လက်သီးတစ်ချက်
Vol. 5 Ch. 487
လေ့ကျင်းသည် တာ့ရှားဧကရာဇ် အကြောင်းကို ကောင်းစွာ သိထားသူ ဖြစ်လေသည်။ ဆန်းလျန်သည် လေ့ကျင်းထံမှ နားထောင်ရသည့် စကားများ အတွက် နောင်တရစရာ မရှိခဲ့ပါ။ သူ တိချိုးမြို့တော်သို့ ရောက်ကတည်းက သူ၏ တည်ရှိမှုကို ဖုံးကွယ်ထားရန် အတွက် သူ၏ နတ်ဘုရား စွမ်းအားများကို လျှော့ချ ထိန်းချုပ် ထားခဲ့လေသည်။ သို့သော် လူတစ်ယောက်ကို ကယ်တင်ရန် အတွက် တန်ခိုးစွမ်းအားများ ပြန်လည် ထုတ်ဖော်ရလျှင်လည်း ဆန်းလျန်အနေဖြင့် အခက်အခဲ မရှိလှပါ။
နိုင်ငံခြားရေး ဝန်ကြီး၏ သမီးငယ် တော်ဝင်မင်းသမီး လေ့ကျင်းသည် ရုပ်ရည် ချောမောလှပသည့် အချက်တစ်ချက် တည်းကိုသာကြည့်ပြီး ဆန်းလျန်ထံတွင် ပညာသင်ကြားရန် ရွေးခြယ်ခဲ့သည့်တိုင် သူမသည် ဆရာဖြစ်သူကို ပေါ့ပေါ့တန်တန် သဘောမထားခဲ့ပါချေ။
လေ့ကျင်းသည် အစကတည်းက ထူးခြားသည့် မိန်းမပျို တစ်ယောက် ဖြစ်လေသည်။ သူမ၏ သန့်စင်သည့် တော်ဝင် သွေးကြောင့်သာ ထူးခြားသည်မဟုတ် သူမ၏ ပင်ကို စိတ်နေစိတ်ထား ကလည်း ထူးခြားလေသည်။ အခြားသော တော်ဝင်မျိုးနွယ်များနှင့် မတူဘဲ ကိုယ့်ကိုယ်ကိုယ် အလွန်အမင်း အထင်ကြီးခြင်းနှင့် မောက်မာခြင်းများ သူမတွင် သိပ်မရှိပေ။ သူမက ကြွယ်ဝ ချမ်းသာမှုနှင့် ဂုဏ်အသရေများထက် လွတ်လပ်မှုကို မြတ်နိုးသူ ဖြစ်လေသည်။ ထို့ပြင် သူမသည် တော်ဝင် မျိုးနွယ်များထဲမှ မည်သည့် ယောကျ်ားပျိုကိုမှလည်း စိတ်ဝင်စားခြင်း မရှိပေ။
သို့သော် သူမ၏ မျက်ဝန်းထဲတွင် ပထမဆုံး သတိထားမိပြီး စိတ်ဝင်စားခဲ့မိသည့် လူငယ်မှာ ဆန်းလျန်သာ ဖြစ်လေသည်။ ယခုတော့ သူမသည် ဆန်းလျန်၏ ထူးခြားဆန်းကျယ်မှုများကို နားလည်သည်ထက် နားလည်ချင် နေမိတော့သည်။
ယခုတော့ သူမသည် ဆန်းလျန်၏ အမိန့်များကို နာခံရုံသာမက ဆန်းလျန်ကိုပင် သူမ၏ နတ်မြင်းပျံကြီးထက်သို့ တင်ခေါ် လာခဲ့သေးသည်။ သူတို့သည် ရှားတူးမြောင်းကို ဖြတ်ကာ ဆောက်လုပ် ထားသည့် တံတားလေးပေါ်သို့ ရောက်ရှိနေကြပြီ ဖြစ်လေသည်။
ဆန်းလျန်သည် နတ်မြင်းပျံကြီးထက်တွင် ထိုင်နေပြီး လေ့ကျင်းသည် နတ်မြင်းပျံကြီးကို ဆွဲလာလေသည်။ ယောကျ်ားလေး တစ်ယောက်က နတ်မြင်းပျံပေါ်တွင်ထိုင်နေပြီး မိန်းကလေး တစ်ယောက်က နတ်မြင်းပျံကြီးကို ဆွဲလာခြင်းမှာ ထူးဆန်းလွန်းသည့် မြင်ကွင်း ဖြစ်လေသည်။ သို့သော် လေ့ကျင်း၏ စိတ်ထဲတွင် ပြဿနာမရှိပါ။ သူမက ဆရာဖြစ်သူကို လေးစားသည့်အနေဖြင့် ထိုသို့ပြုလုပ်ခြင်း ဖြစ်လေသည်။ သို့သော် သူမသည် သူမ၏ ဆရာငယ်လေး၏ ထူးဆန်းမှုများကို နားလည်နိုင်ရန် ကြိုးစားနေဆဲ ဖြစ်လေသည်။ သူမသည် နတ်မြင်းပျံကြီး ထက်မှ ဆန်းလျန်ကို ငေးကြည့်ရင်း “မြင်းဖြူကြီးထက်မှ ချောမောသော မင်းသားငယ်” ဆိုသည့် ပုံပြင်ဇာတ်လမ်း တစ်ပုဒ်ကို သတိရနေမိသည်။
ပုံပြင်က စိတ်ဝင်စားစရာ မကောင်းလှပါ။ သို့သော်… ဆန်းလျန်သည် အမှန်တကယ်ပင် “မြင်းဖြူကြီးထက်မှ ချောမောသော မင်းသားငယ်” ဖြစ်လေသည်။ အဘယ်ကြောင့် ဆိုသော် ဆန်းလျန်သည်လည်း ရှီးလျန်တိုင်းပြည်မှ မင်းသားငယ် တစ်ပါးပင် မဟုတ်ပါလား။
လေ့ကျင်းသည် ရှားတူးမြောင်းထဲသို့ ပြုတ်ကျသွားသည်ကို မျက်ဝါးထင်ထင် တွေ့မြင် လိုက်ရလေသည်။ ဝူတင်သည် ခန့်ငြားသော လူငယ်လေး တစ်ယောက်ဖြစ်ပြီး ဆန်းလျန်ထက် အသက် အနည်းငယ် ကြီးလေသည်။
ဝူတင်နှင့် ဆန်းလျန် ယှဉ်လိုက်လျှင် လေ့ကျင်းသည် ဆန်းလျန်ကို ပိုပြီး သဘောကျမိ လေသည်။ သူမသည် ဆန်းလျန်ကို အထင်ကြီး လေးစား၍လည်း နေမိလေသ်ည။
သူမဘဝတွင် တန်ခိုး စွမ်းအားမြင့်မားသည့် ယောကျ်ားပေါင်း များစွာကို မြင်တွေ့ခဲ့ရဖူး လေသည်။ သို့သော် ဆန်းလျန် တိုက်ခိုက်သည်ကို သူမတစ်ခါမှ မမြင်တွေ့ရသေးပေ။ သူမ၏ ဦးရီးတော် တာ့ရှား ဧကရာဇ်သည် ကျင့်ကြံသူ တစ်ယောက်ကို သံမဏိ လက်သီးသိုင်း အသုံးပြုကာ တိုက်ခိုက် နှိမ်နင်းလိုက်သည်ကို သူမ တွေ့မြင်ဖူးလေသည်။ ထိုကျင့်ကြံသူမှာ ဦးရီးတော်၏ သံမဏိလက်သီး အစွမ်းကြောင့် ဝိညာဉ်ပင်လျှင် ပြာကျ သွားခဲ့ရလေသည်။
အနက်ရောင်ဝတ် အရှေ့တိုင်း စစ်သည်တော်သည် တူးမြောင်း တစ်ကမ်းတစ်ဖက်တွင် ရပ်နေလေသည်။ သူ၏ မျက်လုံးများက သွေးနီရောင် တောက်ပ နေလေသည်။
သူက အက်ရှသည့် အသံဖြင့် ဆန်းလျန်ကို စကားစပြောလိုက်သည်။
“ကြီးမြတ်တဲ့လူသား၊ ကျုပ်အနေနဲ့ ဒီနေ့မှာ မင်းနဲ့ တိုက်ခိုက်လိုစိတ် မရှိဘူး၊ ဒါကြောင့် ကျုပ်ကိစ္စမှာ ဝင်မပါဖို့ တောင်းဆိုလိုတယ်၊ မဟုတ်ရင်တော့ သင်ဟာ အရှေ့တိုင်း စစ်သည်တော်တွေနဲ့ ရန်ကြွေး တင်ပါလိမ့်မယ်”
“ကျုပ်က ဝင်ပါတော့ရော ဘာဖြစ်သေးလဲ”
ဆန်းလျန်၏စကားသံမှ ကောင်းကင်ထက်မှ ကြယ်စင် ကြွေကျသည့် အလား ထက်ရှ လှလေသည်။ ထိုသံသည် လူသတ်သမား ကျောလင်၏ နှလုံးသားကို ထိုးစိုက်သွားလေသည်။
ကျောလင်သည် သွေးများကိုအန်ထုတ်လိုက်ပြီး ခန္ဓာကိုယ်မှာလည်း ယိမ်းယိုင် သွားရသည်။
ဆန်းလျန်သည် သူ၏တောင်းဆိုမှုကို မလိုက်လျော နိုင်သည်မှာ ထင်ရှားနေလေသည်။ သို့တိုင်အောင် သူ့ဘက်ကလည်း အလျှော့ပေးမည် မဟုတ်ပေ။ အလျှော့ပေးမည့် အစား အသက်သာ အဆုံးရှုံး ခံလိုက်မည်။
သူ့ရှေ့မှ လူငယ်လေးသည် သေမင်း တစ်ပါးကဲ့သို့ပင် လူပေါင်း တစ်သောင်းနှင့် ဝိုင်းဝန်း တိုက်ခိုက်လျှင်ပင် ယိမ်းယိုင် ပြိုလဲမည့်သူ မဟုတ်ပေ။
ကျောလင်၏မျက်နှာတွင် အေးစက်သည့် အငွေ့အသက် တစ်ခု ဖြတ်သန်း သွားလေသည်။ သူက လက်နှစ်ဖက်ကို အသုံးပြုကာ ထူးဆန်းသည့် လက်ဟန်တစ်ခု ပြုလုပ်လိုက်ပြီး ဂါထာတစ်ပုဒ်ကို ရွတ်ဆိုလိုက်လေသည်။ သူ၏သွေးများအားလုံး အငွေ့ပျံသွားပြီး ကျောလင်၏ ခန္ဓာကိုယ်သည် စက္ကူစလေးတစ်ချပ်အလား တဖြည်းဖြည်း ပါးလွှာသွားလေတော့သည်။ နောက်ဆုံးတွင် လျှပ်စီးလက်သကဲ့သို့ အလင်းရောင်တစ်ချက် လက်ခနဲ ဖြစ်သွားကာ ငွေရောင် မြားတစ်စင်း ထွက်ပေါ်လာလေသည်။
သူရပ်နေခဲ့သည့် နေရာတွင် သူကိုင်ဆောင်သည့် ထူးဆန်းသည့် လေးလက်နက် ကျန်ရစ် ခဲ့လေသည်။ လေးထက်တွင် တန်ခိုးစွမ်းအား အငွေ့အသက်များ ထွက်ပေါ်နေသည့် ငွေရောင်မြား တစ်လက် ရှိနေလေသည်။
ကျောလင်က သူ၏ခန္ဓာကိုယ်ကို မြားတစ်လက်အဖြစ် ပြောင်းလဲခဲ့ခြင်း ဖြစ်လေသည်။ ထိုပညာမှာ အရှေ့တိုင်း စစ်သည်တော်များ၏ လျှို့ဝှက်ပညာ တစ်ခု ဖြစ်လေသည်။ ထိုပညာကို အသုံးပြုသူသည် သူ၏ဝိညာဉ်ကို ဆုံးရှုံးရမည် ဖြစ်ပြီး လောကမှ ထာဝရ ပျောက်ကွယ် သွားရမည် ဖြစ်လေသည်။
ကျောလင်၏ ကိုယ့်ကိုယ်ကို စတေးကာ ယာဇ်ပူဇော်လိုက်ခြင်း ဖြစ်လေသည်။ သူ၏ စတေးခံမှုကို ပကတိ ဖန်ဆင်းခြင်း ပညာကပင် တားဆီးနိုင်မည် မဟုတ်ပေ။
မိမိကိုယ်ခန္ဓာကို စစ်တိုက်ရန်အတွက် မြားတစ်လက် အဖြစ် ပြောင်းလဲလိုက်သည့် စစ်သည်တော် တစ်ယောက်၏ စိတ်ထားကို မည်သည့်အရာကမှ တားဆီးနိုင်မည် မဟုတ်ပေ။
ဆန်းလျန်က “ဟွန့်” ခနဲ အသံတစ်ချက် ပြုကာ မဲ့ပြုံး ပြုံးလိုက်လေသည်။ အချိန်သည် တဖြည်းဖြည်း နှေးကွေးသွား လေသည်။
ဆန်းလျန်သည် အဖြူရောင် နတ်မြင်းပျံကြီး ထက်တွင် ထိုင်နေဆဲဖြစ်လေသည်။ တစ်ချိန်တည်းမှာပင် သူက ရှားတူးမြောင်း ထဲတွင် ကူးခတ်နေသည့် ဝူတင်ကိုလည်း ဆယ်ယူ လိုက်လေသည်။ တစ်ချိန်တည်းမှာပင် ကျောလင်မှ အသွင်ပြောင်းထားသည့် ငွေရောင် နတ်မြားကိုလည်း ရင်ဆိုင် တိုက်ခိုက် လိုက်လေသည်။
ပျံသန်း ကြယ်စင်ကျင့်စဉ်ကို ကျင့်ကြံခဲ့သူ ဝူတင်၏ ခေါင်းထဲတွင် စကားလုံးအချို့ကို သတိရလိုက် မိလေသည်။
“နတ်မုဆိုးကြယ်စင်နှင့် ကင်းမြီးကောက် ကြယ်စင် သိုင်းကွက်”
ထိုသိုင်းကွက်သည် ပျံသန်းကြယ်စင် ခြေလှမ်းများထဲမှ သိုင်းကွက်များ ဖြစ်လေသည်။
နတ်မုဆိုး ကြယ်စင်သည် အနောက်ဘက်တွင် တည်ရှိပြီး ကင်းမြီးကောက် ကြယ်စင်မှာ အရှေ့ဘက်တွင် တည်ရှိလေ သည်။ ထိုကြယ်စင်နှစ်ခု၏ လားရာက တူညီပြီး ကြယ်စင်တစ်ခု လင်းလက်လာလျှင် နောက်ကြယ်စင် တစ်ခုက အလိုလို မှေးမှိန် ပေးရလေသည်။ တစ်ခုနှင့်တစ်ခု လမ်းလွှဲ ပေးခြင်းပင် ဖြစ်လေသည်။
တစ်ခုနှင့်တစ်ခုသည် မည်သည့်အခါမှ ဆုံစည်းရခြင်း မရှိသလို အတူတူ လင်းလက် ရခြင်းမျိုးလည်း မရှိပေ။
သို့သော် ဆန်းလျန်၏ လှုပ်ရှားမှုကတော့ နတ်မုဆိုးကြယ်စင်နှင့် ကင်းမြီးကောက် ကြယ်စင်နှစ်မျိုး စလုံးကို တစ်ပြိုင်နက်တည်း လင်းလက် စေလိုက်သကဲ့သို့ ဖြစ်လေသည်။
နေရာတစ်ခုတည်းတွင်ပင် ဆန်းလျန်သည် သုံးကိုယ်ခွဲ လိုက်သကဲ့သို့ ရှိလေသည်။
ဆန်းလျန်သည် ပုံရိပ်ယောင်များ ဖြာထွက်ပြီး ကိုယ်ခွဲလိုက်ခြင်း မဟုတ်ပါ။ တစ်ချိန်တည်း တစ်နေရာတည်းမှာပင် ဆန်းလျန်သည် အတိတကျ သုံးယောက် ဖြစ်သွားခြင်း ဖြစ်လေသည်။ ထိုမြင်ကွင်းကို ရှင်းရှင်းလင်းလင်း တွေ့မြင် လိုက်ရသူ ဝူတင်သည် ပျံသန်းကြယ်စင် ကျင့်စဉ်တွင် ရင်ဆိုင်နေရသည့် အခက်အခဲကို ချက်ချင်း သဘောပေါက် သွားခဲ့လေသည်။
ဆန်းလျန်သည် သူ့ထံသို့ ဝင်ရောက်လာသည့် စွမ်းအားမြင့်မား လွန်းသည့် မြားရှည်ကို ခုခံ ကာကွယ်ခြင်း မရှိခဲ့ပါ။ သူက ထိုမြားရှည်ကို လက်သီးတစ်ချက်ဖြင့် ရင်ဆိုင် လိုက်လေသည်။
ကျောလင်၏ ခန္ဓာကိုယ်မှ ပြောင်းလဲသွားသည့် မြားရှည်သည် တစ်စစီပျက်စီးသွားပြီး ပေသုံးရာ ရှည်သည့် ရှားတူးမြောင်းမှ ရေများအားလုံး သည်ပင်လျှင် ဆန်းလျန်၏ လက်သီးချက်မှ တန်ခိုး စွမ်းအားတို့ကြောင့် အကုန် အငွေ့ပျံ ပျောက်ကွယ် သွားလေသည်။ ထို့နောက် ကျောလင်၏ ငွေရောင်လေးကြီးမှာလည်း တစ်စစီ ပျက်စီး သွားရတော့သည်။
ဝူတင်မှာ ရှားတူးမြောင်း၏ ကြမ်းပြင်ကိုပင် မြင်တွေ့ လိုက်ရလေသည်။ ပေတစ်ထောင်မက နက်သည့် ရှားတူးမြောင်းမှ ရေများသည် ချက်ချင်းပင် ခန်းခြောက်သွားခဲ့ပြီ။
ဆန်းလျန်၏ လက်သီးချက်မှ ထွက်ပေါ်လာသည့် ကြယ်တာရာစွမ်းအားများကို မည်သည့် အရာကမှ ခုခံကာကွယ်နိုင် ခြင်းမရှိပေ။
လေ့ကျင်းမှာ သူမ မြင်တွေ့လိုက်ရသည့် မြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ပါးစပ် အဟောင်းသား ဖြစ်သွားလေသည်။
ထို့နောက်တွင်တော့ မြစ်မကြီးအထက်ပိုင်းမှ ရေများက ရှားတူးမြောင်း အတွင်းသို့ ပြန်လည် စီးဝင်လာပြီး ရှားတူးမြောင်းမှာ နဂိုအတိုင်း ပြန်လည် စီးဆင်း သွားတော့သည်။
ရှားတူးမြောင်း၏ ဒီရေ အနည်းငယ် ကျသွားသည်မှအပ တိုက်ပွဲတစ်ခု ဖြစ်ပျက်ခဲ့သည့် အရိပ်လက္ခဏာ တစ်ခုမှ မတွေ့ရတော့ပေ။
ဆန်းလျန်သည် အဖြူရောင် နတ်မြင်းပျံကြီးထက်တွင် ထိုင်နေလေသည်။ သူ၏ပုံစံက အလွန်မှ တည်ငြိမ်နေလေ သည်။ ဝူတင်သည် တံတားလက်တန်းကို မီကာ မတ်တတ် ရပ်နေလေသည်။ ဆန်းလျန် အသုံးပြုလိုက်သည့် နတ်မုဆိုး ကြယ်စင်နှင့် ကင်းမြီးကောက် ကြယ်စင်ကို တစ်ပြိုင်တည်း လင်းလက်စေလိုက်သည့် တန်ခိုးစွမ်းအားသည် ဝူတင်ကျင့်ကြံနေသည့် ပျံသန်း ကြယ်စင်ကျင့်စဉ်နှင့် အလွန်ဆင်တူ လေသည်။ ထို့ကြောင့် ဆန်းလျန်၏ ကြယ်တာရာ တန်ခိုးစွမ်းအားများကို မြင်တွေ့ခွင့် ရလိုက်ခြင်းမှာ ဝူတင်အတွက်လည်း များစွာ အကျိုးရှိခဲ့ လေသည်။
ပျံသန်းကြယ်စင် ကျင့်စဉ်သည် တာအိုကျင့်စဉ် တစ်ခု ဖြစ်သည်သာမက ဝိညာဉ် စွမ်းအား မြှင့်တင်သည့် ကျင့်စဉ်တစ်ခုလည်း ဖြစ်လေသည်။ ထို့ကြောင့် ဝူတင်သည် ဆန်းလျန်၏ ကြယ်တာရာ စွမ်းအားများကို မြင်တွေ့ခဲ့ရပြီး ပျံသန်းကြယ်စင် ကျင့်စဉ်၏ နက်ရှိုင်းမှုနှင့် ဆင့်ကဲဖြစ်စဉ် လှုံ့ဆော်မှုများကို ချက်ချင်း သဘောပေါက် သွားရလေသည်။
ထို့ပြင် ဆန်းလျန်၏ တန်ခိုးစွမ်းအားနှင့် ပြည့်ဝနေသည့် မျက်ဝန်းများကလည်း ဝူတင် ကျင့်ကြံထားသည့် ကျင့်စဉ်ကို ချက်ချင်း သိမြင်လိုက်လေသည်။ သူ့ဘဝတွင် တန်ခိုးစွမ်းအားနှင့် ဝိညာဉ်စွမ်းအား နှစ်ခု ပေါင်းစပ်ထားသည့် တာအိုကျင့်စဉ်ကို ပထမဆုံး အကြိမ် တွေ့မြင်ခဲ့ရခြင်း ဖြစ်ပြီး ထိုကျင့်စဉ်သည် အသစ်သော လောကတစ်ခုကို ဖွင့်လှစ်ပေးနိုင်စွမ်း ရှိနိုင်လေသည်။
ဝူတင်ကျင့်ကြံထားသည့် ပျံသန်းကြယ်စင် ကျင့်စဉ်သည် ထိုက်ရွှီးနည်းဗျူဟာ ကျင့်စဉ်နှင့် စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း စာအုပ်မှ ကျင့်စဉ်များလောက် ကောင်းမွန်ခြင်း မရှိသည့်တိုင် ထူးခြားသော ကျင့်စဉ်တစ်ခု ဖြစ်ပြီး အဆုံးမဲ့သော ဖြစ်နိုင်ချေများကို တွေ့ရှိရလေသည်။
လူသားများသည် တောဘုရင်များ ဖြစ်သည့် ကျားများ၊ ခြင်္သေ့များ၊ ကျားသစ်များနှင့် အခြားသော သားရဲများကို ယှဉ်ပြိုင် တိုက်ခိုက်နိုင်ခြင်း မရှိခဲ့ပါ။ သို့သော်… ထိုသတ္တဝါများ အားလုံးထက် လူသားများက သာသည့် အချက်မှာ အသိဉာဏ်ပညာပင် ဖြစ်လေသည်။
ထိုအသိဉာဏ် ပညာကြောင့်ပင် လူသားများသည် "တာအို" ကိုသိရှိနားလည်ရန် တိရစ္ဆာန် သတ္တဝါများထက် အခွင့်အရေး ပိုများလေသည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ဆန်းလျန်သည် သာမန် လူတစ်ယောက်မျှသာ ဖြစ်လေသည်။ ယခုအချိန်တွင်တော့ ဆန်းလျန်သည် အဆင့်မြင့် နတ်ဘုရား တစ်ပါးဖြစ်နေခဲ့ပြီ ဖြစ်လေသည်။
ဤသည်မှာ “အသိဉာဏ်ပညာ” ကြောင့်ပင် ဖြစ်လေသည်။
***