ကောင်းမြတ်သည့်သမီးပျို
Vol. 5 Ch. 484
ထိုလူငယ်လေးတွင် သေသပ်သည့် မျက်ခုံးမျက်လုံးများ ရှိပြီး သူ၏ မျက်ဝန်းများက ရှားတူးမြောင်းမှ ရေထက်ပင် ကြည်လင် နေသေးသည်။ သူ၏ မျက်နှာသွင်ပြင်မှာလည်း ကြည့်ကောင်း လွန်းလှသဖြင့် တော်ဝင်ပန်းပုပညာရှင်များ ပင်လျှင် သူ၏ ချောမောလှပမှုကို ပန်းပု ထုလုပ်နိုင်ကြမည် မဟုတ်ပေ။ သူ၏ လက်များမှာလည်း နှင်းပွင့်ကဲ့သို့ ဖြူစင် နေပြီး လက်များထက်တွင် ပေါ်နေသည့် သွေးကြော အစိမ်းလေးများသည် နှင်းပွင့်ထက်မှ ကျောက်စိမ်းသား ကဲ့သို့ပင် ဖြစ်လေသည်။
ထိုလူငယ်လေးမှာ ယောကျ်ားလေးယောင် ဆောင်ထားသည့် မိန်းကလေး တစ်ယောက် ဖြစ်ကြောင်း တန်းသိနိုင်လေသည်။
နတ်မြင်းပျံကြီးက အတောင် တဖျတ်ဖျတ်ခတ်ကာ မြေပြင်ထက်သို့ ဆင်းသက် လာလေသည်။ နတ်မြင်းပျံထက်မှ ယောကျ်ားလေးယောင် ဆောင်ထားသည့် မိန်းကလေးငယ်က ဖြည်းညင်းစွာ ဆင်းသက်လာလေသည်။
ထိုအချိန်မှာပင်…
ကွမ်းလုန်ကျီ၏ စာသင်ခန်းအတွင်းမှ လူငယ်လေး တစ်ယောက် ထွက်လာပြီး မိန်းကလေးကို နှုတ်ဆက်လေသည်။
“လေ့မိန်းကလေး… အဲ… လေ့သခင်မလေး၊ ဒီကိုလာပါ၊ ဒါက ကွမ်းလုန်ကျီရဲ့စာသင်ခန်းပါ”
ထို့နောက် စာသင်ခန်းထဲမှ အခြားသော တပည့်များစွာ ထွက်လာကာ မိန်းကလေးကို ကြည့်ကြ လေတော့သည်။
မိန်းကလေးက ပြုံးလိုက်ရင်း…
“နင်က ငါ့ကိုဘာလို့သိနေရတာလဲ”
“ကျွန်တော့် အမေရဲ့ မျိုးရိုးက “ဖေး” ပါ၊ ကျွန်တော်က အမေ့မျိုးရိုး နာမည်ကို ယူထားပါတယ်၊ ကျွန်တော်က မြို့တော်ရဲ့ တုန်းချန် အပိုင်းမှာနေတာပါ၊ အမေနဲ့အတူ နန်းတော်မှာ ပွဲတွေ တက်ရောက်တဲ့အခါ အဝေးကနေ လေ့သခင်မလေးကို တွေ့မြင်ဖူးပါတယ်”
“အာ… သိပြီ သိပြီ၊ နင့်နာမည် ဖေးကျုန်းလေ၊ ဟုတ်တယ်မလား”
မိန်းကလေးက သူ့ကို မှတ်မိနေသည့် အတွက် လူငယ်လေးမှာ ပျော်ရွှင်သွားလေသည်။
“ကျွန်တော့်လို နိမ့်ကျတဲ့ လူတစ်ယောက်ရဲ့ နာမည်ကို လေ့သခင်မလေး မှတ်မိ နေလိမ့်မယ်လို့ ထင်မထားဘူး”
“နင့်အမေက တိချိုးမှာ ဒီလောက် နာမည်ကြီးတာ၊ နင့်ကို မသိဘဲနေမလား”
လေ့သခင်မလေးက ဖေးကျုန်းကို စိုက်ကြည့်ရင်း ပြောလိုက်လေသည်။
လေ့သခင်မလေး၏စကားကြောင့် တပည့်များ အားလုံးက ရယ်မော လိုက်ကြလေသည်။
ဖေးကျုန်း၏ အမေမှာ ဖေးယာဖြစ်လေသည်။ သူမသည် ယောကျ်ားတကာနှင့် ပျော်ပါး စပ်ယှက်နေသည့် မိန်းမပျက် တစ်ယောက်ဖြစ်ပြီး လက်ထပ်ထားခြင်းလည်း မရှိပေ။ ဖေးကျုန်းသည်ပင်လျှင် မည်သည့် ယောကျ်ားနှင့်ရသည့် ကလေးမှန်းမသိပေ။
ဖေးကျုန်းမှာ လှောင်ရယ်သံများကြောင့် ဒေါသ ထွက်သွားသော်လည်း ဟန်ဆောင်ပြီး ပြုံးနေဆဲ ဖြစ်လေသည်။
“တစ်နေ့တော့ ကျွန်တော့်အမေကို လေ့သခင်မလေးနဲ့ မိတ်ဆက်ပေးပါ့မယ်၊ ပြီးတော့ ကျွန်တော့် အဘိုးကလည်း သခင်မလေးအကြောင်း အမြဲတမ်း ပြောနေတာလေ”
သူက နောက်သို့ လှည့်မကြည့်သည့်တိုင် သူ့ကို လှောင်ရယ်နေကြသည့် လူများအားလုံးကို မှတ်ထားလေသည်။
“အဲဒီလိုလုပ်ဖို့ မလိုဘူး၊ ငါက သူများအိမ် လျှောက်လည်ရတာ ဝါသနာမပါဘူး”
လေ့သခင်မလေးက ပြန်ပြောလိုက်လေသည်။
ထို့နောက်တွင်တော့ သူမသည် နတ်မြင်းပျံကြီး၏ နဖားကြိုးကိုဆွဲကာ ဆန်းလျန်၏ စာသင်ခန်း ရှိရာသို့ ထွက်ခွာသွားလေသည်။
ဖေးအိမ်တော်သည် တော်ဝင်မိသားစု ဆယ့်နှစ်ခုတွင် နောက်ဆုံးအဆင့်တွင် ရှိသည့်မျိုးနွယ် ဖြစ်လေသည်။ သူတို့က ယိုဟူမျိုးရိုးမှ ဆင်းသက်လာသည့် လေ့အိမ်တော်ကဲ့သို့ အဆင့်အတန်း မြင့်မားခြင်း မရှိပေ။ ထို့ပြင် လေ့သခင်မလေးမှာ တာ့ရှားပြည် ဧကရာဇ်၏ “တူမတော်” ဖြစ်သည့်အတွက် တော်ဝင်မင်းသမီး တစ်ပါးလည်း ဖြစ်လေသည်။ သူမ၏ အဆင့်အတန်းသည် ဖေးကျုန်းနှင့် ယှဉ်လျှင် မိုးနှင့်မြေလို ကွာခြားလေသည်။
ထို့ကြောင့် ဖေးကျုန်းသာ သူမနှင့် လက်ဆက်နိုင်ခဲ့လျှင် အခြားသူများက ဖေးအိမ်တော်ကို အထင်သေး ရဲတော့မည် မဟုတ်ပေ။
လေ့သခင်မလေးက ကွမ်းလုန်ကျီ၏ ကျောင်းတော်သို့ ရောက်လာလိမ့်မည်ဟု ဖေးကျုန်းက တွေးမထားခဲ့မိပေ။ အမှန်တော့ ဖေးကျုန်းသည် ဉာဏ်များ တစ်ယောက်ဖြစ်ပြီး သူ၏ဂုဏ်သိက္ခာ တက်ရန်အတွက် ကွမ်းလုန်ကျီထံတွင် ပညာလာသင်ခြင်း ဖြစ်လေသည်။ ကွမ်းလုန်ကျီ၏ ကျောင်းတော်တွင် အခြားသော တော်ဝင်မိသားစုများမှ သားသမီးများကို တွေ့ရခြင်း မရှိသည့်တိုင် ဖေးကျုန်းကတော့ ထိုကိစ္စကို ခေါင်းထဲမထည့်ပါ။ ထို့ပြင် ဖေးကျုန်းသည် မင်းမျိုးမင်းနွယ် သွေးပါသူ ဖြစ်သည့်အတွက် အခြားသော ကျောင်းသားများ အလယ်တွင် ထင်ရှားသူ တစ်ယောက်လည်း ဖြစ်လေသည်။
ယခုတော့ လေ့သခင်မလေးသည်လည်း ကွမ်းလုန်ကျီထံတွင် လာရောက် ပညာ သင်ကြားခဲ့ပြီ။ ဖေးကျုန်းသည် မဟာအခွင့်အရေးကြီး တစ်ခုကို ရလိုက်သလို ခံစားလိုက် ရလေသည်။ သို့သော်… လေ့သခင်မလေးက ဆန်းလျန်၏ စာသင်ခန်းရှိရာသို့ ထွက်သွားသည့် အခါတွင်တော့ ဖေးကျုန်းအနည်းငယ် စိတ်ပျက်သွားရသည်။
ထို့ကြောင့် သူက လေ့သခင်မလေးကို တားဆီးလိုက်လေသည်။
“လေ့သခင်မလေး၊ အဲဒီစာသင်ခန်းမှာ သင်တဲ့ဆရာက ဘာနာမည်မရှိဘူး၊ ပြီးတော့ ကွမ်းလုန်ကျီနဲ့ ယှဉ်ရင် ဆီနဲ့ရေလိုပဲ၊ ဘာလို့ အဲဒီဆရာဆီမှာ ပညာသွားသင်ရမှာလဲ”
မိန်းကလေးသည် ဖေးကျုန်းကို အေးစက်စွာဖြင့် စိုက်ကြည့် လိုက်လေသည်။ သူမ၏ အကြည့်များမှာ တန်ခိုး စွမ်းအားများဖြင့် ပြည့်နေလေသည်။ ထိုစွမ်းအားများမှာ တာ့ရှားဧကရာဇ်၏ ရှားဟော်မျိုးဆက်နှင့် အရာရှိမင်းလေ့နော်၏ ယိုဟူမျိုးဆက်တို့ ပေါင်းစပ်ထားသည့် သန့်စင်သည့် တော်ဝင်မျိုးနွယ် တန်ခိုးစွမ်းအားများပင် ဖြစ်တော့သည်။
ဖေးကျုန်းမှာလည်း တော်ဝင်မျိုးနွယ် တစ်ပါး ဖြစ်သည့်တိုင် လေ့သခင်မလေးကဲ့သို့ သန့်စင်သည့် တော်ဝင်သွေး မဟုတ်ပေ။ ထို့ကြောင့် ဖေးကျုန်းမှာ ထိတ်လန့်သွားပြီး နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက် မိလေသည်။
မိန်းကလေးသည် ဖေးကျုန်းကို အရေးမလုပ်တော့ဘဲ နတ်မြင်းပျံကြီးကို ဆွဲကာ ဆန်းလျန်၏ စာသင်ခန်းရှေ့သို့ ရောက်ရှိလာလေသည်။
ဆန်းလျန်၏ စာသင်ခန်းရှေ့တွင် စာတမ်း တစ်ခု ကပ်ထားလေသည်။
“အသိပညာ အကျဉ်းချုပ်”
ထို့နောက် တံခါး တစ်ဖက်တစ်ချက်တွင် နှစ်ကြောင်း ကဗျာတစ်ပုဒ် ချိတ်ဆွဲထားလေသည်။
“မိုးကောင်းကင်က အနက်ရောင်… မြေပြင်ကတော့ အဝါရောင်
စကြာဝဠာကြီးဟာ မဟာ တွင်းနက်ကြီး တစ်ခုလို နက်ရှိုင်းလွန်တယ်”
ထိုကဗျာ စာလုံးများထဲတွင် မိုးမြေစွမ်းအား၏ နက်ရှိုင်းမှုများကို တွေ့မြင့်နိုင်မည် ဖြစ်ပြီး စကြဝဠာ တစ်ခုလုံးထက်လည်း နက်ရှိုင်းသည့် စွမ်းအားများကို တွေ့မြင်ရမည် ဖြစ်လေသည်။
ထိုကဗျာကို စာသင်ခန်း တံခါးတွင် ကပ်ထားသည့် “အသိပညာ အကျဉ်းချုပ်” ဆိုသည့် စာတန်းလေးနှင့် တွဲဖက် ကြည့်လိုက်မည် ဆိုလျှင်တော့ ပညာ၏ အနှစ်သာရကို ကျိန်းသေ သိမြင်ရမည် ဖြစ်လေသည်။
ထိုနှစ်ကြောင်းကဗျာလေး၏ အဓိပ္ပာယ်နက်ရှိုင်းမှုကို ကွမ်းလုန်ကျီပင်လျှင် မချီးကျူးဘဲ မနေနိုင်ခဲ့ပေ။
မိန်းကလေးက ကဗျာကို ဖတ်လိုက်သည့်တိုင် ကဗျာနောက်ကွယ်မှ အဓိပ္ပာယ်ကို နားလည်ခြင်း မရှိပေ။ သူမက “ကဗျာလေးက ဖတ်ကောင်းလိုက်တာ” ဟုသာ တွေးမိခဲ့လေသည်။
သူမသည် ဆန်းလျန်၏ စာသင်ခန်းအတွင်းသို့ ဝင်သွားသည့် အခါတွင်တော့ ဖေးကျုန်းမှာ မကျေမနပ် ဖြစ်ကာ ကျန်ရစ် ခဲ့ရလေသည်။ ဖေးကျုန်းက သူမနောက်သို့ လိုက်ဝင်သွားရန် ခြေလှမ်း ပြင်လိုက်သော်လည်း သူမဝင်သွားပြီးသည်နှင့် စာသင်ခန်းတံခါးသည် ချက်ချင်း ပြန်ပိတ် သွားတော့သည်။
“ဖေးကျုန်း၊ တော်လောက်ပြီ၊ ကိုယ့်နေရာကိုယ် ပြန်လာထိုင်တော့”
ကွမ်းလုန်ကျီ၏ အသံထွက်ပေါ် လာလေသည်။
ထိုအခါမှ ဖေးကျုန်းလည်း လက်လျှော့ လိုက်တော့သည်။
တော်ဝင် မင်းသမီးတစ်ပါး၏ အချစ်ကို ရယူရန် အကြံအစည်မှာ ကောင်းပါသည်။ သို့သော် လက်ရှိ အချိန်တွင်တော့ ကွမ်းလုန်ကျီထံတွင် စာပေလေ့လာခြင်းက ပိုကောင်းမည် ဖြစ်လေသည်။
ဆန်းလျန်၏ ကျီဝေ့ စာသင်ခန်းသည် ရှင်းလင်းနေလေသည်။ မိန်းကလေးသည် သူမ၏ နတ်မြင်းပျံကြီးကို ဆွဲခေါ်ကာ စာသင်ခန်းအတွင်းသို့ ဝင်လာလေသည်။
သာယာသည့် ဗျပ်စောင်းဂီတသံ တစ်သံ ပျံ့လွင့်နေလေသည်။
မိန်းကလေးသည် သူမရှေ့တွင် ဗျပ်စောင်း တီးခတ်နေသည့် လူငယ်လေး တစ်ယောက်ကို တွေ့မြင် လိုက်ရလေသည်။ ထိုလူငယ်၏ လက်ချောင်း ထိပ်လေးများသည် ကျိုးပေါင်း ငါးဆယ်ရှိသည့် ဗျပ်စောင်းပေါ်တွင် ပြေးလွှားနေပြီး သာယာသည့် သံစဉ်များ ထွက်ပေါ် နေလေသည်။
ဆန်းလျန်သည် ဗျပ်စောင်းတီးနေရင်းမှပင် မိန်းကလေးကို မော့ကြည့်လိုက်လေသည်။ သူ၏အကြည့်က နက်ရှိုင်းလွန်းလှသည်။
မိန်းကလေးသည် ဗျပ်စောင်းသံစဉ်ကို မျက်လုံးလေးများမှိတ်ကာ နားထောင် နေလေသည်။ သူမသည် ဂီတသံကို သိပ်နားမလည်ပါ။ သို့သော် ရေစီးဆင်းသည့်အသံ၊ ငှက်ကလေးများ ကျီကျီကျာကျာ အော်မြည်သံ၊ ပန်းပွင့်များနှင့် သစ်ပင်များမှ ထွက်ပေါ်နေသည့်အသံများကို နားထောင် နေရသကဲ့သို့ ခံစားနေရလေသည်။
သို့သော်…. သူမနားထောင်လို့ မဝသေးခင်မှာပင် သံစဉ်က ရပ်တန့် သွားလေသည်။
မိန်းကလေးသည် မျက်လုံး ဖွင့်ကြည့်လိုက်လေသည်။ သူမသည် ယခုထိတိုင် အိပ်မက် ကမ္ဘာထဲတွင် လွင့်မျောနေသည့် အလား ခံစားနေရဆဲ ဖြစ်လေသည်။
“ရှင်နဲ့ ပြန်တွေ့ လိမ့်မယ်လို့ ထင်မထားမိဘူး”
သူမက ပြောလိုက်လေသည်။
“တကယ်တော့ ကွမ်းလုန်ကျီဟာလည်း ကျုပ်လောက်နီးနီး ပညာဗဟုသုတ ကြွယ်ဝတဲ့ သူပါပဲ၊ မင်းက သူ့ဆီမှာပဲ ပညာသင်ယူသင့်တာ၊ မင်းလိုလူမျိုးတွေကို ပညာသင်ကြားပေးဖို့ သူကပိုပြီး သင့်တော်မှာပဲ”
ဆန်းလျန်က ပြောလိုက်သည်။
“အင်း… ကွမ်းလုန်ကျီက တကယ်တော်တဲ့သူပါ၊ ဒါပေမယ့် သူက ရှင့်လိုတော့ ချစ်စရာ မကောင်းဘူးလေ”
မိန်းကလေးက ပြန်ပြောလိုက်လေသည်။
ဆန်းလျန်က ဗျပ်စောင်းကို လက်ဖြင့် တစ်ချက် ခတ်လိုက်ရင်း ပြုံးလိုက်လေသည်။
“ကျုပ်ဆီမှာ ပညာသင်ဖို့ အကြောင်းပြချက်က အဲဒီလိုတဲ့လား”
“ဘာလဲ၊ ကျွန်မက ဘာမကောင်းတာ ရှိလို့လဲ၊ နောက်သုံးလနေရင် ရှင့်တပည့်တွေနဲ့ ကွမ်းလုန်ကျီရဲ့ တပည့်တွေ ပညာပြိုင်ကြမယ်လို့ ကြားတယ်၊ ရှင့်မှာ တပည့် တစ်ယောက်တောင် ခုချိန်ထိ မရှိသေးတာ၊ ကျွန်မကို တပည့်အဖြစ် လက်ခံလိုက်ရင် ရှင် မနစ်နာစေရဘူးလို့ အာမခံတယ်”
ဆန်းလျန်က ပြုံးရင်း ခေါင်းညိတ် လိုက်လေသည်။
“ကြည့်ရတာ မင်းကို တပည့်အဖြစ် လက်မခံလို့ မရတော့ လောက်အောင်ပါပဲ၊ ကောင်းပြီလေ… ဒီတော့လည်း လက်ခံရတာပေါ့”
မိန်းကလေးက ဝင့်ကြွားစွာဖြင့် ခေါင်းကို မော့လိုက်လေသည်။ သူမ၏ လှပပြီး ဆွဲဆောင်မှုရှိသည့် လည်ပင်းညှပ်ရိုး လေးများပင် ပေါ်လာလေသည်။
“ဒါဖြင့် ရှင်က အခု ကျွန်မရဲ့ဆရာ ဖြစ်သွားပြီ”
ဆန်းလျန်က လေ့သခင်မလေး တော်ဝင် ကျောင်းတော်သို့ ရောက်လာရသည့် ရည်ရွယ်ချက်ကို သိထားလေသည်။ နိုင်ငံခြားရေး ဝန်ကြီးသည် ထက်မြက်သူ တစ်ယောက်ဖြစ်ပြီး ဆန်းလျန်၏ အခြေအနေကို အကဲခတ်နိုင်ရန် အတွက် သမီးဖြစ်သူကို ကျောင်းသို့ စေလွှတ်လိုက်ခြင်း ဖြစ်လေသည်။ ထို့ပြင် သမီးဖြစ်သူကို ပို့လွှတ်ထားသည့် အတွက် ဆန်းလျန်လည်း စိတ်အေးနိုင်စေရန် ဖြစ်လေသည်။ နိုင်ငံခြားရေး ဝန်ကြီး၏ အစီအစဉ်သည် တစ်ချက်ခုတ် နှစ်ချက်ပြတ် ဖြစ်လေသည်။
သမီးတစ်ယောက်လုံးကို ဆန်းလျန်၏ အနားတွင်ထားခြင်းအားဖြင့် ဆန်းလျန်သည် သူ့ကို သံသယ မဖြစ်ဘဲ ယုံကြည် စိတ်ချမည် ဖြစ်လေသည်။
တစ်နည်းအားဖြင့် ဆိုရသော် ဆန်းလျန်၏ ယုံကြည်မှုကို ရရှိရန်အတွက် သမီးဖြစ်သူကို ဓားစာခံ ပေးထားခြင်းပင် ဖြစ်တော့သည်။
“ဟုတ်ပြီလေ၊ ကျုပ်ဆီက ပညာသင်မယ်ဆိုတော့ ကျုပ်ကို ဆရာလို့တော့ ခေါ်လို့ရပါတယ်၊ ဒါပေမယ့် ကျုပ်ကို ဂါရဝပြု ဦးချစရာတော့ မလိုအပ်ဘူး”
ဆန်းလျန်က ပြောလိုက်လေသည်။
“ကောင်းတာပေါ့၊ ရှင့်ကို ဂါရဝပြု ဦးချရမှာလည်း နည်းနည်းတော့ ကြောင်တောင်တောင် နိုင်တယ်၊ ကျွန်မနာမည်က လေ့ကျင်းပါ၊ ဒါနဲ့ ကျွန်မ ဘာလို့ရှင့်ဆီ တပည့်လာခံရလဲ ဆိုတာ မသိချင်ဘူးလား”
“လေ့ကျင်း” ဆိုသည့် အမည်မှ “ကျင်း” ဆိုသည့် အဓိပ္ပါယ်မှာ ကောင်းမြတ်သည့် သမီးပျိုဆိုသည့် အဓိပ္ပာယ် ရလေသည်။
လေ့ကျင်းသည် ထိုအမည်နှင့် အလွန်လိုက်ဖက်သူ ဖြစ်လေသည်။
သူမ တော်ဝင် ကျောင်းတော်သို့ လာရသည့် အကြောင်းအရင်းမှာ ဖခင်ဖြစ်သူက စေခိုင်းသောကြောင့် ဖြစ်လေသည်။ အရာရှိ မင်းလေ့နော်က သမီးငယ်ကို ကွမ်းလုန်ကျီ၏ တော်ဝင် ကျောင်းတော်သို့ ပို့ဆောင်လိုက်သည့်တိုင် ကွမ်းလုန်ကျီထံတွင် ပညာမသင်ယူဘဲ တခြားဆရာထံမှ ပညာသင်ယူရန် သေသေချာချာ မှာကြား လိုက်လေသည်။
သို့သော်… လေ့ကျင်းသည် ဆန်းလျန်၏ ချောမောလှပသည့် မျက်နှာလေးကို မြင်တွေ့ လိုက်သည်နှင့် ဆန်းလျန်ဆီတွင် ပညာသင်ရန် ဆုံးဖြတ်ချက်ကို ခိုင်မာစွာ ချလိုက်မိတော့သည်။
ဖခင်တစ်ယောက်သည် သမီးဖြစ်သူကို အကောင်းဆုံး နားလည်ပေးနိုင်သည် ဆိုသည့် စကားသည် သွေးထွက်အောင် မှန်လေသည်။ အဘယ်ကြောင့်ဆိုသော် အရာရှိ မင်းလေ့နော်က သမီးဖြစ်သူကို ဆန်းလျန်ထံတွင် ပညာသင်ကြားရန် စေလွှတ် လိုက်သည့်တိုင် ဆန်းလျန်သာ ချောမောလှပသည့် လူငယ်လေး တစ်ယောက် မဟုတ်ခဲ့လျှင် လေ့ကျင်းသည် ချက်ချင်းပင် ကျောင်းတော်မှ အိမ်သို့ ပြန်ပြေးလာမည့် မိန်းကလေး ဖြစ်လေတော့သည်။
***