← Chapters

ကွမ်းလုန်ကျီ

Vol. 5 Ch. 479

ကွမ်းလုန်ကျီ

Vol. 5 Ch. 479

ဆန်းလျန်က အရာရှိမင်းလေ့နော်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။

“အဲဒီလို ပြောလို့လည်း ရပါတယ်…”

“မင်းက ရွှမ်ကျန်း ကျောင်းတော်ကလား”

လေ့နော်၏မျက်ဝန်းများမှာ ရုတ်တရက် တောက်ပလာပြီး သူ၏ခန္ဓာကိုယ်မှ ဆီများ ဆူပွက်နေသည့် အလား အပူငွေ့များ ထွက်ပေါ် လာလေသည်။ ထိုစွမ်းအားဖြင့် သူ့ရှေ့မှ အရာအားလုံးကို လောင်ကျွမ်း ပစ်နိုင်လေသည်။

အရာရှိမင်းလေ့နော်၏ တန်ခိုးစွမ်းအားသည် အလွန်မှ သိပ်သည်းကြောင်းကို ဆန်းလျန်၏ မျက်ဝန်းထဲတွင် တွေ့မြင် နေရလေသည်။ သူ့ပတ်ဝန်းကျင်တွင် ရှိနေသည့် မည်သည့် ဝိညာဉ်ကိုမဆို ပြာချ ပစ်နိုင်လောက်သည့် စွမ်းအားမျိုး ဖြစ်လေသည်။

သို့သော် အရာရှိ မင်းလေ့နော်၏ စွမ်းအားများ မည်မျှပင် မြင့်မားပါစေ ဆန်းလျန် ရှေ့တွင်တော့ တောင်မြင့်ကြီး တစ်လုံးကို ဖြတ်သန်း တိုက်ခတ်သွားသည့် လေပြည်မျှသာ ဖြစ်လေသည်။ ထိုစွမ်းအားများသည် ဆန်းလျန်ကို မည်သို့မျှ ထိခိုက်နိုင်ခြင်း မရှိပေ။

တာ့ရှား ဧကရာဇ်မင်း၏ ယောက်ဖတော်၊ တော်ဝင်မိသားစု တစ်ခုဖြစ်သည့် ယိုဟူအိမ်တော်မှ မင်းမျိုးမင်းနွယ်၊ ကြီးမြတ်သည့် နိုင်ငံခြားရေး ဝန်ကြီးလေ့နော်သည် အလွန်အမင်း အံ့သြ ထိတ်လန့် သွားရလေသည်။

“ရွှမ်ကျန်းကျောင်းတော်လို နေရာမျိုးလေးက ကျုပ်လိုလူမျိုးကို မွေးထုတ် ပေးနိုင်မယ်လို့ ခင်ဗျားက ထင်လို့လား”

ဆန်းလျန်သည် ထိတွေ့၍မရသည့် စကြဝဠာ မဟာတွင်းနက်ကြီး တစ်ခုအလား လေ့နော် ခံစား နေရလေသည်။ သူ၏ တန်ခိုးစွမ်းအားများ အားလုံးကို ဆန်းလျန်သည် စုပ်ယူသွားလေသည်။

ဆန်းလျန်က မည်သည့် တန်ခိုးစွမ်းအားမှ မထုတ်ရ သေးသည့်တိုင် လေ့နော်မှာတော့ သုံးရက်နှင့် သုံးညတိတိ တိုက်ပွဲ ဆင်နွှဲခဲ့ရသူ တစ်ယောက်အလား မောပန်း နွမ်းနယ်တော့သည်။ သူ၏နဖူးထက်မှ ချွေးစက်များသည် ကြမ်းပြင်ထက်သို့ပင် ကျရောက်သွားလေသည်။

လေ့နော်က နေရာမှ ထရန် ပြင်လိုက်သော်လည်း ထ၍မရတော့ပေ။ ဆန်းလျန်သည် သူ၏ တန်ခိုးစွမ်းအားများ အားလုံးကို ဆွဲယူကာ ချုပ်ကိုင် ထားသောကြောင့် ဖြစ်လေသည်။ လေ့နော်သည် ဆန်းလျန်၏ ရှေ့တွင် အိပ်မက်ဆိုး မက်နေသည့် လူတစ်ယောက် အလား ခံစားနေရတော့သည်။

သူ့ရှေ့မှ လူငယ်လေးသည် သူတွေ့ဖူးသမျှ လူများအားလုံးထဲတွင် ကြောက်စရာ အကောင်းဆုံး လူတစ်ယောက် ဖြစ်သည်ကို သူသဘောပေါက် သွားခဲ့ရပြီ။

ဆန်းလျန်သည် ပြုံးနေလေသည်။ လေ့နော်က သူထိုင်နေသည့် ထိုင်ခုံကို လက်ဖြင့် တစ်ချက် ပုတ်လိုက်ရင်း…

“ယင်းလုန်နဂါးကြီးကို နိုးထ လာစေတဲ့သူက မင်းပဲ ဖြစ်ရမယ်”

“ဒီရက်တွေအတွင်း တိချိုးမြို့တော်ထဲကို ဝင်လာတဲ့ တန်ခိုးစွမ်းအား မြင့်မားတဲ့ သူဆိုလို့ ကျုပ်တစ်ယောက်ပဲ ရှိတာလေ၊ မဟုတ်ဘူးလား”

ဆန်းလျန်က ပြောလိုက်လေသည်။

“အမှန်ပါပဲ…”

လေ့နော်က ဆန်းလျန်၏ စကားကို ထောက်ခံလိုက်သည်။

“ဒီနေရာက တိချိုးမြို့တော်ဆိုတာ သိသိကြီးနဲ့ မင်းရောက်လာမှတော့ မင်း တိချိုးကနေ ပြန်ထွက်သွားနိုင်မှာ မဟုတ်တော့ဘူး”

လေ့နော်က အေးစက်သည့် လေသံဖြင့် ပြောလိုက်လေသည်။

“ကျုပ်က ထျန်းယီ အကြီးအကဲနဲ့ ဆက်သွယ် လိုက်မယ် ဆိုရင်ရော…”

ဆန်းလျန်က ပြန်ပြော လိုက်လေသည်။

ဆန်းလျန် စကားကြောင့် လေ့နော်မှာ ပါးစပ် အဟောင်းသား ဖြစ်သွားရလေသည်။ ထျန်းယီ အကြီးအကဲ၏ တန်ခိုးစွမ်းအားများက ခန့်မှန်း၍ မရနိုင်ပါ။ တာ့ရှားပြည်တွင် ထျန်းယီ အကြီးအကဲကို ယှဉ်ပြိုင်နိုင်သူဆို၍ တာ့ရှား ဧကရာဇ်နှင့် နဂါးကြီးယင်းလုန်သာ ရှိလေသည်။

ဆန်းလျန်သာ ထျန်းယီ အကြီးအကဲနှင့် ပူးပေါင်းမည် ဆိုပါက တိချိုးမှ ကျိန်းသေ ထွက်ခွာသွားနိုင်မည် ဖြစ်ပြီး တိချိုးမြို့တော်၏ ကံကြမ္မာမှာလည်း ပြောင်းပြန် လှန်လိုက်သကဲ့သို့ အပြောင်းအလဲများစွာ ဖြစ်သွားနိုင်လေသည်။

လေ့နော်သည် ဆန်းလျန်၏ စကားကြောင့် ထိတ်လန့် တုန်လှုပ်သွားသည့်တိုင် ချက်ချင်းပင် ပြန်လည် တည်ငြိမ်အောင် ကြိုးစားလိုက်သည်။

“ဒါဖြင့် မင်းဖြစ်ချင်တဲ့ ဆန္ဒကိုပြောပါ၊ ကျုပ်တတ်နိုင်သလောက် ကူညီပါ့မယ်၊ မင်းပြဿနာ မရှာလောက်ဘူးလို့တော့ မျှော်လင့်ရတာပဲ”

ဆန်းလျန်က လေ့နော်ကို စိုက်ကြည့်နေပြီး လေ့နော်၏ ခန္ဓာကိုယ်မှာ အနည်းငယ် တုန်တုန်ယင်ယင် ဖြစ်နေသည်ကို သတိပြုလိုက် မိလေသည်။ လေ့နော်သည် ဆန်းလျန်၏ ဝိညာဉ်စွမ်းအား ဖိအားများကို မခံနိုင်သည့် အတွက် ထိုသို့ တုန်ယင်နေရခြင်း ဖြစ်လေသည်။ တာ့ရှားပြည်၏ စွမ်းအား မြင့်မားသည့် တော်ဝင်မျိုးနွယ် တစ်ပါး၏ တန်ခိုးစွမ်းအား များသည် ယခုတော့ အလကားဖြစ်ခဲ့ရပြီ။ သူသည် ဆန်းလျန်ကို တိုက်ခိုက်ရန် အတွက် တွေးပင် မတွေးရဲတော့ပေ။

“ကျုပ်ကလည်း ပြဿနာရှာချင်တဲ့ သူမျိုး မဟုတ်ပါဘူး၊ ကျုပ် တိချိုးမြို့တော်ကို လာရတဲ့ အကြောင်းရင်းက သစ္စာစောင့်သိခြင်း အကြောင်းကြားစာ လာရောက် ဆက်သတာပါ၊ တစ်ချက်လောက် ကြည့်ပါဦးဗျာ”

ဆန်းလျန်က စာလိပ်လေး တစ်ခုကို ထုတ်ယူလိုကပြီး အရာရှိမင်းလေ့နော်ကို ပေးလိုက် လေသည်။

စာထဲတွင် ရေးသားထားသည်မှာ ရိုးရှင်း လွန်းလေသည်။ ရှီးလျန်မြို့တော်၏ သမိုင်းကြောင်းနှင့် မျိုးရိုးစဉ်ဆက် အုပ်ချုပ် လာပုံ အဆင့်ဆင့်ကို ရေးသားထားပြီး တိုင်းပြည် တစ်ခု တည်ထောင်ရန် ဆုံးဖြတ်ချက်နှင့် တာ့ရှားဧကရာဇ်မှ အသိအမှတ် ပြုပါမည့် အကြောင်း ရေးသားထားသည့် စာတစ်စောင် ဖြစ်လေသည်။

လေ့နော်က စာကို ဖတ်ပြီးသွားသည်နှင့်…

“ဒီကိစ္စကို ကျုပ်ကူညီနိုင်ပါတယ်…”

လေ့နော်မှာ ယခုမှ စိတ်သက်သာရာ ရသွားလေသည်။

ဆန်းလျန်သည် တန်ခိုးစွမ်းအား မြင့်မားသူ တစ်ယောက် ဖြစ်သည့်တိုင် သစ္စာစောင့်သိခြင်း အကြောင်းကြားစာကို လာရောက် ဆက်သသူ ဖြစ်သည့် အတွက် သိပ်ပြီး ပြဿနာမရှိလှပေ။

ဆန်းလျန်က ခေါင်းတစ်ချက် ညိတ်လိုက်ရင်း…

“ရှီးလျန်တိုင်းပြည်က ထူးခြားတဲ့ လက်ဆောင် ပစ္စည်းတစ်ခုလည်း ယူလာခဲ့ပါသေးတယ်၊ လက်ဆောင်ကို လက်ခံပေးပါ”

ဆန်းလျန်က ဘူးသီးခြောက် တစ်လုံးကို သူ၏ အင်္ကျီလက်အတွင်းမှ ထုတ်ယူ လိုက်လေသည်။ ဘူးသီးခြောက် အတွင်းမှ ရေသံများကို ကြားနေရလေသည်။

သာမန် ဘူးသီးခြောက် တစ်ခုဖြင့် ထည့်လာသည့် ရေသည် အဘယ်မှာ ထူးခြားသည့် လက်ဆောင်ပစ္စည်း ဖြစ်နိုင်ပါမည်နည်းဟု လေ့နော် တွေးနေမိလေသည်။

သို့သော် သူက ကြိုးစားပြီး ပြုံးလိုက်ရင်း…

“ကျုပ်လက်ခံပါ့မယ်”

“ခင်ဗျား အဲဒီရေကို သေသေချာချာ သောက်ဖို့ မျှော်လင့်ပါတယ်”

ဆန်းလျန်က လေ့နော်ကို တည်ကြည်သည့် မျက်နှာထားဖြင့် ပြောလိုက်လေသည်။

ထို့နောက် ဆန်းလျန်က ဘူးသီးခြောက်ကို လေ့နော်ထံသို့ လှမ်းပေး လိုက်လေသည်။

လေ့နော်မှာ တုန်လှုပ် နေလေသည်။ ဆန်းလျန်တိုက်သည့် ရေကို သောက်လိုက်လျှင် သူ့အနေဖြင့် သေချင်မှ သေပေမည်။ သို့သော် ထိုရေကို သောက်ရန် ငြင်းဆန်လိုက်ပါက ချက်ချင်းပင် အသက် ပျောက်သွားနိုင်သည့် အနေအထား ဖြစ်လေသည်။

လူသားတိုင်း တစ်ချိန်ကျလျှင် သေကြရမည် ဖြစ်သော်လည်း လောလောဆယ် အချိန်တွင်တော့ သူ မသေချင်သေးပေ။

သူက တစ်ချက် တုံ့ဆိုင်းနေပြီးမှ…

“ကျုပ်သောက်ပါ့မယ်…”

ဟု ပြောလိုက်လေသည်။

ပြောပြီသည်နှင့် လေ့နော်သည် ဘူးသီးခြောက်ထဲမှ ရေကို ချက်ချင်းပင် သောက်လိုက် တော့သည်။

ထိုအခါမှ ဆန်းလျန်က ကျေနပ်သွားသည့်ပုံဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်လေသည်။

“ကျုပ် ခင်ဗျားကို လက်ဆောင် ပေးတဲ့ရေက ကျုပ်တို့တိုင်းပြည်က ကျီမုမြစ်ရေပါ၊ ရှီးလျန် တိုင်းပြည် တည်ဆောက်ဖို့အတွက် အဲဒီမြစ်ရေက အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်တယ်၊ ဒါပေမဲ့ ဒီရေက ကျီမုမြစ်ရေချည်းပဲတော့ မဟုတ်ပါဘူး၊ ကျုပ်ရဲ့ အထူးဖော်စပ် ထားမှုတွေကိုလည်း ရေထဲမှာထည့်ထား သေးတယ်၊ အခု ရေသောက်လိုက်တော့ ခင်ဗျားရဲ့ တစ်ကိုယ်လုံးက တန်ခိုး စွမ်းအားတွေ ဝမ်းဗိုက်မှာ လာပြီးစုစည်း နေတယ်လို့ မခံစားရဘူးလား”

လေ့နော်မှာ ဆန်းလျန် ပြောသကဲ့သို့ပင် အမှန်တကယ် ခံစားနေရလေသည်။ သူ၏ တစ်ကိုယ်လုံးမှ တန်ခိုးစွမ်းအားများနှင့် သွေးများသည် သူ၏ဝမ်းဗိုက်ရှိရာသို့ စတင် စုစည်း နေကြလေသည်။ ထိုသို့ စုစည်းနေကြသည်ကို သူကိုယ်တိုင်လည်း ထိန်းချုပ်၍ မရနိုင်ပေ။

ထိုတန်ခိုး စွမ်းအားနှင့် သွေးများမှာ သူ၏ စွမ်းအင် အရင်းအမြစ်များ ဖြစ်လေသည်။ သူသည် အချိန်ကြာလာသည်နှင့် အမျှ တဖြည်းဖြည်း အားနည်း ဖျော့တော့ လာသကဲ့သို့ ခံစား လိုက်ရလေသည်။

“ဒီကျီမုမြစ်ရေက လူကို ဘယ်လို ဒုက္ခပေးနိုင်သလဲ”

သူက ထိတ်လန့် တုန်လှုပ်စွာဖြင့် မေးလိုက်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

“ကျုပ်က ကျီမုမြစ်ရေထဲမှာ ယွမ်ယင်း ရွှေပြဒါးဆေး ထည့်ပေးထားတယ်၊ ကျုပ်က ခင်ဗျားကို ကလေးတစ်ယောက် လက်ဆောင် ပေးချင်တာပါ၊ ပြီးတော့ ခင်ဗျားရဲ့ မျိုးဆက်မှာ အရမ်းတန်ခိုး စွမ်းအားမြင့်မားတဲ့ လူတစ်ယောက် ပေါ်ထွက် လာမလားဆိုတာ ကျုပ်သိချင်နေမိတာ၊ အချိန်တန်ရင် ဒီတန်ခိုးစွမ်းအား အမြုတေကို ထုတ်ယူဖို့ ကျုပ်ကူညီပါ့မယ်၊ ဒါပေမဲ့ ကျုပ်ဆုံးဖြတ်ချက် မဟုတ်ဘဲ ခင်ဗျားဟာ ခင်ဗျား ဘာမှ လျှောက်မလုပ်ရဘူးနော်”

“ကျုပ်သဘောနဲ့ကျုပ် လုပ်ချင်တာ လုပ်လိုက်ရင် ဘာဖြစ်လာမလဲ”

လေ့နော်က အံကို တင်းတင်းကြိတ်ရင်း မေးလိုက်လေသည်။

“အဲဒီလိုလုပ်လိုက်ရင်တော့ အဲဒီစွမ်းအား အမြုတေက ပေါက်ကွဲ ထွက်သွားလိမ့်မယ်၊ ခင်ဗျားရဲ့ တန်ခိုးစွမ်းအားနဲ့ အသွေးအသားတွေပါ အကုန်ပေါက်ကွဲ ထွက်ကုန်လိမ့်မယ်၊ ဒါဆို ခင်ဗျားရဲ့ ခန္ဓာကိုယ်လည်း တစ်စစီ ပေါက်ထွက်သွားမှာပေါ့”

ဆန်းလျန်က ပြုံးနေရင်းနှင့်ပင် နူးညံ့စွာ ပြောလိုက်လေသည်။

“မင်းက ကျုပ်ကို မင်းခိုင်းချင်တာ ခိုင်းလို့ရတဲ့ မင်းရဲ့အစေခံ ဖြစ်စေချင်နေတာလား၊ အဲဒါတော့ လုံးဝမဖြစ်နိုင်ဘူး၊ ကျုပ်သေပစ် လိုက်မယ်”

လေ့နော်က ခါးသီးစွာဖြင့် ပြောလိုက်လေသည်။

“စိတ်မပူပါနဲ့၊ ခင်ဗျားကို ကျုပ်ရဲ့ အစေခံလုပ်ခိုင်းဖို့ စိတ်ကို မဝင်စားဘူး၊ အခု ကျုပ်သိချင်တာက ကျုပ် တိချိုးမြို့တော်မှာ အချိန်ခဏလောက် အေးအေးဆေးဆေး နေချင်တယ်၊ ဘယ်သူမှ မနှောင့်ယှက်နိုင်တဲ့နေရာပေါ့၊ ဘယ်မှာ သွားနေသင့်သလဲ”

ဆန်းလျန်က လက်နှစ်ဖက်ကို နောက်ပစ်လိုက်ရင်း အေးအေးဆေးဆေးပင် မေးလိုက် လေသည်။

လေ့နော်သည် အတန်ကြာ တိတ်ဆိတ်နေပြီးမှ စကားတစ်ခွန်းကို ပြောလိုက်လေသည်။

“ကျုပ်အမိန့်စာ ရေးပေးလို့ ရပါတယ်၊ မြို့တော် တောင်ဘက်ပိုင်းက တော်ဝင် ကျောင်းတော်မှာ ကွမ်းလုန်ကျီကို သွားရှာပါ၊ သူက တိချိုးမှာ အေးအေးဆေးဆေး နေလို့ရအောင် မင်းကို ကူညီနိုင်ပါတယ်၊ ဒါပေမဲ့ မင်းအနေနဲ့ တိချိုးမှာ ကြာကြာ နေတာတော့ မကောင်းဘူး ထင်တယ်နော်”

“ကွမ်းလုန်ကျီဆိုတာ ဘယ်သူလဲ”

“သူက နက္ခတ်ဗေဒပညာရှင် မင်းဆရာကြီးပါ…”

“မင်းဆရာကြီးဆိုရင် ဧကရာဇ်မင်းနဲ့ အတူနေပြီး တိုင်းရေပြည်ရာတွေကို ဖြေရှင်းနေရမှာ မဟုတ်ဘူးလား”

“သူ့ကို တာ့ရှားဧကရာဇ်က နှင်ထုတ် လိုက်တာ ကြာပါပြီ”

“ကောင်းပြီလေ၊ ခင်ဗျားကို နောက်မေးခွန်း တစ်ခုလောက်တော့ မေချင်သေးတယ်”

ဆန်းလျန်က ခွင့်တောင်းလိုက်သည်။

“မေးချင်တာသာ မေးပါတော့ဗျာ…”

“လွန်ခဲ့တဲ့ ကိုးနှစ်လောက်က မိန်းကလေး တစ်ယောက်ကို ခင်ဗျားဆီ ရောက်လာသေးလား”

ထိုမေးခွန်းမေးသည့် အချိန်တွင် ဆန်းလျန်၏ မျက်ဝန်းများသည် လေ့နော်ကို စူးစိုက် ကြည့်နေလေသည်။

လေ့နော်၏ မျက်ဝန်းထဲတွင် မိန်းကလေး တစ်ယောက်၏ ပုံရိပ် ထင်ဟပ် လာလေသည်။ သေသေချာချာ စဉ်းစားကြည့်မိတော့ ထိုမိန်းကလေးသည် သူ့ရှေ့တွင် ရောက်ရှိနေသည့် ဆန်းလျန်နှင့် ရုပ်ချင်း အလွန်ဆင်လေသည်။

***

All Chapters