အခန်း (၁၇၃-၁၇၄)
Vol. 9 Ch. 173-174
အခန်း (၁၇၃) - ဆရာကြီးများ၏ အကဲဖြတ်မှု
စစ်မှန်သော ကျင့်စဉ်ဆိုသည်မှာ အချိန်ကာလ၏ တိုက်စားမှုကို ခံနိုင်ရည်ရှိပြီး၊ မျိုးဆက်တစ်ခုမှ တစ်ခုသို့ အဆက်မပြတ် လက်ဆင့်ကမ်းလာခဲ့သည့် နည်းစနစ်ကောင်းများ ဖြစ်ပေသည်။ ထိုကျင့်စဉ်များကို ထိန်းသိမ်းရန်အတွက် နောက်မျိုးဆက်များကလည်း အစွမ်းကုန် ကြိုးစားခဲ့ကြရ၏။
ရဲ့ယွီကျိုးသည် ဟွမ်ဖူမင်၏ စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ ဒီရှင်းလင်းချက်တွေကတော့ လူငယ်တစ်ယောက်ဆီက ထွက်လာတဲ့ ပုံစံမျိုး မဟုတ်ဘူး”
ဟွမ်ဖူမင်က ပွင့်ပွင့်လင်းလင်းပင် မှတ်ချက်ပေးလိုက်၏။
လူတစ်ယောက်အနေဖြင့် ကံကောင်းထောက်မစွာဖြင့် ရှေးဟောင်းဖော်မြူလာတစ်ခုခုကို တစ်နေရာရာမှ ရှာဖွေတွေ့ရှိသွားခြင်းမှာ အလွန်အမင်း ထူးဆန်းလှသည်တော့ မဟုတ်ပေ။
သို့သော်လည်း ရှင်းလင်းချက်ကတော့ လုံးဝ ကွဲပြားခြားနားလှပေသည်။
ယေဘုယျအားဖြင့် ပြောရလျှင် ဖော်မြူလာတစ်ခုအပေါ် နားလည်သဘောပေါက်မှုနှင့် အမြင်များကို လက်ဆင့်ကမ်းရန်မှာ မလွယ်ကူလှပေ။ ရှေးခေတ်မှ ကျင့်စဉ်များမှာ အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားတတ်ကြသလို၊ ၎င်းတို့၏ ရှင်းလင်းချက်များမှာ ပို၍ပင် ဆိုးရွားလှ၏။ နောက်မျိုးဆက်များအနေဖြင့် ထိုဖော်မြူလာများကို တတ်နိုင်သမျှ အဓိပ္ပာယ်ပြန်ဆိုရန်သာ ကြိုးစားနိုင်ကြပေသည်။
ရှေးခေတ် နတ်ဘုရားဂိုဏ်းများမှာ သူတို့၏ အမွေအနှစ်ကို အလွန်ပင် စိစစ်စောင့်ရှောက်ကြ၏။ သူတို့၏ ကျင့်စဉ်အများစုကို အပြင်လူများ မသိအောင် တင်းကျပ်စွာ ပိတ်ပင်ထားပြီး၊ သူတို့၏ တကယ့်တပည့်ရင်းများကိုသာ သင်ကြားပေးလေ့ရှိကြသည်။
ထိုအချက်ကြောင့်ပင် ရှေးဟောင်းကျင့်စဉ်များစွာမှာ အချိန်ကြာလာသည်နှင့်အမျှ ပျောက်ကွယ်သွားခဲ့ကြရခြင်း ဖြစ်၏။
စိတ်ကူးပုံဖော်ခြင်း နည်းစနစ်၏ ‘ပြင်ပပုံရိပ်’ နှင့် ‘အတွင်းသိစိတ်’ ဆိုသည့် အပိုင်းနှစ်ပိုင်းစလုံးမှာလည်း ပျောက်ကွယ်သွားခဲ့ပြီဟု ယူဆထားကြပြီး၊ ယခုလက်ရှိ ကျန်ရှိနေသော နည်းစနစ်မှာ အစိတ်အပိုင်း အပိုင်းအစလေးမျှသာ ဖြစ်ပေသည်။ နောက်မျိုးဆက်များက ပျောက်ဆုံးနေသော အစိတ်အပိုင်းများကို အစားထိုးရန် ကြိုးစားခဲ့ကြသော်လည်း၊ မူရင်းနှင့် နှိုင်းယှဉ်လျှင်တော့ အလွန်ပင် ကွာခြားလှပေသည်။
“ဒီပြင်ပပုံရိပ် နည်းစနစ်ကို ဝိညာဉ်စာကြည့်တိုက်ထဲ ထည့်သွင်းဖို့အတွက် ကျုပ်တက်ကတော့ ဘာကန့်ကွက်စရာမှ မရှိပါဘူး”
ဟွမ်ဖူမင်က ဆိုလိုက်ရာ၊ သူ၏ သဘောထားက အဆုံးအဖြတ်ပေးလိုက်သလို ဖြစ်သွားတော့သည်။
ရဲ့ယွီကျိုး၏ မျက်မှောင်များမှာတော့ ကြုတ်နေဆဲပင်။ ဟွမ်ဖူမင်က သူ၏ သဘောထားကို အတိအလင်း ဖော်ပြလိုက်ပြီဖြစ်ရာ၊ အခြားဆရာကြီးများမှာ ထင်မြင်ချက် ရှိနေသည့်တိုင်အောင် ထုတ်ဖော်ပြောဆိုရန် မဝံ့ရဲကြတော့ပေ။
ဤကိစ္စကို ပယ်ချနိုင်စွမ်း ရှိသည့် တစ်ဦးတည်းသောသူမှာ ရဲ့ယွီကျိုး ပင် ဖြစ်တော့သည်။
“ညီအစ်ကို ဟွမ်ဖူ... ဒီပြင်ပပုံရိပ် နည်းစနစ်က တကယ်ပဲ ထူးခြားလှပေမဲ့၊ မင်းပြောသလိုပဲ သူ့ရဲ့ အရင်းအမြစ်က သံသယဖြစ်စရာ ဖြစ်နေတယ်... လင်းကျင်းက အဆင့် ၂ သားရဲအကဲဖြတ်မှူး တစ်ယောက်ဆိုတော့ သူက ဗဟုသုတ ကြွယ်ဝတဲ့သူမှန်း ကျုပ် နားလည်ပါတယ်.... ဒါပေမဲ့ ပျောက်ကွယ်သွားပြီလို့ ယူဆရတဲ့ ရှေးဟောင်းကျင့်စဉ်တစ်ခုကို သူက ရရှိထားတယ်ဆိုတာကတော့ တကယ်ကို ဖြစ်နိုင်ခြေ နည်းပါးလှတယ်... ပြီးတော့ ဒီအသေးစိတ် ရှင်းလင်းချက်တွေကလည်း ရှိနေသေးတယ်... အကယ်၍ ကျုပ်တို့က အရင်းအမြစ်ကို မသေချာဘဲနဲ့ လင်းကျင်းရဲ့ နာမည်နဲ့ ဝိညာဉ်စာကြည့်တိုက်ထဲကို အလျင်စလို ထည့်သွင်းလိုက်ရင်၊ နောင်တစ်ချိန်မှာ မလိုလားအပ်တဲ့ ပြဿနာတွေ တက်လာမှာကို ကျုပ်စိုးရိမ်မိတယ်”
ရဲ့ယွီကျိုး၏ စိုးရိမ်မှုမှာ အခြေအမြစ်မရှိသည်တော့ မဟုတ်ပေ။
အကယ်၍ လင်းကျင်းသည် ဤအချက်အလက်များကို မရိုးသားသော နည်းလမ်းဖြင့် ရယူထားခဲ့ပြီး၊ ကျင့်ကြံသူများအသင်းကသာ စာကြည့်တိုက်ထဲ ထည့်သွင်းလိုက်ပါက၊ နောင်တစ်ချိန်တွင် တကယ့်ပိုင်ရှင်က လာရောက်တောင်းဆိုလာလျှင် အသင်းအတွက် အရှက်ရစရာ ဖြစ်လာနိုင်ပေသည်။
ထိုစဉ် စာကြည့်တိုက်မှူးက ဝင်ပြောလိုက်၏။
“ကျွန်တော် လင်းကျင်းကို ဒီနည်းစနစ်ရဲ့ အရင်းအမြစ်အကြောင်း မေးခိုင်းထားပါတယ်... လင်းကျင်းကတော့ သူဟာ အမည်မဖော်လိုတဲ့ ဆရာကြီးတစ်ယောက်ဆီကနေ သင်ယူခဲ့တာလို့ ပြောထားပါတယ်၊ အဲဒါကြောင့် ဒါက ပြဿနာရှိမယ်လို့ မထင်ပါဘူး”
ဤစကားကြောင့် ဆရာကြီးများအားလုံး သဘောပေါက်သွားကြတော့သည်။
“ဒါပေါ့... ငါ ထင်သားပဲ”
လော့ပေဟယ်က ခေါင်းညိတ်လိုက်၏။
အခြားဆရာကြီးများကလည်း “ကျုပ်လည်ယး အဲဒီလိုပဲ ထင်တယ်... ဒီလောက် အရည်အသွေးရှိတဲ့ ရှင်းလင်းချက်မျိုးကို လင်းကျင်းကိုယ်တိုင် ရေးနိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ... အဲဒီတော့ သူ့နောက်ကွယ်မှာ တကယ်ပဲ ဆရာကြီးတစ်ယောက် ရှိနေတာပေါ့!” ဟု မှတ်ချက်ပေးကြပြန်သည်။
ရဲ့ယွီကျိုးနှင့် ဟွမ်ဖူမင်တို့မှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး၊ သူတို့၏ မျက်လုံးများထဲတွင် အံ့အားသင့်မှုများ ရိပ်ယောင်သွားကြ၏။
အကြောင်းရင်းကတော့ တစ်ခုတည်းသာ ရှိပေသည်။
လင်းကျင်း ပြောသော ထိုဆရာကြီးမှာ သာမန်လူတစ်ယောက် မဟုတ်နိုင်ခြင်းပင် ဖြစ်၏။
ကျွမ်းကျင်မှု ရှိလေလေ၊ ဤရှင်းလင်းချက်များထဲတွင် ဖုံးကွယ်နေသော နက်နဲမှုကို ပို၍ မြင်နိုင်လေလေ ဖြစ်ပေသည်။
ထို့ကြောင့်ပင် သူတို့မှာ အနည်းငယ် တုန်လှုပ်သွားကြရခြင်း ဖြစ်၏။
လင်းကျင်းမှာတော့ ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ဘာပဲဖြစ်ဖြစ် သူသည် အတွေ့အကြုံ မရှိသေးသူ ဖြစ်သဖြင့်၊ သားရဲပြတိုက်ထဲမှ ရှင်းလင်းချက်များကို ကူးချပေးလိုက်ခြင်းက မည်သို့သော အကျိုးဆက်များ ရှိလာနိုင်မည်ကို မသိခဲ့ခြင်း ဖြစ်ပေသည်။
ပညာရှိသူသည် မိမိ၏ ရတနာကို ကမ္ဘာကို မပြတတ်ပေ။
လင်းကျင်းကတော့ မတော်တဆပင် သူ၏ ရတနာကို ထုတ်ပြမိလိုက်ခြင်းပင် ဖြစ်တော့သည်။
ဟွမ်ဖူမင်ကတော့ ထိုအချက်ကို သိပ်အရေးမထားသော်လည်း၊ ရဲ့ယွီကျိုးမှာမူ အတွေးအချို့ ဝင်လာခဲ့ပေသည်။
သူ၏ အချစ်ဆုံးတပည့် ရန်ကျဲသည် လင်းကျင်းနှင့် မကြာသေးခင်ကမှ ပြဿနာတက်ထားခဲ့၏။ ရဲ့ယွီကျိုးအနေဖြင့် လင်းကျင်းကဲ့သို့သော သူကို ကိုယ်တိုင်ဖိနှိမ်ရန်အထိ အဆင့်မနိမ့်သော်လည်း၊ သူတို့နှစ်ဦးကြားက ဆက်ဆံရေးကတော့ မပြေလည်လှပေ။ အနည်းဆုံးတော့ ပြိုင်ဘက်များဟု မှတ်ယူထားကြခြင်း ဖြစ်၏။
လင်းကျင်း၏ ပြန်ပပုံရိပ် နည်းစနစ်က သူ့နာမည်နှင့် ဝိညာဉ်စာကြည့်တိုက်ထဲ ရောက်သွားခြင်းမှာ တပည့်တစ်ဦးအတွက် အလွန်ကြီးမားသော ဂုဏ်ဒြပ်တစ်ခု ဖြစ်ပေသည်။
အခုဆိုလျှင် ရန်ကျဲမှာ လင်းကျင်းအပေါ်တွင် ဂုဏ်သိက္ခာအရ အသာစီးရနိုင်စရာ မရှိတော့ပေ။
မိမိ၏ တပည့်က အခြားသူတစ်ယောက်၏ အောက်သို့ ရောက်သွားသည်ကို ကြည့်ရခြင်းမှာ ရဲ့ယွီကျိုးအတွက်တော့ စိတ်အနှောင့်အယှက် ဖြစ်စရာပင်။
ဘာပဲဖြစ်ဖြစ် ရန်ကျဲ၏ အောင်မြင်မှုမှာ ရဲ့ယွီကျိုး၏ နာမည်ဂုဏ်သတင်းနှင့်လည်း သက်ဆိုင်နေသည် မဟုတ်ပါလား။ ဟွမ်ဖူမင်ကတော့ ဤကိစ္စနှင့် ဘာမှ မသက်ဆိုင်သဖြင့် အေးအေးဆေးဆေးပင် ရှိနေပေသည်။
ရဲ့ယွီကျိုးက သူ၏ ကိုယ်ပိုင် အာဃာတကို အခြေခံကာ ဆိုလိုက်၏။
“ကျုပ်ကတော့ ဒီအကြောင်းအရာတွေရဲ့ အရင်းအမြစ်ကို ရှင်းရှင်းလင်းလင်း သိချင်သေးတယ်... ဘာပဲဖြစ်ဖြစ် စကားနဲ့ ပြောရုံနဲ့တော့ သက်သေအထောက်အထား မလုံလောက်ဘူးလေ”
အားလုံး အံ့အားသင့်သွားကြ၏။
ရဲ့ယွီကျိုးက ပွင့်ပွင့်လင်းလင်း မပြောသော်လည်း၊ သူ၏ ရည်ရွယ်ချက်မှာ ထင်ရှားလှပေသည်။
သူသည် အရင်းအမြစ်ကို သေချာအောင် စစ်ဆေးချင်နေခြင်း ဖြစ်၏။
“လင်းကျင်းကို ခေါ်ပြီး တိုက်ရိုက်ပဲ မေးကြတာပေါ့”
ရဲ့ယွီကျိုးက ပြောလိုက်ပြီဖြစ်ရာ စာကြည့်တိုက်မှူးအနေဖြင့်လည်း မငြင်းရဲတော့ပေ။ ဘာပဲဖြစ်ဖြစ် ရဲ့ယွီကျိုး၏ အဆင့်အတန်းမှာ သူထက် မြင့်မားလှသဖြင့် သူ မလိုအပ်ဘူးဟု ထင်နေသည့်တိုင်အောင် နာခံလိုက်ရတော့သည်။
ဟွမ်ဖူမင်လည်း ဘာမှ မပြောတော့ပေ။ ဤကဲ့သို့ အရေးကြီးသော အချက်အလက်များကို သေချာအောင် စစ်ဆေးခြင်းမှာလည်း မမှားလှပေ။ အမှန်အတိုင်း ပြောရလျှင် ဟွမ်ဖူမင်ကိုယ်တိုင်လည်း လင်းကျင်း၏ နောက်ကွယ်က ဆရာကြီးက ဘယ်သူလဲဆိုသည်ကို အနည်းငယ် စပ်စုချင်နေမိ၏။
နောင်တစ်ချိန်မှာ ထိုသူကို သွားရောက်တွေ့ဆုံခွင့် ရကောင်းရနိုင်သည် မဟုတ်ပါလား။
ထို့ကြောင့်ပင် ဟွမ်ဖူမင်သည် မလိုအပ်သော စကားများကို ဝင်မပြောတော့ခြင်း ဖြစ်၏။
အသင်းရှိ ထင်ရှားသော ပုဂ္ဂိုလ်ကြီးနှစ်ဦးစလုံးက သဘောတူလိုက်ပြီဖြစ်ရာ၊ အခြားသူများလည်း ဘာမှ မပြောနိုင်ကြတော့ပေ။ လက်ထောက်ကထိက တစ်ဦးကို လင်းကျင်းကို သွားခေါ်ရန် ချက်ချင်း စေလွှတ်လိုက်တော့သည်။
လင်းကျင်းသည် လက်ရှိတွင် အိမ်မှာ အရိပ်ဝံပုလွေကို အဆင့်တက်အောင် ကူညီပေးနေကြောင်း သူတို့ မသိကြပေ။
လက်ထောက်ကထိကသည် အသင်းထဲတွင် လင်းကျင်းကို ရှာမတွေ့သောအခါ၊ သားရဲအကဲဖြတ်မှူး အသင်းသို့ အမြန်သွားသော်လည်း ရလဒ်ကတော့ အတူတူပင် ဖြစ်၏။ သူသည် ချွေးများဖြင့် ရွှဲနှစ်နေပြီ ဖြစ်သည်။ လင်းကျင်း၏ လိပ်စာကို မေးမြန်းပြီးနောက်၊ အားချင်း သွားလိုက်ရာ အတော်လေး ခက်ခက်ခဲခဲ ရှာတွေ့သွားသော်လည်း၊ အပြင်ဘက်တွင် ရှောင်ဟော့က တားဆီးထားသဖြင့် အိမ်ထဲသို့ မဝင်နိုင်ဖြစ်နေရ၏။
အရိပ်ဝံပုလွေ အဆင့်တက်စဉ် ထွက်ပေါ်လာသည့် အမည်းရောင် မြူခိုးများကြောင့် အသံများ အားလုံး လုံနေသဖြင့်၊ ထိုလက်ထောက်ကထိက၏ အော်ဟစ်သံများမှာ အလဟဿ ဖြစ်နေရတော့သည်။
သူသည် ပို၍ စိုးရိမ်လာ၏။
သူသည် အိမ်ထဲသို့ အတင်းဝင်ရန် စဉ်းစားလိုက်သည်။
ဘာပဲဖြစ်ဖြစ် အသင်းမှာ ဆရာကြီးတွေ အများကြီး စောင့်နေကြသည် မဟုတ်ပါလား။ ထို့အပြင် သူသည် ပဉ္စမနယ်ပယ် သွေးသစ္စာစာချုပ်နှင့် အဆင့် ၂ သားရဲတစ်ကောင်ကို ပိုင်ဆိုင်ထားသဖြင့် မိမိကိုယ်ကိုယ်လည်း အစွမ်းထက်သည်ဟု ယူဆထားပေသည်။
သို့သော်လည်း ဤဆုံးဖြတ်ချက်မှာ အမှားကြီး မှားသွားတော့၏။
လင်းကျင်းက ရှောင်ဟော့ကို ပေးထားသည့် အမိန့်မှာ ရိုးရှင်းလှပေသည်၊ ၎င်းမှာ သူ့ကို အနှောင့်အယှက်ပေးမည့်သူ မည်သူ့ကိုမျှ ခြံထဲသို့ ပေးမဝင်ရန် ဖြစ်၏။
အကယ်၍ ကျောက်ရင်း၊ လုရှောင်ယု တို့သာ လာမည်ဆိုလျှင် အပြင်မှာ ရှောင်ဟော့ကို မြင်သည်နှင့် လင်းကျင်း တစ်ခုခု အရေးကြီးတာ လုပ်နေမှန်း သိကြပေလိမ့်မည်။ သူတို့သည် အတင်းဝင်ရန် ဘယ်တော့မှ ကြိုးစားမည် မဟုတ်ပေ။
သို့သော် လင်းကျင်းအနေဖြင့် ကျင့်ကြံသူများအသင်းက ဧည့်သည် ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့သလို၊ ထိုလက်ထောက်ကထိကမှာလည်း စိတ်ရှည်သူတစ်ဦး မဟုတ်ပေ။
ထိုသူသည် ရှောင်ဟော့ကို အလွယ်တကူ နှိမ်နင်းနိုင်လိမ့်မည်ဟု ထင်ကာ သူ၏ သားရဲကို ဦးဆောင်ပြီး ခြံထဲသို့ ဝင်လိုက်၏။
သို့သော် သူ ခြံထဲသို့ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ရှောင်ဟော့က စတင် တိုက်ခိုက်တော့သည်။
အဆင့် ၃ သားရဲတစ်ကောင်၏ အစွမ်းမှာ ဤအခြေအနေတွင် လုံးဝ အသာစီး ရနေပေသည်။ မိမိကိုယ်ကိုယ် ယုံကြည်မှုလွန်ကဲနေသော လက်ထောက်ကထိကမှာ ဂါထာပင် မရွတ်နိုင်ခင်မှာတင် မြေပြင်ပေါ်သို့ လွင့်စင်သွားရတော့၏။ သူ၏ ပဉ္စမနယ်ပယ် သွေးသစ္စာစာချုပ်နှင့် သန်မာသော ခန္ဓာကိုယ်သာ မရှိလျှင်၊ သူသည် အသက်တစ်ဝက်လောက် ပါသွားနိုင်ပေသည်။
သို့သော်လည်း ရှောင်ဟော့၏ တိုက်ခိုက်မှု တစ်ခုတည်းဖြင့်ပင် ထိုလက်ထောက်ကထိကမှာ ပြန်မထနိုင်တော့ဘဲ မြေပြင်ပေါ်မှာ လူးလိမ့်နေရတော့၏။ သူ၏ သားရဲမှာလည်း ရှောင်ဟော့၏ ဖိနှိပ်မှုအောက်တွင် မလှုပ်ရဲဘဲ ဖြစ်နေရသည်။
ခြင်္သေ့ရှေ့ရောက်နေသည့် ယုန်ငယ်လေးကဲ့သို့ပင် သူသည် ကြောက်လန့်တုန်ရီနေရတော့၏။
ကံကောင်းသည်မှာ ရှောင်ဟော့က ဆက်လက် မတိုက်ခိုက်တော့ဘဲ လူရော သားရဲကိုပါ ခြံပြင်သို့ လွှင့်ပစ်လိုက်ခြင်းပင်။
လင်းကျင်းက သတ်ဖြတ်ခြင်း မပြုရန် အထူး မှာကြားထားသောကြောင့် ဖြစ်၏။
ခြံပြင်သို့ ရောက်သွားသော ထိုလက်ထောက်ကထိကမှာ နာကျင်စွာဖြင့် ပြန်ထလိုက်သော်လည်း၊ အတင်းဝင်ရန် မဝံ့ရဲတော့ပေ။ သူသည် အရှက်ရမှုနှင့် ဒေါသတို့ကြောင့် အသင်းသို့ ပြန်သွားကာ ဖြစ်ပျက်သမျှကို ပို၍ ဆိုးဆိုးရွားရွား ပြန်ပြောပြလိုက်တော့သည်။
ရဲ့ယွီကျိုးနှင့် အခြားသူများမှာ ဤစကားကြောင့် မျက်မှောင်ကြုတ်သွားကြ၏။
လင်းကျင်းသည် အိမ်မှာ ရှိနေမှာ သေချာပေသည်။ သူ၏ သားရဲက ထိုနေရာမှာ ရှိနေသဖြင့် သူလည်း ရှိနေရမည် ဖြစ်၏၊ သို့သော် သူက ဘာကြောင့် အပြင်မထွက်လာသနည်း။
ပြီးတော့ အသင်းက လက်ထောက်ကထိကကို တိုက်ခိုက်ဖို့ သူ၏ သားရဲကို အမိန့်ပေးရဲတယ် ဟုတ်လား။
ဒါက အတော်လေး ကြီးမားသော ကိစ္စပင် ဖြစ်၏။
ထို့အပြင် လင်းကျင်း၏ သားရဲတစ်ကောင်တည်းကပင် လက်ထောက်ကထိကနှင့် သူ၏ သားရဲကို အနိုင်ယူနိုင်ခဲ့ခြင်းကလည်း သူတို့ကို စိတ်ဝင်စားသွားစေပေသည်။
“ဒီလင်းကျင်းက အရမ်းလွန်လွန်းတယ်... ဘယ်လို အကြောင်းပြချက်ပဲရှိရှိ သူက အသင်းကလူကို မထိခိုက်သင့်ဘူး... ဒါက ကျင့်ကြံသူများအသင်းရဲ့ အာဏာကို စိန်ခေါ်နေတာပဲ”
ဒဏ်ရာရထားသော လက်ထောက်ကထိကက တိုင်တောနေတော့သည်။
ရုတ်တရက် တစ်စုံတစ်ယောက်က ထရပ်ကာ ဆိုလိုက်၏။ “လင်းကျင်းမှာ တစ်ခုခု အရေးကြီးတာ ရှိနေလို့ ဖြစ်မှာပါ... ကျုပ်ပဲ သွားလိုက်ပါ့မယ်”
အားလုံး အံ့အားသင့်သွားရသည်မှာ၊ ထိုသူမှာ ဟွမ်ဖူမင် ဖြစ်နေသောကြောင့် ဖြစ်၏။
သေချာ စဉ်းစားကြည့်လျှင်တော့ ဟွမ်ဖူမင် သွားခြင်းက အကောင်းဆုံးပင်။ ဘာပဲဖြစ်ဖြစ် သူသည် လင်းကျင်းကို အသင်းထဲ ထောက်ခံပေးခဲ့သူ ဖြစ်သည် မဟုတ်ပါလား။ အကယ်၍ လင်းကျင်းက တကယ်ပဲ အသင်း၏ အမိန့်ကို မနာခံဘဲ စည်းကမ်းဖောက်ဖျက်ခဲ့လျှင်၊ သူ့ကို ဆုံးမနိုင်သည့် အာဏာရှိသူမှာ ဟွမ်ဖူမင်သာ ဖြစ်ပေသည်။
“ဒါဆိုရင်တော့ ညီအစ်ကို ဟွမ်ဖူကိုပဲ အားကိုးရတော့မှာပေါ့”
ရဲ့ယွီကျိုးက ဆိုလိုက်၏။ သူသည် လင်းကျင်းကို မနှစ်မြို့သည်မှာ ထင်ရှားလှပေသည်။
ရန်ကျဲကြောင့်တင် မဟုတ်ဘဲ၊ လင်းကျင်းကို စောင့်နေရသဖြင့် အချိန်ကုန်ရခြင်းနှင့် သူ စေလွှတ်လိုက်သော လက်ထောက်ကထိကကို လင်းကျင်း၏ သားရဲက တိုက်ခိုက်ခဲ့ခြင်းတို့ကြောင့် လင်းကျင်းအပေါ် သူ၏ အမြင်က ပို၍ ဆိုးသွားရခြင်း ဖြစ်၏။
အကယ်၍ ရဲ့ယွီကျိုးသာ ဆုံးဖြတ်ခွင့်ရှိလျှင်၊ လင်းကျင်း ဘယ်လောက်ပဲ အရည်အချင်းရှိရှိ သူ့ကို အသင်းကနေ ချက်ချင်း ထုတ်ပယ်ပစ်မှာ သေချာပေသည်။
သူ အခုထိ အောင့်ခံနေရခြင်းမှာ ဟွမ်ဖူမင်ကို အားနာသောကြောင့်ဖြစ်ပြီး၊ ဟွမ်ဖူမင်က ဘယ်လို ကိုင်တွယ်မလဲဆိုသည်ကို စောင့်ကြည့်နေခြင်း ဖြစ်ပေသည်။
ဟွမ်ဖူမင်၏ ကျင့်ကြံမှုမှာ အလွန် မြင့်မားလှ၏။ သူသည် အပြင်သို့ ရောက်သည်နှင့် ခြေတစ်လှမ်းလျှင် ၁၀ ပေခန့် ရောက်နိုင်သော ဂါထာကို အသုံးပြုလိုက်ရာ၊ စက္ကန့်ပိုင်းအတွင်းမှာပင် လင်းကျင်း၏ ခြံရှေ့သို့ ရောက်သွားတော့သည်။
လင်းကျင်းမှာတော့ အပြင်သို့ ထွက်မလာသေးပေ။ နောက်ထပ် လူသစ်တစ်ယောက်ကို မြင်သောအခါ ရှောင်ဟော့က ချက်ချင်းပင် ခုခံမည့် အမူအရာ ပြုလုပ်လိုက်၏။
ဟွမ်ဖူမင်သည် ရှောင်ဟော့ကို မြင်သောအခါ အံ့အားသင့်သွားရသည်။
သူသည် မီးဝံပုလွေကို မြင်ဖူးသော်လည်း၊ ယခင်က ရှောင်ဟော့သည် လင်းကျင်းနောက်သို့ လိုက်သည့်အခါ သူ၏ အရှိန်အဝါကို ဖုံးကွယ်ထားသဖြင့် ထိုမျှလောက်အထိ အစွမ်းထက်သည်ဟု မထင်ခဲ့ရပေ။ သို့သော်လည်း အခုတော့ ရှောင်ဟော့မှာ သူ၏ အစွမ်းကို အပြည့်အဝ ထုတ်ဖော်ထားသဖြင့် ဟွမ်ဖူမင်အနေဖြင့် တစ်ချက်ကြည့်ရုံနှင့်ပင် သူ၏ အဆင့်ကို သိလိုက်ရတော့သည်။
“ဒါကြောင့်ကိုး"
ဟွမ်ဖူမင်က တစ်ကိုယ်တည်း ရေရွတ်လိုက်၏။
ထိုလက်ထောက်ကထိကမှာ သေချာပေါက် အတင်းဝင်ရန် ကြိုးစားခဲ့သဖြင့် လင်းကျင်း၏ သားရဲက တိုက်ခိုက်ခဲ့ခြင်း ဖြစ်ရမည်။ သို့သော် ရှောင်ဟော့မှာ လင်းကျင်း၏ အမိန့်ကိုသာ နာခံနေခြင်းဖြစ်သဖြင့် လက်ထောက်ကထိကမှာ ဒဏ်ရာ အနည်းငယ်သာ ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိသာလှပေသည်။
အဆင့် ၃ သားရဲတစ်ကောင်နှင့် ရင်ဆိုင်ရလျှင် သာမန် ဆရာကြီးများပင်လျှင် ခက်ခဲလှသည်ဖြစ်ရာ၊ လက်ထောက်ကထိကတစ်ဦးဆိုလျှင်တော့ ပြောနေစရာပင် မလိုတော့ပေ။
လင်းကျင်းသည် ဗဟုသုတ ကြွယ်ဝသော အဆင့် ၂ သားရဲအကဲဖြတ်မှူး တစ်ဦးဖြစ်သဖြင့်၊ သူ၏ သားရဲမှာ အဆင့် ၃ ဖြစ်နေခြင်းကလည်း မထူးဆန်းလှပေ။
ဟွမ်ဖူမင်သည် အိမ်ဘက်သို့ လှည့်ကြည့်လိုက်သောအခါ သူ၏ မျက်လုံးများမှာ တောက်ပသွားတော့သည်။
ပထမတစ်ချက်ကြည့်ရုံဖြင့် သိရန် ခဲယဉ်းသော်လည်း၊ သေချာ အာရုံစိုက်ကြည့်လိုက်သောအခါ အိမ်အပေါ်တွင် ထူးဆန်းသော အရှိန်အဝါတစ်ခု ဝဲပျံနေသည်ကို တွေ့လိုက်ရ၏။ အတွေ့အကြုံရှိသူပီပီ ဟွမ်ဖူမင်သည် အိမ်ထဲတွင် သားရဲတစ်ကောင် အဆင့်တက်နေခြင်းဖြစ်ပျက်နေကြောင်း တွက်ချက်လိုက်မိပေသည်။
“ဒါကြောင့် ဖြစ်မှာပေါ့”
လင်းကျင်းသည် အိမ်ထဲမှာ သားရဲတစ်ကောင်ကို အဆင့်တက်အောင် ကူညီပေးနေခြင်းဖြစ်ကြောင်း ဟွမ်ဖူမင် သဘောပေါက်သွား၏။ ဤလုပ်ငန်းစဉ်မှာ အနှောင့်အယှက် လုံးဝ မခံနိုင်သဖြင့်၊ မခေါ်ဘဲ ရောက်လာမည့်သူများ၏ အန္တရာယ်မှ ကာကွယ်ရန် သူ၏ သားရဲကို တံခါးမှာ စောင့်ခိုင်းထားခြင်း ဖြစ်ရမည်။
အခြေအနေကို သေချာမသိဘဲ အတင်းဝင်ရန် ကြိုးစားခဲ့သည့် ထိုလက်ထောက်ကထိကမှာတော့ တကယ့်ကို အရှာထွက်ခဲ့ခြင်းပင် ဖြစ်တော့သည်။
ဟွမ်ဖူမင်သည် လင်းကျင်းကို အတင်းခေါ်ရန် မကြိုးစားတော့ဘဲ ခေတ္တ ပြန်ဆုတ်ရန် ပြင်လိုက်၏။ သို့သော် ထိုစဉ်မှာပင် လင်းကျင်းက တံခါးဖွင့်၍ အပြင်သို့ ထွက်လာခဲ့သည်။
သူသည် ခြံအပြင်ဘက်တွင် ရပ်နေသော ဟွမ်ဖူမင်ကို ချက်ချင်း မြင်သွား၏။
“ဆရာကြီးဟွမ်ဖူ”
လင်းကျင်းသည် အမြန် ပြေးလာကာ ဦးညွှတ် နှုတ်ဆက်လိုက်သည်။
လင်းကျင်းသည် ဤလူအပေါ်တွင် အလွန်ပင် လေးစားမှု ရှိနေဆဲ ဖြစ်ပေသည်။
ဟွမ်ဖူမင်က ရပ်လိုက်ပြီး လင်းကျင်းကို ပြုံးပြလိုက်၏။ ထို့နောက် လင်းကျင်း၏ နောက်ကနေ လိုက်လာသော အရိပ်ဝံပုလွေကို သူ မြင်သွားသောအခါ အလွန်ပင် အံ့အားသင့်သွားရတော့သည်။
၎င်းမှာ နောက်ထပ် အဆင့် ၃ သားရဲတစ်ကောင် ဖြစ်နေသောကြောင့်ပင်။
အခန်း (၁၇၄) - နေဦးပေါ့ အဘိုးကြီးရဲ့
ဗဟုသုတ ကြွယ်ဝပြီး တည်ငြိမ်လှသော ဟွမ်ဖူမင်ပင်လျှင် ရှေ့တွင် မြင်တွေ့နေရသည့် မြင်ကွင်းကြောင့် အသက်ရှူမှားသွားရတော့၏။
‘သားရဲတွေကို အဆင့် ၃ အထိ တက်အောင် လုပ်ရတာက ဘယ်တုန်းက ဒီလောက်အထိ လွယ်ကူသွားရတာလဲ’
ဘာပဲဖြစ်ဖြစ် အဆင့် ၃ သားရဲများမှာ နိုင်ငံငယ်လေးများကိုပင် စောင့်ရှောက်နိုင်စွမ်း ရှိကြပြီး၊ ထိုသားရဲ၏ ပိုင်ရှင်မှာလည်း အလွန်အမင်း အစွမ်းထက်သူ ဖြစ်ရမည်မှာ မြေကြီးလက်ခတ်မလွဲပေ။
အညံ့ဆုံးသူမှာပင် ထင်ရှားသော မိသားစုကြီးတစ်ခုကို တည်ထောင်နိုင်ပြီး၊ အတော်ဆုံးသူဆိုလျှင် ကိုယ်ပိုင်အင်အားစုတစ်ခုကိုပင် တည်ဆောက်နိုင်စွမ်း ရှိကြပေသည်။
အဆင့် ၃ သားရဲတစ်ကောင်မှာ နယ်မြေတစ်ခုကို ကာကွယ်ရန် လုံလောက်လှ၏။ ဟွမ်ဖူမင်ကိုယ်တိုင်၏ သားရဲမှာပင် လက်ရှိတွင် အဆင့် ၃ သာ ရှိသေးပေသည်။
လူအများက အဆင့် ၃ သားရဲကို အလွန်ထူးကဲသော သတ္တဝါဟု သတ်မှတ်ထားကြသော်လည်း၊ ၎င်းမှာ အဆင့် ၃ သာ ဖြစ်သေး၏။
သို့သော်လည်း အဆင့် ၃ သားရဲများကို တွေ့ရခဲလှပေသည်။ သို့သော် အခုတော့ လင်းကျင်း၏ ခြံထဲမှာတင် ထိုကဲ့သို့ သားရဲနှစ်ကောင်ကို တွေ့နေရခြင်း ဖြစ်၏။
လင်းကျင်းမှာတော့ ဟွမ်ဖူမင် ဘာတွေ တွေးနေသလဲဆိုသည်ကို မသိပေ။ အကယ်၍သာ သိခဲ့လျှင် အခုအချိန်မှာ ရွှေဝါလေးရောက်မနေသည်ကို သူ ဝမ်းသာမိပေလိမ့်မည်။ အကယ်၍ ဟွမ်ဖူမင်သာ ဤဝံပုလွေနှစ်ကောင်နှင့်အတူ ရွှေဝါလေးကိုပါ တွေ့လိုက်ရလျှင်၊ သူ၏ စိတ်ဓာတ်မှာ သေချာပေါက် ပြိုလဲသွားနိုင်ပေသည်။
ကျင့်ကြံသူများအသင်း၏ ထင်ရှားသော ဆရာကြီးပီပီ ဟွမ်ဖူမင်သည် စိတ်ကို အမြန်ပြန်ထိန်းလိုက်ပြီး လင်းကျင်းကို ဖြစ်ပျက်သမျှ အခြေအနေကို ပြောပြလိုက်၏။
လင်းကျင်းသည် အရိပ်ဝံပုလွေကို အဆင့်တက်အောင် ကူညီပေးနေစဉ်အတွင်း လက်ထောက်ကထိက တစ်ဦး ရောက်လာခဲ့ကြောင်းနှင့်၊ ရှောင်ဟော့က ထိုသူကို ‘ဆုံးမ’ လိုက်ကြောင်း ကြားသိရသောအခါ၊ သူသည် တရားခံဖြစ်သူ ရှောင်ဟော့ဘက်သို့ လှည့်ကြည့်လိုက်တော့သည်။
မိမိ အမှားလုပ်မိပြီဟု ခံစားလိုက်ရသဖြင့် ရှောင်ဟော့မှာ ခေါင်းလေးငုံ့ကာ စိတ်မကောင်းဖြစ်နေသည့် အမူအရာ ပြုလုပ်လိုက်၏။
သို့သော်လည်း လင်းကျင်း၏ နောက်ထပ် လုပ်ရပ်ကတော့ သူ၏ စိတ်ဓာတ်ကို ပြန်လည် တက်ကြွသွားစေခဲ့ပေသည်။
“တော်တယ် ရှောင်ဟော့”
လင်းကျင်းက ရှောင်ဟော့၏ ခေါင်းကို ပွတ်သပ်ပေးရင်း ချီးကျူးလိုက်၏။
လင်းကျင်းသည် ရှောင်ဟော့ကို အပြစ်မတင်သည်မှာ ထင်ရှားလှပေသည်။ ဘာပဲဖြစ်ဖြစ် အမိန့်ပေးခဲ့သူမှာ သူကိုယ်တိုင်ပင် မဟုတ်ပါလား။ အကယ်၍ အပြင်မှာ တားဆီးခံခဲ့ရသူမှာ လက်ထောက်ကထိက မဟုတ်ဘဲ ဟွမ်ဖူမင်ပင် ဖြစ်နေပါစေဦးတော့၊ လင်းကျင်းသည် ရှောင်ဟော့ကို ဆူပူကြိမ်းမောင်းမည် မဟုတ်ပေ။
သို့သော်လည်း အစောပိုင်းက ကံဆိုးမိုးမှောင်ကျသွားခဲ့သည့် ထိုလက်ထောက်ကထိကကိုတော့ သူ ပြန်လည် နှစ်သိမ့်ပေးရဦးမည် ဖြစ်၏။ ရှောင်ဟော့၏ တိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်းမှာ ထိုလူ၏ စိတ်ထဲတွင် ကြောက်လန့်စရာ အမှတ်တရတစ်ခု ဖြစ်သွားမှာ သေချာပေသည်။
“လင်းကျင်း... အခု အဆင်ပြေမယ်ဆိုရင် ငါနဲ့အတူ အသင်းကို လိုက်ခဲ့ပေးပါဦး... ဆရာကြီးတွေအားလုံး မင်းကို စောင့်နေကြတယ်”
ဟွမ်ဖူမင်က ဆိုလိုက်၏။
သူသည် ဆရာကြီးများက လင်းကျင်း၏ ‘ပြင်ပပုံရိပ်’ နည်းစနစ် အရင်းအမြစ်ကို သေချာအောင် စစ်ဆေးချင်နေကြကြောင်း ရှင်းပြလိုက်၏။ အဲဒါကြောင့်လည်း သူတို့က လင်းကျင်းကို ခေါ်ခိုင်းနေခြင်း ဖြစ်ပေသည်။
လင်းကျင်းသည် ဝိညာဉ်စာကြည့်တိုက်မှ ဝူရှီကို ဤအကြောင်း ပြောပြထားပြီးသား ဖြစ်သဖြင့်၊ သူတို့က အခုထိ ဇွဲမလျှော့သေးဘူးလားဟု တွေးမိလိုက်၏။
အမှန်အတိုင်း ပြောရလျှင် လင်းကျင်းအနေဖြင့် ဤနည်းစနစ်၏ အရင်းအမြစ်ကို သူတို့အား ပြောပြ၍ မရပေ။ သို့သော်လည်း သူတို့က အတင်းအကျပ် တောင်းဆိုနေမည်ဆိုလျှင်တော့၊ သူသည် ထိုနည်းစနစ်ကို ပြန်လည် ရုပ်သိမ်းလိုက်ရုံသာ ရှိပေသည်။ ဒါဆိုရင် အားလုံး အေးဆေးသွားမှာ မဟုတ်ပါလား။
လမ်းတွင် ဟွမ်ဖူမင်က ထပ်လောင်း သတိပေးလိုက်သည်မှာ။ “အသင်းရဲ့ နံပါတ်တစ် ဆရာကြီးဖြစ်တဲ့ ဆရာကြီးယွီကျိုးလည်း အဲဒီမှာ ရှိနေတယ်... သူက ရန်ကျဲရဲ့ ဆရာပဲ”
ဒါကတော့ လင်းကျင်းအတွက် စေတနာနှင့် သတိပေးချက်ပင် ဖြစ်၏။
အတင်းအဖျင်း သတင်းများ၏ စွမ်းအားကြောင့် လင်းကျင်းနှင့် ရန်ကျဲကြားက ပြဿနာကို လူတိုင်း သိနေကြပေသည်။ ဟွမ်ဖူမင်ပင်လျှင် ထိုသတင်းကို ကြားထားခဲ့၏။
လင်းကျင်း၏ အရှိန်အဟုန်ဖြင့် တိုးတက်လာမှုမှာ ရန်ကျဲ၏ နေရာအတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေသဖြင့်၊ သူတို့နှစ်ဦး ပြိုင်ဘက်များ ဖြစ်နေခြင်းမှာ သဘာဝကျလှပေသည်။ လုယွင်ဟေနှင့် ရန်ကျဲတို့ ဖြစ်ခဲ့ဖူးသလိုမျိုးပေါ့။
သို့သော် လုယွန်ဟယ်မှာ ရန်ကျဲနှင့် ယှဉ်နိုင်ခြင်း မရှိသဖြင့် ပြဿနာ သိပ်မကြီးလှသော်လည်း၊ အခု လင်းကျင်းကတော့ ရန်ကျဲကို ကဏ္ဍပေါင်းစုံတွင် ယှဉ်ပြိုင်နိုင်စွမ်း ရှိနေပြီး အချို့နေရာများတွင် ပို၍ပင် သာလွန်နေပေသေးသည်။ ‘မြင်းတစ်ကောင်တည်းကို နှစ်ယောက်စီးလျှင် တစ်ယောက်က နောက်မှာ ထိုင်ရမည်’ ဆိုသည့် စကားအတိုင်းပင်၊ သူတို့ကြားက ပြိုင်ဆိုင်မှုမှာ ပြင်းထန်နေခြင်းမှာ မဆန်းလှပေ။
ဤသတိပေးချက်မှာ ရဲ့ယွီကျိုး၏ ‘တိုက်ခိုက်မှု’ များကို ရင်ဆိုင်နိုင်ရန် လင်းကျင်းကို စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားစေချင်သောကြောင့် ဖြစ်၏။
လင်းကျင်းက ပြုံး၍ ကျေးဇူးတင်လိုက်၏။
ဘာပဲဖြစ်ဖြစ် အသင်းကသာ အရင်းအမြစ်ကို အတင်းစစ်ဆေးနေမည်ဆိုလျှင်၊ လင်းကျင်းအနေဖြင့် ထိုကျင့်စဉ်ကို စာကြည့်တိုက်ထဲ မှတ်တမ်းမတင်ရန် ဆုံးဖြတ်လိုက်ရုံသာ ဖြစ်၏။ ထိုအခါ သူတို့လည်း လမ်းခွဲသွားကြရုံသာ ရှိပေသည်။
ရောက်သွားသောအခါ လင်းကျင်းသည် ဆရာကြီးများကြားထဲမှ ရဲ့ယွီကျိုးကို ချက်ချင်း မြင်သွားတော့သည်။
ဘာကြောင့်လဲဆိုတော့ သူက ထိုလူကို မှတ်မိနေသောကြောင့် ဖြစ်၏။
‘ဒါ... အဘိုးကြီးရဲ့ မဟုတ်လား’
လင်းကျင်း အံ့အားသင့်သွားရသည်။
အဘိုးကြီးရဲ့မှာ သားရဲပြတိုက်၏ ဧည့်ခန်းမသို့ လာရောက်လည်ပတ်ခဲ့သည့် နံပါတ် ၁၀ မြောက် ဧည့်သည်တော် ဖြစ်ပေသည်။ နောက်ဆုံးအကြိမ် တွေ့ဆုံခဲ့စဉ်က လင်းကျင်းသည် ထိုအဘိုးကြီးအပေါ်တွင် ကောင်းမွန်သော အမြင် ရှိခဲ့၏။ သူသည် မေပယ်မြို့တွင် နေထိုင်ပြီး ကျင့်ကြံသူများအသင်း၏ ဆရာကြီးတစ်ဦး ဖြစ်နေလိမ့်မည်ဟု ဘယ်သူ ထင်မှာလဲ။
ဟုတ်သားပဲ... သူ၏ နာမည်က ရဲ့ယွီကျိုးဆိုတော့၊ သူ့ကိုယ်သူ အဘိုးကြီးရဲ့လို့ ခေါ်တာ မဆန်းပါဘူး။
လင်းကျင်းသည် အခုမှပင် လူနှင့် နာမည်ကို တွဲမိသွားတော့သည်။
တကယ့်ကို တိုက်ဆိုင်မှုကြီးပင်။
မိမိ၏ ဧည့်ခန်းမသို့ လာခဲ့ဖူးသော ဧည့်သည်တစ်ယောက်ကို ကျင့်ကြံသူများအသင်းတွင် ပြန်တွေ့ရလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ရဲ့ယွီကျိုးမှာတော့ တည်ကြည်လေးနက်သော မျက်နှာထား ရှိနေပြီး၊ ဟွမ်ဖူမင်၏ ဖော်ရွေသော အသွင်အပြင်နှင့် လုံးဝ ကွဲပြားနေပေသည်။ သူသည် အခုအချိန်တွင် ဆရာကြီးတစ်ဦးပီပီ ဂုဏ်မောက်ပြနေပုံ ရ၏။
“မင်းက လင်းကျင်းလား”
ရဲ့ယွီကျိုးက မေးလိုက်၏။
လင်းကျင်းက ခေါင်းညိတ်၍ ဦးညွှတ်လိုက်သည်။
“နှုတ်ခွန်းဆက်သပါတယ် ဆရာကြီးယွီကျိုး”
လင်းကျင်းအပေါ် အာဃာတ ရှိနေသဖြင့်၊ ထိုလူငယ်က ဘယ်လိုပဲ ပြုမူနေပါစေ ရဲ့ယွီကျိုးအတွက်တော့ စိတ်အနှောင့်အယှက် ဖြစ်စရာပင်။ သို့သော်လည်း သူသည် မိမိ၏ ဂုဏ်သိက္ခာကို ငဲ့ကွက်သဖြင့် အကြောင်းမဲ့ ဆူပူခြင်း မပြုဘဲ လက်ရှိကိစ္စကိုသာ ပြောလိုက်၏။
“စောစောက တိုက်ခိုက်မှုအကြောင်းကိုတော့ ခဏဘေးဖယ်ထားလိုက်ပါဦးမယ်... ငါတို့ ဆရာကြီးတွေက မင်းရဲ့ ‘ပြင်ပပုံရိပ်’ နည်းစနစ်ကို စိတ်ဝင်စားလို့ ဒီမှာ စောင့်နေကြတာ နာရီဝက်လောက် ရှိပြီ... ဒီကျင့်စဉ်ရဲ့ ဖော်မြူလာရော ရှင်းလင်းချက်ပါ အလွန်ပြည့်စုံပြီး ဝိညာဉ်စာကြည့်တိုက်ထဲ ထည့်သွင်းဖို့ ထိုက်တန်တယ်... ဒါပေမဲ့ အဲဒီမတိုင်ခင်မှာ ဒီကျင့်စဉ်ရဲ့ အရင်းအမြစ်ကို အရင်ဆုံး ရှင်းရှင်းလင်းလင်း သိချင်လို့ မင်းကို ဒီကို ခေါ်လိုက်တာပဲ”
ဤကိစ္စအတွက် လင်းကျင်းသည် ယခင်ကအတိုင်းပင် လိမ်ညာပြောဆိုလိုက်ရုံသာ ရှိတော့သည်။
ဆရာကြီးတစ်ဦးဆီက သင်ယူခဲ့ခြင်း ဖြစ်ကြောင်းပေါ့။
ပြီးတော့ လင်းကျင်းသည် ထိုဆရာကြီး၏ နာမည်ကို ဘယ်လိုမှ ပြောပြ၍ မရပေ၊ ဘာကြောင့်လဲဆိုတော့ ထိုကဲ့သို့သော လူမျိုးက တကယ် မရှိသောကြောင့် ဖြစ်၏။
အမှန်တော့ ဤကိစ္စကို အတင်းအကျပ် မေးမြန်းရန် မလိုအပ်ပေ။ ရဲ့ယွီကျိုးမှအပ ကျန်ရှိနေသော ဆရာကြီးများမှာ အဖြေကို ဇွတ်မတောင်းကြသော်လည်း၊ ရဲ့ယွီကျိုးကတော့ အလွန်ပင် ဇွဲထက်သန်နေပေသည်။
သူက တကယ်ပဲ စည်းကမ်းကြီးနေတာလား၊ ဒါမှမဟုတ် တမင်တကာ လုပ်နေတာလားဆိုသည်ကိုတော့ မသိရပေ။ သို့သော် တစ်ခုတော့ သေချာပေသည်၊ ၎င်းမှာ လင်းကျင်းကို သင်ပေးခဲ့သည့် ထိုဆရာကြီးမှာ ဘယ်သူလဲဆိုသည်ကို သူတို့ သိချင်နေကြခြင်းပင်။
လင်းကျင်းက ရိုးရှင်းစွာပင် ပြန်ဖြေလိုက်၏။
“ဆရာကြီးယွီကျိုး... ဆရာကြီး ကျွန်တော့်ကို ဘယ်နှစ်ခါပဲ မေးမေး၊ ကျွန်တော့်ရဲ့ အဖြေကတော့ အတူတူပါပဲ။ ကျွန်တော် ပြောပြလို့ မရပါဘူး”
ရဲ့ယွီကျိုး၏ မျက်နှာမှာ မည်းမှောင်သွားတော့သည်။
အခြေအနေမှာ အတော်လေးကို အနေရခက်ပြီး တင်းမာလာခဲ့၏။
အခြားဆရာကြီးများမှာလည်း အမျိုးမျိုး တွေးနေကြသော်လည်း၊ ဟွမ်ဖူမင်ပင်လျှင် ဝင်မပြောနိုင်ဖြစ်နေရသည်။ ဘာပဲဖြစ်ဖြစ် ရဲ့ယွီကျိုး သံသယဖြစ်နေခြင်းမှာ မမှားလှပေ။ သူသည် လင်းကျင်းကို မယုံကြည်ခြင်းသာ ဖြစ်ပေသည်။
အကယ်၍ သူသာ ယုံကြည်ခဲ့လျှင် ဤမျှလောက်အထိ ဒုက္ခခံနေမည် မဟုတ်ပေ။ သူ၏ သံသယမှာ လင်းကျင်းသည် လိမ်ညာနေပြီး၊ ဤကျင့်စဉ်မှာ မရိုးသားသော နည်းလမ်းဖြင့် ရရှိထားခြင်း ဖြစ်လိမ့်မည်ဟု ယူဆထားခြင်းပင်။
“လင်းကျင်း... အခြေအနေက အဲဒီလိုဆိုရင်တော့၊ မင်းရဲ့ ဒီကျင့်စဉ်ကို ဝိညာဉ်စာကြည့်တိုက်မှာ မှတ်တမ်းတင်လို့ ရမှာ မဟုတ်ဘူး”
ရဲ့ယွီကျိုးသည် သူ၏ အကြီးမားဆုံး အာဏာဖြစ်သော ပယ်ချပိုင်ခွင့်ကို ရုတ်တရက် အသုံးပြုလိုက်တော့သည်။
သို့သော်လည်း သူသည် အချက်တစ်ခုကို မေ့သွားခဲ့ပုံ ရ၏။
ဤကျင့်စဉ်ကို မှတ်တမ်းတင်ရန် တောင်းဆိုခဲ့သူမှာ လင်းကျင်း မဟုတ်ဘဲ ဝိညာဉ်စာကြည့်တိုက်သာ ဖြစ်ပေသည်။ လင်းကျင်းကတော့ ဤကိစ္စကို လုံးဝ စိတ်မဝင်စားပေ။
တစ်ဖက်တွင်လည်း လင်းကျင်းမှာ ရဲ့ယွီကျိုး၏ အမူအရာကြောင့် အလွန် စိတ်ပျက်သွားသဖြင့် အေးအေးဆေးဆေးပင် ပြန်ပြောလိုက်၏။
“ဒါဆိုရင်တော့ ဆရာကြီးရဲ့ သဘောအတိုင်းပါပဲ... တခြား ဘာမှ မရှိတော့ဘူးဆိုရင်တော့ ကျွန်တော် ပြန်ပါတော့မယ်”
ပြောပြီးသည်နှင့် သူသည် ရဲ့ယွီကျိုးကို လုံးဝ ဂရုမစိုက်တော့ဘဲ ထရပ်ကာ ထွက်သွားတော့သည်။
ရဲ့ယွီကျိုးမှာ ဒေါသကြောင့် အသက်ရှူပင် ကျပ်သွားရပြီး၊ ဟွမ်ဖူမင်မှာမူ ခေါင်းခါလိုက်ရတော့၏။ ဝိညာဉ်စာကြည့်တိုက်မှူးမှာလည်း သက်ပြင်းချလိုက်ရုံသာ ရှိပေသည်။
သူက ရုတ်တရက် မှတ်ချက်ပေးလိုက်သည်မှာ။
“အမှန်တော့ ဝိညာဉ်စာကြည့်တိုက်ကပဲ လင်းကျင်းဆီကို သွားပြီး သူ့ရဲ့ကျင့်စဉ်ကို မှတ်တမ်းတင်ခွင့် တောင်းခဲ့တာပါ”
ဤစကားက ရဲ့ယွီကျိုးကို ချက်ချင်းပင် အရှက်ရသွားစေတော့သည်။ အခုအချိန်အထိ သူသည် လင်းကျင်းကသာ ကျင့်စဉ်ကို မှတ်တမ်းတင်ပေးရန် တောင်းဆိုခဲ့ခြင်း ဖြစ်သည်ဟု ယူဆထားခဲ့ခြင်း ဖြစ်ပေသည်။
ရဲ့ယွီကျိုးကို ထားလိုက်ပါဦး၊ လင်းကျင်းမှာတော့ အပြင်ရောက်သည်နှင့် စိတ်ထဲကနေ တီးတိုး ရေရွတ်နေတော့သည်။ “နေဦးပေါ့ အဘိုးကြီးရဲ့... မင်း စောင့်နေလိုက်”
လင်းကျင်းမှာလည်း တကယ်ကို ဒေါသထွက်သွားခဲ့ခြင်း ဖြစ်၏။
ပြီးတော့ သူသည် အာဃာတကို မှတ်ထားတတ်သူ တစ်ဦးလည်း ဖြစ်ပေသည်။
အခုအချိန်မှာ သူသည် ရဲ့ယွီကျိုးကို ဘာမှ မလုပ်နိုင်သော်လည်း၊ ဧည့်ခန်းမထဲတွင်တော့ သူသည်သာ အရှင်သခင် ဖြစ်ပေသည်။ သူ မှတ်မိသလောက်ဆိုလျှင် ဧည့်ခန်းမသည် မနက်ဖြန်တွင် ပြန်လည် ပွင့်လှစ်တော့မည် ဖြစ်၏။ လင်းကျင်းသည် နောက်တစ်ကြိမ် တွေ့ဆုံမည့်အချိန်ကို တွေးရင်း ကျေနပ်စွာဖြင့် လက်ချင်း ပွတ်နေလိုက်တော့သည်။
တစ်ဖက်တွင်တော့ ရဲ့ယွီကျိုးမှာ မိမိ ဘယ်သူ့ကို သွားပြီး ပြဿနာရှာမိလိုက်မှန်း လုံးဝ မသိရှာပေ။ သူကိုယ်တိုင်လည်း ဤကိစ္စကြောင့် အရှက်ရခဲ့ရ၏။ အမှန်တော့ သူသည် ဤကိစ္စတွင် ထိုမျှလောက်အထိ တင်းကျပ်နေရန် မလိုသလို၊ ပုံမှန်အားဖြင့်လည်း သူသည် အရာရာကို လျှော့ပေါ့ပေးတတ်သူ ဖြစ်ပေသည်။ သို့သော် ရန်ကျဲကြောင့် လည်းကောင်း၊ လင်းကျင်းက သူတို့ကို ချက်ချင်း လာမတွေ့ခြင်းကြောင့် လည်းကောင်း၊ အစကတည်းက ရှိနေသော အာဃာတကြောင့် လည်းကောင်း သူသည် အခုလို ပြုမူမိခဲ့ခြင်း ဖြစ်ပေသည်။
ဤအချက်များက သူ့ကို အမှားအယွင်းနှင့် အရှက်ရမှုဆီသို့ ဦးတည်သွားစေခဲ့ခြင်း ဖြစ်၏။
အိမ်ပြန်ရောက်သောအခါ ရဲ့ယွီကျိုးသည် စိတ်အေးသွားစေရန် လက်ဖက်ရည်ကို အဝသောက်လိုက်ပြီးနောက်မှသာ တည်ငြိမ်သွားတော့သည်။
‘ဒီလို ကိစ္စသေးသေးလေးတွေအတွက် ဒေါသထွက်နေစရာ မလိုပါဘူး။ လူငယ်တွေကြားက အာဃာတက သူတို့ဘာသာသူတို့ ဖြေရှင်းကြလိမ့်မယ်... ငါကတော့ ငါ့ရဲ့ ပျံလွှားမြူတိမ်ရေနဂါး' အဆင့်တက်မယ့် နည်းလမ်းကိုပဲ အာရုံစိုက်ပြီး သုတေသန လုပ်နေတာ ပိုကောင်းပါတယ်... တွေးကြည့်ရင်တော့ ပြတိုက်မှူးက တကယ့်ကို ဆရာကြီးတွေထဲက ဆရာကြီးပဲ... သူပေးတဲ့ နည်းလမ်းက သေချာပေါက် ထိရောက်မှာ၊ ဒါပေမဲ့ လုပ်ဆောင်နေတဲ့ အချိန်မှာ ပြဿနာလေးတွေ နည်းနည်း ကြုံနေရလို့... ဘာပဲဖြစ်ဖြစ် မနက်ဖြန် ဧည့်ခန်းမ ပွင့်ရင်တော့ သူ့ဆီကနေ လမ်းညွှန်ချက် ထပ်တောင်းရမှာပဲ’
ဤသို့ တွေးမိလိုက်သောအခါ ရဲ့ယွီကျိုးမှာ ပြန်လည် စိတ်ရွှင်လန်းသွားတော့သည်။ အစောပိုင်းက မကျေနပ်မှုများမှာလည်း အရိပ်အယောင်ပင် မကျန်တော့ပေ။
"ဟင်း.... ငါလည်း နည်းနည်းတော့ လွန်သွားသလိုပဲ... ဘာလို့ လူငယ်လေးတစ်ယောက်အပေါ် ဒီလောက်အထိ တင်းကျပ်နေမိပါလိမ့်... ဒါပေမဲ့ ငါ လုပ်တာလည်း မမှားပါဘူး... နည်းနည်း စည်းကမ်းကြီးတာလည်း ကောင်းတာပါပဲ... အကယ်၍ လင်းကျင်းရဲ့ နည်းလမ်းက မရိုးသားတဲ့ နည်းနဲ့ ရထားတာဆိုရင် ကျင့်ကြံသူများအသင်းက ဒုက္ခရောက်နိုင်တာကိုး... ကောင်းမွန်တဲ့ နည်းစနစ်တစ်ခု ဆုံးရှုံးသွားပေမဲ့၊ ပြဿနာတွေကို ရှောင်ရှားနိုင်တာကလည်း ကောင်းတဲ့အချက်ပဲပေါ့” ဟု ရဲ့ယွီကျိုးက မိမိကိုယ်ကိုယ် ရေရွတ်နေလိုက်၏။
ထိုစဉ် ရန်ကျဲ ရောက်လာတော့သည်။
ရန်ကျဲကို ကိုယ်ပိုင်သင်ခန်းစာ သင်ပေးရမည့် အချိန် ရောက်ပြီ ဖြစ်၏။
“ရန်ကျဲ... မင်း ရောက်လာပြီလား”
ရဲ့ယွီကျိုးမှာ စိတ်အခြေအနေ ပြန်ကောင်းနေပြီ ဖြစ်သည်။
ရန်ကျဲက ဦးညွှတ်ကာ ဆရာကြီးကို နှုတ်ဆက်လိုက်၏။
“မကြာခင်မှာ တပည့်များ ပြိုင်ပွဲ ရောက်တော့မယ်... မင်းရဲ့ ပြင်ဆင်မှုတွေ ဘယ်လိုလဲ”
ရဲ့ယွီကျိုးက မေးမြန်းလိုက်၏။
ရန်ကျဲမှာ လုံးဝကို ယုံကြည်မှု အပြည့် ရှိနေပုံရ၏။
“ဆရာကြီး... ကျွန်တော်က ပြီးခဲ့တဲ့ နှစ်အားလုံးမှာ နံပါတ်တစ် ဖြစ်ခဲ့တာပါ၊ ဒီနှစ်လည်း အခြေအနေက ပြောင်းလဲမှာ မဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်.... ကျွန်တော့်ရဲ့ နေရာကို ဘယ်သူမှ ယှဉ်နိုင်မှာ မဟုတ်ဘူး”
ရဲ့ယွီကျိုးသည် ရန်ကျဲ၏ အဖြေကို သဘောကျသွားပေသည်။
သို့သော် ဆရာတစ်ဦးပီပီ သူ့ကို ထပ်မံ တွန်းအားပေးရဦးမည် ဖြစ်၏။
“ရန်ကျဲ... မင်း နိုင်မှာ သေချာနေရင်တောင်မှ ပေါ့ပေါ့တန်တန် မနေသင့်ဘူး... အသင်းချုပ်က ဒီနှစ် တပည့်များ ပြိုင်ပွဲအတွက် အရမ်းကြီးမားတဲ့ ဆုလာဘ်တွေကို ပေးထားတယ်... အထူးသဖြင့် ‘နဂါးသွေးဆေးလုံး’ ဆိုရင် အသင်းချုပ်က ဆရာကြီးတစ်ယောက်က နတ်ဘုရားဂူကို ရှာဖွေတွေ့ရှိစဉ်မှာ ရခဲ့တာပဲ... အကယ်၍ မင်းသာ ဒီဆုကို ရခဲ့မယ်ဆိုရင်၊ ငါ မင်းအတွက် ရှာပေးမယ့် သားရဲအဆင့်တက် နည်းလမ်းနဲ့ ပေါင်းစပ်လိုက်ရင်၊ မင်းရဲ့ သားရဲက သေချာပေါက် အဆင့် ၄ ကို ရောက်သွားမှာပဲ”
ဤစကားကို ကြားသောအခါ ရန်ကျဲမှာ ပြောမပြနိုင်အောင် စိတ်လှုပ်ရှားသွားတော့သည်။
ဒီနေ့ လင်းကျင်းက သူ၏ ဟောပြောပွဲကို ‘လု’ ယူသွားသဖြင့် ဖြစ်ပေါ်ခဲ့သော ဒေါသများမှာ ရဲ့ယွီကျိုး၏ အားပေးမှုကြောင့် ချက်ချင်းပင် ပျောက်ကွယ်သွားရ၏။
သူ၏ သားရဲသာ အဆင့် ၄ ကို ရောက်သွားခဲ့လျှင်၊ သူသည် ကျောက်စိမ်းနဂါးနိုင်ငံ၏ ထိပ်တန်း တိုက်ခိုက်ရေးသမားများထဲမှ တစ်ဦး ဖြစ်လာတော့မည် ဖြစ်၏။ ဂုဏ်သိက္ခာ၊ အဆင့်အတန်းနှင့် ဂုဏ်ပုဒ်များမှာလည်း သေချာပေါက် လိုက်လာပေလိမ့်မည်။
ထိုအချိန်ကျလျှင် လင်းကျင်းကဲ့သို့သော သူမျိုးမှာ သူ၏ ဖိနပ်ကို သယ်ပေးရန်ပင် ထိုက်တန်တော့မည် မဟုတ်ပေ။
ရဲ့ယွီကျိုးသည် ရန်ကျဲကို ဂါထာများအကြောင်း စတင် သင်ကြားပေးလိုက်၏။ သို့သော် လမ်းတစ်ဝက်တွင် တပည့်တစ်ဦး ဝင်လာပြီး ဧည့်သည် ရောက်နေကြောင်း သတင်းလာပေးသည်။
ရဲ့ယွီကျိုး မျက်မှောင်ကြုတ်လိုက်မိ၏။ သို့သော်လည်း သူ၏ တပည့်မှာ အရေးမကြီးလျှင် သူ့ကို လာနှောင့်ယှက်မည် မဟုတ်မှန်း သူ သိပေသည်။
“ဘယ်သူလဲဆိုတာ မင်း သိလား”
ရဲ့ယွီကျိုးက မေးလိုက်၏။
တပည့်ဖြစ်သူက အမြန်ပြန်ဖြေသည်မှာ။ “သူ့နာမည်က ‘လု’ လို့ ပြောပါတယ်၊ ကျောက်စိမ်းနဂါးမြို့က လာတာပါတဲ့”
ဤစကားကြောင့် ရဲ့ယွီကျိုးသည် အားရပါးရ ရယ်မောလိုက်တော့သည်။
“ဒါက တကယ့်ကို အဖိုးတန်တဲ့ ဧည့်သည်တော်ပဲ... ရန်ကျဲ... လာ... ငါနဲ့အတူ သူ့ကို သွားကြိုကြရအောင်”