အခန်း (၄၁၅-၄၁၆)
Vol. 39 Ch. 415-416
အခန်း (၄၁၅)။
"ယင်းရှာလား။ နတ်ဘုရားမိုးကြိုးဂိုဏ်းက ဒီပညာရှင်ဟာ ယင်းရှာနဲ့ တကယ်ပဲ နက်နက် ရှိုင်းရှိုင်း ပတ်သက်နေတာလား။ ဒါမှမဟုတ်ရင် ယင်းရှာရဲ့အသံက ဒီလောက်အထိ စိုးရိမ်တကြီး ဖြစ်နေမှာ မဟုတ်ဘူး။"
အလင်းနှင့်အမှောင် အစီအရင်နှစ်ခု ပေါင်းစပ်တော့မည့် ဆဲဆဲတွင် ဟုန်ယွိသည် ယင်းရှာ ၏ စိုးရိမ်တကြီး တားမြစ်သံကို ကြားလိုက်ရသဖြင့် ချက်ချင်းပင် အတွေးတစ်ခု ဝင်လာ သည်။
ထိုခဏ၌ပင် အလင်းနှင့်အမှောင် မန္တလာမဟာအစီအရင်မှာ ပေါင်းစပ်မှုကို ရပ်တန့်သွားပြီး ကောင်းကင်ယံရှိ ရှစ်ကြိမ်မြောက် မိုးကြိုးကပ်ဘေး အဆင့်ရှိ နတ်ဘုရား အသိစိတ် စွမ်းအားစုကြီးမှာလည်း လည်ပတ်မှု ရပ်တန့်ကာ တုန်ခါသွားတော့သည်။
ဤနတ်ဘုရား အသိစိတ်ကြီးသည် ကောင်းကင်မှ ကောင်းကင်တုန်ခါ ဓာတ်တော်ကို တိုက်ခိုက်တော့မည့် အခြေအနေမှ ရုတ်တရက် ရပ်တန့်သွားခြင်း ဖြစ်သည်။
ကောင်းကင်ယံရှိ အလင်းနှင့်အမှောင် မန္တလာ မဟာအစီရင်မှာ တဖျပ်ဖျပ်မြည်ကာ ပြန်လည် ရုတ်သိမ်းသွားသော်လည်း အစီအရင် ပျက်ပြယ်သွားသဖြင့် ၎င်း၏ စွမ်းအားမှာ များစွာ လျော့နည်းသွားသည်။ နတ်ဘုရားအသိစိတ် တစ်ခုချင်းစီမှာ သီးခြားစီ ဖြစ်သွားသ ဖြင့် ဟုန်ယွိအတွက် ကြီးမားသော အန္တရာယ်တစ်ခု ဖြစ်လာသည်။
ကောင်းကင်တုန်ခါဓာတ်တော်မှ ထွက်ပေါ်လာသော လျှပ်စစ်အလင်းတန်းများမှာ တုန်ခါ လာပြီး အဝါရောင်ဝတ်ရုံနှင့် လူငယ်က ထိုအခွင့်အရေးကို အရယူကာ လက်ညှိုးဖြင့် ညွှန်လိုက်သည်။ "ကောင်းကင်တုန်ခါလှိုင်း၊ မိစ္ဆာကပ်ဘေး။"
ဝူး ဝူး... ဝူး ဝူး...။ ကောင်းကင်တုန်ခါဓာတ်တော်ထံမှ သရဲတစ္ဆေများ အော်ဟစ်သံကဲ့သို့ အသံလှိုင်းများ ထွက်ပေါ်လာသည်။
ဤအသံလှိုင်းမှာ အလွန်ပင် ပြင်းထန်လှသည်။ လျှပ်စီးအလင်း၊ လှိုင်းနှင့် အသံတို့ ပေါင်းစပ် ထားသော စူးရှလှသည့် အော်ဟစ်သံသည် ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်များကို ရိုက်ခတ် ကာ အလင်းတန်းများကိုပင် ကွေးညွှတ် ပျက်ယွင်းသွားစေသည်။ ဤပြင်းထန်လှသော လှိုင်းလုံးကြီးသည် ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစ များအားလုံးကို ရောဂါဆိုး တစ်ခုကဲ့သို့ ရိုက်ခတ်သွားတော့သည်။
ရုတ်တရက်ပင် ဟုန်ယွိ၏ အတွေးစများအားလုံးထံမှ ကွဲအက်သံများ ထွက်ပေါ်လာသည်။
မူလက ဟုန်ယွိ၏ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစများမှာ ဖန်သားပြင်ကဲ့သို့ ကြည်လင် တောက်ပကာ လျှပ်စီးများဖြင့် ပြည့်နှက်နေသော်လည်း၊ သူက ရုတ်တရက် တိုက်ခိုက်မှုကို ရပ်တန့်လိုက် ချိန်တွင် တစ်ဖက်လူ၏ အပြင်းထန်ဆုံး တိုက်ကွက်နှင့် ထိပ်တိုက်တွေ့သဖြင့် ဒဏ်ရာရ သွားခြင်း ဖြစ်သည်။
"ရှူး... ဒီလောက်နဲ့ ခင်ဗျားက ကျုပ်ကို ဒဏ်ရာရအောင် လုပ်နိုင်မယ် ထင်နေတာလား"
ဟုန်ယွိက အသက်ကို ပြင်းပြင်းရှူထုတ်လိုက်ပြီးနောက် စူးရှသော အသံကို ထုတ်ဖော် လိုက်သည်။ သူ၏ အတွေးစ တစ်ခုချင်းစီမှာ ပုံသဏ္ဌာန် ပြောင်းလဲသွားပြီး လေးမျက်နှာရှိ သော ပုံဆောင်ခဲများအဖြစ် ပြောင်းလဲသွားတော့သည်။
ထိုလေးမျက်နှာရှိ ပုံဆောင်ခဲ တစ်ခုချင်းစီ၏ မျက်နှာပြင်များပေါ်တွင် ထူးခြားသော အလင်းတန်းများ ပေါ်ထွက်လာပြီး၊ အလင်းထဲတွင် "အတိတ်ဗုဒ္ဓ"၏ ပုံရိပ်မှာ ဝေဝါးစွာ ပေါ်လာသည်။ အတွေးစ တစ်ခုချင်းစီတွင် မျက်နှာပြင်လေးဖက် ရှိနေပြီး မျက်နှာပြင်တိုင်း တွင် မတူညီသော အတိတ်ဗုဒ္ဓ၏ ပုံရိပ်များ ရှိနေကြသည်။ အချို့မှာ အေးချမ်းပြီး၊ အချို့မှာ ရက်စက်ကာ၊ အချို့မှာ ကရုဏာသက်နေပြီး အချို့မှာမူ မလှုပ်မယှက် တည်ငြိမ်နေကြ သည်။
ထိုဗုဒ္ဓပုံရိပ်များထံမှ အသံလှိုင်းများ ထွက်ပေါ်လာသည်။ တစ်ခဏအတွင်းမှာပင် ကွဲအက် သွားသော သူ့အတွေးစများမှာ ဒဏ်ရာမရဖူးသည့်အလား မူလအတိုင်း ပြန်လည် ကောင်းမွန်သွားတော့သည်။
ပြန်လည် သက်သာလာပြီးနောက် ဟုန်ယွိက အေးစက်စွာ ရယ်မောလိုက်ပြီး သူ၏ စိတ်ဝိညာဉ် အတွေးစများကို ပြန်လည် စုစည်းလိုက်ရာ၊ ကောင်းကင်ယံတွင် ဘာသာရေး ဂိုဏ်းတစ်ခု၏ အုပ်စိုးရှင်သဖွယ် အလွန်ခန့်ညား ထည်ဝါလှသော "ပစ္စုပ္ပန်ဗုဒ္ဓ" ၏ ခန္ဓာကိုယ်ကြီး ပေါ်ထွက်လာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ဝုန်း...။
ဤတိုက်ကွက်မှာ "ဉာဏ်ပညာ တံဆိပ်တော်" ဖြစ်ပြီး ၎င်း၏ စွမ်းအားမှာ မယုံနိုင်လောက် အောင်ပင် ကြီးမားလှသည်။ တိုက်ခတ်လာသော လေပြင်းမှာ ခြံဝင်းတစ်ခုလုံးကို မှောက်လှန်တော့မည့်အလား ပြင်းထန်ပြီး၊ ခြံထဲရှိ သစ်ပင်ပန်းမန်အားလုံးမှာလည်း မြေစာပုံများအဖြစ် ပြောင်းလဲသွားတော့သည်။
အတိတ်၏ မပြောင်းလဲသော စိတ်နှလုံး၊ ပစ္စုပ္ပန်ကို အုပ်စိုးသည့် စွမ်းအား။
ပစ္စုပ္ပန်ဗုဒ္ဓပေါ်လာပြီး လက်ဝါးဖြင့် ရိုက်ချလိုက်သည်နှင့် အသက်စွမ်းအင်မိုးကြိုးတိမ်တိုက် ကို ဖောက်ထွက်သွားပြီး ကောင်းကင်တုန်ခါဓာတော်ကို ထိမှန်သွားတော့သည်။
ကောင်းကင်တုန်ခါဓာတ်တော်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာပြီး ၎င်း၏ တောက်ပမှု မှာလည်း များစွာ လျော့နည်းသွားသည်။
အဝါရောင်ဝတ်ရုံနှင့် လူငယ်၏ မျက်နှာအမူအရာမှာ သိသိသာသာ ပျက်သွားပြီး၊ သူက မျက်တောင်တစ်ချက် ခတ်လိုက်ရာ ကောင်းကင်တုန်ခါဓာတ်တော်မှာ သူ၏ ဦးခေါင်း အတွင်းသို့ ပြန်လည် ဝင်ရောက်သွားပြီး အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်မှာလည်း ကွယ်ပျောက်သွားတော့သည်။
ဟုန်ယွိသည် သူ၏အတွေးစများကို ပြန်လည် ရုတ်သိမ်းလိုက်ရာ ကောင်းကင်ယံမှ ပစ္စုပ္ပန်ဗုဒ္ဓ ပုံရိပ်ကြီးမှာ ပျောက်ကွယ်သွားသည်။
သူတို့နှစ်ဦးစလုံး တစ်ပြိုင်နက်တည်း တိုက်ခိုက်မှုကို ရပ်တန့်လိုက်ကြသော်လည်း ခြံဝင်းအတွင်းမှာမူ ပျက်စီးယိုယွင်းနေပြီ ဖြစ်သည်။ သစ်ပင်ပန်းမန်များမှာ ရွှံ့နွံများအဖြစ် ပြောင်းလဲသွားပြီး ဟုန်ယွိ၏ ခြေဖဝါးအောက်ရှိ မြေဆီလွှာများမှာလည်း ကောင်းကင် တုန်ခါဓာတ်တော်၏ ပြင်းထန်သော စွမ်းအားကြောင့် အခိုးအငွေ့အဖြစ် ပြောင်းလဲသွားခဲ့ သည်။
ဟုန်ယွိက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ရပ်လိုက်ပြီး ပြောသည် "ခင်ဗျားရဲ့ ကောင်းကင်တုန်ခါ ဓာတ်တော်က ကျုပ်ရဲ့နတ်ဘုရား စိတ်ဝိညာည် အတွေးစတွေကို ဘယ်လိုလုပ် ဒဏ်ရာရ အောင် လုပ်နိုင်မှာလဲ။"
...
"နတ်ဘုရားတန်ခိုး..၊ ဉာဏ်ပညာ၊ စိတ်ဝိညာဉ် စွမ်းအား၊ စိတ်စွမ်းအား၊" အဝါရောင် ဝတ်ရုံနှင့် လူငယ်သည် ဟုန်ယွိကို အတန်ကြာ စိုက်ကြည့်နေပြီးမှ သူ၏ မျက်ဝန်းများမှာ ကျဉ်းမြောင်းသွားသည်။ သူ၏အသံမှာ အေးစက်နေဆဲဖြစ်သော်လည်း ထိုအေးစက်မှုထဲ တွင် အံ့သြရိပ်အချို့ ပါဝင်နေသည်။ "လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ငါဟာ 'ဒိုင်ဇင်ဘုရား ကျောင်း'ရဲ့ ကျောင်းထိုင်ဆရာတော်နဲ့ တာအိုပညာ ယှဉ်ပြိုင်ခဲ့ဖူးတယ်။ သူလည်း မိုးကြိုး ကပ်ဘေး အဆင့်လေးကို ရောက်နေပေမဲ့ မင်းလိုမျိုး နတ်ဘုရား စိတ်ဝိညာဉ်ကို ပြန်လည် ကုသနိုင်စွမ်း မရှိခဲ့ဘူး။ မင်းရဲ့ အတွေးစတွေက မျက်နှာပြင်လေးဖက် ရှိပြီး မျက်နှာပြင် တိုင်းမှာ အတိတ်ဗုဒ္ဓရဲ့ ပုံရိပ်တွေ ရှိနေတာက နတ်ဘုရားတန်ခိုး၊ ဉာဏ်ပညာ၊ စိတ်ဝိညာဉ် စွမ်းအားနဲ့ စိတ်စွမ်းအားတွေကို ကိုယ်စားပြုနေတာပဲ။ ဒဏ္ဍာရီတွေအရ ဒါဟာ ဗုဒ္ဓတရား တော်တွေရဲ့ အနှစ်သာရကို အမှန်တကယ် နားလည်သူတွေသာ ကျင့်ကြံနိုင်တာ။ အရင်က ဒိုင်ဇင်ဘုရားကျောင်းက ကျောင်းထိုင်ဆရာတော်တောင် ဒါကို မကျင့်ကြံနိုင်ခဲ့ဘူး။"
"ဗုဒ္ဓတရားတော်ဆိုတာ တာအိုပါပဲ၊ အားလုံးက တစ်ခုတည်းပဲ။ ကျုပ်ရဲ့ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစတွေမှာ မျက်နှာပြင်လေးဖက် ရှိနေတာကတော့ ဉာဏ်ပညာ၊ သတ္တိ၊ ကရုဏာနဲ့ ဖြောင့်မတ်ခြင်းကိုပဲ ကိုယ်စားပြုတာပါ" ဟုန်ယွိက သူ၏ ဝတ်ရုံလက်မောင်းစ ကို ခါလိုက်ပြီး ကိုယ်ပေါ်မှ ဖုန်များကို သုတ်လိုက်သည်။ ထို့နောက် နောက်ပြန် လှည့်မကြည့်ဘဲ မေးလိုက်သည် "ယင်းရှာ... ဒါက နတ်ဘုရားမိုးကြိုးဂိုဏ်းက မင်းရဲ့ အကြီးအကဲလား။ သူနဲ့ မင်းနဲ့က တကယ်ပဲ ရင်းနှီးတာလား။"
ထိုအချိန်တွင် ခြံဝင်း၏ အဝင်ဝတွင် ချန်ယင်းရှာ ရောက်ရှိနေပြီ ဖြစ်သည်။ သူမ၏ မျက်နှာ တွင် စိုးရိမ်မှု၊ ဇဝေဇဝါဖြစ်မှုနှင့် ခန့်မှန်းရခက်သည့် အရိပ်အယောင်များ ပေါ်နေသော် လည်း သူမစိတ်ဝိညာဉ်၏ နက်ရှိုင်းဆုံးနေရာတွင်မူ တည်ငြိမ်မှု အချို့ ရှိနေသည်။
"နတ်ဘုရားမိုးကြိုးဂိုဏ်းရဲ့ အမြင့်ဆုံး မိုးကြိုးပညာရပ်ရဲ့ အငွေ့အသက်ကို ငါခံစားမိလိုက် လို့ ချက်ချင်း ပြေးလာခဲ့တာ။" ဟုန်ယွိ၏ မေးခွန်းကို ဖြေပြီးနောက် ချန်ယင်းရှာက ခြံဝင်း အလယ်ရှိ အဝါရောင်ဝတ်ရုံနှင့် လူငယ်ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများက ကျဉ်းမြောင်းသွားပြီး အတော်ကြာအောင် စကားမပြောနိုင်ဘဲ ဖြစ်နေသည်။ ထို့နောက် ခေါင်းကို အသာအယာ ခါလိုက်သည်။ ညလေပြင်းက တိုက်ခတ်လာရာ သူမ၏ ဝတ်ရုံစများ မှာ လေထဲတွင် လှုပ်ခါနေသည်။
အဝါရောင်ဝတ်ရုံနှင့် လူငယ်က ဘာမှမပြောဘဲ သူ၏ လက်ထဲမှ ပလွေကို မြှောက်ကာ အသံအချို့ မှုတ်လိုက်သည်။ ထိုအသံကို ကြားလိုက်ရသည်နှင့် ဟုန်ယွိ၏နှလုံးက တစ်ချက် ခုန်သွားသည်။ သူသည် သူ၏ "ယင်စိတ်ဝိညာဉ်"ကို စတင်ကျင့်ကြံခဲ့စဉ်က ပင်လယ်ပြင် ပေါ်တွင် ချန်ယင်းရှာကို ပထမဆုံး စတင်တွေ့ဆုံခဲ့စဉ် ကြားခဲ့ရသည့် ပလွေသံကို ပြန်လည် သတိရသွားသည်။
"ဆရာ..... ဆရာလား။"
ပလွေသံကို ကြားလိုက်ရသောအခါ ချန်ယင်းရှာ၏ ကိုယ်ခန္ဓာမှာ တုန်ခါသွားပြီး လူငယ်ကို စိုက်ကြည့်ကာ မယုံနိုင်သလို ခေါင်းခါလိုက်သည်။ "မဟုတ်ဘူး... မဟုတ်ဘူး။ ကျွန်မရဲ့ ဆရာက လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်ရာတုန်းက မိုးကြိုးကပ်ဘေးအတွင်း ကွယ်လွန်သွားခဲ့ပြီ လေ။ တကယ်လို့ ဆရာသာအသက်ရှိဦးမယ်ဆိုရင် ကျွန်မဆီကို ဘာလို့ လာမရှာခဲ့တာလဲ။ ဘာလို့ နှစ်ပေါင်း တစ်ရာကြာမှ ပေါ်လာရတာလဲ။ ပြီးတော့ ကျွန်မမှာ တာအိုလက်တွဲဖော် ဟုန်ယွိနဲ့ အတူတူရှိနေတဲ့ အချိန်ရောက်မှ ဘာလို့ ပေါ်လာရတာလဲ။ ကျွန်မရဲ့ ဆရာက ဒါမျိုး ဘယ်တော့မှ လုပ်မှာ မဟုတ်ဘူး။ ကျွန်မရဲ့ စိတ်ကို ဘယ်တော့မှ နှောင့်ယှက်မှာ မဟုတ်ဘူး။"
ရုတ်တရက်ပင် ချန်ယင်းရှာ၏ မျက်လုံးများအတွင်း၌ ထူးခြားသော အလင်းတန်းတစ်ခု လက်ခနဲ ပေါ်လာပြီး သတ်ဖြတ်လိုသော အငွေ့အသက်များ ထွက်ပေါ်လာသော်လည်း ချက်ချင်းပင် ပြန်လည် တည်ငြိမ်သွားသည်။ ခဏအတွင်းမှာပင် သူမ၏ စိတ်ခံစားချက်များ မှာ အမျိုးမျိုး ပြောင်းလဲနေတော့သည်။
"ငါ့ရဲ့ခန္ဓာကိုယ်က ပျက်စီးသွားခဲ့တာ ကြာပါပြီ။ ငါက မင်းရဲ့ဆရာ ဟုတ်မဟုတ်ဆိုတာက အရေးမကြီးပါဘူး။" အဝါရောင်ဝတ်ရုံနှင့် လူငယ်သည် ချန်ယင်းရှာ၏ မျက်လုံးများထဲမှ စိတ်ခံစားချက် ပြောင်းလဲမှုများကို မြင်လိုက်ရသောအခါ မျက်စိမှိတ်၍ အသက်ကို ပြင်းပြင်းရှူလိုက်သည်။ ထို့နောက် မြေပြင်ပေါ်တွင် တင်ပလ္လင်ခွေ ထိုင်လိုက်ပြီး "ယင်းရှာ... မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်လည် တည်ဆောက်ပြီးတဲ့နောက် မင်းရဲ့ ပုံစံက အရင် နတ်ဆိုးအင်မော်တယ် မိန်းကလေး ဘဝတုန်းကနဲ့ သိပ်မပြောင်းလဲသေးဘူးပဲ။ ပြီးတော့ ငါ အမှတ်မထင် လမ်းညွှန်ပေးခဲ့တဲ့ 'ငွေငါးမန်း' ကလေးဟာ အခုဆိုရင် နာမည်ကျော် မဟာ အင်မော်တယ် ရှစ်ဦးထဲက တစ်ဦး ဖြစ်နေပြီပဲ။ မင်းရဲ့ တာအိုလက်တွဲဖော်ကလည်း တကယ့်ကို ထူးခြားလှပါတယ်။ ဉာဏ်ပညာ၊ သတ္တိ၊ ကရုဏာ၊ ဖြောင့်မတ်ခြင်း... နတ်ဘုရားတန်ခိုး၊ ဉာဏ်ပညာ၊ စိတ်ဝိညာဉ်စွမ်းအား၊ စိတ်စွမ်းအား၊ ဒီအနှစ်သာရ လေးမျိုး လုံးကို နတ်ဘုရား စိတ်ဝိညာဉ် တစ်ခုတည်းမှာ ပိုင်ဆိုင်ထားတာပဲ။ တကယ်လို, ငါ အဆင့် ခြောက် မိုးကြိုးကပ်ဘေးကို ရောက်သွားမယ်ဆိုရင်တော့ သူ့ကို မယှဉ်နိုင်မှာ စိုးရတယ်။"
ချန်ယင်းရှာက ဟုန်ယွိကို လှည့်ကြည့်လိုက်ရာ သူမ၏ မျက်လုံးများထဲတွင် ချီးကျူးဂုဏ်ယူ ရိပ်များ ပေါ်လွင်နေသည်။
ထို့နောက် လူငယ်ကို ပြန်ကြည့်လိုက်ရာ သူမ၏ မျက်ဝန်းများမှာ ပိုမို ခိုင်မာပြတ်သား လာသည်။
"ငါဟာ မိုးကြိုးကပ်ဘေးအတွင်းမှာ တကယ်ပဲ သေဆုံးခဲ့တယ်။ ဒါပေမဲ့ ငါ့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ် အပိုင်းအစလေး တစ်ခုကို မုန့်ရှန်းကျီက ကယ်တင်ခဲ့ပြီး ငါ့ရဲ့ စွမ်းအားတွေကို ပြန်လည် စုစည်းပေးခဲ့တယ်။ နှစ်ပေါင်းတစ်ရာ ကျင့်ကြံပြီးတဲ့နောက်မှ ငါအခုလို အဆင့်ကို ပြန်ရောက်လာတာ။ ငါ ဒီကို လာတာက မင်းကို တွေ့ချင်ရုံ သက်သက်ပါ။ အခု မင်း အဆင် ပြေနေတာ မြင်ရတော့ ငါ စိတ်အေးရပါပြီ။ မင်းရဲ့ တာအိုပညာတွေလည်း တိုးတက်လာပြီ ပဲ။ ပြီးတော့ မင်းက 'အတိတ်ကျမ်းစာ' ကိုလည်း ကျင့်ကြံနေတာပဲ။ အတိတ်ဆိုတာ တစ်ခုတည်းပဲ ရှိတယ်လို့ ဒဏ္ဍာရီတွေက ဆိုကြတယ်။ ဟုန်ယွိက မင်းကို ဒီကျမ်းစာ မျှဝေပေးခဲ့တာပဲ။"
အဝါရောင်ဝတ်ရုံနှင့် လူငယ်သည် မြေပြင်ပေါ်တွင် ထိုင်လျက် အေးဆေးစွာ ပြောနေသည်။
ချန်ယင်းရှာ၏ နှုတ်ခမ်းများမှာ လှုပ်ရှားသွားသော်လည်း စကားတစ်လုံးမှ ထွက်မလာခဲ့ ပေ။
"ယင်းရှာ... မင်း ဒါကို မှတ်ထားပါ။ အင်မော်တယ် လမ်းစဉ်ဆိုတာ အလွန် ရှည်လျားပြီး အန္တရာယ်တွေက နေရာတိုင်းမှာ ရှိနေတာ။ လူတွေရဲ့ စိတ်နှလုံးဟာ ငရဲပြည်ကိုးထပ်က လေပြင်းတွေထက်တောင် ပိုပြီး ရက်စက်ကြတယ်။ မင်းရဲ့ တာအိုပညာတွေ တိုးတက်လာ တယ် ဆိုပေမဲ့ ဖြစ်လာမယ့် အန္တရာယ်တွေကို ရင်ဆိုင်ဖို့တော့ မလုံလောက်သေးဘူး။ မင်းက သာမန် တစ္ဆေအင်မော်တယ် တစ်ယောက်ဆိုရင်တော့ ပြဿနာမရှိပေမဲ့၊ မင်းက အခု လှိုင်းတံပိုးတွေရဲ့ အလယ်ဗဟိုကို ရောက်နေပြီ။ မင်းရဲ့ တာအိုလက်တွဲဖော် ဟုန်ယွိက အလွန် သန်မာလွန်းတယ်။ မင်းရဲ့ကျင့်ကြံမှုက သူ့ကို အမီမလိုက်နိုင်ဘူးဆိုရင် အနာဂတ် မှာ မင်း ချန်လှပ်ထားခြင်း ခံရလိမ့်မယ်။ ကျင့်ကြံမှု လမ်းစဉ်မှာ တခြားအရာတွေအားလုံးက အတုအယောင်တွေပဲ၊ စွမ်းအားတစ်ခုတည်းကသာ အစစ်အမှန်ပဲ။ ငါ ဒီကိုလာတာက မင်းရဲ့ စိတ်ကို နှောင့်ယှက်ဖို့ မဟုတ်ပါဘူး၊ မင်းအတွက် အခြေခံအကျဆုံး အရာတစ်ခုကို ပေးဖို့ ရောက်လာခဲ့တာပဲ။"
လူငယ်၏ အသံမှာ ပြောရင်းနှင့် ပိုမို ဝေးကွာသွားသကဲ့သို့ ခံစားရသည်။ ရုတ်တရက်ပင် သူ၏ ခေါင်းပေါ်တွင် မိုးကြိုးများ ပြန်လည် လက်လာပြီး အသက်စွမ်းအင် မိုးကြိုးတိမ်တိုက် ထွက်ပေါ်လာပြန်သည်။
ယခင်နှင့် မတူသည်မှာ၊ အသက်စွမ်းအင် မိုးကြိုးတိမ်တိုက် ပေါ်လာသည်နှင့်အမျှ လူဦး ခေါင်းခွံ အရွယ်အစားရှိပြီး လမင်းကြီးပမာ တောက်ပလှသည့် နတ်ဘုရား စိတ်ဝိညာဉ် အတွေးအပိုင်းအစများမှာ သူ၏ ဦးခေါင်းအတွင်းမှ အဆက်မပြတ် ထွက်ပေါ်လာသည်။ ၎င်းတို့မှာ အရေအတွက်အားဖြင့် သုံးသောင်းမှ လေးသောင်းခန့်အထိ ရှိနေသည်။
အဆင့်ငါး မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူတစ်ဦး၏ အတွေးစပေါင်း လေးသောင်းကျော် တစ်ပြိုင်နက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကောင်းကင်ယံရှိ ကြယ်တာရာများပင်လျှင် ထိုတောက်ပမှုအောက်တွင် အရောင်မှိန်သွားသကဲ့သို့ ရှိသည်။
လူငယ်၏ အတွေးအပိုင်းအစများ အားလုံးမှာ တိမ်တိုက်အတွင်း၌ လှုပ်ရှားနေပြီး အတွေးစ တစ်ခုစီတိုင်းမှာ ခန္ဓာကိုယ်ငယ်လေးတစ်ခုစီအဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် ထိုခန္ဓာကိုယ်ငယ်လေးများမှာ တင်ပလ္လင်ခွေ ထိုင်လိုက်ကြပြီး၊ ၎င်းတို့၏ ရင်ဘတ်အတွင်းမှ မီးလျှံများ ထွက်ပေါ်လာကာ ခန္ဓာကိုယ်ငယ်လေး တစ်ခုချင်းစီကို လွှမ်းခြုံသွားတော့သည်။
...
"ဟန်ရှောက်ဇီ ဘာတွေ လုပ်နေတာလဲ။"
ထိုအချိန်တွင် မင်းသမီး ရှဲ့ဖင်းဖင်းနှင့် ကြိုးကြာလေးတို့မှာ ဤရုတ်တရက် ဖြစ်ရပ်ကြောင့် ထိတ်လန့်သွားကြသည်။ ကြိုးကြာလေးက ခြံဝင်းအလယ်ကို ညွှန်ပြရင်း တုန်တုန်ယင်ယင် နှင့် မေးလိုက်သည်။
"မကောင်းတော့ဘူး! ဒါက 'စိတ်နှလုံးမီးလျှံနဲ့ မိမိကိုယ်ကို လောင်ကျွမ်းစေခြင်း' ပဲ။" ရှဲ့ဖင်းဖင်းက အခြေအနေကို သေချာမြင်ရရန် မျက်လုံးကို ပွတ်ကြည့်လိုက်ပြီးနောက် ထိတ်လန့်တကြား အော်လိုက်သည်။ "သူက သူ့ရဲ့ စိတ်နှလုံးမီးလျှံကို မြှင့်တင်ပြီး သူ့ရဲ့ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစပေါ်က အမှတ်အသားတွေကို လောင်ကျွမ်းပစ်နေတာပဲ။ သူက သန့်စင်တဲ့ စွမ်းအားတွေကို ချန်ယင်းရှာဆီကို လွှဲပြောင်းပေးဖို့အတွက် မိမိကိုယ်ကို သတ်သေနေတာ။ သူတစ်သက်လုံး ကျင့်ကြံခဲ့တဲ့ စွမ်းအားတွေနဲ့ အတတ်ပညာတွေကို ချန်ယင်းရှာဆီကို အကုန်ပေးခဲ့တာလား။ ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ။ ဘယ်သူက ဒီလောက် အထိ မိုက်မဲမှာလဲ။ အဆင့်ငါး မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူ တစ်ယောက်က..."
ရှဲ့ဖင်းဖင်းမှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် မလှုပ်မယှက် ဖြစ်နေမိသည်။ ငါးကြိမ်မြောက် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ထားသည့် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်တစ်ဦးက မိမိ၏ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစ အမှတ်အသားတွေကို လောင်ကျွမ်းဖျက်ဆီးပြီး သန့်စင်သော စွမ်းအားများကို အခြားသူတစ်ဦးထံ ပေးအပ်ခဲ့ခြင်းမှာ ကျင့်ကြံမှု လောက သမိုင်းတွင် တစ်ခါမျှ မရှိခဲ့ဖူးပေ။
မိုးကြိုးကပ်ဘေး အဆင့်ငါးသို့ ရောက်ရှိရန် မည်မျှ ခက်ခဲလှသနည်း။ သေခြင်းနှင့် ရှင်ခြင်းကြားတွင် မည်မျှအထိ တိုက်ပွဲဝင်ခဲ့ရသနည်း။ ယခုမူ သူက ထိုအရာအားလုံးကို စွန့်လွှတ်လိုက်ပြီ ဖြစ်သည်။
မုန့်ရှန်းကျီပင်လျှင် ဤအခြေအနေမျိုးကို ကြိုတင် သိမြင်နိုင်မည် မဟုတ်ပေ။ အမြဲတမ်း ကြိုတင် ပြင်ဆင်တတ်လှသော ရှဲ့ဖင်းဖင်းပင်လျှင် ဤရုတ်တရက် ဖြစ်ရပ်ကို ဘာမှ မလုပ်နိုင်ဘဲ ကြည့်နေရုံသာ ရှိတော့သည်။
"ဆရာ... မလုပ်ပါနဲ့။"
ချန်ယင်းရှာက စူးရှစွာ အော်ဟစ်လိုက်ပြီး ရှေ့သို့ ပြေးဝင်ကာ တားဆီးရန် ကြိုးစားသည်။ သို့သော် မီးလျှံများအတွင်းရှိ လူငယ်ထံမှ ပြင်းထန်သော စွမ်းအားလှိုင်းများ ထွက်ပေါ်လာ ပြီး ချန်ယင်းရှာကို နောက်သို့ လွင့်ထုတ်ပစ်လိုက်သည်။
ဟုန်ယွိ၏ မျက်နှာမှာလည်း ပြောင်းလဲသွားသည်။ ရုတ်တရက်ပင် ကောင်းကင်တစ်ခုလုံး မှာ ရွှေရောင်အလင်းများ ဖုံးလွှမ်းသွားပြီး ရွတ်ဖတ်သံများ ထွက်ပေါ်လာသည်။
"ဟုန်ယွိ... ငါ့ကို မတားပါနဲ့" အဝါရောင်ဝတ်ရုံနှင့် လူငယ်ထံမှ မိုးခြိမ်းသံကဲ့သို့ ပြင်းထန်သော အသံကြီး ထွက်ပေါ်လာပြီးနောက် ပြန်လည် နူးညံ့သွားသည်။ "ယင်းရှာ... အင်မော်တယ် လမ်းစဉ်က အရမ်း ရှည်လျားတယ်။ ငါ မင်းနဲ့အတူ လိုက်မသွားနိုင်တော့ ဘူး။ ဒါကြောင့် ငါ့ရဲ့ စွမ်းအားတွေကို မင်းအတွက် ချန်ထားခဲ့မယ်။ မင်း ဒီလမ်းစဉ်ကို ပိုပြီး ဝေးဝေး လျှောက်နိုင်ပါစေလို့ ငါ မျှော်လင့်ပါတယ်..."
ထို့နောက် သူ၏ အေးစက်ပြီး ဂုဏ်ယူဝင့်ကြွားလှသော အသံက ထပ်မံ ထွက်ပေါ်လာ သည်။ "မုန့်ရှန်းကျီ... မင်း ငါ့ကို စိတ်ကြိုက် ခိုင်းစေနိုင်မယ်လို့ ထင်နေတာလား။"
ပြောပြောဆိုဆိုဖြင့် မီးလျှံများမှာ ပိုမို ပြင်းထန်လာသည်။ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစ လေးသောင်းခန့်မှာ တစ်ပြိုင်နက် တုန်ခါသွားပြီး အတွင်းရှိ ပုံရိပ်များမှာ ပျောက်ကွယ်သွားကာ ချန်ယင်းရှာဆီသို့ ပျံသန်း ဝင်ရောက်သွားတော့သည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်ရှိ အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်နှင့် ကောင်းကင် တုန်ခါဓာတ်တော်တို့မှာလည်း ထိန်းချုပ်သူ မရှိတော့သဖြင့် ချန်ယင်းရှာဆီသို့ လိုက်ပါသွား ကြသည်။ ကောင်းကင်ယံမှ ကြယ်မီးလျှံများမှာ ရေတံခွန်ကဲ့သို့ ကျဆင်းလာပြီး လူငယ်၏ ခန္ဓာကိုယ်ကို ပြာဖြစ်အောင် လောင်ကျွမ်းပစ်လိုက်တော့သည်။
ဤသည်မှာ သူ၏ ခန္ဓာကိုယ်ကို ဖျက်ဆီးရန် သူကိုယ်တိုင် အသုံးပြုခဲ့သည့် ကြယ်မီးလျှံများ ဖြစ်သည်။ ငါးကြိမ်မြောက် မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူ တစ်ဦး၏ နတ်ဘုရား စိတ်ဝိညာဉ် အတွေးစများနှင့် အမှတ်အသားများ အားလုံးမှာ လောင်ကျွမ်း ပျောက်ကွယ် သွားခဲ့ပြီ ဖြစ်သည်။ သူ၏ခန္ဓာကိုယ်မှာလည်း ပြာအဖြစ် ပြောင်းလဲသွားပြီး၊ ဤကမ္ဘာ လောကကြီးအတွင်း သူရှိခဲ့ဖူးသည့် အမှတ်အသား တစ်ခုမျှပင် ကျန်ရစ်ခြင်း မရှိတော့ပေ။
အခန်း (၄၁၆)။
"မိုးကောင်းကင်က မမြင့်ပါဘူး။ လူ့စိတ်နှလုံးကသာ အမြင့်ဆုံးပါ။ စကြဝဠာကြီးရဲ့ ဖန်ဆင်းမူ နိယာမတွေကို နားလည်နိုင်ရင်တောင် လူ့စိတ်နှလုံးသားရဲ့ အပြောင်းအလဲကို တော့ ဘယ်သူမှ အကုန်အစင် နားမလည်နိုင်ကြဘူး။ တကယ်လို့, ဗုဒ္ဓသာ လူ့စိတ်နှလုံးကို အကုန် နားလည်ခဲ့မယ်ဆိုရင် သူကိုယ်တိုင်လည်း ဒေါသထွက်မှာ မဟုတ်ဘူး။ ဒီဟန်ရှောက်ဇီဟာ မုန့်ရှန်းကျီရဲ့ ဖိအားပေး စေခိုင်းမှုက တစ်ကြောင်း၊ ယင်းရှာအတွက် ရယ်၊ နောက်ပြီး သူကိုယ်တိုင်ကလည်း ငါ့ကို မကျော်ဖြတ်နိုင်တာကို သိသွားတာရယ်, ဒီအကြောင်းရင်းတွေကြောင့် သူ့စိတ်နှလုံးမီးလျှံနဲ့ ကိုယ့်ကိုယ်ကို လောင်းကျွမ်းပြီး ယင်းရှာရဲ့ စိတ်ဝိညာဉ်ထဲမှာ အမှတ်အသားတစ်ခု ချန်ထားချင်ခဲ့တာပဲ။ သူရဲ့ သတ္တိက ချီးကျူးစရာ ကောင်းပေမဲ့ သူရဲ့ခံစားချက်ကတော့ သနားစရာပဲ... သူနဲ့ ယင်းရှာကြားမှာ အတော်နက်ရှိုင်းတဲ့ သံယောဇဉ်တွေ ရှိခဲ့ပုံရတယ်။"
နတ်ဘုရားမိုးကြိုးဂိုဏ်း၏ ယခင်ဂိုဏ်းချုပ်၊ ချန်ယင်းရှာ၏ ဆရာဖြစ်သူ အဝါရောင် ဝတ်ရုံနှင့် လူငယ်သည် ငါးကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့်ရှိ သူ၏ စိတ်ဝိညာဉ် အမှတ်အသားကို လောင်ကျွမ်းကာ ချန်ယင်းရှာထံသို့ လွှဲပြောင်းပေးသွားသည်ကို ကြည့်ပြီး ဟုန်ယွိ၏စိတ်ထဲတွင် ခံစားချက်ပေါင်းစုံ ဖြစ်ပေါ်နေတော့သည်။
အမှန်စင်စစ် ထိုလူငယ်က နတ်ဘုရားမိုးကြိုးဂိုဏ်း၏ ပညာရပ်များကို စတင်ထုတ်ဖော်က တည်းက သူသည် ချန်ယင်းရှာ၏ ဆရာဖြစ်နိုင်ကြောင်း ဟုန်ယွိ ခန့်မှန်းမိခဲ့သည်။ သို့သော် ချန်ယင်းရှာက သူမ၏ဆရာမှာ လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကတည်းက ကွယ်လွန်သွားပြီ ဟု ပြောဖူးသဖြင့် သူ မသေချာခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ်များစွာက နတ်ဘုရားမိုးကြိုးဂိုဏ်းသည် အလွန်စည်ကားခဲ့သော်လည်း အဖြစ်အပျက်တစ်ခုကြောင့် တစ်ဂိုဏ်းလုံး ပျက်သုန်းခဲ့ရသည်။ ယခုအခါ ထိုဂိုဏ်း၏ ပညာရပ်အားလုံးကို သိရှိသူမှာ ချန်ယင်းရှာ တစ်ဦးတည်းသာ ကျန်ရှိတော့သည်။
ချန်ယင်းရှာနှင့် သူမ၏ဆရာ ဟန်ရှောက်ဇီတို့၏ ဆက်ဆံရေးကိုလည်း ဟုန်ယွိ ကောင်းစွာ သိသည်။ သူတို့နှစ်ဦးမှာ အတိတ်အကြောင်းများကို မကြာခဏ ပြောဖြစ်ကြပြီး ချန်ယင်းရှာ ကလည်း ဘာမှဖုံးကွယ်ထားခြင်း မရှိပေ။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာက ချန်ယင်းရှာသည် လူသားတစ်ဦးမဟုတ်ဘဲ ပင်လယ်ပြင် ကို စိုးမိုးထားသည့် "ငွေငါးမန်း" တစ်ကောင်သာ ဖြစ်ခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကတည်းက ချန်ယင်းရှာသည် တစ္ဆေအင်မော်တယ် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း ထိုစဉ်က သူမမှာ လူသားမဟုတ်ဘဲ ရွှေပင့်ကူကဲ့သို့သော သတ္တဝါအသွင်သာ ဖြစ်သည်။ သူမ၏ စိတ်ဝိညာဉ်မှာ လူသားအသွင်သို့ အပြည့်အဝ ပြောင်းလဲနိုင်သော်လည်း ခန္ဓာကိုယ်ဖျက်ဆီးပြီး အသစ်လဲလှယ်ခြင်းကိုမူ မလုပ်ဆောင်နိုင် သေးပေ။
မိုးကြိုးကပ်ဘေးကို မဖြတ်ကျော်ရသေးသော တစ္ဆေအင်မော်တယ် တစ်ဦးသည် ခန္ဓာကိုယ် ဖျက်ဆီးပြီး၊ ပြန်လည်ဝင်စားခြင်း ပြုလုပ်ပါက ‘သားအိမ်အတွင်း မိန်းမောခြင်း’ကို ကြုံတွေ့ရတတ်သဖြင့် ချန်ယင်းရှာသည် သူမ၏ ခန္ဓာကိုယ်ကို အလွယ်တကူ စွန့်လွှတ်ခဲ့ ခြင်း မရှိပေ။ ထို့အပြင် ချန်ယင်းရှာနှင့် သူမ၏ ဆရာကြားတွင် ဂုဏ်သိက္ခာမဲ့သော ဆက်ဆံရေးမျိုး မရှိခဲ့ကြောင်းကိုလည်း ဟုန်ယွိ သိရှိထားသည်။ ချန်ယင်းရှာသည် ဟန်ရှောက်ဇီ ကွယ်လွန်ပြီး နှစ်ပေါင်း ရှစ်ဆယ်၊ ကိုးဆယ်ခန့် ကြာပြီးမှသာ ယွန်နိုင်ငံ၏ မင်းသမီးတစ်ပါး ဖြစ်လာခဲ့ခြင်း ဖြစ်သည်။ ထိုမတိုင်မီက သူမ၏ ခန္ဓာကိုယ်မှာ ပင်လယ် လေးစင်ကို စိုးမိုးထားသည့် ကြီးမားသော ငွေငါးမန်းတစ်ကောင်သာ ဖြစ်ခဲ့သည်။
ထို့အပြင် သူမသည် ဟန်ရှောက်ဇီ၏ နတ်ဘုရား စိတ်ဝိညာဉ်နှင့် တစ်ခါမျှ တူနှစ်ဖော် ကျင့်ကြံခြင်းမျိုးလည်း မရှိပေ။ သို့မဟုတ်ပါက ကန္တာရထဲတွင် ဟုန်ယွိနှင့်အတူ တူနှစ်ဖော် ကျင့်ကြံစဉ်က ဤမျှလောက် များပြားသော နတ်ဘုရား စိတ်ဝိညာဉ် အတွေးစများ မွေးဖွား လာမည် မဟုတ်ပေ။
"လူ့စိတ်နှလုံးဆိုတာ ခန့်မှန်းရ ခက်လှတယ်။ ယင်းရှာ တစ်ယောက် ဒါကို ဘယ်လိုရင်ဆိုင် မလဲဆိုတာ ငါသိချင်မိတယ်။ ဟန်ရှောက်ဇီကတော့ သူ့ရဲ့ စိတ်နှလုံးကို လောင်ကျွမ်းပြီး တန်ခိုးစွမ်းအားတွေ၊ ကောင်းကင်တုန်ခါဓာတ်တော်နဲ့ အသက်စွမ်းအင် မိုးကြိုးတိမ်တိုက် အားလုံးကို ယင်းရှာဆီ လွှဲပေးသွားခဲ့ပြီ။ အခုကစပြီး ယင်းရှာရဲ့ စိတ်ထဲမှာ သူ့အတွက် အမှတ်အသားတစ်ခု ရှိနေတော့မှာပဲ။"
ဟုန်ယွိ၏ မျက်လုံးများက တဖျပ်ဖျပ် လက်လျက် ကောင်းကင်ယံသို့ ခေါင်းမော့ကြည့် လိုက်ပါသည်။ ခြံဝင်းအတွင်းရှိ မြေဆီလွှာများမှာ ပျက်စီးနေပြီး ဟန်ရှောက်ဇီ၏ ခန္ဓာကိုယ် မှာမူ ပြာအဖြစ် ပြောင်းလဲကာ မြေကြီးနှင့် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။
ဖျစ်… ဖျစ်…၊
ငါးကြိမ်မြောက် မိုးကြိုးကပ်ဘေးအဆင့်ရှိ သန့်စင်သော နတ်ဘုရား စိတ်ဝိညာဉ် အတွေးစ ပေါင်း လေးသောင်းရှစ်ထောင်မှာ ချန်ယင်းရှာ၏ ခန္ဓာကိုယ်ကို ရစ်ပတ်နေကြသည်။
သူမဆရာ ချန်ထားခဲ့သော ထိုအတွေးစများကို ကြည့်ကာ ချန်ယင်းရှာက သက်ပြင်းချ လိုက်သည်။ သူမက လက်ညှိုးဖြင့် ညွှန်လိုက်ရာ ထိုအတွေးစပေါင်း လေးသောင်း ရှစ်ထောင် စုစည်းသွားပြီး "ရှန်ရှောင်တာအိုသခင်"၏ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲ သွားသည်။
ထို့နောက် ထိုပုံရိပ်မှာ လက်ဝါးခန့် အရွယ်အစားအထိ သေးငယ်သွားပြီး ချန်ယင်းရှာ၏ လက်ထဲသို့ ရောက်ရှိသွားတော့သည်။ တစ်ချိန်တည်းမှာပင် ထူထပ်လှသော အသက် စွမ်းအင် မိုးကြိုးတိမ်တိုက်နှင့် ကောင်းကင်တုန်ခါ ဓာတ်တော်တို့ကိုလည်း သူမ သိမ်းဆည်း လိုက်သည်။ အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်မှာ သေးငယ်သွားသောအခါ ငွေရောင် အပ်ချည်များဖြင့် ထိုးထားသော အနက်ရောင် လက်ကိုင်ပုဝါလေးတစ်ခုနှင့် တူသွားပြီး၊ ကောင်းကင်တုန်ခါဓာတ်တော်မှာမူ တောက်ပနေသော ညအလင်းပုတီးတစ်လုံးအဖြစ် ရှိနေသည်။
ဤမှော်ရတနာနှစ်ပါးမှာ အဆင့်ငါး မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူတစ်ဦးက နှစ်ပေါင်း တစ်ရာကျော် ကျင့်ကြံစုဆောင်းထားသည့် အဖိုးတန် ရတနာများ ဖြစ်ကြသည်။ ၎င်းတို့မှာ နတ်ဘုရားမိုးကြိုးဂိုဏ်း၏ အမြင့်ဆုံးသော ပညာရပ်များပင် ဖြစ်သည်။ ချန်ယင်းရှာ၏ မိုးကြိုးပညာရပ်မှာ ယခင်ကတည်းက မဟာအောင်မြင်မှု အဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ၊ ယခု ဤရတနာနှစ်ပါးကို ရရှိလိုက်သဖြင့် သူမ၏စွမ်းအားမှာ သိသိသာသာ ခုန်ပျံကျော် လွှား တိုးတက်သွားခဲ့ပြီ။
အကယ်၍ ချန်ယင်းရှာသာ ဤအဆင့်ငါး မိုးကြိုးကပ်ဘေးအဆင့်ရှိ နတ်ဘုရား စိတ်ဝိညာဉ် အတွေစများကို မိမိနှင့် ပေါင်းစပ်နိုင်ခဲ့လျှင် သူမသည် ချက်ချင်းပင် အဆင့်ငါး မိုးကြိုး ကပ်ဘေး ပညာရှင်တစ်ဦး၏ တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်နိုင်လိမ့်မည်။ သူမ ကိုယ်တိုင်က အဆင့်ငါး မိုးကြိုးကပ်ဘေးကို မဖြတ်ကျော်ရသေးသော်လည်း သူမ၏ စွမ်းအားမှာ ထိုအဆင့်ငါး မိုးကြိုးကပ်ဘေးအဆင့်နှင့် တန်းတူ ဖြစ်သွားပေလိမ့်မည်။
ဤလောကရှိ မဟာနတ်ဆိုးအင်မော်တယ် အားလုံးထဲတွင် သူမသည် အသန်မာဆုံး ဖြစ်လာပေလိမ့်မည်။ ကောင်းကင်မြွေဘုရင်မပင်လျှင် သူမကို ယှဉ်နိုင်မည် မဟုတ်တော့ ပေ။
ထို့အပြင် သူမကိုယ်တိုင် မိုးကြိုးကပ်ဘေးကို ဖြတ်ကျော်ပြီး အဆင့်ငါး မိုးကြိုးကပ် ဘေး အဆင့်သို့ ရောက်ရှိခဲ့လျှင် သူမသည် အဆင့်ငါး မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူ နှစ်ဦးစာ တိုက်ခိုက်ရေးစွမ်းအားကို ပိုင်ဆိုင်သွားမည် ဖြစ်သည်။ "အတိတ်ကျမ်း" နှင့် အခြားသော နတ်ဘုရားတန်ခိုးများ ပေါင်းစပ်လိုက်လျှင် သူမသည် ဤလောကတွင် ပြိုင်ဘက်ကင်း ဖြစ်သွားမည်ဖြစ်ပြီး အဆင့်ခြောက် မိုးကြိုးကပ်ဘေး ကျွမ်းကျင်သူတစ်ဦးပင်လျှင် သူမကို ဘာမှလုပ်နိုင်မည် မဟုတ်တော့ပေ။
"ဥဒေါင်းဘုရင်" သည်လည်း ထိုနည်းအတိုင်းပင် "ကောင်းကင်ကြည်လင်ပုလဲ" ကို ရရှိပြီး သူ၏ကိုယ်ပွားကို ကျင့်ကြံခဲ့သဖြင့် အဆင့်သုံး မိုးကြိုးကပ်ဘေးအဆင့် ကျွမ်းကျင်သူ နှစ်ယောက်စာ စွမ်းအားကို ပိုင်ဆိုင်နေခြင်း ဖြစ်သည်။ ကောင်းကင်မြွေဘုရင်မ၏ တာအို ကျင့်စဉ်မှာ သူ့ထက်မြင့်မားသော်လည်း သူ့ကို ဘာမှလုပ်ဆောင်နိုင်စွမ်း မရှိပေ။
"တွက်ချက်မှုပေါင်း သောင်းခြောက်ထောင် ရှိပေမဲ့ ဒီလို အခြေအနေမျိုး ဖြစ်လာမယ်လို့ တော့ ငါ မထင်ထားခဲ့ဘူး။ နတ်ဘုရားလက်နက်တွေက ကောင်းကင်တာအိုကို တွက်ချက် နိုင်ပေမဲ့ လူ့စိတ်နှလုံးကိုတော့ တွက်ချက်လို့ မရနိုင်ပါလား။" ရှဲ့ဖင်းဖင်း တစ်ယောက် သတိပြန်ဝင်လာပြီး ရေရွတ်လိုက်သည်။ သူမသည် လက်ရှိအခြေအနေတွင် ရမ်းသန်း၍ မလှုပ်ရှားရဲတော့ပေ။
ဟုန်ယွိ၏ တာအိုပညာရပ်တွေက ခန့်မှန်းမရအောင် နက်နဲလွန်းသလို သူကိုယ်တိုင်က လည်း အလွန်တရာ အစွမ်းထက်လှသည်။ ဟန်ရှောက်ဇီကဲ့သို့ ပညာရှင်မျိုးတောင် ဟုန်ယွိနှင့် တာအိုပညာချင်း ယှဉ်ပြိုင်ပြီးနောက်မှာ ဟုန်ယွိ၏ နတ်ဘုရားအစွမ်း၊ ဉာဏ်ပညာ၊ စိတ်ဝိညာဉ်စွမ်းအားနှင့် စိတ်စွမ်းအားကို မယှဉ်နိုင်သည်ကို သိသွားခဲ့ပါသည်။ ရှေးခေတ် သူတော်စင် ဧကရာဇ်လမ်းစဉ်တို့၏ လမ်းစဉ်ဖြစ်သော ဉာဏ်ပညာ၊ သတ္တိ၊ မေတ္တာ ဖြောင့်မတ်တည်ကြည်မှုများ ရှေ့တွင် သူသည် တုန်လှုပ်ခြောက်ခြားဖွယ် ကောင်း သည့် ရွေးချယ်မှုတစ်ခုကို လုပ်သွားခဲ့သည်။
ရှဲ့ဖင်းဖင်းသည်လည်း သဘာဝအတိုင်းပင် ရမ်းသမ်း၍ မလှုပ်ရှားရဲတော့ပေ။
"ယင်းရှာ... မင်း အဆင်ပြေရဲ့လား။"
ချန်ယင်းရှာသည် ဟန်ရှောက်ဇီ ချန်ထားခဲ့သော အဆင့်ငါး မိုးကြိုးကပ်ဘေး အတွေးစ အားလုံးအပြင် အသက်စွမ်းအင် မိုးကြိုးတိမ်တိုက်နှင့် ကောင်းကင်တုန်ခါဓာတ်တော် တို့ကို သိမ်းဆည်းအပြီးတွင် သူမ၏ မျက်နှာထက်၌ ဝမ်းနည်းမှုနှင့် ဝမ်းသာမှုတို့ ရောပြွမ်းနေ သည်ကို မြင်သောအခါ ဟုန်ယွိက မေးလိုက်ခြင်းဖြစ်သည်။
"ဘာမှမဖြစ်ပါဘူး၊ ဟုန်ယွိ။ ငါ ခဏလောက် တစ်ယောက်တည်း ကျင့်ကြံချင်တယ်။ အခု ငါ့ရဲ့အတွေးတွေထဲမှာ အရိပ်တစ်ခုက နက်နက်ရှိုင်းရှိုင်း စွဲထင်သွားပြီ။ အဲဒီအရိပ်ကို တစ်ယောက်တည်း ကျင့်ကြံရင်း ဖျောက်ဖျက်ပြီးမှ မင်းဆီ ပြန်လာခဲ့မယ်။ မင်းနဲ့အတူ ရှိနေတဲ့အချိန်မှာ ငါ့ရဲ့စိတ်နှလုံးက အပြည့်အဝ သန့်ရှင်းနေစေချင်တယ်။ ဟူး... ဒီလိုမျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။"
ချန်ယင်းရှာက ဟုန်ယွိကို ပြောလိုက်သည်။
"ဒါလည်း ကောင်းတာပါပဲ။ မင်းရဲ့ အခုရှိနေတဲ့ စွမ်းအားနဲ့ဆိုရင် ဒီလောကမှာ မင်းကို ဒုက္ခပေးနိုင်တဲ့သူ သိပ်မရှိပါဘူး။ မူလကလည်း မင်းက ပင်လယ်လေးစင်ကို စိုးမိုးခဲ့တဲ့ ငွေငါးမန်းပဲလေ၊ တစ်ယောက်တည်းနေတတ်တဲ့သူ ဖြစ်ပေမဲ့ ငါ့ရဲ့ တာအိုအဖော် ဖြစ်လာ ပြီးမှ မင်း တော်တော်လေး ငြိမ်သက်သွားခဲ့တာ။ လောကကြီးက ကျယ်ပြောလှသလို စကြဝဠာကြီးကလည်း နက်ရှိုင်းလှပါတယ်။ မင်း အပြင်ထွက်ပြီး စိတ်အပန်းဖြေရင်း မင်းရဲ့ စိတ်နေစိတ်ထားနဲ့ တာအိုပညာတွေကို လေ့ကျင့်ပါဦး။"
ဟုန်ယွိသည် ယင်းရှာကို နားလည်ပေးသည့်အပြုံးဖြင့် ဆိုလိုက်သည်။
"ဒါပေမဲ့ တစ်ယောက်တည်းသွားတဲ့အခါ သတိတော့ထားဦးနော်"
"ငါက နှစ်ပေါင်းတစ်ရာကျော် လွှမ်းမိုးနိုင်စွမ်း ရှိခဲ့တဲ့လူပဲ၊ ဘာမှမဖြစ်ပါဘူး။ ငါပြန်လာတဲ့ အခါ မင်းတစ်ယောက်တည်းပဲ ငါ့အတွေးတွေထဲမှာ ရှိနေစေရမယ်။ ငါ့ကို စောင့်နေပါ ဟုန်ယွိ။"
ချန်ယင်းရှာ၏ မျက်လုံးများမှာ ခဏတာ ဝေဝါးသွားပြီး ဟုန်ယွိကို နက်နက်ရှိုင်းရှိုင်း စိုက်ကြည့်လိုက်သည်။ သူမ၏ ဦးခေါင်းနောက်ကွယ်မှ အလင်းကွင်း ကိုးသွယ်မှာ လှုပ်ရှား လာပြီး သူမ၏ခန္ဓာကိုယ်ကို ရစ်ပတ်ကာ ကောင်းကင်ယံသို့ ပျံတက်သွားပြီး တစ်ခဏ အတွင်း ပျောက်ကွယ်သွားတော့သည်။
ချန်ယင်းရှာ ကောင်းကင်သို့ ပျံတက်သွားသည်ကို ကြည့်ရင်း ဟုန်ယွိသည် သက်ပြင်းရှည် ကြီး ချလိုက်မိသည်။ သူသည် ဘာကိုမှ စိတ်မဝင်စားတော့ဘဲ အားလုံး ပျောက်ဆုံးသွား သကဲ့သို့ ခံစားလိုက်ရပြီး အရာရာတိုင်းက အရသာမရှိတော့သလို ချက်ချင်းပင် ဖြစ်သွားခဲ့ ရသည်။
ဟန်ရှောက်ဇီနှင့် ပတ်သက်သည့် ဖြစ်ရပ်က ချန်ယင်းရှာ၏ စိတ်နှလုံးထဲတွင် နက်ရှိုင်း သည့် အမှတ်အသားတစ်ခုအဖြစ် ထင်ကျန်ရစ်စေခဲ့သည်။
ချန်ယင်းရှာသည် ဟုန်ယွိ၏ ဘေးတွင် ရှိနေသော်လည်း သူမ၏ အတွေးထဲတွင် အခြား တစ်ယောက် ရှိနေခြင်းကို အလွန်အမင်း စိတ်မသက်မသာ ဖြစ်နေပြီး ၎င်းမှာ သူတို့ကြား တွင် အမြဲတမ်း အတားဆီးတစ်ခုလို ဖြစ်နေသည်။ ထို့ကြောင့် သူမသည် တစ်ယောက် တည်း ကျင့်ကြံရန် ထွက်ခွာသွားခြင်းဖြစ်ပြီး သူမ၏ အတွေးထဲမှ ထိုအမှတ်အသားကို ကြိတ်ခြေပစ်ရန် ကြိုးစားခြင်း ဖြစ်သည်။ ဟုန်ယွိသည်လည်း ဤအချက်ကို အလွန်ပင် ရှင်းလင်းစွာ သိရှိထားသည်။
မည်သည့်နေရာသို့ သွားမည်နည်းဟူသည်မှာ ချန်ယင်းရှာ၏ ကိုယ်ပိုင်ရွေးချယ်မှုသာ ဖြစ်သည်။ လောကကြီးကို စိုးမိုးခဲ့ဖူးသည့် ငွေငါးမန်းဘုရင်မကို ချည်နှောင်ထား၍ မရနိုင်ပေ။
သို့သော် သူတို့နှစ်ဦးမှာ အချိန်အတော်ကြာ အတူရှိခဲ့ကြပြီး ဖြစ်ရာ သူတို့မှာ ဇနီးမောင်နှံ များကဲ့သို့ပင် ဖြစ်နေကြပြီ။ ချန်ယင်းရှာ ထွက်သွားပြီးနောက် ဟုန်ယွိသည် လွမ်းမောမှုကို ခံစားလိုက်ရပြီး သူ သူ့စိတ်ဝင်စားမူအားလုံး ပျောက်ဆုံးသွားခြင်းမှာ သဘာဝပင်။ ၎င်းအပြင် ဟုန်ယွိသည် ထိုခံစားချက်ကို အတင်းအကျပ် ဖိနှိပ်ထားခြင်းလည်း မရှိပေ။
လူတစ်ယောက်၏ အတွေးစများထဲတွင် ပျော်ရွှင်ခြင်း၊ ဝမ်းနည်းခြင်း၊ ဆုံစည်းခြင်းနှင့် ခွဲခွာခြင်းတို့ ရှိစမြဲပင်။
ထို့အပြင် ချန်ယင်းရှာသည် အနှေးနှင့်အမြန် သူ၏ အနားသို့ ပြန်လာမည်ကိုလည်း ဟုန်ယွိ သိရှိထားသည်။
"မင်းသမီး... မင်းသမီးနဲ့ တိုင်ရှန်တာအိုဂိုဏ်းကြားက ဆက်ဆံရေးကို ကျွန်တော် ဆက်ပြီး မမေးတော့ဘူး။ ဒီနေ့ကိစ္စ ဒီမှာတင် ပြီးပါစေ။ ကျွန်တော်တို့က အနောက်ဘက်ဒေသ စစ်တပ်ရဲ့ ကျူးကျော်မှုကို တိုက်ခိုက်ဖို့ ပူးပေါင်းနေကြတာဆိုတော့ လက်ရှိအခြေအနေကို မဖျက်ဆီးမိစေလို့ ကျွန်တော် မျှော်လင့်ပါတယ်။"
ဟုန်ယွိသည် ချန်ယင်းရှာ၏ ရောင်စုံအလင်းတန်းများ မိုးကုပ်စက်ဝိုင်းတွင် ပျောက်ကွယ် သွားသည်အထိ စောင့်ကြည့်ပြီးမှ လှည့်၍ ရှဲ့ဖင်းဖင်းကို ပြောလိုက်ခြင်း ဖြစ်သည်။
ဟုန်ယွိ၏ မျက်ဝန်းများထဲမှ မထင်မရှားသော စူးရှမှုကို မြင်လိုက်ရသောအခါ ရှဲ့ဖင်းဖင်းမှာ ထိတ်လန့်သွားသော်လည်း ချက်ချင်းပင် ပြုံး၍ ပြန်ပြောလိုက်သည်။
"ဒါပေါ့... မပူပါနဲ့"
"ဒါဆိုရင် ကျွန်တော် သွားနားတော့မယ်။ ညလည်း နက်လှပြီဆိုတော့ မင်းသမီးလည်း သွားနားပါဦး။ မနက်ဖြန်မနက်ကျရင် ကျွန်တော် နပ်စပ်က ကင်းထောက်မျှော်စင်ကို သွားပြီး အနောက်ဘက် ဒေသ စစ်တပ်ရဲ့ အခင်းအကျင်းကို သွားကြည့်ရဦးမယ်။"
ဟုန်ယွိသည် ပြောပြောဆိုဆိုဖြင့် လှည့်ထွက်သွားတော့သည်။
သူ့ကို ကြည့်ပြီး ကြိုးကြာလေးသည် စကားသွားပြောရန် မဝံ့မရဲ ဖြစ်နေပြီး ဟုန်ယွိ ထွက်သွားသည်ကိုသာ ကြည့်နေမိသည်။
"ဟန်ရှောက်ဇီက တကယ်ပဲ ခေါင်းမာလှတာပဲ။ ဒီသတင်းကို ကျွန်မ သူတော်စင်မိန်းမပျို ဆီ အကြောင်းကြားရမယ်၊ အဲဒီကမှတစ်ဆင့် ဂိုဏ်းချုပ်ဆီကို သတင်းပို့ရလိမ့်မယ်။" ကြိုးကြာလေးက ဆိုသည်။
"ကြိုးကြာလေး... ငါ့အတွက် သတင်းတစ်ခု ပါးပေးပါဦး။" ရှဲ့ဖင်းဖင်းက ပြောလိုက်သည်။
"ဒေါ်ဒေါ်ရှဲ့... ဂိုဏ်းချုပ်က ဘာခံစားချက်မှ မရှိတဲ့သူပါ။ ဒေါ်ဒေါ်ရှဲ့ရဲ့ ခံစားချက်တွေကို သူ ဂရုစိုက်မှာ မဟုတ်ဘူးဆိုတာ သိရဲ့သားနဲ့ ဘာလို့ မမေ့နိုင်သေးတာလဲ။" ကြိုးကြာလေးက သက်ပြင်းချလိုက်ပါသည်။
"ဟန်ရှောက်ဇီလည်း ဒါကို နားလည်ခဲ့တာပဲ..." ရှဲ့ဖင်းဖင်းက ဆိုရာတွင် သူမ၏ မျက်လုံး များမှာ ဝေဝါးနေလေသည်။
"ဒါဆိုလည်း ပြီးတာပါပဲ" ကြိုးကြာလေးသည် မြေဆီလွှာနှင့် တစ်သားတည်း ပေါင်းစပ် သွားပြီဖြစ်သည့် ဟန်ရှောက်ဇီကို ကြည့်ကာ လွမ်းမောဖွယ်ရာ ခံစားချက်များကို မဖုံးကွယ် နိုင်တော့ပေ။
"ဘာဖြစ်လို့လဲ အာယွိ... ဘာတွေ ဖြစ်နေတာလဲ။ ယင်းရှာ မမရော ဘယ်ရောက်သွားလဲ။ အရင်ကဆိုရင် ဒီအချိန်မှာ အာယွိက မမနဲ့အတူ စာဖတ်၊ မီးထွန်း၊ မှင်သွေးပြီး စကားပြော နေကျလေ။"
ခံတပ်၏ မြင့်မားသော ထောင့်မျှော်စင်ပေါ်တွင် ဟုန်ယွိသည် တံတိုင်းပေါ်တွင် တစ်ယောက်တည်း ရပ်ကာ ကောင်းကင်မှ ကြယ်တာရာများ၊ အဝေးမှ မီးရောင်များနှင့် ပိုမို အလှမ်းဝေးသော သဲကန္တာရထဲမှ ထွက်ပေါ်နေသော ခပ်သဲ့သဲ့ သတ်ဖြတ်လိုသည့် အရှိန်အဝါများကို ငေးကြည့်နေမိသည်။
ကန္တာရညသည် ပုံမှန်ထက် ထူးခြားစွာ အေးစက်လှပြီး လေပြင်းများကြောင့် သူ၏ အဝတ်အစားများမှာ တဖျတ်ဖျတ် လွင့်ခါနေသည်။ သူသည် လေထဲတွင် သံမဏိရုပ်တု တစ်ခုကဲ့သို့ မလှုပ်မယှက် ရပ်နေသည်။
သူ၏ အနားတွင် ကလေးမလေးအသွင် ပြောင်းထားသော ရွှေပင့်ကူသည် ဟိုဟိုဒီဒီ လျှောက်သွားနေပြီး ဖန်သားသဲနာရီကြီးတစ်ခုကို ကိုင်ကာ ရှေ့တိုးနောက်ငင် လုပ်ရင်း သဲများ စီးဆင်းသွားသည်ကို ကြည့်နေသည်။
"သူ ခဏ ကျင့်ကြံဖို့ အပြင်ထွက်သွားတာပါ။ ဒါပေမဲ့ မကြာခင် ပြန်လာမှာပါ"
ဟုန်ယွိက ရွှေပင့်ကူကို ကြည့်ပြီး ပြုံးလိုက်သည်။ ရွှေပင့်ကူသည် ရုတ်တရက် ပျော်ရွှင်စွာ ခုန်ပေါက်လိုက်ပြီး ဟုန်ယွိ၏ ပုခုံးပေါ်သို့ ခုန်တက်ထိုင်ကာ သဲနာရီကို ဟုန်ယွိထံ ကမ်းပေးလိုက်သည်။
"ဒီသဲနာရီက အရမ်းပျော်စရာကောင်းတာပဲ"
"သဲနာရီထဲက သဲတွေ စီးဆင်းတာက အချိန်တွေ ကုန်ဆုံးသွားတာကို ကိုယ်စားပြုတာပေါ့" ဟုန်ယွိက သဲနာရီကို ယူပြီး ဟိုဘက်ဒီဘက် ပြောင်းပြန်လှန်လိုက်သည်။ ရုတ်တရက်ပင် ရွှေပင့်ကူသည် အချိန်များ ပြောင်းပြန်စီးဆင်းသွားသကဲ့သို့ ခံစားလိုက်ရပြီး ဟုန်ယွိသည် အချိန်ကို ကစားနေသကဲ့သို့ သူမ ထင်မြင်မိသွားသည်။
"အစ်ကို ယွိ... ညဉ့်နက်နေပြီ။ အစ်ကိုယွိအတွက် ကြာစေ့ဆန်ပြုတ် ပြုတ်ထားတယ်။ ဒါလေး သောက်ပြီး သွားနားပါဦး။"
ထိုအချိန်တွင် မုကလေးသည် ခံတပ်၏ အခန်းထဲမှ ထွက်လာပြီး ဟုန်ယွိကို ဝတ်ရုံပွကြီး တစ်ထည် ခြုံပေးလိုက်သည်။
"မုကလေး... မင်းလည်း သွားနားပါဦး" ဟုန်ယွိက ပြုံးပြလိုက်ပြီး ဝတ်ရုံကို သေသေချာချာ ဝတ်ကာ ခါးပတ်ကို ပတ်လိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သူ၏ ခန္ဓာကိုယ်မှာ နွေးသွားသည်။ သူသည် သိုင်းသူတော်စင်၏ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော်လည်း အအေးဒဏ်ကို အတင်းအကျပ် ခံယူနေရန် မလိုပေ။ "ငါ သိုင်းပညာ လေ့ကျင့်ဦးမယ်"
သူက ပြောပြောဆိုဆိုဖြင့် လက်ကို ဝှေ့ယမ်းလိုက်ရာ သေမင်းအလင်းနတ်ဘုရားလှံက ပေါ်လာသည်။ သူသည် လှံကို ဆန့်ထုတ်လိုက်ပြီး စစ်နတ်ဘုရားရှန့်၏ သတ်ဖြတ်ခြင်း ဗျူဟာ ခုနစ်သွယ်ကို စတင်ထုတ်ဖော် လေ့ကျင့်တော့သည်။
ဟုန်ယွိသည် ထပ်ခါထပ်ခါ လေ့ကျင့်နေသည်။
လှံကို ကစားလိုက်တိုင်း လှံသွား၏ လှုပ်ရှားမှုများသည် လေထဲတွင် ထူးခြားဆန်းကြယ် သော ပုံရိပ်လွှာများကို ဖန်တီးနေသည်။
လေ့ကျင့်နေစဉ်အတွင်း ဟုန်ယွိ တစ်သက်လုံး သင်ယူခဲ့သည့် သိုင်းပညာအားလုံးမှာ သူ၏ စိတ်ထဲတွင် ပေါ်လာသည်။ ဒိုင်ဇင်ဘုရားကျောင်း၏ သိုင်းပညာများ၊ ဖန်ဆင်းခြင်းတာအို ဂိုဏ်း၏ ဝိညာဉ်ကြွက် ဆီပူအိုးတွင်းလှုပ်ရှားမှုများ၊ ဆန်းကြယ်ကောင်းကင်ဘုံခန်းမ၏ သိုင်းပညာများ၊ ဆေဘာသူတော်စင် ဂွန်ယန်ယု၏ ပညာရပ်များနှင့် ဟုန်ရွှန်ကျိနှင့် တိုက်ခိုက်စဉ်က ရရှိခဲ့သော ကောင်းကင်ဘုံသေမင်းဘီး၏ အသိအမြင်များ၊ အနှစ်သာရ နတ်ဘုရားကျောင်း၏ သိုင်းပညာများ အားလုံးကို ဟုန်ယွိက ထုတ်ဖော်ကစားနေခြင်း ဖြစ်သည်။
ဟုန်ယွိ သင်ယူထားသော သိုင်းပညာများမှာ အလွန်တရာ စုံလင်ပြီး ရှုပ်ထွေးလှသည်။ အမျိုးစားစုံလှသော်လည်း တစ်ခုတည်းအဖြစ် ပေါင်းစပ်ခြင်း မရှိသေးပေ။
ဤသို့ ရည်ရွယ်ချက်မရှိဘဲ လေ့ကျင့်နေစဉ်အတွင်း ဟုန်ယွိသည် ရုတ်တရက် အတွေးမဲ့ ငြိမ်သက်ခြင်းနယ်ပယ်သို့ ရောက်ရှိသွားသည်။
သူ၏ အတွေးစများမှာ အလုံးတစ်ခုအသွင် စုစည်းပြီး ပျံထွက်သွားကာ၊ သူ၏ ခန္ဓာကိုယ်မှာ မူ အလိုအလျောက် ချီနှင့်သွေးတို့ကို လည်ပတ်စေကာ သိုင်းဆန္ဒကို ဖော်ဆောင်နေသည်။
လိပ်ကြီးတစ်ကောင်ကဲ့သို့ လေးလံပြီး ကောင်းကင်မြွေတစ်ကောင်ကဲ့သို့ လျင်မြန်ခြင်းတို့ ပေါင်းစပ်ထားသော သိုင်းဆန္ဒတစ်ခု ထွက်ပေါ်လာသည်။ ၎င်းသည် အစစ်မှန် သိုင်းပညာ ၏ လက်သီးဆန္ဒတစ်ခု ဖြစ်သည်။
သိုင်းပညာရပ်တွေကို လေ့ကျင့်နေစဉ်အတွင်းမှာပင် စူးရှထက်မြက်ပြီး အကန့်အသတ်မဲ့ သတ်ဖြတ်ခြင်းလမ်းစဉ်က ထွက်ပေါ်လာသည်။ ထိုသိုင်းဆန္ဒကတော့ သတ်ဖြတ်ခြင်း ဗျူဟာ ခုနစ်သွယ်ဟု ခေါ်သည့် စစ်နတ်ဘုရားရှန့်၏ လှံပညာရပ် သိုင်းအနှစ်သာရပင် ဖြစ်ပါသည်။
ထို့နောက်မှာတော့ ကြီးမားသည့် တုတ်ကောက်ကြီးတစ်ချောင်း၏ အငွေ့အသက်နှင့်အတူ "ရှေးခေတ် မျောက်ဝံ"တစ်ကောင်၏ ပုံရိပ်က ဝေဝါးစွာ ပေါ်ပေါက်လာသည်။ ထိုသိုင်းဆန္ဒ က နတ်ဆိုးမျောက်ဝံဖရိုဖရဲနတ်ဘုရားတုတ်သိုင်းပင် ဖြစ်သည်။
ထို့နောက် "ဝိညာဉ်ကြွက်" တစ်ကောင်၏ နိုးကြားဖျတ်လတ်သည့် သိုင်းဆန္ဒက နောက်တစ်ကြိမ် တဖန်ပြန်ပေါ်လာသည်။ ထိုပညာရပ်မှာ ဖန်ဆင်းခြင်းတာအိုဂိုဏ်း၏ လှုပ်ရှားမှု ပညာရပ် ဖြစ်သည်။
ဆက်လက်ပြီး "အနန္တတန်ခိုးရှင် ကောင်းကင်နဂါး ဗောဓိသတ္တ"၏ ဟိန်းဟောက်သံကြီး ထွက်ပေါ်လာသည်။ ထိုဟိန်းဟောက်အသံဟာ လူတွေကို အံ့ဩတုန်လှုပ်စေသည့် ဧရာမ စွမ်းအားကို ခံစားမိစေသည်။ ၎င်းမှာ နဂါးဆင်တံဆိပ် သိုင်းပညာရပ်ပင် ဖြစ်သည်။
ဟုန်ယွိသည် သိုင်းပညာရပ်အမျိုးမျိုး၏ အနှစ်သာရတွေကို လေ့ကျင့်နေရင်းဖြင့် ထိုသိုင်းပညာ အနှစ်သာရများသည် တစ်ခုပြီးတစ်ခု အဆက်မပြတ် ပြောင်းလဲနေပြီး၊ သူ့စိတ်ကြိုက် ပေါ်လာလိုက်၊ ပျောက်ကွယ်သွားလိုက်ဖြင့် လိုသလို ဖြစ်ပေါ်နေပါသည်။
ဟုန်ယွိ၏အတွေးစများသည် ထိုသိုင်းဆန္ဒများကို နက်နက်ရှိုင်းရှိုင်း ခံစားသိရှိနေသည်။ သူ့စိတ်က အနည်းငယ် လှုပ်ခတ်သွားပါသည်။ ယခုလို အမျိုးပေါင်းစုံသည့် သိုင်းဆန္ဒများ ကို တစ်ခုတည်းအဖြစ် ပေါင်းစည်းလိုက်မည်ဆိုလျှင် ကောင်းမွန်မည့် အကြောင်း သူ စဉ်းစားလိုက်မိပါသည်။
အကယ်၍ သူသာ ဤသိုင်းဆန္ဒ အားလုံးကို ပေါင်းစပ်ပြီး သူ့ကိုယ်ပိုင် သိုင်းပညာသစ် တစ်ခု ကို ဖန်တီးနိုင်ခဲ့လျှင် သူသည် အစစ်အမှန် အထွက်အထိပ် သိုင်းသူတော်စင် အဆင့်သို့ ရောက်ရှိမည်ဖြစ်ပြီး လူသားအင်မော်တယ် အဆင့်နှင့်လည်း အလှမ်းဝေးတော့မည် မဟုတ်ပေ။
ဟုန်ရွှန်ကျိသည်လည်း သူ့ကိုယ်ပိုင်သိုင်းဖြစ်သော ကောင်းကင်ဘုံသေမင်းဘီးကို ဖန်တီးခဲ့ သဖြင့် လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ကတည်းက လူသားအင်မော်တယ် ဖြစ်နေခဲ့ခြင်း ဖြစ်သည်။ သူ့စိတ်ထဲတွင် အတားအဆီး တစ်ခုသာ ကျန်နေခြင်း ဖြစ်သည်။
"ငါ့ကိုယ်ပိုင် သိုင်းအနှစ်သာရလား... ဒါတွေကို ငါ ပေါင်းစပ်လိုက်ရင်ရော..."
ဟုန်ယွိသည် သူ၏ စိတ်ထဲတွင် ထိုအတိုင်း တွေးတောနေပါတော့သည်။