တာ့ရှားဧကရာဇ်ဖြစ်သောကြောင့်
Vol. 5 Ch. 486
ဝူတင်၏ စိတ်ထဲတွင် ထိတ်လန့် သွားလေသည်။ အနက်ရောင်ဝတ် လူသည် သေရမည်ကို မကြောက်သည့် လူတစ်ယောက် ဖြစ်လေသည်။ သေရမှာကို မကြောက်သည့်လူသည် လောကတွင် ကြောက်စရာ အကောင်းဆုံးပင်။
အနက်ရောင်ဝတ် လူသည် လောကတွင် မည်သည့်အရာကိုမှ ကြောက်တတ်သူ တစ်ယောက် မဟုတ်ပေ။
ထို့ပြင် သူကိုင်ဆောင်သည့် လေးလက်နက်မှာ ထူးခြားသည့် နတ်လက်နက် တစ်ခု ဖြစ်လေသည်။ ထိုလက်နက်ဖြင့် မည်မျှများပြားသည့် လူ့အသက်များကို ဇီဝိန်ခြွေခဲ့ပြီးပြီလဲ မသိနိုင်ပေ။ အရှေ့တိုင်း စစ်သည်တော်များသည် လူတစ်ယောက်ကို လုပ်ကြံ သတ်ဖြတ်သည့် နေရာတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင် ကြလေသည်။ ဓားသိုင်းပညာနှင့် လေးအတတ်မှာ သူတို့ အသုံးပြုသည့် ပညာရပ်များဖြစ်ပြီး မည်မျှပင် တန်ခိုးစွမ်းအား မြင့်မားပါစေ သူတို့၏ မြားချက်အောက်တွင် ကျဆုံးခဲ့ရသည့် သူများမှာ ဒုနှင့်ဒေးပင်။
အရှေ့တိုင်း စစ်သည်တော်များ၏ ဘိုးဘေးများသည် နေမင်းကိုပင် မကြောက်ဘဲ လေးဖြင့် ခွင်းခဲ့ကြသည်ဟု ဒဏ္ဍာရီများထဲတွင် အဆိုရှိလေသည်။ အရှေ့တိုင်း စစ်သည်တော်များဟု ဆိုလိုက်လျှင် သူတို့၏ သင်္ကေတသည် လေးလက်နက်ပင် ဖြစ်လေသည်။
အနက်ရောင်ဝတ် လူသည် လေးကို တင်လိုက်လေသည်။ လေးညို့ပေါ်တွင် ငွေရောင်မြား တစ်လက်ကို တွေ့မြင်ရလေသည်။ မြားထိပ်သည် ချွန်မြ စူးရှနေပြီး ထိုမြားထိပ်ကို ကြည့်နေသည် ဝူတင်၏ မျက်ဝန်းများသည်ပင် နာကျင်ခြင်းကို စတင်ခံစားလာရသည်။
သို့သော်… ဝူတင်သည် မျက်တောင်တစ်ချက်ပင် မခတ်ရဲပါချေ။ အဘယ်ကြောင့်ဆိုသော် သူတစ်ကြိမ် မျက်တောင်ခတ် လိုက်သည်နှင့် သူ့ဘဝတွင် မည်သည့်အခါမှ မျက်တောင်ခတ်ခွင့် ရတော့မည် မဟုတ်ပေ။
ဝူတင်၏ဓားမှာလည်း တစ်စစီ ပျက်စီးသွားပြီ ဖြစ်လေသည်။ သူ၏လက်ထဲတွင် ဓားရိုးသာ ကျန်တော့သည်။
ဝူတင်သည် သူ၏ခါးတွင် ချည်ထားသည့် ကျောက်စိမ်းပြားကို လက်ထဲတွင် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင် ထားလေသည်။ ထိုကျောက်စိမ်းပြားမှာ ထျန်းယီအကြီးအကဲက သူ့ကို ပေးထားသည့် လက်ဆောင် ဖြစ်လေသည်။
ထျန်းယီအကြီးအကဲက ထိုကျောက်စိမ်းပြားလေး သူ့ကို လက်ဆောင် ပေးခဲ့သည့်နေ့ကို ဝူတင် သတိရနေမိသည်။
ထိုနေ့က…
ကောင်းကင်တွင် ကြယ်စင်များ လင်းလက်နေပြီး လပြည့်ည မဟုတ်သည့် အတွက် လမင်းကို မတွေ့မြင်ရပေ။
ထျန်းယီ အကြီးအကဲက ကျောက်စိမ်းပြားလေးကို သူ့ကိုပေးလိုက်ရင်း…
“ကျီကျောက်၊ မင်းမှတ်ထားပါ၊ ကျောက်စိမ်းပြား ကွဲပျက်သွားပါစေ လူကတော့ အသက် ရှင်သန်နေရမယ်”
ကျီကျောက်ဆိုသည်မှာ ဝူတင်၏ မျိုးရိုးနာမည် အရင်း ဖြစ်လေသည်။
ယနေ့တော့ ထျန်းယီ အကြီးအကဲပေးအပ်သည့် ကျောက်စိမ်းပြားလေးသည် ကွဲပျက် ရတော့မည် ဖြစ်လေသည်။
ဝူတင်က ကြယ်တာရာ စွမ်းအားများကို စုပ်ယူကာ သူ၏ ပတ်ဝန်းကျင်တွင် ရေအလွှာတစ်ခုကို ဒိုင်းတစ်ခုသဖွယ် ဖန်ဆင်းလိုက်သည်။ ထိုရေစွမ်းအား ဒိုင်းသည် အနက်ရောင်ဝတ် လူပစ်လွှတ်လိုက်သည့် မြားကို လမ်းကြောင်း အနည်းငယ် လွှဲဖယ် ပေးနိုင်စွမ်း ရှိလေသည်။
ငွေရောင်မြားသည် ရေစွမ်းအားဒိုင်းကို ထိုးဖောက် ဝင်ရောက်လာလေသည်။
သို့သော် ရေစွမ်းအားဒိုင်း၏ ကာရံထားမှုကြောင့် ငွေရောင်မြားသည် ဝူတင်ကို မထိမှန်တော့ဘဲ လမ်းကြောင်းလွဲကာ ရှားတူးမြောင်း အတွင်းသို့ ကျသွားလေသည်။ တစ်ချိန်တည်းမှာပင် ဝူတင်ကလည်း အခွင့်အရေးကို လက်လွှတ်မခံဘဲ ရှားတူးမြောင်း အတွင်းသို့ ခုန်ချလိုက်လေသည်။
အနက်ရောင်ဝတ် လူမှာ "ကျစ်" ခနဲ တစ်ချက် စုပ်သတ်လိုက်ပြီး ရှားတူးမြောင်းကမ်း နံဘေးသို့ ရောက်ရှိ လာလေသည်။ ရေထဲတွင်တော့ ငါးတစ်ကောင်အလား လျှင်မြန်စွာ ကူးခတ် သွားသည့် ဝူတင်ကို တွေ့မြင်နိုင်လေသည်။
အနက်ရောင်ဝတ် လူသည် ကမ်းနံဘေးမှပင် လျှင်မြန်စွာ ပြေးလွှားရင် ဝူတင်နောက်သို့ လိုက်လာလေသည်။ မကြာမီပင် ဝူတင်ကို အမီလိုက်နိုင်လာတော့သည်။
သို့သော်…
သူ့ရှေ့တွင် ရှားတူးမြောင်းကို ဖြတ်ကာ တည်ဆောက်ထားသည့် တံတားတစ်ခုကို တွေ့မြင် လိုက်ရလေသည်။
တူးမြောင်းကို ဖြတ်ကူးရန် တည်ဆောက်ထားသည့် တံတားမှာ မထူးဆန်းလှပါ။
ထူးဆန်းသည်က တံတားပေါ်တွင် လှပသော မိန်းမပျိုလေး တစ်ယောက်သည် အဖြူရောင် နတ်မြင်းပျံကြီး၏ နဖားကြိုးကိုဆွဲကာ ရပ်နေလေသည်။ နတ်မြင်းပျံကြီး ထက်တွင်တော့ ငယ်ရွယ်သေးသည့် ဆယ်ကျော်သက် အရွယ် လူငယ်လေး တစ်ယောက် ထိုင်နေလေသည်။
လူငယ်လေးသည် နတ်မြင်းပျံကြီးထက်တွင် ငြိမ်သက်စွာဖြင့် မလှုပ်မယှက် ထိုင်နေခြင်း ဖြစ်လေသည်။ သို့သော်… အနက်ရောင်ဝတ် လူ၏ ရင်ထဲတွင်တော့ သူ့ရှေ့တွင် ကောင်းကင်ကြီး တစ်ခု ကာဆီးထားသည့်အလား ခံစားလိုက်ရတော့သည်။
ရှားတူးမြောင်းမှ ကြည်လင်သည့် ရေများ၊ ကြယ်စုံသည့် ကောင်းကင် ….
အရာအားလုံးသည် လူငယ်လေး၏ အရှိန်အဝါအောက်တွင် ပျောက်ကွယ် သွားလေသည်။
ကောင်းကင်တစ်ခုနှင့် တူသည့် လူငယ်လေးသည် သူ့ကို လက်ရှိလောက၏ အဝေးတစ်နေရာသို့ ဆွဲခေါ် သွားသကဲ့သို့ ရှိနေတော့သည်။
အနက်ရောင်ဝတ် လူသည် တာ့ရှားဧကရာဇ်၏ ကြီးမြတ်မှုများ အကြောင်းကို အမြဲတမ်း စိတ်ကူး ကြည့်ခဲ့ဖူးလေသည်။
တာ့ရှားဧကရာဇ်သည် တောင်များကိုပင် အမှုန့်ချေပစ်နိုင်သူ၊ ကြယ်များကိုပင် ဆွတ်ခူးနိုင်စွမ်း ရှိသူ၊ နေမင်းကဲ့သို့ အရှိန်ပြင်းစွာ လောင်ကျွမ်းပစ်နိုင်သူ တစ်ယောက် ဖြစ်လေသည်။
သို့သော်… တာ့ရှားဧကရာဇ်သည်ပင် သူ့ရှေ့မှ လူငယ်လေးလောက် စွမ်းအားမြင့်မားနိုင်မည် မဟုတ်ပါ။ သူ့ရှေ့မှ လူငယ်လေးသည် ဘဝနှင့် သေခြင်းရှင်ခြင်းကို လွန်မြောက်နေသူ တစ်ယောက် ဖြစ်လေသည်။
ထိုအချိန်မှာပင်…
ဝူတင်မှာလည်း နတ်မြင်းပျံကြီးထက်မှ ဆယ်ကျော်သက် လူငယ်လေးကို သတိပြုလိုက် မိလေသည်။
တစ်ချိန်ကတော့ ထိုလူငယ်လေးသည် ရှီးလျန်တိုင်းပြည်မှ မင်းသားငယ်လေး ဖြစ်လေသည်။ ယခုတော့ … ဝူတင်သည် ထိုလူငယ်လေးကို ကြောက်မက်ဖွယ်ရာ နတ်မိစ္ဆာတစ်ပါး အလား ထင်မှတ် နေမိတော့သည်။
“ဝူတင်…”
ဆန်းလျန်က နူးညံ့သိမ်မွေ့လွန်းသည့် အသံဖြင့် ဝူတင်၏ အမည်ကို ခေါ်လိုက်သည်။
သို့သော် ဝူတင်၏ နားထဲတွင်တော့ ထိုအသံမှာ အရပ်လေးမျက်နှာမှ ထွက်ပေါ်လာသကဲ့သို့ ကျယ်လောင်လွန်းလှ လေသည်။ ထိုအသံသည် အနက်ရောင်ဝတ် လူ၏ နားထဲသို့လည်း ဝင်ရောက် သွားလေသည်။
ဝူတင်သည် ရှီးလျန်ပြည်မှ တာ့ရှားပြည်သို့လာသည့် ခရီးလမ်း တစ်လျှောက်တွင် ဆန်းလျန်ကို အကြိမ်ပေါင်းများစွာ မြင်တွေ့နေခဲ့ရပြီး ထူးခြားသော လူငယ်လေး တစ်ယောက်ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့မိသည်။ သို့သော်.. ယခုတော့ ဆန်းလျန်သည် သူနှင့်ယနေ့မှ ပထမဆုံး သိကျွမ်းသည့် လူတစ်ယောက်အလား ခံစားနေရလေသည်။
ဝူတင်က ခေါင်းကို တစ်ချက် ညိတ်ပြလိုက်သည့်တိုင် စကားမပြောနိုင်ဘဲ ရှိလေသည်။
“ကွမ်းလုန်ကျီက အကူအညီတောင်းလို့ မင်းကိုလာကယ်တာ၊ ကျုပ်ဆီလာခဲ့…"
ဆန်းလျန်၏အသံသည် ညလေအေးကို ထိုးခွင်းကာ ထွက်ပေါ်လာပြန်လေသည်။
ယခုမှ ဝူတင်သည် ဆန်းလျန် သူ့ကို အဘယ့်ကြောင့် လာရောက် ကယ်တင်ရသည်ကို သဘောပေါက် သွားရသည်။
အဖြစ်အပျက်က ဤသို့ဖြစ်လေသည်။
ဆန်းလျန်က လေ့ကျင်းကို တပည့်အဖြစ် လက်ခံခဲ့သည့်နေ့က ကွမ်းလုန်ကျီကလည်း ဆန်းလျန်၏ စာသင်ခန်းသို့ ရောက်လာခဲ့လေသည်။
“ဘာများကူညီရမလဲ”
ဆန်းလျန်က ကွမ်းလုန်ကျီကို မေးလိုက်လေသည်။
“ဒီည ကျုပ်အတွက် လူတစ်ယောက်ကို ကယ်ပေးနိုင်မလား”
ကွမ်းလုန်ကျီက ပြောလိုက်လေသည်။
“ဘယ်သူ့ကိုလဲ…”
“ဝူတင်လို့ခေါ်တဲ့ လူငယ်တစ်ယောက်၊ သူက ထျန်းယီ အကြီးအကဲရဲ့ တူလေး၊ ဒီည လူတစ်ယောက်က လုပ်ကြံ သတ်ဖြတ်လိမ့်မယ်"
ကွမ်းလုံကြည်က နက်ရှိုင်းသည့် လေသံဖြင့် ပြောလိုက်လေသည်။
“လူရယ်လို့ဖြစ်လာရင် သေရမှာပါပဲ၊ ဒါပေမယ့် ကျုပ်က ခင်ဗျားရဲ့ နေရာမှာ ဧည့်သည် လုပ်နေတာဆိုတော့ ခင်ဗျား တောင်းတဲ့ အကူအညီကို ဘယ်ငြင်းနိုင်ပါ့မလဲ၊ ဒါပေမဲ့ သူ့ကို ဘာလို့ ကယ်သင့်သလဲဆိုတဲ့ အကြောင်းပြချက် ကောင်းကောင်းလေး တစ်ခုတော့ ကြားချင်မိသားပဲ"
"ကျုပ်က နက္ခတ်ဗေဒ ကျွမ်းကျင်တယ်တယ်လေ၊ ဒီတော့ အနာဂတ်ကို ကြိုမြင်နိုင်တယ်"
ကွမ်းလုန်ကျီက ပြန်ပြောလိုက်သည်။
ဆန်းလျန်က ဗျပ်စောင်းကို လက်ဖြင့် တစ်ချက် ခတ်လိုက်ရင်း…
"ခင်ဗျားက အနာဂတ်ကို ကြိုမြင်နိုင်တာ မဟုတ်ပါဘူး၊ ကြိုပြီး ခန့်မှန်းနိုင်တာပါ"
ကွမ်းလုန်ကျီက ပြုံးလိုက်ရင်း…
"မင်းပြောတာမှန်ပါတယ်၊ ကျုပ်ရဲ့ နက္ခတ်ဗေဒ ပညာအရဆိုရင် အရှေ့တိုင်း စစ်သည်တော်တွေဆီက လုပ်ကြံ သတ်ဖြတ်သူ တစ်ယောက် ဒီည ဝူတင်ကို လိုက်သတ်လိမ့်မယ်၊ အဲဒီ လူသတ်သမားနာမည်က ကျောလင်လို့ ခေါ်တယ်၊ သူက သိပ်တော်တဲ့ လုပ်ကြံသူ တစ်ယောက်ပဲ၊ သူသတ်သမျှ တစ်ယောက်မှ မရှင်ခဲ့ဘူး၊ အကုန်သေတာ ချည်းပဲ"
"အဲဒီ လူသတ်သမား အကြောင်းကို စိတ်မဝင်စားပါဘူးဗျာ၊ ဒါပေမဲ့ ယင်းစန်းက လူတစ်ယောက်ကို အရှေ့တိုင်း စစ်သည်တော် တစ်ယောက်က လိုက်သတ်တဲ့ကိစ္စက ခင်ဗျားလို တာ့ရှားပြည်ရဲ့ မင်းဆရာကြီး တစ်ယောက်နဲ့ ဘာများဆိုင်လို့လဲ၊ ခင်ဗျားက ထျန်းယီအကြီးအကဲကို လေးစားတာကြောင့် ယင်းစန်းမှာ အမတ်ဖြစ်ချင်နေတာလား"
ဆန်းလျန်က အေးဆေးစွာဖြင့် ပြောလိုက်လေသည်။
ကွမ်းလုန်ကျီက သက်ပြင်းတစ်ချက်ချလိုက်ရင်း…
“တကယ်တော့ ကျုပ်မှာသာရွေးချယ်ခွင့် ရှိမယ်ဆိုရင် ထျန်းယီ အကြီးအကဲဆီမှာ တာဝန် ထမ်းဆောင်ချင်တာပေါ့ဗျာ၊ သူက တကယ့်ကို ဧကရာဇ်တစ်ပါး ဖြစ်ထိုက်သူ တစ်ယောက်ပဲ၊ ဒါပေမယ့် တာ့ရှားဧကရာဇ်ကို သစ္စာပျက်လို့လည်း မရဘူးလေ၊ ဒါ့ကြောင့် ဝူတင်ကိုသွားကယ်ဖို့ မင်းကို အကူအညီတောင်းရတာပါ”
“စိတ်ဝင်စားစရာပဲ၊ အဲဒီအကြောင်းတွေ ကျုပ်ကိုထပ်ပြီးပြောပြပါဦး”
ဆန်းလျန်က ပြုံးရင်းပြောလိုက်လေသည်။
“ကျွန်မလည်း အဲဒီအကြောင်းတွေကိုသိတယ်”
နိုင်ငံခြားရေး ဝန်ကြီး၏သမီးက သူတို့အနားသို့ ရောက်လာပြီး သူတို့ဘေးနားတွင် ဝင်ထိုင်ရင်း ပြောလိုက်လေသည်။
သူမ၏မျက်ဝန်းများမှာ အလွန်လှပနေပြီး ဉာဏ်ပညာနှင့် ပြည့်ဝနေလေသည်။ သူမက ကွမ်းလုန်ကျီနှင့်ဆန်းလျန်ကို တည်ငြိမ်စွာဖြင့် ကြည့်နေလေသည်။
ကွမ်းလုန်ကျီက…
“ဒါပေါ့၊ နိုင်ငံခြားရေးဝန်ကြီးရဲ့ သမီးတစ်ယောက် အနေနဲ့ ဒီအကြောင်းတွေကို မင်းသိမှာပေါ့၊ ပြီးတော့ လက်ရှိ နိုင်ငံခြားရေးဝန်ကြီးကလည်း တာ့ရှားမှာ တာဝန်ထမ်းဆောင်ခဲ့တာ ကြာလှပြီပဲ"
ဆန်းလျန်ကတော့ ငြိမ်သက်နေရင်း လေ့ကျင်း ပြောမည့်စကားကို စောင့်နေလေသည်။
“အရှေ့တိုင်းစစ်သည်တော်တွေက ယင်းစန်းလိုမျိုး လူမျိုးစုဒေသ တည်ထောင် ထားတာ မဟုတ်ပေမယ့် သူတို့တွေက အရမ်းအင်အား ကြီးမားတယ်၊ သူတို့ကို လျှော့တွက်လို့ မရဘူး၊ ပြီးတော့ သူတို့က တာ့ရှားဧကရာဇ်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးလည်း ရှိကြတယ်၊ ကျွန်မ သိသလောက်ဆိုရင် အရှေ့တိုင်း စစ်သည်တော်တွေက တာ့ရှားဧကရာဇ်ကို မိန်းမလှတွေ ဆက်သတာများ ရေတွက်လို့တောင် မရနိုင်ဘူး"
“ပြီးတော့ အရှေ့တိုင်း စစ်သည်တော်တွေနဲ့ ယင်းစန်းဒေသဟာ မီးနဲ့ရေပဲ၊ လုံးဝမျက်နှာချင်း မဆိုင်နိုင်ကြဘူး၊ သူတို့ ဒီလို မတည့်ကြတာကိုလည်း တာ့ရှားဧကရာဇ်က သဘောကျတယ်၊ တကယ်တော့ တိချိုးအပြင်ဘက်မှ သူတို့ တိုက်ခိုက်ကြ မယ်ဆိုရင် ကျွန်မတို့ တာ့ရှားကလည်း သူတို့ကိစ္စကို ဝင်မပါဘဲ လက်ပိုက်ကြည့်နေမှာပဲ”
“ပြီးတော့ ဝူတင်က ထူးခြားတဲ့ လူတစ်ယောက်ပဲ၊ ထူးဆန်းတဲ့ ကျင့်ကြံသူ တစ်ယောက်က သူ့ကို ပညာသင်ပေး ခဲ့တယ်၊ ထျန်းယီ အကြီးအကဲ မရှိတော့တဲ့ တစ်နေ့ကျရင် ယင်းစန်း ဒေသရဲ့ အကြီးအကဲနေရာကို ဝူတင်က ဆက်ခံနိုင်တဲ့သူပဲ”
“အဲဒီတော့ အရှေ့တိုင်း စစ်သည်တော်တွေက ဝူတင်ကို လုပ်ကြံတာဟာ ယင်းစန်းရဲ့ အနာဂတ်ကို ဖျက်စီးချင်လို့ပဲ၊ ဒါပေမဲ့ ဝူတင်သာ တိချိုးမြို့တော်မှာ သေသွားမယ်ဆိုရင် ကျွန်မရဲ့ ဦးရီးတော် တာ့ရှားဧကရာဇ်ရဲ့ ဂုဏ်သိက္ခာ အကြီးအကျယ် ထိခိုက်လိမ့်မယ်၊ ဦးရီးတော်ရဲ့ စိတ်ထားအရ ဆိုရင် သူက ယင်းစန်းကို မျက်နှာသာ ပေးမှာတော့ မဟုတ်ဘူး၊ အဲဒီလိုပဲ အရှေ့တိုင်း စစ်သည်တော်တွေကိုလည်း အမျက်ထွက်လိမ့်မယ်”
“အဲဒီလိုသာဖြစ်လာရင် တာ့ရှားပြည်ဟာ အရှေ့တိုင်း စစ်သည်တော်တွေနဲ့ရော ယင်းစန်းဒေသနဲ့ရော ရန်သူတွေ ဖြစ်သွားလိမ့်မယ်၊ အမှန်တော့ တာ့ရှားပြည်ဟာ တာအို ကျင့်ကြံသူတွေနဲ့ ဗုဒ္ဓဘာသာ ကျင့်ကြံသူတွေကို ဖိနှိပ်နေရတာနဲ့တင် ထင်သလောက်တော့ အင်အား မကြီးပါဘူး”
ကွမ်းလုန်ကျီက လေ့ကျင်း ပြောသမျှကို ထောက်ခံသည့် သဘောဖြင့် ခေါင်းတစ်ချက် ညိတ်လိုက်လေသည်။
မည်သည့်ဘုရင်ကမှ အင်အားကြီး လူမျိုးစုနှစ်ခုဖြင့် ရန်သူဖြစ်ချင်ပါမည်နည်း။
သို့သော် တာ့ရှားဧကရာဇ်ကတော့ အခြားဘုရင်များနှင့် မတူသည့် ဘုရင်တစ်ပါး ဖြစ်လေသည်။
တာ့ရှား ဧကရာဇ်သည် ငတုံးတစ်ယောက် မဟုတ်သည့်အတွက် သူလုပ်သည့် လုပ်ရပ်တိုင်း၏ အကျိုးဆက်ကို အမြဲတမ်း နားလည် သိရှိသူ ဖြစ်လေသည်။
သို့သော် သူက သိသိကြီးနှင့်လည်း သူလုပ်ချင်လျှင် လုပ်မည် ဖြစ်လေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် စကြာဝဠာတစ်ခွင်တွင် တန်ခိုးစွမ်းအား မြင့်မားလွန်းသည့် တာ့ရှား ဧကရာဇ် ဖြစ်နေသောကြောင့်ပင်။
***