အခန်း (၁၆၉-၁၇၀)
Vol. 9 Ch. 169-170
အခန်း (၁၆၉) - သူက တကယ်ပဲ ဒီလောက် ရက်ရောတာလား
“အားလုံးပဲ မင်္ဂလာပါ... ကျုပ်ကတော့ ဒီနေ့မှ ပထမဆုံးအကြိမ် ဟောပြောဖူးတာမို့လို့၊ အမှားအယွင်းရှိရင် ခွင့်လွှတ်ပေးကြဖို့ တောင်းပန်ချင်ပါတယ်”
လင်းကျင်းက ယဉ်ကျေးပျူငှာစွာ ဆိုလိုက်၏။ ၎င်းမှာ လူမှုရေးအရ အလိုက်တသိ ပြောဆိုခြင်းသာ ဖြစ်သော်လည်း၊ အောက်မှ တစ်စုံတစ်ယောက်က လှမ်းအော်လိုက်သည်။
“စီနီယာလင်း... ခင်းဗျားက ရက်ပိုင်းအတွင်းမှာတင် ပထမဆုံး စစ်ဆေးမှုမှာ စတုတ္ထနယ်ပယ်ကို ရောက်အောင် လုပ်နိုင်ခဲ့တာဆိုတော့၊ ထူးခြားတဲ့ ကျင့်စဉ်တစ်ခုခုတော့ ရှိမှာပေါ့... ခင်ဗျားရဲ့ ဟောပြောပွဲက ညံ့လိမ့်မယ်လို့ ကျုပ်တော့ မယုံဘူး၊ ခင်ဗျားကပဲ ဝတ်ကျေတန်းကျေ လုပ်မသွားရင်ပေါ့”
ဤစကားမှာ နားထောင်ရသည်မှာ အတော်လေး အဆင်မပြေလှပေ။
သေချာ အာရုံစိုက် နားထောင်မည်ဆိုလျှင် ထိုတပည့်၏ လေသံထဲတွင် သရော်စာများ ပါဝင်နေသည်ကို ခံစားရပေလိမ့်မည်။
အဓိပ္ပာယ်မှာ ‘မင်းရဲ့ ဟောပြောပွဲသာ ညံ့သွားရင်တော့ မင်းရဲ့ နာမည်က ရွှံ့ထဲရောက်သွားလိမ့်မယ်၊ ဒါမှမဟုတ် မင်းက ငါတို့ကို အထင်သေးလို့ ဝတ်ကျေတန်းကျေ လုပ်တာပဲ ဖြစ်ရမယ်’ ဟု ဆိုလိုခြင်းပင်။
လင်းကျင်းက စကားပြောလိုက်သူကို တစ်ချက်ကြည့်လိုက်၏။ ဘာမှ ထပ်မပြောတော့ဘဲ သူ၏ ဟောပြောပွဲကိုသာ စတင်လိုက်တော့သည်။
ထိုလူသည် ချန်ချန်းကို ခိုးကြည့်လိုက်ရာ၊ ချန်ချန်းကလည်း သဘောကျသည့် အမူအရာဖြင့် ပြန်ကြည့်လိုက်၏။
ထိုသူမှာလည်း ချန်ချန်း၏ လူများထဲမှ တစ်ဦးပင် ဖြစ်သည်။
ချန်ချန်းသည် ပြဿနာရှာရန်အတွက် ဤလူများကို အထူးတလည် စုဆောင်းထားခြင်း ဖြစ်သော်လည်း၊ ဟောပြောပွဲ အမှန်တကယ် စတင်လာသောအခါတွင်မူ လင်းကျင်း၏ အမှားများကို ရှာဖွေရန် ထိုလူများကို အားကိုး၍ မရတော့ပေ။
သူကိုယ်တိုင် ရှေ့ထွက်ရတော့မည် ဖြစ်၏။
ဘာပဲဖြစ်ဖြစ် သူ၏ သွေးသစ္စာစာချုပ်မှာ တတိယနယ်ပယ်တွင် ရှိနေပြီး၊ တပည့်များထဲတွင် အဆင့် ၄ ရှိသူ ဖြစ်သဖြင့် ချန်းချန်တွင်လည်း ကျင့်ကြံမှုဆိုင်ရာ ထိုးထွင်းသိမြင်မှုများ အတော်အသင့် ရှိပေသည်။ အကယ်၍ လင်းကျင်းသာ အမှားတစ်ခုခု လုပ်မိလျှင် သူက သေချာပေါက် မလွှတ်တမ်း တိုက်ခိုက်ပေလိမ့်မည်။
‘ကဲ... လင်းကျင်း၊ မင်း ဒီဟောပြောပွဲကို ဘယ်လိုများ လုပ်မလဲဆိုတာ ငါ ကြည့်သေးတာပေါ့’
ချန်ချန်းက စိတ်ထဲမှ ပြုံးလိုက်၏။
စင်ပေါ်တွင် လင်းကျင်းက စတင်လိုက်၏။
“ဒီနေ့ ကျုပ် ပြောချင်တဲ့ အကြောင်းအရာကတော့ ‘စိတ်ကူးပုံဖော်ခြင်း’ အကြောင်းပဲ ဖြစ်တယ်”
အောက်မှ တပည့်များမှာ ကြောင်သွားကြ၏။
စိတ်ကူးပုံဖော်ခြင်း...
သူတို့ တစ်ခါမှ ဒါကို မသင်ယူခဲ့ဖူးပေ။
ဗဟုသုတ ရှိသော တပည့်အချို့ကတော့ စိတ်ကူးပုံဖော်ခြင်းမှာ ရှေးဟောင်းခေတ် ကျင့်ကြံသူများ အသုံးပြုခဲ့သော နတ်ဘုရားကျင့်စဉ်တစ်ခု ဖြစ်ကြောင်း သိကြပေသည်။ ထိုခေတ်က အလွန် ခေတ်စားခဲ့သော်လည်း၊ ယခုအခါတွင်မူ စံသတ်မှတ်ထားသော ကျင့်စဉ်ဖော်မြူလာများ ပျောက်ဆုံးကုန်သဖြင့် ကျင့်ကြံသူ အနည်းငယ်သာ ဒါကို အသုံးပြုကြတော့သည်။
‘သူက သားရဲတွေအကြောင်း မပြောဘူးပေါ့... ဒီလင်းကျင်းကတော့ သူ့သေတွင်း သူတူးနေတာပဲ’
ချန်ချန်းမှာ ဝမ်းသာသွားကာ မနေနိုင်ဘဲ လှမ်းမေးလိုက်၏။
“လင်းကျင်း... မင်း နောက်နေတာ မဟုတ်ပါဘူးနော်.... ငါလည်း စိတ်ကူးပုံဖော်ခြင်းအကြောင်း ဖတ်ဖူးသလို ကျင့်လည်း ကျင့်ကြည့်ဖူးတယ်... အမှန်အတိုင်း ပြောရရင် အဲဒါက ဘာမှ အသုံးမကျဘူး... ပြီးတော့ ဝိညာဉ်စာကြည့်တိုက်ထဲမှာလည်း အဲဒီအကြောင်း စာအုပ်ရှိတယ်... ဘယ်သူမဆို ငှားဖတ်လို့ ရတာပဲ... မင်းက လူထုဟောပြောပွဲမှာ ဒီလို အကြောင်းအရာမျိုးကို လာပြောနေတာက... အလုပ်ကို လွယ်သလို လုပ်နေတာ မဟုတ်ဘူးလား”
ချန်ချန်းသည် လင်းကျင်းကို ထိုးနှက်ရန် ဤအခွင့်အရေးကို လုံးဝ လက်လွှတ်မည် မဟုတ်ပေ။
ချန်ချန်းက စလိုက်သည်နှင့် နောက်ထပ် လူအနည်းငယ်ကလည်း ဝိုင်းဝန်း ထောက်ခံကြကာ အခြားတပည့်များကိုပါ ဒေါသထွက်လာအောင် ဆွပေးကြ၏။
ဝိညာဉ်စာကြည့်တိုက်ထဲတွင် ‘စိတ်ကူးပုံဖော်ခြင်း’ နှင့် ပတ်သက်သော စာအုပ်တစ်အုပ် တကယ်ရှိပြီး ချန်ချန်းလည်း ဖတ်ဖူးပေသည်။ သူ၏ အဆုံးအဖြတ်မှာတော့ ထိုစာအုပ်ထဲရှိ အချက်အလက်များမှာ ဘာမှ တန်ဖိုးမရှိဟူ၍ပင်။
ဘာပဲဖြစ်ဖြစ် ဒါက ရှေးဟောင်းခေတ်က ကျင့်စဉ်တစ်ခု ဖြစ်ပေသည်။ ယခုခေတ်တွင် ကမ္ဘာပေါ်၌ ဝိညာဉ်စွမ်းအင်များ ခန်းခြောက်လာပြီး အချိန်များ ကြာမြင့်လာသည်နှင့်အမျှ၊ ထိုရှေးဟောင်း ကျင့်စဉ်များမှာ တဖြည်းဖြည်း ပျောက်ကွယ်ကုန်ကြ၏။ ကျန်ရှိနေသည်ဆိုလျှင်ပင် အပိုင်းအစများအဖြစ်သာ ရှိတော့သဖြင့်၊ ယနေ့ခေတ် သွေးသစ္စာစာချုပ် ကျင့်ကြံမှုများအတွက် မသင့်တော်တော့ပေ။
အကယ်၍ ချန်းချန်သာ ‘စိတ်ကူးပုံဖော်ခြင်း’ အကြောင်းကို ကြိုတင် လေ့လာမထားခဲ့လျှင်၊ ယခုကဲ့သို့ လူပုံအလယ်တွင် ပြဿနာရှာရန် ရဲမည်မဟုတ်ပေ။ သူကိုယ်တိုင် လေ့လာဖူးပြီး အသုံးမကျမှန်း သိထားသောကြောင့်သာ ချန်းချန်က ယုံကြည်မှုရှိရှိ တိုက်ခိုက်နေခြင်း ဖြစ်၏။
ဟောပြောပွဲ မစတင်မီကတည်းက ဟောပြောသူကို ဤသို့ စစ်ဆေးမေးမြန်းခြင်းမျိုး တစ်ခါမျှ မရှိခဲ့ဖူးပေ။ ပုံမှန်အားဖြင့်တော့ ဟောပြောသူကို အနည်းဆုံးတော့ လေးစားမှု ပြသကြသည် မဟုတ်ပါလား။
ဤအချက်ကို ကြည့်ခြင်းဖြင့် ထိုလူများသည် ပြဿနာရှာရန်သက်သက် လာကြခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။
သို့သော် လူထုဟောပြောပွဲကို လုပ်မည်ဆိုလျှင် ထိုကဲ့သို့သော ဝေဖန်မှုများကို ခံနိုင်ရည်ရှိရပေမည်။ အကယ်၍ ဟောပြောသူ၏ အခြေခံက မခိုင်လုံဘူးဆိုလျှင် သူက ဘာလို့ ဟောပြောပွဲ လုပ်နေရဦးမှာလဲ။
အကယ်၍ သူကိုယ်တိုင် ဘာပြောနေသလဲဆိုတာ မသိဘဲ၊ မေးခွန်းတွေကို မဖြေနိုင်လို့ အရှက်ကွဲရမည်ဆိုလျှင် ၎င်းမှာ ဟောပြောသူ၏ အပြစ်သာ ဖြစ်ပေလိမ့်မည်။
လင်းကျင်းသည် ချန်ချန်းကို မှတ်မိနေပြီး ထိုသူက သူ့ကို အခက်တွေ့အောင် လုပ်နေခြင်းဖြစ်မှန်းလည်း သိပေသည်။
သို့သော် ‘စိတ်ကူးပုံဖော်ခြင်း’ အကြောင်းကို ပြောရန် စင်ပေါ်တက်လာကတည်းက၊ လင်းကျင်းသည် မည်သည့် စိန်ခေါ်မှုကိုမဆို ရင်ဆိုင်ရန် အသင့်ရှိနေပြီးသား ဖြစ်၏။
“ကျုပ် အလုပ်ကို လွယ်သလို လုပ်နေတာလားဆိုတာကတော့ ဟောပြောပွဲ စလိုက်ရင် သိရမှာပါ... ဒီနေ့ ကျုပ်ပြောမယ့် ‘စိတ်ကူးပုံဖော်ခြင်း’ နည်းလမ်းက သွေးသစ္စာစာချုပ် ကျင့်ကြံမှုအတွက် အကျိုးရှိစေရုံတင်မကဘဲ၊ ပိုမြင့်တဲ့ နယ်ပယ်တွေကို တက်လှမ်းနိုင်ဖို့၊ သွေးကြောတွေကို ချဲ့ထွင်ဖို့နဲ့ ဝိညာဉ်စွမ်းအင်ကို တိုးတက်စေဖို့အတွက်ပါ အထောက်အကူ ဖြစ်စေမှာပါ”
ဤစကားကြောင့် ချန်ချန်း၏ သံသယမှာ ပို၍ပင် ကြီးထွားလာရ၏။
ရိုးရိုး ‘စိတ်ကူးပုံဖော်ခြင်း’ နည်းလမ်းတစ်ခုက သွေးကြောတွေကို ချဲ့ထွင်ပေးပြီး ဝိညာဉ်စွမ်းအင်ကို တိုးစေမယ် ဟုတ်လား... လင်းကျင်းတစ်ယောက် အိပ်မက်မက်နေတာများလား။
ဒီနည်းလမ်းက အလွန်ဆုံးရှိမှ တရားထိုင်တဲ့နေရာမှာပဲ အကူအညီ ပေးနိုင်မှာပါ။
အကယ်၍သာ ဒီလောက်အထိ အစွမ်းထက်တဲ့ နည်းလမ်းမျိုး တကယ်ရှိတယ်ဆိုရင်၊ လင်းကျင်းက ဘာလို့ ဒီလောက်အထိ ရက်ရက်ရောရော လူပုံအလယ်မှာ မျှဝေပေးမှာလဲ။
ချန်ချန်းကတော့ လင်းကျင်း အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေသည်ဟုသာ တစ်ထစ်ချ မှတ်ယူထားလိုက်၏။
“ပြောရတာတော့ ကောင်းတာပေါ့၊ ဒါပေမဲ့ ငါကတော့ မယုံဘူး... ဒီလိုနည်းလမ်းမျိုး မရှိဘူးဆိုတာကို ခဏဖယ်ထားဦး၊ ရှိတယ်ဆိုရင်တောင်မှ... မင်းက ဘာလို့ ဒီလောက် ရက်ရက်ရောရော မျှဝေမှာလဲ... ဒါက ကြော်ငြာအတုတွေ မဟုတ်ဘူးလား... ငါ ဘာမှ ထပ်မပြောတော့ပါဘူး၊ မင်းရဲ့ ‘စိတ်ကူးပုံဖော်ခြင်း’ အကြောင်းကို အားလုံးနဲ့အတူ ငါလည်း နားထောင်ပေးပါ့မယ်... ဒါပေမဲ့ အမှန်အတိုင်း ပြောရရင် ငါကတော့ စိတ်မဝင်စားဘူး... ဒီနေ့ ဟောပြောပွဲကတော့ ပျင်းစရာကောင်းပြီး အဓိပ္ပာယ်မရှိတာတွေနဲ့ပဲ ပြည့်နေတော့မှာပဲ”
ချန်ချန်းသည် လင်းကျင်း အရှက်ကွဲမည့်အချိန်ကိုသာ စောင့်နေတော့သည်။ လင်းကျင်းသာ အဓိပ္ပာယ်မရှိတာတွေ ပြောလာလျှင် သူက ခက်ခဲသော မေးခွန်းများဖြင့် အရှက်ခွဲပစ်မည် ဖြစ်၏။
ချန်ချန်း၏ သရော်မှုအပြီးတွင် နောက်ထပ် လူအချို့ကလည်း ဝိုင်းအော်ကြ၏။
“ဟုတ်တယ်... သူ အဓိပ္ပာယ်မရှိတာတွေ ပြောနေရင် ငါတို့ ဆက်နားမထောင်တော့ဘူး၊ ထွက်သွားကြမယ်"
ရန်ကျဲက ချန်ချန်းကို တစ်ချက် လှမ်းကြည့်လိုက်၏။
ချန်ချန်းက လင်းကျင်းကို တိုက်ခိုက်နေခြင်းမှာ သူ့အတွက်တော့ အကြိုက်ပင် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် ရန်ကျဲကိုယ်တိုင်လည်း ဟောပြောသူကို စစ်ဆေးမေးမြန်းရန် ရည်ရွယ်ထားသည် မဟုတ်ပါလား။
လင်းကျင်း ပြောသလို အခြေခံကို ခိုင်မာစေပြီး နယ်ပယ်ကို မြှင့်တင်ပေးနိုင်မည့် ကျင့်စဉ်မျိုးဆိုသည်မှာ ဘယ်နေရာမှာမဆို အလွယ်တကူ ရှာတွေ့နိုင်သည့်အရာ မဟုတ်ပေ။ ဒါကို နာမည်ကြီး ဆရာများဆီကနေသာ သင်ယူနိုင်ပြီး၊ အလွန် တန်ဖိုးရှိသော သင်ခန်းစာများ ဖြစ်ပေသည်။
အမှန်အတိုင်း ပြောရလျှင် ရန်ကျဲ၏ ယခင် ဟောပြောပွဲများတွင် သူသည် အသေးစား နည်းစနစ်များနှင့် သူ၏ ကျင့်ကြံမှုဆိုင်ရာ အမြင်များကိုသာ မျှဝေခဲ့ခြင်း ဖြစ်၏။
တကယ့် စစ်မှန်ပြီး နက်နဲသော အချက်အလက်များကိုတော့ သူ တစ်ခါမှ ထုတ်မပြောခဲ့ဖူးပေ။
ရန်ကျဲမှာ အဲဒီလို အချက်အလက်တွေ မရှိလို့ မဟုတ်ပါ၊ ဒါပေမဲ့ သူက အလွယ်တကူ ထုတ်မပြောချင်တာပဲ ဖြစ်၏။
ထို့ကြောင့် လင်းကျင်းက ထိုကဲ့သို့ အရေးကြီးသော အချက်အလက်များကို မျှဝေမည်ဟု ကြေညာလိုက်သောအခါ၊ ရန်ကျဲမှာ ချက်ချင်းပင် စိတ်မသက်မသာ ဖြစ်သွားရတော့သည်။ အကယ်၍ လင်းကျင်းသာ တကယ့် အနှစ်သာရတွေကို မျှဝေလိုက်မည်ဆိုလျှင်၊ ရန်ကျဲအတွက် ဘယ်လို မျက်နှာရှိတော့မှာလဲ။
ရန်ကျဲက သူ၏ ဟောပြောပွဲတွေမှာ ပညာတွေကို ချန်ထားခဲ့တယ်ဆိုတာကို လူတိုင်း သိသွားကြမှာ မဟုတ်ဘူးလား။
သူသည် လင်းကျင်းကို စိတ်ပျက်နေပြီးသား ဖြစ်သော်လည်း၊ အခုတော့ မုန်းတီးမှုပါ ပိုလာခဲ့ပြီ ဖြစ်၏။ ထို့အပြင် လင်းကျင်းက တကယ်ကြီး မျှဝေလိမ့်မည်ဟုလည်း သူ မယုံကြည်ပေ။
ထိုစဉ်မှာပင် လင်းကျင်းက သူ၏ ဟောပြောပွဲကို စတင်လိုက်ပြီ ဖြစ်၏။
“စိတ်ကူးပုံဖော်ခြင်းရဲ့ ဖော်မြူလာနဲ့ပဲ စလိုက်ရအောင်... ပထမဦးဆုံး၊ ဆင်ခြင်သုံးသပ်မှု မလုပ်ခင်မှာ အာရုံစိုက် ကြည့်ရှုရမယ်။ အဲဒီနောက်မှာ ဆင်ခြင်သုံးသပ်မှုက ကြည့်ရှုမှုထက် အရင်လာရမယ်...”
လင်းကျင်းသည် သားရဲပြတိုက်ထဲမှ ‘စိတ်ကူးပုံဖော်ခြင်း’ ၏ အပြည့်အစုံသော ဖော်မြူလာကို ရွတ်ဆိုနေခြင်း ဖြစ်၏။ ဝိညာဉ်စာကြည့်တိုက်ထဲရှိ ‘စိတ်ကူးပုံဖော်ခြင်း’ စာအုပ်ကို သူ မဖတ်ဖူးသဖြင့်၊ သူပြောနေသော ဗားရှင်းမှာ ထိုစာအုပ်နှင့် လုံးဝ တခြားစီဖြစ်ကြောင်း လင်းကျင်း မသိပေ။
စာကြည့်တိုက်ထဲရှိ စာအုပ်မှာ မူရင်း၏ အပိုင်းအစမျှသာ ဖြစ်သော်လည်း၊ လင်းကျင်း ပြောနေသည်မှာ ရှေးဟောင်းခေတ်မှ စစ်မှန်သော ဖော်မြူလာ ဖြစ်ပေသည်။
ဉာဏ်ရည် အသင့်အတင့်ရှိသော သူများဆိုလျှင် လင်းကျင်း ပြောနေသည့် အချက်အလက်များမှာ မည်မျှအထိ ကောင်းမွန်သည်ကို သိနိုင်ကြပေသည်။
စင်အောက်တွင် ထိုင်နေသော လက်ထောက်ကထိက တစ်ဦးမှာ မျက်လုံးများ ပြူးသွားရတော့သည်။ သူ စောစောက ခံစားနေရသော ငိုက်မျဉ်းမှုများမှာ ချက်ချင်း ပျောက်ကွယ်သွားကာ၊ စိတ်ဝင်တစား နားထောင်လာတော့၏။
“ဒီဖော်မြူလာက... အရမ်းကောင်းတာပဲ! စိတ်ဝင်စားဖို့ ကောင်းလိုက်တာ...”
ထိုလက်ထောက်ကထိကမှာ ဒါကို မှတ်တမ်းတင်ရန်အတွက် စုတ်တံနှင့် စက္ကူကို စတင် ရှာဖွေတော့သည်။ သို့သော် သူသည် ဟောပြောပွဲများကို တက်ရောက်သည့်အခါ ထိုကဲ့သို့သော ပစ္စည်းများကို ယူလာလေ့မရှိသဖြင့်၊ အခုတော့ အချက်အလက်များကို အာရုံစိုက်ပြီး နားထောင်ရုံသာ ရှိတော့၏။
သေချာပေါက်၊ လူတိုင်းကတော့ ဒါဟာ ဘယ်လောက်ကောင်းသလဲဆိုတာကို မသိနိုင်ကြပေ။ အများစုမှာ အာရုံမစိုက်ကြသလို၊ အချို့ကမူ လင်းကျင်း ပြောနေသော အရာများ၏ တန်ဖိုးကို နားမလည်ကြပေ။
သို့သော် ဘယ်သူပဲ ဟောပြောသည်ဖြစ်စေ ဂရုတစိုက် နားထောင်ပြီး မှတ်စုထုတ်လေ့ရှိသော ကြိုးစားအားထုတ်သည့် တပည့်များလည်း ရှိနေပေသည်။
စုပေါင်အာမှာ ထိုကဲ့သို့သော တပည့်မျိုး ဖြစ်၏။
အထူးသဖြင့် သူမသည် လင်းကျင်းကို လေးစားပြီးသား ဖြစ်သဖြင့်၊ ယခုအခါတွင် သူမသည် ပရိသတ်ထဲ၌ အာရုံအစိုက်ဆုံးသူ ဖြစ်နေပေသည်။
တစ်ဖက်တွင်တော့ ချန်ချန်းမှာ နားထောင်ရင်း ဆွံ့အသွားရတော့သည်။
“သူ ဘာတွေ ပြောနေတာလဲ”
သူသည် ဝိညာဉ်စာကြည့်တိုက်ထဲရှိ ‘စိတ်ကူးပုံဖော်ခြင်း’ စာအုပ်ကို ဖတ်ဖူးသဖြင့်၊ လင်းကျင်း ပြောမည့် အကြောင်းအရာမှာလည်း ထိုစာအုပ်နှင့် အတူတူပဲ ဖြစ်လိမ့်မည်ဟု ယူဆထားခဲ့ခြင်း ဖြစ်၏။ သို့သော် လင်းကျင်း၏ ဟောပြောချက်များက သူ့ကို ကြောင်သွားစေတော့သည်။
ဘာလို့လဲဆိုတော့ ဒါက သူသိထားတာတွေနဲ့ လုံးဝ မတူလို့ပင်။
ချန်ချန်း သတိပြန်ဝင်လာချိန်တွင် လင်းကျင်း၏ ဟောပြောပွဲမှာ ထက်ဝက်ခန့် ကျိုးနေပြီ ဖြစ်၏။ ထိုအခါမှသာ ဤဖော်မြူလာမှာ မည်မျှအထိ ထူးခြားကြောင်း သူ သတိပြုမိတော့သည်။
တပည့်များထဲတွင် အဆင့် ၄ ရရှိထားခြင်းက ချန်ချန်းတွင်လည်း အရည်အချင်း ရှိကြောင်း သက်သေပြနေခြင်းပင်။ ခဏမျှ စဉ်းစားကြည့်ပြီးနောက်တွင်တော့ ချန်ချန်းမှာ အံ့အားသင့်သွားရကာ၊ မသိလိုက်ဘဲ ဟောပြောပွဲထဲတွင် နစ်ဝင်သွားတော့သည်။ သူကိုယ်တိုင်ပင်လျှင် ထိုဖော်မြူလာအတိုင်း စိတ်ကူးပုံဖော်ကြည့်ရန် ကြိုးစားနေမိ၏။
စောစောက သူ ပြောခဲ့သော ‘စိတ်ကူးပုံဖော်ခြင်းကို စိတ်မဝင်စားပါ’ ဆိုသည့် စကားမှာ အခုတော့ ခေါင်းထဲမှာ မရှိတော့ပေ။
ချန်ချန်းတင်မကဘဲ ရန်ကျဲပင်လျှင် ပါးစပ်အဟောင်းသား ဖြစ်နေရ၏။
လင်းကျင်း၏ ဖော်မြူလာမှာ တကယ့်ကို အစစ်အမှန်တွေ ဖြစ်နေပေသည်။ ထူးခြားသော မှတ်ဉာဏ်ရှိသည့် ရန်ကျဲသည် ဖော်မြူလာကို မှတ်သားလိုက်ပြီး ပြန်လည် ဆင်ခြင်ကြည့်သောအခါ၊ ဤဖော်မြူလာသည် နယ်ပယ်ကို အမှန်တကယ် မြှင့်တင်ပေးနိုင်ကြောင်း သိရှိသွားတော့သည်။
ခဏချင်းမှာပင် ရန်ကျဲ၏ မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာတော့၏။
အစပိုင်း ဖော်မြူလာမှာ အလွန်တန်ဖိုးရှိသည့်အရာ မဟုတ်သေးပေ။ လင်းကျင်း၏ အမြင်တွင်မူ သူသည် ကျင့်စဉ်၏ အသုံးအဝင်ဆုံး အပိုင်းကို မပြောရသေးပေ။
‘စိတ်ကူးပုံဖော်ခြင်း’ တွင် ‘ပြင်ပပုံရိပ်’ဆိုသည်မှာ အခြေခံ ဖော်မြူလာသာ ဖြစ်၏။ တကယ့် အနှစ်သာရမှာ ‘အတွင်းသိစိတ်’ ထဲတွင်သာ ရှိပြီး၊ ထိုနေရာတွင်သာ ကျင့်စဉ်၏ တန်ဖိုးများ စုစည်းနေခြင်း ဖြစ်ပေသည်။
လင်းကျင်းသည် ထိုမျှလောက် တန်ဖိုးကြီးသောအရာကို လူထုဟောပြောပွဲတွင် ထုတ်ပြရန် မရည်ရွယ်ထားပေ။
သူသည် ပြင်ပပုံရိပ်အကြောင်း ပြောနေစဉ်မှာပင်၊ ဖော်မြူလာ၏ အပိုင်း (၁) ကိုသာ ရွတ်ဆိုပြခဲ့ပြီး ကျန်ရှိသော အပိုင်း (၅) ပိုင်းကိုတော့ ဘယ်တော့မှ ထုတ်ပြောမည် မဟုတ်ပေ။
အစပိုင်း ဖော်မြူလာ စာကြောင်း ၃၂ ကြောင်း ပြီးဆုံးသွားသောအခါ၊ လင်းကျင်းသည် ပြင်ပပုံရိပ် အပိုင်း (၁) ကို စတင် ပြောကြားတော့သည်။
ထိုဖော်မြူလာတွင် စာကြောင်း ၅၆ ကြောင်း ပါဝင်၏။
“နေ၊ လ၊ ကြယ်တာရာတွေ၊ တောင်တန်းတွေ၊ မြစ်တွေ၊ ကန်တွေနဲ့ ပင်လယ်တွေ... သစ်ပင်ပန်းမန်တွေနဲ့ သတ္တဝါတွေကိုတောင်မှ စိတ်ကူးပုံဖော်နိုင်တယ်...”
ခန်းမတစ်ခုလုံးမှာ အပ်ကျသံပင် မကြားရလောက်အောင် ငြိမ်သက်သွားတော့သည်။ လူတိုင်းက ဂရုတစိုက် နားထောင်နေကြပြီး၊ အများအပြားမှာလည်း ဖော်မြူလာကို လိုက်မှတ်နေကြ၏။ ဘာပဲဖြစ်ဖြစ် လင်းကျင်း၏ ရွတ်ဆိုသံကို နားထောင်ရင်း၊ တစ်ချိန်တည်းမှာ စိတ်ကူးပုံဖော်နိုင်ဖို့ဆိုတာ လူတိုင်းအတွက် မလွယ်ကူလှပေ။
ဒါကို မှတ်သားထားပြီး အိမ်ပြန်ရောက်မှ ဖြည်းဖြည်းချင်း ပြန်လည် ဆင်ခြင်တာက အကောင်းဆုံး နည်းလမ်းပင် ဖြစ်၏။
လင်းကျင်းသည် ကြည်လင်သော အသံဖြင့် ဖြည်းဖြည်းချင်း ရွတ်ဆိုပြနေ၏။ သို့သော် ဖော်မြူလာမှာ အများကြီး မဟုတ်သဖြင့် ဟောပြောပွဲမှာ မကြာခင်မှာပင် ပြီးဆုံးသွားတော့သည်။
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေပြီး ဘယ်သူမှ စကားမပြောကြပေ။
အောက်ကို ကြည့်လိုက်သောအခါ၊ လင်းကျင်းသည် ပရိသတ်အချို့မှာ မျက်လုံးများ မှိတ်ထားကြသလို၊ အချို့မှာမူ ရရှိလာသော အချက်အလက်သစ်များကို ပြန်လည် စဉ်းစားရင်း ခေါင်းညိတ်နေကြသည်ကို တွေ့လိုက်ရ၏။
လင်းကျင်းက ချန်ချန်းကို ကြည့်ကာ ပြုံးလိုက်သည်။
ထိုသူသည်လည်း မျက်လုံးများ မှိတ်ထားကာ အတွေးထဲတွင် နစ်ဝင်နေပေသည်။ သူသည် တိုးတိုးလေး တစ်ခုခုကို ရေရွတ်နေပြီး၊ သေချာ နားထောင်ကြည့်လျှင် လင်းကျင်း ခုနက ပြောသွားသော ဖော်မြူလာကို ပြန်လည် ရွတ်ဆိုနေခြင်း ဖြစ်ကြောင်း သိနိုင်ပေသည်။
“ချန်ချန်း... ကျုပ်ရဲ့ ဟောပြောပွဲက ဘယ်လိုလဲ”
လင်းကျင်းက သူ၏ အတွေးများကို ဖြတ်တောက်လိုက်ရင်း ဦးအောင် လှမ်းမေးလိုက်၏။
ချန်ချန်းသည် သူ့ကို လူပုံအလယ်မှာ စိန်ခေါ်ခဲ့ပြီး မကောင်းတဲ့ စိတ်ထားရှိသူ ဖြစ်မှန်း သိထားသဖြင့်၊ လင်းကျင်းသည် သူ့အပေါ် ကောင်းပြရန် မရည်ရွယ်ထားပေ။
ချန်ချန်းသည် အရေးကြီးသော အချက်တစ်ခုကို နားလည်ရန် ကြိုးစားနေစဉ်၊ လင်းကျင်းက ရုတ်တရက် အနှောင့်အယှက် ပေးလိုက်သဖြင့် စိတ်တိုသွားကာ စာကြောင်းအချို့ကို မေ့သွားရ၏။ သို့သော် သူ သတိပြန်ဝင်လာချိန်တွင်မူ လူအများအပြားက သူ့ကို ကြည့်နေကြသည်ကို တွေ့လိုက်ရသည်။
ချန်ချန်း၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားတော့၏။
စောစောကတင် သူသည် လင်းကျင်း၏ ဟောပြောပွဲကို စိတ်မဝင်စားကြောင်းနှင့် ဘာမှ မျှော်လင့်မထားကြောင်း လူပုံအလယ်မှာ ကြေညာခဲ့သူ မဟုတ်ပါလား။ သို့သော်လည်း ယခုအခါတွင်မူ သူကိုယ်တိုင်ပင် ဟောပြောချက်ထဲတွင် နစ်ဝင်သွားခဲ့သဖြင့် အရှက်ရသွားရတော့သည်။
လင်းကျင်းကတော့ သူ့ကို ဒီအတိုင်း လွှတ်ပေးရန် မရည်ရွယ်ထားပေ။
“တစ်ခုခု ပြောပါဦး ချန်ချန်း... ကျုပ်ရဲ့ ဟောပြောပွဲက အရမ်း ပျင်းစရာကောင်းနေလို့လား၊ ဒါမှမဟုတ် နားထောင်ရတာ အရမ်း ခက်ခဲနေလို့လား”
လင်းကျင်းက ခပ်ပြုံးပြုံးဖြင့် မေးလိုက်သော်လည်း မျက်ဝန်းများကတော့ စူးရှနေ၏။ စောစောက ချန်ချန်းနှင့် သူ၏လူများက သူ့ကို တိုက်ခိုက်ခဲ့စဉ်က အချိန်မဟုတ်သေးသဖြင့် သူ ပြန်မတုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။ အခုတော့ ဟောပြောပွဲ ပြီးပြီဖြစ်ရာ၊ ပြန်လည် လက်စားချေရမည့် အချိန်ပင် ဖြစ်တော့သည်။
အခန်း (၁၇၀) - သူတို့ကို မောင်းထုတ်လိုက်ပါ
“အဲဒါက... ဟိုဟာ...”
ချန်ချန်းသည် မည်မျှပင် အရှက်မရှိသူဖြစ်ပါစေ၊ ယခုကဲ့သို့ အခြေအနေမျိုးတွင်တော့ ဗြောင်ကျကျ လိမ်ညာရန် မဖြစ်နိုင်တော့ပေ။ လင်းကျင်း၏ ဟောပြောချက်မှာ တကယ့် အနှစ်သာရများ ဖြစ်နေသဖြင့်၊ အကယ်၍သာ သူက ဒါကို အဓိပ္ပာယ်မရှိတာတွေဟု ပယ်ချလိုက်လျှင် ပရိသတ်အားလုံး၏ ဒေါသကို ဆွပေးသလို ဖြစ်သွားပေလိမ့်မည်။
ထိုစဉ် လင်းကျင်းက ဆက်ပြောလိုက်သည်။
“ခုနက ကျုပ်ပြောသွားတဲ့ ဖော်မြူလာကတော့ စိတ်ကူးပုံဖော်ခြင်း နည်းစနစ်ရဲ့ ‘ပြင်ပပုံရိပ်’ အပိုင်းပဲ ဖြစ်ပါတယ်... စုစုပေါင်း စာကြောင်း ၅၆ ကြောင်း ရှိပြီးတော့၊ အဲဒါတွေကို တစ်ကြောင်းချင်းစီ အသေးစိတ် ရှင်းပြပေးသွားမှာပါ... ဒါပေမဲ့ အဲဒီလို မလုပ်ခင်မှာ...”
လင်းကျင်းက စကားကို ခဏရပ်လိုက်ပြီးနောက်၊ ဟောပြောပွဲအစတွင် သူ့ကို လှောင်ပြောင်ခဲ့ကြသော ချန်ချန်းနှင့် တပည့်တစ်စုကို ရုတ်တရက် လက်ညှိုးထိုးပြကာ ဆိုလိုက်၏။
“ခင်ဗျားတို့က အစကတည်းက ကျုပ်တို ပြဿနာရှာဖို့ပဲ ကြိုးစားနေတာ... ကျုပ်စကားကို နားမထောင်ချင်ဘူးဆိုရင်လည်း နားထောင်စရာ မလိုဘူး... အခုပဲ ခန်းမထဲက ထွက်သွားပေးကြပါ၊ တခြားသူတွေကို အနှောင့်အယှက် မပေးပါနဲ့တော့”
သူသည် ထိုလူများကို အပြင်သို့ နှင်ထုတ်နေခြင်းပင် ဖြစ်၏။
ချန်ချန်းနှင့် သူ၏လူများမှာ ဆွံ့အသွားကြတော့သည်။ သူတို့သည် လင်းကျင်းက ဘာမှ သင်ပေးနိုင်လိမ့်မည် မဟုတ်ဟု ယူဆကာ အစောပိုင်းက ရဲရဲတင်းတင်း ပြဿနာရှာခဲ့ကြခြင်း ဖြစ်၏။
သူတို့၏ ရည်ရွယ်ချက်မှာ လင်းကျင်းကို လူပုံအလယ်တွင် အရှက်ခွဲရန် ဖြစ်သော်လည်း၊ အခုတော့ လင်းကျင်းက တကယ့် အဖိုးတန်သော ပညာရပ်များကို ဟောပြောနေခြင်း ဖြစ်၏။ ဤစိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်၏ အပြည့်အစုံသော ဖော်မြူလာကို ရဲ့ယွီကျိုးပင်လျှင် သိချင်မှ သိပေလိမ့်မည်။ ထိုစာကြောင်း ၅၆ ကြောင်းမှာ မည်မျှအထိ အသုံးဝင်ကြောင်း သိသွားပြီးနောက်တွင်တော့ ချန်ချန်းအနေဖြင့် လုံးဝ ထွက်မသွားချင်တော့ပေ။
အကယ်၍သာ ထွက်သွားလိုက်လျှင် သူပဲ နစ်နာရမည် မဟုတ်ပါလား။
ချန်ချန်းသည် ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ဒီနေရာကနေ ထွက်မသွားဖို့ ဆုံးဖြတ်လိုက်၏။
သူသည် ပြန်မပြောရဲဘဲ တိတ်ဆိတ်စွာပင် အရှက်မရှိ ဟန်ဆောင်နေလိုက်တော့သည်။
အစောပိုင်းက ဆူညံအောင် လုပ်ခဲ့ကြသော အခြားတပည့်များမှာလည်း ထိုနည်းတူပင် တိတ်ဆိတ်သွားကြ၏။
လင်းကျင်းက ခပ်ပြုံးပြုံးဖြင့် ထပ်ပြောလိုက်သည်။
“ခင်ဗျားတို့ မထွက်သွားဘူးဆိုရင်တော့ ကျုပ်ဒီဟောပြောပွဲကို ဆက်မလုပ်တော့ဘူး... အားလုံးလည်း ဖော်မြူလာကို ကြားပြီးသားဆိုတော့၊ အိမ်ပြန်ပြီး ကိုယ့်ဘာသာကိုယ်ပဲ ဆင်ခြင်ကြည့်ကြတော့ဗျာ”
လင်းကျင်းက လက်စသတ်ရန် ပြင်လိုက်ခြင်း ဖြစ်၏။
ဤရာဇသံကြောင့် ပရိသတ်များမှာ ချက်ချင်းပင် ထအော်ကြတော့သည်။
“စီနီယာလင်း... အဲဒီလို မလုပ်ပါနဲ့ဗျာ"
“ဒီဖော်မြူလာက နားလည်ရ ခက်လို့ စီနီယာက ရှင်းပြပေးမှ ဖြစ်မှာပါ... ကျွန်တော်တို့ တောင်းပန်ပါတယ် စီနီယာလင်း... ထွက်မသွားပါနဲ့ဦး"
တပည့်အချို့မှာ ချန်ချန်းက လင်းကျင်းကို ခဏခဏ နှောင့်ယှက်နေစဉ်ကတည်းက သံသယ ဝင်နေခဲ့ကြခြင်း ဖြစ်၏။ ဘာပဲဖြစ်ဖြစ် သူက အတော်လေး ရိုင်းစိုင်းနေသည် မဟုတ်ပါလား။ တပည့်အချင်းချင်း ဟောပြောခြင်း ဖြစ်သည့်တိုင်အောင် အခြေခံ လေးစားမှုတော့ ရှိသင့်ပေသည်။
ယခင်က ရန်ကျဲ ဟောပြောစဉ်ကမူ ချန်ချန်းသည် ဤသို့ တစ်ခါမျှ မလုပ်ခဲ့ဖူးပေ။
ချန်ချန်းနှင့် သူ၏လူများမှာ သက်သက်မဲ့ ပြဿနာရှာနေခြင်းဖြစ်မှန်း ငတုံးတစ်ယောက်တောင် သိနိုင်ပေသည်။
အကယ်၍ လင်းကျင်းသာ အဓိပ္ပာယ်ရှိသော ဟောပြောပွဲမျိုး မလုပ်နိုင်ခဲ့လျှင် ဘယ်သူမှ သူ့ဘက်က ရပ်တည်ပေးမည် မဟုတ်ပေ။ သို့သော် အခုတော့ အခြေအနေက ပြောင်းလဲသွားပြီ ဖြစ်၏။ ထိုစာကြောင်း ၅၆ ကြောင်း၏ အဓိပ္ပာယ်ကို ပရိသတ်ထဲမှ အနည်းငယ်သာ နားလည်နိုင်ကြပေသည်။ အများစုမှာတော့ အနှစ်သာရကို သိချင်နေကြပြီး လင်းကျင်း၏ ရှင်းပြချက်ကို မျှော်လင့်နေကြခြင်း ဖြစ်၏။ အကယ်၍ လင်းကျင်းသာ အခုအချိန်မှာ ရပ်ပစ်လိုက်မည်ဆိုလျှင်၊ ၎င်းမှာ ယားသည့်နေရာကို မကုတ်ရဘဲ အင်္ကျီပေါ်ကနေ ကုတ်နေရသလို ခံရခက်လှပေလိမ့်မည်။
အခုတော့ ဘယ်သူမှ လင်းကျင်းကို မလေးမစား မလုပ်ရဲကြတော့ပေ။ ‘ပြင်ပပုံရိပ်’ ၏ ရှင်းလင်းချက်ကို နားထောင်ချင်နေကြသဖြင့် လက်ထောက်ကထိကများပင်လျှင် လင်းကျင်းကို စိတ်မဆိုးဝံ့ကြဘဲ ရှိနေကြ၏။
ထို့ကြောင့်ပင် သူတို့အားလုံးသည် ချန်ချန်းနှင့် သူ၏လူများဘက်သို့ လှည့်ကြည့်လိုက်ကြတော့သည်။
အကြည့်ပေါင်းများစွာဖြင့် ဝိုင်းကြည့်ခံရခြင်းမှာ မည်မျှအထိ ပူလောင်သနည်း။ ဆူးပုံပေါ်တွင် ထိုင်နေရသလို ခံစားချက်မျိုးကို ချန်ချန်းနှင့် သူ၏လူများ အခုတော့ ကိုယ်တိုင် ကြုံတွေ့နေရပြီ ဖြစ်၏။
မျက်လုံးပေါင်းများစွာက သူတို့ကို စူးစိုက်ကြည့်နေသဖြင့် သူတို့မှာ တစ်ကိုယ်လုံး နေရထိုင်ရ ခက်လာတော့သည်။
ချန်ချန်းသည် လက်သီးကို တင်းတင်းဆုပ်ကာ စိတ်ထဲမှ လင်းကျင်းကို ကျိန်ဆဲနေမိ၏။ ထို့အပြင် သူက ဇွတ်ပေပြီး ထိုင်နေမည်ဆိုလျှင် လင်းကျင်းက သူ့ကို ဘာမှ လုပ်နိုင်မည်မဟုတ်ဟုလည်း တွေးလိုက်မိသေးသည်။
ချန်ချန်းက အောင့်ခံနိုင်သော်လည်း သူ၏လူများကတော့ မခံနိုင်ကြတော့ပေ။ ဘာပဲဖြစ်ဖြစ် သူတို့ထက် ကျင့်ကြံမှုအဆင့် မြင့်မားသူများက ဝိုင်းကြည့်နေကြခြင်း ဖြစ်ရာ၊ မည်သို့ ငြိမ်နေနိုင်ပါမည်နည်း။
ထိုလူများမှာ မီးပုံပေါ် ထိုင်နေရသလို ခံစားနေရသဖြင့် ချန်ချန်းကို လှမ်းကြည့်လိုက်ကြ၏။
ချန်ချန်းကတော့ ‘အရှက်မရှိ’ ဆက်ထိုင်နေသဖြင့် တပည့်တစ်ဦးက လှမ်းပြောလိုက်သည်။
“စီနီယာချန်... ကျွန်တော်တို့ကို ဒုက္ခမပေးဘဲ ထွက်သွားပေးရင် မကောင်းဘူးလား”
ထိုတပည့်က ယဉ်ယဉ်ကျေးကျေး ပြောလိုက်ခြင်း ဖြစ်သော်လည်း၊ စိတ်တိုတတ်သော အချို့သူများကမူ အော်ဟစ်လိုက်ကြတော့သည်။
“အခုချက်ချင်း ထွက်သွားစမ်း.. မင်းက အစကတည်းက အနှောင့်အယှက် ပေးနေတာ... ဒီနေ့ ဘယ်သူပဲ ဟောပြောပြော၊ သူတို့က သူတို့ရဲ့ ကျင့်ကြံမှု အတွေ့အကြုံကို လာမျှဝေတာပဲ... ဒါပေမဲ့ မင်းကတော့ စီနီယာလင်း ဟောတောင် မဟောရသေးဘူး၊ အမှားလိုက်ရှာနေတာ... နားမထောင်ချင်ရင် အမြန်ထွက်သွား၊ အားလုံးရဲ့ အချိန်ကို မဖြုန်းနဲ့”
“ဟုတ်တယ်... ထွက်သွား”
“သွားတော့...”
“ထွက်သွားကြစမ်း”
တစ်ယောက်က စလိုက်သည်နှင့် ကျန်ရှိသူများကလည်း ဝိုင်းအော်ကြတော့သည်။
ချန်ချန်းသည် မည်မျှပင် အသားထူပါစေ၊ ဤမျှလောက်အထိတော့ မခံနိုင်တော့ပေ။ သူ၏ မျက်နှာမှာ နီမြန်းနေပြီး ချက်ချင်းပင် ထရပ်ကာ ထွက်ခွာသွားတော့သည်။
ဒါကို မြင်သောအခါ သူ၏လူများလည်း လှောင်ရယ်သံများကြားမှ အလုအယက် ထွက်ပြေးကြတော့၏။
တံခါးအပြင်ဘက်သို့ ရောက်သောအခါ ချန်ချန်းမှာ ဒေါသထွက်လွန်း၍ ငိုချင်စိတ်ပင် ပေါက်သွားရသည်။ သူကဲ့သို့ လူမျိုးက အခုလို လူအုပ်ကြီး၏ မောင်းထုတ်ခြင်းကို ခံရလိမ့်မည်ဟု သူ တစ်ခါမှ မတွေးခဲ့ဖူးပေ။ ဤကဲ့သို့သော အရှက်ကွဲမှုကို သူ တစ်ခါမျှ မကြုံခဲ့ဖူးပေ။
“လင်းကျင်း... ငါ ချန်ချန်းက မင်းကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး"
သူက ကျိန်ဆဲလိုက်၏။ သို့သော် မကြာခင်မှာပင် သူ၏ မျက်နှာပေါ်တွင် ယုတ်မာသော အပြုံးတစ်ခု ပေါ်လာပြန်သည်။ ‘လင်းကျင်း... မင်းရဲ့ လျှို့ဝှက်ကျင့်စဉ်ကို ထုတ်ပြလိုက်ရတာကတော့ နစ်နာတယ်၊ ဒါပေမဲ့ မင်း ဒါကို လုပ်လိုက်တာက ရန်ကျဲကို စော်ကားလိုက်သလို ဖြစ်သွားတယ်ဆိုတာ မင်း မသိသေးဘူး... အကယ်၍ မင်းသာ တပည့်ပြိုင်ပွဲမှာ ဝင်မပြိုင်ဘူးဆိုရင်တော့ တစ်မျိုးပေါ့၊ မဟုတ်ရင်တော့ ရန်ကျဲက မင်းကို အလွယ်တကူ လွှတ်ပေးမှာ မဟုတ်ဘူး’
ဟောပြောပွဲခန်းမထဲတွင်တော့ ရန်ကျဲသည် တည်ကြည်သော အမူအရာဖြင့် ရှိနေပေသည်။
‘ဒီလင်းကျင်းက တကယ့်ကို အဖိုးတန်တဲ့ နည်းလမ်းကို လူတိုင်းကို သင်ပေးလိုက်တာပဲ... သူက ငါ့ကို အခက်တွေ့အောင် သက်သက်မဲ့ လုပ်နေတာ မဟုတ်လား’
ရန်ကျဲအနေဖြင့် ဤသို့ တွေးမိသည်မှာလည်း မဆန်းလှပေ၊ အကြောင်းမှာ သူ၏ ယခင် ဟောပြောပွဲများမှာ ကျင့်စဉ်များအကြောင်း မဟုတ်ဘဲ၊ ဂါထာများအကြောင်းနှင့် ကျင့်ကြံမှု အတွေ့အကြုံများအကြောင်းသာ ဖြစ်သောကြောင့် ဖြစ်၏။
လင်းကျင်း ဒီနေ့ပြောသွားသည့် အရာမှာ ရန်ကျဲ ဟောပြောခဲ့သမျှထက် အဆ ၁၀ မက ပို၍ အသုံးဝင်နေပေသည်။
ဂုဏ်သိက္ခာကို အလွန်တန်ဖိုးထားသော ရန်ကျဲကဲ့သို့ လူမျိုးအတွက်တော့ ဤအချက်မှာ ပါးရိုက်ခံလိုက်ရသလို ခံစားရစေ၏။
သူ ဆက်ပြီး နားမထောင်နိုင်တော့ပေ။
ရန်ကျဲသည် ထရပ်ကာ ထွက်ခွာသွားတော့သည်။
သူ ပို၍ ဒေါသထွက်ရသည်မှာ သူ ထွက်သွားသည်ကို ဘယ်သူမှ သတိမထားမိကြခြင်းပင် ဖြစ်၏။ ခန်းမထဲရှိ တပည့်အားလုံးမှာ လင်းကျင်းကိုသာ အာရုံစိုက်နေကြပေသည်။
ရန်ကျဲသည် အပြင်ဘက်သို့ အမြန် လျှောက်လှမ်းသွားတော့၏။
လင်းကျင်း၏ ရှင်းပြချက်မှာ သူပေးခဲ့သော ဖော်မြူလာများကို တစ်ကြောင်းချင်းစီ အနှစ်သာရ ပေါ်လွင်အောင် ရှင်းပြခြင်း ဖြစ်ပေသည်။ အချို့စာကြောင်းများမှာ လူတစ်ယောက်ချင်းစီအပေါ် မူတည်၍ အဓိပ္ပာယ် ဖွင့်ဆိုချက်များ ကွဲပြားနိုင်သော်လည်း၊ လင်းကျင်း၏ ရှင်းပြချက်မှာ အလွန်ပင် တိကျလှပေသည်။
၎င်းမှာ တောင်ပေါ်တက်သည့် လမ်းကြောင်းများကဲ့သို့ပင် ဖြစ်၏။ အချို့လမ်းများက ကွေ့ကောက်ပြီး တက်ရခက်သော်လည်း၊ အချို့လမ်းများကတော့ သွားရလာရ လွယ်ကူလှပေသည်။
ကောင်းမွန်သော ရှင်းပြချက်တစ်ခုက ကျင့်ကြံမှုကို ထိရောက်စွာ တိုးတက်စေနိုင်ပေသည်။ နားလည်နိုင်စွမ်း အားနည်းသော သူများအတွက်မူ ဤကဲ့သို့သော တိုက်ရိုက် အဖြေမျိုးက ပို၍ အဆင်ပြေလှပေ၏။
ထိုအတောအတွင်း ဖော်မြူလာကို နားလည်ထားပြီးသူများမှာလည်း လင်းကျင်း၏ ရှင်းပြချက်နှင့် သူတို့၏ အမြင်ကို နှိုင်းယှဉ်ကြည့်ရန်အတွက် ဂရုတစိုက် နားထောင်နေကြ၏။ ပရိသတ်ထဲတွင် သွေးသစ္စာစာချုပ် ပဉ္စမနယ်ပယ်သို့ ရောက်ရှိနေသော လက်ထောက်ကထိကများလည်း ပါဝင်ပေသည်။ သူတို့၏ အတွေ့အကြုံမှာ တပည့်များထက် အဆပေါင်းများစွာ သာလွန်ပေသည်။ သူတို့သည် လင်းကျင်း၏ စိတ်ကူးပုံဖော်ခြင်း ဖော်မြူလာ ၅၆ ကြောင်းလုံးကို နားလည်သွားကြပြီး သူတို့ဘာသာ အဖြေများလည်း ရှိနေကြသဖြင့်၊ လင်းကျင်း၏ ရှင်းပြချက်အပေါ်တွင်တော့ အလွန်အမင်း စိတ်လှုပ်ရှားခြင်း မရှိကြပေ။
‘ဒီလင်းကျင်းက ထူးခြားတဲ့ အတွေ့အကြုံတစ်ခုခု ရှိခဲ့တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ဒီစာကြောင်း ၅၆ ကြောင်းကို ဆရာကြီးတစ်ယောက်ဆီကနေ သင်ယူခဲ့တာပဲ ဖြစ်ရမယ်... သူက သူ့ရဲ့ နားလည်မှုအပေါ် မူတည်ပြီး ရှင်းပြနေတာဆိုရင်တော့၊ ငါတို့ရဲ့ နားလည်မှုထက် သာလွန်ဖို့ ခဲယဉ်းတယ်... အဲဒီအခါကျရင်တော့ ဒါကို မျှဝေပေးတဲ့အတွက် ကျေးဇူးဆပ်တဲ့အနေနဲ့ သူ့ကို ငါတို့က ပြန်ပြီး လမ်းညွှန်ပေးလို့ ရတာပေါ့’ ဟု လက်ထောက်ကထိကတစ်ဦးက တွေးလိုက်မိ၏။
အခြားသူများစွာကလည်း ထိုသို့ပင် တွေးနေကြပေသည်။
အချို့ကလည်း လင်းကျင်း၏ ရှင်းပြချက်မှာလည်း ကျွမ်းကျင်သော ကျင့်ကြံသူတစ်ဦး၏ လမ်းညွှန်ချက် ဖြစ်နိုင်သည်ဟု ယူဆနေကြ၏။
လူတိုင်းက တိတ်ဆိတ်စွာ နားထောင်နေကြပြီး လင်းကျင်း၏ အသံမှာ ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်နေပေသည်။
စာလုံးတိုင်း၊ စာကြောင်းတိုင်းကို အသေးစိတ် ရှင်းပြနေခြင်း ဖြစ်၏။ နားထောင်နေရင်းနှင့် ပရိသတ်မှာ အံ့အားသင့်သွားရကာ သူတို့၏ သံသယတစ်ခုလည်း အတည်ဖြစ်သွားရတော့သည်။
လင်းကျင်း၏ ဖော်မြူလာနှင့် ရှင်းပြချက်မှာ သေချာပေါက် ဆရာကြီးတစ်ယောက်ဆီက ရလာတာ ဖြစ်ရမည်။ ဘာပဲဖြစ်ဖြစ် တပည့်တစ်ယောက်အနေဖြင့် ဤမျှလောက်အထိ နက်နဲသော နားလည်မှုကို မရရှိနိုင်ပေ။
ဒါက အရမ်းကို အသေးစိတ်လွန်းလှပေသည်။
ရှင်းပြချက်များမှာလည်း နက်နဲလှပြီး၊ လင်းကျင်း ပြောနေသည်မှာ အတွေ့အကြုံရင့် ကျင့်ကြံသူတစ်ဦးက ဟောပြောနေသကဲ့သို့ ရှိနေပေသည်။
ဤအပိုင်း ပြီးဆုံးသွားသောအခါ လင်းကျင်း၏ ဟောပြောပွဲမှာ ပြီးဆုံးသွားပြီ ဖြစ်၏။ အချိန်ပို ရှိသေးသဖြင့် လင်းကျင်းသည် စင်ပေါ်က ဆင်းမသွားသေးဘဲ မေးလိုက်သည်မှာ။
“တကယ်လို့ နားမလည်တာ ရှိရင်လည်း မေးနိုင်တယ်"
၎င်းမှာ အတော်လေးကို ယုံကြည်မှုရှိသော စကားပင် ဖြစ်၏။
ရှိနေသော လက်ထောက်ကထိကများမှာ ဆွံ့အသွားရတော့သည်။
သူသိထားတာတွေကို ရွတ်ပြဖို့က မခက်ခဲသော်လည်း၊ မေးခွန်းတွေကို ပြန်ဖြေဖို့ဆိုတာကတော့ စိန်ခေါ်မှုတစ်ခု ဖြစ်ပေသည်။ ဗဟုသုတ အလုံအလောက် မရှိဘဲနှင့် မေးခွန်းတွေကို သေချာ မဖြေနိုင်လျှင် လင်းကျင်းအနေဖြင့် အရှက်ကွဲသွားနိုင်ပေသည်။
ထို့ကြောင့်ပင် လင်းကျင်း၏ ကမ်းလှမ်းချက်က လက်ထောက်ကထိကများကို အံ့အားသင့်စေခြင်း ဖြစ်၏။ လင်းကျင်းက ဖော်မြူလာနှင့် ရှင်းပြချက်ကို အလွတ်မှတ်ပြီး ရွတ်ပြနေခြင်း ဖြစ်နိုင်သည်ဟူသော ယူဆချက်မှာ သူ မေးခွန်းများကို ဖြေကြားပေးမည်ဟု ပြောလိုက်သောအခါ ပယ်ဖျက်ခြင်း ခံလိုက်ရတော့သည်။
ဤကဲ့သို့ ဖြေကြားနိုင်ရန်အတွက် ထိုအကြောင်းအရာအပေါ် နက်နဲသော နားလည်မှုနှင့် ဗဟုသုတ ကြွယ်ဝမှုတို့ ရှိမှသာ ဖြစ်နိုင်ပေလိမ့်မည်။
လင်းကျင်း ပြောပြီးသည်နှင့် လက်များစွာ မြှောက်တက်လာတော့သည်။
ထိုအထဲတွင် စုပေါင်အာ၏ လက်မှာ အမြင့်ဆုံး ဖြစ်နေ၏။ သူမသည် လင်းကျင်း မြင်စေရန်အတွက် မတ်တပ်ရပ်လုနီးပါးပင် လက်ကို ဝှေ့ယမ်းနေပေသည်။
သူမက အရမ်းကို ပေါ်လွင်နေသဖြင့် လင်းကျင်းက ပြုံးကာပြောလိုက်၏။
“မေးပါ စုပေါင်အာ”
လင်းကျင်းက သူမ နာမည်ကို ခေါ်လိုက်သဖြင့် စုပေါင်အာမှာ ပါးစပ်နားရွက် ချိတ်မတတ် ပြုံးသွားတော့၏။ သူမ ချက်ချင်း ထရပ်လိုက်ပြီး မေးလိုက်လေသည်။
“အစ်ကိုလင်း... အစ်ကိုလင်းက နေ၊ လနဲ့ ကြယ်တာရာတွေကို စိတ်ကူးပုံဖော်နိုင်တယ်လို့ ပြောခဲ့တယ်လေ... သစ်ပင်ပန်းမန်တွေနဲ့ သတ္တဝါတွေကိုလည်း စိတ်ကူးပုံဖော်လို့ ရတယ်ဆိုတော့၊ အဲဒီနှစ်ခုကြားမှာ ဘာကွာခြားချက် ရှိလဲဟင်... ကြယ်တွေကို စိတ်ကူးပုံဖော်တာက သတ္တဝါတွေကို ပုံဖော်တာထက် ပိုကောင်းသလား... အဲဒါဆိုရင် ဘာလို့ အဲဒါတွေကို ပုံဖော်ရမှာလဲ”
စုပေါင်အာ၏ တွေးတောပုံမှာ သာမန်လူများနှင့် မတူသည်မှာတော့ အမှန်ပင်။ သူမ စိတ်ဝင်စားသည့် အချက်မှာလည်း အခြားသူများနှင့် ကွဲပြားနေပေသည်။
သို့သော်လည်း လင်းကျင်းက သူမ၏ မေးခွန်းကို ဖြေကြားနိုင်ခဲ့၏။
သားရဲပြတိုက်က သူ့ကို အသေးစိတ် ရှင်းပြချက်များ ပေးထားခဲ့ခြင်း ဖြစ်သည်။ သီးခြား မေးခွန်းများကို မဖြေကြားနိုင်သော်လည်း၊ လင်းကျင်းအနေဖြင့် အလားတူ အကြောင်းအရာများမှတစ်ဆင့် နှိုင်းယှဉ် သင်ယူနိုင်သဖြင့် စုပေါင်အာ၏ မေးခွန်းကို ဖြေရန်မှာ မခက်ခဲလှပေ။
“စုပေါင်အာ... ဖော်မြူလာထဲမှာ ပါတဲ့အတိုင်းပဲ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်မထားပါနဲ့... ဒီလောကမှာ ရှိသမျှ အရာအားလုံးကို စိတ်ကူးပုံဖော်နိုင်ပြီး၊ အဲဒါတွေက တစ်ခုနဲ့တစ်ခု အနိမ့်အမြင့် သတ်မှတ်ထားတာမျိုး မရှိပါဘူး... ကိုယ့်အတွက် အသင့်တော်ဆုံးဖြစ်မယ့် အရာကိုပဲ ရှာဖွေရမှာ... နောက်တစ်ခု ထပ်ပြောချင်တာက ‘ပြင်ပပုံရိပ်’ ကျင့်စဉ်မှာ စိတ်ကူးပုံဖော်ဖို့အတွက် အရာတစ်ခုတည်းကိုပဲ ရွေးချယ်ရမယ်... လောဘကြီးတာက အမြဲတမ်း ရလဒ်ကောင်းတွေ မပေးနိုင်ဘူးဆိုတာကို အားလုံး သဘောတူမယ်လို့ ထင်ပါတယ်”
လင်းကျင်းက ဖြေလိုက်၏။
စုပေါင်အာက လက်ပြန်မြှောက်လိုက်ပြန်သည်။
“ဒါဆိုရင် အစ်ကိုလင်း... အဲဒီအရာက ကိုယ့်အတွက် သင့်တော်တယ်ဆိုတာ ဘယ်လို သိနိုင်မလဲဟင်... ဥပမာ ကျွန်မဆိုရင်... ကျွန်မ စိတ်ကူးပုံဖော်ချင်တယ်ဆိုရင် ဘာကို ရွေးရမလဲ”
လင်းကျင်း ပြုံးလိုက်၏။
အခြားသူတွေအတွက် သူ မပြောနိုင်သော်လည်း၊ စုပေါင်အာနှင့် သင့်တော်မည့်အရာကိုတော့ လင်းကျင်းက ကြိုတင် တွက်ချက်ထားပြီး ဖြစ်ပေသည်။
“ကိုယ့်ရဲ့ ပြင်ပမှာ ရှိတဲ့ အရာတစ်ခုကို စိတ်ကူးပုံဖော်ခြင်းက ကိုယ့်စိတ်ထဲမှာ လိုအပ်နေတဲ့ အရာတွေကို ဖြည့်ဆည်းပေးနိုင်တယ်... အဲဒီ ဂုဏ်သတ္တိတွေက တစ်ခုနဲ့တစ်ခု အားဖြည့်ပေးဖို့ လိုတယ်... မင်းက တက်ကြွလွန်းတဲ့ စရိုက်ရှိတော့၊ စိတ်ကူးပုံဖော်တဲ့အခါမှာ စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းဖို့ လိုတယ်... မင်းရဲ့ ဂုဏ်သတ္တိက ‘မီး’ ဖြစ်နေတာကြောင့်၊ အမွှေးနံ့သာတိုင် ဒါမှမဟုတ် သစ်ပင်ပန်းမန်တွေကို စိတ်ကူးပုံဖော်တာက မင်းအတွက် အသင့်တော်ဆုံးပဲ”
လင်းကျင်း၏ အဖြေကို ကြားသောအခါ စုပေါင်အာမှာ နားလည်သွားပြီး ထပ်မမေးတော့ပေ။ သူမ ပြန်ထိုင်လိုက်ကာ မျက်လုံးမှိတ်ပြီး စတင် စိတ်ကူးပုံဖော်ကြည့်နေတော့သည်။
နောက်ထပ် တပည့်တစ်ဦးက လက်မြှောက်လိုက်ပြန်၏။ လင်းကျင်းက ခေါင်းညိတ်ပြလိုက်သဖြင့် ထိုတပည့် ထရပ်ကာ။
“စီနီယာလင်း... ကျွန်တော်လည်း ဒီစိတ်ကူးပုံဖော်ခြင်း နည်းလမ်းကို အရင်က လေ့လာဖူးပြီး အတော်လေး သိတယ်လို့ ထင်ခဲ့တာပါ.... ဒါပေမဲ့ စီနီယာရဲ့ ဟောပြောပွဲကို နားထောင်ပြီးတဲ့အခါကျမှ ကျွန်တော် သိထားတာတွေက အစပဲ ရှိသေးတယ်ဆိုတာ သိလိုက်ရတယ်... ဒါပေမဲ့ ကျွန်တော်က တစ်ခုခုကို စိတ်ကူးပုံဖော်ထားပြီးသား ဖြစ်နေတော့၊ အခုအချိန်မှာ အဲဒါကို ပြောင်းလဲဖို့က ခက်ခဲနေတယ်.... အဲဒါနဲ့ ပတ်သက်ပြီး စီနီယာဆီက လမ်းညွှန်ချက်လေး တောင်းချင်ပါတယ်”
ဤမေးခွန်းမှာ အတော်လေးကို ခက်ခဲလှပေသည်။
လူအများအပြားက လင်းကျင်း၏ အဖြေကို စောင့်ဆိုင်းနေကြ၏။ လက်ထောက်ကထိကများပင်လျှင် ဤမေးခွန်းကို သူတို့ကိုယ်တိုင် မဖြေနိုင်သဖြင့် လင်းကျင်းကို စူးစိုက်ကြည့်နေကြပေသည်။
၎င်းမှာ လမ်းမှားကို လျှောက်မိသွားသော သူတစ်ယောက်က အစကနေ ပြန်စချင်နေသလိုမျိုး ဖြစ်၏။ ၎င်းမှာ အသစ်စရခြင်းထက် အဆပေါင်းများစွာ ပို၍ ခက်ခဲလှပေသည်။ ပန်းချီဆရာ ကောင်းတစ်ယောက်ဖြစ်ပါစေ၊ ပျက်စီးသွားသော ပန်းချီကားကို ပြုပြင်ရမည့်အစား ပိတ်ကားအသစ်ပေါ်တွင်သာ ရေးဆွဲချင်ကြသည် မဟုတ်ပါလား။
သူတို့အားလုံး ထိုသို့ပင် တွေးနေကြခြင်း ဖြစ်၏။
လင်းကျင်း ခဏမျှ စဉ်းစားလိုက်ပြီးနောက် မေးလိုက်သည်မှာ။ “ခင်ဗျား ဘာကို စိတ်ကူးပုံဖော်ထားတာလဲ”
“တောက်ဝါဒီ နတ်ဘုရား... ‘ရွှမ်ဝူ’ ရဲ့ ပုံရိပ်ပါ!”
ရွှမ်ဝူမှာ ရှေးဟောင်း နတ်ဘုရားတစ်ပါး ဖြစ်၏။ သူ၏ တည်ရှိမှုကို ရှေးဟောင်း စာအုပ်များတွင် မှတ်တမ်းတင်ထားခဲ့ပြီး၊ ပန်းချီဆရာများက ထိုဖော်ပြချက်များပေါ် မူတည်၍ ဤနတ်ဘုရား၏ ပုံကို ရေးဆွဲခဲ့ကြခြင်း ဖြစ်ပေသည်။