← Chapters

နတ်မြင်းပျံကြီးထက်မှမိန်းကလေး

Vol. 5 Ch. 477

နတ်မြင်းပျံကြီးထက်မှမိန်းကလေး

Vol. 5 Ch. 477

လေ့နော်က ဆန်းလျန်ကို အိမ်တော်အတွင်းသို့ ဖိတ်ခေါ်လိုက်ရသည့်အကြောင်းရင်းမှာ သူက ဆန်းလျန်ကို စိတ်ဝင်စား နေမိသည့် အတွက်ကြောင့် ဖြစ်လေသည်။

သူက အိမ်အနောက်ဘက်ဆီသို့ ဝင်သွားသည့် အခါတွင်တော့ သူ၏ဇနီးဖြစ်သူ စစ်ကျန်း၏ ဆူပူသံများကို ကြားလိုက်ရလေသည်။ ယခင်နန်းတော်မှာ နေစဉ်အတွင်းကပင် စစ်ကျန်းမှာ မင်းသမီးတစ်ပါး ဖြစ်သည့်တိုင် စိတ်တိုဒေါသ ထွက်လွယ်သူ တစ်ယောက် ဖြစ်လေသည်။ ယခု လေ့နော်နှင့် လက်ထပ်ပြီးသည့် နောက်ပိုင်း လေ့နော် ကိုနေ့တိုင်း ဆူပူငေါက်ငမ်းလေ့ ရှိလေသည်။ လေ့နော်မှာ ဧကရာဇ်မင်း၏ ညီမတော်ဖြစ်သည့် အတွက် သည်းခံနေရ လေသည်။

အပေါက်ဆိုးသည့်တိုင် စစ်ကျန်းသည် အလွန် ချောမောလှပသူ တစ်ယောက် ဖြစ်လေသည်။ သူမသည် ရှားပါးပြီး ထူးခြားသည့် အလှတရားများကို ပိုင်ဆိုင်ထားသူ တစ်ယောက် ဖြစ်လေသည်။ တော်ဝင် မိသားစုများထဲတွင်ပင် သူမ၏အလှကို မီသော မင်းသမီး တစ်ပါးမှ မရှိပေ။ သူမ၏ပုံစံက နူးညံ့ သိမ်မွေ့ဟန်ရှိပြီး မျက်ဝန်းများက ဇာမဏီ မျက်ဝန်းများကဲ့သို့ လှပလွန်းလေသည်။ တော်ဝင်မိသားစု မင်းသမီးတစ်ပါး အဖြစ် ကျက်သရေ အဖြာဖြာနှင့် ပြည့်စုံသူလည်း ဖြစ်လေသည်။ သူမ၏ ဒေါသကြီးမှုနှင့် သဘောထား သေးမှုများကို ထည့်မတွက်လျှင် သူမသည် အလွန်မှ ပြည့်စုံသူ တစ်ယောက် ဖြစ်လေသည်။

ယနေ့ စစ်ကျန်း ဒေါသထွက်နေရသည့် အကြောင်းရင်းမှာ သူမ၏ သမီးတော်လေး ထပ်ပြီး ပျောက်သွားသောကြောင့် ဖြစ်လေသည်။ အသက် ဆယ့်ငါးနှစ်၊ ဆယ့်ခြောက်နှစ်ခန့် မိန်းမငယ်လေး တစ်ယောက်ကိုပင် ကောင်းကောင်း စောင့်ကြည့် မထားကြသည့် အစေခံများကို သူမက ပြစ်တင် အော်ငေါက်နေခြင်း ဖြစ်လေသည်။

လေ့နော်မှာ စစ်ကျန်းဒေါသ ထွက်နေသည်ကို ကြည့်ပြီး ကြိတ်ရယ် လိုက်မိလေသည်။ ဆယ်ကျော်သက် သမီးပျို တစ်ယောက်ဆိုသည်က အဘယ်မှာ ထိန်းကျောင်းရန် လွယ်ကူ နိုင်ပါမည်နည်း။ ထို့နောက် သူက ဇနီးဖြစ်သူအား နှစ်သိမ့် လိုက်ရလေသည်။ မနှစ်သိမ့်လို့လည်း မဖြစ်ပေ။ စစ်ကျန်း အမှန်တကယ် ဒေါသထွက်လာလျှင် အစေခံများ ကိုလည်း သတ်ရန် ဝန်မလေးသူ တစ်ယောက် ဖြစ်လေသည်။

ထိုအချိန်မှာပင် ကိုယ်ရံတော်သည် ဆန်းလျန်နှင့် ကျားနက်ကြီးကို လေ့အိမ်တော် အတွင်းသို့ ခေါ်ဆောင် လာလေသည်။ သူက ကျားနက်ကြီးကို ဆန်းလျန်က အိမ်ထဲသို့ ခေါ်လာမည်ဟု ပြောသောအခါ ဆေးမိနေသည့် သူကဲ့သို့ သဘောတူလိုက်မိသည့်အကြောင်းကို ပြန်စဉ်းစား နေမိလေသည်။ သူ အဘယ့်ကြောင့်များ သဘောတူ လိုက်မိပါလိမ့်။

သူတို့ အိမ်တော်ဥယျာဉ်အတွင်းသို့ရောက်လာကြလေသည်။

ဥယျာဉ်အတွင်းတွင် လူက ပြုလုပ်ထားသည့် စမ်းချောင်းလေး တစ်ခု စီးဆင်း နေလေသည်။ စမ်းချောင်းထဲမှ ရေများမှာ ဝိညာဉ် စွမ်းအားများနှင့် ပြည့်ဝနေပြီး ကြည်လင်နေလေသည်။

ကိုယ်ရံတော်က တစ်ချက် စဉ်းစားလိုက်ပြီး ကျားနက်ကြီးကို အိမ်တော်အတွင်းသို့ ပေးဝင်သင့် မဝင်သင့် စဉ်းစားနေ လေသည်။ နောက်ဆုံးတွင်တော့ ပေးမဝင်ရန် ဆုံးဖြတ် လိုက်လေသည်။

ကိုယ်ရံတော်က ကျားနက်ကြီးကို သော့ခတ်ထားခဲ့ပြီး ဆန်းလျန်ကိုသာ အိမ် တော်အတွင်းသို့ ခေါ်ဆောင် သွားရန် စဉ်းစားလိုက်မိလေသည်။

"ဒီမှာ ခဏစောင့်နေဦး၊ ငါပြန်လာခဲ့မယ်"

ဆန်းလျန်က ကိုယ်ရံတော်ကို သဘောတူသည့် အနေဖြင့် ခပ်တည်တည်ပင် ခေါင်းတစ်ချက် ညိတ်ပြလိုက်သည်။

ကိုယ်ရံတော်မှာ ဆန်းလျန်ကို အတော်လေး အမြင်ကပ်နေပြီ ဖြစ်လေသည်။ အရာရှိမင်း ကိုယ်တိုင် ဖိတ်ကြား ခိုင်းထားသူ မဟုတ်ခဲ့လျှင် ဒီကောင်လေးကို ကောင်းကောင်း ပညာပေးလိုက်မှာ ဖြစ်လေသည်။ ထို့ပြင် သူ့ပါးစပ်အတွင်းသို့ ငှက်ချေးပါချအောင် လုပ်သူမှာ ထိုကောင်လေး လက်ချက်ပင် ဖြစ်ကြောင်း သူသိနေလေသည်။

ကျားနက်ကြီးမှာ စမ်းချောင်းလေးနံဘေးရှိ ကျောက်တုံးတစ်တုံး ထက်တွင် ထိုင်နေပြီး စမ်းရေကို အငမ်းမရသောက် နေလေသည်။

လေ့အိမ်တော်မှာ ခံတပ်ကြီး တစ်ခုအလား ကြီးမားခမ်းနား လွန်းသည့် စံအိမ်တော်ကြီးတစ်ခု ဖြစ်လေသည်။ စမ်းချောင်းလေးမှာလည်း လူကပြုလုပ်ထားသည့် စမ်းချောင်း ဖြစ်သည့်တိုင် အလွန် ကျယ်ပြန့်လေသည်။

တာ့ရှားပြည်မှ အဆောက်အဦများမှာ အလွန်ပင် ကြီးမားကြလေသည်။ သို့သော် တာ့ရှားပြည်ကတော့ လူနေထူထပ်ခြင်း သိပ်မရှိလှပေ။ ကြည့်လေရာရာတွင် မြက်ပင်များနှင့် သစ်ပင်များ စိမ်းလန်းစိုပြေ နေသည်ကို တွေ့ရှိနိုင်ပြီး မြစ်ရေမှာလည်း ကြည်လင် လွန်းလှလေသည်။

ဆန်းလျန်သည် လေ့အိမ်တော်ရှေ့မှ သစ်ပင်ကြီး အောက်တွင် ငါးရက်တာ ထိုင်နေခဲ့သူ ဖြစ်လေသည်။ ထိုသစ်ပင်ကြီးထက်တွင် ဇာမဏီ ငှက်တစ်ကောင် နှစ်ပေါင်းငါးထောင်ခန့် နေထိုင်ခဲ့သည့် သင်္ကေတများကိုလည်း တွေ့ရလေသည်။ ထိုသစ်ပင်ကြီးသည် ဖြစ်နိုင်လျှင် နတ်မိစ္ဆာ တစ်ပါးပင် ဖြစ်လာနိုင်လေသည်။ သို့သော် တာ့ရှား ဧကရာဇ်၏ အရှိန်အဝါကို ကြောက်ရွံ့သည့် အတွက် ထပ်မံကြီးထွားလာခြင်းလည်း မရှိတော့သလို လူသားအသွင် ပြောင်းလဲခြင်းလည်း မပြုလုပ်ခဲ့ပေ။

ဆန်းလျန်မှာလည်း ဇာမဏီ အငွေ့အသက်ရှိသူ တစ်ယောက်ဖြစ်သည့် အတွက် ထိုသစ်ပင်ကြီးမှာ သူနှင့်ရင်းနှီးသလို ခံစားရလေသည်။

လေ့အိမ်တော် ဆောက်လုပ် ထားသည်မှာတော့ အနှစ်နှစ်ဆယ်ပင် မပြည့်သေးပေ။ လေ့အိမ်တော် ဆောက်လုပ်ထားသည့် နေရာသည် ယခင်က မည်သူမျှ နေထိုင်ခြင်းမရှိသည့် မြေကွက်အလွတ် တစ်ခု ဖြစ်လေသည်။ ရွှမ်ကျန်း ကျောင်းတော်မှ ယွိယန်တာအို ဆရာက ထိုနေရာတွင် တာအိုကျောင်းတော် ဆောက်လုပ်ရန် အတွက် တာ့ရှား ဧကရာဇ်ကို ခွင့်တောင်း ခဲ့သော်လည်း ဧကရာဇ်မင်းက ခွင့်မပြုခဲ့ပေ။

ထို့နောက်တွင်တော့ တာ့ရှားဧကရာဇ်၏ ညီမတော် စစ်ကျန်းမင်းသမီးက ယိုဟူအိမ်တော်မှ တော်ဝင်မျိုးနွယ် အရာရှိ မင်းလေ့နော်နှင့် လက်ဆက်သည့် အခါတွင်တော့ ထိုနေရာတွင် လေ့အိမ်တော် ဆောက်လုပ်ရန် အခွင့်ပေးခဲ့ လေသည်။

သစ်ပင်ကြီးမှာ လေ့အိမ်တော် အပြင်ဘက်တွင် တည်ရှိသော်လည်း လေ့အိမ်တော်နှင့် ဆပ်စပ် နေလေသည်။ သစ်ပင်အောက်တွင် ထိုင်နေရင်းနှင့်ပင် ဆန်းလျန်သည် မိန်းကလေးငယ် တစ်ယောက် လေ့အိမ်တော် အတွင်းသို့ ဝင်ရောက် သွားသည်ကို တွေ့လိုက်လေသည်။ ထိုမိန်းကလေးမှာ ဆန်းလျန်၏ အဒေါ်ငယ် ချန်ယွင်နှင့် တူသည်ဟု ဆန်းလျန် ခံစားလိုက်ရလေသည်။

သို့သော် ချန်ယွင်ကို နောက်တစ်ကြိမ် တွေ့မြင်ရခြင်း မရှိတော့ပေ။ နှစ်ပေါင်းများစွာ ကြာပြီးသည့်နောက် သူ့အနေဖြင့် ချန်ယွင်ကို မမှတ်မိတော့ခြင်း ဖြစ်ပြီး မျက်စိ မှားခြင်းလည်း ဖြစ်နိုင်လေသည်။

ဆန်းလျန်အနေဖြင့် ချန်ယွင် အသက်ရှင်လျက် ရှိနေရန်သာ မျှော်လင့် ထားမိလေသည်။

တိချိုးမြို့တော်သို့ ရောက်ရှိပြီးသည့် နောက်ပိုင်း ဆန်းလျန် ကြုံတွေ့ရသည့် အကြီးမားဆုံး အခက်အခဲမှာ လျှို့ဝှက်ချက်များစွာ ရှိနေခြင်းပင် ဖြစ်လေသည်။ ထို့ကြောင့် သူသိချင်သည့် ကိစ္စများကို စုံစမ်းရန်မှာ ခက်ခဲနေရလေသည်။ သူက သိသိသာသာ လှုပ်ရှား လိုက်ပြန်လျှင်လည်း တိချိုးမြို့မှ တန်ခိုး စွမ်းအား မြင့်မားသူများကို သတိပေးသလို ဖြစ်သွားနိုင်လေသည်။

သူက ကြောက်ရွံ့ခြင်း မရှိသည့်တိုင် ပြဿနာ ဖြစ်လိုခြင်း မရှိသေးပေ။

ယခုတော့ ကံကောင်းစွာဖြင့် လေ့အိမ်တော် အတွင်းသို့ ဝင်ခွင့်ရခဲ့ပြီ။

နိုင်ငံခြားရေးဝန်ကြီး လေ့နော်သည် ပင်ကိုအားဖြင့် တန်ခိုး စွမ်းအားမြင့်မားသူ တစ်ယောက် ဖြစ်လေသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း သန်စွမ်းကြံ့ခိုင်ပြီး သူ၏ ခန္ဓာကိုယ်ထဲတွင် နတ်သားရဲ တစ်ကောင် ပုန်းကွယ်နေသည့်အလား တန်ခိုး စွမ်းအားများက စိမ့်ထွက် နေလေသည်။ သို့သော် ဆန်းလျန်သည် တာ့ရှားတော်ဝင် မိသားစုများ၏ တန်ခိုးစွမ်းအားများကို မျက်မြင် ကိုယ်တွေ့ တွေ့မြင်ရခြင်း မရှိသေးသည့်အတွက် သူတို့၏ တိုက်ခိုက်မှု စွမ်းရည်ကို ဂဃနဏ သိရှိရန်မှာ မဖြစ်နိုင်သေးပေ။

တိချိုးမြို့တော်ကို ဝင်ရောက်လာသည်နှင့် ဆန်းလျန်ကို တုန်လှုပ်စေသည့် အရာတစ်ခု ရှိလေသည်။ ထိုအရာမှာ တိချိုးမြို့တော်မှ အသက်ဓာတ် စွမ်းအားသုံးခုပင် ဖြစ်လေသည်။ ထိုအသက်ဓာတ် စွမ်းအား သုံးခုလုံးသည် မြို့တော်၏ မြောက်ပိုင်းတွင် တည်ရှိလေသည်။ ပထမ အသက်ဓာတ်စွမ်းအားမှာ အလွန်တန်ခိုး စွမ်းအားမြင့်မားပြီး နေရောင်ခြည် စွမ်းအားနှင့် ဆင်တူလေသည်။ ဒုတိယ အသက်ဓာတ် စွမ်းအားမှာတော့ ယင်းလုန်နဂါးကြီး၏ စွမ်းအားပင် ဖြစ်လေသည်။ တတိယ စွမ်းအားမှတော့ ဆန်းလျန် သိမြင်နေကျ တာအိုလမ်းစဉ်နှင့် မတူကွဲပြားပြီး ထူးခြားသည့် တာအိုစွမ်းအား တစ်ခု ဖြစ်လေသည်။ သို့သော် ထိုစွမ်းအားသည် ဆန်းလျန် လောက်တော့ အဆင့်မြင့်မားခြင်း မရှိပေ။

လက်ရှိအချိန်တွင် ဆန်းလျန်၏ ယခင်ဘဝမှ မူလဝိညာဉ် ခန္ဓာသည် ဆန်းလျန်၏ ရုပ်ခန္ဓာနှင့် တစ်ဝက်ကျော်ခန့် ပေါင်းစပ်မိနေပြီ ဖြစ်လေသည်။ ထို့ကြောင့် ထိုအသက်ဓာတ် စွမ်းအားသုံးခုမှ မည်သည့် စွမ်းအားနှင့် ရင်ဆိုင်ရသည်ဖြစ်စေ ကောင်းစွာ ရင်ဆိုင်နိုင်မည် ဖြစ်လေသည်။

ထို့ပြင် မိုးကောင်းကင် နတ်ဘုရား အဆင့်ရောက်ရှိနေသည့် နတ်ဘုရား တစ်ပါးကို သတ်ဖြတ်ရန်မှာ မည်သို့မျှ မဖြစ်နိုင်သည့် ကိစ္စတစ်ခု ဖြစ်လေသည်။

တိမ်တိုက်များသည် ကြည်လင်သည့် စမ်းရေထဲတွင် ရောင်ပြန် ဟပ်နေလေသည်။

ကောင်းကင်ထက်တွင် မိန်းကလေး တစ်ယောက်သည် နတ်မြင်းပျံကြီး တစ်ကောင်ကို စီးနှင် လာလေသည်။ သူမ၏အသားအရေက ဖြူစင်လွန်းပြီး နူးညံ့သိမ်မွေ့ဟန် ရှိလေသည်။ သူမ၏ ဆံနွယ်များသည် ကျောထက်တွင် ရေတံခွန်အလား စီးဆင်း လွင့်မျောနေလေသည်။

"ဟယ်… ကြောင်အကြီးစားကြီး တစ်ကောင်ပါလား"

သူမ၏ အသံသည် တေးသံသာအလား လူအများကို ဆွဲဆောင် နိုင်စွမ်းရှိလေသည်။

နတ်မြင်းပျံသည် ကျားနက်ကြီးဘေးသို့ အသာအယာ ဆင်းသက် လာလေသည်။ နတ်မြင်းပျံ ပေါ်မှ မိန်းကလေးငယ်သည် ကျားနက်ကြီးကို စိုက်ကြည့်နေလေသည်။

ကျားနက်ကြီးမှာ မြေကြီးထက်တွင် ဝပ်လိုက်လေသည်။ မိန်းကလေးထံမှ ထွက်ပေါ်နေသည့် မြင့်မြတ်သည့် စွမ်းအား များသည် ကျားနက်ကြီးကို ထိတ်လန့် တုန်လှုပ် စေလေသည်။

ဆန်းလျန်က မိန်းကလေးငယ်ကို ခြေဆုံးခေါင်းဆုံး တစ်ချက်အကဲခတ်လိုက်သည်။ သို့သော် မိန်းကလေးငယ်က လူငယ်လေး တစ်ယောက်၏ အကြည့်ကြောင့် ရှက်သွေး ဖြာသွားခြင်းမျိုး မဖြစ်ပါချေ။

"နင်က အသစ်ရောက်လာတဲ့ တိရစ္ဆာန် စောင့်ရှောက်ပေးသူလား၊ နင့်ကိုကြည့်ရတာ ငါ့ထက် ငယ်မယ့်ပုံပဲ၊ ငါ့ကို အစ်မလို့ ခေါ်လို့ရတယ်"

ဆန်းလျန်က ပြုံးလိုက်သည်။

"မင်းက နိုင်ငံခြားရေး ဝန်ကြီးရဲ့ သမီးလေးပဲ ဖြစ်ရမယ်၊ အခုနေသာ ငါတိုင်ပြောလိုက်ရင် မင်းတော့ ဒီအိမ်တော်ထဲက ထွက်လို့မရ ဖြစ်သွားမယ်နော်"

မိန်းကလေးငယ်က နှုတ်ခမ်း စူလိုက်ရင်း…

"ဟွန်း… ခင်စရာ မကောင်းလိုက်တာ၊ နင်က ငါ့ဘက်က မဟုတ်ဘူးလား"

"မင်းက နတ်မြင်းပျံကိုလည်း စီးထားသေးတယ်၊ ကြည့်ရတာ တစ်ယောက်တည်း အပြင်ကို ခိုးထွက်မလို့ မဟုတ်လား၊ မင်းရဲ့အဖေနဲ့ အမေ မကြာခင် ဒီနေရာ ရောက်လာတော့မှာ၊ သွားမယ်ဆိုလည်း အမြန်သွားတော့"

မိန်းကလေးငယ်က အဝေးသို့ လှမ်းကြည့်လိုက်တော့ ကိုယ်ရံတော်ကို မြင်လိုက်ရလေသည်။

"ဟွန်း… ငယ်ငယ်လေးပဲ ရှိသေးတယ်၊ ပြောနေတာ လူကြီးတစ်ယောက်လိုပဲ"

ထို့နောက်တွင်တော့ နတ်မြင်းပျံကြီးကို စီးနှင်ကာ ကောင်းကင်ထက်သို့ ပျံသန်း ထွက်ခွာသွားလေတော့သည်။

ကိုယ်ရံတော်က အစေခံ တစ်ယောက်နှင့်အတူ ပြန်လည် ရောက်ရှိလာလေသည်။

သူခေါ်လာသည့် အစေခံမှာ နားမကြားသူ တစ်ယောက်ဖြစ်ပြီး သူမတွင် နားရွက်များနှင့် နှာခေါင်းများပင် မတွေ့ရှိရပေ။

"ငါ နတ်မြင်းပျံတစ်ကောင် မြင်လိုက်တယ်၊ အဲဒီပေါ်မှာ ထိုင်နေတဲ့သူက….."

ကိုယ်ရံတော်၏ အသံသည် တိတ်ဆိတ်သွားလေသည်။

ဆန်းလျန်က သူ့ကိုပြုံးကြည့်နေလေသည်။

ကိုယ်ရံတော်သည် ထိုကိစ္စတွင် ဝင်မပါသင့်ဟု တွေးလိုက်မိလေသည်။ မင်းသမီးလေး အိမ်တော် အပြင်ဘက်သို့ ခိုးထွက် ချင်သည်ဆိုပါကလည်း ထွက်ပါစေလေ။ သူမ မြင်ချင်ယောင် ဆောင်လိုက် တော့မည်။

***

All Chapters