← Chapters

နက္ခတ်ဗေဒပညာ

Vol. 5 Ch. 480

နက္ခတ်ဗေဒပညာ

Vol. 5 Ch. 480

လေ့နော်သည် မိန်းကလေးငယ် အကြောင်းကို ဆန်းလျန်ကို သူမှတ်မိသလောက် ပြောပြလိုက်လေသည်။

သူက ထိုမိန်းကလေးငယ်ကို အခန်းတစ်ခု အတွင်းသို့ ခေါ်ဆောင် သွားခဲ့လေသည်။ ထိုအခန်းထဲတွင် အနက်ရောင် ဝတ်စုံဝတ်ဆင်ထားသည့် လူတစ်ယောက် ထိုင်နေလေသည်။

ထိုအထိသာ စဉ်းစား၍ရပြီး နောက်ပိုင်းကိစ္စများသည် သူ့မှတ်ဉာဏ်ထဲတွင် ထွက်ပေါ်လာခြင်း မရှိတော့ပေ။

“အဲဒီလူက ဘယ်သူလဲ”

ဆန်းလျန်က တင်းမာသည့် လေသံဖြင့် မေးလိုက်လေသည်။

“အဲဒီလူက ရဟန်းမင်းကြီးပဲ”

“ရဟန်းမင်းကြီးဆိုတာ ဘယ်သူလဲ”

“ကျုပ်လည်း မသိပါဘူး၊ ကျုပ်မွေးကတည်းက အဲဒီလူက ရှိနေတာ၊ ကျုပ်မှမဟုတ်ဘူး၊ ကျုပ်ရဲ့ ဘိုးဘေးဘီဘင် မျိုးရိုးစဉ်ဆက် မမွေးခင်ထဲက အဲဒီ ရဟန်းမင်းကြီးဆိုတဲ့ လူက ရှိနေပြီးသားပဲ၊ တာ့ရှားပြည်မှာဆိုရင် တာ့ရှား ဧကရာဇ်ပြီးရင် သေခြင်းရှင်ခြင်း စာအုပ်ထဲမှာ အမည်စာရင်းကို ဖျက်ထားနိုင်တဲ့ သူဆိုလို့ အဲဒီ ရဟန်းမင်းကြီး တစ်ယောက်ပဲ ရှိတယ်”

“သူက ဘယ်မှာနေတာလဲ”

ဆန်းလျန်က မေးလိုက်သည်။

“အဲဒါတော့ ကျုပ်လည်း မသိဘူး၊ ရဟန်းမင်းကြီး ဘယ်မှာနေလဲဆိုတာ ဘယ်သူမှ မသိကြဘူး၊ တာ့ရှား ဧကရာဇ်ကတော့ ချွင်းချက်ပေါ့လေ”

လေ့နော်က ပြောပြလိုက်လေသည်။

မိန်းကလေးငယ်ကို ခေါ်ဆောင် သွားပြီးသည့် နောက်ပိုင်း ရဟန်းမင်းကြီးသည် ထပ်မံ ထွက်ပေါ်လာခြင်း မရှိတော့ပေ။

လေ့နော် လိမ်ပြောနေခြင်း မဟုတ်သည်ကို ဆန်းလျန် သိထားပါသည်။

သေခြင်းရှင်ခြင်း စာအုပ်တွင် အမည်စာရင်း ပယ်ဖျက်ထားနိုင်သူ တစ်ယောက်၏ တန်ခိုးစွမ်းအား ကိုတော့ လျှော့တွက်၍ မရနိုင်ကြောင်း ဆန်းလျန် ခန့်မှန်းမိလေသည်။

ဆန်းလျန်သည် သေခြင်းရှင်ခြင်း စာအုပ်ကို စိတ်ဝင်စား နေမိလေသည်။ သို့တိုင်အောင် သူသည် ထိုစာအုပ်၏ တည်ရှိမှုကို အာရုံခံ၍မရခဲ့ပေ။

လက်ရှိအခြေအနေတွင် ဆန်းလျန်အနေဖြင့် ဘာမှလှုပ်ရှားနိုင်ခြင်း မရှိသလို လေ့နော် ထံမှလည်း မည်သည့် သတင်းမှ ထပ်ပြီး ရတော့မည် မဟုတ်ပေ။ သူ့အနေဖြင့် နောက်ထပ် လအနည်းငယ် စောင့်ကြည့်ရမည် ဖြစ်လေသည်။ လေ့နော်၏ ခန္ဓာကိုယ်ထဲမှ သွေးနှင့် တန်ခိုးစွမ်းအား အမြုတေမှာ လုံလုံလောက်လောက် စုစည်းမိသည့် အခါတွင်မှ တာ့ရှားတော်ဝင် မိသားစုများ၏ မျိုးရိုးစဉ်ဆက် လျှို့ဝှက်ချက်များကို ရှာဖွေစုံစမ်း နိုင်မည် ဖြစ်လေသည်။

လေ့နော်သည် ကွမ်းလုန်ကျီထံသို့ အမိန့်စာ ရေးပေးလိုက်လေသည်။

သူက ဆန်းလျန်ကို ကိုယ်တိုင် လိုက်ပို့ရန် စီစဉ်လိုက်သော်လည်း ဆန်းလျန်က လက်မခံခဲ့ပေ။ ဆန်းလျန်သည် လေ့နော်ကို မည်သည့် ခြိမ်းခြောက်သည့် စကားကိုမှ ပြောခဲ့ခြင်းမရှိပါ။ သို့သော် ထိုသို့ မပြောခြင်းကြောင့်ပင် လေ့နော်သည် အလိုလို ကြောက်ရွံ့လျက် ရှိနေတော့သည်။

နောက်ဆုံးတွင်တော့ အရာရှိ မင်းလေ့နော်သည် ဆန်းလျန်ကို မြို့တော် တောင်ဘက်ပိုင်းရှိ တော်ဝင် ကျောင်းတော်သို့ လိုက်ပါပို့ဆောင်ပေးရန် ကိုယ်ရံတော် တစ်ယောက်ကို အမိန့်ပေး လိုက်လေသည်။

ဆန်းလျန်သည် ဥယျာဉ်အတွင်းမှ သူ၏ကျားနက်ကြီးကို အရင်ဆုံး လာခေါ်လေသည်။

ကျားနက်ကြီးမှာ နားမကြားသည့် တိရစ္ဆာန် စောင့်ရှောက်သူ၏ ပြုစုမှုအောက်တွင် သာယာလျက် ရှိလေသည်။ သူက ဇိမ်ခံနေရသည့်အတွက် သိပ်ပြီးသွားချင်စိတ်မရှိသေးပေ။

ဆန်းလျန်က စိုက်ကြည့်လိုက်တော့မှ ကျားနက်ကြီးက ချက်ချင်းပင် ဆန်းလျန်ထံသို့ လျှောက်လာ လေသည်။ ကျားကြီးမှာ ခွေးလေးတစ်ကောင် အလား အမြီးလေးနှံ့ကာ ဆန်းလျန် စိတ်ကျေနပ်စေရန် အတွက် သခင်ဖြစ်သူကို ချော့နေတော့သည်။

အရာရှိမင်းလေ့နော်သည် ကိုယ်ရံတော်များကို ဆန်းလျန်ကို အထူးဂရုစိုက်ရန် မှာကြား ထားလေသည်။ အမှန်တော့ သူက ဆန်းလျန်၏ ဇာစ်မြစ်ကို သိချင်သောကြောင့်သာ ထိုသို့ ပြုလုပ်ခိုင်းခြင်း ဖြစ်လေသည်။

လမ်းဆုံတစ်ခု အရောက်တွင်တော့ အလောင်းတစ်လောင်းကို သယ်လာသည့် အစေခံ နှစ်ယောက်ကို တွေ့လိုက် ရလေသည်။

ထိုအလောင်းမှာ ဆန်းလျန်နှင့် စကားပြောခဲ့သည့် အစေခံမလေး၏ အလောင်း ဖြစ်လေသည်။ သူမ၏ ကိုယ်တွင်းအင်္ဂါများ အားလုံး ကြေမွကာ သေဆုံးနေခြင်း ဖြစ်ပြီး သူမ၏ ဝိညာဉ်သည်ပင်လျှင် တစ်စစီ ဖြစ်နေခဲ့ပြီ ဖြစ်လေသည်။

ဆန်းလျန်က အစေခံမလေး၏ အလောင်းကို သယ်လာသည့် အစေခံနှစ်ယောက်ကို တားဆီးလိုက်ပြီး…

“သူ ဘာလို့ သေသွားတာလဲ”

အစေခံများက ဆန်းလျန်ကို မှတ်မိကြခြင်း မရှိပါ။ သို့သော် သူတို့က ဆန်းလျန်နှင့်အတူ ပါလာသည့် ကိုယ်ရံတော်များကိုတော့ သိရှိလေသည်။

ကိုယ်ရံတော်က ဆန်းလျန်မှာ သူများကိစ္စများကို အဘယ့်ကြောင့် စပ်စပ်စုစု လိုက်ပါနေရ သနည်းဟု တွေးနေမိလေသည်။ လေ့အိမ်တော်တွင် နေ့စဉ်နှင့်အမျှ အစေခံများ သေဆုံးနေကြသည့် အတွက် အစေခံတစ်ယောက် သေဆုံးခြင်းမှာ အဆန်းမဟုတ်ပေ။

သို့သော် ဆန်းလျန်က သိချင်နေသည့် အတွက် ကိုယ်ရံတော်က ကူမေးပေး လိုက်လေသည်။

“ဘာဖြစ်တာလဲ…”

အစေခံ တစ်ယောက်က ပြန်ဖြေလိုက်သည်။

“သခင်မကြီး ဒေါသထွက်ပြီး ရိုက်နှက်တာ လက်လွန်ပြီး သေသွားတာပါ၊ ဒါကြောင့် သူ့ကို မြေသွားမြှုပ်မလို့”

“သူ့အလောင်းကို ကျုပ်ကိုပေးခဲ့ပါ…”

ဆန်းလျန်က ပြောလိုက်လေသည်။

ဆန်းလျန်၏ စကားကြောင့် အစေခံက ကိုယ်ရံတော်ကို တစ်ချက် လှမ်းကြည့် လိုက်လေသည်။ ကိုယ်ရံတော်ကလည်း ဆန်းလျန်နှင့် အတိုက်အခံ မဖြစ်ချင်သည့် အတွက် သဘောတူ လိုက်လေသည်။

“သူ့အလောင်းကို ထားခဲ့လိုက်၊ ငါတို့ ကြည့်လုပ်လိုက်မယ်”

အစေခံနှစ်ယောက်မှာ ပျော်ရွှင်စွာဖြင့် ပြန်သွားကြလေသည်။ တကယ်တမ်းတော့ အစေခံတစ်ယောက် သေသည့် ကိစ္စသည် အရေးကြီးသည့် ကိစ္စမှ မဟုတ်ပေပဲ။

ဆန်းလျန်သည် အစေခံမိန်းကလေး၏ အလောင်းကို ကျားနက်ကြီး ကျောပေါ်သို့ တင်ကာ သယ်ဆောင် လာလေသည်။ ကျားနက်ကြီးမှာ အလောင်းကောင်ကို သူ့ကျောထက်တွင် သယ်ဆောင် လာရသည့် အတွက် စိတ်မချမ်းသာပေ။ သို့သော် သခင်ငယ်လေးက စေခိုင်းသည့် အတွက် ပျော်ချင်ယောင် ဆောင်နေရလေသည်။

ကျားနက်ကြီးသည် ဆန်းလျန်အမိန့်ကို နာခံရန် အချက်သုံးချက်ဖြင့် ဆုံးဖြတ် ထားလေသည်။ ပထမအချက်မှာ သူ၏ သခင်ငယ်လေးခိုင်းသမျှ နာခံရန်ဖြစ်လေသည်။ ဒုတိယ အချက်မှာ သူ၏ သခင်ငယ်လေး ခိုင်းသမျှကို မငြင်းပယ်ရန် ဖြစ်လေသည်။ တတိယ အချက်မှာ ပထမအချက်နှင့် ဒုတိယ အချက်ကို လိုက်နာရန် ဖြစ်လေသည်။

ကျားနက်ကြီးက သူ့အပေါ်တွင် အလွန်တွယ်တာသည့် အတွက် ဆန်းလျန်ပင်လျှင် တစ်ခါတစ်ရံတွင် အံ့သြ ရလေသည်။ အဘယ့်ကြောင့် ကျားနက်ကြီးသည် သူ့ကို ထိုမျှနာခံရသည်ကို ဆန်းလျန်ပင် မသိပါချေ။

သူတို့ ခရီးထွက်ခွာလာကြရင်း တိချိုးမြို့တော်၏ မြစ်တစ်ခုသို့ ရောက်ရှိလာလေသည်။

အမှန်တော့ ထိုမြစ်မှာ တာ့ရှားဧကရာဇ် တူးဖော်ထားသည့် တူးမြောင်း တစ်ခုဖြစ်ပြီး ဝိညာဉ် စွမ်းအားနှင့် ပြည့်ဝသည့် မြစ်ရေများ စီးဆင်းနေလေသည်။

ထိုမြစ်ကို “ရှားတူးမြောင်း” ဟု ခေါ်လေသည်။

“မင်းက ဒီအလောင်းကို ဒီတူးမြောင်းဘေးမှာ သင်္ဂြိုဟ်မလို့လား”

ကိုယ်ရံတော်က မေးလိုက်လေသည်။

“အင်းလေ… ဘာဖြစ်လို့လဲ”

ဆန်းလျန်က ပြန်ပြောလိုက်သည်။

“ဒါဖြင့်လည်း အမြန်လုပ်၊ ကင်းလှည့်တဲ့ စစ်သည်တော်တွေနဲ့ တွေ့ရင် ပြဿနာ အကြီးအကျယ် တက်လိမ့်မယ်”

ကိုယ်ရံတော်က ခပ်တိုးတိုး လေသံဖြင့် ပြောလိုက်လေသည်။

ကိုယ်ရံတော်သည် စိတ်ထားကောင်းသူ တစ်ယောက် ဖြစ်လေသည်။ အမှန်တော့ သူ့ဘဝသည်လည်း ထိုအစေခံ မိန်းကလေးနှင့် သိပ်ပြီး မခြားနားလှပေ။ သူတို့သည် တော်ဝင်မိသားစုမှ ခိုင်းသည့် အလုပ်များကို လုပ်ဆောင်ကြရကာ သူတို့ဘဝကို မထင်မရှားဖြင့် ရပ်တည် ကြရလေသည်။

ဆန်းလျန်သည် အစေခံ မိန်းကလေးကို ကျားနက်ကြီး၏ ကိုယ်ပေါ်မှ ချလိုက်လေသည်။

ထို့နောက်တွင်တော့ ဆန်းလျန်၏ လက်ချောင်း ထိပ်လေးများတွင် မီးတောက်များ လင်းလက် လာလေသည်။ အစေခံမိန်းကလေး၏ ရုပ်အလောင်းသည် ချက်ချင်းပင် ပြာကျ သွားတော့သည်။ ထို့နောက်တွင်တော့ အရိုးပြာမှုန့်များ သည် ရှားတူးမြောင်းမှ ဝိညာဉ်စွမ်းအား ပြည့်ဝသည့် မြစ်ရေများနှင့် ပေါင်းစပ် စီးဆင်း သွားတော့သည်။

မြစ်ကမ်းနံဘေးတွင် ဆန်းလျန်၏ ဂါထာရွတ်ဖတ်သံ ထွက်ပေါ်လာလေသည်။ သူက ပြန်လည် မွေးဖွားခြင်း ဂါထာကို ရွတ်ဆိုလိုက်ခြင်း ဖြစ်လေသည်။ တူးမြောင်း ရေပြင်ထက်တွင် အလင်းရောင် တစ်ချက် တောက်ပသွားပြီး တစ်စစီဖြစ်နေသည့် အစေခံမိန်းကလေး၏ ဝိညာဉ်သည် ပြန်လည် ပေါင်းစည်း သွားလေသည်။ ထို့နောက် ထိုဝိညာဉ်သည် ရှားတူးမြောင်း ရေထဲတွင် အဝေးဆီသို့ စီးဆင်း သွားတော့သည်။

သူမအနေဖြင့် ပြန်လည် လူဝင်စားနိုင် ကောင်းလိမ့်မည်ဟု ဆန်းလျန် တွေးနေမိလေသည်။

“မင်းက ဂါထာတွေ ဘာတွေလည်း ရွတ်တတ်တာပဲ၊ ဘယ် လောက နတ်ဘုရားဆီက သင်ယူထားတာလဲ”

ကိုယ်ရံတော်က မေးလိုက်လေသည်။

ကိုယ်ရံတော်က ဆန်းလျန် ရွတ်ဖတ်သည့် ဂါထာမှာ ပြန်လည် မွေးဖွားခြင်း ဂါထာဖြစ်ကြောင်း မသိရှိသည့်တိုင် ယခင်အချိန်များတုန်းက ဘုန်းတော်ကြီးများနှင့် နတ်ဘုရားများ ဂါထာ ရွတ်ဖတ်သည်ကို မြင်တွေ့ဖူးလေသည်။

“ရွတ်တတ်တာပေါ့၊ တကယ်လို့ မင်းသေခါနီး ကျရင်လည်း ကျုပ်ကိုလာရှာပေါ့၊ မင်းကို ဂါထာရွတ်ပြီး ဘဝကူးကောင်းအောင် ကူညီပေးလို့ ရတယ်၊ ဒီဂါထာကို ပြန်လည် မွေးဖွားခြင်း ဂါထာလို့ခေါ်တယ်”

ဆန်းလျန်က ကိုယ်ရံတော်ကို ရှင်းပြလိုကလေသည်။

သို့သော် ကိုယ်ရံတော်သည် ဆန်းလျန်ကို မည်သည့်စကားမှ ပြန်မပြောတော့ပါ။

သူတို့ တော်ဝင် ကျောင်းတော်သို့ ရောက်ရှိလာသည့် အခါတွင်တော့ အတော်ပင် ညဉ့်နက်နေပြီ ဖြစ်လေသည်။ တော်ဝင်ကျောင်းတော် ဝင်ပေါက်တံခါးဝမှာ အလွန်မှ သေးငယ် လွန်းလေသည်။ ကျောင်းတော်မှာလည်း အပြင်မှ ကြည့်လျှင်ပင် သစ်သားအိမ်လေး တစ်လုံးအလား ထင်မှတ်ရလေသည်။

သို့သော်… ဝင်ပေါက်ကို ဖြတ်ကျော် ဝင်ရောက်လိုက်သည့် အခါတွင်တော့ အတွင်းဘက်မှ အဆောက်အဦ များမှာ အလွန်ကြီးမားသည်ကို တွေ့ရှိရလေသည်။ ကောင်းကင် တစ်ခုလုံးမှာလည်း ကြယ်စင်များဖြင့် ပြည့်နေပြီး ကြည်လင်နေလေသည်။

ကောင်းကင်ထက်သို့ မော့ကြည့်လျှင် ကြယ်များ၏ လှုပ်ရှားမှု လမ်းကြောင်းများကို အသေးစိတ် တွေ့မြင်ရနိုင်သည်။ ကြယ်များအကြား ဆက်နွှယ်မှုတိုင်းသည် ကြယ်များ အားလုံးကို ၎င်းတို့၏ ပုံသေလမ်းကြောင်း အတိုင်း ရွေ့လျား စေလေသည်။

ကွမ်းလုန်ကျီသည် သူ့ဘဝတစ်ခုလုံးကို နက္ခတ် ဗေဒပညာရပ်တွင် မြှုပ်နှံထားခဲ့သူ ဖြစ်လေသည်။ ထို့ကြောင့် သူက တိုင်းပြည်တစ်ခု၏ ကံကြမ္မာ၊ လူတစ်ယောက်၏ ကံကြမ္မာများကိုလည်း နက္ခတ် ဗေဒပညာရပ်ဖြင့် ခန့်မှန်းပြောကြား နိုင်လေသည်။

အနာဂတ်ဆိုသည်က မြစ်တစ်စင်းကဲ့သို့ပင် ဖြစ်လေသည်။

အခက်အခဲမည်မျှပင် ဖြစ်ပါစေ။ ကြိုတင် သတ်မှတ်ထားသည့် ကံကြမ္မာဆိုသည်က ပြုပြင်၍ မရစကောင်းပေ။

လွန်ခဲ့သည့် ဆယ့်နှစ်နှစ်ခန့်က ….

သွေးနီပင်လယ်၏ တစ်ဖက်ကမ်းတွင် ငရဲပန်းများ ပွင့်လန်းခဲ့ ကတည်းက ဤလောက၏ ကံတရားသည် အသစ်ဖွင့်လှစ်ရန် အတွက် စတင်ခဲ့ပြီ ဖြစ်လေသည်။

အနာဂတ်ဆိုသည်က မျှော်လင့်ချက်များဖြင့် ပြည့်နေသည့် အရာတစ်ခု ဖြစ်သည့်တိုင် မည်မျှ ကြောက်မက်ဖွယ် ကောင်းမည် ဆိုသည်ကိုတော့ မည်သူမျှ သိရှိနိုင်မည် မဟုတ်ပေ။

***

All Chapters