အခန်း (၃၈၀)
Vol. 38 Ch. 380
ကျန်းဟိုင် အခြေစိုက်မြို့တော်စခန်း…
မတွန်းလှန်နိုင်သော ခြိမ်းခြောက်မှုများနှင့် ထပ်မံရင်ဆိုင်နေရသည့် ဆန်းချွမ်းအခြေစိုက်စခန်းနှင့်မတူဘဲ ကျန်းဟိုင်အခြေစိုက်စခန်းမှာမူ ကမ္ဘာပျက်ကပ်ကြီး စတင်ကတည်းက အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်နေပြီး စည်ပင်ဝပြောလျက်ရှိသည်။
အရေအတွက် တစ်သိန်းကျော်ရှိသော အသက်ရှင်ကျန်ရစ်သူများသည် ကမ္ဘာပျက်ကပ်၏ ကြောက်ရွံ့ထိတ်လန့်မှုများမှ တဖြည်းဖြည်း ရုန်းထွက်နိုင်ခဲ့ကြပြီး ကမ္ဘာပျက်ကပ်အလွန် လူနေမှုဘဝသစ်တွင် အတင်းအကျပ် အသားကျအောင် နေထိုင်နေကြပြီဖြစ်သည်။
မြို့ပြင်ပတ်လမ်းရှိ တစ်ချိန်က ဒုက္ခသည်စခန်းနှင့် တူခဲ့သော နေရာများသည် အခြေစိုက်စခန်း၏ ရေရှည်တည်တံ့သော အရင်းအမြစ် တည်ဆောက်ရေးလုပ်ငန်းများ ပြီးစီးသွားသည့်နောက်တွင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ယခုအခါ အသက်ရှင်ကျန်ရစ်သူများ၏ လူနေမှုအဆင့်အတန်းကို သိသိသာသာ မြှင့်တင်ပေးနိုင်ရန် လုံလောက်သော အရင်းအမြစ်များကို ထောက်ပံ့ပေးထားနိုင်သည်။
မြို့ပြင်ပတ်လမ်း၏ အရှေ့ဘက်ခြမ်းတွင် သံရည်ကျိုစက်ရုံများ၊ သစ်စက်များနှင့် စက္ကူစက်ရုံများကဲ့သို့သော စက်ရုံများရှိပြီး အနက်ရောင် မီးခိုးလုံးကြီးများ တလူလူ ထွက်ပေါ်နေသည်။ ယခုအချိန်တွင် အသက်ရှင်ကျန်ရစ်သူ အများအပြားမှာ ထိုစက်ရုံများအတွင်း၌ အလုပ်များလျက် ရှိကြသည်။
အနောက်ဘက် မြို့ပြင်ပတ်လမ်းတွင်မူ စိမ်းလန်းစိုပြည်သော စိုက်ပျိုးရေးမြေကွက်များ ကျယ်ပြန့်စွာ တည်ရှိပြီး သီးနှံအမျိုးမျိုးကို စိုက်ပျိုးထားသည်။ လူအချို့မှာ စိုက်ခင်းများထဲတွင် ကိရိယာများကို အသုံးပြု၍ ပေါင်းသင်ခြင်း၊ ရေလောင်းခြင်း၊ ပိုးမွှားနှိမ်နင်းခြင်းနှင့် မြေသြဇာကျွေးခြင်းတို့ကို ကြိုးစားပမ်းစား လုပ်ဆောင်နေကြသည်။
တစ်ချိန်တည်းမှာပင် မြို့ပြင်ပတ်လမ်း၏ အတွင်းပိုင်းအလွှာ၌ ခိုင်ခံ့သော အုတ်နှင့် သစ်သားအိမ်တန်းကြီးများ ရှိနေသည်။
သာမန် အသက်ရှင်ကျန်ရစ်သူများသည် ထိုအိမ်များတွင် နေထိုင်ကြသည်။ အိမ်ခေါင်မိုးအောက်တွင် သက်ကြီးရွယ်အိုအချို့ စကားလက်ဆုံကျနေကြပြီး၊ ခပ်လှမ်းလှမ်းရှိ လမ်းမများပေါ်တွင်မူ ကလေးငယ်များမှာ တက်ကြွရွှင်လန်းစွာ ဆော့ကစားရင်း ရယ်မောသံများ ပဲ့တင်ထပ်နေသည်။
ဤသည်မှာ မြို့ပြင်ပတ်လမ်း၏ ပြောင်းလဲမှုများ ဖြစ်သည်။ မြို့တွင်းပိုင်းမှာမူ ပို၍ပင် ကြီးမားသော ပြောင်းလဲမှုများကို ကြုံတွေ့ထားရသည်။ လျှပ်စစ်မီးကို အသုံးပြုနိုင်ပြီ ဖြစ်
သောကြောင့် ယခုအခါ ကမ္ဘာမပျက်မီက ကမ္ဘာဟောင်းနှင့်ပင် အနည်းငယ် ဆင်တူနေပြီ ဖြစ်သည်။
ကျယ်ဝန်းသော လမ်းမများကို ကွန်ကရစ်များ ခင်းထားသဖြင့် ချောမွေ့ညီညာလှသည်။ သတ်မှတ်ထားသော အကွာအဝေးတိုင်းတွင် ရေဆိုးထုတ်မြောင်းပေါက်များ ရှိပြီး လမ်းဘေး ဝဲယာတွင်လည်း လမ်းမီးတိုင်များ စီတန်းလျက် ရှိသည်။ သို့သော် နေ့ခင်းဘက်ဖြစ်သောကြောင့် ထိုလမ်းမီးတိုင်များကို ဖွင့်မထားပေ။
ထို့အပြင် လမ်းဘေးတစ်လျှောက်တွင် အထူးအရောင်းဆိုင်များ၊ စူပါမားကတ်များ၊ ဟင်းသီးဟင်းရွက်စျေးများနှင့် အဝတ်အထည်ဆိုင်များ ရှိနေသည်။ လူအများမှာ သွားလာလှုပ်ရှားနေကြသဖြင့် တကယ့်ကို စည်ကားလှသော မြင်ကွင်းတစ်ခု ဖြစ်နေတော့သည်။
အဝတ်အစား ကောင်းမွန်စွာ ဝတ်ဆင်ထားသော မြို့တွင်းနေထိုင်သူအချို့မှာ လမ်းမတစ်လျှောက် စကားပြောရင်း ရယ်မောကာ လမ်းလျှောက်နေကြသည်။
သို့သော်လည်း ပြင်ပလောကတွင် သက်ဝင်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပြီး အရာအားလုံးမှာ အကောင်းဘက်သို့ ဦးတည်နေပုံရသော်လည်း ကျန်းဟိုင် အခြေစိုက်မြို့တော်စခန်း၏ အစည်းအဝေးခန်းမအတွင်းရှိ အဆင့်မြင့်အရာရှိကြီးများမှာမူ စိုးရိမ်ပူပန်မှုများဖြင့် ပြည့်နှက်နေကြသည်။
အခန်းအတွင်း ဆေးလိပ်ငွေ့များမှာ လိပ်တက်နေပြီး စားပွဲပေါ်ရှိ ဆေးလိပ်ပြာခွက်များမှာလည်း ပြာများနှင့် ဆေးလိပ်တိုများဖြင့် ပြည့်လျှံနေကာ အချို့မှာ အပြင်သို့ပင် ဖိတ်ကျတော့မည့်
အလား ဖြစ်နေသည်။
ဇွန်ဘီဘုရင်သည် ကျင်းပြည်နယ်အတွင်း၌ လှည့်လည်သွားလာနေဆဲဖြစ်ပြီး အချိန်မရွေး ပြန်လာနိုင်သည်ကို တွေးမိတိုင်း ဤလူများမှာ အေးအေးလူလူ မစားနိုင်၊ မအိပ်နိုင် ဖြစ်နေကြရသည်။
ကျန်းဟိုင်အခြေစိုက်စခန်းသည် မူလကတည်းက ဇွန်ဘီဘုရင်နှင့် ရန်ငြိုးဟောင်း ရှိခဲ့ကြသူများဖြစ်ပြီး ထိုရန်ငြိုးမှာလည်း အသေးအဖွဲ့ မဟုတ်ပေ။ အကြောင်းမှာ သူတို့သည် ဤလူကို တိုက်ခိုက်ရန် လူလွှတ်ခဲ့သည်မှာ တစ်ကြိမ်ထက်မက ရှိခဲ့သောကြောင့်ဖြစ်သည်။
ယခုအခါတွင်မူ ပြိုင်ဘက်မှာ အရှိန်အဟုန်ဖြင့် ကြီးထွားလာခဲ့ပြီး ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်နေပြီဖြစ်သည်။ သူတို့သည် လီမြစ်မြို့တော်စခန်းကိုပင် လျင်မြန်စွာ ဖျက်ဆီးပစ်နိုင်ခဲ့သည်ဆိုပါက ကျန်းဟိုင်အခြေစိုက်စခန်းကိုလည်း ဖျက်ဆီးပစ်နိုင်သည်မှာ မြေကြီးလက်ခတ်မလွဲပင်။
အင်အားချင်း နှိုင်းယှဉ်မည်ဆိုလျှင်ပင် ကျန်းဟိုင်အခြေစိုက်စခန်းမှာ လီမြစ်မြို့တော်စခန်းကို အမှန်တကယ် မယှဉ်နိုင်ပေ။
ဤမျှ အစွမ်းထက်လှသော ရန်သူကြီးမှာ အနီးနားတွင် ဝဲလည်နေသည်ဖြစ်ရာ သူတို့အတွက် မစိုးရိမ်ဘဲ မနေနိုင်တော့ဘဲ ညဘက်တွင်လည်း ကောင်းကောင်း အိပ်မပျော်နိုင်ကြတော့ပေ။
ကျန်းဟိုင်အခြေစိုက်စခန်းသည် နောက်ဆုံးတွင်မှ အခြေအနေအနည်းငယ် တိုးတက်
ကောင်းမွန်လာခြင်းဖြစ်ရာ အကယ်၍ ဇွန်ဘီဘုရင်သာ တိုက်ခိုက်လာပါက လက်ရှိမျှော်လင့်ချက်ရှိသော အခြေအနေများမှာ ပျက်စီးသွားမည်ဖြစ်ပြီး အခြေစိုက်စခန်းကိုယ်တိုင်ပင် ပြိုလဲသွားနိုင်ခြေ အလွန်များနေသည်။
ထိုသို့ဖြစ်လာပါက သူတို့သည်လည်း သေဆုံးသွားခဲ့ကြသော လီမြစ်မြို့တော်စခန်းမှ အဆင့်မြင့်အရာရှိကြီးများ၏ ခြေရာအတိုင်း လိုက်သွားရပေလိမ့်မည်။
ဤအချက်ကို ရောက်ရှိနေသူတိုင်း သိကြပြီး သူတို့မှာ လူအေးများ မဟုတ်ကြပေ။ ဇွန်ဘီဘုရင်၏ ပြဿနာကို ဖြေရှင်းရန်မှာ အရေးတကြီး လိုအပ်နေသည်ကို အားလုံးက ရှင်းရှင်းလင်းလင်း နားလည်ထားကြသည်။ သို့သော် ဇွန်ဘီဘုရင်ကို ဘယ်လို ကိုင်တွယ်မလဲဟု ဆွေးနွေးသည့်အခါတွင်မူ မည်သူမျှ အကြံပြုချက် မပေးနိုင်ကြပေ။
ဘာပဲဖြစ်ဖြစ်... ဇွန်ဘီဒီရေလှိုင်းကြီးကို အမိန့်ပေးနိုင်တဲ့ ဇွန်ဘီဘုရင်ကို သာမန်မြို့တော်စခန်းလေးတစ်ခုက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။ ဘာမှလုပ်နိုင်မှာ မဟုတ်ဘူး။ ဒါက သတ်ကွင်းထဲ ဆင်းသွားသလိုပဲ ဖြစ်မှာပေါ့။
စားပွဲ၏ ထိပ်ဆုံးတွင် ထိုင်နေသော အခြေစိုက်စခန်း ခေါင်းဆောင်ကြီးမှာမျက်မှောင်ကြုတ်ထားပြီး သူ၏ မျက်နှာမှာ မှောင်မှိုင်းနေသည်။
ဇွန်ဘီဘုရင်သည် ကျန်းဟိုင်အခြေစိုက်စခန်း၏ အထက်တွင် အချိန်မရွေး ပြုတ်ကျလာနိုင်သော ဆွဲထားသည့် ဓားတစ်လက်ကဲ့သို့ ခြိမ်းခြောက်နေပြီး အားလုံးကို မငြိမ်မသက် ဖြစ်စေသည်။
ဒေါက်... ဒေါက်... ဒေါက်...
ထိုစဉ်မှာပင် တံခါးအပြင်ဘက်မှ ခြေသံအချို့နှင့်အတူ တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာသည်။
"ဝင်ခဲ့"
အခြေစိုက်စခန်း ခေါင်းဆောင်ကြီးက တံခါးဆီသို့ တစ်ချက်လှမ်းကြည့်ကာ တည်ငြိမ်စွာ ပြောလိုက်သည်။
ကလစ်….
နောက်တစ်ခဏတွင် တည်ကြည်ခန့်ညားသော အသွင်အပြင်ရှိသည့် အရာရှိတစ်ဦးသည် တံခါးကိုတွန်းဖွင့်ကာ အခြေစိုက်စခန်း ခေါင်းဆောင်ကြီး၏ ရှေ့မှောက်သို့ အပြေးအလွှား လျှောက်လှမ်းလာခဲ့သည်။
"ခေါင်းဆောင်ကြီး... မြို့ပြင်က ကင်းစခန်းကို ခုနတင်ပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်
ယောက်က စာတစ်စောင် လာပို့သွားပါတယ်။ အဲဒီစာထဲမှာ ဇွန်ဘီဘုရင်ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းပါဝင်တယ်လို့ သူက ပြောသွားပါတယ်"
ထိုအရာရှိက လေးနက်စွာ ဆက်ပြောသည်။
"ကျွန်တော်တို့ စာကိုဖွင့်ကြည့်လိုက်တဲ့အခါ ဒါက အရမ်းအရေးကြီးတဲ့အရာ ဖြစ်နိုင်တယ်လို့ ယူဆရတဲ့အတွက် အခုလို လာရောက်အစီရင်ခံတာပါ"
လုံခြုံရေးတာဝန်ယူထားရသူများပီပီ ပြင်ပလူတစ်ယောက်၏ စကားကို အလွယ်တကူ မယုံကြည်နိုင်ကြပေ။ ထို့ကြောင့် ထိုလူထွက်သွားပြီးနောက် လုံခြုံရေးအစောင့်က ထောင်ချောက်တစ်ခု ဖြစ်နိုင်ခြေ ရှိမရှိကို အသေအချာ စစ်ဆေးခဲ့ကြသေးသည်။
အစီရင်ခံစာတင်ပြပြီးနောက် အရာရှိသည် သူ၏လက်ထဲရှိ စာအိတ်ကို ခေါင်းဆောင်ကြီးထံ ကမ်းပေးလိုက်သည်။
"လျှို့ဝှက်ဆန်းကြယ်တဲ့လူ ဟုတ်လား"
အရာရှိ၏ စကားကြောင့် ဇဝေဇဝါဖြစ်သွားရသော်လည်း အခြေစိုက်စခန်း ခေါင်းဆောင်ကြီးသည် လူအားလုံး၏ ရှေ့မှောက်မှာပင် စာအိတ်ကို ဖောက်ကြည့်လိုက်တော့သည်။
အတွင်း၌မူ ကြည်လင်ပြတ်သားသော ဓာတ်ပုံတစ်ပုံနှင့် စာလုံးများ အပြည့်အစုံ ရေးသားထားသော စက္ကူတစ်ရွက် ပါရှိနေသည်။
စားပွဲပေါ်တင်ထားသော ဓာတ်ပုံကို ကြည့်လိုက်သည်နှင့် အခြေစိုက်စခန်း ခေါင်းဆောင်ကြီး၏ မျက်နှာမှာ တင်းမာသွားပြီး သူ၏ မျက်ဝန်းများမှာ စူးရှတောက်ပလာသည်။
"ဒါက မိုးကြိုးဟိန်းသံပဲ"
ထိုစဉ်မှာပင် အနီးနားရှိ အဆင့်မြင့်အရာရှိအချို့သည် ဓာတ်ပုံကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက်တည်းလိုလို အံ့ဩတကြီး ရေရွတ်လိုက်ကြသည်။
ရောက်ရှိနေသူအားလုံးသည် မိုးကြိုးဟိန်းသံအကြောင်းကို ရင်းနှီးပြီးသား ဖြစ်ကြသည်။ ဤသားရဲသာ မရှိခဲ့ပါက ဆန်းချွမ်းအခြေစိုက်စခန်းမှာလည်း ပျက်စီးသွားစရာ အကြောင်းမရှိပေ။
ဒါပေမဲ့ စဉ်းစားလို့မရတာက... ဒီလျှို့ဝှက်ဆန်းကြယ်တဲ့လူက မိုးကြိုးဟိန်းသံရဲ့ ဓာတ်ပုံပါတဲ့စာကို ပေးပို့ပြီး ဘာကို ဆိုလိုချင်တာလဲ။ ဇွန်ဘီဘုရင်ကို နှိမ်နင်းတာနဲ့ မိုးကြိုးဟိန်းသံက ဘာတွေများ ပတ်သက်နေလို့လဲ။
ထို့ကြောင့် အဆင့်မြင့်အရာရှိအားလုံးသည် စာထဲတွင် ရေးသားထားသော အချက်အလက်များဆီသို့သာ အာရုံစိုက်လိုက်ကြတော့သည်။ ၎င်းမှာ အဓိကသော့ချက်ပင်။
ယခုအချိန်တွင် အခြေစိုက်စခန်း ခေါင်းဆောင်ကြီးသည် သူ၏လက်ထဲရှိ စာကို အသေအချာ ဖတ်ရှုနေပြီး စာသားများကို တစ်လုံးချင်း ဖြည်းဖြည်းချင်း ဖတ်နေစဉ် သူ၏ မျက်နှာအမူအရာမှာ အလွန်ပင် ထူးဆန်းလာခဲ့သည်။
စာထဲတွင် မိုကြိုးဟိန်းသံ၏ ခန့်မှန်းခြေ အင်အားနှင့် ၎င်း၏ လျှပ်စီးအပေါ် အလွန်အမင်း နှစ်သက်တွယ်တာမှုအကြောင်းတို့ကို ရေးသားထားသည်။
ထို့အပြင် ဇွန်ဘီဘုရင်ကို ကိုင်တွယ်ရန် နည်းလမ်းတစ်ခုကိုလည်း မှတ်တမ်းတင်ထားရာ ၎င်းမှာ အခြေစိုက်စခန်းအနေဖြင့် မိုးကြိုးဟိန်းသံကို မျှားခေါ်ပြီး ဇွန်ဘီဘုရင်နှင့် ထိပ်တိုက်တွေ့ဆုံစေရန် အကြံပြုထားခြင်းပင်။
ထို့နောက် အခြေစိုက်စခန်း ခေါင်းဆောင်ကြီးသည် အခြားသူများ ဖတ်ရှုနိုင်ရန် စာကို ဘေးကလူထံ ကမ်းပေးလိုက်သည်။
ထိုလျှို့ဝှက်ဆန်းကြယ်သူ၏ အကြံပြုချက်ကို မြင်လိုက်ရသောအခါ အဆင့်မြင့်အရာရှိအားလုံးမှာ စဉ်းစားခန်း ဝင်သွားကြတော့သည်။
သူတို့သည် မိုးကြိုးဟိန်းသံ၏ အစွမ်းထက်မှုကို အသိအမှတ်ပြုကြသည်။ ၎င်း၏ အဆင့် ၅ အစွမ်းဖြင့် ဇွန်ဘီဘုရင်ကို တန်ပြန်တိုက်ခိုက်ခိုင်းခြင်းမှာ အမှန်တကယ်ပင် ထိရောက်သော နည်းလမ်းတစ်ခု ဖြစ်နိုင်သည်။
ကျန်းဟိုင်အခြေစိုက်စခန်း၏ အပြင်ဘက် တောအုပ်တစ်ခုအတွင်းသို့ အဆင့် ၃ ရှိသော ကြောက်မက်ဖွယ်ငှက်တစ်ကောင်ကို စီးနင်းထားသည့် လူတစ်ယောက်မှာ လျင်မြန်စွာ ဆင်းသက်လာခဲ့သည်။
ဝတ်ရုံနက်ကို ဝတ်ဆင်ထားသော ဟွမ်ရွှမ်သည် ကျန်းဟိုင်အခြေစိုက်စခန်း ရှိရာဘက်သို့ လှမ်းကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် ကျေနပ်အားရသော အမူအရာတစ်ခု ပေါ်လွင်နေသည်။
"သူတို့တွေ ဒါကို စိတ်မဝင်စားဘဲ မနေနိုင်ပါဘူး"
ဒဏ်ရာကုသနေစဉ် အတောအတွင်းမှာပင် ဟွမ်ရွှမ်သည် သူ၏ ဒဏ်ရာများကို ပျောက်ကင်းအောင် ကုသနိုင်ခဲ့ရုံသာမက သားရဲဘုရင်ဂိုဏ်းကိုလည်း ပြန်လည်စုစည်းကာ တည်ထောင်ခဲ့သည်။
ယခုအခါ ဟွမ်ရွှမ်၏ ဒဏ်ရာများမှာ ပျောက်ကင်းသွားပြီဖြစ်သလို သားရဲဘုရင်ဂိုဏ်းမှာလည်း အတော်အတန် ကြီးထွားလာခဲ့ပြီ ဖြစ်သည်။ သူ၏ လက်အောက်တွင် အဆင့် ၄ ရှိသော သားရဲတစ်ကောင်ပင် ရှိနေပြီဖြစ်သည်။
ဒဏ်ရာများ ပျောက်ကင်းသွားသည်နှင့်အမျှ သူသည် ဇွန်ဘီဘုရင်အပေါ် ထားရှိသော ရန်ငြိုးကိုလည်း မေ့မပစ်ခဲ့ပေ။ ယခုအခါ သူသည် လက်စားချေရန် စတင်နေပြီ ဖြစ်သည်။