တပည့်များခေါ်ယူခြင်း
Vol. 5 Ch. 483
"ဒါဆို ခင်ဗျားက အဆင့်အတန်း မခွဲခြားဘဲ ဘယ်သူ့ကိုမဆို ပညာသင်ပေးမယ်ပေါ့"
ဆန်းလျန်က ပြောလိုက်သည်။
"ဒါပေါ့ဗျာ…"
ကွမ်းလုန်ကျီက တည်ကြည်သည့် မျက်နှာထားဖြင့် ပြန်ပြောလိုက်လေသည်။
ဆန်းလျန်က သူ့ကိုကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်သည်။
"ခွဲခြားဆက်ဆံမှု မရှိဘဲ ပညာသင်ပေးတယ် ဆိုတာ လုံးဝ တရားမျှတတယ်လို့ မဆိုသာပေမယ့် မျှတပါတယ်လေ၊ အဲဒီက ရလာမယ့် အကျိုးဆက်ကိုရော ခင်ဗျား တွက်ကြည့်ပြီးပြီလား"
ကွမ်းလုန်ကျီက တစ်ခဏတာမျှ တိတ်ဆိတ် ငြိမ်သက်နေပြီးမှ စကားပြန်ပြောလိုက်သည်။
"ကျုပ်မဟုတ်ဘဲ တခြားတစ်ယောက် ဆိုရင်လည်း ကျုပ်လိုပဲ ဆုံးဖြတ်မှာပါပဲ"
ဆန်းလျန်က ပြုံးလိုက်ရင်း…
"ဒါဖြင့်လည်း ကောင်းတာပေါ့ဗျာ"
ကွမ်းလုန်ကျီ၏ တပည့်များခေါ်ယူကာ ပညာသင်ကြားပေးမှုသည် တာ့ရှားပြည်၏ တင်းကျပ်သော မူဝါဒများကို ပထမဆုံးအကြိမ် ထိုးနှက်လိုက်ခြင်းပင် ဖြစ်လေသည်။ တော်ဝင် မျိုးနွယ်များ၏ တန်ခိုးအာဏာကို ပထမဆုံးအကြိမ် စိန်ခေါ်လိုက်ခြင်းလည်း ဖြစ်လေသည်။
ရွှမ်ကျန်းကျောင်းတော်နှင့် အခြားသော ဗုဒ္ဓဘာသာ ကျောင်းတော်များက ပညာသင်ကြား ပေးကြသော်လည်း တာ့ရှားဧကရာဇ်က သာမန် ပြည်သူများ၏ ပညာသင်ကြားမှုကို ပြင်းပြင်းထန်ထန် ထိန်းချုပ် ထားလေသည်။ ရွှမ်ကျန်း ကျောင်းတော်မှ ဆရာသခင် ခုနစ်ပါးပင်လျှင် တာ့ရှား ဧကရာဇ်ကို လွန်ဆန်ကာ အခြေအနေများကို ပြောင်းလဲနိုင်ခြင်း မရှိကြပေ။
တော်ဝင် ကျောင်းတော်သည် သီးခြားလောက တစ်ခုဖြစ်လေသည်။
တာ့ရှား ဧကရာဇစ်သည် တော်ဝင် ကျောင်းတော်မှာ သီးခြားလောက တစ်ခုဖြစ်ကြောင်း ကိုလည်း သိထားလေသည်။ သို့တိုင်အောင် တာ့ရှားဧကရာဇ်နှင့် တော်ဝင် မိသားစု ဆယ့်နှစ်ခု၏ ကျင့်ကြံခြင်း နည်းစနစ်များသည် ထိုနေရာနှင့် ဆက်စပ်နေခြင်း မရှိသည့်အတွက် သူတို့က ထိုနေရာကို ထိန်းချုပ်နိုင်စွမ်း မရှိကြပေ။
ထို့ကြောင့် နက္ခတ်ဗေဒပညာရှင် မင်းဆရာကြီး ကွမ်းလုန်ကျီက ထိုနေရာတွင် နေထိုင်ခြင်း ဖြစ်လေသည်။ ကွမ်းလုန်ကျီသည် ကျင့်ကြံခြင်းများကို ပြုလုပ်ခဲ့ခြင်း သိပ်မရှိသည့်တိုင် သူ၏နှလုံးသားသည် တာအိုဝါဒ၊ ဗုဒ္ဓဘာသာတို့နှင့် နီးစပ်မှု ရှိလေသည်။
ဆန်းလျန်ကတော့ ဤသီးခြားလောက၏ ဖြစ်တည် ဖွဲ့စည်းထားပုံ အားလုံးကို အတိအကျ နားလည်လေသည်။ ဗုဒ္ဓဘာသာဂိုဏ်းများတွင် “လက်ဖဝါးအင်ပါယာ” ဟု ခေါ်သည့် တန်ခိုးစွမ်းအား တစ်ခု ရှိလေသည်။ ထိုတန်ခိုး စွမ်းအားကို ကျင့်ကြံနိုင်ရန်အတွက် ယခုတော်ဝင် ကျောင်းတော်ကဲ့သို့ သီးခြားလောက တစ်ခုတွင် ကျင့်ကြံရန် လိုအပ်လေသည်။
ဒဏ္ဍာရီများအရ ဆိုလျှင်တော့ ရှေးခေတ် ရန်တန်းဖူဗုဒ္ဓသည် သီးခြားကမ္ဘာနှစ်ဆယ့်လေးခုကို ကောင်းကင်ဘုံ နန်းတော်များအဖြစ် ပြောင်းလဲပြခဲ့ပြီး မိုးနတ်မင်းကို တရားပြခဲ့ဖူးလေသည်။ မိုးနတ်မင်းသည် တန်ခိုးစွမ်းအားမြင့်မား လွန်းသည့်အတွက် စကြဝဠာ တစ်ခုလုံးမှ နတ်ဘုရားများကို စစ်ချီရန် ပြင်ဆင်ခဲ့သည့် အချိန်တွင် ရန်တန်းဖူဗုဒ္ဓက ထိုသို့ တရားပြခဲ့ခြင်း ဖြစ်လေသည်။
တာအိုဝါဒတွင်လည်း ထိုသို့သော တန်ခိုးစွမ်းအားတစ်ခု ရှိလေသည်။ “ဝိဇ္ဇာအင်္ကျီလက်” တန်ခိုးစွမ်းအားဟု ခေါ်လေသည်။
ထိုတန်ခိုးစွမ်းအားသည် အင်္ကျီလက်ထဲတွင် ပစ္စည်းများကို သိမ်းဆည်းထားခြင်းကို ဆိုလိုခြင်း မဟုတ်ပါ။ ထိုတန်ခိုးစွမ်းအားမှာ ရန်အပေါင်းကို နှိမ်နင်းနိုင်သည့် မြင့်မားသည့် တန်ခိုးစွမ်းအား တစ်ခု ဖြစ်လေသည်။ သို့သော် ချင်းရွှမ်နတ်တံခါးကဲ့သို့သော ကျင့်စဉ်များစွာ ရှိသည့် နတ်ဘုရား ကျောင်းတော် ကြီးသည်ပင်လျှင် ထိုပညာကို အမွေဆက်ခံနိုင်ခြင်းမရှိခဲ့ပါ။
တော်ဝင် ကျောင်းတော်သည် ပညာရပ်ပေါင်း များစွာဖြင့် အလွန်တန်ဖိုးရှိသည့် ကျောင်းတော်ကြီး တစ်ခု ဖြစ်သည့်တိုင် ဆန်းလျန်သည် ထိုပညာရပ်များ အပေါ်တွင် လောဘ တက်မိခြင်းမရှိခဲ့ပါ။ သို့သော် တော်ဝင်ကျောင်းတော်ကို အသုံးပြုကာ အနာဂတ် တစ်ချိန်ချိန်တွင် သူသည် ကမ္ဘာသစ်တစ်ခုကို ဖွင့်လှစ်ဖန်ဆင်းနိုင် သူတစ်ယောက်ဖြစ်လာ မည်ဟု ဆန်းလျန်က သူ့ကိုယ်သူ ယုံကြည် ထားလေသည်။
တော်ဝင်ကျောင်းတော်မှာ ရှင်းလင်းနေသည့် အတွက် ဆန်းလျန်၏ စိတ်ထဲတွင် တစ်မျိုးတစ်မည် ခံစားနေရလေသည်။ ထို့ကြောင့်သူက ရှားတူးမြောင်းမှ ရေများကို သယ်ဆောင်ကာ ကျောင်းတော်ဝန်း အတွင်းတွင် စပျစ်နွယ်ပင်များ စတင် စိုက်ပျိုးတော့သည်။ စပျစ်နွယ်ပင် သာမက သစ်ပင်ကြီး မျိုးနွယ်များ၏ မျိုးစေ့များကိုလည်း ရှာဖွေကာ စိုက်ပျိုးလေသည်။ တစ်ည အတွင်းမှာပင် တော်ဝင် ကျောင်းတော်ကြီးသည် အစိမ်းရောင် နွယ်ပင်များ၊ မြက်ပင်ငယ်များ၊ သစ်ပင်ကြီးများဖြင့် ဝေေ၀ဆာဆာ စိမ်းလန်းစိုပြည် သွားတော့သည်။
ထိုသို့ သစ်ပင်များ ကြီးထွားလာရန်မှာ အနည်းဆုံးတော့ ဆယ်နှစ်၊ အနှစ်နှစ်ဆယ် ကြာမြင့်မည် ဖြစ်သော်လည်း ဆန်းလျန်ကတော့ တစ်ညတည်းဖြင့် ရှင်သန် ကြီးပြင်း စေခဲ့လေသည်။
ကွမ်းလုန်ကျီမှာ ဆန်းလျန်၏ လုပ်ဆောင်မှုများ အတွက် များစွာ အံ့အားသင့်နေခဲ့ပြီး ဆန်းလျန်ကို ကူညီရန် ဆုံးဖြတ် လိုက်တော့သည်။
သူက ဆန်းလျန်ထံမှ အသိပညာများကို ရှာဖွေချင်ရုံသာမက ရှေ့ဖြစ်နိမိတ်နှင့် အတူ မွေးဖွားလာသည့် လူငယ်ကို ပိုပြီး နားလည်ချင်မိသောကြောင့် ဖြစ်လေသည်။
တော်ဝင် ကျောင်းတော်တွင် ပညာသင်ကြားရန် အတွက် တပည့်များ ခေါ်ယူသည့် သတင်းသည် တာ့ရှားပြည်တွင် တောမီးပမာ ပျံ့နှံ့သွားခဲ့လေသည်။ တော်ဝင်မိသားစုများ ဖြစ်သည့် ယိုဟူအိမ်တော်၊ မင်အိမ်တော်နှင့် ရှင်းအိမ်တော် တို့က တပည့်ခေါ်ယူခြင်းကိစ္စကို လက်မခံခဲ့ကြပေ။ လူတစ်ယောက်သည် ကွမ်းလုန်ကျီထံတွင် ပညာသင်ကြားပြီး နက္ခတ်ဗေဒပညာရှင် တစ်ယောက် ဖြစ်လာခဲ့လျှင်လည်း လောကတွင် အသုံးဝင်မည် မဟုတ်ဟု သူတို့က ယူဆလေသည်။ လူတစ်ယောက်သည် မည်မျှပင်တော်ပါစေ တာ့ရှားဧကရာဇ်၏ နောက်လိုက် ခွေးအဆင့်မှ တိုးတက်နိုင်မည် မဟုတ်ပေ။
ထို့ပြင် တော်ဝင်မိသားစု ဆယ့်နှစ်စု၏ တန်ခိုးစွမ်းအားများမှာ တာ့ရှားပြည်တွင် အမြစ်တွယ်နေပြီးသား ဖြစ်လေသည်။ တာ့ရှားဧကရာဇ် ကိုယ်တိုင်ပင်လျှင် သူတို့ကို လွယ်လွယ်နှင့် ဖယ်ရှားပစ်နိုင်မည် မဟုတ်ပေ။ ထို့ကြောင့် ကွမ်းလုန်ကျီက ပညာသင်ကြားရန် တပည့် ခေါ်ယူခြင်းသည် သူတို့အတွက်တော့ ညစာစားပွဲတွင် အပျော်အပျက် ပြောဆိုသည့် သတင်း အဆင့်ထက် မပိုခဲ့ပေ။
သို့သော်… တိချိုးမြို့တော်တွင် တော်ဝင်မိသားစု ဆယ့်နှစ်ခုကဲ့သို့ ဂုဏ်သတင်း မထင်ရှားသည့် အခြားသော မင်းမျိုးမင်းနွယ် မိသားစုငယ်လေးများလည်း ရှိသေးသည်။ သူတို့သည် တော်ဝင်မိသားစုများ ကဲ့သို့ တန်ခိုးစွမ်းအား မြင့်မားကြခြင်း မရှိကြပေ။ ထို့ကြောင့်သူတို့သည် ပညာသင်ကြားရန်နှင့် ကျင့်စဉ်ကျင့်ကြံရန် အတွက် ရွှမ်ကျန်း ကျောင်းတော်နှင့် ဗုဒ္ဓဘာသာ ကျောင်းတော် တစ်ခုဖြစ်သည့် တာ့ကြွယ်ကျောင်းတော်တို့ကို အားကိုး ကြရလေသည်။ သို့သော် ထိုကျောင်းတော်များတွင် သွားရောက် ပညာသင်ယူရန်မှာလည်း တာ့ရှားဧကရာဇ်၏ အမျက်ဒေါသကို ကြောက်ရွံ့ နေကြရသေးသည်။
ယခု ကွမ်းလုန်ကျီက ပညာသင်ကြားပေးမည် ဆိုသောအခါ သူတို့အတွက် ပညာသင်ကြားရန် လမ်းစပြန်ပေါ်လာခဲ့ လေသည်။ တာ့ရှားဧကရာဇ်နှင့် တော်ဝင် မိသားစု ဆယ့်နှစ်စုမှာ သူတို့၏ မျိုးရိုးကြောင့် ပင်ကိုကပင် တန်ခိုးစွမ်းအား မြင့်မားပြီးသား ဖြစ်လေသည်။ သို့သော် အခြားသူများအတွက်တော့ တန်ခိုး စွမ်းအား မြင့်မားရန်မှာ မလွယ်ကူလှပေ။ တန်ခိုးစွမ်းအား ရရှိရန်အတွက် အပတ်တကုတ် ကြိုးစား ရှာဖွေကြရလေသည်။
ကွမ်းလုန်ကျီသည် ကျင့်စဉ်လမ်း အဆင့်မြင့်မားခြင်း မရှိသည့်တိုင် ရွှမ်ကျန်းကျောင်းတော်မှ နတ်ဘုရား တစ်ပါးသည် ကွမ်းလုန်ကျီနှင့် တွေ့ဆုံပြီးမှ လောက နတ်ဘုရား တစ်ပါးအဖြစ် အဆင့်တက် သွားခဲ့ခြင်း ဖြစ်လေသည်။
ဤသည်ကို ကြည့်ခြင်းအားဖြင့် ကွမ်းလုန်ကျီသည် “တာအို” ကို နားလည်သူ တစ်ယောက် ဖြစ်လေသည်။
တိချိုးမြို့တော်မှ လူအများသည် ကွမ်းလုန်ကျီ၏ တပည့်ခေါ်ယူမှုကို စိတ်ဝင်စား နေကြသည့်အချိန်တွင် တိချိုး မြို့တော်တွင် နေထိုင်သည့် အခြားသော ဒေသများမှ သံအမတ် များမှာလည်း ထိုသတင်းကြောင့် များစွာ စိတ်လှုပ်ရှား နေကြလေသည်။ သူတို့သည် အဆင့်မြင့် နက္ခတ်ဗေဒပညာရှင် ကွမ်းလုန်ကျီ အကြောင်းကို အစကတည်းက ကြားဖူး ပြီးသား ဖြစ်လေသည်။ ကွမ်းလုန်ကျီထံမှ ဗဟုသုတ တစ်ဝက်ခန့်ကိုပင် ရဦးတော့ သံအမတ်များ အနေဖြင့် သူတို့ တိုင်းပြည်သို့ ပြန်သွားကြသည့် အခါတွင် တိုင်းပြည်အတွက် များစွာ အကျိုးပြုနိုင်မည် ဖြစ်လေသည်။
ကွမ်းလုန်ကျီ တပည့်ခေါ်ယူသည့် သတင်းစကားသည် တာ့ရှားဧကရာဇ်၏ ရွှေနားတော်သို့လည်း ရောက်ရှိ သွားလေသည်။ တာ့ရှားဧကရာဇ်သည် ခေါင်းမာသူ တစ်ယောက် ဖြစ်သည့်တိုင် ဉာဏ်ရည်ထက်မြက်သူ တစ်ယောက် ဖြစ်လေသည်။ သူက ကွမ်းလုန်ကျီကို သဘောမကျသည့်တိုင် မင်းဆရာကြီး တစ်ပါးအနေဖြင့် လေးစားနေဆဲ ဖြစ်လေသည်။ ထို့ပြင် ကွမ်းလုန်ကျီထံမှ အရည်အချင်း ပြည့်မီသည့် တစ်ပည့်တစ်ယောက်၊ နှစ်ယောက်ခန့် ထွက်ပေါ် လာဦးတော့… ထိုတပည့်များသည် သူကဲ့သို့သော တာ့ရှားဧကရာဇ်ကို မည်သို့ ယှဉ်ပြိုင် နိုင်ပါမည်နည်း။
တာ့ရှားပြည်သည် အလွန်အမင်း အင်အားကြီးမားလာပြီး တာ့ဝူတိုင်းပြည်ကိုပင် သိမ်းပိုက် နိုင်ခဲ့ပြီးသည့်နောက် တာ့ရှားဧကရာဇ် စိတ်ဝင်စားသည့်အရာ သိပ်မရှိတော့ပေ။
တာ့ရှားဧကရာဇ်သည် ကွမ်းလုန်ကျီ တပည့်ခေါ်ယူသည့် သတင်းကို လာရောက် ပြောကြားသည့် စစ်သည်တော်ကိုပင် မထီမဲ့မြင်ပြုကာ အပြစ်ပေး လိုက်သေးသည်။
“ဒီလောက် သောက်ရေးမပါတဲ့ သတင်းကို ငါကိုယ်တော်ဆီ ယူလာတဲ့ကောင် ဒီလို အပြစ်မျိုး ခံသင့်တယ်”
သို့သော် တာ့ရှားဧကရာဇ်သည် တော်ဝင်ကျောင်းတော်တွင် လူငယ်လေး တစ်ယောက် ရောက်ရှိ နေသည်ကိုတော့ သတိပြုမိခြင်း မရှိခဲ့ပေ။
တော်ဝင်ကျောင်းတော်တွင် စာသင်ခန်း နှစ်ခန်း ရှိလေသည်။
ကွမ်းလုန်ကျီ သင်ကြားပေးသည့် စာသင်ခန်းနှင့် ဆန်းလျန် သင်ကြားပေးသည့် စာသင်ခန်းများ ဖြစ်လေသည်။
ဆန်းလျန်က သူ၏စာသင်ခန်းသို့ ရောက်လာသည့် တပည့်များကိုသာ ပညာသင်ကြား ပေးမည် ဖြစ်ပြီး ကွမ်းလုန်ကျီကလည်း သူ၏ စာသင်ခန်းသို့ ရောက်လာသည့် တပည့်များကိုသာ သင်ကြားပေးမည် ဖြစ်လေသည်။ ထို့နောက် တပည့်များ အချင်းချင်း ယှဉ်ပြိုင်စေကာ အရည်အချင်း စစ်ဆေးမည် ဖြစ်လေသည်။ ထိုအကြံမှာ ဆန်းလျန်၏ အကြံဖြစ်ပြီး ကွမ်းလုန်ကျီကလည်း သဘောတူ လေသည်။ အနည်းဆုံးတော့ ထိုသို့ ပြုလုပ်ရသည်မှာ ပျော်စရာ ကောင်းသည် မဟုတ်ပါလား။
တပည့်များ၏ အရည်အချင်း စစ်ပွဲကို သုံးလနေလျှင် ပြုလုပ်မည် ဖြစ်လေသည်။
သို့သော် ပြဿနာတစ်ခု ပေါ်လာပြန်လေသည်။ ကွမ်းလုန်ကျီမှာ လူသိများသည့် ပညာရှင် တစ်ယောက်ဖြစ်ပြီး အစကတည်းက နာမည်ကျော်ကြားသူ တစ်ဦး ဖြစ်လေသည်။ ဆန်းလျန်ကတော့ ဘာနာမည်မှမရှိသည့် လူငယ်လေး တစ်ယောက်သာ ဖြစ်လေသည်။ ကွမ်းလုန်ကျီက ဆန်းလျန်မှာ တော်ဝင်ကျောင်းတော်၏ ဒုတိယဆရာ ဖြစ်သည်ဟု မိတ်ဆက် ပေးသည့်အခါတွင် မည်သည်ကမှ သူ့ကို ယုံကြည်ခြင်း မရှိကြပေ။
လူအများက ဆန်းလျန်ကို ကွမ်းလုန်ကျီ၏ တပည့် တစ်ယောက်ဟုသာ ထင်မိကြလေသည်။ ထို့ကြောင့် တပည့်များသည် ကွမ်းလုန်ကျီ၏ အတန်းကိုသာ တက်ကြပြီး ဆန်းလျန်၏ အတန်းကို လုံးဝ မတက်ကြပေ။
တပည့်ရွေးခြယ်ပြီး သုံးရက်ခန့် အကြာတွင်တော့ ကွမ်းလုန်ကျီ၏ စာသင်ခန်းတွင် တပည့်အယောက် တစ်ရာကျော်ကို လက်ခံထားရပြီ ဖြစ်သည့်တိုင် ဆန်းလျန်ထံတွင်တော့ ပညာသင်မည့်သူ တစ်ယောက်မှ မရှိကြပေ။
သို့သော်… တစ်နေ့တွင်တော့ နတ်မြင်းပျံကြီးကို စီးနှင်လာသည့် လူငယ်လေး တစ်ယောက်သည် ဆန်းလျန်၏ စာသင်ခန်း ရှေ့သို့ ရောက်လာခဲ့လေသည်။
ထို့နောက်တွင်တော့ အရာအားလုံးသည် သမိုင်းတွင်ကျန်ရစ်မည့် အစဦးပိုင်းကိစ္စများ ဖြစ်ပျက် ခဲ့လေတော့သည်။
***