← Chapters

ပျံသန်းကြယ်စင်

Vol. 5 Ch. 485

ပျံသန်းကြယ်စင်

Vol. 5 Ch. 485

ကွမ်းလုန်ကျီက တပည့်အသစ်များကို ထပ်မံလက်ခံခြင်း မရှိတော့ပေ။ နောက်ထပ် ရောက်လာသူများကို သုံးလနေမှ ပြန်လာရန် မှာကြားလိုက်လေသည်။

ဆန်းလျန်ကတော့ တပည့်လက်ခံခြင်းကို မရပ်တန့်ခဲ့ပါ။ သို့သော် သူ့ထံသို့ လေ့ကျင်းမှလွဲပြီး မည်သည့်တပည့်မှ ရောက်မလာခဲ့ပါ။ ထို့ပြင် ဖေးကျုန်းမှလွဲပြီး လေ့ကျင်း မည်သူဆိုသည်ကိုလည်း အခြားတပည့်များက သိရှိကြခြင်း မရှိပေ။

လေ့ကျင်းသည် အလွန်အဆင့်မြင့်သည့် တော်ဝင်မင်းသမီး တစ်ပါးဖြစ်သည့် အတွက် သူမသည် အခြားတပည့်များကို အဖက် လုပ်လေ့သိပ်မရှိပေ။

တိချိုးမြို့တော် တောင်ဘက်ပိုင်း…

မြို့တော် တောင်ဘက်ပိုင်း တစ်နေရာတွင် ရိုးရှင်းပြီး ကျယ်ဝန်းသည့် ခြံဝင်းကြီး တစ်ခုရှိလေသည်။

ထိုခြံဝင်းကြီးကို “ယင်းခြံဝင်း” ဟုခေါ်ပြီး ယင်းစန်းမှ သံအမတ်များနှင့် ကုန်သည်များ နေထိုင်ရာ နေရာဖြစ်လေသည်။ ယင်းစန်းဒေသ၏ အကြီးအကဲ ဖြစ်သည့် ထျန်းယီကို တာ့ရှားဧကရာဇ်က ရှားထိုက် အကျဉ်းထောင်တွင် သုဉ့်ပန်းအဖြစ် ဖမ်းဆီးထားပြီး ကတည်းက ယင်းစန်းဒေသမှ လူများသည် ထိုခြံဝင်းကြီးအတွင်းမှ အပြင်သို့ သိပ်မထွက်ကြတော့ပေ။ အဘယ်ကြောင့်ဆိုသော် သူတို့က တာ့ရှားပြည်တွင် မလိုလားဘဲ ပြဿနာ မတက်ချင် ကြသောကြောင့် ဖြစ်လေသည်။

ဆန်းလျန်နှင့် အတူတူ ခရီးထွက် လာကြသည့် ဝူတင်နှင့် အခြားသော ကုန်သည်များသည် ယင်းခြံဝင်းတွင် တည်းခို နေထိုင်ကြလေသည်။ ဝူတင်သည် ဓားကို ကျောထက်တွင် လွယ်ထားပြီး တရားထိုင်နေလေသည်။

သူက နေရောင်ခြည် စွမ်းအားများနှင့် ကြယ်တာရာ စွမ်းအားများကို စုပ်ယူပြီး ကျင့်စဉ် ကျင့်ကြံနေခြင်း ဖြစ်လေသည်။

ဝူတင်ကျင့်ကြံ နေသည့် ကျင့်စဉ်မှာ ကြယ်တာရာ စွမ်းအားများကို အခြေခံသည့် “ပျံသန်းကြယ်စင်” ကျင့်စဉ်ဖြစ်လေ သည်။ ထိုကျင့်စဉ်ကို ကျင့်ကြံသူ တစ်ယောက်က သူငယ်စဉ်ကပင် သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ယခုတော့သူသည် အဆင့်အတော် မြင့်သည်အထိ ကျင့်ကြံနိုင်ခဲ့ပြီ ဖြစ်လေသည်။

ဝူတင်သည် ကျင့်စဉ်လမ်းတွင် ပါရမီရှိသူ တစ်ယောက်ဖြစ်ပြီး ပျံသန်းကြယ်စင် ကျင့်စဉ်၏ သဘောတရားကို လျှင်မြန်စွာ နားလည် သဘောပေါက် ခဲ့လေသည်။ ထို့ကြောင့် သူက သူ၏ မိသားစုများ ကျင့်ကြံသည့် ကျင့်စဉ်ကိုပင် မကျင့်ကြံဘဲ ပျံသန်းကြယ်စင် ကျင့်စဉ်ကိုသာ တစိုက်မတ်မတ် လေ့ကျင့်ခဲ့လေသည်။

ပျံသန်းကြယ်စင် ကျင့်စဉ်သည် ကျင့်စဉ်တစ်ခု ဖြစ်သည့်အပြင် သိုင်းပညာ တစ်မျိုးလည်း ဖြစ်လေသည်။ ထိုကျင့်စဉ်တွင် အဆင့်ဆယ့်နှစ်ဆင့် ရှိပြီး ဝူတင်က အဆင့်ငါးသို့ပင် ရောက်နေပြီ ဖြစ်လေသည်။ သို့သော် သူက အဆင့်ငါးတွင် ကျင့်စဉ် အဆင့်ရှေ့ မတတ်နိုင်ဘဲ ရပ်တန့် နေရလေသည်။

သို့သော် အဆင့်ငါးအထိ ကျင့်ကြံနိုင်ခဲ့ခြင်းကပင် သူ၏ တန်ခိုးစွမ်းအားသည် အခြား သူများနှင့် ယှဉ်လျှင် အဆမတန် မြင့်မားနေပြီ ဖြစ်လေသည်။

သို့သော် ဝူတင်သည် သူ့အခြေအနေကို မကျေနပ်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သူ့အဆင့်ဖြင့် ထျန်းယီ အကြီးအကဲကို ကယ်တင်ရန်မှာ မည်သို့မျှ မဖြစ်နိုင်သောကြောင့် ဖြစ်လေသည်။

ထျန်းယီ အကြီးအကဲသည် သူ့ဘဝတွင် အလေးစားရဆုံး ပုဂ္ဂိုလ်တစ်ယောက် ဖြစ်လေသည်။

ဝူတင်သည် တရားထိုင်နေလေသည်။

ကြယ်တာရာ စွမ်းအားများသည် မိုးမြေစွမ်းအားများ အတွင်းတွင် သဘာဝကျစွာ စီးဆင်း နေလေသည်။

ထိုအချိန်…

သူ၏ စိတ်အာရုံထဲတွင် ယင်းခြံဝင်း၏ မြောက်ဘက်မှ ပေါ်ထွက်လာသည့် ထူးဆန်းသည့် တန်ခိုးစွမ်းအား တစ်ခုကို ခံစားလိုက်ရလေသည်။

ထို့ကြောင့် သူက တရားထိုင်ခြင်းကို ရပ်တန့်ကာ ဓားကိုကိုင်ပြီး ထွက်လာခဲ့တော့သည်။ သူ၏ ခြေလှမ်းများက ထူးဆန်းလေသည်။ သူခြေတစ်လှမ်း လှမ်းတိုင်း မည်သည့် နေရာသို့ ဦးတည်မည်ကို မည်သူမျှ မသိနိုင်ပေ။

ထိုခြေလှမ်းများမှာ ပျံသန်းကြယ်စင် ခြေလှမ်းသိုင်းကွက်များပင် ဖြစ်လေသည်။ သူသာ ပျံသန်း ကြယ်စင်ကျင့်စဉ်ကို ယခုထက်ပိုပြီး အဆင့်တက်လှမ်း နိုင်မည်ဆိုလျှင် ကြယ်တာရာ စွမ်းအားများကို အသုံးပြုပြီး သူသွားလိုရာသို့ ခဏချင်းပင် သွားရောက် နိုင်ပေလိမ့်မည်။

အနက်ရောင် လူရိပ်တစ်ရိပ်သည် ယင်းခြံဝင်း၏ မြောက်ဘက်ပိုင်းတွင် ပေါ်လာလေသည်။ ထိုသူ၏ အသက်ရှူသံက တိုးတိတ်နေပြီး သူ၏လက်ထဲတွင် ငွေရောင်လေး တစ်လက်ကို ကိုင်ထားလေသည်။ ငွေရောင်လေးပေါ်သို့ လရောင်က ဖြာကျနေသည့် အတွက် လေးသည် လင်းလက် တောက်ပ နေလေသည်။

အနက်ရောင်ဝတ် လူက မြားကို အသုံးပြုခြင်း မရှိပါ။ သူက လေးကို ပစ်ခတ်ရန် ပြင်ဆင်လိုက်သည်နှင့် မိုးမြေစွမ်းအားများမှ ငွေရောင်မြားတစ်စင်း ချက်ချင်းပင် ဖြစ်တည် လာလေသည်။ မည်သူမျှ သတိမထားမိခင်မှာပင် မြားသည် လေးညို့မှ ထွက်ခွာ သွားတော့သည်။

ဝူတင်သည် မြေပြင်ထက်တွင်ဝပ်ကာ မြားကို ရှောင်တိမ်း လိုက်လေသည်။ သို့တိုင်အောင် မြားသည် သူ၏ ဆံပင်များကို ထိမိသွားပြီး ဆံပင်များ ပြတ်ကျ သွားလေသည်။ ပထမမြားချက် အဆုံးမသတ်သေးမီမှာပင် ဒုတိယမြားချက်က ဝူတင်၏ ခြေထောက်ဆီသို့ ဦးတည် ဝင်ရောက် လာပြန်လေသည်။

ဝူတင်သည် သူ၏ အမြန်နှုန်းကို မြှင့်တင်ကာ မြားကို ကမန်းကတန်းပင် ရှောင်တိမ်း လိုက်ရသည်။

ထိုအချိန်မှာပင်…

ယင်းခြံဝင်းအတွင်းမှ လူတစ်ယောက်ကလည်း အနက်ရောင် ဝတ်လူကို သတိထားမိကာ အခြားသူများကို သတိပေးရန် ပြင်ဆင်လိုက်လေသည်။ သို့သော် ငွေရောင် မြားတစ်စင်းက သူ၏ လည်ပင်းကို ထိုးဖောက် သွားခဲ့ပြီ။

အနက်ရောင်ဝတ်လူကတော့ တည်ငြိမ် လွန်းလှလေသည်။

သူက လေးကို တင်လိုက်ကာ မြားသုံးစင်း ထပ်မံ ပစ်လွှတ်လိုက်လေသည်။ မြားတစ်စင်းက ဝူတင်ထံသို့ ဖြစ်ပြီး အခြားမြားနှစ်စင်းက ယင်းခြံဝင်းအတွင်းတွင် နေထိုင်ကြသည့် အခြားလူများထံသို့  ဦးတည် ဝင်ရောက် သွားလေသည်။

အနက်ရောင်ဝတ်လူမှာ အလွန်ကြောက်မက်ဖွယ်ရာ ကောင်းသူတစ်ယောက် ဖြစ်ကြောင်း ဝူတင် သိရှိလိုက်လေသည်။ ယင်းခြံဝင်းအတွင်းတွင် နေထိုင်သူများသည် သူ၏မြားချက်ကို ရှောင်တိမ်း နိုင်စွမ်း မရှိကြပေ။

ထိုအနက်ရောင်ဝတ် လူ၏ဦးတည်ရာမှာ သူဖြစ်ကြောင်း ဝူတင် ကောင်းကောင်း သိလိုက်လေသည်။

သူ့ကြောင့် အပြစ်မရှိသည့် သူ၏မျိုးနွယ်စုများ အသတ်ခံ နေရသည်ကို ဝူတင် မကြည့်ရက်တော့ပေ။ ထို့ကြောင့် သူက ယင်းခြံဝင်း တံတိုင်းကို ခုန်ကျော်ကာ ထွက်ပြေး သွားလေတော့သည်။ အနက်ရောင်ဝတ်လူ ပစ်လွှတ်လိုက်သည့် မြားသည် သူ၏ လက်မောင်း တစ်ဖက်သို့ ရှပ်ထိ သွားလေသည်။

သူ့နောက်မှ အနက်ရောင်ဝတ်လူ ကျိန်းသေ လိုက်လာမည်ကို သူသိနေလေသည်။ ထိုအခါမှသာ ယင်းခြံဝင်း အတွင်းမှ အခြားသောသူများမှာ အသက် ချမ်းသာရာ ရပေလိမ့်မည်။

ဝူတင်က မြို့တော်တောင်ပိုင်းသို့ အမြန်ဆုံး ပြေးသွားခဲ့ပြီး ရှားတူးမြောင်းသို့ ရောက်ရှိ လာလေသည်။

တိချိုးမြို့တော်တွင် သူ့ကို ကာကွယ်ပေးနိုင်သူ တစ်ယောက်သာလျှင် ရှိလေသည်။ ထိုသူမှာ တော်ဝင်ကျောင်းတော်မှ ကွမ်းလုန်ကျီပင် ဖြစ်တော့သည်။

အနက်ရောင်ဝတ်လူသည် ဝူတင်နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာလေသည်။

ဝူတင်သည် သူ၏လက်မောင်းမှ ပြင်းထန်လွန်းသည့် နာကျင်မှုကို သည်းခံရန် သူ့နောက်သို့ ဓားဖြင့် ထိုးစိုက် ချလိုက်သည်။ သို့သော်… သူ၏ဓားကို အနက်ရောင်ဝတ် လူက ငွေရောင်လေးကိုင်းဖြင့် ကာကွယ် လိုက်လေသည်။ ထိုအခါ သူ၏ဓားသည် သံမှုံသံစများ အဖြစ် အပိုင်းပိုင်း ပြတ်တောက် သွားတော့သည်။

ရှားတူးမြောင်း ပတ်ဝန်းကျင်တွင် တိတ်ဆိတ်ကာ လူသူကင်းမဲ့နေလေသည်။

ဝူတင်သည် ပြေးလွှားနေရာမှ ရပ်တန့်လိုက်လေသည်။ အဘယ်ကြောင့်ဆိုသော် အနက်ရောင်ဝတ် လူ၏လက်မှ မည်သို့မျှ သူမလွတ်မြောက် နိုင်တော့ကြောင်း နားလည် လိုက်သောကြောင့်ပင် ဖြစ်လေသည်။

ကြယ်တာရာ စွမ်းအားများနှင့် ရှားတူးမြောင်းရေထဲမှ ဝိညာဉ် စွမ်းအားများကို ပေါင်းစပ် စုပ်ယူလိုက်သည့် အတွက် ဝူတင်၏လက်မှ မြားဒဏ်ရာသည် ချက်ချင်း ပျောက်ကင်း သွားလေသည်။

ဒဏ်ရာ ပျောက်ကင်း သွားသည့်အတွက် ဝူတင်သည် ပြန်လည် တည်ငြိမ် လာလေသည်။ သူက ပတ်ဝန်းကျင်ကို တစ်ချက် အကဲခတ်လိုက်သည်။

အနက်ရောင်ဝတ် လူသည် ဝူတင်နှင့်ခြေလှမ်း တစ်ရာခန့်အကွာတွင် ရပ်တန့်နေလေသည်။ ထိုသူသာ အနားသို့ထပ်ပြီး တိုးကပ်လာပါက ဝူတင်အနေဖြင့် ပျံသန်း ကြယ်စင် စွမ်းအားများကို အသုံးပြုကာ တိုက်ခိုက်ရန် အခွင့်အရေးရမည် ဖြစ်လေသည်။ သို့သော် ထိုသူက အဝေးတွင် ရပ်နေသည့် အတွက် ဝူတင်မှာ အခွင့်မသာ ဖြစ်နေရသည်။ တိုက်ခိုက်ခြင်းထက် ထွက်ပြေးခြင်း ကသာ သူ့အတွက် အသင့်တော်ဆုံး ဖြစ်သည့်တိုင် ထွက်ပြေးလျှင်လည်း လွတ်မြောက်ရန်မှာ မသေချာလှပေ။

သေခြင်းနှင့်ရှင်ခြင်း ကြားတွင် ဘဝကို လောင်းကြေး ထပ်ရတော့မည့် အနေအထားပင် ဖြစ်လေသည်။

ဝူတင်က အနက်ရောင်ဝတ် လူကို စိုက်ကြည့်လိုက်ရင်း…

“မင်းက အရှေ့တိုင်း စစ်သည်တော်တွေထဲက လုပ်ကြံ သူတစ်ယောက်ပဲ”

အရှေ့တိုင်း စစ်သည်တော်များမှာ လူမျိုးအုပ်စုတစ်စု မဟုတ်ပေ။ သူတို့က တာ့ရှားပြည် အရှေ့ဘက်တွင် နေထိုင်ကြ ပြီးတာ့ရှားပြည်ကို ကူညီနေကြသူများ ဖြစ်လေသည်။ ထို့ပြင် သူတို့က ယင်းစန်းဒေသ၏ ရန်သူတော်များလည်း ဖြစ်လေသည်။

“ယင်းစန်းက အရည်အချင်းရှိတဲ့ လူတွေထဲမှာ မင်းက တစ်ယောက် အပါအဝင်ပဲ၊ လောကမှာ ကျုပ်လက်က လွတ်အောင်ပြေးနိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး၊ ဒါပေမဲ့ မင်းကတော့ ခုထိ လွတ်အောင်ပြေး နေနိုင်သေးတယ်၊ ကြည့်ရတာ မင်းကလည်း မင်းအဖေ ရှောက်ယီ ငယ်ငယ်ကအတိုင်း သိပ်တော်တယ်”

အနက်ရောင်ဝတ်လူက ပြောလိုက်လေသည်။

ရှောက်ယီမှာ ဝူတင်၏ ဖခင်ဖြစ်သလို ယင်းစန်းတွင် တန်ခိုးစွမ်းအား မြင့်မားသူ တစ်ယောက်လည်း ဖြစ်လေသည်။

“အရှေ့တိုင်း စစ်သည်တော်တွေက ကျုပ်ကိုသတ်ဖို့ အတွက် မင်းကို လွှတ်လိုက်တာလား၊ မင်းဘယ်သူလဲဆိုတာ ကျုပ်မသိဘူး၊ ဒါပေမယ့် မင်းက ကြောက်စရာ ကောင်းလွန်းတယ်၊ တာ့ရှားဧကရာဇ်က ကျုပ်တို့ ယင်းစန်းဒေသကို သဘောမကျပေမယ့် ကျုပ်တို့ ခေါင်းဆောင်ဖြစ်တဲ့ ထျန်းယီ အကြီးအကဲရဲ့ ဘိုးဘေးတွေဟာ တာ့ရှားပြည်ကို တည်ထောင်ခဲ့တုန်းက အများကြီး ကူညီခဲ့ကြတဲ့ သူတွေပါ၊ တာ့ရှားဧကရာဇ်က မင်းလို လူတစ်ယောက်ရဲ့ လက်ထဲမှာ ကျုပ်ကို သေစေချင်မှာ မဟုတ်ဘူး”

ဝူတင်က အေးဆေးစွာပင် ပြောလိုက်လေသည်။

တာ့ရှားဧကရာဇ်သည် ထျန်းယီ အကြီးအကဲကို အပြစ်ပေးရန်နှင့် ထျန်းယီအကြီးအကဲ၏ ဆွေစဉ်မျိုးဆက်ကို သတ်ဖြတ်ပစ်ရန် အခွင့်အာဏာရှိသူ ဖြစ်လေသည်။ သို့သော် တာ့ရှားဧကရာဇ်မှ လွဲပြီး အခြားသူများသည် ယင်းစန်းကို ထိပါးပိုင်ခွင့်မရှိပေ။

ဝူတင်သည် တာ့ရှားဧကရာဇ်၏ အာဏာရှင်ဆန်မှုကို မုန်းတီးမိသော်လည်း တာ့ရှား ဧကရာဇ်သည် ဖြောင့်မတ်သူ တစ်ယောက် ဖြစ်ကြောင်းကိုတော့ မငြင်းနိုင်ခဲ့ပါ။

အနက်ရောင်ဝတ် လူမှာလည်း တာ့ရှားဧကရာဇ်ဆိုသည့် အမည်ကို ကြားသည်နှင့် လေးစားသည့် အသွင်သဏ္ဌာန် ချက်ချင်း ပြောင်းလဲသွားလေသည်။

“မင်းရဲ့ဘ၀ နေဝင်ချိန် ရောက်နေပါပြီ ဝူတင်၊ ပြီးတော့ မင်းကိုသတ်လို့ တာ့ရှားဧကရာဇ်က ကျုပ်ကို သတ်မယ်ဆိုလည်း သေပျော်ပါတယ်၊ အနည်းဆုံးတော့ ကျုပ်လိုလူမျိုးကို တာ့ရှားဧကရာဇ်က သတိပြုမိ သွားတာပေါ့ကွာ”

အနက်ရောင်ဝတ် လူ၏ စကားဆုံးသည်နှင့် ဝူတင်၏ မျက်ဝန်းထဲတွင် အလင်းရောင် တစ်ချက်ကို လက်ခနဲ တွေ့မြင့်လိုက်ရလေသည်။

***

All Chapters