မတည်ငြိမ်သောနှလုံးသား
Vol. 5 Ch. 488
ဝူတင်သည် တံတားလက်တန်းကို မီပြီး ရပ်နေလေသည်။ ဆန်းလျန်၏ ကြယ်တာရာ စွမ်းအားများကို မြင်တွေ့လိုက်ရ သည့်အတွက် သူ၏ကိုယ်တွင်းမှ ကြယ်စင်စွမ်းအား များမှာလည်း ပေါက်ကွဲ ထွက်လာပြီး မြန်နှုန်းမြင့် အလင်းအလျင်ဖြင့်ခန္ဓာကိုယ်ထဲတွင် လှည့်ပတ် နေလေသည်။
တန်ခိုးစွမ်းအာများ၏ ဒဏ်ကို မခံနိုင်ဘဲ ဝူတင်၏မျက်နှာသည် ရှုံ့မဲ့လျှက်ရှိလေသည်။
ဆန်းလျန်သည် ဝူတင်၏ အခြေအနေကို အနီးကပ်အာရုံစိုက်ကာ လေ့လာနေခဲ့လေသည်။
ကံကောင်း ထောက်မစွာဖြင့်ပင် ဝူတင်သည် သိုင်းပညာ တော်သည့် လူငယ်တစ်ယောက် ဖြစ်သည့်အတွက် သူ၏ အတွင်းအားများကို အသုံးပြုကာ ကြယ်စင် စွမ်းအားများကို အချိန်မီ ရပ်တန့်သွားအောင် ထိန်းချုပ် နိုင်ခဲ့လေသည်။
ခဏအကြာတွင်တော့ ဝူတင်၏ ကိုယ်ပေါ်သို့ သက်ရောက်နေသည့် ဆန်းလျန်၏ ကြယ်တာရာ စွမ်းအားများမှာ တဖြည်းဖြည်း လွင့်ပြယ် သွားလေသည်။ သူ၏ ပျံသန်းကြယ်စဉ် တန်ခိုးစွမ်းအား များမှာလည်း တဖြည်းဖြည်း ရပ်တန့် သွားလေသည်။
ဆန်းလျန်က လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်လေရာ ဝူတင်၏ သွေးကြောဆုံချက်များ အားလုံးဆီသို့ အေးစိမ့်သည့် လေအေးတစ်ခုက စီးဆင်း ဝင်ရောက် သွားလေသည်။ စောစောက ဖြစ်ပျက်ခဲ့သည့် သူ၏ကိုယ်တွင်းမှ ကြယ်စင်စွမ်းအား ပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် သွေးကြောများသည် ချက်ချင်းပင် ပြန်လည် ကောင်းမွန်သွား ခဲ့လေသည်။
ဝူတင်မှာ ယခုမှ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်နိုင်ပြီး သူ၏ တန်ခိုးစွမ်းအားများကို လျှော့ချ လိုက်လေသည်။
သူက ဆန်းလျန်ကို ချက်ချင်း ဂါရဝပြုလိုက်ပြီး…
“ကျေးဇူးတင်ပါတယ် မင်းသားလေး”
ဆန်းလျန်ကပြုံးလိုက်ရင်း…
“ကျုပ်တို့နဲ့ တော်ဝင်ကျောင်းတော်ကို လိုက်ခဲ့ပါ”
“မြင်းလာဆွဲ…”
လေ့ကျင်းက ဝူတင်ကို လက်ညှိုးထိုးပြီး ပြောလိုက်လေသည်။
ဝူတင်မှာ အနည်းငယ် လန့်သွားသော်လည်း ချက်ချင်းပင် နတ်မြင်းပျံကြီး၏ နဖားကြိုးကို ဆွဲလိုက်လေသည်။ သို့သော် ဆန်းလျန်က သူ့ကို တားဆီး လိုက်သည်။
“ကျုပ်တို့က မိတ်ဆွေဟောင်းတွေပဲ၊ ဒီလိုလုပ်စရာ မလိုပါဘူး”
လေ့ကျင်းမှာ ရှက်ကိုးရှက်းကန်းဖြင့် သူမ၏ပါးပြင်ကို တစ်ချက် ပွတ်သပ်လိုက်ကာ မြင်းကို ဆွဲသွား လေတော့သည်။ လေ့ကျင်းမှာ ဉာဏ်ရည်ထက်မြက်သူ တစ်ယောက် ဖြစ်သည့်တိုင် သူမသည် ဆယ်ကျော်သက် ကလေးမလေး တစ်ယောက်မျှသာ ဖြစ်လေသည်။ ဆန်းလျန်၏ ကြယ်တာရာ စွမ်းအား လက်သီးချက်ကို တွေ့မြင်ပြီးသည့် နောက်ပိုင်း သူမ၏စိတ်များမှာ မတည်မငြိမ် ဖြစ်နေလေရာ အယောင်ယောင် အမှားမှားဖြင့် ဝူတင်ကို မြင်းလာဆွဲရန် အမိန့်ပေး လိုက်မိခြင်း ဖြစ်လေသည်။
ရှားတူးမြောင်းကိုပင် ခြောက်ခန်းသွားစေသည့် ဆန်းလျန်၏ ပြင်းထန်လှသော လက်သီးချက်သည် ဆယ်ကျော်သက် မိန်းကလေး၏ နှလုံးသားကိုလည်း ထိတ်လန့် သွားစေသည်မှာ မဆန်းပေ။ သူမ၏ ဆရာငယ်လေး ဆန်းလျန်သည် သူမ၏အဘိုးနှင့်ပင် ဖက်ပြိုင် အံတုနိုင်သည့် တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားသည်ကိုလည်း သိရှိ လိုက်ရလေသည်။
သူမ ငယ်စဉ်အခါက ယိုဟူမျိုးနွယ်၏ အကြီးအကဲဖြစ်သည့် အဘိုးဖြစ်သူ “လေ့ဟုန်” အမဲလိုက်ထွက်သည့် အချိန်တိုင်း လိုက်ပါသွားလေ့ ရှိလေသည်။ အဘိုးဖြစ်သူသည် သွားရာလမ်းကို ပိတ်ဆို့နေသည့် ပေတစ်ထောင်ကျော် မြင့်မားသည့် တောင်တစ်တောင်ကိုပင် လက်သီးချက် တစ်ချက်တည်းဖြင့် အမှုန့်ဖြစ်အောင် ဖြိုခွင်းပစ်နိုင်စွမ်း ရှိလေသည်။
လေ့ကျင်းမှာ ဆန်းလျန်၏ လက်သီးချက်ကို တွေ့မြင်လိုက်ရသည်နှင့် သူမ၏ အဘိုး ဖြစ်သူကို သတိရသွားမိလေသည်။
လေ့ကျင်းသည် ဆန်းလျန်နှင့် စတင်တွေ့ဆုံရစဉ် အခါက ဖခင်ဖြစ်သူကို လာရောက် တွေ့ဆုံသည့် လူငယ်လေး တစ်ယောက်ဟုသာ သိထားလေသည်။ ထိုအချိန်တုန်းက သူမက ဆန်းလျန်ထက် ဆန်းလျန်၏ ကျားနက်ကြီးကိုသာ ပိုပြီးစိတ်ဝင်စား နေမိလေသည်။
သို့သော် ဖခင်ဖြစ်သူ၏ အမိန့်ဖြင့် တော်ဝင်ကျောင်းတော်တွင် လာရောက် ပညာသင်ရသည့် အခါ ဆန်းလျန်ကို သူမ၏ ဆရာအဖြစ် ပြန်လည် တွေ့ဆုံခဲ့ရသည့် အခါတွင်တော့ သူမ အလွန်အမင်း အံ့သြခဲ့ရသည်။
ထို့ပြင် ဆန်းလျန်သည် နန်းတော်မှ အတော်ဆုံး ဂီတပညာရှင်များ ထက်ပင် ဗျပ်စောင်းတီး တော်သေးသည်။ နောက်ပိုင်းတွင်တော့ ဆန်းလျန်သည် တိုင်းပြည်ငယ်လေး တစ်ခုဖြစ်သည့် ရှီးလျန်တိုင်းပြည်မှ မင်းသားငယ် တစ်ပါး ဖြစ်သည်ကို သိရှိခွင့် ရခဲ့လေသည်။
သူမသည် ဆန်းလျန် အကြောင်းကို ပို၍ပို၍ သိချင်နေမိသည်။ သို့သော် ဆန်းလျန်က သူမကို မျက်နှာသာ တစ်ချက်မှ မပေးခဲ့ပေ။ ကွမ်းလုန်ကျီက ဆန်းလျန်ကို ဝူတင်အား သွားရောက် ကယ်တင်ရန်အတွက် အကူအညီ တောင်းသည့် အခါ သူမက ဆန်းလျန်ရှေ့တွင် သူမ၏ အရည်အချင်းများကို ပြသချင်ခဲ့မိသည်။
ယခုတော့ သူမ၏ အရည်အချင်းများကို ပြသဖို့အသာထား သူမကသာလျှင် ဆန်းလျန်၏ လက်သီးချက်ကို မြင်တွေ့ခဲ့ရပြီး ဆန်းလျန် အပေါ်ထားနေသည့် သူမ၏ မာနများအားလုံး လွင့်စဥ်သွားရပြီ ဖြစ်လေသည်။
သူမသည် မြင်းကိုဆွဲရင်း အရှေ့မှ လမ်းလျှောက်နေလေသည်။
သူမတို့ ဝူတင်ကို ကယ်တင်ရန် ထွက်လာခဲ့စဉ်ကပင် သူမသည် ဆန်းလျန်ထံမှ ရရှိသည့် လတ်ဆတ်သည့် ကိုယ်သင်း ရနံ့လေးကြောင့် ရင်ခုန်ခဲ့မိသေးသည်။ ယခုတော့ အခြေအနေများက ပြောင်းလဲသွားခဲ့ပြီ ဖြစ်လေသည်။
အမှန်တော့ သူမသည် ဆယ့်ခြောက်နှစ်အရွယ် သမီးပျိုလေး တစ်ယောက်သာ ဖြစ်လေသည်။
ဆန်းလျန်သည် လေ့ကျင်း အပိုးကျိုးသွားသည်ကို သတိထားလိုက် မိလေသည်။ မာနခပ်ကြီးကြီး ကောင်မလေး အပိုးကျိုး သွားသည်မှာလည်း ကောင်းတာပဲလေဟု ဆန်းလျန် တွေးနေမိသည်။ အပိုးကျိုးမှသာ သူသင်ကြားပေး သည့် ပညာရပ်များကို ဤမိန်းကလေးက နာခံစွာဖြင့် ကောင်းကောင်း သင်ယူမည် ဖြစ်လေသည်။
သို့သော်… ဆန်းလျန်သည် သူမ၏ဖခင်ကို ကျီမုမြစ်ရေ တိုက်ထားသည့် အတွက် ဖခင်ဖြစ်သူမှ သူမအတွက် ညီမငယ် တစ်ယောက် မွေးဖွား ပေးတော့မည်ကိုသာ သိလျှင် သူမ မည်သို့ ခံစားရမည်ကို ဆန်းလျန် စဉ်းစားနေမိလေ သည်။
နိုင်ငံခြားရေး ဝန်ကြီးလေ့နော်မှာလည်း သူလုပ်ခဲ့သည့် လုပ်ရပ်ကိုသာ သိရှိပါက ဆန်းလျန်ကို အရေခွံ စုတ်ပစ် ချင်ပေလိမ့်မည်။ ဆန်းလျန်တိုက်ခဲ့သည့် ကျီမုမြစ်ရေ အကြောင်းကို အရာရှိ မင်းလေ့နော် မသိခဲ့၍သာ ဆန်းလျန် သက်သာရာရနေခဲ့ခြင်း ဖြစ်လေသည်။
“ယောကျ်ားလေး တစ်ယောက်က ကလေးမွေးနိုင်မယ်လို့ မင်းတို့ထင်လား”
ဆန်းလျန်က နတ်မြင်းပျံကြီး ထက်တွင်ထိုင်ရင်း ကောက်ကာငင်ကာ မေးလိုက်လေသည်။
“ဘယ်လိုမေးခွန်းကြီးလဲ” ….
လေ့ကျင်းနှင့် ဝူတင်တို့ နှစ်ယောက်လုံး ပြိုင်တူ တွေးလိုက်မိကြသည်။
ဝူတင်သည် စိတ်ရှုပ်သွားသည့်ပုံ ပေါက်နေပြီး လေ့ကျင်းမှာ ဆန်းလျန်ကို ပြူးကြည့် နေလေသည်။
ကြည့်နေရင်းနှင့်ပင် ဆန်းလျန်သာ မိန်းကလေး တစ်ယောက် ဖြစ်ခဲ့လျှင် အလွန ်ချောမောသည့် မိန်းကလေး ဖြစ်မှာပဲဟု တွေးလိုက်မိသေးသည်။
“ဆန်းကျယ်လိုက်တာ…”
လေ့ကျင်းက ပြန်ပြော လိုက်လေသည်။
ဆန်းလျန်မှာ သတိလက်လွတ် လွှတ်ခနဲ ထွက်သွားမိသည့် သူ၏ မေးခွန်းအတွက် ထိတ်လန့် သွားလေသည်။ သူမ၏ အဖေအကြောင်းကို လေ့ကျင်းသိသွား၍ မဖြစ်ပေ။ အခြေအနေများ ဆိုးကုန်လိမ့်မည် ဖြစ်လေသည်။ ဆန်းလျန်သည် ခေါင်းကို မော့လိုက်ပြီး အသာအယာ ရယ်မောလိုက်ကာ မသိချင်ယောင် ဆောင်နေလိုက်တော့သည်။
ထိုသို့ဖြင့်…
အဖြူရောင်နတ်မြင်းပျံကြီးနှင့် လူငယ်သုံးယောက်တို့သည် တော်ဝင် ကျောင်းတော်သို့ ရောက်ရှိ လာကြလေသည်။ ကျားနက်ကြီးသည် ကျောင်းတံခါးဝတွင် ပျင်းရိပျင်းတွဲပုံစံဖြင့် သူတို့ကို စောင့်ကြိုနေလေသည်။ လည်ပတ်သာ ဝတ်ပေးထားမည်ဆိုလျှင် ကျားတစ်ကောင်နှင့် လုံးဝမတူဘဲ တံခါးစောင့် ခွေးနှင့်ပင် တူနေမည်မှာ အမှန်ပင်။
ကျောင်းတံခါးသို့ရောက်သည်နှင့် နတ်မြင်းပျံကြီးက ကျယ်လောင်စွာ ဟီလိုက်လေသည်။ သူက တံခါးဝတွင် ပိတ်ကာ အိပ်နေသည့် ကျားနက်ကြီးကို မကျေမနပ်ဖြင့် လမ်းဖယ်ခိုင်းနေခြင်း ဖြစ်လေသည်။ ကျားနက်ကြီးမှာ ဒေါသထွက် သွားပြီး မြင်းစုတ်ကို ပညာပေး လိုက်ချင်သော်လည်း ထိုမြင်းကို နိုင်အောင် မတိုက်ခိုက်နိုင်လျှင် အရှက်ကွဲမည်ကို စိုးရိမ်သည့်အတွက် မာန်ဖီသံ တစ်ချက်ပြုလုပ်ကာ လမ်းဖယ် ပေးလိုက်ရလေသည်။
ဆန်းလျန်မှာ ကျားနက်ကြီး၏ ပုံကို ကြည့်ကာ ရယ်ချင် နေမိလေသည်။ ထိုကျားနက်ကြီးသည် အလွန်မှ ရယ်စရာ ကောင်းပြီး ဆန်းလျန်က သူ့ကို သဘောကျလေသည်။
ဆန်းလျန်က နတ်မြင်းပျံကြီး ထက်မှ ဆင်းလိုက်သည့် အခါတွင်တော့ ကျားနက်ကြီးက သူ၏ လက်သည်းများဖြင့် ဆန်းလျန်ကို ခပ်ဖွဖွ ကုတ်ခြစ်လေသည်။
“သခင်လေး၊ ဘာလို့ ကျွန်တော့်ကို ထားခဲ့ရတာလဲ၊ ကျွန်တော် သခင်လေး ထားခဲ့လို့ အစားတောင် မစားနိုင်ဘူး၊ ခုလည်း ဟိုမြင်းစုတ်က ကျွန်တော့်ကို ဘယ်လိုတောင် အော်ဟစ် ငေါက်ငမ်းနေလဲဆိုတာ သခင်လေးလည်း တွေ့တယ်မဟုတ်လား”
ကျားနက်ကြီးက မျက်ဝန်ဝိုင်းနေသည့် မျက်ဝန်းများဖြင့် ဆန်းလျန်ကို ကြည့်ရင်း ပြောလိုက်လေသည်။
“လေ့ကျင်း… ဝူတင်ကို ခေါ်သွားလိုက်၊ ကွမ်းလုန်ကျီ အထဲမှာ စောင့်နေတယ်”
ဆန်းလျန်က တည်ငြိမ်သည့် လေသံဖြင့် လေ့ကျင်းကို ပြောလိုက်လေသည်။
လေ့ကျင်းက ဝူတင်ကို ကျောင်းတော် အတွင်းသို့ ခေါ်သွား လိုက်လေသည်။ ခဏ အကြာတွင်တော့ ကျောင်းတော် အတွင်းမှ ခေါင်းလောင်းသံများအလား ကြည်လင် သာယာသည့် ရယ်မောသံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရလေသည်။
ဆန်းလျန်က ကျားနက်ကြီးကို ကြည့်ကာ မျက်နှာကို တစ်ချက်မဲ့လိုက်ရင်း…
“မင်းကို ထားခဲ့တာ မဟုတ်ပါဘူး၊ ဒီနှစ်တွေအတွင်းမှာ မင်းရဲ့ဝိညာဉ် စွမ်းအားတွေက တဖြည်းဖြည်း အားကောင်း လာပြီ၊ တစ်နေ့ကျရင် မင်းကို ကျင့်စဉ်တွေ သင်ပေးမယ်၊ ဒါပေမဲ့ ကျုပ်သင်ပေးနေတုန်း အိပ်ဖို့တော့ မစဉ်းစားနဲ့ နော်၊ သေသေချာချာ ဂရုစိုက်ရမယ်၊ ဟွန်း… အဲဒီအခါကျရင်တော့ ဟို နတ်မြင်းပျံကို မနိုင်ဘူး လို့မပြောနဲ့တော့”
ဆန်းလျန်၏ စကားသံကြားမှ ကျားနက်ကြီးမှာ စိတ်သက်သာရာ ရသွားပြီး အလွန် ဂုဏ်ယူသည့် မျက်နှာထားဖြင့် နတ်မြင်းပျံကြီးကို လှမ်းကြည့် လိုက်လေသည်။
နတ်မြင်းပျံကြီးကတော့ မကျေမနပ်ဖြင့် အော်မြည် လိုက်လေသည်။
“မအော်နဲ့… မင်းလည်း ကျုပ်သင်ပြပေးတာကို ကောင်းကောင်း သင်ယူရမယ်”
ဆန်းလျန်က နတ်မြင်းပျံကြီးကိုလည်း ပြောလိုက်လေသည်။
ကျားနက်ကြီးကတော့ ဆန်းလျန်သင်ပြပေးလျှင် အကောင်းဆုံး ကြိုးစားမည်ဟု ဆုံးဖြတ် ထားလိုက်လေသည်။
ကျားနက်ကြီးကို နှစ်သိမ့်ပြီးတော့မှ ဆန်းလျန်က တော်ဝင်ကျောင်းတော် အတွင်းသို့ ဝင်သွာ းလိုက်လေသည်။ ကွမ်းလုန်ကျီက ဝူတင်နှင့ ်စကားပြောနေပြီး လေ့ကျင်းက သူတို့အတွက် လက်ဖက်ရည် တည်ခင်းပေးနေလေသည်။
ဆန်းလျန် ဝင်လာသည်ကိုတွေ့သည်နှင့် ကွမ်းလုန်ကျီနှင့် ဝူတင်တို့က နေရာမှ ထလာကာ ဆန်းလျန်ကို ကြိုလိုက်ကြသည်။
ကွမ်းလုန်ကျီက ပြုံးလိုက်ရင်း…
“မင်းတို့နှစ်ယောက်က အရင်ကတည်းက သိနေပြီးသားပဲကိုး…”
“ကျွန်တော်က မင်းသားလေးကို သာမန်ထက် ထူးခြားတယ်လို့ ထင်ခဲ့မိပေမယ့် နတ်ဘုရား တစ်ပါး ပြန်ဝင်စားတဲ့ လူတစ်ယောက်လို့တော့ မထင်ခဲ့မိဘူး"
ဝူတင်က ပြောလိုက်သည်။
“အတူတူပါပဲ၊ ကျုပ်ကလည်း မင်းကို ယင်းစန်းဒေသရဲ့ တော်ဝင်မိသားစုကလို့ ထင်မထားမိဘူး၊ သာမန်ကျင့်ကြံသူ တစ်ယောက်လို့ပဲ ထင်ထားမိတာ၊ ဒါနဲ့ မင်းကျင့်ကြံတဲ့ ကျင့်စဉ်က အရမ်း ထူးခြားတယ်နော်”
ဆန်းလျန်က ပြန်ပြောလိုက်လေသည်။
“ကျီကျောက်၊ မင်းကျင့်ကြံနေတဲ့ ပျံသန်း ကြယ်စင်ကျင့်စဉ်က ဘယ်လောက်တောင် ထူးခြားလို့လဲ”
ကွမ်းလုန်ကျီက မေးလိုက်သည်။
ဝူတင်က ပြုံးလိုက်ရင်း…
“တကယ်တော့ ကျွန်တော်က ဒီနေ့မှ အဲဒီကျင့်စဉ်မှာ ဝိညာဉ်စွမ်းအား မြှင့်တင်တဲ့ ကျင့်စဉ်တွေပါ ရနေတယ်ဆိုတာ သိခဲ့ရတာပါ”
ကွမ်းလုန်ကျီမှာ အံ့သြ သွားရလေသည်။
“ဘယ်လို၊ တာအိုကျင့်စဉ် တစ်ခုမှာ ဝိညာဉ်စွမ်းအား အယူအဆတွေ ပါနေတယ်၊ ဟုတ်လား”
***