အခန်း (၄၁၁-၄၁၂)
Vol. 39 Ch. 411-412
အခန်း (၄၁၁)။
"မကောင်းတော့ဘူး…၊ အဝီစိပလ္လင်…."
ကျိုးထိုက်ကျူ၏ စိတ်ဝိညာဉ်သည် ဟင်းလင်းပြင်ထဲမှ အတင်းအကျပ် ဆွဲထုတ်ခံလိုက်ရ သည်။ ကောင်းကင်ယံရှိ ဧရာမ မဟာလေဟာနယ်လက်ဝါးကို မြင်လိုက်ရသောအခါ သူ ထိတ်လန့်သွားပြီး - "ယန်ဖန်… မင်းတို့ ယန်မိသားစုဟာ ငါတည်ထောင်ခဲ့တဲ့ အင်ပါယာကို ခိုးယူခဲ့ကြတာ။ တစ်နေ့ကျရင် မင်းကို မြေမြှုပ်ဖို့နေရာတောင် မရှိစေရဘူး။”
သူသည် ဟိန်းဟောက်လိုက်ပြီးနောက် ရုတ်တရက် သူ၏ အဝီစိပလ္လင်ဆီသို့ ပြန်သွားကာ သုံးပေရှည်ပြီး လက်ဝါးခန့်ကျယ်သော လွန်းပျံပုံစံ မှော်ရတနာတစ်ခုကို ပြင်းထန်စွာ ပစ်လွှတ်လိုက်သည်။ ထိုလွန်းပျံသည် တုန်ခါသွားပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်း သွားသည့် အမည်းရောင်အလင်းတန်းများဖြင့် ပေါက်ကွဲထွက်လာသည်။
အမည်းရောင်အလင်းတန်း တစ်ခုချင်းစီတွင် လေထုကို ဆွဲဖြဲလိုက်သည့် အလွန်စူးရှသော လေတိုးသံများ ပါဝင်နေပြီး အရပ်မျက်နှာအနှံ့သို့ ပျံသန်းသွားသည့် လွန်းပျံပုံစံ သင်္ဘောငယ်များစွာ အဖြစ် ပြောင်းလဲသွားသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် ကျိုးထိုက်ကျူသည် ပျောက်ကွယ်သွားတော့သည်။
၎င်းမှာ ကျိုးထိုက်ကျူ၏ လျှို့ဝှက်မှော်ရတနာဖြစ်သော 'မှော်ဝင်ဝိညာဉ်နက် လွန်းပျံ' ပင် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် ဧရာမ ပလက်တီနမ် ကောင်းကင်တံခါးကြီးသည်လည်း ပိတ်သွားခဲ့ သည်။ မိုးခြိမ်းသံကဲ့သို့ အသံများ ဆက်တိုက် ထွက်ပေါ်လာပြီးနောက် အနှစ်သာရ နတ်ဘုရားကျောင်းမှ နတ်ဘုရားလေးပါး၊ မင်းစားအာဒီ၏ ကြင်ယာတော်နှင့် ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး အသွင်ပြောင်းထားသည့် ဧရာမ ပလက်တီနမ် နတ်ဘုရား ကြီးတို့ အားလုံး ထွက်ခွာသွားကြသည်။
မဟာလေဟာနယ်လက်ဝါး ပေါ်လာပြီးနောက် ကျိုးထိုက်ကျူနှင့် အနှစ်သာရနတ်ဘုရား ကျောင်းမှ ပုဂ္ဂိုလ်များအားလုံး တစ်ပြိုင်နက်တည်း ထွက်ပြေးသွားကြခြင်း ဖြစ်သည်။
ထိုလူများ ထွက်ပြေးသွားသည်ကို မြင်သော်လည်း ကောင်းကင်ယံရှိ မဟာလေဟာနယ် လက်ဝါးမှာ လှုပ်ရှားခြင်း မရှိပေ။ မှန်ပါသည်၊ မဟာလေဟာနယ်လက်ဝါးမှာ စွမ်းအားကြီး သော်လည်း မိုးကြိုးကပ်ဘေး ခြောက်ကြိမ်ဖြတ်ကျော်ထားသော ကျွမ်းကျင်သူနှစ်ဦး၏ ထွက်ပြေးမှုကိုမူ မတားဆီးနိုင်ခဲ့ပေ။
"ယန်ဖန်... ရှင်က ရှင့်ရဲ့စွမ်းအားကို ခွဲထုတ်ပြီး ဒီကိုအမြန်လာနိုင်ဖို့ မဟာလေဟာနယ် လက်ဝါးကို အသုံးပြုဝံ့တယ်ပေါ့။ ရှင့်ရဲ့စွမ်းအားတွေ အားနည်းသွားအချိန်မှာ မုန့်ရှန်းကျီ က ရှင့်ကို သတ်ပစ်လိုက်မှာ မကြောက်ဘူးလား။ သူရဲကောင်းတွေမှာ အလှအပနဲ့ ပတ်သက်ရင် အားနည်းချက်ရှိတယ်ဆိုတာ တကယ် မှန်နေပုံပဲ။ ရှင့်ရဲ့ ချစ်လှစွာသော မိန်းမက တခြား ယောက်ျားတစ်ယောက်နဲ့ နီးစပ်နေတာကို သိလိုက်ရတော့၊ အဲဒီ ယောက်ျားက ရှင့်လက်အောက်ငယ်သား ဖြစ်နေတာတောင် ရှင်က မခံမရပ်နိုင်ဖြစ်ပြီး ရှင့်အသက်ကိုတောင် ဂရုမစိုက်တော့ဘူးလား။" အနှစ်သာရနတ်ဘုရားကျောင်းမှ လူများ ထွက်ပြေးသွားစဉ် မင်းသားအာဒီ ကြင်ယာတော်၏အသံမှာ လေထဲတွင် အချိန်အတော် ကြာ ဟိန်းထွက်နေခဲ့သည်။
"ဒါဆို တကယ်ပဲ ချန်ဧကရာဇ် ယန်ဖန်ပေါ့။ တံဆိပ်တော်ကိုးခု၊ ကိုးခုကနေ တစ်ခုအဖြစ် ပြန်လည်ပေါင်းစည်းခြင်း၊ မဟာပြီးပြည့်စုံခြင်းတံဆိပ်... ဒါက လောကကြီးကို တုန်လှုပ်စေ တဲ့ မှော်စွမ်းအား မဟာလေဟာနယ်လက်ဝါးရဲ့ အစစ်မှန်ပုံစံပဲ။ ဒါနဲ့ ယှဉ်လိုက်ရင် ငါ့ရဲ့ မဟာလေဟာနယ် လက်ဝါးက မှေးမှိန်သွားတာပဲ။"
မဟာလေဟာနယ်လက်ဝါး ပေါ်လာပြီး တံဆိပ်ကိုးခုကို တစ်ခုပြီးတစ်ခု အသုံးပြုကာ နောက်ဆုံးတွင် မဟာပြီးပြည့်စုံခြင်းတံဆိပ်မှာ ရပ်တန့်သွားသည်ကို မြင်လိုက်ရသည်။ လက်ဝါးတစ်ချက်တည်းနှင့်ပင် ကျိုးထိုက်ကျူကို ဟင်းလင်းပြင်ထဲမှ အတင်းအကျပ် ထွက်လာအောင် လုပ်ဆောင်နိုင်ခဲ့သည်။ ဟုန်ယွိ၏ စိတ်ထဲတွင် စကားလုံးလေးလုံး ပေါ်ထွက်လာသည် - 'အကန့်အသတ်မဲ့ နတ်ဘုရားစွမ်းအား'။
တံဆိပ်ကိုးခု၏ ပုံစံများမှာလည်း ဟုန်ယွိ၏ နှလုံးသားထဲတွင် ရိုက်ခတ်သွားစေပြီး သူ၏ အတွေးစများထဲတွင် နက်ရှိုင်းစွာ စွဲထင်သွားခဲ့သည်။
မဟာလေဟာနယ်လက်ဝါး၏ လျှို့ဝှက်ချက်များကို သူ့ထက်ပို၍ နားလည်သူ မရှိပေ။ အတိတ်နှင့် အနာဂတ်ကျမ်းများ ပေါင်းစပ်ထားမှုကြောင့် သူသည် အိမ်ရှေ့စံမင်းသား ယန်ယွမ်ထက်ပင် မဟာလေဟာနယ်လက်ဝါး၏ နက်နဲမှုကို ပိုမိုနက်ရှိုင်းစွာ နားလည်နိုင် သည်။
"သွားစို့။"
မဟာလေဟာနယ်လက်ဝါး ပေါ်လာသောအခါ 'ကောင်းကင်ရနံ့ သူတော်စင် မိန်းမပျို' ယွမ်ရှန့်ရှန့်သည် စိုးရိမ်ပူပန်သော အမူအရာကို ပြသခဲ့သည်။ သူမသည် ဤနေရာတွင် ခဏတာမျှပင် ဆက်လက်နေထိုင်လိုပုံ မရပေ။
ဟုန်ယွိသည် သူ၏ စိတ်ထဲတွင် ထိတ်လန့်နေသော်လည်း သူ၏ ခန္ဓာကိုယ်မှာ သွေးသားနှင့် ဖွဲ့စည်းထားဆဲ ဖြစ်သည်။ သူသည် မဟာလေဟာနယ်လက်ဝါး၏ ဒဏ်ကို များစွာ မခံစားရ ပေ။ သူသည် ဟင်းလင်းပြင်ကို ဖောက်ထွင်းကာ မယုံနိုင်လောက်အောင် မြန်သော အရှိန်ဟုန်ဖြင့် ပျံသန်းနိုင်သည်။ ယနေ့ ဤနေရာတွင် ကျွမ်းကျင်သူများစွာ ရှိနေပြီး သူတို့ တစ်ဦးချင်းစီမှာ အလွန်နက်နဲသူများ ဖြစ်ကြောင်းလည်း သူသိသည်။ သူတို့အားလုံးမှာ လျှို့ဝှက်နည်းလမ်းများစွာ ရှိကြသည့် မိစ္ဆာများနှင့် ရက်စက်သော အင်မော်တယ်များ ဖြစ်ကြသည်။ သူ ဤနေရာတွင် ကြာကြာမနေနိုင်ပေ။ စစ်တလင်းမှ အမြန်ဆုံး ထွက်ခွာ သွားရန်မှာ ပို၍ အရေးကြီးသည်။
ထို့ကြောင့် ယွမ်ရှန့်ရှန့်၏ ရနံ့က သူ့ကို ဝန်းရံလိုက်သည်နှင့် တစ်ပြိုင်နက် ဟုန်ယွိသည် သူ၏လှံကို ပြန်ရုပ်သိမ်းကာ ကောင်းကင်သို့ ပျံတက်သွားပြီး အနောက်ဘက်သို့ အလျင်အမြန် ပျံသန်းသွားတော့သည်။
သူ ပျံတက်သွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံရှိ မဟာလေဟာနယ်လက်ဝါးမှာ ရုတ်တရက် လှုပ်ရှားသွားပြီး ဟင်းလင်းပြင်ကို ဖြတ်ကာ ဟုန်ယွိ၏ လမ်းကို ပိတ်ဆို့ လိုက်သည်။
"ယန်ဖန်... ရှင်က ကျွန်မကို တားဝံ့တယ်ပေါ့။ မဟာလေဟာနယ်လက်ဝါးလေး တစ်ခု တည်းနဲ့ ကျွန်မကို ဘာမှလုပ်လို့မရဘူး။ ပြီးတော့ ဒါက ကျွန်မရဲ့ ကိုယ်ပွားတစ်ခုပဲ။ တကယ်လို့ ရှင် ကျွန်မရဲ့ ဒီကိုယ်ပွားကို ဖျက်ဆီးလိုက်ရင်တောင် ကျွန်မအတွက် ဘာမှ အနှောင့်အယှက် မဖြစ်ဘူး။"
ယွမ်ရှန့်ရှန့်၏ လေသံမှာ ရုတ်တရက် စူးရှသွားသည်။ သူမသည် လက်ညှိုးဖြင့် ညွှန်လိုက် ရာ ပြင်းထန်သော ရနံ့တစ်ခုမှာ မဟာလေဟာနယ်လက်ဝါး၏ ဗဟိုဆီသို့ တိုက်ခိုက်သွား သည်။
ဤတိုက်ခိုက်မှုကို ရင်ဆိုင်ရာတွင် မဟာလေဟာနယ်လက်ဝါးမှာ ပြန်လည်တုံ့ပြန်လိုပုံ မရပေ။ ၎င်းသည် အနည်းငယ်သာ လှုပ်ရှားသွားပြီး အလင်းလှိုင်းတစ်ခု ထွက်ပေါ်လာကာ ရနံ့ကို ချေဖျက်ပစ်လိုက်သည်။
ဟုန်ယွိသည် ၎င်းကို မြင်သောအခါ လှုပ်ရှားမှု မပြုခဲ့ပေ။ သူသည် မျက်မှောင်ကြုတ် လိုက်ပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရိုးစူးများမှာ တုန်ခါနေကာ တစ်စုံတစ်ခုအတွက် ပြင်ဆင် နေသကဲ့သို့ ရှိသည်။
ဤအချိန်တွင် ဟုန်ယွိသည် မမျှော်လင့်ထားသော အခြေအနေများကို ကိုင်တွယ်ရန် အတွက် သူ၏ ခွန်အားစစ်စစ်ကို ထိန်းသိမ်းထားရမည် ဖြစ်သည်။ ချန်ဧကရာဇ် ယန်ဖန် ပေါ်လာပြီဆိုလျှင် ဟုန်ရွှန်ကျိမှာလည်း ဝေးဝေးနေမည် မဟုတ်ပေ။
မဟာလေဟာနယ်လက်ဝါး ရပ်တန့်သွားပြီးနောက် အသံတစ်သံ ထွက်ပေါ်လာပြီး စကားလုံး သုံးလုံးကို ပြောလိုက်သည် - "ဘာကြောင့်လဲ။"
ဤအသံမှာ ဟုန်ယွိ အလွန်ရင်းနှီးနေသည့် တော်ဝင်ချန်ဧကရာဇ် ယန်ဖန်၏ အသံပင် ဖြစ်သည်။
"ကျွန်မ ဟုန်ယွိနဲ့ နီးစပ်နေရတဲ့အကြောင်းကို မေးနေတာလား။" ယွမ်ရှန့်ရှန့်က အေးစက် စွာ ပြောလိုက်သည်။ သူမ၏အသံတွင် မည်သည့် ခံစားချက်မျှ မပါဝင်ပေ။ "အချိန်မြစ်ကြီး ဟာ သမိုင်းစာအုပ်တစ်အုပ်ပဲ။ သမိုင်းစာအုပ်ထဲမှာ ခေတ်တစ်ခုချင်းစီဟာ သီးခြားစီ ဖြစ်နေတဲ့ အတ္ထုပ္ပတ္တိတွေပဲ။ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးရာက မဟာကျိုးမင်းဆက်ကို တည်ထောင်ခဲ့တဲ့ ကျိုးထိုက်ကျူဟာ အတ္ထုပ္ပတ္တိတွေထဲက အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ တယ်။ သူက မဟာကျိုးမင်းဆက်ကို တည်ထောင်ပြီးနောက်မှာ အတ္ထုပ္ပတ္တိတွေဟာ နောက်အခန်းကို ကူးပြောင်းသွားခဲ့တယ်။ မုန့်ရှန်းကျီဟာ အတိုင်းအဆမဲ့တဲ့ တောက်ပမှု တွေနဲ့အတူ ကောင်းကင်ဘုံကို ခြိမ်းခြောက်ခဲ့တယ်။ နှစ်ပေါင်းသုံးရာ ကြာပြီးတဲ့နောက်မှာ မုန့်ရှန်းကျီရဲ့ ဇာတ်လမ်းဟာလည်း ပြီးဆုံးသွားခဲ့ပြီ။ ရှင်နဲ့ ဟုန်ရွှန်ကျိတို့ဟာ ဒိုင်ဇင် ဘုရားကျောင်း ဖျက်ဆီးမှုကို လက်ဦးဖော်ဆောင်ပြီး စီစဉ်ခဲ့ကြတယ်။ ရှင်တို့ဟာ အဲဒီ အတ္ထုပ္ပတ္တိထဲက အဓိကဇာတ်ဆောင်တွေ ဖြစ်ခဲ့ကြတယ်။ အခုတော့ ရှင်တို့ရဲ့ ဇာတ်လမ်း ဟာလည်း ကုန်ဆုံးသွားခဲ့ပြီ။ ဟုန်ယွိ ထွက်ပေါ်လာပြီး ပညာရှင် သူတော်စင် တစ်ရာက တစ်ပြိုင်နက်တည်း ကောင်းချီးပေးခဲ့ကြတယ်။ သူက ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ဆောင် ဖြစ်လာခဲ့ပြီ။ ကျွန်မက ကောင်းကင်ရနံ့ဂိုဏ်းရဲ့ အထွတ်အထိပ် နတ်ဘုရားစွမ်းအားကို ကျင့်ကြံထားတာဆိုတော့၊ ကံကောင်းတာကို ရှာဖွေပြီး ဘေးအန္တရာယ်ကို ဘယ်လိုရှောင်ရ မလဲဆိုတာ သဘာဝအတိုင်း သိတာပေါ့။" (အမွှေးရနံ့ဂိုဏ်းဟု ပါသည့်အတိုင်း ပြန်ဆိုခဲ့ သည်။ ဤနေရာတွင် ကောင်းကင်ရနံ့ဂိုဏ်းဟု သုံးနှုန်းတွေ့ရသည့်အတွက် ဤနာမည် အတိုင်း ပြန်ဆိုပါတော့မည်)။
"မျိုးဆက်တိုင်းမှာ ပါရမီရှင်တွေ ရှိနေမှာဖြစ်ပြီး သူတို့တစ်ဦးချင်းစီကလဲ နှစ်ပေါင်းရာချီပြီး ဦးဆောင်သွားလိမ့်မယ်လို့ မင်း ပြောချင်တာလား။ ငါတို့ရဲ့သား ယန်အန်းဟာလည်း တစ်ချိန်က တောက်ပခဲ့ဖူးပြီး 'ဖန်ဟွမ်အသက်ဝိညာဉ်ဓား' ကို ပိုင်ဆိုင်ခဲ့တာပဲ။ သူကရော ဘာလို့ ဒီခေတ်ရဲ့ အရေးပါတဲ့ ပုဂ္ဂိုလ်တစ်ယောက် မဖြစ်နိုင်ရမှာလဲ။"
ယန်ဖန်၏ အသံမှာ ဆက်လက် ထွက်ပေါ်နေသည်။
"ဟွန့်... ကျွန်မက သေပြီးသားသူပဲ။ ကျွန်မရဲ့ အရင်ဘဝမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ကျွန်မနဲ့ ဘာမှမဆိုင်တော့ဘူး။" ယွမ်ရှန့်ရှန့်က အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။
"ဒီသမိုင်းမော်ကွန်း အမျိုးမျိုးမှာ ထာဝရအဓိကဇာတ်ဆောင်ဆိုတာ မရှိဘူးလို့ မင်း ပြောချင်တာလား။ ငါတို့ကတော့ ထာဝရတောက်ပမှုကို ပေးစွမ်းချင်တယ်လို့ မင်းကို ပြောပြချင်တယ်။ ဒီနည်းလမ်းနဲ့ပဲ ငါတို့ တစ်ဖက်ကမ်းကို ကူးမြောက်နိုင်မှာ။" တော်ဝင် ချန်ဧကရာဇ် ယန်ဖန်၏ အသံမှာ ဟင်းလင်းပြင်တစ်ခုလုံးကို တုန်ခါသွားစေသည်။
"ဟုန်ယွိ... မင်းက ငါတို့ရဲ့ လက်အောက်ငယ်သား တစ်ယောက်အနေနဲ့၊ မင်းကရော ငါတို့ရဲ့ တောက်ပမှုကို ဖုံးလွှမ်းချင်နေတာလား။"
ထိုစဉ်မှာပင် တော်ဝင်ချန်ဧကရာဇ် ယန်ဖန်၏ စကားလုံးများမှာ ရုတ်တရက် ပြောင်းလဲ သွားပြီး ဟုန်ယွိဆီသို့ ဦးတည်လာသည် "မင်း ဒီလောက်အမြန် ကြီးထွားလာလိမ့်မယ်လို့ မထင်ထားမိဘူး။ ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်တောင် မင်းဆီမှာ ရှိနေတာ လား။"
"အရှင်မင်းကြီးပဲကိုး။" ချန်ဧကရာဇ် ယန်ဖန်၏ အသံကို ကြားလိုက်ရသဖြင့် ဟုန်ယွိက မပြောဘဲ မနေနိုင်တော့ပေ - "အရှင်မင်းကြီးက ကိုယ့်စွမ်းအားတွေကို ဒီလောက်အထိ နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားပြီး မဟာလေဟာနယ်လက်ဝါးကိုတောင် 'မဟာပြီးပြည့်စုံ ခြင်း' အဆင့်အထိ ကျင့်ကြံထားတာကိုး။ ကြည့်ရတာ စစ်မှန်တဲ့ 'အသက်မဲ့ အနာဂတ် ကျမ်း' ဟာ အရှင်မင်းကြီးရဲ့ လက်ထဲမှာ ရှိနေတာပဲ မဟုတ်လား။"
"မှန်တယ်။ စစ်မှန်တဲ့ 'အသက်မဲ့ အနာဂတ်ကျမ်း' ဟာ ငါတို့လက်ထဲမှာ ရှိတယ်။ ဟုန်ယွိ... မင်း အဲဒါကို သင်ယူချင်လား။ မင်း ဆန္ဒရှိမယ်ဆိုရင်၊ ငါတို့က မင်းကို စစ်မှန်တဲ့ 'အသက်မဲ့ အနာဂတ်ကျမ်း' ကို ချက်ချင်း ကျင့်ကြံခွင့်ပေးနိုင်တယ်။ မင်းက ဒိုင်ဇန်ကျောင်းတော်ရဲ့ 'အတိတ်ကျမ်း' ကို ကျင့်ကြံထားတော့ 'အနာဂတ်ကျမ်း' ကိုလည်း ကျင့်ကြံနိုင်မှာ ဖြစ်ပြီး အဲဒါတွေက တစ်ခုနဲ့တစ်ခု ပိုပြီးတော့ အားဖြည့်ပေးသွားလိမ့်မယ်။"
ယန်ဖန်၏ အသံမှာ ဟိန်းထွက်နေသည်။
"အော်... အရှင်မင်းကြီးက 'အသက်မဲ့ အနာဂတ်ကျမ်း' လို အနှိုင်းမဲ့ လျှို့ဝှက်ကျမ်းစာကို တောင် ကျွန်တော့်ကို ကျင့်ကြံဖို့ တကယ်ပဲ ပေးမလို့လား။" ဟုန်ယွိက ခပ်အေးအေး ပြောလိုက်သည်။ သူ လုံးဝ မယုံကြည်နိုင်ပေ။
"ဧကရာဇ်တစ်ပါးဟာ နောက်ပြောင်လေ့ မရှိဘူး။ ဒါပေမဲ့ မင်း ငါ့ကို ကတိတစ်ခု ပေးရ မယ်။ အဲဒါက မုန့်ရှန်းကျီကို သတ်ဖို့ ငါ့ကို ကူညီပေးရမယ်။ မင်း သဘောတူမယ်ဆိုရင်၊ ဒီ 'အသက်မဲ့ အနာဂတ်ကျမ်း' ကို ယူပြီး ဖတ်ကြည့်နိုင်တယ်။"
ယန်ဖန်၏ အသံ ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် မဟာလေဟာနယ်လက်ဝါးမှာ ဆယ်ပေခန့်အထိ ကျုံ့သွားခဲ့သည်။
သူ၏ လက်ဝါးထဲတွင် ကျမ်းစာအုပ်တစ်အုပ် ပေါ်လာသည်။ ဤကျမ်းစာမှာလည်း 'အတိတ်ကျမ်း' ကဲ့သို့ပင် နက်မှောင်သော ရွှေရောင်ရှိပြီး စန္ဒကူးနံ့သာရောင်နှင့် တူနေ သည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် ဤစာအုပ်၏ ကုန်ကြမ်းမှာ 'အတိတ်ကျမ်း' နှင့် အတူတူ ပင်ဖြစ်ကြောင်း ဟုန်ယွိ ပြောနိုင်သည်။
အထူးသဖြင့် ဤစာအုပ်၏ မျက်နှာဖုံးပေါ်တွင် လေဟာနယ်တစ်ခုကို ပုံဖော်ထားသည့် ရိုးရှင်းသော မျဉ်းကြောင်းအချို့သာ ပါရှိသဖြင့် ၎င်းကို ကြည့်လိုက်ရုံနှင့် လေဟာနယ် တစ်ခုကို ကြည့်နေရသကဲ့သို့ ခံစားရစေသည်။
ဤအချိန်တွင် ၎င်းမှာ စစ်မှန်သော 'အသက်မဲ့ အနာဂတ်ကျမ်း' ဖြစ်ကြောင်း ဟုန်ယွိ သိလိုက်ရသည်။
၎င်းမှာ ဒိုင်ဇင်ကျောင်းတော်၏ အမြင့်မားဆုံးသော ရှေးဟောင်းကျမ်းစာများထဲမှ တစ်ခု ဖြစ်သည်။
"ဒါတင်မကဘူး၊ မင်းရဲ့မိခင်က မင်းအတွက် ချန်ထားရစ်ခဲ့တဲ့ 'တိုင်ရှန်တာအိုဂိုဏ်းက လျှို့ဝှက်ကျမ်း' နဲ့ 'စကြာဝဠာကျမ်း' တို့ကိုလည်း ငါ မင်းဆီ လွှဲပေးမယ်။ ဒါ့အပြင်, မင်းကို 'ဖန်တီးခြင်းတာအိုဂိုဏ်းရဲ့ လျှို့ဝှက်ကျမ်းဖြစ်တဲ့ 'ဖန်တီးခြင်း ကောင်းကင်ကျမ်း' ကိုလည်း ဖတ်ခွင့်ပေးမယ်။"
ယန်ဖန်၏ အသံမှာ ထပ်မံ ထွက်ပေါ်လာပြီး သူ၏ လက်ဝါးမှာ အနည်းငယ် လှုပ်ရှားသွား သည်။ ၎င်းမှာ ဟုန်ယွိသာ စကားတစ်ခွန်း ပြောလိုက်မည်ဆိုပါက ကျင့်ကြံသူအားလုံး အိပ်မက်မက်နေကြသည့် 'အသက်မဲ့ အနာဂတ်ကျမ်း' ကို ဟုန်ယွိဆီသို့ လွှဲပေးမည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။
ဤအခြေအနေကို မြင်လိုက်ရပြီး ဤစကားကို ကြားလိုက်ရသောအခါ 'ကောင်းကင်ရနံ့ သူတော်စင် မိန်းမပျို' ယွမ်ရှန့်ရှန့်ပင် မျက်မှောင်ကြုတ်သွားခဲ့သည်။
'အသက်မဲ့ အနာဂတ်ကျမ်း'၊ 'စကြာဝဠာကျမ်း' နှင့် 'ဖန်တီးခြင်း ကောင်းကင်ကျမ်း' တို့မှာ အလွန်တရာ ရှားပါးလှသည်။
"အရှင်မင်းကြီး ဒုက္ခမရှာပါနဲ့။ 'စကြာဝဠာကျမ်း'ကို ကျွန်တော့်မိခင်ဆီကနေ ဟုန်ရွှန်ကျိက ယူသွားခဲ့တာ။ သဘာဝအတိုင်း၊ ကျွန်တော်ကိုယ်တိုင်ပဲ သူ့ဆီကနေ အဲဒါကို ပြန်ယူမှာပါ။ 'အသက်မဲ့ အနာဂတ်ကျမ်း'နဲ့ ပတ်သက်လို့တော့ အရှင်မင်းကြီးအနေနဲ့ အခုလောလော ဆယ် ကျွန်တော့်ကို ဆုချဖို့ မလိုသေးပါဘူး။ မုန့်ရှန်းကျီမှာ ဘယ်လိုအမှားတွေပဲရှိရှိ သူက ကျွန်တော့်မိခင်ရဲ့ အစ်ကိုတော်ပဲ။ ကျွန်တော် 'စကြာဝဠာကျမ်း'ကို ရရှိပြီးရင် သူ့ဆီကို ကိုယ်တိုင် ပြန်သွားပေးမှာပါ၊ အခုချိန်မှာ သူ့ကိုသတ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။"
ဟုန်ယွိ၏ ခန္ဓာကိုယ်မှာ လှုပ်ရှားသွားပြီး ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်မှာ ကျုံ့သွားကာ သူ၏ ရုပ်သွင်စစ်စစ် ပေါ်ထွက်လာသည်။
"ဒါပေမဲ့ ဒီနေ့ အခြေအနေက အလွန်စိုးရိမ်စရာ ကောင်းတယ်။ လာရောက် ကူညီပေးတဲ့ အတွက် အရှင်မင်းကြီးကို အများကြီး ကျေးဇူးတင်ပါတယ်။"
"အော်…၊ မင်းက ဒါကို စိတ်မဝင်စားဘူးပေါ့။ မုန့်ရှန်းကျီဟာ အစွန်းရောက် ခံစားချက်မဲ့ လမ်းစဉ်ကို ကျင့်ကြံသူပဲ။ မင်း သူ့ကို ရင်မဆိုင်ရင်တောင် သူက မင်းကို အရင် လာရင်ဆိုင် မှာပဲ။ သူက ငါ့သား ယန်အန်းကို ထောက်ခံပေးနေတာ မင်းသိမှာပါ။ ငါ့သား ယန်အန်းဟာ မိစ္ဆာတွေထဲက မိစ္ဆာတစ်ယောက်ပဲ။ သူ့ရဲ့ဝိညာဉ်ဇစ်မြစ်က ထူးဆန်းသလို သူ့ ပိုင်ဆိုင်လို စိတ်ကလည်း လူသားတွေရဲ့ သဘာဝထက် ကျော်လွန်နေတယ်။ ဒါ့ပြင် သူက အနာဂတ် လူသားမျိုးနွယ်ရဲ့ အပြောင်းအလဲတွေကိုလည်း ကြိုသိထားတယ်။ တကယ်လို့ မုန့်ရှန်းကျီ သာ သူ့ကို အစွမ်းကုန် ထောက်ခံပေးမယ်ဆိုရင် သူက မင်းအတွက် ကြီးမားတဲ့ ပြဿနာ တစ်ခု ဖြစ်လာလိမ့်မယ်။"
ယန်ဖန်၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။
"အရှင်မင်းကြီး စိုးရိမ်စရာ မလိုပါဘူး။ ဒါကို ကျွန်တော် သဘာဝအတိုင်း သတိထားမှာပါ။ အရှင်မင်းကြီးသာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ၊ မုန့်ရှန်းကျီက အရှင်မင်းကြီးရဲ့ အားနည်း ချက်ကို အခွင့်ကောင်းယူသွားမှာ စိုးလို့ပါ။" ဟုန်ယွိက ခပ်အေးအေး ပြောလိုက်သည်။
"လက်အောက်ငယ်သား တစ်ယောက်အနေနဲ့၊ မင်းက ငါ့အမိန့်ကို မနာခံဘဲ ငါ့ကို ဆန့်ကျင် တော့မှာလား။" ယန်ဖန်က ရုတ်တရက် ပြောလိုက်သည် "ဒါဆိုရင် ဘာဖြစ်လို့ မင်းက ငါ့ရဲ့ အမိန့်ကို နာခံပြီး အနောက်ဘက်ဒေသကို လာခဲ့တာလဲ။ အခုတော့ အနှစ်သာရနတ်ဘုရား ကျောင်းရဲ့ ပစ်မှတ်ထားခြင်းကို ခံရပြီး မင်းရဲ့အသက်တောင် ဆုံးရှုံးလုနီးပါး ဖြစ်ခဲ့ရပြီ မဟုတ်လား။"
"အများကိစ္စက အများကိစ္စ၊ ပုဂ္ဂလိကကိစ္စက ပုဂ္ဂလိကကိစ္စပဲ။ အများကိစ္စနဲ့ ပုဂ္ဂလိကကိစ္စ ကို ရောထွေးလို့ မရပါဘူး။" ဟုန်ယွိက ပြုံးလိုက်သည်။ "ကျွန်တော် အနောက်ဘက်ဒေသ ကို လာတာက အနောက်ဘက်ဒေသရဲ့ စစ်တပ်ကို ခုခံဖို့ပါ။ အဲဒါက အများကိစ္စအတွက်ပါ။ အရှင်မင်းကြီးဟာ ကြီးမားတဲ့ ပါရမီနဲ့ မဟာဗျူဟာ ကြွယ်ဝသူဆိုတော့၊ အများကိစ္စနဲ့ ပုဂ္ဂလိကကိစ္စရဲ့မူကို သဘာဝအတိုင်း နားလည်မှာပါ။ တကယ်လို့ အများကိစ္စနဲ့ ပုဂ္ဂလိက ကိစ္စကို ရောထွေးလိုက်ရင် ဘာမှလုပ်လို့ ရမှာမဟုတ်တော့ဘူး။"
"'အများကိစ္စက အများကိစ္စ၊ ပုဂ္ဂလိကကိစ္စက ပုဂ္ဂလိကကိစ္စ'။ ကောင်းလိုက်တဲ့စကား၊ သူတော်စင်တွေတောင် မိသားစုကိစ္စတွေကို မတားဆီးနိုင်ကြဘူး။ မင်းနဲ့ ရွှန်ကျိတို့ကြားက ရန်ငြိုးတွေကို ငါ ဘယ်တုန်းကမှ ကြားဝင် မနှောက်ယှက်ခဲ့ဘူး။ မင်းတို့ သားအဖ နှစ်ယောက်စလုံးဟာ တော်ဝင်နန်းတွင်းရဲ့ ဒေါက်တိုင်တွေပဲ။ တကယ်လို့ မကောင်းတဲ့ သတင်းတစ်ခုခုသာ ပျံ့နှံ့သွားရင် အဲဒါက လောကကြီးရဲ့ လူထုသဘောထားအတွက် အန္တရာယ် ဖြစ်လိမ့်မယ်။ ဟုန်ယွိ... မင်းက အရည်အချင်းရှိတဲ့သူပဲ။ အခု တော်ဝင် နန်းတွင်းဟာ ဒုက္ခရောက်နေတဲ့ အချိန်ပဲ။ မင်း နန်းတွင်းကို ကူညီပြီး လောကကြီးကို တည်ငြိမ်အောင် လုပ်ပေးနိုင်တယ်။ တကယ်လို့ မင်းက မုန့်ရှန်းကျီကို မရင်ဆိုင်ချင်ဘူး ဆိုရင်လည်း ငါ မင်းကို အတင်းအကျပ် မခိုင်းပါဘူး။"
ဤသို့ ပြောပြီးနောက် ယန်ဖန်၏ အသံမှာ ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် မဟာလေဟာနယ်လက်ဝါးသည်လည်း လေထဲတွင် ပျောက်ကွယ်သွားပြီး မည်သည့်နေရာ သို့ ရောက်သွားသည်ကို မသိရတော့ပေ။
"ဟုန်ယွိ... ယန်ဖန်က မင်းကို အသုံးချချင်နေတာ သေချာတယ်။ ငါက ဒီလူနဲ့ အလွန် ရင်းနှီး တယ်။ သူ ဒီလိုလေသံမျိုးနဲ့ စကားပြောတိုင်း၊ အဲဒါက သူ ပရိယာယ်တစ်ခုခုကို စလုပ်တော့ မယ်လို့ အဓိပ္ပာယ်ရတယ်။ သူ မင်းဆီက တစ်ခုခု လိုချင်နေတာ ဒါမှမဟုတ် တစ်ခုခုလုပ်ဖို့ မင်းကို အသုံးချချင်နေတာ သေချာတယ်။" ချန်ဧကရာဇ် ယန်ဖန် ထွက်ခွာသွားပြီးနောက် ယွမ်ရှန့်ရှန့်က လှောင်ပြုံးပြုံးကာ ပြောလိုက်သည်။
ယန်ဖန် ထွက်ခွာသွားသည်နှင့် ကောင်းကင်ယံရှိ ထူးဆန်းသော ဖြစ်ရပ်များ အားလုံး ပျောက်ကွယ်သွားခဲ့သည်။ ဖြစ်ပွားတော့မည့် ကြောက်မက်ဖွယ် တိုက်ပွဲကြီးမှာ ယန်ဖန် ရောက်လာသည်နှင့် လူတိုင်း ချက်ချင်း ထွက်ပြေးသွားကြလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားကြပေ။ သိသာထင်ရှားသည်မှာ သူတို့သည် ဤဧကရာဇ်နှင့် သူ၏ နောက်ကွယ်မှ အင်အားကို အလွန် သတိထားနေကြခြင်း ဖြစ်သည်။
"သူ ကျွန်တော့်ကို အသုံးချဖို့ဆိုတာ သဘာဝကျပါတယ်။ သူက ကျွန်တော့်ဆီကနေ 'အတိတ်ကျမ်း'ကိုလည်း လိုချင်နေတာပဲ။ ဒါပေမဲ့ ချန်ဧကရာဇ်က ဘယ်လိုမျိုး ကျွမ်းကျင် သူမျိုးလဲ။ သူပေါ်လာတာနဲ့ ကျိုးထိုက်ကျူနဲ့ အနှစ်သာရနတ်ဘုရားကျောင်းရဲ့ ယဇ်ပုရော ဟိတ် ဘုန်းတော်ကြီးတို့တောင် ထွက်ပြေးခဲ့ရတာလား။ မဟာလေဟာနယ်လက်ဝါးက အစွမ်းထက်ပေမဲ့ မိုးကြိုးကပ်ဘေး အဆင့်ခြောက် ပညာရှင်တစ်ယောက်ကိုတော့ ရင်မဆိုင်နိုင်ဘူး။"
ဟုန်ယွိက မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး ယွမ်ရှန့်ရှန့်၏ မျက်နှာဖုံးစွပ်ထားသော မျက်နှာကို ကြည့်ကာ နားလည်ရခက်သည့် လေသံဖြင့် ပြောလိုက်သည်။
"ယန်ဖန်က မိုးကြိုးကပ်ဘေး အဆင့်ခြောက်လောက်ပဲ ရှိမှာပါ။ တကယ်လို့ သူသာ အဆင့်ခုနစ်မှာ ရှိနေရင် မုန့်ရှန်းကျီကို ဒီလောက်အထိ သတိထားနေမှာ မဟုတ်ဘူး။ အဆင့်ခုနစ်နယ်ပယ်ကို ချိုးဖောက်ဖို့က ဘယ်လောက် ခက်ခဲလဲဆိုတာ မင်းလည်း သိမှာပါ။ ဒါပေမဲ့ ကျိုးထိုက်ကျူနဲ့ အနှစ်သာရနတ်ဘုရားကျောင်းက သူ့ကို သတိထားနေ တာက သူ့ရဲ့မှော်ရတနာတစ်ခုကို ကြောက်လို့ပဲ။ 'ဖန်တီးခြင်း သင်္ဘော' သူက ဒီမှော်ရတနာကို အောင်မြင်စွာ သန့်စင်နိုင်ခြင်း မရှိသေးပေမဲ့၊ ကြီးမားတဲ့ စွမ်းအားတော့ ရှိနေဆဲပဲ။ အဲဒါက 'ဖန်ဟွမ်အသက်ဝိညာဉ်ဓား' နဲ့တောင် တန်းတူနီးပါး ရှိတယ်။"
ယွမ်ရှန့်ရှန့်က ပြောသည် "ဟုန်ရွှန်ကျိနဲ့ နှိုင်းယှဉ်ရင် ဒီလူက ပိုပြီးတော့ ကောက်ကျစ် တယ်။ သူပြောတဲ့ စကားတစ်လုံးကိုမှ မယုံနဲ့။"
"ယွမ်ရှန့်ရှန့်... ခင်ဗျားက ကျွန်တော်နဲ့ ဧကရာဇ်ကြားမှာ အမုန်းပွားအောင် တမင်တကာ လုပ်နေတာလား။" ဟုန်ယွိက ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရုတ်တရက် မေးလိုက် သည် "လူသားတွေမှာ လိုချင်တပ်မက်မှု၊ မနာလိုမှုနဲ့ ဒေါသတွေ ရှိကြတယ်။ ကျင့်ကြံသူ တွေတောင် ချွင်းချက်မဟုတ်ဘူး။ ဗုဒ္ဓတွေမှာတောင် ဒေါသရှိသေးတာပဲ။ နဂိုကတည်းက ကျွန်တော်နဲ့ ဧကရာဇ်ကြားမှာ နက်နဲတဲ့ အမုန်းတရား မရှိခဲ့ဘူး။ ကျွန်တော်တို့က မိတ်ဆွေ လို့ မသတ်မှတ်နိုင်ပေမဲ့ ရန်သူတွေလည်း မဟုတ်ကြဘူး။ အခု ခင်ဗျားက ကျွန်တော်နဲ့ နီးစပ်နေတော့၊ ဧကရာဇ်က သဘာဝအတိုင်း ခံစားချက်တွေ ရှိလာမှာပဲ။ ကျွန်တော်တို့ ကြားမှာ တိုက်ရိုက် အမုန်းတရားတွေ ဖြစ်ပေါ်လာလိမ့်မယ်။ ယွမ်ရှန့်ရှန့်... ခင်ဗျား ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။"
"အဲဒါလား။ မင်းပြောတာက မှန်သလိုလိုနဲ့ မှားနေတယ်။" ယွမ်ရှန့်ရှန့်က ရုတ်တရက် ပြုံးလိုက်သည် "မင်းနဲ့ ယန်ဖန်ဟာ ထာဝရ ရန်သူတွေ ဖြစ်နေမှာပဲ။ ငါက ယန်ဖန်ရဲ့ စရိုက် ကို ဘယ်သူ့ထက်မဆို ပိုသိတယ်။ သူက မင်းရဲ့တည်ရှိမှုကို လုံးဝ လက်ခံမှာ မဟုတ်ဘူး။ သူပြောသွားတာကို မင်း မကြားလိုက်ဘူးလား။ သူက ရှေးခေတ် သူတော်စင် ဧကရာဇ်လို၊ သမိုင်းစာအုပ်တွေထဲမှာ ထာဝရအဓိကဇာတ်ဆောင် ဖြစ်ချင်နေတာ။ သူက မင်းလို လူမျိုးကို ဘယ်လိုလုပ် လက်ခံနိုင်မှာလဲ။ ဒါပေမဲ့ အခုတော့ သူ့ရဲ့ နံပါတ်တစ် ရန်သူက မုန့်ရှန်းကျီ ဖြစ်နေတယ်။ အခု မင်းရဲ့တည်ရှိမှုက သူ့ကို နန်းတွင်းမှာ ဟန်ချက်ညီအောင် ကူညီပေးနိုင်သလို၊ မင်းရဲ့ခွန်အားကြောင့်လည်း မင်းကို ရင်ဆိုင်ဖို့ သူအတွက် မလွယ်ကူ ဘူး။ အဲဒါကြောင့် သူက မင်းကို သည်းခံနေတာ။ သူ မုန့်ရှန်းကျီကို ရင်ဆိုင်ပြီးသွားတာနဲ့ မင်းမှာ ဘာတန်ဖိုးမှ ရှိတော့မှာ မဟုတ်ဘူး။ သူက လှည့်ပြီး မင်းကို ရင်ဆိုင်လာမှာပဲ။ သူက 'ချန်ပီယံမြို့စား'နဲ့ အကျင့်စရိုက်ချင်း အတူတူပဲ။ သူက အဖေတူသား ဖြစ်လာတာပေါ့။ သူက အဲဒါကို ပိုပြီးတော့တောင် နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတာပဲ ထူးခြားနေတာ။"
"ဒါဆိုရင် ယွမ်ရှန့်ရှန့်... ခင်ဗျားကရော မိတ်ဆွေလား၊ ဒါမှမဟုတ် ရန်သူလား။"
ဟုန်ယွိက ရုတ်တရက် မေးလိုက်သည်။
အခန်း (၄၁၂)။
"ဟင်..."
ဟုန်ယွိ၏ မေးခွန်းကို ကြားလိုက်ရသောအခါ ဆန်းကြယ်လှသည့် ကောင်းကင်ရနံ့ သူတော်စင် မိန်းမပျို ယွမ်ရှန့်ရှန့်မှာ ပြန်လည်ဖြေကြားရန် ပြင်လိုက်သော်လည်း တစ်စုံ တစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် စကားလုံးများကို ပြန်မျိုချလိုက်သည်။ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သူမက ပြောလိုက်သည် "အနည်းဆုံးတော့ အခုအချိန်မှာ ကျွန်မတို့ဟာ ရန်သူတွေ မဟုတ်ဘူး။ မိတ်ဆွေတွေပါပဲ။ ဒါပေမဲ့ အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။ ကျင့်ကြံသူတွေဆိုတာ သက်တမ်းရှည်ကြ တော့ ထာဝရမိတ်ဆွေဆိုတာ မရှိသလောက်ပဲ။ အရင်တုန်းက မုန့်ရှန်းကျီနဲ့ ကျွန်မဆရာ ဆိုရင် ခွဲမရအောင် ရင်းနှီးခဲ့ကြတာလေ၊ ဒါပေမဲ့ သူက အထွတ်အထိပ် အစွန်းရောက် ခံစားချက်မဲ့တာအိုကို ကျင့်ကြံဖို့ အတွက် ကျွန်မဆရာကိုတောင် သတ်ခဲ့တယ်။ ဒါတွေကို ကျွန်မ အခုထိ ရှင်းရှင်းလင်းလင်း မှတ်မိနေတုန်းပဲ။ ဒါပေမဲ့ အနှစ်သာရနတ်ဘုရား ကျောင်းနဲ့ စစ်ဖြစ်လာရင်တော့ ကျွန်မတို့ဟာ အကျိုးအမြတ်အတွက် ယာယီမဟာမိတ် ဖွဲ့နိုင်တာပေါ့။"
"အကျိုးအမြတ်အတွက် ယာယီမဟာမိတ်လား။ လူတွေကြားက ဒီလိုဆက်ဆံရေးမျိုးကို ကျွန်တော် တကယ်ပဲ မကြိုက်ဘူး။ ဒါပေမဲ့ လက်ရှိအခြေအနေအရတော့ ဒီလိုပဲ ဖြစ်ရမှာ ပေါ့။ ဒီနေ့ အနှစ်သာရ နတ်ဘုရားကျောင်းက ကျွန်တော့်ကိုသတ်ဖို့ တကယ့်ကို အင်အား အလုံးအရင်း ထုတ်သုံးခဲ့တာပဲ။ ခင်ဗျားရဲ့အကူအညီသာ မပါရင် ကျွန်တော် ဘာမှမဖြစ်ခဲ့ ရင်တောင် လွတ်မြောက်ဖို့အတွက် ပြင်းထန်တဲ့တိုက်ပွဲကို ခက်ခက်ခဲခဲ ဆင်နွှဲရမှာပဲ။ ဒီကျေးဇူးကို ကျွန်တော့် နှလုံးသားထဲမှာ မှတ်ထားမှာဖြစ်သလို အနာဂတ်မှာလည်း သေချာပေါက် ပြန်ဆပ်ပါ့မယ်။" ဟုန်ယွိက ယွမ်ရှန့်ရှန့်ကို တုံ့ပြန်လိုက်သည်။
"လူတွေကြားက ဆက်ဆံရေးတဲ့လား။ ကျွန်မတို့က လူတွေမှ မဟုတ်တာ၊ ကျွန်မတို့က အင်မော်တယ်တွေ၊ နတ်ဘုရားတွေပဲ။ ဟုန်ယွိ... မင်းသာ ဒါကို နားလည်နိုင်ရင် ကောင်းမှာ ပဲ... ဟင်း....."
ဟုန်ယွိ၏ စကားကို ကြားရသောအခါ ယွမ်ရှန့်ရှန့်က သက်ပြင်းတစ်ချက် ချရင်း ဆက်ပြောသည် "လူတွေဟာ အင်မော်တယ်အဆင့်ကို ရောက်သွားရင် ဆက်ဆံရေး အားလုံး ပြောင်းလဲရတော့တာပဲ။ ပြီးတော့ မင်းက ဒိုင်ဇင်ဘုရားကျောင်း ရဲ့ 'အတိတ်ကျမ်း' ကို ကျင့်ကြံထားပေမဲ့ ဒီကျမ်းစာက စိတ်ဝိညာဉ်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်ပဲ ကောင်းတာ၊ တိုက်ခိုက်ရေးစွမ်းအားမှာတော့ သိပ်ပြီး အထောက်အကူ မပြုဘူး။ တကယ် တော့ ကျွန်မတို့တွေ တစ္ဆေအင်မော်တယ်အဆင့်ကို ရောက်သွားရင် တခြားသူတွေ သတ်တာကို ခံရဖို့ အတော်ခက်သွားပြီ။ အနည်းဆုံးတော့ အတွေးစ တစ်ခုနှစ်ခုနဲ့ ထွက်ပြေးနိုင်တယ်။ စစ်မှန်တဲ့ စွမ်းအားကတော့ 'ပစ္စုပ္ပန်ဗုဒ္ဓကျမ်း' ပဲ။ အဲဒီကျမ်းထဲမှာ 'အတိတ်ကျမ်း'နဲ့ ပေါင်းစပ်ပြီး ဗုဒ္ဓဓမ္မခန္ဓာ ဖွဲ့စည်းတဲ့ နည်းစနစ်တစ်ခု ပါတယ်။ ဒီဓမ္မခန္ဓာ ဟာ ကျိုးထိုက်ကျူရဲ့ 'သွေးနီရောင် ကမ္ဘာဦး ကြေးသွန်းခန္ဓာ'နဲ့ ကျွန်မရဲ့ 'ကောင်းကင်ရနံ့ တိမ်တိုက်ခန္ဓာ' တို့ထက်တောင် ပိုပြီး နက်နဲသေးတယ်။ အတိတ်က ပေါ်ထွန်းခဲ့ပြီးပြီ၊ ပစ္စုပ္ပန်ကတော့ ရောက်ရှိလာတော့မှာ။ မင်းက 'အတိတ်ကျမ်း' ကို ကျင့်ကြံထားတာဆို တော့ ဒိုင်ဇင်ဘုရားကျောင်းကနေ ဆင်းသက်လာတဲ့ ရှေးခေတ် သူတော်စင် ဧကရာဇ်ရဲ့ ရုလိုင်သင်္ကန်းတော်နဲ့အတူ 'ပစ္စုပ္ပန်ဗုဒ္ဓကျမ်း'ကို ရရှိဖို့ အခွင့်အရေးရှိလိမ့်မယ်။ ဒဏ္ဍာရီတွေ အရ ဒီသင်္ကန်းတော်ထဲမှာ ရှေးခေတ် သူတော်စင် ဧကရာဇ်ယွမ် နားလည်ခဲ့တဲ့ 'ဝရဇိန်ပညာပါရမီ' တာအို ပါဝင်နေတယ်လို့ အဆိုရှိတယ်။ ယန်ဖန်က မင်းဆီကနေ ဒီတာအိုပညာကို ရယူပြီး သူရဲ့ 'ဖန်တီးခြင်း သင်္ဘော' ကို ပြည့်စုံအောင် လုပ်ချင်နေတာလို့ ကျွန်မ ယုံကြည်တယ်။"
"ဒိုင်ဇင်ဘုရားကျောင်းရဲ့ 'ရုလိုင်သင်္ကန်းတော်' လား။ 'ဝရဇိန်ပညာပါရမီ'တာအိုပညာရပ် လား..."
ဟုန်ယွိ၏ မျက်လုံးများမှာ တဖျပ်ဖျပ် တောက်ပသွားသည်။ ဗုဒ္ဓဘာသာ၏ 'ဝဇိရ' ဟူသော စကားရပ်မှာ "ခိုင်ခံ့ခြင်းနှင့် အရာရာကို ဖြတ်တောက်နိုင်သော ထက်မြက်ခြင်း" ကို ကိုယ်စားပြုပြီး 'ပညာ'မှာမူ "ဉာဏ်ပညာ" ဖြစ်ကာ 'ပါရမီ'က "တစ်ဖက်ကမ်းသို့ ရောက်ရှိခြင်း" ဖြစ်သည်။ 'ဝရဇိန်ပညာပါရမီ'၏ ဆိုလိုရင်းမှာ အရာရာကို ဖြတ်တောက်နိုင် သည့် ထက်မြက်သော ဉာဏ်ပညာဖြင့် သံသရာတစ်ဖက်ကမ်းသို့ ကူးမြောက်ခြင်းပင် ဖြစ်သည်။
ရိုးရိုးရှင်းရှင်း ပြောရလျှင် ၎င်းမှာ ယန်နတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးသာ သိမြင်နိုင် သည့် နိဗ္ဗာနနယ်ပယ်သို့ ကူးမြောက်ခြင်းပင် ဖြစ်သည်။ ထိုသို့သော အထွတ်အထိပ် အတွေ့အကြုံများကို ရရှိခဲ့မည်ဆိုလျှင် ချန်ဧကရာဇ် ယန်ဖန်အတွက် သူ၏ 'ဖန်တီးခြင်း သင်္ဘော' ကို ပြည့်စုံစေရန် များစွာ အထောက်အကူ ဖြစ်စေမည်မှာ မြေကြီးလက်ခတ် မလွဲပင်။ ထိုသင်္ဘောကြီးမှာလည်း နိဗ္ဗာနနယ်ပယ်သို့ ကူးမြောက်ရန် ရည်ရွယ်ချက်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ရာ ၎င်းကို အောင်မြင်ခဲ့လျှင် သမိုင်းစာအုပ်များ၏ ထာဝရ အဓိက ဇာတ်ဆောင် ဖြစ်လာပေလိမ့်မည်။
"ဒိုင်ဇင်ဘုရားကျောင်းရဲ့ 'ရုလိုင်သင်္ကန်းတော်' ထဲမှာ ဉာဏ်ပညာနဲ့ ခွန်အားကို ပေါင်းစပ် ပြီး ယန်နတ်ဘုရား အဆင့်ကနေ နိဗ္ဗာန်နယ်ပယ်ကို ဘယ်လိုကူးမြောက်ရမလဲဆိုတဲ့ လမ်းစဉ်ကို မှတ်တမ်းတင်ထားတယ်။ ဒါကို နင်ဂျာဘုန်းတော်ကြီးတောင် သိမှာမဟုတ်ဘူး၊ ဖြစ်နိုင်တာက..."
ယွမ်ရှန့်ရှန့် စကားပြောနေစဉ်မှာပင် ဟုန်ယွိက အသည်းအသန် စဉ်းစားခန်းဖွင့်နေမိသည်။ ရုတ်တရက်ဆိုသလို သူ၏စိတ်ထဲတွင် ဒိုင်ဇင်ဘုရားကျောင်း မြေအောက်နန်းတော်၏ အောက်ခြေရှိ ပုံရိပ်တစ်ခု ဖြတ်ခနဲ ပေါ်လာသည်။ ထိုနေရာတွင် စွမ်းအားကြီးလှသော ထိုက်ရှီတောင်၏ နဂါးဝိညာဉ်သည် ကျမ်းစာအုပ်နှင့်တူသော အရာတစ်ခုနှင့် ပိုးထည်စ တစ်ခုကို အသေအလဲ စောင့်ကြပ်နေခဲ့သည် မဟုတ်ပါလား။
"ဖြစ်နိုင်တောက ဒိုင်ဇင်ဘုရားကျောင်းရဲ့ မြေအောက်နန်းတော်ထဲက ကမ္ဘာငယ်လေးထဲ မှာ ထိုက်ရှီတောင်ရဲ့ နဂါးဝိညာဉ် စောင့်ကြပ်နေတာဟာ 'ရုလိုင်သင်္ကန်းတော်' များ ဖြစ်နေ မလား။ အဲဒီအပေါ်မှာ တကယ်ပဲ 'ဝရဇိန်ပညာပါရမီ' လမ်းစဉ်ကို မှတ်တမ်းတင်ထားတာ လား။"
ထိုအတွေးက ဟုန်ယွိ၏ စိတ်ထဲတွင် လျှပ်စီးလက်သကဲ့သို့ ဖြတ်ခနဲ ပေါ်ပေါက်လာသည်။
"ဘာဖြစ်လို့လဲ။ ကျွန်မပြောတာတွေက ရှင့်ကို တစ်ခုခု သတိရသွားစေတာလား။"
အာရုံခံစားမှု အလွန်ထက်မြက်လှသည့် ယွမ်ရှန့်ရှန့်မှာ ဟုန်ယွိ၏ စိတ်ဝိညာဉ် အသိစိတ် လှုပ်ခတ်မှုကို ချက်ချင်းပင် ခံစားမိသွားဟန်တူကာ မျက်နှာပေါ်တွင် အပြုံးဖျော့ဖျော့လေး ဖြင့် မေးမြန်းလိုက်သည်။ သူမအပြုံးမှာ တစ်ဖက်လူကို စမ်းသပ်လိုသည့် အရိပ်အယောင် များ ကိန်းဝပ်နေသည်။
"အင်း..." ဟုန်ယွိက ခေတ္တမျှ တိတ်ဆိတ်သွားပြီးမှ ခေါင်းညိတ်ပြလိုက်ကာ "ခင်ဗျား အခုပြောတဲ့ 'ရုလိုင်သင်္ကန်းတော်'နဲ့ 'ဝရဇိန်ပညာပါရမီ'လမ်းစဉ်အကြောင်း ကြားတော့ ကျွန်တော့်စိတ်ထဲမှာ အရိပ်အမြွက်တစ်ခု ပေါ်လာတာတော့ ရှိတယ်။ ဒါပေမဲ့ အခု လောလောဆယ်တော့ ခင်ဗျားကို မပြောပြနိုင်သေးဘူး။" ဟုန်ယွိက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
ဟုန်ယွိ၏ စကားမှာ ဖုံးကွယ်ခြင်းမရှိဘဲ အလွန်တရာ တည့်တိုးဆန်လှသဖြင့် ယွမ်ရှန့်ရှန့် ပင် အံ့အားသင့်သွားရသည်။ ထို့နောက် သူမက ပိုမိုပျော်ရွှင်စွာ ပြုံးလိုက်ပြီး "ရှင်က တကယ်ကို ရိုးသားတဲ့ လူကြီးလူကောင်းတစ်ယောက်ပဲ။ ဘာကိုမှ ဖုံးကွယ်မထားဘူး။ တစ်ခုခုကို ဝေ့လည်ကြောင်ပတ် လုပ်လိမ့်မယ်လို့ ကျွန်မထင်ထားပေမဲ့ ရှင်က တိုက်ရိုက်ပဲ မပြောနိုင်ဘူးလို့ ဆိုလာတယ်။ ရှင်က တကယ့်ကို ပညာရှင် သူတော်စင်ပေါင်း တစ်ရာကို တုန်လှုပ်စေခဲ့တဲ့ စာပေပညာရှင် တစ်ယောက်ပါပဲ။ ရှင်က မုန့်ရှန်းကျီ၊ ယန်ဖန်နဲ့ ဟုန်ရွှန်ကျိတို့ထက် အများကြီး ပိုရိုးသားတယ်။ သူတို့လို ကောက်ကျစ်မှုတွေ မရှိတော့ ရှင်နဲ့ ပူးပေါင်းရင် ကျွန်မ ဘယ်တော့မှ အလိမ်ခံရမှာ မဟုတ်ဘူး။ ဟီ.. ဟီ... အနာဂတ်မှာ ပြန်တွေ့ကြတာပေါ့။"
စကားအဆုံးတွင် ယွမ်ရှန့်ရှန့်၏ ခန္ဓာကိုယ်မှာ သင်းပျံ့သော ရနံ့တစ်ခုအဖြစ်သို့ ပြောင်းလဲ သွားကာ ကောင်းကင်ယံသို့ ပျံတက်၍ ပျောက်ကွယ်သွားတော့သည်။
"ဒီမိန်းမကတော့ လူတွေကို စမ်းသပ်တဲ့နေရာမှာ တကယ်ကို ပါးနပ်တာပဲ။"
ယွမ်ရှန့်ရှန့် ထွက်ခွာသွားသည်နှင့် ကြည်လင်သော အလင်းတန်းတစ်ခု ပေါ်ထွက်လာပြီး ချန်ယင်းရှာမှာ စကြာဝဠာအိတ်ထဲမှ ထွက်လာသည်။
"ခုနက တိုက်ပွဲကတော့ တကယ့်ကို ရင်တထိတ်ထိတ်ပဲ။ အနှစ်သာရနတ်ဘုရားကျောင်း က ယဇ်ပုရောဟိတ် ဘုန်းတော်ကြီးနဲ့ နတ်ဘုရား လေးပါးလုံး မင်းကို သတ်ဖို့ ထွက်လာ လိမ့်မယ်လို့ ငါမထင်ထားဘူး။ ကျိုးထိုက်ကျူကလည်း တစ်ဖက်က ချောင်းနေသေးတယ်၊ ချန်ဧကရာဇ် ယန်ဖန်ရဲ့ မဟာလေဟာနယ်လက်ဝါးလည်း ပေါ်လာသေးတယ်။ ငါက စကြာဝဠာအိတ်ထဲက ပျက်စီးသွားတာတွေကို ပြင်ဆင်နေပြီး အချိန်မရွေး ကူညီဖို့ အသင့် ပြင်ထားပေမဲ့ ဒီလို အခြေအနေမျိုးမှာ ငါလည်း ဘာမှ မလုပ်နိုင်မှာကို တကယ်စိုးရိမ်မိ တယ်။" သူမက ဆိုလေသည်။
"မှန်တယ်၊ ဒီလူတွေက ဖော်မပြနိုင်လောက်အောင် အစွမ်းထက်ကြလွန်းတယ်။ ငါတို့ရဲ့ ကျင့်ကြံမှုက သူတို့နဲ့ ယှဉ်နိုင်ဖို့ အဝေးကြီး လိုသေးတယ်။ ကံကောင်းလို့ ငါ့မှာ ဝှက်ဖဲတွေ အများကြီး ရှိနေလို့ပေါ့၊ မဟုတ်ရင် ဒီနေ့တော့ ငါ သေချာပေါက် အသတ်ခံရမှာ။ ဒါပေမဲ့ ဒါက ပဋိပက္ခ သေးသေးလေးပဲ ရှိသေးတယ်၊ မုန့်ရှန်းကျီရဲ့ စိတ်ဝိညာဉ်က ပေါ်မလာသေး ဘူး။ အနှစ်သာရနတ်ဘုရားကျောင်းရဲ့ တိုက်ပွဲက အလွန်ကို နက်နဲလွန်းတော့ ငါလည်း မပါဝင်ချင်ဘူး။ ဒါပေမဲ့ ငါ ကျီရှန်းထျန်းကို သူမအတွက် 'ဖရိုဖရဲ ကောင်းကင်အနှစ်သာရ အမြုတေ'ကို လုပေးမယ်လို့ ကတိပေးထားတာဆိုတော့ ကတိပျက်လို့ မဖြစ်ဘူး။ ပြီးတော့ အနှစ်သာရနတ်ဘုရားကျောင်းက ငါ့ကို ဆူးတစ်ချောင်းလို မြင်နေပြီ၊ သူတို့ရဲ့ သူတော်စင် နှစ်ပါးကို သတ်ခဲ့တဲ့အတွက် ငါတို့ကြားမှာ ရန်ငြိုးတွေ ရှိနေတယ်။ အနှစ်သာရ နတ်ဘုရားကျောင်းကို အမြစ်ပြတ်အောင် လုပ်နိုင်မှသာ ဒီနေ့လိုမျိုး ထပ်မဖြစ်မှာ။" ဟုန်ယွိ က စဉ်းစားခန်းဖွင့်ရင်း ပြောလိုက်သည်။
"ငါတို့ သဲကန္တရပြည်နယ်ရဲ့ ဓလေ့တွေကို အတွေ့အကြုံ ရခဲ့ပြီပဲ။ မြင်းတွေနဲ့ ဆက်ပြီး ခရီးမသွားတော့ဘဲ စကြာဝဠာအိတ်ကို သုံးပြီး ပျံသန်းကြရအောင်။ သဲကန္တရပြည်နယ် စခန်းမှာ အခြေချပြီးမှပဲ အစီအစဉ်တွေ ဆက်ဆွဲကြမယ်။"
ခဏကြာ စဉ်းစားပြီးနောက် ဟုန်ယွိနှင့် ချန်ယင်းရှာတို့မှာ စကြာဝဠာအိတ်ထဲသို့ ဝင်လိုက် ကြသည်။ ထို့နောက် စကြာဝဠာအိတ်မှာ ကြည်လင်သော အလင်းတန်းများ ထွက်ပေါ်လာ ကာ ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားတော့သည်။
"ဟုန်ယွိ... မင်း ဒိုင်ဇင်ဘုရားကျောင်းရဲ့ မြေအောက်မှာ ရှာတွေ့ခဲ့တဲ့ ထိုက်ရှီတောင်ရဲ့ နဂါးဝိညာဉ် စောင့်ကြပ်နေတဲ့ လျှို့ဝှက်ခန်းက ရုလိုင်သင်္ကန်းတော်ကို သိမ်းဆည်းထားတဲ့ နေရာပဲ ဖြစ်ရမယ်။ ဗုဒ္ဓက ဒိုင်ဇင်ဘုရားကျောင်းကို မတည်ထောင်ခင်တုန်းက သူဟာ ရှေးခေတ် သူတော်စင် ဧကရာဇ် တစ်ပါး ဖြစ်ခဲ့ဖူးတာလေ။ အဲဒီသင်္ကန်းတော်က ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ် ထက်တောင် ပိုပြီး စွမ်းအားကြီးရုံတင်မကဘဲ ယန်နတ်ဘုရားအဆင့်လွန် နိဗ္ဗာနနယ်ပယ်လမ်းစဉ်လည်း ပါဝင်နေတာ။ တကယ်လို့ မင်းသာ အဲဒါကို ရခဲ့ရင်... ဟုန်ယွိ... မင်းရဲ့ စွမ်းအားက အဆမတန် တိုးတက်လာမှာ အမှန်ပဲ။"
စကြာဝဠာအိတ်ထဲ ရောက်သောအခါ နင်ဂျာဘုန်းတော်ကြီးက ဟုန်ယွိ ကို စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ဟုန်ယွိလည်း ယွမ်ရှန့်ရှန့် ပြောပြခဲ့သည်များကို ပြန်လည်ဝေမျှလိုက်ရာ နင်ဂျာဘုန်းတော်ကြီးက ဟုန်ယွိကို ဒိုင်ဇင်ဘုရားကျောင်းဆီ ချက်ချင်းပြန်သွားပြီး မြေအောက်နန်းတော်ကို ထပ်မံ ရှာဖွေရန် တိုက်တွန်းလေတော့သည်။
"မဟုတ်ဘူး၊ ငါတို့ အလျင်စလို မလုပ်တာ ပိုကောင်းမယ်။ ယွမ်ရှန့်ရှန့်က ဒါကို ပြောပြ တာဟာ မင်းကို လူအများကြီးက စောင့်ကြည့်နေတယ်ဆိုတာ သတိပေးလိုက်တာပဲ။ တကယ်လို့ မင်းသာ ဒိုင်ဇင်ဘုရားကျောင်းရဲ့ မြေအောက်နန်းတော်ကို သွားပြီး အဲဒီအရာ ကို ယူမယ်ဆိုရင် မင်းရဲ့သွားလာရာနေရာတွေ ပေါ်သွားရုံတင်မကဘဲ တစ်စုံတစ်ယောက် က အခွင့်ကောင်း ယူသွားမှာကို ငါစိုးရိမ်တယ်။" ချန်ယင်းရှာက တည်ငြိမ်စွာဖြင့် ကန့်ကွက်လေသည်။
"မှန်တယ်၊ ယွမ်ရှန့်ရှန့် ပြောတဲ့အတိုင်းဆို ချန်ဧကရာဇ် ယန်ဖန်က ငါ့ဆီကနေ တစ်ခုခု လိုချင်နေတာ၊ အဲဒါက ဒိုင်ဇင်ဘုရားကျောင်း မြေအောက်နန်းတော်မှာ နဂါးဝိညာဉ် စောင့်ကြပ်နေတဲ့ ဆန်းကြယ်တဲ့အရာ ဖြစ်ဖို့ များတယ်။ နဂါးဝိညာဉ်ရဲ့ စွမ်းအားက အလွန် ကြီးမားပြီး မိုးကြိုးကပ်ဘေး အဆင့်ခြောက် ကျွမ်းကျင်သူတစ်ယောက်နဲ့ ညီမျှတယ်။ အခု ငါ့ရဲ့တာအိုကျင့်စဉ်နဲ့ဆိုရင် အဲဒါကို အလင်းနှင့်အမှောင် မန္တလာမဟာအစီအရင်နဲ့ ခက်ခက် ခဲခဲ ချိပ်ပိတ်နိုင်ရုံပဲ ရှိသေးတယ်။ အဲဒါကို ချိပ်ပိတ်ဖို့ ငါ့ခွန်အားအားလုံး သုံးနေရတဲ့ အချိန် မှာ တခြားတစ်ယောက်က အခွင့်ကောင်းယူလာရင် ဒုက္ခရောက်ကုန်လိမ့်မယ်။"
ဟုန်ယွိက ပညာရှင်ဆန်ဆန် ဆက်ပြောသည် "အခုလောလောဆယ် အလျင်စလို မလုပ် တာ အကောင်းဆုံးပဲ။ ဒိုင်ဇင်ဘုရားကျောင်း မြေအောက်နန်းတော်က ကမ္ဘာငယ်လေးဟာ အလွန်ဆန်းကြယ်ပြီး ငါ့ရဲ့'အတိတ်ကျမ်း' အငွေ့အသက်နဲ့ တွေ့မှပဲ ပေါ်လာတာ။ အဲဒါက ရုလိုင်သင်္ကန်းတော် ဖြစ်နေရင်တောင် အခုတော့ စောင့်ကြည့်ရဦးမှာပဲ။"
"ဟုန်ယွိ... မင်းရဲ့စိတ်က တကယ်ကို လူကြီးလူကောင်းတစ်ယောက် ပီသတယ်။ အနှစ်သာရ နတ်ဘုရားကျောင်းက မင်းကို အာရုံစိုက်နေတယ်။ ယန်ဖန်ရော၊ ကျိုးထိုက်ကျူ တို့ကပါ မင်းကို အာရုံစိုက်နေကြတာ။ ဖြစ်နိုင်ရင် မုန့်ရှန်းကျီနဲ့ လျှို့ဝှက်ကောင်းကင် စံအိမ် တို့ပါ ပါနေဦးမှာ။ ဒီလောက် အင်အားစုတွေ အများကြီးက ငါတို့နောက်ကို လိုက်နေတဲ့ အချိန်မှာ အလျင်စလို ရတနာသွားယူတာက အန္တရာယ်များလွန်းတယ်။ ဒါပေမဲ့ တစ်ဖက် က ကြည့်ရင်လည်း မိုးကြိုးကပ်ဘေး အဆင့်ခြောက် ကျွမ်းကျင်သူတွေရဲ့ တိုက်ပွဲက တကယ်ကို ကမ္ဘာပျက်မတတ် ပြင်းထန်လွန်းတော့ ငါတို့တောင် ကြားဝင် မနှောင့်ယှက် နိုင်ဘူး။" ဟု နင်ဂျာဘုန်းတော်ကြီးက ခေါင်းညိတ်၍ ဆိုသည်။
"မိုးကြိုးကပ်ဘေး အဆင့်ခြောက် ကျွမ်းကျင်သူတွေ... သူတို့ရဲ့ စိတ်ဝိညာဉ်တွေက ဟင်းလင်းပြင်ကို ဆွဲဖြဲပြီး လွတ်လွတ်လပ်လပ် သွားလာနိုင်ကြတာဆိုတော့ သူတို့က အဆုံးစွန်ထိ သန်မာကြတာ သဘာဝပါပဲ။ ကျွန်တော့်မှာ လူသားအင်မော်တယ် ကိုယ်ပွားနဲ့ ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်သာ မရှိရင် ဒီလိုတိုက်ပွဲမျိုးမှာ ကျွန်တော် လည်း ကြားဝင်နိုင်မှာ မဟုတ်ဘူး။"
ဟုန်ယွိသည် ခုနကတိုက်ပွဲ၏ ရင်ခုန်စရာ မြင်ကွင်းများကို ပြန်လည် မြင်ယောင်နေမိ သည်။ ကျိုးထိုက်ကျူ၏ 'သွေးနီရောင် ကမ္ဘာဦး ကြေးသွန်းခန္ဓာ'၊ အနှစ်သာရနတ်ဘုရား ကျောင်း၏ "ဘုံသုံးပါး မဟာဗျာဒိတ်တော်"နှင့် ယန်ဖန်၏ မဟာလေဟာနယ်လက်ဝါး။
ဟုန်ယွိ၏ လက်ရှိစွမ်းအား၊ မဟာလေဟာနယ်လက်ဝါး၊ အလင်းနှင့်အမှောင် မန္တလာ မဟာ အစီအရင်နှင့် ကောင်းကင်အလင်းဦးချို နတ်ဘုရားချပ်ဝတ်ကို ဝတ်ဆင်ထားသည့် လူသား အင်မော်တယ် ကိုယ်ပွားတို့ ရှိနေလင့်ကစား၊ မိုးကြိုးကပ်ဘေး အဆင့်ခြောက် ကျွမ်းကျင် သူ တစ်ဦးကို အသာစီးရရန်ပင် ခဲယဉ်းလှရာ အနိုင်ယူဖို့ဆိုသည်မှာကား ပို၍ပင် မဖြစ်နိုင် သေးပေ။
ဟုန်ယွိသည် မိမိ၏ အစွမ်းအစကို ကောင်းစွာ နားလည်ထားသူ ဖြစ်သည်။ ဤတစ်ကြိမ် တွင် အနှစ်သာရနတ်ဘုရားကျောင်းက သူ့ကို အပြတ်သတ်ရန် ဆုံးဖြတ်ထားသော်လည်း သူ ထိခိုက်ဒဏ်ရာမရှိ လွတ်မြောက်နိုင်ခဲ့ခြင်းမှာ အမှန်စင်စစ် ကံကောင်းခြင်းကြောင့်သာ ဖြစ်သည်။
အကယ်၍ ကျိုးထိုက်ကျူ၊ ယွမ်ရှန့်ရှန့်နှင့် ယန်ဖန်တို့သာ ပေါ်မလာခဲ့လျှင် နတ်ဘုရား လေးပါး၊ ယဇ်ပုရောဟိတ် ဘုန်းတော်ကြီး၏ ကိုယ်ပွားနှင့် နတ်ဘုရားလက်နက် သုံးခုကို ရင်ဆိုင်ရာတွင် သူသည် ကြီးမားသော ဆုံးရှုံးမှုများနှင့် ကြုံတွေ့ရနိုင်ပေသည်။ နတ်ဘုရား လေးပါး၊ မိုးကြိုးကပ်ဘေး အဆင့်ခြောက် ကျွမ်းကျင်သူ တစ်ဦး၊ ''ဘုန်းတန်ခိုးအာဏာစက် လှံတော်'၊ 'နိယာမသံကြိုးများ'နှင့် 'ကံကြမ္မာလှောင်အိမ်'တို့၏ ပေါင်းစပ်စွမ်းအားမှာ ကြီးမားလွန်းလှသဖြင့် ခုခံရန် အလွန်ခက်ခဲလှသည်။
ဟုန်ယွိသည် ဤအချက်ကို သေသေချာချာ စဉ်းစားပြီး ဖြစ်သည်။ အနှစ်သာရနတ်ဘုရား ကျောင်းသည် မြင့်မြတ်နယ်မြေတစ်ခုဖြစ်ရာ သူ၏ အင်အားတစ်ခုတည်းဖြင့် တိုက်ခိုက်ရန် မှာ လုံးဝ မဖြစ်နိုင်ပေ။ မုန့်ရှန်းကျီကဲ့သို့ ကျွမ်းကျင်သူကြီးပင်လျှင် အနှစ်သာရနတ်ဘုရား ကျောင်းကို ကိုင်တွယ်ရန် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့ရသည် မဟုတ်ပါလား။
"အခုလောလောဆယ်မှာ အရေးကြီးဆုံးက ဒိုင်ဇင်ဘုရားကျောင်းရဲ့ 'ရုလိုင်သင်္ကန်းတော်' မဟုတ်ဘူး၊ ငါ့ကိုယ်ပိုင်စွမ်းအားပဲ။ ငါ့ခန္ဓာကိုယ်စစ်စစ်ကို လူသားအင်မော်တယ်အဆင့် အထိ ချိုးဖျက်နိုင်ဖို့ လိုတယ်။ အဲဒီလိုမှသာ ငါက လူသားအင်မော်တယ် သိုင်းတာအိုရဲ့ အတွေ့အကြုံကို ရရှိမှာဖြစ်ပြီး 'ဝိညာဉ်ကျောက်တုံး နတ်ဘုရားသန္ဓေသား' ကို အမှန်တ ကယ် စိတ်ကြိုက် ထိန်းချုပ်နိုင်မှာ။ မဟုတ်ရင် သိုင်းသူတော်စင်ရဲ့ အတွေ့အကြုံနဲ့ လူသား အင်မော်တယ် ခန္ဓာကိုယ်ကို သုံးနေရတာဟာ ကလေးတစ်ယောက်ကို တူကြီးတစ်ချောင်း ပေးကိုင်ထားသလို ဖြစ်နေမှာ။ ဒါ့အပြင် ငါ့ရဲ့စိတ်ဝိညာဉ် ခွန်အားတွေကို စုဆောင်းပြီး မိုးကြိုးကပ်ဘေး အဆင့်ငါးကို အမြန်ဖြတ်ကျော်ကာ အဆင့်ခြောက်နယ်ပယ် ရောက်အောင် လုပ်ရမယ်။" သူက ဆုံးဖြတ်ချက် ချလိုက်သည်။
မိုးကြိုးကပ်ဘေး အဆင့်ခြောက်... စိတ်ဝိညာဉ်ဖြင့် ဟင်းလင်းပြင်ကို ဆွဲဖြဲနိုင်သည့် အဆင့် မှာ ကျင့်ကြံမှု၏ နောက်ထပ် အထွတ်အထိပ်တစ်ခုပင် ဖြစ်သည်။ ထိုအဆင့်တွင် အန္တရာယ် နှင့် တွေ့ကြုံရပါက အချိန်မရွေး လွယ်ကူစွာ ထွက်ပြေးနိုင်သည့်အပြင် ခွန်အားမှာလည်း ဖျက်ဆီး၍ မရနိုင်လောက်အောင် ကြီးမားလှသည်။ မုန့်ရှန်းကျီ၏ အဆင့်အတန်းအရ အဆင့်ခြောက်ကြိမ်မြောက် ကျွမ်းကျင်သူတစ်ဦးကို အလွယ်တကူ အနိုင်ယူနိုင်သော်လည်း သတ်ဖြတ်ရန်မှာမူ အလွန်ပင် ခက်ခဲပေလိမ့်မည်။
ဟုန်ယွိတို့အဖွဲ့မှာ စကြာဝဠာအိတ်ကို အသုံးပြု၍ သဲကန္တရပြည်နယ်ရှိ နတ်ဘုရား တန်ခိုး ရှင် ဘုရင်ယန်တူး၏ စခန်းမကြီး အနီးသို့ တည်နေရာရွေ့ပြောင်းကာ ခရီးနှင်ခဲ့ကြသည်။ ထို့နောက် မြင်းများကို အရှိန်ပြင်းပြင်း နှင်ခဲ့ရာ တစ်နာရီအတွင်းမှာပင် စခန်းအခြေစိုက်ရာ မြို့သို့ ရောက်ရှိသွားတော့သည်။
နတ်ဘုရားတန်ခိုးရှင် ဘုရင်၏ စခန်းမကြီး စိုက်ထူရာ 'နတ်ဘုရားတန်ခိုးရှင် မြို့ငယ်' မှာ ယခုအခါ စစ်သည်တော်များဖြင့် ပြည့်နှက်နေသည့် စစ်မြို့တော်ကြီးအဖြစ် လုံးဝ ပြောင်းလဲနေပြီ ဖြစ်သည်။ နေရာတိုင်းတွင် အလံအသစ်များ တလူလူ လွင့်ပျံနေပြီး ခြေလှမ်းအနည်းငယ်တိုင်းတွင် ကင်းစောင့်တစ်ဦး ရှိနေသည်။ ပုံမှန်အားဖြင့် စည်ကားလှ သော မြို့ငယ်လေးမှာ ယခုအခါ အေးစက်ငြိမ်သက်နေသည့် နေရာတစ်ခု ဖြစ်သွားပေပြီ။
ရိက္ခာများ၊ ချပ်ဝတ်တန်ဆာများ၊ သောက်သုံးရေ၊ ဆေးဝါး၊ လက်နက်၊ မီးသွေးနှင့် အဝတ်အထည်များကို အမြဲမပြတ် သယ်ယူပို့ဆောင်နေသည့် လှည်းများ၊ ကုလားအုတ်များ နှင့် မြင်းများပင်လျှင် တိတ်ဆိတ်ငြိမ်သက်စွာ သွားလာနေကြသည်။ မြို့ငယ်လေးအတွင်း၌ ကုန်သည်များ သို့မဟုတ် စွန့်စားသွားလာသူများ လုံးဝ မရှိတော့ဘဲ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ထားကာ ဆိုင်များအားလုံးလည်း ပိတ်ထားကြသည်။
"ဒီ'နတ်ဘုရားတန်ခိုးရှင် မြို့ငယ်'ဟာ မြို့ငယ်လေးတစ်မြို့ထက်စာရင် ပြည်နယ်မြို့တော် ကြီး တစ်ခုနဲ့ ပိုတူနေတယ်။ ဒီလို အငွေ့အသက်မျိုးက သာမန်မြို့ငယ်လေးတစ်မြို့နဲ့ မနှိုင်းယှဉ်နိုင်ဘူး။"
ဟုန်ယွိသည် မြို့ထဲသို့ လှမ်းဝင်လိုက်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။ သူသည် နက်ရှိုင်းလှသော ကျုံးကြီးများ၊ သစ်သားနှင့် သံမဏိတို့ဖြင့် ကျစ်လျစ်ခိုင်ခံ့အောင် တည်ဆောက်ထားသည့် မြို့ရိုးများနှင့် လူပေါင်း ဒါဇင်နှင့်ချီ၍ မြင့်မားလှသော မြို့တံခါးကြီးများကို မြင်တွေ့လိုက်ရသည်။ ထိုတံခါးကြီးကို သန်မာသော လူပေါင်း ရာနှင့် ချီ၍ မောင်းတံကို ဆွဲမှသာ ဖွင့်နိုင်မည် ဖြစ်သည်။ မြို့အတွင်း၌လည်း မြင့်မားသော ကင်းမျှော်စင်များကို နေရာအနှံ့ တွေ့မြင်နိုင်သည်။
မြို့အပြင်ဘက်တွင်မူ စိန်ပုံသဏ္ဌာန် ခံတပ်များမှာ မိုင်ပေါင်း ရာနှင့်ချီ၍ အဆုံးမရှိ ရှည်လျား လှသည်။ ထိုခံတပ်များအတွင်း၌ စစ်သည်များနှင့် ကျွမ်းကျင်သူ မည်မျှ တပ်စွဲထားမည်ကို ဘုရားသာ သိပေလိမ့်မည်။ ညဘက်တွင်မူ မီးရောင်စုံ လမ်းမကြီးမှာ မီးနဂါးတစ်ကောင် ကဲ့သို့ ရှည်လျားနေပြီး သဲကန္တာရ၏ နယ်စပ်ကို မအိပ်သည့် မြို့ကြီးတစ်မြို့အဖြစ် ဖန်တီးထားသည်။ ညဘက် သဲကန္တာရပြင်ပမှ တိုက်ခတ်လာသည့် အေးစက်သော လေပြည်များတောင်မှ ထိုမီးရောင်များနှင့် လူအုပ်ကြီးကြောင့် လွင့်စင်သွားပုံရသည်။
"နတ်ဘုရားတန်ခိုးရှင် ဘုရင်ကတော့ ကဲ့ရဲ့ရှုတ်ချမှုတွေကို ကြောက်နေတုန်းပဲ ထင်တယ်။ ဒီမြို့ကြီးကို 'မြို့ငယ်လေး' လို့ အမည်ပေးထားတာက 'မြို့တော်' လို့ ခေါ်တာထက်စာရင် အများကြီး ပိုပြီး နားဝင်ချိုတာပေါ့။ ဒီလို ပါးနပ်တဲ့ စဉ်းစားဉာဏ်လေးက ငါတို့အတွက် ပြဿနာတွေ အများကြီးကို လျော့နည်းစေခဲ့တယ်။ ဒါကို ငါ လျစ်လျူရှုလို့ မရဘူး။"
သခင်ကျိုးမှာ အဆုံးမရှိသော ခံတပ်များ၊ မြင့်မားလှသည့် မြို့ရိုးများနှင့် မီးရောင်စုံများကို ကြည့်ရင်း အနောက်ဘက်ဒေသ၏ လေသံကို နားစွင့်နေခဲ့သည်။ နယ်စပ်မှ အခါအားလျော် စွာ ထွက်ပေါ်လာသည့် လေတိုးသံများကလည်း သက်ပြင်းချသံများသဖွယ် ခံစားရစေ သည်။
"ဒီစစ်မြို့တော်မှာ စစ်သား သုံးသိန်းကျော် တပ်စွဲထားတယ်လို့ ငါကြားဖူးတယ်။ အငွေ့အသက်တင်မကဘူး၊ သူ့ရဲ့အတိုင်းအတာကတင် ကျောက်စိမ်းမြို့တော်နဲ့ နှိုင်းယှဉ် လို့ ရနေပြီ။ လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ဆယ်တုန်းက နတ်ဘုရားတန်ခိုးရှင် ဘုရင်ယန်တူး ဒီမှာ တပ်စွဲတော့ သူက ဒါကို 'နတ်ဘုရားတန်ခိုးရှင် မြို့တော်' လို့ အမည်ပေးချင်ခဲ့တာ။ ဒါပေမဲ့ သူ့ကြင်ယာတော်က သူ့ကို အနည်းငယ် လျှော့ခိုင်းပြီး 'မြို့ငယ်လေး' လို့ အမည်ပြောင်း ခိုင်းခဲ့တာလေ။" ဟုန်ယွိက ပြောပြလိုက်သည်။
သူတို့ စကားပြောနေစဉ်မှာပင် အဝေးမှ မြင်းခွာသံများ ကြားလိုက်ရသည်။ မြင်းစီးစစ်သည် ငါးရာခန့်ရှိသော အဖွဲ့တစ်ဖွဲ့မှာ အပြင်းနှင်လာခဲ့ကြပြီး ဟုန်ယွိ နှင့် ခြေလှမ်း တစ်ရာခန့် အကွာသို့ ရောက်သောအခါ မြင်းခွာသံများမှာ တစ်ပြိုင်နက်တည်း တိတ်ဆိတ်သွားတော့ သည်။
စစ်သည်များမှာ မြင်းပေါ်မှ တစ်ပြိုင်နက် ဆင်းလိုက်ကြပြီး ခေါင်းဆောင်ဖြစ်သူက ရှေ့သို့ တက်လာကာ "ကျွမ့်ယွမ်... မင်းသမီးက ကျွမ့်ယွမ်ကို ကြိုဆိုဖို့အတွက် ကြီးကျယ်ခမ်းနား တဲ့ စားသောက်ပွဲကြီးတစ်ခု ပြင်ဆင်ထားပါတယ်" ဟု ရိုသေသမှုဖြင့် ပြောကြားလိုက်လေ တော့သည်။ (ရှေ့မှာတုန်းက ကျန်းယွမ်ဟု မှားပြန်မိသည်။ နန်းတွင်းစာမေးပွဲ (Palace Examination) မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အမှတ်အများဆုံးရပြီး ပထမဆုရရှိသူ ကို Zhuangyuan (ကျွမ့်ယွမ်) လို့ ခေါ်ပါတယ်။)