အခန်း (၁၇၅-၁၇၆)
Vol. 9 Ch. 175-176
အခန်း (၁၇၅) - လုဘင်၏ တုန်လှုပ်ချောက်ချားမှု
ရဲ့ယွီကျိုး၏ ခြံအပြင်ဘက်တွင် စောင့်ဆိုင်းနေရင်း ကျောက်စိမ်းနဂါးမြို့တော်မှ ခရီးနှင်လာသော လုဘင်သည် ပတ်ဝန်းကျင် ရှုခင်းများကို တိတ်ဆိတ်စွာ ငေးမောနေမိ၏။
လုဘင်သည် ဆဋ္ဌမမြောက်မင်းသမီး၏ တောင်းဆိုချက်အရ လင်းကျင်းကို မြို့တော်သို့ ဖိတ်ကြားရန် ရောက်ရှိလာခြင်း ဖြစ်ပေသည်။ ဤတာဝန်ကို အစမှ အဆုံးအထိ အပြစ်အနာအဆာမရှိအောင် ဆောင်ရွက်ရန် သူ အထူး အလေးထားနေမိသည်။
သူသည် လင်းကျင်းအပေါ် အမြဲတမ်း ကျေးဇူးတင်လျက် ရှိ၏။ အကယ်၍သာ လင်းကျင်း၏ ‘ရေကိုးသွယ် တိမ်တိုက်ဆေးလုံး’ ဖော်မြူလာသာ မရှိခဲ့လျှင် ဆဋ္ဌမမင်းသမီးမှာ ယခုအချိန်အထိ အိပ်ရာထဲတွင် လဲနေရဦးမည် ဖြစ်သည်။
လုဘင်သည် ဤကျေးဇူးတရားကို နှလုံးသားထဲတွင် အမြဲ ကိန်းအောင်းထားခဲ့၏။
ယခင်တစ်ခေါက်ကကဲ့သို့ အလောတကြီး မဟုတ်တော့ဘဲ ယခုတစ်ကြိမ်တွင် အချိန်ရသဖြင့် လုဘင်သည် သူ၏ မိတ်ဟောင်းဆွေဟောင်း ရဲ့ယွီကျိုးထံသို့ ဝင်ရောက်လည်ပတ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
သူတို့နှစ်ဦးမှာ ရင်းနှီးကျွမ်းဝင်သူများ ဖြစ်ကြ၏။ အသက်အရွယ်အရ လုဘင်က ရဲ့ယွီကျိုးထက် ငယ်သလို၊ ကျင့်ကြံမှုအဆင့်မှာလည်း အနည်းငယ် နိမ့်ပါးသော်လည်း၊ သူ၏ အဆင့်အတန်းကတော့ မြင့်မားလှပေသည်။ သူ၏ ဖခင် လုယောင်ကုန်းမှာ ကျောက်စိမ်းနဂါးနိုင်ငံ၏ ယခင် ထိပ်တန်းပညာရှင်ကြီး ဖြစ်သလို၊ ရဲ့ယွီကျိုး အလွန်လေးစားရသော ဆရာသခင်လည်း ဖြစ်ခဲ့ပေသည်။
ထို့ကြောင့်ပင် ရဲ့ယွီကျိုးသည် လုဘင်ကို ‘စီနီယာလု’ ဟု ခေါ်ဝေါ်ရခြင်း ဖြစ်၏။
မကြာမီမှာပင် ရဲ့ယွီကျိုး ထွက်လာခဲ့သည်။ လုဘင်ကို မြင်သည်နှင့် သူသည် လက်အုပ်ချီ၍ နှုတ်ဆက်လိုက်၏။ “နှုတ်ခွန်းဆက်သပါတယ် စီနီယာလု"
လုဘင်က ပြုံးလိုက်သည်။
“မေပယ်မြို့ကို အလုပ်ကိစ္စလေးနဲ့ ရောက်လာတာမို့ မင်းဆီကို ဝင်လည်လိုက်တာပါ”
ရဲ့ယွီကျိုး၏ နောက်တွင် ရပ်နေသော ရန်ကျဲသည် လုဘင်ကို အကဲခတ်ကြည့်ရင်း စိတ်ထဲမှ တွေးနေမိ၏။
‘ဒီလူက ဆရာကြီးထက် အသက်မကြီးပုံရတာကို ဆရာကြီးက ဘာလို့ ဒီလောက်အထိ လေးလေးစားစား ဆက်ဆံနေရတာလဲ’
ရန်ကျဲမှာ သူတို့၏ ပတ်သက်မှုကို မသိရှိရှာပေ။
“ရန်ကျဲ... လာပြီး နှုတ်ဆက်လိုက်ဦး”
ရဲ့ယွီကျိုးက လှည့်၍ ညွှန်ကြားလိုက်ရာ၊ ရန်ကျဲသည် ချက်ချင်း ရှေ့တိုးကာ ရိုသေစွာ ဦးညွှတ်လိုက်တော့သည်။
လုဘင်က ရန်ကျဲကို တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။ “အိုး... တကယ့်ကို ထူးချွန်တဲ့ လူငယ်လေးပဲ”
ရဲ့ယွီကျိုးက ဂုဏ်ယူစွာဖြင့် ပြုံးလိုက်သည်။
“သူက ကျွန်တော့်ရဲ့ နံပါတ်တစ် တပည့် ရန်ကျဲ ပါ”
ထို့နောက် ရန်ကျဲဘက်သို့ လှည့်ကာ “ဒါက ဦးလေးလုပဲ... အရင်တုန်းက သူဟာ...” ဟု ရှင်းပြရန် ပြင်လိုက်သော်လည်း၊ လုဘင်က လက်ကာပြလိုက်၏။
“အတိတ်က အကြောင်းတွေကိုတော့ ပြန်မပြောပါနဲ့တော့”
ရဲ့ယွီကျိုးမှာ စကားပင် မဆုံးလိုက်ရပေ။
ရန်ကျဲမှာ စပ်စုချင်စိတ် ရှိနေသော်လည်း မမေးဝံ့ပေ။ လူကြီးနှစ်ဦး စကားပြောချင်နေပုံရသဖြင့် သူသည် လိမ္မာပါးနပ်စွာဖြင့်ပင် ခွင့်တောင်းကာ ထွက်ခွာခဲ့တော့သည်။
သို့သော်လည်း ရန်ကျဲမှာ တကယ် ထွက်သွားခြင်း မဟုတ်ဘဲ အပြင်ဘက်တွင် စောင့်နေခဲ့၏။
အတော်ကြာပြီးနောက် ရဲ့ယွီကျိုးသည် လုဘင်ကို အိမ်ရှေ့အထိ လိုက်ပါ ပို့ဆောင်ပေးခဲ့သည်။
“ယွီကျိုး... ရပါတယ်၊ အဝေးကြီး လိုက်ပို့မနေပါနဲ့တော့... ငါ အလုပ်ကိစ္စတွေ ပြီးရင်တော့ မြို့တော်ကို တန်းပြန်တော့မှာပါ"
လုဘင်က ဆိုလိုက်၏။
ရဲ့ယွီကျိုးက ခေါင်းညိတ်ပြလိုက်သည်။
“ကျွန်တော်လည်း အခွင့်သင့်ရင် မြို့တော်က စီနီယာလုဆီကို လာလည်ပါ့မယ်”
လုဘင်က ခေါင်းညိတ်ပြပြီးနောက် လေထဲသို့ ပျံတက်ကာ ထွက်ခွာသွားတော့သည်။
လုဘင် ထွက်သွားပြီးနောက် ရန်ကျဲ ရောက်လာခဲ့၏။
“ဆရာကြီး... အဲဒီ ဦးလေးလု ဆိုတာ ဘယ်သူလဲခင်ဗျာ”
“သူက ငါ့ရဲ့ ဆရာသခင် လုယောင်ကုန်းရဲ့ တစ်ဦးတည်းသော သားပဲ... သူက အရင်တုန်းက နန်းတွင်း လက်ဝဲဗိုလ်ချုပ်ကြီး ဖြစ်ခဲ့သလို၊ အခုတော့ နန်းတွင်းရဲ့ အထူးအတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်တယ်”
ရဲ့ယွီကျိုးက ရှင်းပြလိုက်သည်။
ဤစကားကို ကြားသောအခါ ရန်ကျဲ၏ မျက်လုံးများမှာ တောက်ပသွားတော့၏။
ဤဦးလေးလု ဆိုသည်မှာ သေချာပေါက် အားကိုးထိုက်သော ပုဂ္ဂိုလ်ကြီး ဖြစ်ပေသည်။ ရဲ့ယွီကျိုးမှာ မေပယ်မြို့တွင် မြို့တော်ဝန်ရုံးကပင် ရိုသေရလောက်အောင် ထင်ရှားသော်လည်း၊ ကျောက်စိမ်းနဂါးနိုင်ငံ တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကြည့်လျှင်တော့ သူ၏ ဩဇာမှာ ထိုမျှလောက် မကြီးမားလှပေ။
ရည်မှန်းချက်ကြီးသော လူငယ်တစ်ဦးဖြစ်သည့် ရန်ကျဲသည် မိမိကိုယ်ကိုယ် ဤရေကန်ငယ်လေးနှင့် မထိုက်တန်ဟု ယူဆထားပြီး၊ ပို၍ မြင့်မားသော နေရာများကို ရည်မှန်းထားသူ ဖြစ်၏။ သူ၏ အနာဂတ်မှာ ဤမေပယ်မြို့ငယ်လေးမှာ မဟုတ်ဘဲ၊ ကျောက်စိမ်းနဂါး မြို့တော်ကြီးမှာသာ ရှိနေခြင်း ဖြစ်ပေသည်။
အကယ်၍ လုဘင်ကဲ့သို့သော ပုဂ္ဂိုလ်ကြီး၏ ထောက်ခံမှုကို ရရှိခဲ့လျှင်၊ မြို့တော်သို့ သွားရောက်ခြေချသည့်အခါ သူသည် ပို၍ ယုံကြည်မှု ရှိလာပေလိမ့်မည်။
ပို၍ အရေးကြီးသည်မှာ ထိုသူသည် လုယောင်ကုန်း၏ တစ်ဦးတည်းသော သား ဖြစ်နေခြင်းပင်။ လုယောင်ကုန်း ဆိုသည်မှာ ဘယ်သူနည်း။
သူသည် ပြီးခဲ့သည့် ရာစုနှစ်အတွင်း ကျောက်စိမ်းနဂါးနိုင်ငံ၏ အကြီးကျယ်ဆုံးသော ကျင့်ကြံသူကြီး ဖြစ်ပေသည်။ ထိုစဉ်က ကျောက်စိမ်းနဂါးနိုင်ငံမှာ ပထမတန်းစား နိုင်ငံကြီးတစ်ခု ဖြစ်ခဲ့ပြီး၊ နိုင်ငံကို စောင့်ရှောက်သည့် အဆင့် ၅ သားရဲကြီးမှာလည်း လုယောင်ကုန်း၏ သားရဲပင် ဖြစ်ခဲ့၏။
တစ်နည်းအားဖြင့် ပြောရလျှင် လုယောင်ကုန်းမှာ ပြီးခဲ့သည့် ရာစုနှစ်အတွင်း နိုင်ငံ၏ ကျောရိုးမကြီး ဖြစ်ခဲ့ပေသည်။
သို့သော်လည်း တစ်နေ့တွင် လုယောင်ကုန်းမှာ မတော်တဆမှုတစ်ခုဖြင့် အသက်ဆုံးရှုံးသွားခဲ့ရ၏။ ဤဆုံးရှုံးမှုမှာ ကျောက်စိမ်းနဂါးနိုင်ငံ တစ်နိုင်ငံလုံးကို ရိုက်ခတ်ခဲ့ပြီး၊ နိုင်ငံအဆင့်မှာ နိုင်ငံကြီးအဆင့်မှ အလတ်စားနိုင်ငံအဆင့်သို့ လျော့ကျသွားခဲ့ရတော့သည်။
ထိုအချိန်မှစ၍ ဆယ်စုနှစ်ပေါင်းများစွာ ကြာသည်အထိ လုယောင်ကုန်းကဲ့သို့သော ပညာရှင်မျိုး ထပ်မံ ပေါ်ထွက်မလာတော့ပေ။ ထိုအချက်ကြောင့်ပင် နိုင်ငံမှာ ယခင်က ဂုဏ်သိက္ခာကို ပြန်မရနိုင်တော့ဘဲ၊ လုယောင်ကုန်းကို နတ်ဘုရားတစ်ပါးကဲ့သို့ ကိုးကွယ်နေကြခြင်း ဖြစ်၏။
ဤအချက်ကပင် လုဘင်၏ ဩဇာ မည်မျှကြီးမားကြောင်း သက်သေပြနေပေသည်။
ရန်ကျဲမှာ ထိုပုဂ္ဂိုလ်ကြီးနှင့် ရင်းနှီးခွင့်ရရန် မစောင့်နိုင်တော့သဖြင့် မေးလိုက်၏။
“ဆရာကြီး... ဦးလေးလုက မေပယ်မြို့ကို ဘာကိစ္စနဲ့ လာတာလဲခင်ဗျာ”
သို့သော် ရဲ့ယွီကျိုးက ခေါင်းခါလိုက်၏။
“ငါ မေးကြည့်ပေမဲ့ သူက မပြောဘူး... အလွန် အရေးကြီးတဲ့ ကိစ္စတစ်ခု ရှိတယ်လို့ပဲ ပြောတယ်”
ရဲ့ယွီကျိုးကိုယ်တိုင်လည်း သိချင်နေပုံရ၏။
လုဘင်၏ အရေးကြီးသော တာဝန်မှာ လင်းကျင်းကို ကျောက်စိမ်းနဂါး မြို့တော်သို့ ဖိတ်ကြားရန် ဖြစ်ကြောင်း သူတို့ မသိကြပေ။ ဆဋ္ဌမမင်းသမီး ဟယ်ယုက သူမ၏ ကျေးဇူးရှင်ကို တွေ့ဆုံချင်သည်ဟု တောင်းဆိုခဲ့ခြင်း ဖြစ်၏။
လင်းကျင်း နေသည့်နေရာကို သိထားသဖြင့် လုဘင်သည် လင်းကျင်း၏ အိမ်သို့ တန်းသွားလိုက်တော့သည်။
သို့သော် လင်းကျင်းမှာ အိမ်မှာ ရှိမနေပေ။
သူသည် အလျင်မလိုသဖြင့် အနီးနားရှိ လက်ဖက်ရည်ဆိုင်လေးတစ်ခုတွင် ထိုင်ကာ လက်ဖက်ရည်တစ်အိုး မှာလိုက်ပြီး၊ လင်းကျင်းအပြန်ကို စောင့်နေလိုက်၏။
သို့သော် အံ့ဩစရာကောင်းသည်မှာ ညမိုးချုပ်သည်အထိ လင်းကျင်း ပြန်မလာသေးခြင်းပင်။
လုဘင် ဇဝေဇဝါ ဖြစ်သွားရ၏။
‘လင်းကျင်း တစ်ယောက် ဘယ်တွေ သွားနေတာပါလိမ့်’ ဟု သူ တွေးနေမိသည်။
သို့သော်လည်း ဘယ်လောက်ပဲ အလုပ်များနေပါစေ ညမိုးချုပ်ပြီဖြစ်ရာ လင်းကျင်း ပြန်လာလိမ့်မည်ဟု သူ ယူဆထား၏။
ထို့ကြောင့် လုဘင်သည် ဆက်လက် စောင့်ဆိုင်းနေခဲ့သည်။
လက်ဖက်ရည်ဆိုင် ပိတ်ရမည့်အချိန် ရောက်သောအခါ၊ လုဘင်သည် ဘေးအိမ်၏ ခေါင်မိုးပေါ်သို့ ခုန်တက်ကာ ဆက်စောင့်နေလိုက်၏။
သို့သော် သန်းခေါင်ကျော်သည့်တိုင်အောင် လင်းကျင်း၏ အရိပ်အယောင်ကို မတွေ့ရသေးပေ။
လုဘင် စိတ်မရှည်တော့ပေ။ သူသည် ဖြစ်နိုင်ခြေတစ်ခုကို စဉ်းစားလိုက်၏။ လင်းကျင်းက အိမ်ထဲမှာပဲ ရှိနေတာများလား။
မဖြစ်နိုင်သလောက် ရှိသော်လည်း၊ ဖြစ်နိုင်ခြေတော့ ရှိပေသည်။
သန်းခေါင်ယံ အချိန်ဖြစ်ပြီဖြစ်ရာ လုဘင်သည် လင်းကျင်း၏ ခြံထဲသို့ ခုန်ဆင်းလိုက်တော့၏။
သူ၏ ခြေထောက် မြေပြင်ပေါ်သို့ ရောက်သည်နှင့် တစ်ပြိုင်နက် လုပင်းသည် အန္တရာယ် အရှိန်အဝါကို ခံစားလိုက်ရသည်။
ဤနေရာမှာ တင်းကျပ်စွာ ပိတ်ပင်ထားသော နယ်မြေတစ်ခုကဲ့သို့ လည်းကောင်း၊ အန္တရာယ်ရှိသော သားရဲများ၏ ဂူတစ်ခုကဲ့သို့ လည်းကောင်း၊ မီးပင်လယ်ကြီးတစ်ခုကဲ့သို့ လည်းကောင်း ခံစားလိုက်ရခြင်း ဖြစ်၏။
စစ်မြေပြင်တွင် ကျင်လည်ခဲ့သူပီပီ လုဘင်သည် သေဘေးနှင့် ကြိမ်ဖန်များစွာ ရင်ဆိုင်ခဲ့ဖူးသဖြင့် အန္တရာယ်ကို သိလွယ်သော အာရုံ ရှိပေသည်။ သို့သော် ဤကဲ့သို့ သေးငယ်သော ခြံဝင်းလေးထဲမှာ ဘာအန္တရာယ် ရှိနိုင်မည်နည်း။
လုဘင် သံသယ ဖြစ်သွား၏။
သူသည် ရှေ့မတိုးတော့ဘဲ အိမ်ဘက်သို့ လှမ်းခေါ်လိုက်သည်။ “အကဲဖြတ်မှူးလင်း... အိမ်မှာ ရှိလားခင်ဗျာ”
သူသည် အပြင်ဘက်သို့ အသံမထွက်အောင် ဂါထာဖြင့် ထိန်းချုပ်ထားသော်လည်း၊ အိမ်ထဲက လူကတော့ ရှင်းရှင်းလင်းလင်း ကြားနိုင်ပေသည်။
အကယ်၍ အိမ်ထဲမှာ လူတစ်ယောက် အိပ်ပျော်နေလျှင်တောင်မှ ဤခေါ်သံကို သေချာပေါက် ကြားနိုင်၏။
ခဏ စောင့်ကြည့်သော်လည်း ဘာတုံ့ပြန်မှုမှ မရှိပေ။
အိမ်ထဲမှာ လူမရှိတာ သေချာသလောက် ရှိနေပြီ။
ဒါက ထူးဆန်းလှ၏။
ဤမျှ နောက်ကျသည့်အချိန်အထိ လင်းကျင်း ဘယ်ရောက်နေမှန်း လုဘင် နားမလည်နိုင်ဖြစ်နေရသည်။ သူက တခြားမှာ အိမ်ရှိနေသေးတာလား။
ဖြစ်နိုင်ပေသည်။
“ငါ ပေါ့ဆသွားတယ်... မလာခင် သူ့ကို အရင် စုံစမ်းသင့်တာ”
လုဘင်က အနည်းငယ် စိတ်ပျက်စွာ ရေရွတ်လိုက်၏။ သူ ပြန်ရန် ပြင်လိုက်သော်လည်း၊ ရုတ်တရက် အရှေ့ဘက် ပေအနည်းငယ် အကွာတွင် ရပ်နေသော ကြက်ဖကြီး တစ်ကောင်ကို တွေ့လိုက်ရသည်။
ထိုကြက်ဖကြီးသည် လမ်းလျှောက်ရာတွင် ဘာအသံမှ မထွက်သဖြင့် လုဘင် အစောပိုင်းက သတိမထားမိခဲ့ခြင်း ဖြစ်၏။ ထိုသတ္တဝါ ဘယ်အချိန်က ရောက်လာမှန်းတောင် သူ မသိလိုက်ပေ။
မေပယ်မြို့ရှိ လူအများစုမှာ အချိန်သိရန် ကြက်များကို မွေးတတ်ကြသည်မှာ မဆန်းသော်လည်း၊ ဤကြက်ဖကြီးကတော့ လုံးဝ ကွဲပြားနေပေသည်။
အသွင်အပြင်အရ ကြည့်လျှင် သာမန်ထက် ကြွက်သား ပိုတောင့်တင်းပြီး လှပသော အမွှေးအတောင်များ ရှိနေသည်မှအပ ထူးခြားမှု မရှိဟု ထင်ရသော်လည်း၊ တကယ့် ထူးခြားချက်မှာ ထိုကြက်ဖကြီး၏ မျက်လုံးများပင် ဖြစ်၏။
ထိုသတ္တဝါသည် လုဘင်ကို သေချာ စိုက်ကြည့်နေခြင်း ဖြစ်ပေသည်။
လုဘင်သည် ထိုကြက်ဖကြီးဆီမှ အန္တရာယ် အရှိန်အဝါကို ခံစားလိုက်ရ၏။
ဒါက တကယ့်ကို ထူးဆန်းလှပေသည်။
နန်းတွင်း လက်ဝဲဗိုလ်ချုပ်ကြီးဟောင်း ဖြစ်ခဲ့ပြီး၊ အခုလည်း အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦးဖြစ်သည့် သူက ကြက်တစ်ကောင်ကို ကြောက်လန့်နေရသည် တဲ့လား။
ကြက်ဖများမှာ သူတို့၏ နယ်မြေကို အလွန်ကာကွယ်တတ်ကြမှန်း လုဘင် သိပေသည်။ သူက ခြံထဲသို့ အတင်းဝင်လာခဲ့သဖြင့် ကြက်ဖကြီး၏ ရန်လိုမှုကို ခံရခြင်းမှာ သဘာဝကျလှ၏။
ဒါပေမဲ့ ပြဿနာက... ဒီအန္တရာယ် ခံစားချက်က ဘယ်ကနေ လာတာလဲ။
လုဘင်သည် ဒေါသကြောင့် အမွှေးအတောင်များ ထောင်နေသော ထိုကြက်ဖကြီးကို သေချာ ကြည့်လိုက်တော့မှ အဖြေကို သိသွားတော့၏။
ဒါက သာမန်ကြက် မဟုတ်ဘဲ သားရဲတစ်ကောင် ဖြစ်နေခြင်းပင်။ ပြီးတော့ အဆင့်လည်း အတော်မြင့်ပုံရသည်၊ သေချာပေါက် အဆင့် ၃ ဖြစ်ရမည်။ ဤအဆင့်ရှိသော သတ္တဝါမျိုးကသာ လုဘင်ကို အန္တရာယ် ရှိသည်ဟု ခံစားရစေနိုင်ခြင်း ဖြစ်၏။
“အကဲဖြတ်မှူးလင်းရဲ့ ခြံထဲမှာ အဆင့် ၃ သားရဲ ရှိနေလိမ့်မယ်လို့ ဘယ်သူ ထင်မှာလဲ”
လင်းကျင်းသည် သာမန်လူ မဟုတ်မှန်း သိထားသဖြင့် လုဘင်သိပ်တော့ မအံ့ဩတော့ပေ။
သူသည် ခြံထဲကနေ ထွက်ရန် ပြင်လိုက်၏။
သို့သော်လည်း ရုတ်တရက် သူ၏ နောက်ကျောဘက်မှ လေတိုးသံနှင့်အတူ တိုက်ခိုက်မှုတစ်ခု ရောက်လာခဲ့သည်။ လုဘင် အံ့အားသင့်သွားပြီး ချက်ချင်းပင် နောက်လှည့်ကာ ပြန်လည် ခုခံလိုက်တော့၏။
ဖြတ်ခနဲ...
လုဘင်သည် တစ်စုံတစ်ခုကို ရိုက်မိလိုက်သလို ခံစားလိုက်ရသော်လည်း၊ သူ၏ ရင်ဘတ်က အင်္ကျီမှာလည်း လက်သည်းဖြင့် အဆွဲခံလိုက်ရကာ ပြဲထွက်သွားတော့သည်။ အကယ်၍ သူ၏ တုံ့ပြန်မှုသာ မမြန်ခဲ့လျှင် သူသည် သေချာပေါက် ဒဏ်ရာရသွားပေလိမ့်မည်။
ဒါက လုဘင်ကို ထိတ်လန့်သွားစေတော့၏။
အရှေ့ဘက်တွင် အမည်းရောင် မြူခိုးများ ဝဲပျံနေပြီး၊ အမှောင်ထဲတွင် ဝံပုလွေတစ်ကောင်၏ ပုံရိပ်ကို ဝေဝါးစွာ မြင်လိုက်ရသည်။
၎င်းမှာ ရှည်လျားပြီး သွယ်လျသော ကိုယ်ထည်ရှိကာ၊ ဓားကဲ့သို့ ထက်မြက်သော လက်သည်းများ ရှိသည့် သတ္တဝါ ဖြစ်၏။ ထိုဝံပုလွေဆီမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေပေသည်။
‘နောက်ထပ် အဆင့် ၃ သားရဲ တစ်ကောင်’
လုဘင်၏ ဦးရေပြားများပင် ထုံကျဉ်သွားရတော့၏။ ဤသာမန်ဟု ထင်ရသော ခြံဝင်းလေးထဲမှာ အဆင့် ၃ သားရဲ နှစ်ကောင်တောင် ရှိနေသလို၊ ထိုသားရဲနှစ်ကောင်စလုံးမှာလည်း ထူးခြားသော သွေးမျိုးဆက်များ ရှိနေကြခြင်း ဖြစ်၏။
အထူးသဖြင့် အမှောင်ထဲမှာ ကိုယ်ယောင်ဖျောက်နိုင်သည့် ထိုဝံပုလွေမှာ သေချာပေါက် သူ၏ သွေးမျိုးဆက်ကို နိုးထစေခဲ့ပြီး ဖြစ်ရမည်။ ထိုသို့သာ မဟုတ်လျှင် ဤကဲ့သို့ ထူးဆန်းသော စွမ်းအားကို အသုံးပြုနိုင်လိမ့်မည် မဟုတ်ပေ။
လုဘင်သည် မိမိ၏ အစွမ်းကို သိပေသည်။ သူ၏ သွေးသစ္စာစာချုပ်မှာ ဆဋ္ဌမနယ်ပယ်တွင် ရှိသော်လည်း၊ သူ၏ သားရဲမှာတော့ အဆင့် ၃ သာ ရှိသေး၏။ သူ၏ သားရဲမှာ ရှားပါးမျိုးနွယ်ဖြစ်ပြီး အလွန်အစွမ်းထက်သည့်တိုင်အောင်၊ အဆင့် ၃ သားရဲ နှစ်ကောင်ကို တစ်ပြိုင်နက် ရင်ဆိုင်ရန်မှာ အလွန် အန္တရာယ်များလှပေသည်။
ထို့အပြင် တကယ် တိုက်ခိုက်ကြမည်ဆိုလျှင် နောင်တစ်ချိန် လင်းကျင်းကို ဘယ်လို မျက်နှာပြရမည်နည်း။
လုဘင်သည် ချက်ချင်းပင် နောက်ဆုတ်လိုက်၏။ ကံကောင်းသည်မှာ သူ၏ အထူးကျွမ်းကျင်မှုကြောင့် ခြေဖျားဖြင့် တစ်ချက်ခုန်လိုက်သည်နှင့် လေထဲသို့ ပျံတက်သွားပြီး၊ ခြံနှင့် ပေတစ်ရာခန့် ဝေးရာသို့ ရောက်သွားတော့သည်။
ထူးဆန်းသည်မှာ သူ ခြံထဲက ထွက်လိုက်သည်နှင့် အန္တရာယ် ခံစားချက်မှာ ချက်ချင်း ပျောက်ကွယ်သွားခြင်းပင်။
ထိုကြက်ဖကြီးနှင့် အမှောင်ထဲက ဝံပုလွေမှာ သူ့နောက်သို့ လိုက်မလာခဲ့ကြပေ။
လုဘင်သည် စိတ်ကို ပြန်ထိန်းကာ ခါးသီးစွာ ပြုံးလိုက်မိ၏။
သူ့ကဲ့သို့သော အဆင့်အတန်းရှိသူ တစ်ဦးက သေးငယ်သော ခြံဝင်းလေးတစ်ခုထဲမှာ ခြောက်လှန့်ခြင်း ခံလိုက်ရသည် ဆိုသည်မှာ... ဤသတင်းသာ အပြင်ထွက်သွားလျှင် ဘယ်သူမှ ယုံကြမည် မဟုတ်ပေ။
နောက်ဆုံးတွင် သူသည် အကဲဖြတ်မှူးလင်းမှာ မည်မျှ ထူးခြားကြောင်း တွေးမိလိုက်တော့သည်။
ကျောက်စိမ်းနဂါးနိုင်ငံကဲ့သို့သော အလတ်စားနိုင်ငံတစ်ခုတွင် အဆင့် ၃ သားရဲများမှာ ရှားပါးသည်တော့ မဟုတ်သော်လည်း၊ နေရာတိုင်းမှာ တွေ့နိုင်သည်တော့ မဟုတ်ပေ။ အထင်ကရ မိသားစုကြီးများ၊ မြို့အသီးသီးရှိ ကျင့်ကြံသူများအသင်းများနှင့် အစိုးရ အဖွဲ့အစည်းများတွင်သာ ထားရှိတတ်ကြ၏။
လင်းကျင်း၏ သေးငယ်သော ခြံဝင်းလေးထဲမှာတင် ထိုကဲ့သို့သော သားရဲ နှစ်ကောင် ရှိနေပြီ ဖြစ်၏။ ခြံစောင့်နေသည့် သားရဲများကပင် အဆင့် ၃ ဖြစ်နေလျှင်၊ လင်းကျင်း၏ ကိုယ်ပိုင် သွေးသစ္စာပြုထားသော သားရဲမှာလည်း သေချာပေါက် အဆင့် ၃ ဖြစ်ရပေလိမ့်မည်။
ဒါဆိုရင် အဆင့် ၃ သားရဲ စုစုပေါင်း သုံးကောင်တောင် ရှိနေတာပေါ့။
ဤသို့ တွက်ချက်လိုက်မိသောအခါ လုဘင်၏ မျက်ခွံများမှာပင် တုန်ခါသွားရတော့၏။
သို့သော်လည်း ဤအချက်ကပင် လင်းကျင်း၏ ထူးချွန်မှုကို သက်သေပြနေခြင်း ဖြစ်ပေသည်။ လင်းကျင်း၏ နောက်ကွယ်မှာ အလွန်ကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ရှိနေမှာ သေချာသည်ဟု လုဘင် ယုံကြည်လိုက်မိ၏။ ထိုသို့သာ မဟုတ်လျှင် ထိုကဲ့သို့ လူငယ်လေးတစ်ယောက်က ဤမျှလောက်အထိ အောင်မြင်နိုင်စရာ အကြောင်းမရှိပေ။
ဘာပဲဖြစ်ဖြစ် သာမန်လူတစ်ယောက်ဆိုလျှင် ‘ရေကိုးလွှာ တိမ်တိုက်ဆေးလုံး’ ဖော်မြူလာကို အလွယ်တကူ ပေးလိမ့်မည် မဟုတ်ပေ။
လင်းကျင်းအပေါ် လုဘင်၏ စပ်စုချင်စိတ်မှာ ပို၍ ကြီးမားလာခဲ့၏။
“ငါတို့ ကျောက်စိမ်းနဂါးနိုင်ငံက အခုဆိုရင် ပြည်တွင်းရော ပြည်ပမှာပါ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီ... အကယ်၍ လင်းကျင်းသာ ငါတို့ကို ကူညီပေးနိုင်မယ်ဆိုရင်၊ သူ့ကို နန်းတွင်းရဲ့ အထူးအတိုင်ပင်ခံ ပုဂ္ဂိုလ်တစ်ဦးအဖြစ် ခန့်အပ်ဖို့ ထောက်ခံပေးတာက ကောင်းလိမ့်မယ်”
လုပင်းက မိမိကိုယ်ကိုယ် တီးတိုး ရေရွတ်လိုက်တော့သည်။
အခန်း (၁၇၆) - ကျုပ် တကယ် အလုပ်ရှုပ်နေတာ
လင်းကျင်းက အိမ်မှာ မရှိသဖြင့် လုဘင်အနေဖြင့် ဆက်လက် စောင့်ဆိုင်းနေရုံမှတစ်ပါး အခြားမရှိပေ။
လုဘင်သည် မိမိ၏ လက်ရှိ အခြေအနေကို ပြန်တွေးကြည့်ရင်း ရယ်ချင်ပတ်ချင် ဖြစ်မိသွား၏။ သူ၏ အဆင့်အတန်းနှင့်ဆိုလျှင် မေပယ်မြို့တော်ဝန်နှင့် တွေ့ဆုံလျှင်ပင် ထိုမြို့တော်ဝန်ကသာ သူ့ကို စောင့်ရမည် ဖြစ်သည်။ လုဘင်တစ်ယောက် ဘယ်တုန်းကများ လူတစ်ယောက်ကို ဒီလောက်အထိ စောင့်ခဲ့ရဖူးလို့လဲ။
လင်းကျင်းနှင့် တွေ့ပြီးကတည်းက သူသည် အမြဲတမ်း အလျှော့ပေးနေခဲ့ရခြင်း ဖြစ်၏။
အရင်တစ်ခေါက်ကလည်း မင်းသမီးအတွက် ဆေးတောင်းရန် ထိုလူငယ်လေးကို တောင်းပန်တိုးလျှိုးခဲ့ရဖူးသည်။
အခုလည်း တစ်ညလုံး အေးစိမ့်သော လေထဲမှာ သူ့ကို စောင့်နေရပြန်ပြီ။
ဘာပဲဖြစ်ဖြစ် ဤအကြောင်းကိုတော့ လုဘင် ဘယ်သူ့ကိုမှ ပြောပြမည် မဟုတ်ပေ။ အရှက်ရစရာ ကောင်းသော်လည်း တစ်ဖက်တွင်လည်း တန်ဖိုးရှိလှပေသည်။ လင်းကျင်းပေးခဲ့သော ဆေးဖော်မြူလာကြောင့် ဆဋ္ဌမမင်းသမီး၏ ဝေဒနာများစွာ သက်သာသွားခဲ့ရ၏။ မင်းသမီးကိုယ်တိုင်က တွေ့ချင်သည်ဟု တောင်းဆိုထားသဖြင့် လုပင်းအနေဖြင့် တစ်ညလုံး စောင့်ရလျှင်ပင် ငြိုငြင်မည် မဟုတ်ပေ။
နောက်ဆုံးတွင် အရုဏ်တက်ခါနီးအချိန်၌ လူတစ်ယောက် လမ်းလျှောက်လာသည်ကို လုဘင် မြင်လိုက်ရသည်။ ၎င်းမှာ လင်းကျင်းပင် ဖြစ်၏။
လင်းကျင်း၏ နောက်တွင် သူ၏ သားရဲကလည်း ကပ်ပါလာပေသည်။
ထိုအခါ လုဘင်သည် ခေါင်မိုးပေါ်မှ ချက်ချင်း ခုန်ဆင်းကာ လင်းကျင်း၏ ရှေ့တွင် ပိတ်ရပ်လိုက်တော့၏။
“အကဲဖြတ်မှူးလင်း”
လုဘင်က နှုတ်ဆက်လိုက်သည်။
မမျှော်လင့်ဘဲ ရုတ်တရက် ပေါ်လာသဖြင့် လင်းကျင်းမှာ လန့်သွားရ၏။
မနက်စောစောစီးစီး လူတစ်ယောက်က ကောင်းကင်ပေါ်ကနေ ရှေ့တည့်တည့်ကို ခုန်ဆင်းလာလျှင် ဘယ်သူမဆို လန့်သွားမှာ အမှန်ပင်။
ကြည့်လိုက်တော့ လုဘင် ဖြစ်နေသဖြင့် လင်းကျင်း ကြောင်သွားရသည်။
“ခင်ဗျား ဘာလို့ ဒီမှာ ရှိနေတာလဲ... နေပါဦး... အစောပိုင်းက ဆေးဖော်မြူလာက အာနိသင် မရှိလို့လား”
လင်းကျင်းက အလိုအလျောက် မေးလိုက်မိ၏။
လုဘင်မှာ ခဏတာ ဆွံ့အသွားပြီးမှ အခြေအနေကို နားလည်သွားတော့သည်။
“မဟုတ်ပါဘူး... လုံးဝ မဟုတ်ပါဘူး အကဲဖြတ်မှူးလင်း... အမှန်တော့ ကျုပ် ကျေးဇူးလာတင်တာပါ... ‘ရေကိုးသွယ် တိမ်တိုက်ဆေးလုံး’ က အရမ်းထိရောက်လို့ သခင်လေးလည်း အများကြီး သက်သာနေပါပြီ... အဲဒါကြောင့် သူက ကျွန်တော့်ကို ကျေးဇူးတင်စကား ပြောခိုင်းလိုက်လို့ ရောက်လာတာပါ”
ဩော်... ပြဿနာလာရှာတာ မဟုတ်ဘူးပဲ။
ဒါဆိုရင်တော့ အေးဆေးပေါ့။
လင်းကျင်းသည် သားရဲပြတိုက်၏ ကုသမှုနည်းလမ်းက အလုပ်မဖြစ်မှာကို စိုးရိမ်နေခဲ့ခြင်း ဖြစ်၏။ ထိုစဉ်က သူသည် စေတနာနှင့် ကူညီပေးခဲ့ရုံသာ ဖြစ်သဖြင့် ဤကိစ္စကို မေ့သလောက်ပင် ဖြစ်နေပြီ။ အကယ်၍သာ လုဘင်က လပေါင်းများစွာ ကြာမှ ပေါ်လာလျှင် လင်းကျင်းအနေဖြင့် ထိုသူကိုပင် မှတ်မိတော့မည် မဟုတ်ပေ။
“ကျေးဇူးတင်စရာ မလိုပါဘူး...ကျုပ်က တစ်ခုခု ပြန်ရဖို့ မျှော်လင့်ပြီး လုပ်ပေးခဲ့တာ မဟုတ်ဘူး... တခြား ဘာမှ မရှိတော့ဘူးဆိုရင်တော့ ခင်ဗျား ပြန်လို့ ရပါပြီ”
လင်းကျင်းက ဆိုလိုက်၏။ လုဘင်မှာ သာမန်လူ မဟုတ်မှန်း သူ သိထားပြီးသား ဖြစ်သည်။
ပြီးခဲ့သည့် တစ်ခေါက်ကတည်းက သူ သိခဲ့ခြင်း ဖြစ်၏။
လုပင်း၏ ကျင့်ကြံမှုအဆင့်က မြင့်မားပြီး သူ၏ သားရဲမှာလည်း ထူးခြားရုံသာမက၊ သူသည် သယ်ယူပို့ဆောင်ရေး လင်းယုန်ငှက်ကြီးကိုပင် အလွယ်တကူ ခေါ်ယူနိုင်စွမ်း ရှိသည်။ သူသည် သေချာပေါက် ချမ်းသာကြွယ်ဝပြီး အဆင့်အတန်း မြင့်မားသူ ဖြစ်ရမည်။ သို့သော်လည်း ထိုဝတ်စုံလဲထားသည့် အမျိုးသမီးဆီမှ လင်းကျင်း ခံစားလိုက်ရသော ကျိန်စာမှာ အလွန် ကြောက်စရာကောင်းလှ၏။ သားရဲပြတိုက်၏ အဖြေအများစုမှာပင် ထိုကျိန်စာကို အချိန်ဆွဲထားရန်သာ ဖြစ်သဖြင့်၊ တစ်ဖက်လူမှာ ပြဿနာထုပ်ကြီး ဖြစ်လိမ့်မည်ဟု လင်းကျင်း တွက်ဆထားသည်။
ထို့ကြောင့်ပင် ဤကိစ္စထဲတွင် သူ အများကြီး ပါဝင်မပတ်သက်ချင်ခြင်း ဖြစ်၏။
“အကဲဖြတ်မှူးလင်း... ခဏလောက် စောင့်ပါဦး"
လုဘင်က သူ့နောက်သို့ အမြန်လိုက်လာသည်။ သူသည် လင်းကျင်းကို ကျောက်စိမ်းနဂါး မြို့တော်သို့ ဧည့်သည်အဖြစ် ဖိတ်ကြားရန် အဝေးကြီးမှ လာခဲ့ခြင်း ဖြစ်ရာ၊ ဤမျှလွယ်လွယ်နှင့်တော့ အရှုံးမပေးနိုင်ပေ။
“တခြား ကိစ္စရှိသေးလို့လား”
လင်းကျင်းက သူ့ကို တစ်ချက် ကြည့်လိုက်၏။
လင်းကျင်းက သူ့ကို အိမ်ထဲသို့ ဖိတ်ရန် အစီအစဉ် မရှိမှန်း လုဘင် သိလိုက်သဖြင့်၊ သူ လာရင်း ရည်ရွယ်ချက်ကိုသာ တန်းပြောလိုက်တော့သည်။
“ကျုပ်က အကဲဖြတ်မှူးလင်းကို ကျောက်စိမ်းနဂါး မြို့တော်ဆီ ဧည့်သည်အဖြစ် ဖိတ်ချင်လို့ပါ... ကျုပ်ရဲ့ သခင်လေးက အကဲဖြတ်မှူးလင်းရဲ့ ဆေးဖော်မြူလာအတွက် ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ထမင်းတစ်နပ်လောက် တည်ခင်း ဧည့်ခံချင်လို့ပါ”
လုဘင်သည် မိမိ၏ ဖိတ်ကြားမှုကို လင်းကျင်းက လက်ခံလိမ့်မည်ဟု ယုံကြည်နေသော်လည်း၊ လက်တွေ့မှာတော့ ရေအေးနှင့် အပက်ခံလိုက်ရသလို ဖြစ်သွားတော့၏။
“စိတ်မရှိပါနဲ့... ကျုပ် အလုပ်များနေလို့ပါ”
လင်းကျင်းက ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
လုဘင်၏ လက်ဖျားများပင် တုန်သွားရ၏။
ငြင်းပယ်ခံရမည်ဟု သူ တွေးထားခဲ့သော်လည်း၊ ဤမျှ တိုက်ရိုက်ကြီး ငြင်းလိမ့်မည်ဟုတော့ မထင်ထားခဲ့ပေ။ ထိုလူငယ်လေးသည် စဉ်းစားဟန်ပင် မပြခဲ့ချေ။
“အကဲဖြတ်မှူးလင်း... ပြန်ပြီး စဉ်းစားပေးပါဦး၊ ဘာလို့လဲဆိုတော့...”
လုဘင်က ဤအခွင့်အရေးမှာ ရှားပါးလှကြောင်း ပြောရန် ပြင်လိုက်သော်လည်း၊ လင်းကျင်းက ခေါင်းခါလိုက်၏။
“ကျုပ် တကယ် အလုပ်ရှုပ်နေလို့ပါ... ဒါမှမဟုတ် ခင်ဗျား နောက်ထပ် အချိန်အနည်းငယ်လောက် ထပ်စောင့်နိုင်မလား”
လင်းကျင်းက အကြောင်းပြချက် ပေးနေခြင်း မဟုတ်ပေ။
သူ တကယ် အလုပ်ရှုပ်နေခြင်း ဖြစ်၏။ ဒီညမှာ ဧည့်ခန်းမ ပြန်ပွင့်တော့မည် ဖြစ်ရာ သူ ပြင်ဆင်စရာတွေ ရှိနေသည် မဟုတ်ပါလား။
ဒီည ဧည့်ခန်းမထဲမှာ ‘အဘိုးကြီးရဲ့’ ကို ကောင်းကောင်းကြီး ဧည့်ခံကျွေးမွေးဖို့ သူ စီစဉ်ထားသည်။
ဒါ့အပြင် သူသည် ရှန်အာနှင့် အခြားသူများကိုလည်း နေ့တိုင်း သင်ခန်းစာ ပေးနေရသေး၏။ အထူးသဖြင့် မျောက်ဖြူကြီးမှာ သူ၏ ကျင့်ကြံမှုတွင် အရေးကြီးသော အလှည့်အပြောင်းကို ရောက်နေသဖြင့် လင်းကျင်း ဘေးမှာ ရှိနေပေးရန် လိုအပ်သည်။ ပြီးတော့ ကျင့်ကြံသူများအသင်း၏ တပည့်များ ပြိုင်ပွဲကလည်း မကြာမီ ရောက်တော့မည်။
ထိုပြိုင်ပွဲတွင် ရရှိမည့် ‘နဂါးသွေးဆေးလုံး’ မှာ ရှောင်ဟော့၏ နောက်ထပ် အဆင့်မြင့် အဆင့်တက်မှုအတွက် အလွန် အရေးကြီးသဖြင့်၊ လင်းကျင်းအနေဖြင့် ဤအချိန်တွင် အမှားအယွင်း မခံနိုင်ပေ။
ထို့ကြောင့်ပင် ဘယ်သူကပဲ ဖိတ်ဖိတ်၊ လင်းကျင်းကတော့ အားလုံးကို ငြင်းပယ်နေခြင်း ဖြစ်ပေသည်။
လုဘင်မှာ စိတ်တိုလွန်းသဖြင့် မျက်ခွံများပင် တုန်နေသော်လည်း ဘာမှ မတတ်နိုင်ပေ။ ဘာပဲဖြစ်ဖြစ် သူက လင်းကျင်းကို ဧည့်သည်အဖြစ် လာဖိတ်ခြင်း ဖြစ်ရာ၊ တစ်ဖက်လူက အားမနာလျှင်လည်း သူက အတင်းအကျပ် မလုပ်နိုင်ပေ။
ကံကောင်းသည်မှာ လင်းကျင်းက လုံးဝကြီး ငြင်းလိုက်ခြင်း မဟုတ်ပေ။ သူ၏ အလုပ်များ ပြီးသွားလျှင်တော့ လာခဲ့မည်ဟု ပြောခဲ့သည် မဟုတ်ပါလား။
“ဒါဆိုရင်တော့... နောက် ရက်အနည်းငယ် ကြာမှပဲ ကျုပ် ပြန်လာခဲ့ပါ့မယ်”
လုဘင်က ဆိုလိုက်ရတော့သည်။
သူ့မှာ အားကိုးရာမဲ့သလို ခံစားလိုက်ရ၏။ ကျောက်စိမ်းနဂါးနိုင်ငံထဲမှာ သူ ဖိတ်လို့ မရတဲ့လူ ရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သို့သော်လည်း လုဘင် ဒေါသမထွက်မိပေ။ သူ ဘယ်လို ဒေါသထွက်နိုင်မှာလဲ။ လင်းကျင်းက ဆဋ္ဌမမင်းသမီး၏ ကျေးဇူးရှင် ဖြစ်သလို၊ သူ၏ ထူးချွန်မှုကို ကြည့်လျှင်လည်း နောက်ကွယ်မှာ ကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ရှိနေမှာ သေချာလှသည်။
ဟုတ်သားပဲ... ဒီကိစ္စကို သူ စုံစမ်းရဦးမည်။
လမ်းညွှန်မှုနှင့် ထောက်ပံ့မှု မရှိဘဲနဲ့ အဆင့် ၃ သားရဲ သုံးကောင်တောင် ဘယ်လိုလုပ်ပြီး သူ့ဘေးမှာ ရှိနေနိုင်မှာလဲ။ ကျောက်စိမ်းနဂါး နန်းတွင်းမိသားစုဝင်တွေမှာတောင် ဤကဲ့သို့ အခွင့်ထူးမျိုး မရှိကြပေ။
လုဘင်သည် လင်းကျင်းအကြောင်းကို သေချာ စုံစမ်းရန် ဆုံးဖြတ်လိုက်၏။ သူတို့ အရင်က စုံစမ်းထားခဲ့သည်မှာ ရေပေါ်က ရေခဲတောင်အဖျားလေးမျှသာ ဖြစ်မှာ သေချာပေသည်။
လုဘင် ထွက်ခွာသွားတော့သည်။
သူသည် အခြေအနေကို ဆဋ္ဌမမင်းသမီးထံ သတင်းပို့ရမည် ဖြစ်သလို၊ လင်းကျင်းကို စုံစမ်းရန်အတွက်လည်း လူများကို စီစဉ်ရဦးမည် ဖြစ်၏။
လင်းကျင်း ခြံထဲသို့ ဝင်လိုက်သည်နှင့် ရွှေဝါလေးနှင့် အရိပ်ဝံပုလွေတို့က သူ့အနားသို့ ချက်ချင်း ဝိုင်းလာကြတော့သည်။ ရွှေဝါလေးက တတွတ်တွတ် အသံပေးနေပြီး၊ အရိပ်ဝံပုလွေကလည်း သူ စကားပြောရန် ကြိုးစားနေသည့် အသံများကို ထူးဆန်းစွာ ပြုလုပ်နေ၏။
လင်းကျင်းတွင် နောက်ထပ် စွမ်းရည်တစ်ခု ရှိနေသေးသည်။
၎င်းမှာ သားရဲများ၏ အတွေးကို သူ ဖတ်နိုင်ခြင်းပင် ဖြစ်၏။ ဟုတ်ပါတယ်... ဒါက ရိုးရှင်းတဲ့ စိတ်ချင်း ဆက်သွယ်မှုမျိုးသာ ဖြစ်ပြီး၊ ထိုသတ္တဝါ ဘာကို ဆိုလိုချင်သလဲဆိုသည့် အပေါ်ယံ အဓိပ္ပာယ်ကိုသာ သူ နားလည်နိုင်ခြင်း ဖြစ်ပေသည်။
ဥပမာအားဖြင့် အခုဆိုလျှင် ရွှေဝါလေးနှင့် အရိပ်ဝံပုလွေတို့က သူ မရှိခိုက် ခြံထဲသို့ လူတစ်ယောက် ကျူးကျော်ဝင်ရောက်လာကြောင်း ပြောနေခြင်း ဖြစ်မှန်း သူ သိပေသည်။ အဓိက အချက်မှာ ထိုကျူးကျော်သူကို သူတို့က မောင်းထုတ်လိုက်နိုင်သည် ဆိုသည့် အချက်ပင်။
ကြည့်ရတာ သူတို့က ကျေးဇူးတင်စကား ကြားချင်နေပုံရ၏။
လင်းကျင်းက ရွှေဝါလေးနှင့် အရိပ်ဝံပုလွေ၏ ခေါင်းကို ပုတ်ပေးရင်း ချီးကျူးလိုက်တော့သည်။
ကျူးကျော်သူအကြောင်း ကြားရသောအခါ လင်းကျင်း မအံ့ဩပေ။ ၎င်းမှာ အစောပိုင်းက လုဘင်မှတစ်ပါး အခြား မရှိနိုင်ပေ။
အကယ်၍သာ တခြားလူဆိုလျှင် ဤမျှလွယ်လွယ်နှင့် ပြန်ထွက်သွားနိုင်လိမ့်မည် မဟုတ်ပေ။ လုပင်းကဲ့သို့ ထူးခြားသော ပညာရှင်မျိုးမှသာ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခြင်း ဖြစ်ပေလိမ့်မည်။
လင်းကျင်းသည် လုဘင်က ဘယ်သူလဲဆိုသည်ကို အကြမ်းဖျင်း သိထား၏။
အချုပ်အားဖြင့် ပြောရလျှင် ထိုသူမှာ ကျောက်စိမ်းနဂါး မြို့တော်မှ အဆင့်မြင့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပေသည်။ ကျောက်စိမ်းနဂါး မြို့တော်မှာ နိုင်ငံ၏ မြို့တော်ဖြစ်ပြီး၊ နန်းတွင်းမိသားစုဝင်များနှင့် ကဏ္ဍပေါင်းစုံမှ အထင်ကရ ပုဂ္ဂိုလ်များ စုဝေးရာ နေရာလည်း ဖြစ်၏။ မေပယ်မြို့ကဲ့သို့ သေးငယ်သော နေရာမှာ ထိုမြို့တော်နှင့် ယှဉ်လျှင် ဘာမှ မဟုတ်ပေ။ လုဘင်နှင့် ထိုဝတ်စုံလဲထားသော အမျိုးသမီးမှာ မြို့တော်မှ အရေးပါသော ပုဂ္ဂိုလ်များ ဖြစ်မှာ သေချာပေသည်။
သို့သော်လည်း လင်းကျင်းသည် လုဘင်ကို စိတ်ဆိုးအောင် လုပ်မိမှာကို မစိုးရိမ်ပေ။
ဘာကြောင့်လဲဆိုတော့ လုဘင်က လင်းကျင်းကို အားကိုးနေရသောကြောင့် ဖြစ်၏။
ထိုအမျိုးသမီး၏ သားရဲဝိညာဉ်ကျိန်စာမှာ အသေးအဖွဲ မဟုတ်ပေ။ လင်းကျင်း ထိုအကြောင်းကို အနည်းငယ် သုတေသန လုပ်ကြည့်ခဲ့ဖူး၏။ ပြတိုက်မှာ ထိုကျိန်စာကို အမြစ်ပြတ် ဖယ်ရှားနိုင်သည့် နည်းလမ်း ရှိသော်လည်း၊ ၎င်းမှာ အလွန်တရာ ခက်ခဲလှပေသည်။
ဘယ်လောက်တောင် ခက်ခဲသလဲ ဆိုလျှင်။
လင်းကျင်းကိုယ်တိုင်ပင် ထိုကျိန်စာကို ဖယ်ရှားပေးနိုင်ရန် ယုံကြည်မှု အပြည့်အဝ မရှိပေ။
တန်လင်း၏ ကျိန်စာမှာလည်း သားရဲဝိညာဉ်ကျိန်စာပင် ဖြစ်သော်လည်း၊ ၎င်းမှာ ဖြေရှင်းရ ပိုလွယ်ကူပေသည်။ ဤအချက်ကပင် သားရဲဝိညာဉ်ကျိန်စာများတွင် အဆင့်အတန်း ကွဲပြားမှု ရှိကြောင်း ပြသနေခြင်း ဖြစ်၏။ အချို့မှာ ဖြေရှင်းရ လွယ်ကူသော်လည်း၊ ပို၍ ရှုပ်ထွေးသော ကျိန်စာများအတွက်မူ ထိုသို့ မဟုတ်ပေ။
ထိုအမျိုးသမီးအတွက်ကြောင့်ပင် လုဘင်သည် လင်းကျင်းကို တစ်စုံတစ်ရာ နစ်နာအောင် လုပ်ဝံ့မည် မဟုတ်ကြောင်း လင်းကျင်း ကောင်းကောင်း သိပေသည်။
အခု အလုပ်များနေတဲ့ အချိန်တွေ ပြီးသွားရင်တော့ လင်းကျင်းအနေဖြင့် လုဘင်နောက်ကို မြို့တော်အထိ လိုက်သွားဖို့ ဝန်မလေးပေ၊ ဒါပေမဲ့ အခုတော့ သူ တကယ် အချိန်မရှိသေးပေ။
ဒီနေ့ သူ၏ အကြီးမားဆုံး တာဝန်မှာ ဧည့်ခန်းမ ပွင့်မည့်အချိန်ကို စောင့်ဆိုင်းနေခြင်းပင်။
ဘာကြောင့်လဲဆိုတော့ လင်းကျင်းသည် ရှောင်ဟော့၏ အဆင့်တက်မှုအတွက် လိုအပ်သော ပစ္စည်းများကို သူ၏ ဧည့်သည်များထံမှ ရယူရမည် ဖြစ်သောကြောင့် ဖြစ်၏။ အကယ်၍ သူကိုယ်တိုင်သာ ရှာဖွေမည်ဆိုလျှင် ထိုပစ္စည်းများ စုံလင်ရန် အနည်းဆုံး တစ်နှစ်ခန့် ကြာနိုင်သလို၊ ငွေကြေးအမြောက်အမြားလည်း ကုန်ကျပေလိမ့်မည်။
ဒါက အဆိုးဆုံး မဟုတ်သေးပေ။
အချို့ပစ္စည်းများကို ဝိညာဉ်ကျောက်တုံးနှင့်မှသာ ဝယ်ယူ၍ ရနိုင်ပြီး၊ အချို့မှာမူ ရှားပါးလွန်းသဖြင့် ငွေရှိလျှင်ပင် ဈေးကွက်ထဲမှာ ဝယ်၍ မရနိုင်ပေ။
အဆင့်မြင့် သားရဲတစ်ကောင် ရရှိရန်အတွက် ကုန်ကျစရိတ်မှာ ‘တွင်းနက်ကြီး’ တစ်ခုကဲ့သို့ပင်။ အဆင့် ၂ အထိမှာတော့ လက်ခံနိုင်စရာ ရှိသေးသော်လည်း၊ အဆင့် ၃ နှင့် အထက်ဆိုလျှင်တော့ သာမန်မိသားစုတစ်ခုအနေဖြင့် မတတ်နိုင်တော့သည့် အနေအထား ဖြစ်၏။
ဥပမာအားဖြင့် ဇူမိသားစုမှာ သူတို့၏ ခေါင်းနှစ်လုံးပါ မြွေကို အဆင့် ၃ ရောက်အောင် ပြင်ဆင်ရန်အတွက် အချိန်အတော်ကြာအောင် ကြိုးစားခဲ့ရသည် မဟုတ်ပါလား။
လင်းကျင်းမှာတော့ အခုအချိန်အထိ ကံကောင်းခဲ့သော်လည်း၊ အခု ရှောင်ဟော့ကို အဆင့် ၄ ရောက်အောင် လုပ်ချင်သောအခါတွင်မူ၊ သူ၏ လက်ရှိ ငွေကြေး စုဆောင်းမှုနှင့်ဆိုလျှင် အဆင့်တက်မှု ဖြစ်စဉ်အတွက် လိုအပ်သော ကုန်ကျစရိတ်များကို တောင့်ခံနိုင်စရာ အကြောင်းမရှိပေ။
ကံကောင်းသည်မှာ ဧည့်ခန်းမ၏ အကူအညီကြောင့် လင်းကျင်းတွင် ပစ္စည်းများ စုဆောင်းရန် လမ်းကြောင်းသစ်တစ်ခု ရှိလာခြင်း ဖြစ်ပေသည်။
မဟုတ်လျှင်တော့ လင်းကျင်းသည် ရှောင်ဟော့ကို အမြန်ဆုံး အဆင့်တက်အောင် ကူညီပေးချင်ပါက၊ ငွေအမြောက်အမြား ကုန်ကျမည့်အပြင် သာမန်နည်းလမ်းကိုသာ ရွေးချယ်နိုင်ပေလိမ့်မည်။ ပြီးပြည့်စုံသော အဆင့်တက်မှုကိုတော့ သူ တောင့်ခံနိုင်မည် မဟုတ်ပေ။
ဧည့်ခန်းမကြီးသည် တစ်နေ့တွင် ထာဝရ ပိတ်သွားမလား ဆိုသည်ကို ဘယ်သူမှ မသိနိုင်ပေ။ ထို့ကြောင့် လင်းကျင်း၏ နောက်ထပ် လုပ်ဆောင်ရမည့် အလုပ်မှာ သူ၏ ငွေကြေး အခြေအနေကို ပြုပြင်ရန် ဖြစ်၏။
စည်းစိမ်ဥစ္စာ မရှိဘဲနှင့် သူ၏ သားရဲကို နောက်တစ်ဆင့် တက်အောင် လုပ်ဖို့ဆိုသည်မှာ မဖြစ်နိုင်ပေ။
ဤသို့ ဖြစ်နေသည့်တိုင်အောင် လင်းကျင်းမှာတော့ အေးအေးဆေးဆေးပင် ရှိနေ၏။ သူသည် ပုံမှန်အတိုင်း သားရဲအကဲဖြတ်မှူး အသင်းသို့ သွား၍ အလုပ်လုပ်ကာ သူ၏ တပည့်များကို အကဲဖြတ်ခြင်း ပညာရပ်များ သင်ကြားပေးလိုက်သည်။ အခုဆိုလျှင် ကျားချန်းပါ ကူညီပေးနေသဖြင့် လင်းကျင်းအတွက် ပို၍ သက်သာသွားရ၏။
ကျားချန်းမှာ နံပါတ်တစ် တပည့်ဟူသော ဘွဲ့နှင့် ထိုက်တန်လှပေသည်။ သူမသည် တကယ်ကို အရည်အချင်းရှိသော အကဲဖြတ်မှူးတစ်ဦး ဖြစ်ပြီး၊ လွန်ခဲ့သော ရက်အနည်းငယ်က လင်းကျင်း၏ လမ်းညွှန်မှုကို ရရှိပြီးနောက်တွင် သူမ၏ စွမ်းရည်မှာ သိသိသာသာ တိုးတက်လာခဲ့၏။ လင်းကျင်း၏ အမြင်တွင်တော့ ကျားချန်းမှာ လက်ရှိတွင် တရားဝင် သားရဲအကဲဖြတ်မှူးတစ်ဦးနှင့် မခြားတော့ပေ။
သူမသည် တရားဝင် အကဲဖြတ်မှူး အဆင့်သို့ ရောက်ရန် နီးစပ်နေပြီ ဖြစ်ရာ၊ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သောအခါတွင် သူမ၏ တိုးတက်မှုမှာ ပို၍ မြန်ဆန်လာခဲ့ခြင်း ဖြစ်၏။
လင်းကျင်း စိတ်အေးလက်အေး ရှိနေသော်လည်း၊ ဧည့်ခန်းမမှ ဧည့်သည်များမှာတော့ ထိုသို့ မဟုတ်ကြပေ။
ကျင့်ကြံသူများအသင်းတွင် ရဲ့ယွီကျိုးသည် တစ်နေကုန် ဧည့်သည်များကို ငြင်းပယ်နေခဲ့၏။ မနက်ပိုင်းတွင် ရန်ကျဲကို သင်ခန်းစာ ပေးသည်မှအပ၊ ကျန်အချိန်များတွင် ဘယ်သူ့ကိုမှ အနှောင့်အယှက် မပေးခိုင်းပေ။
သေချာတာပေါ့... ရဲ့ယွီကျိုးသည် နှစ်ပေါင်းများစွာအတွင်း သူ စုဆောင်းထားခဲ့သော ရှားပါးပစ္စည်းများကိုလည်း ပြင်ဆင်ထားခဲ့ပေသည်။ အချို့ကို သူကိုယ်တိုင် အသုံးပြုရန်ပင် နှမြောနေသော်လည်း၊ ၎င်းတို့ကို ဧည့်ခန်းမသို့ ယူဆောင်သွားရန် သူ ဆုံးဖြတ်ထား၏။
ဘာပဲဖြစ်ဖြစ် ဒါက ပြတိုက်မှူး၏ တောင်းဆိုချက် မဟုတ်ပါလား။ မာနကြီးသော ရဲ့ယွီကျိုးကို လက်လျှော့ အရှုံးပေးခိုင်းနိုင်သူမှာ လက်တစ်ဆုပ်စာမျှသာ ရှိ၏။ တစ်ယောက်က သူ၏ ဆရာသခင် လုယောင်ကုန်း ဖြစ်ပြီး၊ နောက်တစ်ယောက်ကတော့ ကျောက်စိမ်းနဂါးနိုင်ငံ၏ လက်ရှိ ဧကရာဇ်မင်းမြတ်ပင် ဖြစ်သည်။ အခုတော့ ပြတိုက်မှူး ပါဝင်လာခဲ့ပြီ ဖြစ်၏။
အခြားသူများနှင့် ယှဉ်လျှင် ပြတိုက်မှူးမှာ ရဲ့ယွီကျိုးအတွက် ပို၍ ဆန်းကြယ်ပြီး ထူးခြားလှပေသည်။
သူသည် ဒီနေ့ ပြတိုက်မှူးကို မေးစရာ မေးခွန်းများစွာ ပြင်ဆင်ထားသဖြင့်၊ ထိုလူကိုလည်း တစ်ခုခု ပြန်ပေးရမှာ မဟုတ်ပါလား။
အဝေးတစ်နေရာရှိ ကျောက်စိမ်းနဂါး မြို့တော်တွင်တော့ သတ္တမမင်းသမီး ဟယ်ချန်းမှာလည်း ရဲ့ယွီကျိုးကဲ့သို့ပင် စိတ်လှုပ်ရှားနေမိ၏။
သူမသည် ယခုတစ်ကြိမ်တွင် အလွန် စိုးရိမ်နေမိခြင်း ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က သူမသည် သူမ၏ အစ်မဖြစ်သူ ဟယ်ယုဆီမှ သွေးအချို့ကို ယူကာ ဖန်ပုလင်းငယ်တစ်ခုထဲတွင် သိမ်းဆည်းထားခဲ့၏။
ယခင်က ပြတိုက်မှူး ပြောခဲ့သည်မှာ သားရဲဝိညာဉ်ကျိန်စာကို ဖြေရှင်းချင်လျှင် စစ်ဆေးမှုတစ်ခု ပြုလုပ်ရမည်ဟု ဆိုသည်။ ကျိန်စာမိနေသူကို ကိုယ်တိုင် ခေါ်လာရန်မှာ မဖြစ်နိုင်သဖြင့်၊ သူမသည် လူနာ၏ သွေးနမူနာကို ယူဆောင်သွားရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။ ထို့ကြောင့်ပင် ဟယ်ချန်းသည် ဟယ်ယုကို သွေးထုတ်ပေးရန် ဖျောင်းဖျခဲ့ရခြင်း ဖြစ်ပေသည်။
သို့သော်လည်း ဟယ်ယု၏ ကျိန်စာမှာ အသေးအဖွဲ မဟုတ်မှန်း ဟယ်ချန်း သိပေသည်။ ပြတိုက်မှူးက သိနိုင်ပါ့မလား။ သူက ကျိန်စာကို ဖျက်ဆီးပေးနိုင်ပါ့မလား။
ဘယ်သူမှ မသိနိုင်ပေ။
အကယ်၍ ပြတိုက်မှူးပင် မကူညီနိုင်ခဲ့လျှင် ဘယ်လိုလုပ်မလဲ။
ဤသို့ တွေးမိလေလေ ဟယ်ချန်းမှာ ပို၍ စိုးရိမ်လာလေလေ ဖြစ်တော့၏။