အခန်း (၁၇၁-၁၇၂)
Vol. 9 Ch. 171-172
အခန်း (၁၇၁) - ဒီထူးခြားတဲ့ ကျင့်စဉ်ကို စာကြည့်တိုက်ထဲ ထည့်သွင်းခြင်း
ယနေ့ခေတ်တွင်လည်း လူအများအပြားသည် စိတ်ကူးပုံဖော်ခြင်းကို ကျင့်ကြံနေကြဆဲ ဖြစ်ပြီး၊ အများစုမှာ ‘ရွှမ်ဝူ’ ကိုသာ သူတို့၏ ပြင်ပပုံရိပ်အဖြစ် ရွေးချယ်လေ့ရှိကြ၏။
ဘာပဲဖြစ်ဖြစ် ဝိညာဉ်စာကြည့်တိုက်ထဲတွင် ကျန်ရှိနေသော စိတ်ကူးပုံဖော်ခြင်းဆိုင်ရာ မှတ်တမ်းများမှာ ဤနတ်ဘုရားကိုသာ နမူနာအဖြစ် အသုံးပြုပြီး သင်ကြားပေးထားသောကြောင့် ဖြစ်သည်။
လူတစ်ယောက်သည် စိတ်ကူးပုံဖော်ခြင်းကို တတ်မြောက်သွားပါက သူ၏ စိတ်ကို ပိုမိုစုစည်းနိုင်လာမည် ဖြစ်၏။ ဤနည်းလမ်းသည် အတွေးများကို ကြည်လင်စေရုံတင်မကဘဲ၊ ပိုမိုကျွမ်းကျင်လာပါက စိတ်ဓာတ်ကို ခိုင်မာစေပြီး ပြင်ပမှ လှည့်စားဖြားယောင်းမှုများ၏ အနှောင့်အယှက်ကိုလည်း ကာကွယ်ပေးနိုင်ပေသည်။
ရွှမ်ဝူကို စိတ်ကူးပုံဖော်ခြင်းမှာ ရွေးချယ်မှုကောင်းတစ်ခု ဖြစ်သော်လည်း၊ အခက်အခဲမှာ ထိုနတ်ဘုရား၏ အဆင့်အတန်းမှာ မြင့်မားလွန်းလှသဖြင့် အောင်မြင်ရန် ခဲယဉ်းခြင်းပင် ဖြစ်၏။
‘ရည်မှန်းချက်က ကြီးမားသလောက် လက်တွေ့ဘဝက တိုတောင်းလွန်းလှသည်’ ဟူသော စကားပုံအတိုင်း၊ လူတစ်ယောက်သည် အမြဲတမ်း မိမိ၏ အရည်အချင်းနှင့်အညီ လုပ်ဆောင်သင့်ပေသည်။ အကယ်၍ လူတစ်ယောက်တွင် ပျမ်းမျှအရည်အချင်းသာ ရှိသော်လည်း ဧကရာဇ်နတ်ဘုရားကဲ့သို့ ကြီးမြတ်သောအရာကို စိတ်ကူးပုံဖော်ရန် ကြိုးစားခြင်းမှာ မိမိကိုယ်ကိုယ် အထင်ကြီးလွန်းခြင်းပင် ဖြစ်၏။
ထို့ကြောင့်ပင် စိတ်ကူးပုံဖော်ခြင်း နည်းလမ်းဖြင့် ကျင့်ကြံရာတွင် အောင်မြင်သူ အနည်းငယ်သာ ရှိခြင်း ဖြစ်သည်။ အများစုမှာ ရွှမ်ဝူ၏ အရိပ်အယောင်မျှကိုသာ ပုံဖော်နိုင်ကြသလို၊ အချို့မှာမူ ထိုဖြစ်စဉ်အတွင်း စိတ်စွမ်းအင်များ အလွန်အမင်း ကုန်ခမ်းသွားတတ်ကြသည်။
လင်းကျင်းသာဆိုလျှင်တော့ ရွှမ်ဝူကို စိတ်ကူးပုံဖော်ရန် ဘယ်တော့မှ ရွေးချယ်မည် မဟုတ်ပေ။
“ခင်ဗျားရဲ့ စိတ်ကူးပုံဖော်မှုက ဘယ်အဆင့်ကို ရောက်နေပြီလဲ” ဟု လင်းကျင်းက မေးလိုက်၏။
“ပုံရိပ်ယောင်အဆင့်ပါ”
ထိုတပည့်မှာ အနည်းငယ် ရှက်ရွံ့နေသည့်ပုံ ပေါ်သည်။
စိတ်ကူးပုံဖော်ခြင်း၏ အဆင့်များကို ‘အာရုံစူးစိုက်ခြင်း’၊ ‘ပုံရိပ်ယောင်ဖော်ဆောင်ခြင်း’၊ ‘ဝိညာဉ်သံကြားခြင်း’ နှင့် ‘မြင့်မြတ်သော ဗျာဒိတ်တော်’ ဟူ၍ လေးဆင့် ခွဲခြားထားပေသည်။
ပထမ အဆင့်နှစ်ဆင့်မှာ ရောက်ရှိရန် အတော်အတန် လွယ်ကူသော်လည်း၊ ပုံရိပ်ယောင်အဆင့်သို့ ရောက်ရှိခြင်းကပင် ထိုတပည့်တွင် ထူးခြားသော နားလည်နိုင်စွမ်းနှင့် ပါရမီရှိကြောင်း သက်သေပြနေခြင်း ဖြစ်၏။
အထူးသဖြင့် သူ၏ စိတ်ကူးပုံဖော်မှု ပစ်မှတ်မှာ နတ်ဘုရား ရွှမ်ဝူ ဖြစ်နေသည့်တိုင်အောင် ဖြစ်သည်။
သို့သော်လည်း သူ၏ ပစ်မှတ်မှာ အဆင့်မြင့် နတ်ဘုရားတစ်ပါး ဖြစ်နေသောကြောင့်ပင် သူသည် ပုံရိပ်ယောင်အဆင့်ထက် ပို၍ ကျော်လွန်သွားရန် မဖြစ်နိုင်တော့ခြင်း ဖြစ်၏။ ၎င်းမှာ လုံးဝ ရှေ့ဆက်တိုး၍ မရတော့သည့် အခြေအနေပင်။
ဒါကတော့ ထိုတပည့် ကြုံတွေ့နေရသည့် အခက်အခဲပင် ဖြစ်တော့သည်။
သူသည် ပုံရိပ်ယောင်အဆင့်ကို ရောက်ရှိနေသော်လည်း လမ်းပိတ်နေပြီ ဖြစ်၏။ အခုအချိန်မှာ သူပုံဖော်ထားသမျှကို ဖျက်ဆီးပြီး အစကနေ ပြန်စဖို့ဆိုတာကလည်း မဖြစ်နိုင်တော့ပေ။
ဒါက အတော်လေး ပြဿနာတက်လှပေသည်။
သို့သော် သားရဲပြတိုက်ထဲရှိ စိတ်ကူးပုံဖော်ခြင်းဆိုင်ရာ ရှင်းလင်းချက်များတွင်တော့ ယင်းအတွက် ဖြေရှင်းချက် ရှိနေပေသည်။ လင်းကျင်း ခေတ္တမျှ စဉ်းစားပြီးနောက် မေးလိုက်သည်မှာ။
“ရွှမ်ဝူ ကိုင်ဆောင်ထားတဲ့ အဆောင်အယောင် ပစ္စည်းတွေအကြောင်း ခင်ဗျား သိလား”
ဗဟုသုတရှိသော ထိုတပည့်က ခေါင်းညိတ်ကာပြောလိုက်၏။
“သိပါတယ်... ရွှမ်ဝူမှာ မြင့်မြတ်တဲ့ အဆောင်အယောင် လေးခု ရှိပါတယ်... သူထိုင်နေတဲ့ ကြာပန်းအုံ၊ ဘယ်ဘက်လက်က ကိုင်ထားတဲ့ ခရမ်းရောင်တိမ်တိုက် ယပ်တောင်၊ ညာဘက်လက်က ကိုင်ထားတဲ့ မိစ္ဆာနှိမ်နင်းရေးဓားနဲ့ သူ့နောက်ဘက့မှာ ရှိတဲ့ ကိုးရောင်ခြည် အလင်းတန်းတို့ပါပဲ"
လင်းကျင်းက ဆိုလိုက်၏။
“ခင်ဗျားရဲ့ ဂုဏ်သတ္တိက ‘သစ်သား’ဖြစ်ပေမဲ့ အမြစ်မရှိသလို ဖြစ်နေတယ်... ရွှမ်ဝူ တစ်ကိုယ်လုံးကို ပုံဖော်နေတာကို ရပ်လိုက်ပြီး၊ သူထိုင်နေတဲ့ မြင့်မြတ်တဲ့ ကြာပန်းအုံကိုပဲ အာရုံစိုက်ပြီး ပုံဖော်ကြည့်ပါ... ဒါဆိုရင် ခင်ဗျားရဲ့ အခြေခံကို ခိုင်မာစေပြီး စိတ်ဓာတ်ကိုလည်း ကြံ့ခိုင်စေပါလိမ့်မယ်”
ထိုတပည့်မှာ ခဏမျှ စဉ်းစားကြည့်ပြီးနောက် အဖြေကို ရှာတွေ့သွားသည့်ပုံ ပေါ်သည်။ သူသည် လင်းကျင်းကို ကျေးဇူးတင်စကား ပြောလိုက်ကာ ကျေနပ်အားရစွာဖြင့် ပြန်ထိုင်လိုက်တော့၏။
၎င်းနောက်တွင်တော့ အခြားတပည့်များစွာကလည်း မေးခွန်းများ မေးမြန်းကြပြန်သည်။ လင်းကျင်းသည် ပြတိုက်ထဲရှိ ရှင်းလင်းချက်များကို အခြေခံကာ အကောင်းဆုံး ဖြေကြားပေးခဲ့ရာ၊ လူတိုင်းမှာ ကျေနပ်သွားကြရတော့သည်။
ဤကဲ့သို့ လုပ်ဆောင်နိုင်ခြင်းမှာ လုံးဝ မလွယ်ကူလှပေ။
ဟောပြောပွဲ ပြီးဆုံးသွားသောအခါ တက်ရောက်လာကြသည့် တပည့်အားလုံးမှာ သူတို့၏ အချိန်များမှာ အလွန်တန်ဖိုးရှိခဲ့ကြောင်း ခံစားလိုက်ရပြီး၊ လင်းကျင်းအပေါ် လေးစားမှုများလည်း တိုးလာခဲ့ကြ၏။
လင်းကျင်း စင်ပေါ်က ဆင်းလိုက်သည်။
သူ့အတွက်တော့ ဒါက အေးအေးဆေးဆေး အတွေ့အကြုံတစ်ခုသာ ဖြစ်၏။ ဘာပဲဖြစ်ဖြစ် သူ့နောက်ကွယ်မှာ သားရဲပြတိုက် ရှိနေသည် မဟုတ်ပါလား။ ပြည့်စုံသော အချက်အလက်များကို ပိုင်ဆိုင်ထားသဖြင့် သူလုပ်ရမှာကတော့ မေးခွန်းတွေကို မှတ်သားပြီး သင့်တော်မည့် အဖြေနှင့် ရှင်းလင်းချက်တွေကို ရှာဖွေပေးရန်သာ ဖြစ်ပေသည်။
သို့သော်လည်း လင်းကျင်းအနေဖြင့် စိတ်ကူးပုံဖော်ခြင်းကို ဝတ်ကျေတန်းကျေ ကျင့်ကြံရုံဖြင့် လုံလောက်သည်ဟု ခံစားရ၏။ ဘာပဲဖြစ်ဖြစ် ဒါက စိတ်ဓာတ်ကို တည်ငြိမ်စေဖို့နဲ့ ဝိညာဉ်ပင်လယ်ကို ချဲ့ထွင်ဖို့အတွက် အဓိက အသုံးပြုခဲ့သည့် နတ်ဘုရားကျင့်စဉ်တစ်ခုသာ ဖြစ်သည်။
စိတ်ကူးပုံဖော်ခြင်း နည်းလမ်းတစ်ခုတည်းဖြင့် မသေမျိုးအဆင့်ကို ရောက်ရှိသွားသူဆိုသည်မှာ လက်တွေ့တွင် မရှိသလောက်ပင်။
လင်းကျင်းသည် ဤကျင့်စဉ်ထဲတွင် နက်နက်ရှိုင်းရှိုင်း နစ်ဝင်ရန် မရည်ရွယ်ထားပေ။ အကြောင်းမှာ ပြတိုက်ထဲတွင် စိတ်ကူးပုံဖော်ခြင်းထက် ပို၍ ထိရောက်သော အခြားနည်းလမ်းများစွာ ရှိနေသောကြောင့် ဖြစ်၏။
“လင်းကျင်း... ခဏလောက် စောင့်ပါဦး!”
တစ်စုံတစ်ယောက်က လှမ်းခေါ်လိုက်သဖြင့် ကြည့်လိုက်ရာ၊ ဝတ်ရုံပေါ်တွင် တိမ်တိုက်ပုံစံ ၅ ခု ပါရှိသဖြင့် ထိုသူမှာ ကျင့်ကြံသူများအသင်းမှ လက်ထောက်ကထိကတစ်ဦး ဖြစ်ကြောင်း သိလိုက်ရ၏။
အနီးသို့ ရောက်လာသောအခါ ထိုသူက ပြုံးလျက်ဆိုလိုက်၏။
“လင်းကျင်း... ငါက ဝိညာဉ်စာကြည့်တိုက်ရဲ့ ထိန်းသိမ်းသူ ဝူရှီပါ... ဒီနေ့ မင်းရဲ့ စိတ်ကူးပုံဖော်ခြင်း ဟောပြောပွဲက တကယ့်ကို မျက်စိပွင့်စေသလို၊ ငါလည်း အများကြီး သင်ယူလိုက်ရတယ်”
မိတ်ဆက်ကြပြီးနောက်တွင်တော့ ဤသဘောကောင်းသည့် လက်ထောက်ကထိကမှာ စာအုပ်များ ရွေးချယ်စုဆောင်းခြင်းကို တာဝန်ယူရသူ ဖြစ်ကြောင်း လင်းကျင်း သိလိုက်ရပေသည်။
“လင်းကျင်း... မင်းခုနက ပြောသွားတဲ့ ပြင်ပပုံရိပ် နည်းစနစ်က ငါတို့ စာကြည့်တိုက်ထဲက ဘယ်စာအုပ်ထဲမှာမှ မပါဘူးဆိုတာ ငါ သေချာပေါက် ပြောရဲတယ်... မင်း ဒါကို ဘယ်ကနေ သင်ယူခဲ့တာလဲဆိုတာ ငါ သိပါရစေ”
ဝူရှီမှာ ပွင့်လင်းသော စရိုက်ရှိသူ ဖြစ်သဖြင့် မလိုအပ်သည့် စကားများကို ဖယ်ကာ တိုက်ရိုက်ပင် မေးလိုက်ခြင်း ဖြစ်၏။
သူ့တွင် မကောင်းသော စိတ်ထားမရှိဘဲ စစ်မှန်သော သိချင်စိတ်ဖြင့် မေးမြန်းနေခြင်းဖြစ်ကြောင်း ထင်ရှားလှပေသည်။
လင်းကျင်းမှာတော့ ဤကဲ့သို့သော မေးခွန်းများအတွက် အဖြေကို ကြိုတင် ပြင်ဆင်ထားပြီးသား ဖြစ်၏။
“ကျုပ်ကို ဆရာကြီးတစ်ယောက်က လမ်းညွှန်ပေးခဲ့တာပါ၊ ဒါပေမဲ့ အဲဒီဆရာကြီးက ဂုဏ်ဒြပ်နဲ့ စည်းစိမ်ကို စိတ်မဝင်စားတဲ့သူပဲ... အကယ်၍ ထိန်းသိမ်းသူဝူက အဲဒီဆရာကြီးရဲ့ အမည်ကို သိချင်တာဆိုရင်တော့... ကျုပ် ပြောပြလို့ မရတာကို ခွင့်လွှတ်ပေးပါ”
လင်းကျင်းက ကြိုတင် ပြောထားလိုက်သည်။
ဝူရှီမှာ စိတ်ပျက်သွားသည့်ပုံ ပေါ်သည်။ သူသည် ထို ‘ဆရာကြီး’ အကြောင်းကို မေးရန် အားခဲထားပုံရ၏။
သူက နောက်ထပ် တစ်ခုခု ပြောချင်နေသဖြင့် လင်းကျင်းက ပြုံးကာ ပြောလိက်၏။
“တခြား ပြောစရာရှိရင်လည်း ပြောပါဦး ထိန်းသိမ်းသူဝူ”
ဝူရှီသည် သူ၏ လက်နှစ်ဖက်ကို ပွတ်သပ်လိုက်၏။ လင်းကျင်းမှာ သာမန်တပည့်တစ်ယောက် မဟုတ်တော့ပေ။ သူသည် အဆင့် ၂ သားရဲအကဲဖြတ်မှူး ဖြစ်သလို၊ ဟွမ်ဖူမင် ကိုယ်တိုင် ထောက်ခံထားသူ ဖြစ်ကြောင်း အသင်းတစ်ခုလုံး သိထားကြပြီး ဖြစ်သည်။ ထို့အပြင် ရောက်စကပင် ရန်ကျဲနှင့် လက်ရုံးရည် ယှဉ်ပြိုင်ခဲ့သည်ဟူသော ကောလာဟလများလည်း ရှိနေသလို၊ ပထမဆုံး စစ်ဆေးမှုမှာပင် စတုတ္ထနယ်ပယ် သွေးသစ္စာစာချုပ်ကို ရရှိခဲ့သူ ဖြစ်၏။ အခုတော့ ဤစိတ်ကူးပုံဖော်ခြင်း ဟောပြောပွဲက သူ၏ အောင်မြင်မှုမှတ်တမ်းတွင် နောက်ထပ် ထူးခြားသော အချက်တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်၏။
အမှန်အတိုင်း ပြောရလျှင် ဝူရှီမှာ ပဉ္စမနယ်ပယ် သွေးသစ္စာစာချုပ် ရှိသူ လက်ထောက်ကထိကတစ်ဦး ဖြစ်သော်လည်း၊ လင်းကျင်း၏ ရှေ့တွင်တော့ အလွန်ပင် နှိမ့်ချစွာ ဆက်ဆံနေပေသည်။
“ဒီလိုပါ... မင်း ဒီနေ့ ပြောပြသွားတဲ့ ပြင်ပပုံရိပ် စိတ်ကူးပုံဖော်ခြင်း ကျင့်စဉ်ကို ငါတို့ ဝိညာဉ်စာကြည့်တိုက်မှာ မှတ်တမ်းတင် သိမ်းဆည်းထားချင်လို့ပါ... ဒါပေမဲ့ အဲဒီလို မလုပ်ခင်မှာ မင်းရဲ့ သဘောထားကို အရင်ဆုံး သိပါရစေ”
ဝူရှီက ခဏမျှ စဉ်းစားပြီးမှ ဆက်ပြောလိုက်သည်။
“အကယ်၍ ဒီလို ထူးခြားတဲ့ နည်းလမ်းမျိုးကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ရင်၊ လောကမှာ ရှိတဲ့ ကျင့်ကြံသူတွေ အားလုံးအတွက် အကျိုးရှိမှာပါ... ငါ အခုလို ပြောတာက အားနာစရာကောင်းမှန်း သိပေမဲ့၊ ငါ့ရဲ့ ကိုယ်ကျိုးအတွက် လောဘတက်ပြီး ပြောနေတာ မဟုတ်ဘူးဆိုတာကို ကောင်းကင်ကြီးက သက်သေပါပဲ”
ပြောပြီးသည်နှင့် ဝူရှီသည် လင်းကျင်းကို ရိုသေစွာဖြင့် ဦးညွှတ်လိုက်၏။
လင်းကျင်းအတွက်တော့ ပြင်ပပုံရိပ် နည်းစနစ်မှာ ထိုမျှလောက်အထိ အရေးမပါလှပေ။ သူကိုယ်တိုင်ပင် ဒါကို ကျင့်ကြံရန် စိတ်မကူးပေ၊ အကြောင်းမှာ စိတ်ကူးပုံဖော်ခြင်း၏ တကယ့် အနှစ်သာရမှာ ‘အတွင်းသိစိတ်’ ထဲမှာသာ ရှိနေသောကြောင့် ဖြစ်၏။
သို့သော်လည်း လင်းကျင်းအနေဖြင့် မည်သည့် အကျိုးအမြတ်မှ မရဘဲနှင့် ကျင့်စဉ်တစ်ခုကို ‘လှူဒါန်း’ လိုက်ဖို့ဆိုတာကလည်း မဖြစ်သင့်လှပေ။
လင်းကျင်းက ပြုံးကာ ပွင့်ပွင့်လင်းလင်းပင် ပြန်မေးလိုက်သည်။
“အဲဒါဆိုရင် ကျုပ်အတွက် ဘာရမလဲ”
ဝူရှီမှာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်သွားကာ။
“အဲဒါက... မင်းရဲ့ နာမည်ကို စာအုပ်ထဲမှာ ထည့်သွင်းပေးမှာ ဖြစ်သလို၊ အသင်းကနေ မင်းကို ‘ဂုဏ်ထူးဆောင်တပည့်’ဘွဲ့ကို ပေးအပ်မှာပါ... ဒီပြင်ပပုံရိပ် နည်းစနစ်နဲ့ နှိုင်းယှဉ်ရင်တော့ ဒီအကျိုးကျေးဇူးတွေက ပြောပလောက်စရာ မရှိဘူးဆိုတာ သိပါတယ်...”
ဝူရှီး စကားမဆုံးခင်မှာတင် လင်းကျင်းက ခေါင်းညိတ်ပြလိုက်၏။
“ကောင်းပြီလေ... ကျုပ်သဘောတူပါတယ်”
“လင်းကျင်း... ချက်ချင်းကြီး ငြင်းမပစ်ပါနဲ့ဦး... ဟင်... မင်း သဘောတူတယ် ဟုတ်လား”
ဝူရှီမှာ နားကြားမှားသလားဟု အံ့အားသင့်ကာ မျက်လုံးပြူးကြည့်နေစဉ်၊ လင်းကျင်းက ထပ်လောင်း အတည်ပြုပေးလိုက်၏။
“ကျုပ် သဘောတူပါတယ်... ကျုပ်တာမည်ကို ထည့်ပေးပါ၊ ပြီးတော့ ဂုဏ်ထူးဆောင်တပည့် ဘွဲ့ကိုလည်း ယူပါ့မယ်”
သူ့အတွက် ဒါကို ငြင်းပယ်စရာ အကြောင်းမရှိပေ။
ဘာပဲဖြစ်ဖြစ် သူသည် လူထုဟောပြောပွဲမှာ ဒီနည်းစနစ်အကြောင်း ပြောပြခဲ့ပြီးပြီဖြစ်ရာ၊ ရှိနေသောသူတိုင်းက မှတ်သားထားကြပြီ ဖြစ်၏။ ထို့ကြောင့် စာကြည့်တိုက်ထဲမှာ မှတ်တမ်းမတင်သည့်တိုင်အောင် ဒီနည်းလမ်းက ပျံ့နှံ့သွားမှာပဲ ဖြစ်သည်။ အခုတော့ ဂုဏ်ထူးဆောင်ဘွဲ့လည်း ရသလို၊ နာမည်လည်း ကျန်ရစ်မှာဖြစ်သဖြင့် ငြင်းစရာ မလိုတော့ပေ။
ဝိညာဉ်စာကြည့်တိုက်ထဲရှိ ကျင့်စဉ်စာအုပ်တစ်အုပ်တွင် မိမိ၏ နာမည် ပါဝင်နေခြင်းမှာ အလွန်ကြီးမားသော ဂုဏ်ဒြပ်တစ်ခု ဖြစ်ပေသည်။
ဝူရှီကတော့ လင်းကျင်းသည် ဝိညာဉ်စာကြည့်တိုက်ထဲရှိ စာအုပ်တွင် နာမည်ထည့်သွင်းခံရသည့် ပထမဆုံး တပည့် ဖြစ်လိမ့်မည်ဟု ဆိုလိုက်၏။
သို့သော် ဝူရှီတစ်ယောက်တည်းကတော့ ဒါကို မဆုံးဖြတ်နိုင်ပေ။ ဝိညာဉ်စာကြည့်တိုက်ထဲသို့ ကျင့်စဉ်များနှင့် ဂါထာများကို မထည့်သွင်းမီ၊ အသင်းရှိ ဆရာကြီးအားလုံး၏ ခွင့်ပြုချက်ကို ရယူရမည် ဖြစ်၏။
ဝူရှီသည် ခွင့်ပြုချက်ရရန်အတွက် ဟိုဟိုဒီဒီ အပြေးအလွှား သွားလာနေတော့သည်။ လင်းကျင်း လုပ်ရမှာကတော့ ပြင်ပပုံရိပ်၏ ဖော်မြူလာနှင့် ရှင်းလင်းချက်များကို စာအုပ်တစ်အုပ်အဖြစ် ရေးသားပေးရန်သာ ဖြစ်၏။
ဒါက မခက်ခဲလှပေ။ လင်းကျင်း ချက်ချင်းပင် လုပ်ဆောင်နိုင်ပေသည်။
ဝူရှီက စုတ်တံနှင့် စက္ကူများ ယူလာပေး၏။ လင်းကျင်းသည် ပြတိုက်ထဲတွင် မြင်နေရသည်များကို ပြန်ကူးချလိုက်ရုံသာ ဖြစ်ပြီး၊ နာရီဝက်ခန့် ကြာသောအခါ စာမျက်နှာ ၂၀ ထက် မပိုသော စာအုပ်ငယ်လေးတစ်အုပ် ထွက်ပေါ်လာတော့သည်။
အနှစ်သာရများကိုသာ ဖော်ပြထားပြီး အပိုစာလုံးများကို ဖယ်ရှားကာ ရိုးရှင်းအောင် ရေးသားထားခြင်း ဖြစ်၏။
ပြီးစီးသွားသောအခါ ဝူရှီကို ကြည့်ခိုင်းလိုက်ရာ၊ ဝူရှီမှာ အလွန်ပင် အထင်ကြီးသွားရတော့သည်။
“တကယ့်ကို ထူးခြားတဲ့ နည်းလမ်းပဲ...ဖော်မြူလာက နက်နဲပေမဲ့ ရှင်းလင်းချက်ပါ ပါနေတော့ ဒီနည်းလမ်းကို လက်ခံကျင့်ကြံဖို့ ပိုပြီး လွယ်ကူသွားတာပေါ့... ငါ အခုချက်ချင်းပဲ စာကြည့်တိုက်မှူးဆီ သွားလိုက်ဦးမယ်” ဟု ပြောကာ ဝူရှီသည် လင်းကျင်း ရေးထားသည့် စာအုပ်ကို ယူ၍ အလျင်အမြန် ထွက်ခွာသွားတော့သည်။
ထိုလူမှာ တကယ်ပင် ဇွဲထက်သန်သူ ဖြစ်ပေသည်။
လင်းကျင်းသည် အိမ်သို့ ပြန်လာခဲ့၏။ သူသည် ‘အရိပ်ဝံပုလွေ’ ကို အဆင့်တက်အောင် ကူညီပေးရန် စီစဉ်ထားသောကြောင့် ဖြစ်သည်။
လင်းကျင်း တစ်လောကလုံး အလွန် အလုပ်များနေသဖြင့် ရှောင်ဟော့က သူ့နောက်သို့ နေရာတိုင်း လိုက်နေရ၏။ ရွှေဝါလေးကတော့ အိမ်မှာ မရှိတတ်သဖြင့် အိမ်ကို စောင့်ရှောက်ရန်အတွက် သားရဲတစ်ကောင် လိုအပ်ပေသည်။
သမင်မလေးမှာ ပြန်မကောင်းသေးသလို၊ ကောင်းသွားလျှင်ပင် ရှီဝမ်ကျွင်းဆီ ပြန်သွားရမှာ ဖြစ်သဖြင့် လင်းကျင်းအနေဖြင့် အရိပ်ဝံပုလွေကိုသာ အားကိုးရမည် ဖြစ်၏။
ဤအရိပ်ဝံပုလွေမှာ တည်ငြိမ်သော စရိုက်ရှိသဖြင့် ဤတာဝန်အတွက် သင့်တော်လှပေသည်။
ပြီးပြည့်စုံသောအဆင့်တက်ခြင်း အတွက် အဓိကသော့ချက် ဖြစ်သည့် ‘အရိပ်ခြောက်ခု သားရဲဝိညာဥ်ဆေးလုံး’ ကို မနေ့ကတင် ရှီအိမ်တော်မှာ ဖော်စပ်ထားပြီး ဖြစ်၏။
လင်းကျင်းသည် ရှောင်ဟော့နှင့် ရွှေဝါလေးကို အပြင်ဘက်တွင် စောင့်ခိုင်းထားပြီး၊ အရိပ်ဝံပုလွေကို အိမ်ထဲသို့ ခေါ်လာခဲ့သည်။
လင်းကျင်းသည် ဤဝံပုလွေနှင့် သွေးသစ္စာစာချုပ် မရှိသော်လည်း၊ ဤသတ္တဝါ၏ သစ္စာရှိမှုမှာ စာချုပ်ချုပ်ထားသော သားရဲများထက်ပင် မနိမ့်ကျလှပေ။ အချို့နေရာများတွင် ပို၍ပင် သာလွန်သေး၏။
ယခင်ကနှင့် မတူဘဲ ယခုအခါ လင်းကျင်းတွင် အရည်အချင်းများ ပိုမို ကြွယ်ဝလာပြီး သူ၏ အကြောရှာဖွေနည်းစနစ်မှာလည်း သိသိသာသာ တိုးတက်လာခဲ့ပြီ ဖြစ်၏။ ငွေအပ်များကို ဝံပုလွေ၏ ခန္ဓာကိုယ်ရှိ အကြောမှတ်များပေါ်တွင် ထိုးစိုက်လိုက်ပြီးနောက်၊ ‘အရိပ်ခြောက်သားရဲဝိညာဥ်ဆေးလုံး'’ ကို ကျွေးလိုက်သည်။
၎င်းနောက်တွင်တော့ အပ်စိုက်နည်းစနစ်ကို အသုံးပြု၍ ဆေးလုံး၏ အာနိသင်ကို စတင် လှုံ့ဆော်ပေးလိုက်ရာ၊ အရိပ်ဝံပုလွေမှာ ပြီးပြည့်စုံသောအဆင့်တက်ခြင်း အဆင့်သို့ စတင် တက်လှမ်းတော့၏။ ဤလုပ်ငန်းစဉ်မှာ ဝံပုလွေအတွက် အလွန်ပင် နာကျင်လှပေသည်။ သူသည် ခန္ဓာကိုယ်ထဲတွင် သောင်းကျန်းနေသော ဆေးအာနိသင်ကို ခံစားရရုံတင်မကဘဲ၊ ထိုးစိုက်ထားသော အပ်များ၏ နာကျင်မှုကိုလည်း အောင့်ခံနေရခြင်း ဖြစ်၏။
သို့သော်လည်း အရိပ်ဝံပုလွေမှာ ဘာအသံမှ မထွက်ဘဲ အားလုံးကို သည်းခံနေပေသည်။
ခဏအကြာတွင်တော့ ဆေးအာနိသင်မှာ သားရဲ၏ ခန္ဓာကိုယ် တစ်ခုလုံးသို့ ပျံ့နှံ့သွားတော့သည်။ လင်းကျင်း ယခုတစ်ခါ ဖော်စပ်လိုက်သည့် ဆေးလုံး၏ အရည်အသွေးမှာ ရှောင်ဟော့အတွက် ဖော်စပ်ခဲ့သည့် ‘နေခြောက်စင်းသားရဲဝိညာဥ်ဆေးလုံး’ ထက်ပင် ပို၍ သာလွန်လှပေသည်။ ဆေးအာနိသင်မှာလည်း အဆပေါင်းများစွာ ပို၍ အားကောင်းပေ၏။
ရုတ်တရက်၊ အရိပ်ဝံပုလွေ၏ အရေပြားမှာ ပြင်းထန်လှသော ဆေးအာနိသင်ကြောင့် စတင် ပေါက်ပြဲလာပြီး၊ ထိုအက်ကြောင်းများထဲမှ နက်မှောင်သော သွေးနီရောင် သွေးများ စီးကျလာတော့သည်။
အခြေအနေ မကောင်းတော့မှန်း လင်းကျင်း သိလိုက်၏။
လင်းကျင်း၏ ပြုစုစောင့်ရှောက်မှုအောက်တွင် အရိပ်ဝံပုလွေမှာ အတော်လေး ပြန်ကောင်းလာခဲ့သော်လည်း၊ ယခင်က သူရရှိခဲ့သော ဒဏ်ရာများမှာ ပြင်းထန်လွန်းလှပေသည်။ ဤသတ္တဝါသည် ဆေးလုံး၏ ပြင်းထန်သော အာနိသင်ကို မခံနိုင်တော့သည့်ပုံ ပေါ်နေ၏။
လင်းကျင်းသည် နောက်ထပ် အပ်တစ်စုံကို ချက်ချင်း ထုတ်ယူလိုက်ကာ၊ ဝံပုလွေ၏ သွေးကြောများထဲသို့ ထိုးစိုက်လိုက်ပြီး ကိုယ်တွင်းအင်္ဂါများကို တည်ငြိမ်အောင် လုပ်ပေးလိုက်သည်။
အချိန်များ ကုန်လွန်သွားပြီးနောက်တွင်တော့ ဆေးအာနိသင်မှာ ဝံပုလွေ၏ ခန္ဓာကိုယ်ထဲသို့ အောင်မြင်စွာ ပေါင်းစပ်သွားပြီး၊ ထူးဆန်းသော အဖြစ်အပျက်တစ်ခု ဖြစ်ပေါ်လာတော့၏။
အရိပ်ဝံပုလွေမှာ အမည်းရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားကာ လွင့်စင်သွားတော့သည်။
ဤမြင်ကွင်းကြောင့် လင်းကျင်းပင်လျှင် လန့်သွားရ၏။ ဝံပုလွေ၏ ကိုယ်ပေါ်တွင် ထိုးစိုက်ထားသော အပ်များမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျကုန်ပြီး၊ မြူခိုးများမှာ အခန်းထဲတွင် ပျံ့နှံ့နေပေသည်။ အရိပ်ဝံပုလွေ ပျောက်ကွယ်သွားပြီ ဖြစ်၏။
သူ ပျောက်ကွယ်သွားခြင်းပင်။
အကယ်၍သာ တခြားသူတစ်ယောက်ဆိုလျှင် ဘာလုပ်ရမှန်း သိတော့မည်မဟုတ်ပေ၊ သို့သော် လင်းကျင်းကတော့ အရိပ်ဝံပုလွေ၏ ဂုဏ်သတ္တိများနှင့် သူ၏ ဖုံးကွယ်နေသော သွေးမျိုးဆက်အကြောင်းကို သိထားပေသည်။ သူတို့၏ ကံကောင်းမှုကြောင့် အရိပ်ဝံပုလွေ၏ ဖုံးကွယ်နေသော သွေးမျိုးဆက်မှာ နိုးထလာခဲ့ပြီဖြစ်ကြောင်း လင်းကျင်း တွက်ချက်လိုက်မိ၏။
၎င်းမှာ ‘ဝိညာဉ်မြူခိုး သွေးမျိုးဆက်’ပင် ဖြစ်တော့သည်။
အခန်း (၁၇၂) - အဆင့်တက်သွားသော အရိပ်ဝံပုလွေ
ဝိညာဉ်မြူခိုး သွေးမျိုးဆက်...။
၎င်းမှာ သားရဲအကဲဖြတ်ခြင်းဆိုင်ရာ စာအုပ်အများစုတွင် ဖော်ပြလေ့မရှိသော ရှားပါးလှသည့် သွေးမျိုးဆက်တစ်ခု ဖြစ်၏။
ထို့ကြောင့်ပင် လူအများစုမှာ ဤသွေးမျိုးဆက်အကြောင်းကို မသိရှိကြခြင်း ဖြစ်ပေသည်။
လင်းကျင်းသည် ပြတိုက်၏ အကူအညီဖြင့်သာ ဤသွေးမျိုးဆက်၏ လျှို့ဝှက်ချက်များကို သိရှိခဲ့ခြင်း ဖြစ်၏။ ဤသွေးမျိုးဆက် နိုးထလာသည်နှင့်အမျှ ပိုင်ရှင်ဖြစ်သူမှာ ထူးခြားသော စွမ်းအားများကို အသုံးပြုနိုင်မည် ဖြစ်သည်။
ယခုအခါ အရိပ်ဝံပုလွေသည် အမည်းရောင် မြူခိုးများအဖြစ် ပြောင်းလဲသွားနိုင်သလို၊ မိမိကိုယ်ကိုယ်လည်း လုံးဝ ဖုံးကွယ်ထားနိုင်ပြီ ဖြစ်၏။
လင်းကျင်းသည် ဤအချက်ကို ကြိုတင်သိထားသဖြင့် တည်ငြိမ်စွာပင် စောင့်ကြည့်နေလိုက်ရာ၊ သူ၏ ပတ်ပတ်လည်ရှိ မြူခိုးများမှာ စတင် လှုပ်ရှားလာတော့သည်။ မြူခိုးများ စုစည်းသွားပြီးနောက် ဝံပုလွေခြေထောက် ၄ ချောင်း၊ ထို့နောက် ခန္ဓာကိုယ်နှင့် နောက်ဆုံးတွင် ဦးခေါင်းအဖြစ်သို့ ပြန်လည် ပေါ်ပေါက်လာ၏။
အရိပ်ဝံပုလွေမှာ ယခင်ကထက် သိသိသာသာ ပို၍ ကြီးမားလာပေသည်။ သူသည် ရှောင်ဟော့ကဲ့သို့ အလွန်အမင်း ထွားကြိုင်းခြင်း မရှိသော်လည်း၊ သူ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ပို၍ သွယ်လျပြီး ကြံ့ခိုင်လှ၏။ သူ၏ ခြေသည်းများမှာ သံမဏိဖြင့် ပြုလုပ်ထားသလို ပို၍ ချွန်ထက်လာကာ၊ ဓားမြှောင်တိုများကဲ့သို့ ရှည်ထွက်နေပေသည်။
သူ၏ အရှိန်အဝါမှာလည်း အဆပေါင်းများစွာ တိုးတက်လာသဖြင့်၊ လင်းကျင်း၏ ရှေ့တွင် ရပ်နေသော အရိပ်ဝံပုလွေကို ကြည့်ရင်း လင်းကျင်းကိုယ်တိုင်ပင် အနည်းငယ် တုန်လှုပ်သွားရ၏။
သူ၏ အမည်းရောင် အမွေးအမှင်များမှာ တစ်ကိုယ်လုံးကို ရစ်ပတ်ထားသော မြူခိုးများနှင့်အတူ လှုပ်ခတ်နေပြီး၊ အချိန်မရွေး မှောင်မိုက်ထဲသို့ ပျောက်ကွယ်သွားနိုင်မည့်ပုံ ပေါ်နေပေသည်။
ဤသတ္တဝါမှာ မှောင်မိုက်ထဲတွင် သွားလာရန် အသင့်တော်ဆုံး ဖြစ်၏။ အလင်းရောင် အပြည့်ရှိသော အခန်းထဲမှာပင် သူသည် အခုလိုမျိုး မြူခိုးအမှောင်ထုကို ဖန်တီးနိုင်စွမ်း ရှိပေသည်။
အရိပ်ဝံပုလွေကိုယ်တိုင်လည်း သူ၏ သွေးမျိုးဆက် နိုးထလာပြီးနောက် ဘာတွေလုပ်နိုင်သလဲဆိုသည်ကို သိချင်နေပေသည်။ လင်းကျင်း၏ အားပေးမှုကို ရရှိပြီးနောက်၊ သူသည် နောက်တစ်လှမ်းဆုတ်ကာ မြူခိုးများထဲတွင် ကိုယ်ယောင်ဖျောက်လိုက်၏။
နောက်တစ်ခဏတွင်တော့ လင်းကျင်း၏ နောက်ကျောဘက်ရှိ မြူခိုးများထဲမှနေ၍ အရိပ်ဝံပုလွေက ရုတ်တရက် ခုန်ထွက်လာတော့သည်။
သူ၏ လှုပ်ရှားမှုများမှာ အလွန်ပင် ဖျတ်လတ်ပြီး အသံလုံလှပေသည်။ ဝိညာဉ်တစ်ခုကဲ့သို့ အသံမထွက်ဘဲ လှုပ်ရှားနိုင်ခြင်းမှာ အလွန်ပင် အန္တရာယ်ရှိလှ၏။ လင်းကျင်း၏ အိမ်ထဲသို့ ကျူးကျော်လာသူတစ်ဦးဦးသာ ဤဝံပုလွေကို မြင်လိုက်ရလျှင် သေချာပေါက် ကြောက်လန့်သွားပေလိမ့်မည်။
လင်းကျင်းက လက်ဟန်ပြလိုက်သောအခါ အရိပ်ဝံပုလွေမှာ လျှပ်စီးကဲ့သို့ပင် သူ၏အနီးသို့ ပြေးလာတော့သည်။
သို့သော်လည်း လင်းကျင်း၏ ရှေ့သို့ ရောက်သောအခါတွင်တော့ သူသည် လမ်းဘေးက ကောက်လာခဲ့သည့် ထိုအရိပ်ဝံပုလွေလေးအတိုင်းပင် ဖြစ်၏။
လင်းကျင်းက လက်လှမ်းလိုက်သောအခါ ဝံပုလွေက သူ၏ခေါင်းကို ရှေ့သို့ တိုးပေးကာ လင်းကျင်းကို အကိုင်ခံလိုက်၏။
သားရဲပြတိုက်ထဲရှိ ထိုသတ္တဝါ၏ ဖော်ပြချက်မှာ ပြောင်းလဲသွားတော့သည်။
“အဆင့် ၃ ဝိညာဉ်မြူခိုးဝံပုလွေ”
“ဝိညာဉ်မြူခိုး သွေးမျိုးဆက် နိုးထပြီး။ ဂုဏ်သတ္တိ - အမှောင်"
“အဆင့်တက်ရန် နည်းလမ်း နှစ်ခုမှာ...”
“သားရဲစွမ်းအင် ဖွဲ့စည်းခြင်းကို သင်ယူနိုင်သည်”
ဒါက လင်းကျင်း မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်၏။ ရှောင်ဟော့ကဲ့သို့ပင် ပြီးပြည့်စုံသောအဆင့်တက်ခြင်းသည် အရိပ်ဝံပုလွေကို အဆင့် ၃ သို့ ရောက်ရှိစေခဲ့ပြီး၊ သူ၏ အစွမ်းကိုလည်း ၁၀ ဆမက တိုးတက်စေခဲ့သည်။
အကယ်၍ အခုအချိန်မှာ အရိပ်ဝံပုလွေနှင့် ရှောင်ဟော့တို့သာ ယှဉ်ပြိုင်မည်ဆိုလျှင် ဘယ်သူနိုင်မည်ကို ခန့်မှန်းရ ခက်လှပေလိမ့်မည်။
လင်းကျင်းသည် နောက်ထပ် အဆင့်တက်ရန် နည်းလမ်းများကို ဆက်လက် လေ့လာနေလိုက်၏။
နှိုင်းယှဉ်ကြည့်မည်ဆိုလျှင် အရိပ်ဝံပုလွေအတွက် လိုအပ်သည့်အရာများမှာ ပို၍ အဖိုးတန်သော်လည်း၊ အဆင့်တက်ပြီးသွားပါက ပို၍ အစွမ်းထက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
လင်းကျင်းက အရိပ်ဝံပုလွေကို အဆင့်တက်အောင် ကူညီပေးနေစဉ်မှာပင်၊ ကျင့်ကြံသူများအသင်းထဲ၌ လင်းကျင်း၏ ဟောပြောပွဲကြောင့် ဂယက်ရိုက်ခတ်မှုများ ဖြစ်ပေါ်နေပေသည်။
ဘာပဲဖြစ်ဖြစ် အသင်းထဲမှာ လူအများကြီး ရှိနေသဖြင့် လူတိုင်း ဟောပြောပွဲကို တက်ရောက်နိုင်ခဲ့ခြင်း မရှိသောကြောင့် ဖြစ်၏။
“မင်း ကြားပြီးပြီလား... ဒီနေ့မနက်က ဟောပြောပွဲကို လင်းကျင်းက လုပ်သွားတာတဲ့”
“လင်းကျင်း ဟုတ်လား... စီနီယာရန်ကျဲနဲ့ ပြဿနာတက်နေတဲ့သူ မဟုတ်လား”
“သူပဲလေ... ဟုတ်တယ်”
“အမှန်အတိုင်း ပြောရရင် ငါကတော့ သူ့ကို သိပ်အထင်မကြီးပါဘူး... သူက စီနီယာရန်နဲ့ ယှဉ်လို့မှ မရတာ... သူ ဘာတွေ ပြောသွားလို့လဲ”
“စိတ်ကူးပုံဖော်ခြင်း နည်းစနစ်ရဲ့ ‘ပြင်ပပုံရိပ်’ အပိုင်းတဲ့”
“မင်း အဲဒါကို မှတ်ထားမိလား”
“ငါ တစ်ယောက်ဆီကနေ ခဏ ချေးလာတယ်... လာ... အတူတူ ကြည့်ရအောင်”
မှတ်စုတွေကို ဖတ်ကြည့်လိုက်သောအခါ၊ အစပိုင်းက လင်းကျင်းကို အထင်သေးခဲ့ကြသူများမှာ ချက်ချင်းပင် အံ့အားသင့်သွားကြတော့သည်။ ဘာပဲဖြစ်ဖြစ် အသိဉာဏ် သိပ်မရှိသူများပင်လျှင် ဤ ‘ပြင်ပပုံရိပ်’ နည်းစနစ်၏ ထူးခြားမှုကို သိနိုင်ပေသည်။
ထိုမှတ်စုကို ရေးထားသူမှာပင် အကုန်လုံးကို ပြည့်စုံအောင် မှတ်နိုင်ခဲ့ခြင်း မရှိပေ။
“စိတ်ကူးပုံဖော်ခြင်းမှာ ‘ပြင်ပပုံရိပ်’ ဆိုတဲ့ အပိုင်းရှိမယ်လို့ ဘယ်သူ သိမှာလဲ... ဒါက ဒီလောက်အထိ အစွမ်းထက်လိမ့်မယ်လို့ ငါ မထင်ထားမိဘူး”
“ဟုတ်တယ်... ငါ အခုမှ အရမ်းနောင်တရနေတာ... ငါတို့လည်း အဲဒီ ဟောပြောပွဲကို သွားတက်ခဲ့သင့်တာ”
“မင်းကို အပြစ်တင်လို့ မရပါဘူး... အမြဲတမ်း စီနီယာရန်ပဲ ဟောနေကျဆိုတော့၊ ပြောရရင် သူ့ရဲ့ ဟောပြောချက်တွေက သိပ်ပြီး ထူးထူးခြားခြား မရှိလှဘူးလေ... အဲဒါကြောင့် ငါတို့က သိပ်စိတ်မဝင်စားကြတာ... ဒီတစ်ခါ လင်းကျင်း ပြောမယ်လို့ ဘယ်သူ သိမှာလဲ”
အခုတော့ တပည့်များကြားတွင် လင်းကျင်း၏ ဟောပြောပွဲမှတ်စုများမှာ အလိုချင်ဆုံး သင်ခန်းစာများ ဖြစ်လာခဲ့ပြီ ဖြစ်၏။
ဤ ‘ပြင်ပပုံရိပ်’ နည်းစနစ်မှာ လက်ထောက်ကထိကများနှင့် ဆရာကြီးများကြားတွင်လည်း ဂယက်ရိုက်ခတ်သွားခဲ့ပေသည်။ တပည့်များနှင့် မတူသည်မှာ ဆရာများအနေဖြင့် ဤနည်းစနစ်၏ တကယ့် အနှစ်သာရကို ကောင်းကောင်း မြင်နိုင်ခြင်းပင် ဖြစ်၏။
လော့ပေဟယ်သည် လက်ရှိတွင် စုပေါင်အာ၏ မှတ်စုများကို ဖတ်ရှုနေပေသည်။ သူမသည် အလွန် ဂရုတစိုက် ဖတ်နေပြီးနောက် စိတ်လှုပ်ရှားစွာဖြင့် ဆိုလိုက်၏။
“လင်းကျင်းက ပေါင်အာကို မီးဝိညာဉ် ပူးကပ်ခြင်း ကျင့်စဉ်အကြောင်း လမ်းညွှန်ပေးခဲ့တာကို ငါ အစက သံသယ ရှိခဲ့မိတယ်... ဒါပေမဲ့ အခု ကြည့်ရတာတော့ သူက တကယ့်ကို ဗဟုသုတ ကြွယ်ဝတဲ့သူပဲ... ကြည့်ရတာ သူ့နောက်ကွယ်မှာ ဆရာကြီးတစ်ယောက်ယောက် ရှိနေပုံရတယ်၊ အဲဒါကြောင့်လည်း သူက ဒီက ဆရာတွေဆီမှာ မသင်ချင်တာ ဖြစ်ရမယ်”
ဒါကတော့ လော့ပေဟယ်၏ ကောက်ချက်ပင် ဖြစ်၏။
သို့သော်လည်း လင်းကျင်း၏ နောက်ကွယ်မှ ထိုဆရာကြီးမှာ ဘယ်သူလဲဆိုသည်ကိုတော့ သူမ မသိပေ။
ဤပြင်ပပုံရိပ် နည်းစနစ်အပေါ် အခြေခံပြီး လော့ပေဟယ် တွက်ချက်လိုက်သည်မှာ၊ ထိုဆရာကြီးမှာ အတွေ့အကြုံ အလွန်ရင့်ကျက်သည့် လူအိုကြီးတစ်ဦး ဖြစ်ရမည် ဟူ၍ ဖြစ်၏။ ရွှယ်ပေါင်အာ၏ မှတ်စုထဲရှိ ဖော်မြူလာ ရှင်းလင်းချက်များကို ကြည့်ခြင်းဖြင့် သူမ သိနိုင်ပေသည်။
စုပေါင်အာသာမက သူမကိုယ်တိုင်ပင် ထိုရှင်းလင်းချက်များကြောင့် အလွန် အထင်ကြီးသွားရ၏။ အခြေခံ မခိုင်မာသော သူတစ်ဦးအနေဖြင့် ဤကဲ့သို့သော နက်နဲသည့် ရှင်းလင်းချက်မျိုးကို ဘယ်လိုမှ မဖော်ပြနိုင်ပေ။
ထိုစဉ်မှာပင် တပည့်တစ်ဦး ရောက်လာပြီး၊ ဝိညာဉ်စာကြည့်တိုက်မှူးက ဆရာကြီးအားလုံးကို အရေးကြီးသော ဆွေးနွေးမှုတစ်ခုအတွက် ဖိတ်ကြားနေကြောင်း သတင်းလာပေး၏။
လော့ပေဟယ်သည် အကြောင်းအရာကို ခန့်မှန်းမိသဖြင့် အချိန်မဆွဲဘဲ ဝိညာဉ်စာကြည့်တိုက်သို့ အမြန်သွားလိုက်တော့သည်။
ရောက်သွားသောအခါ အခြားဆရာကြီးများလည်း ရောက်ရှိနေသည်ကို သူမ တွေ့လိုက်ရ၏။
ဆရာရီသည် အခြားရင်းနှီးသော ဆရာကြီးများနှင့် လက်ဖက်ရည်သောက်ရင်း စကားစမြည် ပြောနေပေသည်။ အခြေအနေမှာ အတော်လေး အေးအေးဆေးဆေး ရှိလှ၏။ လော့ပေဟယ်ကို မြင်သောအခါ ဆရာရီက ချက်ချင်း ထရပ်၍ နှုတ်ဆက်လိုက်ပြီး၊ အခြားဆရာကြီးများကလည်း ထိုနည်းတူပင် ပြုလုပ်ကြ၏။
ဘာပဲဖြစ်ဖြစ် လော့ပေဟယ်မှာ အသင်းထဲရှိ အမျိုးသမီး ဆရာကြီး အနည်းငယ်ထဲမှ တစ်ဦးဖြစ်သလို၊ အလွန်လည်း လှပသောကြောင့် ဖြစ်ပေသည်။
“ပေဟယ်လေး... လာ... ဒီမှာ ထိုင်ပါဦး”
ဆရာရီက လော့ပေဟယ်ကို အလွန်ပင် ဖော်ဖော်ရွေရွေ ဖိတ်ခေါ်လိုက်၏။ ဆရာကြီးများပီပီ သူတို့သည် အမြဲတမ်း ကျင့်စဉ်များအကြောင်းကို ဆွေးနွေးလေ့ ရှိကြရာ၊ အခုလည်း ထိုအကြောင်းများကိုသာ ပြောနေကြခြင်း ဖြစ်၏။
“ငါ ကြားတာကတော့ စာကြည့်တိုက်မှူးက ကျင့်စဉ်သစ်တစ်ခုကို မှတ်တမ်းတင်ချင်နေတာတဲ့၊ ထုံးစံအတိုင်း ငါတို့အားလုံးရဲ့ သဘောထားကို တောင်းတာပေါ့... ဒါပေမဲ့ အဲဒီကျင့်စဉ်က အတော်လေးကို အရေးပါတဲ့ ကျင့်စဉ်တစ်ခုလို့ ကြားတယ်”
“ငါ အဲဒါကို သိပြီးသားပါ... ‘ပြင်ပပုံရိပ်’ ရဲ့ ဖော်မြူလာနဲ့ ရှင်းလင်းချက် မဟုတ်လား... ငါ တပည့်တချို့ရဲ့ မှတ်စုတွေကို ဖတ်ကြည့်ပြီးပြီ၊ ဒီနည်းလမ်းက တစ်မျိုးတော့ ထူးခြားပါတယ်၊ ဒါပေမဲ့ သူ့ရဲ့ အဆင့်ကတော့ သိပ်ပြီး မမြင့်လှဘူး... စိတ်စွမ်းအင်ကို နည်းနည်းပါးပါး ချဲ့ထွင်ဖို့ပဲ သုံးလို့ရတာ... သိပ်တော့ တန်ဖိုးမရှိပါဘူး” ဟု အမြဲတမ်း မောက်မာတတ်သည့် ဆရာကြီးတစ်ဦးက ဝင်ပြောလိုက်၏။
သူ၏ အသံထဲတွင် မနာလိုမှုများ ပါဝင်နေသည်မှာ ထင်ရှားလှပေသည်။
လော့ပေဟယ် မျက်မှောင်ကြုတ်လိုက်မိ၏။ သူမသည် ဤပြင်ပပုံရိပ် နည်းစနစ်ကို အလွန် အထင်ကြီးနေသူ ဖြစ်ရာ၊ ဤကဲ့သို့ ဝေဖန်သည်ကို ကြားသောအခါ စိတ်ထဲမှ မကျေမနပ် ဖြစ်သွားရသည်။
“ဆရာကြီးဂီ... ကျွန်မကတော့ ဆရာနဲ့ သဘောထား မတူပါဘူး... ကျွန်မလည်း ကျွန်မတပည့်ရဲ့ မှတ်စုတွေကို ဖတ်ပြီးပါပြီ... ဒီပြင်ပပုံရိပ် နည်းစနစ်က စိတ်စွမ်းအင်ကို တိုးစေရုံတင်မကဘဲ၊ ပိုပြီး အရေးကြီးတာက စိတ်တည်ငြိမ်အောင် ကူညီပေးနိုင်တာပါ... ကျင့်ကြံသူတွေအနေနဲ့ ဘယ်နယ်ပယ်ကိုပဲ ရောက်ရောက်၊ စိတ်ဓာတ်ကို နှောင့်ယှက်တတ်တဲ့ အရာတွေနဲ့ အမြဲ ကြုံတွေ့ရတတ်တာ ဆရာလည်း သိတာပဲ... တစ်ခါတလေ ကိုယ့်ရဲ့ စိတ်ရိုင်းတွေက ကျင့်ကြံမှုကို အဟန့်အတား အဖြစ်ဆုံးပဲလေ... ဒါပေမဲ့ ဒီပြင်ပပုံရိပ် နည်းစနစ်ကို တတ်မြောက်ထားရင်တော့ စိတ်ဓာတ်ကို ခိုင်မာအောင် ထိန်းထားနိုင်ပြီး၊ ကျင့်ကြံမှုမှာ ပိုပြီး ထိရောက်တဲ့ ရလဒ်တွေ ရလာမှာပါ”
လော့ပေဟယ်က ခေတ္တရပ်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်မှာ။
“ကျွန်မကိုယ်တိုင်လည်း ဒါကို နည်းနည်း စမ်းကျင့်ကြည့်ပြီးပြီ၊ တကယ် ထိရောက်ပါတယ်... ကျွန်မရဲ့ စိတ်ဓာတ်က ပိုပြီး တည်ငြိမ်လာသလို၊ စိတ်စွမ်းအင်ကလည်း ၃ စတုန်း လောက် တိုးလာခဲ့တယ်”
ဆရာကြီးဂီမှာ ချက်ချင်းပင် အရှက်ရသွားပြီး ဘာမှ ပြန်မပြောနိုင်တော့ပေ။
သူ၏ ဂုဏ်သိက္ခာမှာ လော့ပေဟယ်ထက် အနည်းငယ် နိမ့်ကျသဖြင့် သူသည် ပြန်၍ မချေပရဲပေ။ အကယ်၍ သူသာ ပြန်ပြောလိုက်လျှင် ဆရာရီအပါအဝင် အားလုံး၏ ဝိုင်းပယ်ခြင်းကို ခံရပေလိမ့်မည်။
ထို့ကြောင့်ပင် သူသည် ဤအရှက်ရမှုကို အောင့်သက်သက်ဖြင့် သည်းခံလိုက်ရတော့သည်။
“ဆရာကြီး ဟွမ်ဖူမင် လာနေပြီ” ဟု တစ်ယောက်က အသိပေးလိုက်သဖြင့် အားလုံး ထရပ်ကာ ကြိုဆိုလိုက်ကြ၏။
မေပယ်မြို့ ကျင့်ကြံသူများအသင်းတွင် ဟွမ်ဖူမင်မှာ အလွန် ဂုဏ်သိက္ခာကြီးမားသော ဆရာကြီးတစ်ဦး ဖြစ်ပေသည်။ သူ၏ ကျင့်ကြံမှု အဆင့်အတန်းမှာ အခြားသူများထက် တစ်ဆင့် မြင့်မားသလို၊ ရဲ့ယွီကျိုးပင်လျှင် သူ၏ ဗဟုသုတအပေါ် အမြဲ ချီးကျူးလေ့ ရှိပေသည်။
ထို့ကြောင့် ဟွမ်ဖူမင် ဝင်လာသောအခါ အားလုံးက ရိုသေစွာ နှုတ်ဆက်လိုက်ကြ၏။
ဟွမ်ဖူမင် ရောက်ပြီး မကြာခင်မှာပင် နောက်ထပ် တစ်ဦး ထပ်မံ ဝင်လာပြန်သည်။
“ဆရာကြီးယွီကျိုး"
အားလုံး ထပ်မံ ထရပ်ကာ ဦးညွှတ်လိုက်ကြပြန်၏။
ယခု ရောက်လာသူမှာ မေပယ်မြို့ ကျင့်ကြံသူများအသင်း၏ နံပါတ်တစ် ပုဂ္ဂိုလ်ဖြစ်သည့် ရဲ့ယွီကျိုး ပင် ဖြစ်တော့သည်။ မေပယ်မြို့တွင်သာမက ကျောက်စိမ်းနဂါးနိုင်ငံ တစ်ခုလုံးတွင်ပင် သူသည် အဆင့်မြင့် ကျင့်ကြံသူတစ်ဦး ဖြစ်ပေသည်။
သူ၏ ကျင့်ကြံမှု အဆင့်ရော၊ သူ၏ သားရဲအဆင့်ပါ အလွန် မြင့်မားလှ၏။
ရဲ့ယွီကျိုးသည် ပြုံးလျက် ချဉ်းကပ်လာပြီး ဟွမ်ဖူမင်ကို ချက်ချင်း သတိထားမိသွား၏။
သူသည် အံ့အားသင့်သွားကာ ရပ်လိုက်ပြီး။
“ညီအစ်ကို ဟွမ်ဖူ... မင်းရဲ့ သွေးသစ္စာစာချုပ်က အဋ္ဌမနယ်ပယ်ကို ရောက်သွားပြီလား”
အားလုံး အံ့အားသင့်သွားကြရတော့သည်။
ယခင်က မေပယ်မြို့အသင်းတွင် ရဲ့ယွီကျိုး တစ်ဦးတည်းသာ အဋ္ဌမနယ်ပယ် သွေးသစ္စာစာချုပ် ရှိသူဖြစ်ပြီး၊ ဟွမ်ဖူမင်မှာ သတ္တမနယ်ပယ်မှာသာ ရှိနေခဲ့ခြင်း ဖြစ်၏။ ရဲ့ယွီကျိုး၏ အမေးအရ ဟွမ်ဖူမင်၏ ကျင့်ကြံမှုမှာ တိုးတက်သွားပြီဖြစ်ကြောင်း ထင်ရှားလှပေသည်။
ဟွမ်ဖူမင်က ခပ်ပြုံးပြုံးဖြင့် ဖြေလိုက်၏။
“အစ်ကိုယွီကျိုးရဲ့ အာရုံခံနိုင်စွမ်းက တကယ့်ကို ထက်မြက်တာပဲ... ဟုတ်ပါတယ်... ကျုပ်မကြာသေးခင်ကမှ အဋ္ဌမနယ်ပယ်ကို ရောက်ခဲ့တာပါ”
ဤစကားက သူတို့၏ သံသယကို အတည်ပြုပေးလိုက်ခြင်းပင်။
အားလုံးက သူ့ကို ဝိုင်းဝန်း ဂုဏ်ပြုလိုက်ကြတော့သည်။
အဋ္ဌမနယ်ပယ်ဆိုသည်မှာ အခြားသူများအတွက်တော့ အလှမ်းဝေးသော ပန်းတိုင်တစ်ခုဖြစ်ပြီး၊ အများစုမှာ တစ်သက်လုံး ကြိုးစားလျှင်တောင် ရောက်ရန် ခဲယဉ်းလှပေသည်။
ရဲ့ယွီကျိုး နေရာတွင် ထိုင်လိုက်၏။
သူသည် အလွန် စိတ်ကြည်လင်နေကြောင်း အားလုံး သိနိုင်သော်လည်း၊ ဘာကြောင့် ထိုမျှလောက်အထိ ဝမ်းသာနေသလဲဆိုသည်ကိုတော့ ဘယ်သူမှ မသိကြပေ။
ထိုစဉ်မှာပင် ဝိညာဉ်စာကြည့်တိုက်မှူးသည် ထရပ်ကာ အားလုံးကို အလေးပြုလိုက်သည်။
“ဒီနေ့ ဆရာကြီး အားလုံးကို ဒီနေရာကို ဖိတ်ခေါ်ရတာကတော့၊ ဝိညာဉ်စာကြည့်တိုက်မှာ ကျင့်စဉ်အသစ်တစ်ခုကို မှတ်တမ်းတင်ချင်လို့ပါ... စည်းကမ်းအရ ဒါကို မလုပ်ခင်မှာ ဆရာကြီး အားလုံးရဲ့ သဘောတူညီချက်ကို ရယူရမှာ ဖြစ်ပါတယ်”
ဤစာကြည့်တိုက်မှူးမှာ ဝိညာဉ်စာကြည့်တိုက်၏ အဝင်ဝတွင် အမြဲထိုင်နေလေ့ရှိသော လူအိုကြီး ဖြစ်ပေသည်။ အတွေ့အကြုံအရ သူသည် ရဲ့ယွီကျိုးနှင့် ဟွမ်ဖူမင်တို့၏ အောက်တွင်သာ ရှိပေသည်။
ပြောပြီးသည်နှင့် သူသည် စာအုပ်တစ်အုပ်ကို ထုတ်ယူကာ ဆရာကြီးများ ဖတ်ရှုနိုင်ရန် လက်ဆင့်ကမ်း ပေးလိုက်၏။
“ဒါက စိတ်ကူးပုံဖော်ခြင်း နည်းစနစ်ရဲ့ ‘ပြင်ပပုံရိပ်’ ကျင့်စဉ်ပဲ ဖြစ်ပါတယ်... စုစုပေါင်း ဖော်မြူလာ ၅၆ ကြောင်း ရှိပြီးတော့၊ စာလုံးရေ ၅၀၀၀ ကျော်ပါတဲ့ ရှင်းလင်းချက်တွေလည်း ပါဝင်ပါတယ်... ရေးသားသူကတော့ ကျုပ်တို့ အသင်းက တပည့် ‘လင်းကျင်း’ ပဲ... ကျုပ် ဒါကို အသေးစိတ် စစ်ဆေးပြီးပါပြီ၊ ဒါက အလွန် ပြည့်စုံတဲ့ ဖော်မြူလာတစ်ခုပါ... ဒါက ရှေးခေတ်က စစ်မှန်တဲ့ ဖော်မြူလာ ဖြစ်ရမယ်၊ ပြီးတော့ ရှင်းလင်းချက်တွေကလည်း အရမ်းကို အသေးစိတ်လှတယ်... ကျုပ်က စာဖတ်ဝါသနာပါတဲ့သူမို့ ဆယ်စုနှစ်ပေါင်းများစွာ စာတွေ အများကြီး ဖတ်ခဲ့ဖူးပေမဲ့၊ ဒီလောက်အဆင့်ရှိတဲ့ ရှင်းလင်းချက်မျိုးကိုတော့ ကျုပ်ကိုယ်တိုင်တောင် မရေးနိုင်ပါဘူး”
ဟု ဝိညာဉ်စာကြည့်တိုက်မှူးက ချီးကျူးလိုက်၏။
ပရိသတ်မှာ ထိုစာအုပ်ကို ဖတ်ရှုရင်းနှင့် အားလုံးက သဘောတူစွာ ခေါင်းညိတ်လိုက်ကြတော့သည်။
လော့ပေဟယ်က ကြည့်လိုက်ပြီးနောက် မေးလိုက်၏။
“ဒါကို လင်းကျင်း ကိုယ်တိုင် ရေးတာလား”
“ဟုတ်ပါတယ်"
စာကြည့်တိုက်မှူးက ခေါင်းညိတ်ပြလိုက်၏။
“တကယ် ကောင်းကောင်း ရေးထားတာပဲ”
လော့ပေဟယ်က ချီးကျူးလိုက်ပြန်သည်။
စာအုပ်သည် ရဲ့ယွီကျိုးနှင့် ဟွမ်ဖူမင်တို့၏ လက်ထဲသို့ ရောက်ရှိသွားသောအခါ၊ သူတို့နှစ်ဦးစလုံး အတူတူ ဖတ်ရှုလိုက်ကြ၏။ ထိုအခါ သူတို့နှစ်ဦးစလုံး၏ မျက်နှာမှာ ပျက်သွားတော့သည်။ တစ်ယောက်က မျက်မှောင်ကြုတ်သွားပြီး၊ နောက်တစ်ယောက်ကတော့ အမူအရာ တည်ကြည်သွားရ၏။
ဟွမ်ဖူမင်က ရုတ်တရက် ဆိုလိုက်သည်။
“ကျုပ်တစ်ခါက နယ်မြေအနှံ့ လှည့်လည်သွားလာရင်းနဲ့၊ အရင်က နတ်ဘုရားတွေ နေထိုင်ခဲ့တဲ့ ဂူထဲမှာ ကျန်ရစ်ခဲ့တဲ့ ရှေးဟောင်းပစ္စည်းအချို့ကို တွေ့ခဲ့ဖူးတယ်... အဲဒီတုန်းက ဒီစိတ်ကူးပုံဖော်ခြင်း နည်းလမ်းကို ကျွန်တော် လေ့လာဖူးတယ်၊ ဒီနည်းလမ်းမှာ ‘ပြင်ပပုံရိပ်’ နဲ့ ‘အတွင်းသိစိတ်’ ဆိုပြီး အပိုင်းနှစ်ပိုင်း ရှိတယ်... ပြင်ပပုံရိပ်အတွက် ဖော်မြူလာက ၅၆ ကြောင်း ရှိတာ မှန်တယ်၊ ကျုပ်လည်း အဲဒီထဲက သုံးပုံတစ်ပုံလောက်ကို သိခဲ့ဖူးတယ်... အခု ဒီစာအုပ်မှာ ပါတဲ့အရာတွေနဲ့ ကျုပ် သိတာတွေကို တိုက်စစ်ကြည့်လိုက်တော့၊ ဒါက စာလုံးတစ်လုံးချင်းစီကအစ စစ်မှန်တဲ့ ရှေးဟောင်းကျင့်စဉ် ဖြစ်တယ်ဆိုတာ ကျုပ် အာမခံတယ်”