နှုတ်ဆက်စကားမဆို
Vol. 5 Ch. 478
ထို နားမကြားသည့် အစေခံမှာ တိရစ္ဆာန် စောင့်ရှောက်သူ ဖြစ်လေသည်။ သူက ကျားနက်ကြီး၏ အမွေးများကို ပွတ်သပ် လိုက်သည်နှင့် ကျားနက်ကြီးမှာ စိတ်သာရာ ရသွားသလို ခံစား လိုက်ရလေသည်။
အစေခံက ကျားနက်ကြီးကို ထိန်းသိမ်း ပေးနေစဉ်တွင် ကိုယ်ရံတော်က စကားဆိုလိုက်သည်။
"ကဲ အခု အိမ်တော်ထဲ ဝင်ကြစို့"
ဆန်းလျန်က ခေါင်းညိတ် ပြလိုက်လေသည်။
သူတို့ အိမ်တော်ရှိရာသို့ သွားခဲ့ကြလေသည်။ အိမ်တော်ရှိရာသို့ သွားနေရင်း ကောင်းကင်ထက်တွင် မီးများ လောင်ကျွမ်းနေသည့် နတ်ဘီလုံး ငှက်ငယ်လေး တစ်ကောင်ကို တွေ့မြင် လိုက်ရလေသည်။ ငှက်ငယ်လေးသည် သဲတွင်းလေး တစ်ခုအတွင်းသို့ တိုးဝင်သွားကာ ပျောက်ကွယ် သွားလေသည်။
နတ်ဘီလုံးငှက်ငယ်လေးမှာ မီးငှက်တစ်မျိုး ဖြစ်လေသည်။ ညအမှောင်တွင် မီးလင်းစေရန် အတွက် လှောင်အိမ်ထဲတွင် ထည့်သွင်း အသုံးပြုလေ့ရှိလေသည်။
ကိုယ်ရံတော်သည် ဆန်းလျန်ကို ခန်းမတစ်ခု အတွင်းသို့ ပို့ဆောင် ပေးပြီးသည့်နောက် အစေခံများကို စကားအနည်းငယ် ပြောကာ ထွက်ခွာ သွားတော့သည်။
ကိုယ်ရံတော်သည် ဆန်းလျန်ကို အလွန်ကြည့်မရ ဖြစ်နေလေသည်။ ဆန်းလျန်၏ ရုပ်ရည်သွင်ပြင်မှာ ကမ္ဘာပေါ်မှ ကိုးဆယ့် ကိုးရာခိုင်နှုန်းသော မိန်းကလေးများကို အလိုလိုနေရင်း ကြွေဆင်း သွားစေလောက်သည့် ရုပ်ရည်မျိုး ဖြစ်လေသည်။ ကြာပန်းလေးတစ်ပွင့် ပွင့်လန်းနေသည့် အလား ထိုုင်နေသည့် ဆန်းလျန်ကို အစေခံ မိန်းကလေးများသည် မကြာခဏ လည်ပြန်လှည့်ကာ ကြည့်သွား ကြလေသည်။ ကြည့်တိုင်းလည်း သူတို့ မျက်နှာလေးများမှာ ရှက်သွေး ဖြာနေ ကြလေသည်။ ထို့နောက် သူတို့က ဆန်းလျန်အတွက် လက်ဖက်ရည်ကြမ်းဖြင့် လာရောက် တည်ခင်း ဧည့်ခံကြလေသည်။
ဆန်းလျန်က လက်ဖက်ရည်ကို လက်ခံပြီး သောက်လိုက်လေသည်။ လက်ဖက်ရည်ကြမ်း လာပို့သည့် အစေခံမိန်းကလေးသည် ဆန်းလျန် လက်ဖက်ရည်ကြမ်း သောက်သည့် ဟန်လေးကပင် အလွန်မှ ကျက်သရေရှိစွာ လှပလွန်းသည်ဟု တွေးနေမိလေသည်။ ဆန်းလျန်၏ လှုပ်ရှားမှုနှင့် ကိုယ်နေဟန်ထား များသည် မိန်းကလေး ကချေသည်များထက်ပင် ပျော့ပျောင်း နူးညံ့နေသေးသည်။
ဆန်းလျန်က စကားတစ်လုံးမှ မဆိုသည့်အတွက် အစေခံမိန်းကလေးမှာ အနည်းငယ် ဒေါသ ထွက်လာလေသည်။ အနည်းဆုံးတော့ လက်ဖက်ရည်ကြမ်းဖြင့် ဧည့်ခံသည့်အတွက် ကျေးဇူးတင် စကားတော့ ပြောသင့်သည် မဟုတ်လား။
"ရှင်က ဘယ်က လာတာလဲ"
အစေခံ မိန်းကလေးက မေးလိုက်သည်။
"ရှီးလျန်တိုင်းပြည်က …"
ဆန်းလျန်က ခပ်တိုတိုပင် ပြန်ဖြေလိုက်သည်။
"အဲဒါ ဘယ်လိုနေရာမျိုးလဲ၊ အရမ်းကြီးတဲ့ တိုင်းပြည်တစ်ခုလား"
အစေခံ မိန်းကလေးက ထပ်မေး လိုက်လေသည်။
"တာ့ရှားပြည်ကနေ အနောက်ဘက်ကို လမ်းလျှောက် သွားမယ်ဆိုရင် နှစ်နှစ်လောက်သွားရင် အဲဒီကို ရောက်လိမ့်မယ်၊ တစ်နေ့ကို မိုင်တစ်ထောင်နှုန်း လမ်းလျှောက် နိုင်ရန်ပေါ့"
ဆန်းလျန်က သိမ်မွေ့စွာပင် ပြန်ပြော လိုက်လေသည်။
"အာ… အဝေးကြီးပဲ၊ ဒါပေမဲ့ သခင်မလေးရဲ့ နတ်မြင်းပျံနဲ့ သွားမယ်ဆိုရင်တော့ လပိုင်းလောက်ပဲ ကြာမှာပါ"
အစေခံမိန်းကလေးက သူမ၏ မေးဖျားလေးကို လက်ဖြင့် တစ်ချက်ပွတ်ရင်း ပြောလိုက်လေသည်။ သူမသည် ဆန်းလျန်အနားသို့ တဖြည်းဖြည်း တိုးကပ်လာလေသည်။ ဆန်းလျန်၏ ခန္ဓာကိုယ်မှ ကိုယ်သင်းရနံ့လေးသည် အလွန်မှ မွှေးပျံ့လေသည်။ သဘာဝအတိုင်း လတ်ဆတ်နေပြီး ဆွဲဆောင်မှုရှိသည့် ရနံ့တစ်မျိုး ဖြစ်လေသည်။
ဆန်းလျန်က ခပ်ပါးပါးလေး တစ်ချက် ပြုံးလိုက်ရင်း…
"မင်းကရော၊ မင်းကို ကြည့်ရတာ သာမန် မိန်းကလေး တစ်ယောက်လိုပါပဲ၊ ဒီနေရာကို ဘယ်လိုလုပ် ရောက်လာတာလဲ"
အစေခံ မိန်းကလေးက တစ်ချက် စဉ်းစားလိုက်ရင်း…
"ကျွန်မ မိဘတွေက ဘယ်သူမှန်း ကျွန်မမသိဘူး၊ ဒီအိမ်တော်ထဲမှာပဲ ကျွန်မတို့ ကြီးပြင်းလာတာ၊ သခင်မလေးနဲ့ သခင်မကြီးရဲ့ ဝေယျာဝစ္စတွေ လုပ်ပေးရတာပေါ့၊ ဒါပေမဲ့ ကျွန်မတို့ အသက်နှစ်ဆယ် ပြည့်တာနဲ့ တခြားကို သွားပြီး အလုပ်လုပ်ရတော့မယ် ထင်တယ်၊ ဘယ်နေရာကို သွားရမလဲ ဆိုတာတော့ မသိဘူး၊ ဘာလို့လဲဆိုတော့ အရင်က ထွက်သွားခဲ့တဲ့ လူတွေလည်း ပြန်မလာ ကြတော့ဘူးလေ"
"ဒါဆို မင်းတို့တွေက ငယ်ငယ်လေး ကတည်းက ဒီမှာ ရောက်နေကြတာလား၊ အပြင်ကနေ အသက်ခုနစ်နှစ်၊ ရှစ်နှစ်လောက်မှ အိမ်တောထဲကို ရောက်လာတဲ့ သူတွေရော မရှိဘူးလား"
ဆန်းလျန်က မေးလိုက်လေသည်။
အစေခံမလေးက တစ်ချက် စဉ်းစား လိုက်ပြန်သည်။
"ဟင့်အင်း၊ မရှိပါဘူး … ရှင်က ဘာလို့ ဒီအကြောင်း တွေမေးနေတာလဲ၊ အဲဒါ အန္တရာယ် ရှိတယ်နော်"
ဆန်းလျန်က သူမကို စိုက်ကြည့်လိုက်ရင်း နူးညံ့သည့် လေသံဖြင့်ပင် ပြောလိုက်သည်။
"ငါ့ကို မလိမ်နဲ့နော်…"
"ကျွန်မ မလိမ်ပါဘူး"
သူမက ထိုသို့သာ ပြန်ပြော လိုက်သော်လည်း သူမက ဆန်းလျန်၏ နားနားသို့ကပ်ကာ စကားအချို့ကို တိုးတိုးလေး ပြောပြလိုက်လေသည်။
"လွန်ခဲ့တဲ့ သုံးနှစ်လောက်ကတော့ အပြင်ကနေ အိမ်တော်ထဲကို ရောက်လာတဲ့ မိန်းကလေး တစ်ယောက်ရှိတယ်၊ သူတို့ပြောနေတာကို ကြားခဲ့တာ၊ ဒါပေမဲ့ ကျွန်မသူ့ကို မတွေ့ဖူးဘူး၊ တခြား ဘယ်သူမှလဲ သူ့ကို မတွေ့ဖူးဘူး"
ဆန်းလျန်၏ မျက်ဝန်းများသည် သူမ၏ စိတ်ကို ထွင်းဖောက်မြင်နေရပြီး သူမ အမှန်အတိုင်း ပြောနေသည်ကို ခံစား သိရှိလိုက်လေသည်။ သူမပြောသည့် မိန်းကလေးမှာ ဆန်းလျန်၏ အဒေါ်ငယ်လေး ချန်ယွင် ဖြစ်နိုင်လေသည်။ သို့သော် သူနှင့်ချန်ယွင်မှာ သွေးသား တော်စပ်သည့်တိုင် ချန်ယွင်၏ တည်ရှိမှုကို ဆန်းလျန် အာရုံခံ၍မရ ဖြစ်နေရလေသည်။
ယခုအချိန်တွင် ချန်ယွင်သည် လေ့အိမ်တော်တွင် နေထိုင်ခြင်း မရှိတော့သည်လည်း ဖြစ်နိုင်လေသည်။ ထိုသို့ဖြစ်ပါက ချန်ယွင် မည်သည့်နေရာသို့ ရောက်ရှိ သွားပါသနည်း။ သို့မဟုတ် ချန်ယွင်သည် တာ့ရှားပြည့်တွင် မရှိတော့ဘူးလား။
သို့သော် ချန်ယွင် သက်ရှိ ထင်ရှား ရှိနေသေးသည်ကိုတော့ ဆန်းလျန် ခံစား၍ရလေသည်။
ထို့နောက် ဆန်းလျန်နှင့် အစေခံမိန်းကလေးတို့ ဟိုဟိုဒီဒီ စကားစမြည်များ ပြောနေကြလေသည်။ ဆန်းလျန် အနေဖြင့် အစေခံ မိန်းကလေးထံမှ အခြားအကြောင်းအရာများ ထပ်မံသိရှိနိုင်ရန် မမျှော်လင့်တော့ပါ။ အမှန်တော့ သူ့နေဖြင့်လည်း အစေခံ မိန်းကလေးများထံမှ သတင်းစုံစမ်းသည်မှာ မလုပ်ကောင်းသည့် အလုပ်ဖြစ်လေသည်။
နောက်ပိုင်းတွင်တော့ စကားပြောသူမှာ အစေခံ မိန်းကလေးသာ ဖြစ်ပြီး ဆန်းလျန်ကတော့ နားထောင်သူ သက်သက်သာ ဖြစ်လေသည်။ အစေခံ မိန်းကလေးသည် သာမန် ရွက်ကြမ်းရည်ကြို ရုပ်ရည်မျိုးသာ ဖြစ်သော်လည်း သူမသည် ဆန်းလျန်ထံမှ မည်သည့် နေရာတွင်မှ မရရှိဖူးသည့် အရာတစ်ခုကို ရရှိခဲ့လေသည်။ ထိုအရာမှာ "လေးစားမှု" ပင် ဖြစ်လေသည်။
တာ့ရှားပြည်သည် အဆင့်အတန်း အလွန်ခွဲခြားသည့် တိုင်းပြည်တစ်ခု ဖြစ်လေသည်။ တော်ဝင်မိသားစု များသည် သာမန်လူသားများ အပေါ်တွင် လေးစားမှုမရှိဘဲ အမြဲတမ်း နှိမ့်ချ ဆက်ဆံလေ့ ရှိလေသည်။ ထို့ပြင် သာမန်လူတန်းစား များသည် တော်ဝင် မိသားစုများကို ဆန့်ကျင် တွန်းလှန်နိုင်ခြင်း မရှိပါ။
အဘယ်ကြောင့်ဆိုသော် တော်ဝင် မိသားစုများသည် သာမန် လူတစ်ယောက်ကို လူ့လောကမှ ပျောက်ကွယ်သွားအောင် လုပ်နိုင်စွမ်း ရှိသောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် တာ့ရှားပြည်သည် သာမန် လူတန်းစားများအတွက်တော့ မျှော်လင့်ချက် ကင်းမဲ့သည့် တိုင်းပြည် တစ်ခုမျှသာ ဖြစ်လေသည်။
လူအများကို တရား အလင်းရစေရန် အတွက် သင်ကြား ပြသပေးနေသည့် ရွှမ်ကျန်း ကျောင်းတော်သည်ပင်လျှင် တာ့ရှားပြည်ဧကရာဇ်ကို တွန်းလှန်နိုင်စွမ်း မရှိပေ။
ဆန်းလျန်သည် ထိုသာမန် လူတန်းစားများ၏ ခံစားချက်များကို ကိုယ်ချင်းဆာမိလေသည်။ အုပ်ချုပ်သူ လူတန်းစားနှင့် အုပ်ချုပ်ခံ လူတန်းစားနှစ်ရပ်တွင် အုပ်ချုပ်ခံ လူတန်းစားသည် မျှော်လင့်ချက် ကင်းမဲ့မှုများထဲတွင် နစ်သည်ထက် နစ်ခဲ့ကြရလေသည်။
ဆန်းလျန်သည်လည်း သာမန် လူတန်းစားတစ်ယောက် ဖြစ်ခဲ့ဖူးလေသည်။ သို့သော် သူက ထိုဘဝမှ ရုန်းထွက်နိုင်ခဲ့ သည်။ ဆန်းလျန်သည် မျှော်လင့်ချက်မဲ့နေသည့် အုပ်ချုပ်ခံ လူတန်းစားများ အတွက် တစ်စုံတစ်ခုတော့ လုပ်ပေးချင် မိလေသည်။ ထိုကဲ့သို့သော လူတန်းစား တစ်ရပ်အတွက် ဆင်းရဲတွင်းမှ လွတ်မြောက်စေမည့် ဝါဒတစ်ခုကို ဆန်းလျန်သည် ချမှတ်ချင်ခဲ့မိသည်။
ထိုသို့ အများအတွက်အကျိုးပြုမည်ဟု တွေးတော လိုက်မိသည့် တစ်ဒင်္ဂတွင် ဆန်းလျန်၏ စိတ်ဝိညာဉ်ထဲတွင် လျှပ်စီးလက်သကဲ့သို့ အသိဉာဏ်များ တဖြည်းဖြည်း တိုးတက် လာတော့သည်။
ထိုအခါ ဆန်းလျန်သည် တိကျန်ဗောဓိသကျ ပြောခဲ့သည့် စကားတစ်ခွန်းကို သတိရပြီး ဦးညွတ် လိုက်မိသည်။
"ငရဲဆိုတဲ့ အရာသာ မရှိရင် ဘုရားလည်းပွင့်လာမှာ မဟုတ်ဘူး"
ဟူသည့် စကားဖြစ်လေသည်။
ထိုစကားက လူသားတိုင်း အပေါ်တွင် စေတနာမေတ္တာ ထားရန်အတွက် သေချာစေခဲ့သည်။
လောကရှိ သက်ရှိ သတ္တဝါများကို ကယ်တင်ခြင်းသည် ကိုယ့်ကိုကိုယ်ကယ်တင်ခြင်း မည်ပေလိမ့်မည်။
ပြဿနာ ဖြစ်ရခြင်း၏ အရင်းအမြစ်ကို ဖြေရှင်းနိုင်လျှင် ကိုယ်တိုင်လည်း အောင်မြင်မှု၏ အသီးအပွင့်ကို မယုံကြည်နိုင်လောက်အောင် ခံစားရမည် ဖြစ်လေသည်။
မျှော်လင့်ချက် ကင်းမဲ့နေသည့် လူတန်းစားများအတွက် အလင်းရောင် ပြပြမျှသာ ရှိသည့် မျှော်လင့်ချက် လမ်းလေး တစ်လမ်းကို ဖွင့်ပေးနိုင်ခဲ့မည်ဆိုလျှင်ပင် လမ်းဖွင့်ပေးသူ ကိုယ်တိုင် မှာလည်း ကြီးမားသည့် အကျိုးအမြတ် ရရှိမည်မှာ ကျိန်းသေပင် ဖြစ်လေသည်။
ထိုသို့သော မျှော်လင့်ချက်မဲ့နေသည့် သာမန်လူတန်းစားများသည် တာ့ရှားပြည်တွင်သာ ရှိသည် မဟုတ်ပါ။ တစ်ကမ္ဘာလုံးတွင် ရှိနေကြသည်ပဲ ဖြစ်လေသည်။
ဗုဒ္ဓက တရားဓမ္မများ ချန်ထားရစ်ခဲ့သည်။ တာအို ဆရာသခင် များကလည်း ကျင့်စဉ်လမ်းကို ချန်ထားခဲ့ကြသည်။ ဆန်းလျန် အနေဖြင့်တော့ ကျင့်စဉ်လမ်းဖြင့် ဤလောက၏ အလင်းတရား ရှိရာလမ်းကို ဖွင့်လှစ်လိမ့်မည် ဖြစ်လေသည်။
ဆန်းလျန်၏ နှလုံးသားသည် အသိဉာဏ်ပညာ အလင်းများဖြင့် ပြည့်နှက်နေလေသည်။ သူ၏ နတ်ဘုရားစွမ်းအား များမှာလည်း ပြင်ပကမ္ဘာမှ မမြင်တွေ့ရသည့်တိုင် လင်းလက် တောက်ပလျက် ရှိလေသည်။
"ရှင်ဘာတွေ စဉ်းစားနေတာလဲ"
အစေခံမလေးက မေးလိုက်လေသည်။
ဆန်းလျန်က တံခါး အပြင်ဘက်ကို ကြည့်ရင်း တစ်ချက် ပြုံးလိုက်သည်။
"လူရှိနေတယ်…"
ရောက်လာသူမှာ နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံရန်အတွက် ဆန်းလျန်ကို လာခေါ်သူ ဖြစ်လေသည်။ အစေခံမိန်းကလေးမှာ အနည်းငယ် စိတ်ပျက်သွားရတော့သည်။ သူမသည် ဆန်းလျန်ကို နှုတ်ဆက်စကားပင် မပြောမိပေ။ အဘယ်ကြောင့် ဆိုသော် သူမဘဝတွင် ထိုလူငယ်လေးကို ထပ်မတွေ့ ရတော့မည်ကို စိတ်ပူသောကြောင့် မနှုတ်ဆက် လိုက်မိခြင်းပင် ဖြစ်လေသည်။
သူမက ဆန်းလျန်ကို သဘောကျမိခြင်းထက် ဆန်းလျန်ကဲ့သို့သော အပြန်အလှန် လေးစားမှုရှိသည့် လူမျိုးနှင့် နောက်တစ်ကြိမ် စကား မပြောရတော့မည်ကို စိုးရိမ်နေခြင်း ဖြစ်လေသည်။ သာတူညီမျှ တန်းတူဆက်ဆံခံရခြင်းကို မနှစ်သက်သည့်သူ မည်သူရှိပါမည်နည်း။
"ကျွန်တော့်နာမည် ဆန်းလျန်ပါ…"
ဆန်းလျန်က အစေခံ မိန်းကလေးကို ပြောခဲ့လေသည်။
အစေခံ မိန်းကလေးက ခေါင်းညိတ် ပြလိုက်သည်။ သူမဘဝတွင် ထိုအမည်ကို မည်သည့် အခါမှ မေ့တော့မည် မဟုတ်ပေ။
သို့သော် သူမ၏အမည်ကိုတော့ ဆန်းလျန်ကို ပြောပြခွင့် မရလိုက်ပေ။ သူမနှင့် အချိန်ကြာမြင့်စွာ စကားပြောခဲ့ပြီး သူမပြောသမျှကို တလေးတစားဖြင့် နားထောင်ပေးခဲ့သူမှာ တာ့ရှား ဧကရာဇ်ကဲ့သို့ ဂုဏ်သရေရှိ၊ ထူးခြားသည့် ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်ကို သူမ သိရှိခဲ့ခြင်း မရှိပါ။
နိုင်ငံခြားရေးဝန်ကြီး အရာရှိမင်း လေ့နော်သည် ဆန်းလျန်ကို သူ၏ စာကြည့်ခန်းသို့ ခေါ်ယူ တွေ့ဆုံလေသည်။ စာကြည့်ခန်းထဲတွင် စာအုပ်များကို ကျောက်စိမ်း စာအုပ်စင်များပေါ်တွင် စနစ်တကျ တင်ထားလေသည်။ စာအုပ်များသည် အဖိုးမဖြတ်နိုင်သည့် ရတနာများ ဖြစ်သည်ဟု ကွမ်းလုန်ကျီက ပြောသောကြောင့် ထိုသို့ သိမ်းဆည်း ထားခြင်း ဖြစ်လေသည်။
"မင်းက တာအိုဆရာ တစ်ယောက်လား…"
ထိုမေးခွန်းသည် ဆန်းလျန်ကို တွေ့တွေ့ခြင်း လေ့နော် မေးလိုက်သည့် ပထမဆုံး မေးခွန်း ဖြစ်လေသည်။
ဆန်းလျန်သည် အခြားသော တာအိုဆရာများနှင့် သိပ်တော့ မတူပါ။ အမှန်တော့ ဆန်းလျန်သည် တိချိုးမြို့တော်တွင် ဖမ်းဆီး ချုပ်နှောင်ခံထားရသည့် ထျန်းယီ အကြီးအကဲနှင့် ပိုပြီးဆင်တူနေခြင်းသာ ဖြစ်လေတော့သည်။
***