်နေကြသည်ကို ကြည့်ရင်း ကျိရုရွှယ်က ခေါင်းခါယမ်းလျက် စိတ်ထဲမှ အံ့သြနေမိသည်။
ဤမျိုးရိုးဗီဇပြောင်း ငါးများမှာ သားရဲများဖြစ်ကြပြီး သူတို့၏ အသားများမှာ သဘာဝအတိုင်းပင် စွမ်းအင်များ ပြည့်နှက်နေသဖြင့် အလွန်ကောင်းမွန်သော အာဟာရဓာတ်များ ဖြစ်နေသောကြောင့်ပင်။
သာမန်လူသားတွေဆိုရင် စားချင်ရင်တောင် စားခွင့်မရနိုင်တဲ့ ဒီလိုအသားမျိုးကို ဇွန်ဘီတွေကတော့ ဗိုက်ကားအောင် စားနေကြတာပဲ။
ထို့နောက် ကျိရုရွှယ်၏ အကြည့်တို့သည် မြို့ပြင်ရှိ လီမြစ်ဆီသို့ တစ်ဖန် ရောက်ရှိသွားပြန်သည်။ နောင်အခါတွင် သူမနှင့် ဖေဖေသည် လီမြစ်မြို့တော်စခန်း၌ပင် အခြေချ နေထိုင်ကြတော့မည် ဖြစ်သည်။ ဤပတ်ဝန်းကျင်တွင် တောင်တန်းများ သိပ်မရှိသကဲ့သို့ သားရဲ အရေအတွက်မှာလည်း နည်းပါးလှသည်။
သို့သော်လည်း လီမြစ်ကြီးမှာမူ အမှန်တကယ်ပင် ရတနာသိုက်ကြီး တစ်ခုနှင့် တူသည်။ အကယ်၍ ဤမြစ်ကိုသာ အကျိုးရှိရှိ အသုံးချနိုင်ပါက နောင်တွင် သူမနှင့် ဖေဖေ့အတွက် သားရဲအသား လိုအပ်ချက်ကို စိုးရိမ်ပူပန်နေစရာ လိုတော့မည် မဟုတ်ချေ။
သားရဲများအကြောင်းကို တွေးတောမိရင်း ကျိရုရွှယ်သည် လိပ်အိုကြီးကို သတိရသွားသည်။ ဤအတောအတွင်း သူမသည် လိပ်အိုကြီးကို အမြုတေများသာမက သားရဲအသားများကိုပါ အဝအလင် ကျွေးမွေးခဲ့သဖြင့် လိပ်အိုကြီးမှာ အဆင့် ၄ သို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ ၎င်းသည် အမှန်တကယ် အစွမ်းထက်သော အဆင့် ၄ မျိုးရိုးဗီဇပြောင်း သားရဲတစ်ကောင် ဖြစ်နေ၏။
အချိန်တွက်ချက်ကြည့်လျှင် လိပ်အိုကြီးကို အစာကျွေးရန် အချိန်ရောက်ပြီဟု သူမ ယူဆလိုက်မိသည်။ သို့သော် လီမြစ်အတွင်း၌ ကြောက်မက်ဖွယ်ကောင်းလောက်အောင် များပြားလှသော ငါးများကို သတိရမိသောအခါ ကျိရုရွှယ်က လိပ်အိုကြီးကို သူမကိုယ်တိုင် အစာကျွေးနေရန် မလိုတော့ဘူးဟု တွေးတောလိုက်မိသည်။
လိပ်အိုကြီးကို လီမြစ်အတွင်းသို့ တိုက်ရိုက်လွှတ်ပေးပြီး ၎င်းဘာသာ အစာရှာဖွေခိုင်းခြင်းက ပို၍ပင် အဆင်ပြေနိုင်သေးသည်။ ထို့ပြင် ယခုအခါ လိပ်အိုကြီးမှာ အဆင့် ၄ သို့ ရောက်ရှိနေပြီဖြစ်သကဲ့သို့ ခံစစ်ပိုင်းတွင်လည်း ကျွမ်းကျင်မှုရှိလှသဖြင့် လီမြစ်အတွင်း ဆင်းသက်စေကာမူ အန္တရာယ်ကြုံရနိုင်ခြေမှာ အလွန်ပင် နည်းပါးလှသည်။
"ဖေဖေ... သမီး လိပ်ကလေးကို အစာသွားကျွေးလိုက်ဦးမယ်နော်။ နောက်တစ်ခါ ငါးတွေ ထပ်ဖမ်းဦးမယ်ဆိုရင် သမီးကိုလည်း အသိပေးဖို့ မမေ့နဲ့ဦး"
ကျိရုရွှယ်က ဘေးနားရှိ လုချွမ်းကို ကြည့်၍ ချစ်စရာကောင်းသော အပြုံးလေးဖြင့် သတိပေးလိုက်သည်။ တံတိုင်းအတွင်းမှ ဇွန်ဘီများ၏ ဆင့်ကဲပြောင်းလဲမှုကို အကဲခတ်နေသော လုချွမ်းသည် သတိပြန်ဝင်လာပြီး ပြုံးလျက် ခေါင်းညိတ်ပြလိုက်သည်။
"ဒါဆို ချီချီ သွားပြီနော်"
ကျိရုရွှယ်သည် သူမ၏ စိတ်စွမ်းအင်ဖြင့် ခန္ဓာကိုယ်ကို ဝန်းရံလျက် လီမြစ်မြို့တော်စခန်း၏ မြောက်ဘက်ခြမ်းဆီသို့ ပျံသန်းသွားခဲ့သည်။
မကြာမီမှာပင် သူမသည် မှော်ရုံပင်များဖြင့် စိမ်းလန်းစိုပြည်စွာ ဖုံးလွှမ်းနေသော လူလုပ်ကန်တစ်ခု၏ ရှေ့သို့ ရောက်ရှိလာသည်။
ဤကန်မှာ သူတို့တူးဖော်ထားခြင်းမဟုတ်ဘဲ မူလကတည်းက ရှိနေခြင်းဖြစ်ကာ လီမြစ်မြို့တော်စခန်းမှ အရာရှိများက ငါးမွေးမြူရန်အတွက် တူးဖော်ထားပုံပင်။
အသုံးပြုသည်မှာ မကြာသေးသော်လည်း အတွင်း၌ရှိသော ငါးကြင်းပြာများမှ အသွင်ပြောင်းလာသည့် ငါးများကိုမူ လိပ်အိုကြီးက အကုန်အစင် ဝါးမြိုပစ်ခဲ့ပြီးပြီ ဖြစ်သည်။
"လိပ်ကလေးရေ... ထွက်ခဲ့တော့"
ကျိရုရွှယ်သည် ကန်ဘောင်နားတွင် ဆင်းသက်လိုက်ပြီး ငြိမ်သက်နေသော ရေပြင်ကို ကြည့်ကာ လှမ်းခေါ်လိုက်သည်။
သူမ၏ အသံကို ကြားလိုက်ရသကဲ့သို့ပင် ရေအောက်တွင် နစ်မြုပ်နေသော မျိုးရိုးဗီဇပြောင်း လိပ်ကြီးသည် ရုတ်တရက် မျက်လုံးများ ပွင့်လာပြီး စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်သွားကာ သူ၏ ခြေလက်များကို အသုံးပြု၍ ကမ်းခြေဆီသို့ လျင်မြန်စွာ ရေကူးလာခဲ့သည်။
ဗွမ်း…
မကြာမီမှာပင် မျိုးရိုးဗီဇပြောင်း လိပ်ကြီးသည် ရေမျက်နှာပြင်ပေါ်သို့ ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်အတော်များများကို ရေပေါ်သို့တင်ကာ ကမ်းပေါ်သို့ တွားတက်လာခဲ့သည်။
"လိပ်ကလေး... နင် တကယ်ကို ကြီးလာတာပဲ။ နောက်တစ်ခါ ထပ်ပြီး ဆင့်ကဲပြောင်းလဲဦးမယ်ဆိုရင် ဒီကန်က နင့်နဲ့ ဆံ့ပါဦးမလား မသိဘူး"
ကျိရုရွှယ်သည် မျိုးရိုးဗီဇပြောင်း လိပ်ကြီးကို ကြည့်ရင်း ပြုံးလျက် ပြောလိုက်သည်။
ယခုအချိန်တွင် ထိုမျိုးရိုးဗီဇပြောင်း သတ္တဝါကြီး၏ ခန္ဓာကိုယ်မှာ ဧရာမ တင့်ကားတစ်စီးနှင့်ပင် နှိုင်းယှဉ်နိုင်လောက်ပြီး သူ၏ ဦးခေါင်းနှင့် ခြေလက်များမှာ ထူထဲသော အကြေးခွံချပ်ဝတ်များဖြင့် ဖုံးလွှမ်းနေသည်။ အကြေးခွံတစ်ခုချင်းစီမှာ လူကြီးတစ်ယောက်၏ လက်သီးဆုပ်ခန့် ရှိကာ ဆဋ္ဌဂံပုံသဏ္ဌာန်ဖြစ်ပြီး အေးစက်သော သံမဏိရောင် အလင်းတန်းများ ဖြာထွက်နေသည်။
မျိုးရိုးဗီဇပြောင်း လိပ်ကြီး၏ ကျောဘက်ရှိ လိပ်ခွံမှာမူ ပို၍ပင် ထူးခြားလှသည်။ ၎င်းမှာ အနက်ရောင် ကျောက်စိမ်းဖြင့် ထုဆစ်ထားသကဲ့သို့ ရှိပြီး တင်းကြပ်စွာ ဆက်စပ်နေသော အကွက်များမှာ ဝင်းလက်တောက်ပသော စွမ်းအင်အလင်းတန်းများကို ထုတ်လွှတ်နေကာ အလွန်ပင် ခိုင်မာတောင့်တင်းပုံရသည်။
သူမ၏ ရှေ့မှောက်ရှိ လိပ်အိုကြီးကို ကြည့်ရင်း ကျိရုရွှယ်သည် သူမ၏ အတိတ်ဘဝက ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိခဲ့သော ကြောက်မက်ဖွယ်ကောင်းသည့် ဧရာမ လိပ်ကြီးအကြောင်းကို မတွေးဘဲ မနေနိုင်ခဲ့ပေ။ အကယ်၍သာ သေချာစွာ ပြုစုပျိုးထောင်ပေးမည်ဆိုပါက ဤလိပ်အိုကြီးမှာလည်း ဧကရာဇ်နယ်ပယ်သို့ ရောက်ရှိနိုင်ပေလိမ့်မည်။
သို့သော်လည်း ကျိရုရွှယ် မျက်မှောင်ကြုတ်လိုက်မိသည်။ လိပ်အိုကြီးကို သူမ ယဉ်ပါးအောင် လုပ်ပြီးကတည်းက ၎င်းသည် ကောင်းမွန်သော တိုက်ပွဲအတွေ့အကြုံမျိုး တစ်ခါမျှ မရရှိခဲ့သေးသည်ကို သတိရသွားခြင်းပင်။
မဟုတ်ဘူး... ဒီအတိုင်း ဆက်သွားလို့ မဖြစ်ဘူး။ တိုက်ပွဲအတွေ့အကြုံ မရှိရင်တော့ လိပ်အိုကြီးဟာ ပျော့ညံ့သွားလိမ့်မယ်။
"ဒါက အခွင့်ကောင်းပဲ။ လိပ်အိုကြီးကို လီမြစ်ထဲ လွှတ်လိုက်မယ်ဆိုရင် အစာကျွေးရမယ့် ပြဿနာလည်း ပြေလည်သွားသလို မြစ်ထဲမှာ အမဲလိုက်ရင်းနဲ့ တိုက်ပွဲအတွေ့အကြုံတွေလည်း ရလာမှာပဲ"
ကျိရုရွှယ်၏ မျက်ဝန်းများထဲတွင် ပြတ်သားသော အရိပ်အယောင်များ ဝင်းလက်သွားသည်။
"ဝေါ့... ဝေါ့..."
ထိုစဉ်မှာပင် ကျိရုရွှယ်အပေါ် အလွန်ပင် သံယောဇဉ်ရှိလှသော မျိုးရိုးဗီဇပြောင်း လိပ်ကြီးသည် ဇဝေဇဝါဖြစ်နေသော အသံအချို့ကို ပြုလုပ်လိုက်ပြီး သူမကို နားမလည်နိုင်သလို ကြည့်နေသည်။
သူ့သခင်မက အစာတွေ ဘယ်မှာထားခဲ့တာလဲ၊ ဘာလို့ ဒီနေ့ အစာတွေ ယူမလာတာလဲဆိုပြီး ဗိုက်ဆာကြောင်း ညည်းညူတိုင်တန်းနေပုံပင်။
"အစာအကြောင်းပဲ အမြဲတွေးနေတာပဲ ငါ့နောက်ကို လိုက်ခဲ့"
ကျိရုရွှယ်သည် သတိပြန်ဝင်လာပြီး လိပ်ကြီးကို မျက်စောင်းထိုးပြလိုက်သည်။ ထို့နောက် စိတ်စွမ်းအင်များ တိုးထွက်လာကာ လိပ်ကြီး၏ ဧရာမ ခန္ဓာကိုယ်ကို ဝန်းရံလျက် လီမြစ်ဆီသို့ ပျံသန်း၍ ခေါ်ဆောင်သွားတော့သည်။
ကောင်းကင်ယံတွင် ကင်းလှည့်နေသော ပျံသန်းသူ ၁ သည် ဤမြင်ကွင်းကို သတိပြုမိသွားပြီးနောက် လုချွမ်း၏ စေခိုင်းမှုဖြင့် အနီးကပ် လိုက်ပါလာခဲ့သည်။ အန္တရာယ်တစ်ခုခု ကြုံလာပါက ချက်ချင်း ဝင်ရောက်ကူညီရန် အသင့်ရှိနေသည်။
မကြာမီမှာပင် ကျိရုရွှယ်သည် လိပ်အိုကြီးကို မြစ်ကမ်းနားသို့ ခေါ်ဆောင်လာခဲ့သည်။
"ဝေါ့... "
ရှေ့မှ လှိုင်းတံပိုးထန်နေသော မြစ်ပြင်ကြီးကို ကြည့်ရင်း မျိုးရိုးဗီဇပြောင်း လိပ်ကြီးမှာ သိသိသာသာ စိတ်လှုပ်ရှားလာပြီး ရေထဲသို့ ခုန်ဆင်းချင်လှသဖြင့် ဟိန်းဟောက်သံ ပြုလိုက်သည်။
"သွားတော့"
၎င်းကို မြင်သောအခါ ကျိရုရွှယ်က ခေါင်းညိတ်ပြလိုက်သည်။
ချက်ချင်းပင် အမိန့်ရရှိသွားသော လိပ်ကြီးသည် ဝမ်းသာအားရ ဟိန်းဟောက်လိုက်ပြီး သူ၏ တင့်ကားသဏ္ဌာန် ခန္ဓာကိုယ်ကြီးဖြင့် လီမြစ်ထဲသို့ ဒိုင်းကနဲ ပြေးဝင်သွားတော့သည်။
ဘုန်း…
လိပ်ကြီး မြစ်ထဲသို့ ခုန်ဆင်းလိုက်သည်နှင့် ရေစက်များ ကောင်းကင်သို့ ပန်းထွက်သွားပြီး လှိုင်းတံပိုးများမှာ အရပ်မျက်နှာအနှံ့သို့ ပြန့်ကားသွားသည်။
ကောင်းကင်က မြင့်လေ ငှက်တွေ ပျံသန်းဖို့ ကောင်းလေ၊ ပင်လယ်က ကျယ်လေ ငါးတွေ ခုန်ပေါက်ဖို့ ကောင်းလေပဲ။
လိပ်ကြီးသည် မြစ်ထဲသို့ ရောက်သွားပြီး မျိုးရိုးဗီဇပြောင်း ငါးများကို ကြည့်ရင်း အလွန်ပင် စိတ်လှုပ်ရှားသွားသည်။ ချက်ချင်းပင် သူ၏ ပတ်ပတ်လည်ရှိ မြစ်ရေများသည် လှုပ်ရှားနေသော ရေမြွေများအသွင်သို့ ပြောင်းလဲသွားပြီး အဝေးဆီသို့ လျင်မြန်စွာ ပြေးထွက်သွားကြသည်။
မြစ်ရေပြင်မှာ ချက်ချင်းပင် ပွက်ပွက်ဆူလာပြီး ရေမြွေများ၏ ရစ်ပတ်ဖမ်းဆီးခြင်းကို ခံလိုက်ရသော ငါးများမှာလည်း လွတ်မြောက်ရန် အပြင်းအထန် ရုန်းကန်နေကြသဖြင့် လှိုင်းလုံးကြီးများမှာ တလိပ်လိပ် တက်လာတော့သည်။
မကြာမီမှာပင် အရွယ်အစား အမျိုးမျိုးရှိသော ငါး ခြောက်ကောင်ကို ရေမြွေများက ဆွဲခေါ်လာကြပြီး လိပ်အိုကြီး၏ ဟပြဲနေသော ပါးစပ်ကြီးအတွင်းသို့ ထည့်ပေးလိုက်ကြသည်။
မျက်တောင်တစ်ခတ်အတွင်းမှာပင် ထိုဧရာမ ငါးကြီး ခြောက်ကောင်စလုံးမှာ လိပ်အိုကြီး၏ ဗိုက်ထဲသို့ အကုန်အစင် ရောက်ရှိသွားတော့သည်။