← Chapters

မိုးကောင်းကင်ခုံရုံး(သို့)ကောင်းကင်ဘုံနန်းတော်အကြောင်းထပ်ကြားရပြန်ပြီ

Vol. 5 Ch. 481

မိုးကောင်းကင်ခုံရုံး(သို့)ကောင်းကင်ဘုံနန်းတော်အကြောင်းထပ်ကြားရပြန်ပြီ

Vol. 5 Ch. 481

ရှားတူးမြောင်းသည် မြောက်ဘက်မှ တောင်ဘက်သို့ စီးဆင်းသွားသည့် တူးမြောင်းတစ်ခု ဖြစ်လေသည်။ ထိုတူးမြောင်းအတိုင်း တိချိုးမြို့တော်မှ ထွက်ခွာသွားလျှင် တော်ဝင် ကျောင်းတော်၏ ဝင်ပေါက်ကို ရောက်ရှိမည် ဖြစ်လေသည်။

ကွမ်လုန်ကျီသည် ကျောင်းတော် အတွင်းမှ ထွက်လာလေသည်။

နံနက်ခင်းလေပြေက သူ၏မျက်နှာဆီသို့ တိုက်ခတ် နေလေသည်။ သူက နိုင်ငံခြားရေး ဝန်ကြီးပေးလိုက်သည့် အမိန့်စာကို ကိုယ်ရံတော်ဆီမှ ယူလိုက်သည်။ ထို့နောက် သူက လူငယ်လေးနှင့် ကျားနက်ကြီးကို တစ်ချက် အကဲခတ် လိုက်လေသည်။

လူငယ်လေးမှာ အလွန်ငယ်ရွယ်ပုံ ရလေသည်။ သို့သော် သူ၏မျက်ဝန်း အစုံကတော့ နက်ရှိုင်းလွန်းပြီး ကြယ်စင်များအလား တောက်ပနေလေသည်။ လမင်းထက်ပင် လင်းလက်သည့် ကြယ်စင် ရှိမည်ဆိုလျှင် ထိုမျက်ဝန်းများပင် ဖြစ်လိမ့်မည်ဟု ကွမ်းလုန်ကျီ တွေးလိုက်မိလေသည်။

တိုက်ခတ်လာသည့် လေပြည်လေးကြောင့် ဆန်းလျန်၏ ဆံနွယ်များသည် လေထဲတွင် လွင့်ပျံနေလေသည်။ ခမ်းနားလွန်းသည့် လူငယ်လေးသည် အလွန်မှ ထူးခြားသူ တစ်ယောက် ဖြစ်သည်ကို ကွမ်းလုန်ကျီ အသိအမှတ်မပြုဘဲ မနေနိုင်ချေ။

ထိုလူငယ်လေးကဲ့သို့သော ထူးခြားသည့် လူတစ်ယောက်ကို ကွမ်းလုန်ကျီ ယခင်က တွေ့ခဲ့ ဖူးသေးသည်။ ထိုသူမှာ လွန်ခဲ့သည့် နှစ်နှစ်ဆယ်ခန့်က သူနှင့် ဆုံတွေ့ဖူးခဲ့သည့် ထျန်းယီ အကြီးအကဲပင် ဖြစ်လေသည်။ ထိုအချိန်တုန်းက ထျန်းယီ အကြီးအကဲသည် ရွှမ်းကျန်း ကျောင်းတော်မှ တည်ထောင်သူ ဆရာသခင်တစ်ပါးနှင့် ဆုံတွေ့ခဲ့ရပြီး တာအိုဝါဒကို သင်ယူခွင့်ရခဲ့စဉ် အချိန်ဖြစ်လေသည်။

သို့သော် ယခုသူတွေ့မြင် နေရသည့် လူငယ်လေးကတော့ ရွှမ်ကျန်းကျောင်းတော်မှ ဆရာသခင် ခုနစ်ပါးကဲ့သို့ပင် တန်ခိုးစွမ်းအား မြင့်မားသူဖြစ်လေသည်။

ကွမ်းလုန်ကျီခန့်မှန်းလျှင် မှားခဲလေသည်။ ထိုလူငယ်လေးသည် သူကြိုတင်နိမိတ် ဖတ်ခဲ့ဖူးသည့် တစ်လောကလုံးကို ပြောင်းလဲပစ်မည့် လူငယ်လေး ဖြစ်လေသည်။ ယခုတော့ သူ့ရှေ့သို့ ရောက်ရှိလာခဲ့ပြီ။

ထိုလူငယ်လေးသည် သူကြိုတင် နိမိတ်ဖတ်ခဲ့သည့် လူငယ်လေးသာ ဖြစ်ပါက တာ့ရှားဧကရာဇ်ကိုပင် သတ်ပစ်နိုင်မည့်သူ ဖြစ်လေသည်။ သို့သော် သူ၏ နိမိတ်စကားကို သူတစ်ယောက်တည်း သိသည်မဟုတ်။ ရဟန်းမင်းကြီးလည်း သိထား လေသည်။ ထို့ကြောင့် ရဟန်းမင်းကြီးသည် ထိုလူငယ်ကို ရှာဖွေသတ်ဖြတ်ရန် အတွက် တိချိုးမြို့တော်မှ ထွက်ခွာ သွားခဲ့ခြင်း ဖြစ်လေသည်။

ကွမ်းလုန်ကျီမှာ ဆန်းလျန်ကိုကြည့်ပြီး မည်သို့လုပ်ရမည်ပင် မသိတော့ပေ။ သို့သော် ကံတရား ဆိုသည်က ပြောင်းလဲ၍ မရစကောင်းပေ။ ရဟန်းမင်းကြီးသည် မိုးနတ်မင်း၏ ဆန္ဒကို ဆန့်ကျင်ကာ ကံတရားကို ပြောင်းလဲချင်သူ ဖြစ်လေသည်။ ကံတရားကို ပြောင်းလဲချင်သူသည် အေင်မြင်သည်ဖြစ်စေ၊ မအောင်မြင်သည်ဖြစ်စေ မိုးကောင်းကင်၏ ဒဏ်ခတ်ခြင်းကို ခံရမည် ဖြစ်လေသည်။

သို့သော် ရဟန်းမင်းကြီးသည် တာ့ရှားပြည် အတွက်ဆိုလျှင် မည်သည့် အရာကိုမဆို စတေးခံရန် အသင့်ရှိနေသူ ဖြစ်လေသည်။

ကွမ်းလုန်ကျီသည်လည်း တာ့ရှားအတွက် ဆိုလျှင် အသက်ကိုပင် စွန့်လွှတ်ရဲသူ ဖြစ်ပါ၏။ သို့သော် သူက တာ့ရှားအတွက် အရာအားလုံးကိုတော့ စတေးခံနိုင်သူ မဟုတ်ပေ။

လောကတွင် အသက်ထက် အရေးကြီးသည့် အရာ များစွာရှိလေသည်။ ထိုအရာများထဲမှ တစ်ခုမှာ “တာအို” ပင် ဖြစ်လေသည်။

သူက နိုင်ငံခြားရေး ဝန်ကြီး ရေးပေးလိုက်သည့်စာကို တစ်ချက်ဖတ်လိုက်ပြီး ကိုယ်ရံတော်ကို ထွက်ခွာသွားရန် ပြောလိုက်သည်။

ကိုယ်ရံတော် ထွက်ခွာသွားတော့မှ ဆန်းလျန်က လက်နှစ်ဖက်ကို နောက်ပစ်ရင်း ကွမ်းလုန်ကျီရှေ့သို့ လမ်းလျှောက် လာလေသည်။ ကွမ်းလုန်ကျီသည် အာဏာရှိသူ တစ်ယောက် မဟုတ်ပေ။ သို့သော် အသိဉာဏ်ပညာနှင့်ပြည့်ဝသူ တစ်ယောက် ဖြစ်လေသည်။ အသိဉာဏ်ပညာ ပြည့်ဝသူသည် အာဏာကိုရယူရန် လွယ်ကူလေသည်။

သို့သော် အာဏာရှိသူ တစ်ယောက်ကတော့ အသိပညာနှင့် ပြည့်ဝရန် ခက်ခဲလေသည်။

ထိုသို့ဖြစ်ရခြင်းမှာ အာဏာနှင့် စွမ်းအားသည် အခက်အခဲ အတော်များများကို ဖြေရှင်းနိုင်သောကြောင့် ဖြစ်လေသည်။ ထို့ကြောင့် အာဏာရှိသူများက အသိပညာရှိခြင်းကို သိပ်ပြီး အထင်ကြီးလေ့ မရှိကြပေ။

သို့ရာတွင် အာဏာက အခက်အခဲ အတော်များများကို ဖြေရှင်းနိုင်သည်ဟု ဆိုနိုင်လျှင် အသိဉာဏ် ပညာကတော့ ပြဿနာအားလုံးကို ဖြေရှင်းနိုင်လေသည်။ အသိပညာသည် ကြယ်စင်များကဲ့သို့ အမြဲတမ်းထွန်းလင်းနေပြီး လူသားများကိုပင် အလင်းပေးနိုင်သည့် အရာ ဖြစ်လေသည်။

ထို့ကြောင့် ဗုဒ္ဓ၊ တာအိုဆရာ သခင်ကြီးများနှင့် အခြားသော ပညာရှိကြီးများသည် အသိဉာဏ်ပညာကို လူသားများသိရှိစေရန် ရည်ရွယ် သင်ပြပေးခဲ့ကြခြင်း ဖြစ်လေသည်။

ဆန်းလျန်ပင်လျှင် ယခုကဲ့သို့ နတ်ဘုရားတစ်ပါး ဖြစ်လာသည်မှာ အသိဉာဏ် ပညာကြောင့်ပင် ဖြစ်လေသည်။

“တွေ့ရတာ ဝမ်းသာပါတယ်”

ဆန်းလျန်သည် ပထမဆုံးစကားကို စတင်ပြောကြား လိုက်လေသည်။

ကွမ်းလုန်ကျီသည် လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ခန့်က ထျန်းယီအကြီးအကဲနှင့် တွေ့ခွင့်ရခဲ့သည့် အချိန်ကို ပြန်လည် သတိရနေမိလေသည်။

သူကပြုံးလိုက်ရင်း…

“တွေ့ရတာ ဝမ်းသာပါတယ်ကွယ်…”

“ကျွန်တော့်နာမည်က ဆန်းလျန်ပါ၊ ဆန်းဆိုတဲ့ စာလုံးက စွေ (ရေ) ဆိုတဲ့စာလုံးနဲ့ ပေါင်းတယ်၊ လျန်ဆိုတဲ့စာလုံးက ဟော် (မီး) ဆိုတဲ့ စာလုံးနဲ့ပေါင်းတယ်”

ဆန်းလျန်က သိမ်မွေ့စွာဖြင့်ပင် သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

“ကျုပ်က ကွမ်းလုန်ကျီပါ၊ အရင်ကလည်း ကျုပ်အကြောင်း ကြားဖူးမယ် ထင်ပါတယ်၊ ကျုပ်က ဒီတော်ဝင် ကျောင်းတော်မှာ ရောက်နေတာ နည်းနည်းတော့ ကြာပါပြီ၊ မင်း ဒီမှာနေတုန်း ကျုပ်တို့တွေ အသိပညာတွေ ဖလှယ် ကြတာပေါ့ကွယ်”

ကွမ်းလုန်ကျီသည် ဖြောင့်မတ်စွာဖြင့် ရပ်နေပြီး အသိဉာဏ်မြင့်မားပြီး ကိုယ်ကျင့်တရား ကောင်းမွန်သည့် ပညာရှိတစ်ပါး၏ ဟန်ပန် အပြည့်ရှိလေသည်။

ဆန်းလျန်က ပြုံးရင်း ခေါင်းညိတ် ပြလိုက်လေသည်။ ထိုသူ၏ ပညာရှိမှုများကို တွေ့မြင်ရပြီး ဆန်းလျန်သည် အသိအမှတ် ပြုမိလေသည်။

ထို့နောက်တွင်တော့ ကွမ်းလုန်ကျီက အထဲသို့ ကြွပါဆိုသည့် သဘောဖြင့် လက်တစ်ဖက် ဝှေ့ယမ်း ပြလိုက်သည်။

“ဆန်းသခင်လေး ကြွပါ…”

ဆန်းလျန်ကလည်း ကွမ်းလုန်ကျီ၏ စကားအတိုင်း အရှေ့သို့ လမ်းလျှောက် သွားလိုက်လေသည်။ ကျားနက်ကြီးကတော့ ဆန်းလျန်နောက်မှ လိုက်ပါလာပြီး ကွမ်းလုန် ကျီကတော့ ဆန်းလျန်၏ဘေးမှ လိုက်ပါလာလေသည်။

ကွမ်းလုန်ကျီသည် ဆန်းလျန်၏ ခြေလှမ်းတိုင်းကို သတိထားကာ အကဲခတ် နေလေသည်။

ဆန်းလျန်၏ ခြေလှမ်းများသည် အနည်းငယ် ရှုပ်ထွေးနေသယောင် ထင်ရလေသည်။ သို့သော် နက္ခတ်ဗေဒပညာကို နှစ်ပေါင်းများစွာ လေ့လာခဲ့သည့် ကွမ်းလုန်ကျီကတော့ ဆန်းလျန်သည် ကြယ်များသွားသည့် လမ်းကြောင်းအတိုင်း ခြေလှမ်းများကို ကျွမ်းကျင်စွာလှမ်းနေခြင်း ဖြစ်ကြောင်း ချက်ချင်း သိရှိလိုက်လေသည်။

သူလှမ်းလိုက်သော ခြေလှမ်းတိုင်းသည် ကြယ်များကြားမှ အချင်းဆွဲငင်သည့် ဆွဲဆောင်မှု တစ်ခုအလား ထင်မှတ်ရလေသည်။ အလွန်သဘာဝကျပြီး ထာဝရ မပျက်စီးနိုင်ပါ။ ထို့ပြင် ဆန်းလျန်၏ ခြေလှမ်းတိုင်းတွင် တာအို အနှစ်သာရများကို တွေ့မြင်ရလေသည်။ လူတစ်ယောက်သည် ထိုသို့ ပြုလုပ်ရန်မှာ မလွယ်ကူလှပေ။

ဆန်းလျန်သည် ဦးခေါင်းမှ ခြေဖျားအထိ အလွန်ထူးခြားသူ တစ်ယောက် ဖြစ်လေသည်။ လမ်းလျှောက် နေသည့်တိုင် ဖုံမှုံ့များသည် သူ့ကို ကပ်ငြိခြင်း မရှိပေ။ ဖုံမှုံ့များသည့် သူ့ကို ရှောင်ကွင်း သွားကြလေသည်။ သူသည် ရွှံ့နွံထဲမှ သန့်စင်စွာဖြင့် ပွင့်လန်းလာသည့် ကြာပန်းလေး တစ်ပွင့်အလားပင်။

ကျောင်းတော် အတွင်းသို့ ဝင်လိုက်သည်နှင့် ဆန်းလျန်၏ မျက်နှာတွင် အံ့သြသည့် အမူအရာတစ်ခု ပေါ်လာလေသည်။ ကျောင်းတော်ဝန်းအတွင်းတွင် ကောင်းကင် တစ်ခုလုံးကို ကြည်ကြည်လင်လင် တွေ့မြင်နေရပြီး တော်ဝင် ကျောင်းတော်ကြီးသည် လောက အသစ်တစ်ခုအလား အံ့သြမှင်တက်စရာ နေရာတစ်ခု ဖြစ်လေသည်။ ပြင်ပကမ္ဘာနှင့် လုံးဝမတူဘဲ ကွဲပြားခြားနား လွန်းလှလေသည်။

ဆန်းလျန်သည် အရင်ဘဝတုန်းက ချင်းရွှမ်နတ်တံခါးရှိ ကျီဖူတောင်ထိပ်တွင် နတ်ဘုရား အဘိုးအိုက သူ့ကို ပိတ်လှောင် ထားခဲ့သည့် ဆရာဘွားဘွား လီချင်းဆွေ ဖန်တီးခဲ့ရာ မက်မွန်ပင်များ ရှိသည့် ဗလာနယ်ကို ပြန်ပြီး သတိရလိုက်မိလေသည်။

ဆန်းလျန်သည် လက်ရှိ အခြေအနေတွင် ထိုသို့ ဗလာနယ်တစ်ခု ဖန်ဆင်းရန် မဖြစ်နိုင်သေးပေ။

“ဒီကျောင်းတော်ရဲ့ထူးခြားမှုကို ဆန်းသခင်လေး ရိပ်မိတယ် မဟုတ်လား”

ကွမ်းလုန်ကျီက ပြောလိုက်လေသည်။

ဆန်းလျန်က ခေါင်းတစ်ချက်ညိတ်လိုက်ရင်း…

“ဒီနေရာက လောကတစ်ခုပဲ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ဒီနေရာမှာဆိုရင် ခင်ဗျားက ကျုပ်ထက် အင်အား ပိုကြီးနေမှာပဲ၊ ဘာလို့လဲဆိုတော့ ဒီလောကက ခင်ဗျားရဲ့ထိန်းချုပ်မှု အောက်မှာ ရှိနေလို့ပဲ”

“မင်းပြောတာ မှန်ပါတယ်၊ ဒါပေမဲ့ ဒီအချက်ကို အသုံးပြုပြီးတော့ ကျုပ်က မင်းကို တိုက်ခိုက်မှာ မဟုတ်ပါဘူး”

ကွမ်းလုန်ကျီက ပြောလိုက်လေသည်။

ဆန်းလျန်က သက်ပြင်းတစ်ချက် ချလိုက်ရင်း…

“ခင်ဗျားက အသိဉာဏ်ပညာအားလုံးကို ပိုင်ဆိုင်ထားတာတောင်မှာ အသေးစိတ်ကို သိပ်ဂရုစိုက်တယ်နော်၊ ခင်ဗျားဟာ တာအိုကျင့်စဉ်လမ်းကို လျှောက်သင့်တဲ့ လူတစ်ယောက်ပါပဲ”

တာအိုကိုရရှိရန်မှာ လွယ်ကူသလောက် တာအိုကို ထိန်းသိမ်းထားရန်မှာ ခက်ခဲလေသည်။ ဆန်းလျန်က ကွမ်းလုန်ကျီသည် တာအိုကျင့်စဉ်လမ်းကို လျှောက်သင့်သည်ဟု ခန့်မှန်းလိုက်ခြင်းမှာ တာအိုကို ထိမ်းသိမ်းနိုုင်မည့် စိတ်ထားရှိသူ တစ်ယောက် ဖြစ်သောကြောင့် ဖြစ်လေသည်။ သူက စွမ်းအားရှိသည့်တိုင် သူတစ်ပါးကို အနိုင်ယူရန် အတွက် စွမ်းအားကို အသုံးပြုလိုစိတ် ရှိသူတစ်ယောက် မဟုတ်ပေ။

ဆန်းလျန်စကားကြောင့် ကွမ်းလုန်ကျီက ရယ်မောလိုက်ရင်း…

“ဒါက ကျုပ်အကျင့်ပါပဲ၊ ဒီကျောင်းရဲ့မူလအစကို ကျုပ်ပြောပြပါ့မယ်၊ တကယ်တော့ ဒီကျောင်းက အခု မင်းတို့ကျုပ်တို့ ရောက်နေတဲ့ လောကနဲ့ မဆိုင်တဲ့ လောကတစ်ခုရဲ့ တစ်စိတ်တစ်ပိုင်းပါပဲ”

ဆန်းလျန်က လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်သည့် အတွက် ကွမ်းလုန်ကျီကလည်း ရပ်တန့် လိုက်လေသည်။

ဆန်းလျန်က ကွမ်းလုန်ကျီကို လှည့်ကြည့်လိုက်ပြီး…

“ဘယ်လောကရဲ့ အစိတ်အပိုင်းလဲ”

“မိုးနတ်မင်းနှစ်ပါး အကြောင်းကို ကြားဖူးတယ် မဟုတ်လား”

ကွမ်းလုန်ကျီက ပြောလိုက်လေသည်။

“ကြားဖူးပါတယ်၊ မိုကောင်းကင်ခုံရုံးလို့ ခေါ်တဲ့ ကောင်းကင်ဘုံ နန်းတော်မှာ မျိုးဆက် နှစ်ဆက် ရှိခဲ့တယ်၊ ပထမမျိုးဆက်ကိုတော့ ပထမမျိုးဆက်ရဲ့ မိုးနတ်မင်း ကိုယ်တိုင် တည်ထောင်ခဲ့တာ၊ မိုးနတ်မင်း ထွက်ခွာသွားတဲ့ အချိန်မှာ ဒုတိယမျိုးဆက်က မိုးကောင်းကင်ခုံရုံးကို ပြန်လည် တည်ထောင်ခဲ့တယ်၊ ဒုတိယမိုးနတ်မင်းပေါ့၊ သူက တိုက်ပွဲအတွင်းမှာ ပျောက်ကွယ် သွားခဲ့ပြီး မိုးကောင်းကင်ခုံရုံးရဲ့ ဒုတိယမျိုးဆက်လည်း ပျောက်ကွယ် သွားခဲ့တယ်”

ဆန်းလျန်က ပြောလိုက်သည်။

ထိုအကြောင်းအရာများ အားလုံးကို ဆရာဘွားဘွား ဖြစ်သူ ကျိလင်နတ်သမီးက သူ့ကို မိုးကောင်းကင်ခုံရုံး တောင်ဘက်တံခါးတွင် သေသေချာချာ ရှင်းပြခဲ့ပြီးပြီ မဟုတ်ပါလား။

ကွမ်းလုန်ကျီက ခေါင်းတစ်ချက် ညိတ်လိုက်ရင်း…

“မင်းပြောတာမှန်ပါတယ်၊ ဒါပေမဲ့ မင်းက ပထမမျိုးဆက် မိုးနတ်မင်း အကြောင်းကို သိပ်သိပုံမရဘူး၊ ဒုတိယမျိုးဆက် မိုးနတ်မင်း အကြောင်းကို ပိုပြီးသိပုံရတယ်”

***

All Chapters