← Chapters

စာသင်ကြားခြင်း

Vol. 5 Ch. 482

စာသင်ကြားခြင်း

Vol. 5 Ch. 482

“အမှန်ပါပဲ၊ ကျုပ်က မိုးကောင်းကင်ခုံရုံးနဲ့ ပတ်သက်တဲ့ အတွေ့အကြုံ ရှိခဲ့ဖူးပါတယ်၊ ဒါပေမယ့် ပထမမျိုးဆက်ရဲ့ မိုးနတ်မင်း အကြောင်းကိုတော့ သိပ်မသိခဲ့ပါဘူး”

ဆန်းလျန်က ကြယ်များစုံလင်နေသည့် ကျောင်းတော်၏ ကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်လေသည်။ ထိုကြယ်များသည် တကယ့်ကြယ်စင် အစစ်များ မဟုတ်ဘဲ ကြယ်များကို အစီအစဉ်တကျ ရေးဆွဲထားမှု တစ်ခုသာ ဖြစ်လေသည်။

ကွမ်းလုန်ကျီသည် ဆန်းလျန်၏ အသေးအဖွဲ အပြုအမူလေးများကိုပင် လေ့လာ ကြည့်နေမိလေသည်။

သူက ပြုံးလိုက်ရင်း…

“ပထမမိုးနတ်မင်းရဲ့ခေတ်က တကယ့်ကို အင်အားကြီးမားတဲ့ ခေတ်တစ်ခေတ်ပဲ၊ စာအုပ်တွေထဲမှာ သူ့အကြောင်း ရေးသားထားတာ အရမ်းနည်းတယ်၊ ဒါပေမဲ့ ရေးသား ထားသမျှမှာတော့ သူ့ကို ဘယ်လို ပြောကြသလဲဆိုရင် “သူကစကြဝဠာ အခြေခံစွမ်းအားတွေ မွေးရာပါ ပါရှိတဲ့သူပဲ” လို့ ကျမ်းတစ်အုပ်မှာ ဆိုတယ်၊ နောက်တစ်အုပ်မှာတော့ “သုံးလောက တစ်ခွင်မှာ တန်ခိုးစွမ်းအား အမြင့်မားဆုံးသူ” လို့ဆိုတယ်”

“သုံးလောကတစ်ခွင်မှာ တန်ခိုးစွမ်းအား အမြင့်မားဆုံးသူ … ဟုတ်လား”

ဆန်းလျန်၏ ခန္ဓာကိုယ်မှာ အနည်းငယ် လှုပ်ရှား သွားလေသည်။

ကွမ်းလုန်ကျီက ခေါင်းညိတ်လိုက်ရင်း…

“အမှန်ပဲ၊ ဒါပေမယ့် အခုပြောတဲ့ သုံးလောက တစ်ခွင်ဆိုတာ မိုးကောင်းကင်၊ မြေကြီးနဲ့ လူသားတွေကို ဆိုလိုတာ မဟုတ်ဘူး၊ အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ဆိုတဲ့ သုံးလောကတစ်ခွင်ကို ပြောတာပဲ၊ သုံးလောကတစ်ခွင်နဲ့ ဒြပ်စင်စွမ်းအားငါးမျိုးမှာ သူက စွမ်းအားအကြီးဆုံး ဖြစ်တဲ့အပြင် စကြဝဠာကြီးတောင်မှ သူ့အတွက်တော့ ဘာမှ မပြောပလောက်တဲ့ သေးငယ်တဲ့ အရာလေးတစ်ခုပဲ”

ဘဝတစ်ခုတွင် တန်ခိုးစွမ်းအား မြင့်မားရန်ပင် မလွယ်ကူလေရာ “အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်” အချိန်တိုင်းတွင် တန်ခိုစွမ်းအား မြင့်မားနေခြင်းမှာတော့ ကြောက်မက်ဖွယ်ရာ ကောင်းလှလေသည်။ ထိုသို့ တန်ခိုးစွမ်းအား ကြီးမားမှုကို စကားလုံးဖြင့်ပင် ဖော်ပြနိုင်မည် မဟုတ်သလို စိတ်ကူးဖြင့်လည်း မှန်းဆနိုင်မည် မဟုတ်ပေ။ ပထမ မိုးနတ်မင်းသည် ဒဏ္ဍာရီကိုပင် ကျော်လွန်သည့် လူတစ်ယောက် ဖြစ်ပေလိမ့်မည်။

“ဒါပေမယ့် ကျုပ်ကြားဖူးတာတော့ တာအိုဆရာသခင်ကြီးနဲ့ ဗုဒ္ဓထက် တန်ခိုးစွမ်းအား မြင့်မားတဲ့သူ မရှိနိုင်ဘူးဆို၊ အဲဒီ ပထမမျိုးဆက် မိုးနတ်မင်းက သူတို့တွေထက်တောင် တန်ခိုးစွမ်းအား မြင့်မားနေတာလား”

“အင်း… သေခြင်းရှင်ခြင်း တရားတွေက ထူးဆန်းတယ်၊ မင်းကို အကဲခတ်ကြည့်ရတာ မင်းဟာ လောကကို ကျော်လွန်ပြီး သေခြင်းရှင်ခြင်း တရားတွေကနေ ကင်းလွတ်ခဲ့ပြီ မဟုတ်လား”

“အမှန်ပါပဲဗျာ…”

ဆန်းလျန်က အသံတိုးတိုးဖြင့် ပြန်ဖြေလိုက်လေသည်။

“ဒါဆို မင်းက အချိန်ဆိုတဲ့ မြစ်ရေယဉ်မှာ နက်ရှိုင်းတဲ့ အမှတ်သားသင်္ကေတ တစ်ခုကို ပြုလုပ် ပြီးခဲ့ပြီးပြီပေါ့၊ မင်းလို အဆင့်ကိုရောက်တဲ့ အထိ ကျင့်ကြံနိုင်ဖို့ ဆိုတာ မလွယ်ကူလှပါဘူး”

ကွမ်းလုန်ကျီက တအံ့တသြဖြင့် ပြန်ပြောလိုက်လေသည်။

ကွမ်းလုန်ကျီက အတန်ကြာ တိတ်ဆိတ်နေပြီးမှ စကားဆက်ပြောလိုက်သည်။

“အင်း… ပွင့်ပွင့်လင်းလင်း ပြောရတာတော့ တောင်းပန်ပါတယ်၊ မင်းက သေခြင်းရှင်ခြင်း တရားတွေက ကင်းလွတ်ပြီး လောကကို ကျော်လွန်ခဲ့ပေမယ့် အဲဒီအဆင့်မှာ အဆုံး မသတ်နိုင်ခဲ့သေးဘူး မဟုတ်လား၊ မင်းကျော်လွှားရမယ့် အစစ်ဆေးခံရမှုတွေ ရှိနေသေးတယ် မဟုတ်လား၊ အဲဒါတွေက မင်းကို ချည်နှောင် နေသေးတယ်”

“အမှန်ပါပဲ၊ ကျုပ် နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့ပေမယ့် အတားအဆီးတွေကလည်း ရှိနေတုန်းပါပဲ၊ လောကကို ကျော်လွန်တယ် ဆိုပေမယ့် တကယ်တမ်း သေခြင်းရှင်ခြင်း တရား အစစ်အမှန်ကနေ မလွတ်မြောက် နိုင်သေးဘူးလေ”

ဆန်းလျန်က ပြန်ပြောလိုက်လေသည်။

“အတားအဆီးတွေအားလုံးကိုကျော်ဖြတ်ပြီး သေခြင်းရှင်ခြင်းတရား အစစ်အမှန်ကနေ လွတ်မြောက် ချင်တယ်ဆိုရင် တော့ သုံးလောကတစ်ခွင်နဲ့ ဒြပ်စင်စွမ်းအား ငါးမျိုးကနေ လွတ်မြောက်နိုင်မှပဲ ဖြစ်နိုင်မယ်၊ ဒါဆို အချိန်နဲ့နေရာကို ကျော်လွန် သွားနိုင်ပြီ၊ အဲဒီအဆင့်ကို လောကကိုကျော်လွန်တယ်ဆိုတာထက် အတိတ်၊ အနာဂတ်၊ ပစ္စုပ္ပန်ကို ကျော်လွန်တယ်လို့ ဆိုလို့ရတယ်၊ အဲဒါဟာ တာအိုဆရာသခင်ကြီးနဲ့ ဗုဒ္ဓတို့ ရောက်ရှိသွားတဲ့ နောက်ဆုံးပန်းတိုင်ပဲ၊ ဒါကြောင့် ပထမမျိုးဆက် မိုးနတ်မင်းဟာ တာအို ဆရာသခင်ကြီးနဲ့ ဗုဒ္ဓလောက်တော့ တန်ခိုးစွမ်းအား မြင့်မားခြင်း မရှိဘူး၊ အပြန်အလှန်အားဖြင့် တာအို ဆရာသခင်ကြီးနဲ့ ဗုဒ္ဓကလည်း ပထမမျိုးဆက် မိုးနတ်မင်းကို ကျော်လွန်နိုင် ခြင်းမရှိပါဘူး”

ကွမ်းလုန်ကျီက ပြောလိုက်လေသည်။

ကွမ်းလုန်ကျီ၏ ဆိုလိုရင်းကို ဆန်းလျ နားလည်ပါသည်။ အမှတ်တစ်ရာ အပြည့်ပေးသည့် စာမေးပွဲ တစ်ခုတွင် တာအိုဆရာသခင်ကြီးနှင့် ဗုဒ္ဓက အမှတ်တစ်ရာ ရခဲ့သည်ဆိုလျှင် ပထမမျိုးဆက် မိုးနတ်မင်းကလည်း အမှတ်တစ်ရာ ရခဲ့သည်ဆိုသည့်သဘောပင် ဖြစ်လေသည်။

“အခု နားလည်ပါပြီ၊ ဒါပေမဲ့ အဲဒီပထမမိုးနတ်မင်းက ဘာလို့ ပျောက်ကွယ်သွားရတာလဲ”

“ပထမမိုးနတ်မင်းဟာ တန်ခိုးစွမ်းအား မြင့်မားတယ် ဆိုပေမယ့် ရန်သူတွေလည်း ရှိသေးတာပဲလေ၊ သူ့ရဲ့ရန်သူတွေက ဘယ်သူတွေလဲ သိလား၊ အခုလက်ရှိ တာ့ရှားပြည် ဧကရာဇ်နဲ့ တော်ဝင်မိသားစု ဆယ့်နှစ်ခုရဲ့ ဘိုးဘေးတွေပါပဲ၊ သူတို့တွေ နှစ်ပေါင်းသောင်းနဲ့ ချီပြီး တိုက်ခိုက်ကြတယ်၊ အဲဒီ တိုက်ပွဲတွေကြောင့် စကြဝဠာကြီး တစ်ခုလုံး လှိုင်းတွေ ထကုန်တယ်၊ ဒီအကြောင်းတွေကို စာအုပ်ထဲမှာ ဖတ်ရှုရတာတောင်မှ အရမ်း စိတ်လှုပ်ရှားစရာ ကောင်းတယ်၊ တာ့ရှားဧကရာဇ်နဲ့ တော်ဝင်မိသားစု ဆယ့်နှစ်ခုရဲ့ ဘိုးဘေးတွေဟာ ပထမမိုးနတ်မင်းကို စစ်ရှုံးခဲ့တဲ့ အတွက် ပြန်လမ်း မရှိတော့ဘူးလေ၊ ဒါကြောင့် ဒီနေရာမှာ လောကတစ်ခုကို ဖန်ဆင်းခဲ့ကြတာပဲ၊ ဒီနေရာကို ဘာလို့ ထင်သလဲ ဆန်းသခင်လေး၊ ဒီနေရာဟာ အသူရာချောက်ပါပဲ”

ကွမ်းလုန်ကျီက ရှင်းပြလိုက်လေသည်။

ဆန်းလျန်မှာ အနည်းငယ် ရှုပ်ထွေးသွားလေသည်။ သူရောက်ရှိနေသည့် နေရာက “အသူရာချောက်” တဲ့လား။

ထိုသို့ဆိုလျှင် အသူရာချောက်၏ တည်ရှိမှုသည် သူထင်ထားသည်ထက်ပင် စွမ်းအား မြင့်မားနေပြီး ကျယ်ပြန့် လွန်းနေသေးသည်။ ဆန်းလျန် ထိုက်ယီထျန်းရှန်း အဆင့် တက်လှမ်းနိုင်မည် ဆိုလျှင်ပင် ယခုကဲ့သို့ ကြီးမားသည့် လောကကြီး တစ်ခုကို ဖန်ဆင်းနိုင်မည် မဟုတ်ပေ။

အသူရာချောက်ကို ဖန်ဆင်းခဲ့ကြသူမျာသည် တန်ခိုးစွမ်းအားမည်မျှ မြင့်မားလွန်းသည်ကို ပြောဖွယ်ရာ မရှိတော့ပါ။

“ဒါပေမဲ့ ကျုပ်အရင်က သိခဲ့တဲ့ အသူရာ ချောက်ဆိုတာရယ်၊ စာအုပ်တွေထဲမှာ ဖတ်ခဲ့ရတဲ့ အသူရာ ချောက်ဆိုတာရယ်က ဒီနေရာနဲ့ သိပ်မတူဘူး၊ နည်းနည်း လွဲနေသလိုပဲ၊ မှတ်တမ်းတွေ မှားယွင်းနေတာ လား၊ ဒါမှမဟုတ် ပြောင်းလဲမှု တစ်ခုခု ကြုံခဲ့ရတာလား”

ဆန်းလျန်က မေးလိုက်လေသည်။

“အသူရာချောက် ကိုးထပ်ဆိုတာ သံသရာလည်ခြင်းရဲ့ အလယ်ဗဟိုမှာ ရှိတယ်လို့ မင်းက သိခဲ့ပုံရတယ်”

ကွမ်းလုန်ကျီက ဆန်းလျန်ကို တအံ့တကြဖြင့် ကြည့်ရင် ပြောလိုက်လေသည်။

“ကျုပ်ကြားဖူးခဲ့တာပါ”

ဆန်းလျန်က ပြုံးပြီးပြန်ပြောလိုက်လေသည်။

“အဲဒီအကြောင်းကို လူအတော်များများ မသိခဲ့ကြဘူး၊ ကျုပ်တောင်မှ နည်းနည်းလေးပဲ သိတာ၊ အမှန်တော့ အစပိုင်းတုန်းက အသူရာချောက်မှာ ဘယ်သက်ရှိသတ္တဝါမှ မရှိပါဘူး၊ ဒီမှာ ဝိညာဉ်တွေပဲရှိတာ၊ သွေးနီရောင် ပင်လယ်ကို ရောက်လာခဲ့တဲ့ တိကျန်ဗောဓိက သကျကသာ တန်ခိုးစွမ်းအား မြင့်ဆုံးပါပဲ၊ ပြီးတော့ ငရဲမင်းဆယ်ပါးပေါ့၊ အဲဒီခေတ် အကြောင်းတွေ ပြန်စဉ်းစားမယ် ဆိုရင်တော့ စိတ်လှုပ်ရှားစရာပါပဲ”

“အဲဒီသူတွေက အခုအချိန်မှာ ဘယ်ရောက်သွားလဲ”

ဆန်းလျန်က မေးလိုက်လေသည်။

“အဲဒီ အကြောင်းတွေကိုတော့ ကျုပ်သိပ်ပြီး မသိဘူး၊ ဒါပေမဲ့ အဲဒီလူတွေ ပျောက်ကွယ် သွားတာဟာ ဒုတိယမျိုးဆက် မိုးနတ်မင်းခေတ်မှာ ဖြစ်ပွားတဲ့ မငြိမ်မသက် ဖြစ်မှုတွေနဲ့ ပတ်သက်နေမယ် ထင်တယ်၊ တာအိုဆရာသခင်ကြီးက မိုးကောင်းကင်ကို ဖန်ဆင်းတယ်၊ ဗုဒ္ဓက အနောက်ဘက် နိဗ္ဗန်ဘုံကို ဖန်ဆင်းတယ်၊ ပြီးတော့ လူသားကမ္ဘာနဲ့ အသူရာချောက် ဖြစ်တည် လာတယ်၊ ပထမမိုးနတ်မင်းနဲ့ တာ့ရှားဧကရာဇ်နဲ့ တော်ဝင်မိသားစု ဆယ့်နှစ်ခုတို့ရဲ့ ဘိုးဘေးတွေနဲ့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲက စကြဝဠာထဲမှာ ပျက်စီးမှုတွေ အများကြီးကို ဖြစ်စေခဲ့တယ်”

ကွမ်းလုန်ကျီက သက်ပြင်းတစ်ချက်ချရင်း စကား ဆက်ပြောလိုက်သည်။

“အဲဒီ တိုက်ပွဲကြောင့် ပျက်စီးသွားတဲ့ ဘယ်ကမှန်းမသိတဲ့ အစိတ်အပိုင်း အချို့ဟာ အသူရာချောက်ထဲကို ကျလာခဲ့တယ်၊  နှစ်တွေကြာလာတော့ ဒီနေရာဟာ တော်ဝင် ကျောင်းတော် ဖြစ်လာပြီး ဆရာသခင် အဆက်ဆက်က ဆက်ခံ ခဲ့ပေမယ့် ဒီနေရာရဲ့မူလ အစကိုတော့ ဘယ်သူမှ မှန်ကန်အောင် မခန့်မှန်းနိုင်ခဲ့ကြဘူး”

“ကျုပ်နားလည်ပြီ၊ ဒါကြောင့် ဒီနေရာဟာ ဒြပ်စင်စွမ်းအား ငါးပါးနဲ့ ဖန်ဆင်းထားတဲ့ သီးခြားလောက တစ်ခုလို ဖြစ်နေတာပေါ့၊ တကယ်တော့ ဒီကျောင်းတော်ဟာ တစ်ချိန်တုန်းက ဖြစ်နိုင်ပါတယ်၊ ပြီးတော့ အစိတ်အပိုင်းတစ်ခု သာဆိုပေမယ့် အရမ်းတည်ငြိမ် လွန်းတယ်၊ ဒီနေရာက တကယ့်ကိုရှားပါးပြီး အသိဉာဏ်ပညာတွေ ဖြန့်ဝေပေးလို့ ကောင်းတဲ့ နေရာတစ်နေရာပါပဲ”

“အမှန်ပဲ ဒီကျောင်းတော်က အသိဉာဏ်ပညာတွေ ဖြန့်ဝေပေးလို့ ကောင်းတဲ့ နေရာတစ်ခုပါပဲ၊ ကံမကောင်းတာက တာ့ရှားဧကရာဇ်က အသိဉာဏ်ပညာကို စိတ်မဝင်စားဘူးလေ၊ သူက အာဏာကို သဘောကျပြီး ပြဿနာပဲ ရှာချင်နေတာ၊ ဒီကျောင်းတော်ကို တန်ဖိုးထားတဲ့ တစ်ယောက်တည်းသော သူက ယင်းစန်းဒေသရဲ့ အကြီးအကဲ ထျန်းယီပါပဲ”

ကွမ်းလုန်ကျီသည် စိတ်မကောင်းသည့် အလား လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။

ဆန်းလျန်က ပြုံးလိုက်ရင်း…

“စကားတွေ အများကြီး ပြောလာတာ၊ လာရင်းကိစ္စ မပြောရသေးဘူး၊ ကျွန်တော်က ဒီနေရာမှာ ခဏလောက် နေချင်လို့ ရောက်လာရတာပါ”

“တော်ဝင်ကျောင်းတော်ကလည်း မင်းရောက်လာတာကို ကြိုဆိုပါတယ်၊ ပြီးတော့ ကျုပ်လည်း မင်းကို အကူအညီ တောင်းစရာလေးတွေ ရှိသေးတယ်၊ တာ့ရှားဧကရာဇ်က ကျုပ်ကို ဒီနေရာကို ပို့လိုက်ကတည်းက ကျုပ်က လေ့လာမှုတွေ အများကြီး လုပ်ခဲ့တယ်၊ အများကြီး လေ့လာခဲ့ပေမယ့် နည်းနည်းပဲ သိခဲ့ရပါသေးတယ်၊ ဒါပေမဲ့ ကျုပ်သိသလောက်ကို တိချိုးမြို့တော်က လူငယ်တွေကို သင်ကြားပေးချင်တယ်၊ ဒီတော့ အဲဒီလိုစာသင်ပြပေးမှုမှာ မင်းနည်းနည်းလောက် ကူညီပါလား၊ မင်းလည်း ဒီကျောင်းတော်က စာအုပ်တွေ လေ့လာပြီးသား ဖြစ်သွားတာပေါ့”

ကွမ်းလုန်ကျီက ပြောလိုက်လေသည်။

“ခင်ဗျားက ဘယ်လို တပည့်မျိုးတွေကို စာသင်ပေးချင်တာလဲ”

“အဆင့်အတန်း မခွဲခြားဘဲ ပညာကိုလိုလားသူ ဘယ်သူ မဆိုပေါ့ဗျာ…”

ကွမ်းလုန်ကျီက ဆန်းလျန်၏ အမေးကို ပြန်ဖြေလိုက်လေသည်။

***

All Chapters