← Chapters

အခန်း (၁၇၇-၁၇၈)

Vol. 9 Ch. 177-178

အခန်း (၁၇၇-၁၇၈)

Vol. 9 Ch. 177-178

အခန်း (၁၇၇) - ဝိညာဥ်ကလေးငယ်မိခင််နှင့် ခေါင်းတလားလူသား

သာမန် လူနေအိမ်လေးတစ်လုံးထဲတွင် ဝိညာဥ်ကလေးငယ်မိခင်သည်် သူမ၏ ရင်ခွင်ထဲမှ ပုခက်စွဲလေးကို ပွေ့ပိုက်ရင်း ခုံတန်းလျားတစ်ခုပေါ်တွင် တိတ်ဆိတ်စွာ ထိုင်နေ၏။

သူမကို မသိသောသူများအဖို့မူ မိမိ၏ ကလေးငယ်ကို အိပ်စက်စေရန် ငြင်သာစွာ ချော့မြှူနေသည့် လှပသော အိမ်ရှင်မငယ်လေးတစ်ဦးဟုသာ ထင်မှတ်ကြပေလိမ့်မည်။

သူမ၏ ဘေးတွင် သေတ္တာအချို့ကို ချထား၏။ ထိုသစ်သားသေတ္တာများကို တင်းကျပ်စွာ ပိတ်ထားသော်လည်း၊ ဆေးဘက်ဝင် အပင်များ၏ ပြင်းရှသော ရနံ့များမှာ အပြင်သို့ ပျံ့လွင့်နေပေသည်။

သူမ ထိုသို့ ထိုင်နေရင်းပင် နေ့လယ်ခင်း အချိန်၌ တစ်စုံတစ်ယောက် အိမ်ထဲသို့ ဝင်လာခဲ့၏။

ဒါက ဝိညာဥ်ကလေးငယ်မိခင်ကို ဇဝေဇဝါ ဖြစ်သွားစေသည်။

ဘာကြောင့်လဲဆိုတော့ သူမ လက်ရှိ ရှိနေသည့် ရွာမှ ရွာသားများမှာ ကြောက်လန့်တကြား ထွက်ပြေးသွားကြပြီ ဖြစ်ရာ၊ သူမ၏ အနီးအနား မိုင်ပေါင်းများစွာအတွင်း ဘယ်သူမှ မလာဝံ့ကြတော့သောကြောင့် ဖြစ်၏။

ဤအချက်ကပင် သရဲသူငယ်မသည် အခြားသူများအပေါ် မည်မျှ ထိတ်လန့်တုန်လှုပ်စေသလဲ ဆိုသည်ကို သက်သေပြနေပေသည်။

သူမသည် လူများကို ခြောက်လှန့် မောင်းထုတ်ရခြင်းကိုလည်း ယဉ်ပါးနေပြီ ဖြစ်၏။

အတိတ်က အတွေ့အကြုံများအရ သူမ၏ အမည်ကို ကြားလိုက်သည်နှင့် ဘယ်သူမှ သူမအနားသို့ မချဉ်းကပ်ဝံ့ကြပေ။

သူမ၏ ခေါင်းပေါ်တွင် တင်ထားသော ဆုကြေးငွေကို မက်မောသည့် လူမိုက်များမှလွဲလျှင်ပေါ့။ သို့သော် ထိုကဲ့သို့သော လူမိုက်ပေါင်းများစွာမှာလည်း သူမကို တိုက်ခိုက်ရန် ကြိုးစားရင်း အသက်ပျောက်ခဲ့ကြရပြီ ဖြစ်သည်။

“နောက်ထပ် ဆုကြေးရှာတဲ့ လူတစ်ယောက်လား... နှမြောဖို့ကောင်းလိုက်တာ၊ ငါက ပြတိုက်မှူးကို လူမသတ်ပါဘူးလို့ ကတိပေးထားမိတယ်... တကယ်ကို စိတ်ညစ်ဖို့ကောင်းတာပဲ”

ဝိညာဥ်ကလေးငယ်မိခင်၏ လက်ချောင်းလေးများမှာ အနည်းငယ် တုန်ယင်နေ၏။ သူမ၏ ဖြူစင်သော သွားလေးများမှာလည်း အချင်းချင်း ကြိတ်မိနေပြီး၊ သူမ၏ လူသတ်ချင်စိတ်ကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားရပုံရပေသည်။

လူသတ်ချင်စိတ်ကို အောင့်အည်းထားရခြင်းမှာ အမြဲတမ်း နာကျင်လှပေသည်။

သူမ၏ လူသတ်ဗီဇ မနိုးထလာစေရန်အတွက်၊ သူမသည် အပြစ်မဲ့သူများကို သေဘေးမှ ကင်းဝေးစေရန် ရည်ရွယ်၍ မိမိ၏ အမည်ကို အတိအလင်း ပြောကာ ခြောက်လှန့်လေ့ ရှိ၏။

ဘာပဲဖြစ်ဖြစ် သူမသည် နှစ်ပေါင်းများစွာအတွင်း ခံစားခဲ့ရသော နာကျင်မှုများကို လူသတ်ခြင်းဖြင့်သာ ဖြေဖျောက်ခဲ့ရခြင်း ဖြစ်သည်။ သူမသည် ထိုအလေ့အထကို စွဲလမ်းနေပြီ ဖြစ်သော်လည်း၊ ပြတိုက်မှူးမှာ အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်ဖြစ်နေသဖြင့် သူမအနေဖြင့် သူ့စကားကို နားထောင်နေရခြင်း ဖြစ်ပေသည်။

သို့သော်လည်း သူမ မော့ကြည့်လိုက်သောအခါတွင်မူ သူမ၏ အမူအရာမှာ ပြောင်းလဲသွားတော့၏။

ရောက်လာသူမှာ အမျိုးသားတစ်ဦး ဖြစ်သည်။ ထွားကျိုင်းပြီး အေးစက်သော အမူအရာရှိသည့် အမျိုးသားတစ်ဦးပင်။

သူ၏ အသားအရောင်မှာ အစိမ်းနှင့် ခရမ်းရောင် ရောယှက်နေပြီး ထူးဆန်းလှ၏။ သို့သော် အထူးခြားဆုံး အချက်မှာ သူ၏ နောက်ကျောတွင် ခေါင်းတလားကြီး တစ်လုံးကို ထမ်းထားခြင်းပင် ဖြစ်ပေသည်။

ခေါင်းတလားလူသား...။

သူသည် ဝိညာဥ်ကလေးငယ်မိခင်နှင့် အစွမ်းချင်း တူညီသော သို့မဟုတ် ပို၍ပင် သာလွန်နိုင်သော လူဆိုးဂိုဏ်းဝင် ပညာရှင်တစ်ဦး ဖြစ်၏။ သူ၏ ရက်စက်ကြမ်းကြုတ်မှုမှာလည်း သူမထက်ပင် သာလွန်လှပေသည်။

သူသည် တကယ့် သေမင်းတမန် တစ်ဦးပင်။

ခေါင်းတလားလူသားသည် ဘာသတိပေးချက်မှ မရှိဘဲ အိမ်ထဲသို့ ဝင်လာခဲ့ရာ၊ သူ ထမ်းလာသော ခေါင်းတလားကြီးကြောင့် သေးငယ်သော အိမ်လေးမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားသလို ခံစားလိုက်ရတော့သည်။

လေအေးတစ်ချက်မှာ ဝိညာဥ်ကလေးငယ်မိခင်ကို ဖြတ်ကျော်တိုက်ခတ်သွားပြီး၊ ထိုလေနှင့်အတူ လတ်လတ်ဆတ်ဆတ် သေဆုံးထားသော အလောင်းများဆီမှ ထွက်ပေါ်လာသည့် ညှီစော်နံသော သွေးနံ့များ ပါလာခဲ့၏။

ခေါင်းတလားလူသားသည် မကြာသေးမီကပင် လူအမြောက်အမြားကို သတ်ဖြတ်ခဲ့မှန်း သူမ သိလိုက်ပေသည်။

ထိုသေဆုံးသူများမှာ ဤရွာမှ ရွာသားများ ဖြစ်ရမည်ဟု ခန့်မှန်းရမခက်ပေ။

ထိုရွာသားများမှာ ဝေးဝေးမပြေးနိုင်ဘဲ အနီးနားတွင် ပုန်းအောင်းနေခဲ့ကြခြင်း ဖြစ်ပေလိမ့်မည်။ ဝိညာဥ်ကလေးငယ်မိခင်က သူတို့ကို မသတ်ဘဲ လွှတ်ပေးထားခဲ့သော်လည်း၊ အဆုံးတွင်တော့ ခေါင်းတလားလူသား၏ လက်ထဲမှာ အသက်ပျောက်ခဲ့ကြရပြီ ဖြစ်သည်။

ခေါင်းတလားလူသား ထိုနေရာမှာ ရပ်နေရုံနှင့်ပင် ဖော်ပြမတတ်အောင် အန္တရာယ်ရှိသော အရှိန်အဝါများ ထွက်ပေါ်နေ၏။

“မတွေ့တာ ကြာပြီနော် ဝိညာဥ်ကလေးငယ်... မင်း ဒီနားမှာ ရှိနေတယ်လို့ ကြားလို့ ငါ လာလည်တာပါ”

ခေါင်းတလားလူသားက အက်ကွဲပြီး နက်ရှိုင်းသော အသံဖြင့် ပြောလိုက်သည်။ သူ၏ လေယူလေသိမ်းမှာ ဝေးလံသော တောင်ပေါ်ရွာသားတစ်ဦးကဲ့သို့ ထူးဆန်းလှ၏။

အထူးခြားဆုံးမှာ သူ စကားပြောနေစဉ်တွင် သူ၏ နှုတ်ခမ်းများမှာ လှုပ်ရှားမှု မရှိခြင်းပင်။ ဗိုက်ထဲကနေ စကားပြောနေသလိုမျိုး ဖြစ်နေ၏။

ထိုသို့ ပြောပြီးနောက် သူသည် ရှေ့သို့ တစ်လှမ်း တိုးလိုက်သည်။

ဝိညာဥ်ကလေးငယ်မိခင်၏ ဆံပင်များမှာ ချက်ချင်းပင် ထောင်ထသွားတော့၏။ သူမက အေးစက်စွာ အော်ဟစ်လိုက်သည်။

“ပြန်ဆုတ်လိုက်... နင့်ဆီက အနံ့က အရမ်းနံတယ်”

ဒါကလည်း ဖြစ်သင့်ပေသည်။ သူ ထမ်းထားသော ဆွေးမြည့်နေသည့် ခေါင်းတလားကြီးဆီမှ ပုပ်စော်နံသော အနံ့များ ထွက်နေသလို၊ ခေါင်းတလားလူသားကိုယ်တိုင်ကလည်း တစ်သက်လုံး ရေမချိုးခဲ့သူပီပီ သူ၏ ကိုယ်နံ့မှာ မိုင်ပေါင်းများစွာအထိ ရောက်နိုင်ပေသည်။

ခေါင်းတလားလူသားသည် ခြေလှမ်း ရပ်လိုက်၏။

“ဝိညာဥ်ကလေးငယ်... ငါတို့က မိတ်ဟောင်းဆွေဟောင်းတွေပဲကို၊ ဘာလို့ ငါ့ကို ဒီလောက်အထိ ငြင်းပယ်နေရတာလဲ”

ခေါင်းတလားလူသားက ထူးဆန်းစွာ ရယ်မောလိုက်သည်။ ထိုရယ်သံမှာ သေခါနီး ကလေးငယ်တစ်ဦး၏ အော်သံထက်ပင် ပို၍ နားမခံသာလှပေ။

ဝိညာဥ်ကလေးငယ်မိခင်က သူ့ကို ဂရုမစိုက်တော့ဘဲ ကောင်းကင်ယံကိုသာ မော့ကြည့်နေလိုက်၏။

ဆန်းကြယ်သော ဧည့်ခန်းမကြီးသည် ဒီနေ့ ပြန်ပွင့်မည်ကို သူမ သိသော်လည်း၊ အချိန်အတိအကျကိုတော့ သူမ မသိပေ။ သို့သော်လည်း ဒါက အရေးမကြီးပေ၊ သူမ စောင့်နိုင်ပါသည်။

ဘယ်လောက်ပဲ ကြာကြာပေါ့။

“ငါ ကြားတာတော့ မင်း ပစ္စည်းအချို့ကို ရှာဖို့ နိုင်ငံငယ်လေးအချို့ကို သွားခဲ့တယ် ဆိုတာပဲ... ဒါပေမဲ့ တစ်ယောက်ကိုမှ မသတ်ခဲ့ဘူးဆိုတာကတော့ အံ့ဩစရာပဲနော်”

ခေါင်းတလားလူသားက စကားစလိုက်သည်။ ခေတ္တရပ်ပြီးမှ သူက ဆက်ပြော၏။

“ဒါက မင်းရဲ့ စတိုင် မဟုတ်ဘူး... တစ်ခုခု ဖြစ်ခဲ့လို့လား”

ဝိညာဥ်ကလေးငယ်မိခင်က သူ့ကို ကြည့်ပင်မကြည့်ဘဲ ပြန်ဖြေလိုက်၏။

“ဒါ နင့်အလုပ် မဟုတ်ဘူး”

ခေါင်းတလားလူသားမှာ ပြန်ပြောစရာ မရှိတော့ဘဲ ခေတ္တမျှ တိတ်ဆိတ်သွားကြပြန်သည်။

သူသည် ပြန်မသွားဘဲ ထိုနေရာမှာပင် ရပ်နေ၏။ အတော်ကြာမှ သူက ပြောလိုက်၏။

“ငါတို့ အရင်တုန်းက ဘယ်လောက်တောင် ဂုဏ်သိက္ခာရှိပြီး လွတ်လပ်ခဲ့ကြသလဲ... အကယ်၍သာ အဲဒီကိစ္စကြီး မဖြစ်ခဲ့ရင် ငါတို့ အခုဆိုရင်...”

ဒိုင်း...

မမြင်ရသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ခေါင်းတလားလူသားကို အိမ်ထဲမှနေ၍ ခြံပြင်သို့ ပေနှစ်ဆယ်ခန့် လွင့်ထွက်သွားအောင် တွန်းထုတ်လိုက်တော့၏။ သူ၏ ခြေထောက်များမှာ မြေပြင်ပေါ်တွင် မြဲမြံစွာ နင်းထားသဖြင့် မြေပြင်ပေါ်တွင် ရှည်လျားသော မျဉ်းကြောင်းကြီး နှစ်ခု ဖြစ်ပေါ်သွားသည်။ သစ်သားတိုင်များ ကျိုးပဲ့ကုန်ပြီး မြေကြီးများ လွင့်စင်ကာ ကျောက်တုံးများမှာလည်း အက်ကွဲကုန်တော့၏။

ထိုမျဉ်းကြောင်း၏ အဆုံးတွင် ခေါင်းတလားလူသား ရပ်နေ၏။ သူ ကိုင်ထားသော သံကြိုးများမှာ တုန်ခါနေပြီး အချင်းချင်း ရိုက်မိသံများ ထွက်ပေါ်နေသည်။

ထိုအသံမှာ စနစ်တကျ မတီးခတ်ထားသော ပစ်ပါစောင်းသံကဲ့သို့ပင်။

ခေါင်းတလားလူသားက ရယ်မောလိုက်သော်လည်း၊ ၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော အသံသာ ဖြစ်၏။

“ဘာလို့လဲ... ဘာလို့ မင်းကိုယ်မင်း ဒီလောက်အထိ နှိပ်စက်နေရတာလဲ”

သူ့အသံမှာ သီချင်းဆိုနေသလိုမျိုး ထူးဆန်းသော လေယူလေသိမ်း ရှိနေပေသည်။

ထိုစဉ်မှာပင် ဝိညာဥ်ကလေးငယ်မိခင်သည် သူမ၏ ကလေးငယ်ကို ပွေ့လျက် အိမ်ထဲမှ ထွက်လာခဲ့၏။ သူမ၏ မျက်နှာမှာ ကြောက်မက်ဖွယ်ကောင်းအောင် ပြောင်းလဲသွားပြီး၊ ဘာစကားမှ မပြောဘဲ တိုက်ခိုက်တော့သည်။

ခေါင်းတလားလူသားလည်း ပြန်လည် ခုခံရုံမှတစ်ပါး အခြားမရှိပေ။

လူဆိုးဂိုဏ်းဝင် ပညာရှင်ကြီး နှစ်ဦးမှာ ချက်ချင်းပင် တိုက်ပွဲ ဖြစ်ပွားကြတော့၏။

ပြင်းထန်သော အသံများ ဟိန်းထွက်လာပြီး၊ ခဏချင်းမှာပင် ရွာ၏ တစ်ဝက်ခန့်မှာ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်ခံလိုက်ရသလို ပျက်စီးသွားတော့သည်။ သို့သော်လည်း သူတို့နှစ်ဦးမှာ ရပ်တန့်မသွားဘဲ တစ်ယောက်ကိုတစ်ယောက် သေအောင် သတ်ရန်သာ ကြိုးစားနေကြ၏။

တိုက်ပွဲမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့သည်။

ရွာထဲမှသည် ရွာပြင်အထိ။ သူတို့ တောင်ပေါ်သို့ တက်တိုက်သည့်အခါ တောင်ကြီးမှာ ပြိုကျပျက်စီးသွား၏။ မြစ်ထဲမှာ တိုက်ခိုက်သည့်အခါ မြစ်ရေများမှာလည်း လွင့်စင်ကုန်တော့သည်။ သို့သော်လည်း သူတို့၏ အစွမ်းမှာ တူညီနေသဖြင့် ဘယ်သူကမှ တစ်ဖက်လူကို အလဲမထိုးနိုင်ခဲ့ကြပေ။

ရုတ်တရက် ဝိညာဥ်ကလေးငယ်မိခင်က ရပ်လိုက်၏။ သူမသည် နောက်လှည့်ကာ ထွက်သွားတော့သည်။

“မတိုက်တော့ဘူးလား”

ခေါင်းတလားလူသားက ဒေါသတကြီး အော်ဟစ်လိုက်၏။

ဘာတုံ့ပြန်မှုမှ မရှိပေ။

ခေါင်းတလားလူသားက ထူးဆန်းစွာ ရယ်မောလိုက်ပြန်သည်။

“မင်းက မင်းရဲ့ စိတ်ပျက်မှုတွေကို လာပြီး ဖွင့်ထုတ်လိုက်တာလား... ဘာလို့လဲ ဝိညာဥ်ကလေးငယ်... ဘာလို့ မင်းကိုယ်မင်း ထိန်းချုပ်နေရတာလဲ... ငါ့ကို ပြောစရာ ရှိရင် ပြောစမ်းပါ... မင်း နေရာအနှံ့မှာ ရတနာတွေ စုဆောင်းနေပေမဲ့ အဲဒါတွေကို ဆေးလုံးဖြစ်အောင် လုပ်ပေးမယ့်သူ ရှိပုံမရဘူး... အဲဒါ ဘာလို့လဲ.. ပြီးတော့ နဂိုရှိနေတဲ့ ‘အသက်ချင်းဆက်ခြင်း’ကို မင်း ဘယ်လို ဖျက်လိုက်တာလဲ... အဲဒီ အဆက်အသွယ် ပြတ်သွားပြီးတဲ့နောက်မှာတောင် မင်းရဲ့ ကလေးက ဘာလို့ အသက်ရှင်နေရတာလဲ... ငါ့ကို ပြောစမ်းပါ ဝိညာဥ်ကလေးငယ်"

ဝိညာဥ်ကလေးငယ်မိခင်က သူ့ကို ပြန်မဖြေပေ။ သူမသည် ပျက်စီးနေသော ရွာထဲသို့ ပြန်ဝင်သွားကာ အစောပိုင်းက အိမ်လေးထဲသို့ ပြန်ဝင်သွား၏။ ၎င်းမှာ မပျက်မစီး ကျန်နေသော နေရာအနည်းငယ်ထဲမှ တစ်ခု ဖြစ်ပေသည်။

အသက်အန္တရာယ်ရှိသော တိုက်ပွဲကြီးအပြီးတွင် ဝိညာဥ်ကလေးငယ်မိခင်မှာ အတော်လေး စိတ်ပေါ့ပါးသွားပုံရ၏။ အချိန်အတော်ကြာအောင် ထိန်းချုပ်ထားခဲ့ရသော စိတ်ဖိစီးမှုများကို ဖွင့်ထုတ်ရန် လမ်းကြောင်းတစ်ခု လိုအပ်နေခဲ့ခြင်း ဖြစ်ပေသည်။

သူမသည် လူသတ်ချင်စိတ်ကို ထိုသို့သာ ဖွင့်ထုတ်လိုက်ခြင်း ဖြစ်၏။

ဒါပါပဲ...

ခေါင်းတလားလူသားသည် သူမနောက်သို့ လိုက်လာခဲ့သည်။

သူ၏ စပ်စုချင်စိတ်မှာ အထွက်အထိပ်သို့ ရောက်နေပေပြီ။

“ဝိညာဥ်ကလေးငယ်.... မင်း ဒီလို လုပ်နေတာမှာ အကြောင်းရင်း တစ်ခုခုတော့ ရှိရမယ်... မင်းက မပြောဘူးဆိုတော့ ငါပဲ ခန့်မှန်းကြည့်ရတာပေါ့” ဟု ဆိုကာ ခေါင်းတလားလူသားက ရှင်းပြရန် ကြိုးစားလိုက်၏။

“ဒီ အသက်ချင်းဆက်ခြင်း နည်းလမ်းဆိုတာ သာမန်လူတစ်ယောက် ဖျက်နိုင်တဲ့ ဂါထာမျိုး မဟုတ်ဘူး... ဒါကို အတင်းအကျပ် ဖျက်လိုက်ရင် မင်း အသက်ရှင်နိုင်ပေမဲ့ မင်းရဲ့ ကလေးကတော့ သေချာပေါက် သေရလိမ့်မယ်... ဒါပေမဲ့ အခုတော့ သူက မသေဘူး... ဒါကို မင်းကိုယ်တိုင် လုပ်ခဲ့တာ မဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ မင်းသာ ဒီလို လုပ်နိုင်စွမ်း ရှိရင် ကလေးရဲ့ အသက်ကို ဆွဲထားဖို့ ဒီနည်းလမ်းကို သုံးမှာ မဟုတ်ဘူး... ဆိုလိုတာက မင်းကို ကူညီပေးတဲ့သူ တစ်ယောက် ရှိရမယ်... ပြီးတော့ အဲဒီလူက တကယ့်ကို အစွမ်းထက်တဲ့ ပညာရှင်တစ်ယောက် ဖြစ်ရမယ်”

ခေါင်းတလားလူသားက သူ့ဘာသာသူ ရေရွတ်နေတော့သည်။

ဝိညာဥ်ကလေးငယ်မိခင်မှာတော့ ခေါင်းတလားလူသား၏ စကားကို ဂရုမစိုက်ဘဲ သူမ၏ ပုခက်စွဲလေးကိုသာ အထူးတလည် ပွေ့ပိုက်နေလိုက်၏။

ခေါင်းတလားလူသားကလည်း စိတ်မပျက်ဘဲ ဆက်ပြောနေပြန်သည်။

“ဝိညာဥ်ကလေးငယ်.... အသက်ချင်းဆက်ခြင်း မရှိတော့တဲ့အတွက် မင်းရဲ့ သားရဲဆီကနေ ပြန်ကန်တဲ့ဒဏ်ကို မခံရတော့ဘူး၊ မင်းရဲ့ နာကျင်မှုတွေလည်း ရပ်သွားပြီ... ဒါပေမဲ့ မင်းက ဒီလောက်အလွယ်တကူ ပြောင်းလဲမယ့်သူ မဟုတ်ဘူး... လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူတစ်ယောက်က မင်းကို အတင်း ရန်စခဲ့ပေမဲ့ မင်းက သူ့ကို ဒဏ်ရာပဲ ပေးပြီး အသက်ကို မသတ်ခဲ့ဘူးလို့ ငါ ကြားတယ်... ဒါက ပုံမှန် မဟုတ်ဘူး.. ပြီးတော့ မင်း ဒီလောက် တန်ဖိုးကြီးတဲ့ ဆေးဘက်ဝင်အပင်တွေကို ဒုက္ခခံပြီး ရှာဖွေနေတာကလည်း မင်းကိုယ်တိုင်က ဆေးအကြောင်း ဘာမှ မသိတဲ့အတွက် တခြား တစ်စုံတစ်ယောက်အတွက် ဖြစ်ရမယ်”

ဝိညာဥ်ကလေးငယ်မိခင်သည် ကောင်းရင်ယံမှာ မှောင်လာသည်ကို မော့ကြည့်လိုက်၏။

ထိုစဉ်မှာပင် ခေါင်းတလားလူသား၏ ခေါင်းတလားကြီးထဲမှ အသံအချို့ ထွက်ပေါ်လာခဲ့သည်။

အတွင်းဘက်ကနေ တစ်စုံတစ်ခုက ကုတ်ခြစ်နေသလိုမျိုးပင်။

၎င်းမှာ ကြောက်မက်ဖွယ်ကောင်းသော အသံ ဖြစ်၏။

ခေါင်းတလားလူသား၏ မျက်နှာတွင် နာကျင်နေသော အမူအရာများ ပေါ်လာတော့သည်။ သူသည် ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ရပြီး တစ်စုံတစ်ခုကို အတတ်နိုင်ဆုံး အောင့်အည်း သည်းခံနေပုံရ၏။

ဝိညာဥ်ငလေးငယ်က သူ့ကို တစ်ချက်ကြည့်ကာ သက်ပြင်းချလိုက်သည်။ သူမသည် တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း၊ နောက်ဆုံးတွင်တော့ ဘာမှ မပြောဘဲ တိတ်ဆိတ်နေလိုက်တော့၏။

အတော်ကြာမှ ခေါင်းတလားလူသား၏ နာကျင်မှုမှာ ရပ်တန့်သွားခဲ့သည်။

နာကျင်နေသည့် တစ်လျှောက်လုံးတွင် ခေါင်းတလားလူသား၏ အရေပြားအောက်မှာ တစ်စုံတစ်ခုက တွားသွားနေသလိုမျိုး ဖြစ်နေရာ ကြည့်ရသည်မှာ အလွန် စိတ်မသက်မသာ ဖြစ်စရာကောင်းလှ၏။ ခေါင်းတလားကြီးထဲမှ အသံမှာလည်း အတိုးအကျယ် ပြောင်းလဲနေပြီး၊ ခေါင်းတလားလူသားမှာ တစ်ကိုယ်လုံး ချွေးများဖြင့် ရွှဲနစ်သွားကာ ကြမ်းပြင်ပေါ်သို့ပင် ချွေးများ စီးကျနေတော့သည်။

နာကျင်မှု ပြီးသွားသောအခါ၊ သူ၏ ကိုယ်မှ ထွက်ပေါ်နေသော ပုပ်စော်နံသည့် အနံ့မှာ ပို၍ ပြင်းထန်လာခဲ့၏။ ပေအနည်းငယ် အကွာတွင် ရှိနေသော သရဲသူငယ်မပင်လျှင် ထိုအနံ့ဆိုးကို အတော်လေး အောင့်အည်းထားရပေသည်။

ခေါင်းတလားလူသားက ခါးသီးစွာ ရယ်မောလိုက်ပြီး ပြောလိုက်၏။

“ဒီနာကျင်မှုက ပိုပြီး ခဏခဏ ဖြစ်လာပြီ... ဝိညာဥ်ကလေးငယ်... မင်း ငါတို့ကို မုန်းနေမှန်း ငါ သိပါတယ်... အရင်တုန်းက ငါတို့ လင်နန် နတ်ဘုရား ငါးပါးဆိုတာ မောင်နှမတွေလို ရင်းနှီးခဲ့ကြတာပဲ... ဒါပေမဲ့ အဲဒီကိစ္စ ဖြစ်ပြီးတဲ့နောက်မှာ ငါတို့တွေ ဝေးကွာသွားခဲ့ရတယ်... အဘိုးကြီးဂူသေဆုံးမှုအတွက် ငါတို့အားလုံးမှာ တာဝန်ရှိပါတယ်... ဒါပေမဲ့ သူက ငါတို့ထဲမှာ အစွမ်းအထက်ဆုံး ပညာရှင်ဖြစ်လို့ သူက ငါတို့အတွက် အချိန်ဆွဲပေးပြီး အဲဒီအရာကြီးကို ခုခံပေးခဲ့လို့ ငါတို့တွေ ထွက်ပြေးနိုင်ခဲ့တာ... ဖားစိမ်း၊ လိပ်ကြီးနဲ့ ငါတို့တွေကတော့ သူရဲ့ကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ဘူး... ငါတို့တွေ မင်းကို စောင့်ရှောက်ပေးခဲ့တာကလည်း အဘိုးကြီးဂူကို အကြွေးတင်နေလို့ပဲ... ငါတို့ရဲ့ သားရဲတွေကို ကယ်တင်ဖို့အတွက် ငါတို့မှာ ဒီ ‘အသက်ချင်းဆက်ခြင်း’ နည်းလမ်းကို သုံးရုံကလွဲလို့ တခြားမရှိခဲ့ဘူး... ဒါပေမဲ့ ဒီနည်းလမ်းက ပေးဆပ်ရတာ အရမ်းကြီးလွန်းတော့ ငါတို့အားလုံး အခု သေခါနီး ဖြစ်နေကြပြီ... ဖားစိမ်းကတော့ လက်လျှော့လိုက်ပြီလို့ ငါ ကြားတယ်... သူ့ရဲ့ သားရဲ သေသွားပြီး သူက သာမန်လူတစ်ယောက် ဖြစ်သွားပေမဲ့ သူလည်း သိပ်မသက်သာပါဘူး... ရန်သူတွေ တစ်နေ့နေ့မှာ သူ့ကို ရှာတွေ့သွားမှာကို ကြောက်ပြီး နေရာအနှံ့မှာ ပုန်းအောင်းနေရတယ်... သားရဲ မရှိတော့တဲ့အတွက် ရန်သူတွေ ရှာတွေ့ရင် သူ သေမှာ သေချာတယ်... ငါကတော့ သူ့လိုမျိုး အသက်မရှင်ချင်ဘူး... လိပ်ကြီးလည်း ငါ့လိုပဲ တွေးနေတာပဲ၊ ဒါပေမဲ့ သူလည်း အကြာကြီး တောင့်မခံနိုင်တော့ဘူး၊ ရက်အနည်းငယ်လောက်ပဲ ကျန်တော့မယ်... ဝိညာဥ်ကလေးငယ်.... ငါ ဒါတွေကို ပြောပြနေတာက ငါတို့ ဘယ်လို ခံစားနေရလဲဆိုတာ မင်းကို သိစေချင်လို့ပါ... အကယ်၍ မင်းမှာ နည်းလမ်းရှိရင် ငါတို့ကို ပြောပြပါဦး... ငါတို့ အရင်တုန်းက အတူတူ ဖြတ်သန်းခဲ့ကြတာတွေကို ထောက်ထားပြီးတော့ပေါ့”

ဝိညာဥ်ကလေးငယ်မိခင်သည် သူမ၏ ပုခက်စွဲလေးကို ပွတ်သပ်နေခြင်းအား ရပ်လိုက်သော်လည်း၊ ဘာစကားမှတော့ ပြန်မပြောခဲ့ပေ။

သူမတွင် နာကျည်းချက်များ ရှိနေပုံရပြီး၊ ထိုဒေါသများမှာလည်း မပြယ်သေးပုံရ၏။

ခေါင်းတလားလူသားသည် ဝိညာဥ်ကလေးငယ်၏ စိတ်မှာ ဝေခွဲမရ ဖြစ်နေသည်ကို သတိပြုမိလိုက်သည်။

ဒါက ရှားပါးလှသော အခွင့်အရေး ဖြစ်သဖြင့် သူ သေချာပေါက် ဆုပ်ကိုင်ရပေလိမ့်မည်။

အခန်း (၁၇၈) - ဧည့်ခန်းမ၏ တတိယအကြိမ်မြောက် ဖွင့်လှစ်ခြင်း

"ဝိညာဥ်ကလေးငယ်... ငါတို့တွေ ဒီနှစ်တွေတစ်လျှောက်လုံး ‘အသက်ချင်းဆက်ခြင်း’ ရဲ့ ဒဏ်ပြန်ကန်မှုတွေကြားမှာ မသေရုံတမယ် အသက်ဆက်ခဲ့ကြတာပါ... ငါတို့အားလုံးမှာ ရန်သူတွေ အများကြီးရှိတယ်၊ မင်းရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်ပဲ မြင့်နေပါစေ တစ်ယောက်တည်းတော့ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး... မင်း မသိတာတစ်ခုက လိပ်ကြီးနဲ့ ငါက ဒီအတောအတွင်း မင်းဆီ ကျရောက်လာမယ့် ဘေးဒုက္ခပေါင်းများစွာကို တားဆီးပေးခဲ့တာ... တကယ်ပဲ ငါတို့ သေတာကို ဘေးကနေ ရက်ရက်စက်စက် ကြည့်နေတော့မှာလား”

ခေါင်းတလားလူသား၏ လေသံတွင် အသနားခံနေသည့် အရိပ်အယောင်များ ပါဝင်နေ၏။

ဝိညာဥ်ကလေးငယ်မိခင်ကတော့ တိတ်ဆိတ်မြဲ တိတ်ဆိတ်နေဆဲပင်။ ခေါင်းတလားလူသားလည်း ဘာမှ ထပ်မပြောတော့ဘဲ သူမကို ကြည့်ရင်း၊ စောင့်ဆိုင်းရင်း၊ မျှော်လင့်ချက်တစ်ခုခုကို ရှာဖွေနေမိသည်။

နောက်ဆုံးတွင်တော့ ခေါင်းတလားလူသားသည် သက်ပြင်းတစ်ချက်ချကာ လှည့်ထွက်သွားရန် ပြင်လိုက်တော့၏။

သူ တံခါးဝသို့ ရောက်ခါနီးအချိန်၌ ဝိညာဥ်ကလေးငယ်က ပြောလိုက်သည်။

“ခေါင်းတလားကြီး... နေဦး... တံခါးပွင့်လာတဲ့အခါ နင့်ကိုပါ ခေါ်သွားလို့ရမလား ငါ ကြည့်ပေးမယ်”

ခေါင်းတလားလူသား ဆွံ့အသွားရ၏။

ဝိညာဥ်ကလေးငယ်မိခင်က သူ့ကို ကူညီရန် သဘောတူလိုက်သဖြင့် သူသည် အံ့ဩဝမ်းသာ ဖြစ်သွားရသည်။ သူမက သူ့ကို ‘ခေါင်းတလားကြီး’ ဟု ခေါ်လိုက်ခြင်းက သူတို့၏ အတိတ်က သံယောဇဉ်များကို သူမ မှတ်မိနေသေးကြောင်း သက်သေပြနေသဖြင့် ၎င်းမှာ သူ့အတွက် လုံလောက်လှပေပြီ။

သူသည်လည်း ဝိညာဥ်ကလေးငယ်မိခင်ကဲ့သို့ပင် သူ၏ သားရဲကို အသက်ဆက်ရန်အတွက် ‘အသက်ချင်းဆက်ခြင်း’ နည်းလမ်းကိုသာ သုံးနိုင်ခဲ့သည်။ သို့သော် ၎င်းမှာ တစ်ဖြည်းဖြည်းချင်း မိမိကိုယ်ကိုယ် သတ်သေနေခြင်းသာ ဖြစ်ပြီး၊ အဆုံးသတ်တွင်တော့ သေခြင်းတရားက စောင့်ကြိုနေမှာ အမှန်ပင်။

ထို့ကြောင့်ပင် သရဲသူငယ်မသည် ထိုအဆက်အသွယ်ကို ဖြတ်တောက်ထားသော်လည်း သူမ၏ သားရဲမှာ အသက်ရှင်နေသေးကြောင်း သူ သိလိုက်ရသောအခါ၊ သူမတွင် နည်းလမ်းတစ်ခုခု ရှိနေပြီဖြစ်ကြောင်း သူ နားလည်လိုက်ခြင်း ဖြစ်သည်။

သူတို့သည် ဤနည်းလမ်းကို ရှာဖွေနေခဲ့သည်မှာ ကြာလှပြီ။ အခု မျှော်လင့်ချက်ရောင်ခြည်လေး မြင်လိုက်ရသဖြင့် သူ ဘယ်လိုလုပ် မလှုပ်ရှားဘဲ နေနိုင်မှာလဲ။

သို့သော်လည်း ခေါင်းတလားလူသားမှာ ဇဝေဇဝါ ဖြစ်နေဆဲပင်။

တံခါး...

ဘာတံခါးလဲ...

“ဝိညာဥ်ကလေးငယ်.... မင်းပြောတဲ့ တံခါးဆိုတာက...”

ခေါင်းတလားလူသားက တိုးတိုးလေး မေးလိုက်သော်လည်း ဝိညာဥ်ငလေးငယ်မိခင်က ကြားဖြတ်ပြောလိုက်၏။

“ဘာမှ မမေးနဲ့... ငါလည်း အဲဒါကို ဘယ်လို ရှင်းပြရမှန်း မသိသလို၊ နင့်ကိုပါ ခေါ်သွားလို့ ရမရဆိုတာလည်း သေချာ မသိသေးဘူး”

ခေါင်းတလားလူသား ဆက်မမေးတော့ပေ။ သူသည် ပတ်ဝန်းကျင်ကိုသာ စပ်စုသော မျက်လုံးများဖြင့် ကြည့်နေမိသည်။

ဝိညာဥ်ကလေးငယ်မိခင်၏ အပြောအရဆိုလျှင် ထိုတံခါးမှာ ဤနေရာ၌ ပွင့်လာရမည် ဖြစ်၏။ မဟုတ်လျှင် သူမသည် ဤနေရာမှာ စောင့်နေမှာ မဟုတ်ပေ။

ဒါပေမဲ့ ဒီမှာ တံခါးမှ မရှိတာ။

“ဟုတ်ပြီ... နင့်ရဲ့ သွေးနဲ့ နင့်ရဲ့ ‘ဖုတ်ကောင်သတ္တဝါ’ရဲ့ သွေးအချို့ကို ငါ့ကို ပေး”

ဝိညာဥ်ကလေးငယ်မိခင်က ဆို၏။

ခေါင်းတလားလူသားသည် နားမလည်သော်လည်း သူ၏ သွေးအချို့ကို ပန်းကန်လုံးတစ်လုံးထဲသို့ ထည့်ပေးလိုက်သည်။

“အသက်ချင်းဆက်ခြင်း နည်းလမ်းကြောင့် ငါ့သွေးနဲ့ ငါ့သားရဲရဲ့ သွေးက တစ်သားတည်း ဖြစ်နေပြီ... ဒီလောက်ဆို ရမလား”

ခေါင်းတလားလူသားက မေး၏။

ဝိညာဥ်ကလေးငယ်မိခင်က ခေါင်းညိတ်ပြလိုက်သည်။

“အကယ်၍ ခဏနေရင် နင် လိုက်လာလို့ မရရင် ဒီမှာပဲ စောင့်နေ... ငါ နင့်အတွက် မေးမြန်းပေးမယ်”

“ဘယ်သူ့ကို မေးမှာလဲ”

ခေါင်းတလားလူသားက အဓိက အချက်ကို သတိထားမိသွားသည်။

ဝိညာဥ်ကလေးငယ်မိခင်ကို ကူညီပေးနေသည့် ပညာရှင်တစ်ဦး ရှိနေသည်မှာ သေချာလှပေပြီ။

“ပြတိုက်မှူး"

ဝိညာဥ်ကလေးငယ်မိခင် ထိုအမည်ကို ရွတ်ဆိုလိုက်သည်နှင့် သူမ၏ ရှေ့တွင် လှိုင်းအချို့ ထွက်ပေါ်လာပြီး၊ နောက်တစ်စက္ကန့်တွင် လေဟာနယ်ထဲမှနေ၍ တံခါးပေါက်တစ်ခု ပေါ်လာတော့သည်။

သို့သော် ယခုတစ်ကြိမ် တံခါးပေါက်မှာ အရင်တစ်ခေါက်ထက် ပို၍ တည်ငြိမ်နေ၏။ ဆွဲငင်အားကိုလည်း သူမ မခံစားရပေ။

သရဲသူငယ်မသည် စိတ်လှုပ်ရှားစွာဖြင့် အမြန် ထရပ်လိုက်တော့သည်။

“ပြတိုက်မှူး”

ခေါင်းတလားလူသားမှာ ကြောင်သွားရ၏။ သူကတော့ ထိုတံခါးပေါက်ကို မမြင်ရပေ။

သရဲသူငယ်မလည်း ဤအချက်ကို သတိပြုမိလိုက်သည်။

“နင် ဘာမှ မမြင်ရဘူးလား”

သူမက စမ်းသပ်မေးမြန်းလိုက်၏။

ခေါင်းတလားလူသားက ပြန်မေးသည်။

“ငါ ဘာမြင်ရမှာလဲ”

“ဘာမှ မဟုတ်ပါဘူး"

သူမ မရှင်းပြတော့ပေ။ ‘ဧည့်သည်တော် အမှတ်အသား’ ရှိသူများသာ ဤဆန်းကြယ်သော ဧည့်ခန်းမထဲသို့ ဝင်နိုင်ခြင်း ဖြစ်ပေလိမ့်မည်။

အခြားလူများမှာ မမြင်ရသဖြင့် ခိုးဝင်ရန်လည်း မဖြစ်နိုင်ပေ။

ပြန်စဉ်းစားကြည့်လျှင် ခေါင်းတလားလူသားကို လိုက်ခဲ့ခိုင်းရန် တွေးခဲ့သည်မှာ သူမ တကယ်ပင် ရိုးအလွန်းခဲ့သည်။

သူမအနေဖြင့် အမြန်ဝင်ရန် လိုအပ်နေသဖြင့် ဝိညာဥ်ကလေးငယ်မိခင်သည် ဂါထာတစ်ခု ရွတ်ဆိုကာ ဆေးဘက်ဝင်အပင်များ ပါသော သေတ္တာများနှင့် ခေါင်းတလားလူသား၏ သွေးပါသော ပန်းကန်လုံးကို တံခါးပေါက်ထဲသို့ လွင့်မြောဝင်သွားစေလိုက်၏။ ထို့နောက် ခေါင်းတလားလူသားကို “ဒီမှာပဲ စောင့်နေ” ဟု မှာကြားကာ တံခါးပေါက်ထဲသို့ လှမ်းဝင်သွားတော့သည်။

ခေါင်းတလားလူသား၏ အမြင်တွင်မူ ဝိညာဥ်ကလေးငယ် မိခင် သည် လေထဲတွင် ချက်ချင်း ပျောက်ကွယ်သွားခြင်းပင် ဖြစ်၏။

၎င်းမှာ မျက်လှည့်လည်း မဟုတ်သလို၊ ကိုယ်ဖျောက်ဂါထာလည်း မဟုတ်ပေ။ သူမ၏ အရှိန်အဝါများပါ ကွယ်ပျောက်သွားသဖြင့် သူမသည် တကယ်ပင် ထွက်ခွာသွားခြင်း ဖြစ်ပေသည်။

သယ်ယူပို့ဆောင်ရေး ဂါထာတစ်ခုကဲ့သို့ပင်။

ခေါင်းတလားလူသားမှာ ဆွံ့အလျက် ကျန်ရစ်ခဲ့တော့သည်။

သူသည် အသက်တစ်ရာကျော် နေထိုင်ခဲ့ပြီး အတွေ့အကြုံများစွာ ရှိခဲ့သော်လည်း ဤကဲ့သို့သော အရာမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ချေ။

“ပြတိုက်မှူးတဲ့လား... စိတ်ဝင်စားစရာပဲ... ဒါ တကယ်ကို စိတ်ဝင်စားစရာ ကောင်းတာပဲ"

...........

ဧည့်ခန်းမထဲတွင်။

ဧည့်သည်များမှာ အချိန်မဖြုန်းဘဲ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။ မိမိကိုယ်ကိုယ် ‘အဘိုးကြီးထျန်’ဟု ခေါ်ဆိုသော နံပါတ် ၈ ဧည့်သည်တော် အဘိုးကြီးလည်း ရောက်လာခဲ့၏။

ဟယ်ချန်းသည် အခန်းထဲကို ဝေ့ကြည့်လိုက်ပြီး သူမနှင့် ရင်းနှီးသော ‘ကျီးကန်းနက်’၊ ကျန်းဇီချီနှင့် ရဲ့ယွီကျိုးတို့ကို နှုတ်ဆက်လိုက်သည်။

နံပါတ် ၈ အဘိုးကြီးထျန်ကိုတော့ သူ၏ ဒေါသတကြီး အမူအရာကြောင့် ဟယ်ချန်း သိပ်မကြိုက်ပေ။ နံပါတ် ၉ ဧည့်သည်တော် ဝိညာဥ်ကလေးငယ်မိိခင်ကိုလည်း သူမ မနှောင့်ယှက်ရဲပေ။

ကြည့်ရုံနှင့်ပင် ကြောက်စရာကောင်းလှသဖြင့် ဟယ်ချန်းသည် တတ်နိုင်သမျှ သူမနှင့် မပတ်သက်ရန်သာ ရွေးချယ်ထားသည်။

“ပြတိုက်မှူး မလာသေးဘူးပဲ"

ဒုတိယထပ်မှ တင်းကျပ်စွာ ပိတ်ထားသော သံတံခါးကြီးကို ကြည့်ရင်း ဟယ်ချန်းက ပြောလိုက်၏။

သူမ၏ လက်ထဲတွင် ဖန်ပုလင်းငယ်လေးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး အတော်လေး စိုးရိမ်နေပုံရသည်။

“ဒီပြတိုက်မှူးဆိုတဲ့လူက တကယ့်ကို ထူးဆန်းတဲ့သူပဲ... ငါ ပြန်ရောက်တော့ သူ့အကြောင်း စုံစမ်းကြည့်သေးတယ်၊ ဒီလောကမှာ ဒီလို ပညာရှင်မျိုး မရှိပါဘူး”

အဘိုးကြီးထျန်က မှတ်ချက်ပေးလိုက်သည်။

သူသည် အရင်တစ်ခေါက်ကနှင့် မတူတော့ပေ။ အစောပိုင်းကကဲ့သို့ မာနထောင်လွှားနေခြင်း မရှိတော့ပေ။

ဤနေရာမှ လူများ မည်မျှ အစွမ်းထက်သလဲ ဆိုသည်ကို သိပြီးနောက်တွင် သူသည်လည်း လူမိုက် မဟုတ်သဖြင့် ပြောင်းလဲသွားခြင်း ဖြစ်၏။

အထူးသဖြင့် ပြတိုက်မှူးပေါ့။ သေချာ ပြန်စဉ်းစားကြည့်လျှင် ထိုလူ၏ တည်ရှိမှုမှာ မည်မျှ ကြောက်စရာကောင်းသလဲ ဆိုသည်ကို သူ နားလည်လာခဲ့သည်။ ဝိညာဥ်ကလေးငယ်မိခင်အကြောင်းကိုလည်း သူ စုံစမ်းကြည့်ခဲ့ရာ၊ သူမသည် မှောင်ခိုလောကတွင် အလွန် နာမည်ဆိုးဖြင့် ကျော်ကြားသော ပညာရှင်တစ်ဦး ဖြစ်မှန်း သိခဲ့ရသဖြင့် သူသည် သူမကို မနှောင့်ယှက်သင့်မှန်း သိသွားခဲ့သည်။

သို့သော်လည်း အဘိုးကြီးထျန်သည် ဤအခြေအနေကို အခွင့်အရေးတစ်ခုအဖြစ် ချက်ချင်း မြင်လိုက်သည်။

ဒါက ဘာအခွင့်အရေးလဲ။

သူ၏ အဆက်အသွယ်များကို တိုးချဲ့ရန် အခွင့်အရေးပင်။

ဧည့်ခန်းမ၏ ဧည့်သည်များမှာ အားလုံး ထင်ရှားကျော်ကြားသူများ ဖြစ်ကြရာ၊ သူတို့နှင့် ရင်းနှီးသွားလျှင် အကျိုးကျေးဇူးများ ရရှိမှာ သေချာလှပေသည်။

ထို့ကြောင့်ပင် အဘိုးကြီးထျန်သည် သူ၏ မူလအမူအရာကို ပြောင်းကာ နှိမ့်ချသော ပုံစံဖြင့် စကားစမြည် ပြောဆိုရန် ကြိုးစားနေခြင်း ဖြစ်၏။ သူက စကားလမ်းကြောင်းခင်းပေးလျှင် အားလုံးက လိုက်ပါပြောဆိုကြလိမ့်မည်ဟု သူ မျှော်လင့်ထားသည်။

ဒါပေမဲ့ နှမြောဖို့ကောင်းတာက ဘယ်သူမှ သူ့ကို ပြန်မဖြေကြတာပဲ။

တကယ်ကို အနေရခက်စရာကြီးပင်။

ရဲ့ယွီကျိုးသည် ဝိညာဥ်ကလေးငယ်မိခင်ကို တစ်ချက်ကြည့်လိုက်ပြီး၊ ထို့နောက် ကျီးကန်းနက်ကို ကြည့်လိုက်သည်။

သူတို့နှစ်ဦးစလုံးမှာ သူမှလွဲလျှင် ဤနေရာတွင် အစွမ်းအထက်ဆုံး ဧည့်သည်များ ဖြစ်ကြ၏။ ဝိညာဥ်ကလေးငယ်မိခင်မှာတော့ လူဆိုးလောကတွင် အထူးပင် နာမည်ကြီးလှပေသည်။

‘သူတို့နဲ့ ဝေးဝေးနေတာ အကောင်းဆုံးပဲ’

ရဲ့ယွီကျိုး တွေးလိုက်မိသည်။

ယခုတစ်ကြိမ်တွင် အားလုံး၌ ပြတိုက်မှူးထံ တောင်းဆိုစရာများ အသီးသီး ရှိနေကြ၏။ အထူးသဖြင့် ရဲ့ယွီကျိုးပင်။ သူသည် သူ၏ ‘ပျံလွှားတိမ်တိုက် ရေနဂါး’ အဆင့်တက်ရန်အတွက် အကဲဖြတ်အစီရင်ခံစာ ရရှိထားသော်လည်း၊ နားမလည်သော အချက်အချို့ ရှိနေသဖြင့် ပြတိုက်မှူး၏ အကူအညီကို လိုအပ်နေခြင်း ဖြစ်သည်။

ကျီးကန်းနက်သည်လည်း ထိုအတိုင်းပင်။ သူသည်လည်း သူ၏ အဆင့် ၄ သားရဲကို အဆင့် ၅ ရောက်အောင် လုပ်ချင်သဖြင့် မေးခွန်းများစွာ ရှိနေပေသည်။

ကျန်းဇီချီ တစ်ယောက်သာလျှင် အားလုံးထဲတွင် စိတ်အအေးဆုံး ဖြစ်နေ၏။ သူသည် ဘာမှ စိုးရိမ်ပူပန်ခြင်း မရှိဘဲ တည်ငြိမ်နေပေသည်။

ထိုစဉ်မှာပင် ဟယ်ချန်းတစ်ခု သတိထားမိသွား၏။

ဒီတစ်ခေါက်မှာ ဧည့်သည်သစ်တွေ မပါလာဘူးပဲ။

ပထမအကြိမ်နှင့် ဒုတိယအကြိမ်မှ ဧည့်သည်များသာ ရှိနေကြသော်လည်း သူမ အများကြီး မတွေးတော့ပေ။ ဒါက ပြတိုက်မှူး၏ အစီအစဉ် ဖြစ်မှာပေါ့။

အတော်ကြာမှ အပေါ်ထပ်မှ သံတံခါးကြီး ပွင့်သွားတော့သည်။

အားလုံး ချက်ချင်းပင် မတ်မတ်ထိုင်ကာ နှုတ်ဆက်ရန် ပြင်လိုက်ကြ၏။

ပြတိုက်မှူး ရောက်လာပြီ။

လင်းကျင်းသည် အရင်အတိုင်းပင် မျက်နှာဖုံးစွပ်ထားပြီး အရှိန်အဝါ အပြည့်နှင့် ပေါ်လာခဲ့သည်။

သူတို့ မသိတာကတော့ လင်းကျင်းသည်လည်း သူ၏ ဧည့်သည်များနည်းတူ စိတ်လှုပ်ရှားနေခြင်းပင်။

သူ မျှော်လင့်နေသည့် အချက် နှစ်ချက် ရှိသည်။ တစ်ချက်မှာ ရှောင်ဟော့၏ ‘အပြည့်အဝ အဆင့်တက်မှု’ အတွက် သူ တောင်းဆိုထားသော ရတနာများကို ဧည့်သည်များ စုဆောင်းလာပေးခြင်း ရှိမရှိ ဆိုသည်ပင်။

နောက်တစ်ချက်ကတော့ ‘အဘိုးကြီးရဲ့’ ကို စနောက်ဖို့ပင်။

ထိုလူက ကျင့်ကြံသူများအသင်းမှာ သူ့ကို ဒုက္ခပေးနေသဖြင့်၊ ဒီမှာတော့ သူ့ကို သင်ခန်းစာ ပြန်ပေးရမည်။

စိတ်ထဲက နာကျည်းချက်တွေကို ဖွင့်ထုတ်ဖို့ပေါ့။

လင်းကျင်း ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ရာ ဧည့်သည်သစ်များ မရှိသည်ကို တွေ့လိုက်ရ၏။ သူကိုယ်တိုင် ပြတိုက်မှူး ဖြစ်သော်လည်း၊ ဧည့်ခန်းမက ဘယ်အချိန်မှာ ဧည့်သည်သစ်တွေ ထပ်ခေါ်ဦးမလဲဆိုသည်ကို သူလည်း မသိပေ။

“ပြတိုက်မှူး... နောက်ဆုံးတော့ ရောက်လာပြီပဲ”

ဟယ်ချန်းက ထုံးစံအတိုင်း အရင်ဆုံး စကားပြောလိုက်၏။

သူမသည် ဧည့်ခန်းမ၏ ပထမဆုံး ဧည့်သည်ဖြစ်သလို၊ တက်ကြွဖျတ်လတ်သူလည်း ဖြစ်သည်။ သူမတွင် အရေးကြီးကိစ္စ ရှိနေသဖြင့် ယခုတစ်ကြိမ်တွင် အတော်လေး စိတ်မရှည် ဖြစ်နေပုံရ၏။

သူမ စကားပြောရင်း သူမ၏ လက်ထဲမှ ဖန်ပုလင်းလေးကို လှုပ်ပြလိုက်သည်။

“ပြတိုက်မှူး... ပြီးခဲ့တဲ့ တစ်ခေါက်က ရှက်ပြောခဲ့တာလေ၊ သားရဲဝိညာဉ်ကျိန်စာကို ဖယ်ရှားလို့ ရမရ သိဖို့ သွေးနမူနာ လိုအပ်တယ်ဆိုလို့၊ ဒီနေ့ ကျွန်မ ယူလာခဲ့ပါပြီ”

လင်းကျင်း ခေါင်းငြိမ့်ပြလိုက်၏။ သူ လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်ရာ ထိုဖန်ပုလင်းလေးမှာ သူ့ထံသို့ လွင့်ပျံလာတော့သည်။

ဤဖန်ပုလင်းကိုယ်တိုင်ကပင် သာမန်လူတစ်ယောက် မရနိုင်သော တန်ဖိုးကြီးပစ္စည်း ဖြစ်မှန်း သိသာလှပေသည်။ အတွင်းမှ သွေးများမှာလည်း ခုလေးတင် ထုတ်ယူထားသလို လတ်ဆတ်နေဆဲပင်။ လင်းကျင်း ပုလင်းကို ဖွင့်ကာ သွေးထဲသို့ လက်ချောင်းတစ်ချောင်း နှစ်လိုက်၏။

သူ၏ မျက်နှာအမူအရာမှာ ချက်ချင်းပင် ထူးဆန်းသွားတော့သည်။

သားရဲပြတိုက်သည် သားရဲဝိညာဉ်ကျိန်စာများ အပါအဝင် သားရဲများနှင့် ပတ်သက်သော အချက်အလက် အမျိုးမျိုးကို မှတ်တမ်းတင်နိုင်ပေသည်။ ဘာကြောင့်လဲဆိုတော့ ထိုကျိန်စာများမှာ အဆင့်မြင့် သားရဲများထံမှ ဆင်းသက်လာခြင်း ဖြစ်သောကြောင့်ပင်။

ဟယ်ချင်း ပေးသော သွေးနမူနာတွင် အစွမ်းထက်သော သားရဲဝိညာဉ်ကျိန်စာ တစ်ခု ပါဝင်နေ၏။ သို့သော် လင်းကျင်းသည် ထိုကျိန်စာကို ရင်းနှီးနေပေသည်။

ပြတိုက်ထဲမှာ ထိုအကြောင်း မှတ်တမ်းရှိနေ၏။

၎င်းမှာ ဝတ်စုံလဲထားသည့် အမျိုးသမီးဆီက ကျိန်စာနှင့် တစ်ထပ်တည်းပင်။

လူတစ်ယောက်တည်း ဖြစ်နေတာလား။

လူတစ်ယောက်တည်းဆီက ကျိန်စာလား၊ ဒါမှမဟုတ် တခြားလူဆီမှာလည်း ဒီကျိန်စာမျိုး ရှိနေတာလား။

လင်းကျင်း စဉ်းစားခန်း ဝင်သွားတော့သည်။

ပြတိုက်မှူးက ပုံမှန်မဟုတ်ဘဲ တိတ်ဆိတ်သွားသဖြင့် ဟယ်ချန်းမှာ စိုးရိမ်စိတ်များ မြင့်တက်လာရ၏။

သူမသည် ပြတိုက်မှူးကို အစွမ်းအထက်ဆုံးဟု ယုံကြည်ထားသဖြင့် သူ၏အပေါ်မှာ ယုံကြည်မှု အပြည့် ထားထားခြင်း ဖြစ်ပေသည်။ သူမ၏ အစ်မဖြစ်သူ ဟယ်ယွီကို ကယ်တင်ပေးနိုင်လိမ့်မည်ဟု သူမ မျှော်လင့်ထားသည်။

ဒါပေမဲ့ ပြတိုက်မှူးတောင် မဖြေရှင်းနိုင်ရင် ဘယ်လိုလုပ်မလဲ။

ဟယ်ချန်း ထိုရလဒ်ကို မတွေးရဲပေ။

သူမ၏ အစ်မ ပြောသလိုပင် ဤကျိန်စာမှာ မဖြေရှင်းနိုင်ဘဲ သေရမှာပဲလား။

ဒါ ဖြစ်ရမယ်... မဟုတ်ရင် ပြတိုက်မှူးက ဘာလို့ ဒီလောက်အထိ တိတ်ဆိတ်နေမှာလဲ။ ဒါက ကုလို့မရတဲ့ ကျိန်စာ ဖြစ်ရမယ်။

ထိုသို့ တွေးမိသောအခါ ဟယ်ချန်းမှာ စိတ်ပျက်သွားရပြီး ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာတော့သည်။

“ဘာလို့ ငိုနေတာလဲ”

လင်းကျင်းက သူမ၏ မျက်ရည်များကို မြင်သောအခါ အံ့ဩတကြီး မေးလိုက်၏။

စောစောကမှ ယုန်လေးတစ်ကောင်လို တက်ကြွနေတဲ့သူက အခု ဘာလို့ ငိုနေရတာလဲ။

မိန်းကလေးတွေရဲ့ စိတ်ကို နားလည်ရ ခက်လှချေရဲ့။

ဟယ်ချန်းက ဝမ်းနည်းပန်းနည်းဖြင့် မေးလိုက်၏။

“ပြတိုက်မှူး... ကျွန်မ အစ်မရဲ့ ကျိန်စာက တကယ်ပဲ ဖြေရှင်းလို့ မရတော့တာလားဟင်”

သူမ၏ အသံမှာ တိုးညင်းလှပြီး ဝမ်းနည်းမှုများ လွှမ်းမိုးနေပေသည်။

လင်းကျင်းအနေဖြင့် ဟယ်ချန်း၏ အစ်မမှာ ထိုဝတ်စုံလဲထားသော အမျိုးသမီး ဖြစ်ရမည်ဟု ပို၍ပင် ယုံကြည်သွားတော့သည်။

ဒါပေမဲ့ ကုလို့မရဘူးလို့ သူ ဘယ်တုန်းက ပြောလို့လဲ၊ ဘာလို့ ငိုနေရတာလဲ။

“ငါက ဘယ်တုန်းက ဖြေရှင်းလို့ မရဘူးလို့ ပြောလို့လဲ”

လင်းကျင်းမှာ ရယ်ရမလို ငိုရမလိုပင်။

ယခုတစ်ကြိမ်တွင် ဟယ်ချန်းမှာ ဆွံ့အသွားရ၏။ သေချာ ပြန်စဉ်းစားကြည့်တော့ ပြတိုက်မှူးက အတည်မပြုခဲ့သေးပါဘူး။ သူမဘာသာ တွေးပြီး ငိုနေခဲ့ခြင်း ဖြစ်ပေသည်။

“ဒါဆိုရင်... ပြတိုက်မှူး... ဒါက...”

ဟယ်ချန်း၏ ရင်ထဲတွင် မျှော်လင့်ချက်ရောင်ခြည် ပြန်လည် ထွန်းလင်းလာပြီး စကားပင် ထစ်သွားရ၏။

လင်းကျင်းက ဆိုလိုက်၏။

“ဒါက အတော်လေးတော့ ခက်ခဲလိမ့်မယ်၊ ဒါပေမဲ့ ကုလို့ ရပါတယ်”

ဤစကားတစ်ခွန်းက သူမကို ချက်ချင်းပင် စိတ်အေးသွားစေတော့သည်။ ဟယ်ချန်းသည် ချက်ချင်းပင် မျက်ရည်များကြားမှ ပြုံးလိုက်မိ၏။ ဘာကြောင့်မှန်းမသိ သူမသည် ပြတိုက်မှူး၏ စကားကို အလွန် ယုံကြည်မိနေသဖြင့်၊ သူ ကုလို့ရသည်ဟု ပြောလျှင် ရမှာ သေချာလှပေသည်။

“ဒါပေမဲ့ သူ့ကို ကုဖို့ဆိုရင်တော့ ငါကိုယ်တိုင် နင့်အစ်မဆီကို သွားဖို့ လိုလိမ့်မယ်”

လင်းကျင်းက ရိုးရိုးသားသားပင် ပြောလိုက်သည်။ ဤသားရဲဝိညာဉ်ကျိန်စာမှာ အလွန် ထူးခြားလှပေသည်။ ပြတိုက်မှူး၏ နည်းလမ်းမှာပင် အလွန် ရှုပ်ထွေးလှသလို ‘သွေးကြောရှာခြင်းနည်းစနစ်ကို အသုံးပြုရန် လိုအပ်၏။ ဤနည်းစနစ်ကို လင်းကျင်းတစ်ယောက်တည်းသာ သိသဖြင့် သူကိုယ်တိုင် ကုသပေးရန် လိုအပ်ခြင်း ဖြစ်ပေသည်။

ဒါက လွယ်ကူမှာ မဟုတ်မှန်း ဟယ်ချန်းနားလည်လိုက်၏။ ဘာပဲဖြစ်ဖြစ် သူမ၏ အစ်မ ဟယ်ယုသည် ဤဧည့်ခန်းမထဲသို့ ဝင်လာနိုင်သည် မဟုတ်ပါလား။

“ဒါနဲ့ ပတ်သက်ပြီး အရမ်းကြီး စိုးရိမ်မနေပါနဲ့... ငါ ကြည့်ရသလောက်တော့ နင့်အစ်မက လောလောဆယ်တော့ ဘာမှ ဖြစ်မှာ မဟုတ်ဘူး... မကြာခင်မှာ သူမ အခြေအနေက ပိုတောင် ကောင်းလာဦးမယ်”

လင်းကျင်းက အလကား ပြောနေခြင်း မဟုတ်ပေ။

လုဘင်က သူ့ကို ကျောက်စိမ်းနဂါး မြို့တော်သို့ လာရန် ဖိတ်ခေါ်ထားသော်လည်း၊ သူ အချိန်မရှိသဖြင့် ရွှေ့ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း အလုပ်များနေသည့် အချိန်များ ပြီးသွားပြီး၊ ကျင့်ကြံသူများအသင်း၏ ပြိုင်ပွဲ ပြီးဆုံးသွားလျှင်တော့ သူ မြို့တော်သို့ သွားဖြစ်မှာ ဖြစ်သဖြင့်၊ ထိုအချိန်တွင် သူမကို တစ်ခါတည်း ကုသပေးလိုက်ရန် သူ စီစဉ်ထားခြင်း ဖြစ်ပေသည်။

ထို့ကြောင့်ပင် သူမ၏ အခြေအနေမှာ မကြာခင် ကောင်းလာလိမ့်မည်ဟု သူ ပြောခဲ့ခြင်း ဖြစ်၏။ သူကိုယ်တိုင် သွားရောက် ကုသပေးမည် ဖြစ်သောကြောင့်ပင်။

ဟယ်ချန်းကတော့ ဒါတွေကို မသိဘဲ ပြတိုက်မှူးကိုသာ အပြည့်အဝ ယုံကြည်နေမိတော့သည်။ သူက အဆင်ပြေလိမ့်မည်ဟု ပြောသဖြင့် သူမအနေဖြင့် စိတ်အေးသွားရပြီ ဖြစ်ပေသည်။

All Chapters