မပြေလည်နိုင်သော
Vol. 5 Ch. 489
“အမှန်ပဲ၊ ဝူတင်ကျင့်ကြံနေတဲ့ ကျင့်စဉ်က ကြယ်တာရာ စွမ်းအားတွေနဲ့ ပတ်သက်နေတယ်၊ ကျုပ်အဲဒီ ကျင့်စဉ်ကို သုံးသပ်ပြီး သူ့ကိုယ်ထဲက စွမ်းအားတွေကိုတောင် ကျုပ်က ပြန်လည် ညှိနှိုင်းပေးခဲ့တယ်၊ ဒါပေမဲ့ ဒီလိုကျင့်စဉ်မျိုး ကို တွေ့ဖူးတာတော့ ပထမဆုံးပါပဲ”
ဆန်းလျန်က ကွမ်းလုန်ကျီကို တည်ငြိမ်စွာဖြင့် ပြောလိုက်လေသည်။
ဝူတင်က ဆန်းလျန်နှင့် ကွမ်းလုန်ကျီ၏ စကားများကို ဂရုတစိုက် နားထောင် နေလေသည်။ သူ၏ ကျင့်စဉ် အကြောင်းကို ယခုကဲ့သို့ ရှင်းလင်း ပြနိုင်သူဆို၍ သူ့ကို သင်ကြားပေးသည့် ဆရာပြီးလျှင် ဆန်းလျန်နှင့် ကွမ်းလုန်ကျီ သာလျှင် ရှိလေသည်။
ကွမ်းလုန်ကျီက သူ၏ မုတ်ဆိတ်မွေးများကို တစ်ချက် သပ်လိုက်ရင်း…
"ဒီလိုကျင့်စဉ်မျိုးက ကတယ့်ကိုရှားပါးတာပဲ၊ ဒါပေမဲ့ မရှိနိုင်ဘူး ဆိုတာတော့ မဟုတ်ဘူး၊ ကျင့်ကြံသူ အများစုဟာ တစ်ချိန်မဟုတ် တစ်ချိန်တော့ အဆင့်တစ်ခုကို ရောက်ကြရစမြဲပဲ၊ “တာအိုနဲ့ တစ်သားတည်း ကျခြင်း” ဆိုတဲ့ အဆင့်ပေါ့၊ အဲဒီလိုတာအိုနဲ့ တစ်သားတည်း ကျသွားတဲ့လူမျိုးက ဘယ်လောက် တန်ခိုးစွမ်းအားကြီးလဲ ဆိုတာ ဆန်းသခင်လေးက အသိဆုံးနေမှာပါ"
ဆန်းလျန်က ပြုံးပြီး ခေါင်းညိတ် ပြလိုက်လေသည်။ သူကိုယ်တိုင် ကြုံတွေ့ခဲ့ရဖူးသည့် အတွက် ထိုအကြောင်းကို သူ ကောင်းကောင်း သိလေသည်။ ချန်ပေသိုနှင့် တိုက်ခိုက်သည့် တိုက်ပွဲတွင် ထိုအဆင့်သို့ သူရောက်ရှိသွားခဲ့ပြီး ကျောက်စိမ်း ကျိုင်းတံကို ကိုင်ဆောင်ထားသည့် မူလနတ်ဘုရား လင်ပေါင်ထျန်းကျွင်းအရှင်ပင် ထွက်ပေါ်လာခဲ့သည် မဟုတ်ပါလား။
ထိုသို့ တာအိုနှင့် တစ်သားတည်း ကျသွားသည့် အချိန်ကာလသည် တိုတောင်းလွန်းသည့်တိုင် တစ်သက်စာ မမေ့နိုင် ကောင်းသည့် အတွေ့အကြုံ တစ်ခုပင် ဖြစ်လေသည်။
တာအိုကျင့်စဉ် လမ်းတွင် ရုပ်ပိုင်းဆိုင်ရာ ဖြစ်တည်မှုသည် လူ့ဇာတိ သက်သက်မျှသာ ဖြစ်လေသည်။ ထိုလူ့ဇာတိ ဖြစ်သည့် ရုပ်န္ဓာသည် လူတစ်ယောက်၏ ကျင့်စဉ်လမ်း အခြေခံ အုတ်မြစ်ကို ထိန်းချုပ်ထားနိုင်ခြင်း မရှိပေ။ သာမန်လူများသည် မွေးဖွားလာပြီး သေဆုံး သွားကြလေသည်။ နတ်ဘုရားများကတော့ မူလဝိညာဉ်ခန္ဓာ ရရှိသည် အထိ ကျင့်ကြံနိုင်ကာ ဝိညာဉ် စွမ်းအားများကို ထိန်းသိမ်း ထားနိုင်ကြလေသည်။ ထို့ကြောင့် ကောင်းကင်ဘုံ နန်းတော် မျိုးဆက်နှစ်ဆက်မှ ပထမမျိုးဆက် မိုးနတ်မင်းနှင့် ဒုတိယမျိုးဆက် မိုးနတ်မင်း ပျောက်ဆုံး သွားသည့်တိုင် သူတို့သည် ပျက်စီးသွားခြင်း ဟုတ်ချင်မှ ဟုတ်ပေလိမ့်မည်။ သူတို့ ပျက်စီး သေဆုံးသွားသည်ဟု ပြောရန်မှာ ခက်ခဲလှလေသည်။
ကွမ်းလုန်ကျီသည် တန်ခိုးစွမ်းအားကို ရယူလိုစိတ်ရှိသူ တစ်ယောက် မဟုတ်ပါ။ သို့သော် သူက တာအိုစိတ်ထားနှင့် ပြည်ဝသူဖြစ်ပြီး သူ၏ တာအိုစိတ်ထားကလည်း သန့်စင် လွန်းလေသည်။ ထို့ကြောင့် သူ၏ရုပ်ခန္ဓာကို ဖျက်ဆီးပစ်မည် ဆိုလျှင်တောင်မှ သူ၏ တာအို စိတ်ထားကိုတော့ တာ့ရှား ဧကရာဇ်ကလည်း ဖျက်ဆီး ပစ်နိုင်မည် မဟုတ်သလို ဆန်းလျန်လည်း ဖျက်ဆီးပစ်နိုင်မည် မဟုတ်ပေ။
ထိုကဲ့သို့ တာအိုစိတ်ထား မရှိပါက ကွမ်းလုန်ကျီသည် လက်ရှိ နေရာတွင်ပင် ရပ်တည် နေနိုင်မည် မဟုတ်ပေ။
ကွမ်းလုန်ကျီက ဆက်ပြောလိုက်သည်။
"ဟိုးအရင် စကြဝဠာ အစတုန်းက ဘယ်သူမှ “တာအို” ဆိုတာကို မသိကြဘူး၊ ဒါပေမဲ့ အဆုံးမရှိ တန်ခိုးစွမ်းအား မြင့်မားတဲ့ နတ်ဘုရားတွေ နတ်မိစ္ဆာတွေ အများကြီး ရှိခဲ့ကြတယ်၊ သူတို့တွေက မွေးကတည်းက တာအိုကို နားလည်ပြီး မွေးရာပါတာအို စွမ်းအားတွေနဲ့ မွေးဖွား လာကြတဲ့သူတွေပဲ၊ ဝိညာဉ် စွမ်းအား မကောင်းတဲ့ သာမန် လူတွေနဲ့ သတ္တဝါတွေက သူတို့ဆီမှာ ပညာသင်ယူနိုင်ဖို့ ချဉ်းကပ် ခဲ့ကြတယ်၊ အဲဒီ မွေးရာပါ တာအို စွမ်းအားတွေကို ပိုင်ဆိုင်တဲ့ မူလနတ်ဘုရား အချို့နဲ့ မူလနတ်မိစ္ဆာ အချို့ဟာဟာ သူတို့ရဲ့ တာအို စွမ်းအားတွေကို မှတ်တမ်းတင် ထားခဲ့ကြတယ်၊ ဒါပေမဲ့ ဝိညာဉ်စွမ်းအားမကောင်းတဲ့ သာမန်လူတွေ၊ သတ္တဝါတွေက အဲဒီ မှတ်တမ်းတွေ အတိုင်း လိုက်ပြီး ကျင့်ကြံလို့ကတော့ အကောင်းထက် အဆိုးကိုပဲ ကြုံတွေ့ကြရမှာပဲ၊ ဘာလို့လဲဆိုတော့ သူတို့ မူလနတ်ဘုရားတွေလို မွေးရာပါ ဝိညာဉ်စွမ်းအား မကောင်းကြလို့ပဲ၊ ဒါပေမဲ့ အချို့ကျင့်ကြံသူ ပညာရှိတွေက အဲဒီ မူလ နတ်ဘုရားတွေ ထားခဲ့တဲ့ မှတ်တမ်းတွေကို သေသေချာချာ လေ့လာပြီး တာအို ကျင့်စဉ်တွေရဲ့ အနှစ်သာရကို ဖော်ထုတ်ပြီး အောင်မြင်အောင် ကျင့်ကြံ နိုင်ခဲ့ကြတယ်”
“အဲဒီ မူလ နတ်ဘုရားတွေရဲ့ တာအို ကျင့်စဉ်တွေကို ကျင့်ကြံဖို့ အတွက် ဝိညာဉ် စွမ်းအား ကောင်းမွန်ဖို့ အရင်ဆုံး လိုအပ်တယ်၊ ဝိညာဉ်စွမ်းအား မြင့်မားမှသာ တာအိုကျင့်စဉ်နဲ့ ဝိညာဉ်စွမ်းအား ပေါင်းစပ်သွားတဲ့ အချိန်မှာ တန်ခိုး စွမ်းအားကို ရမှာဖြစ်တယ်၊ မဟုတ်ရင်တော့ ကျင့်စဉ်လမ်းမှာ ရှေ့ဆက်နိုင်မှာ မဟုတ်ဘူး”
“ဒါပေမဲ့ ဝိညာဉ် စွမ်းအား ကျင့်စဉ်တွေကိုပါ ထည့်သွင်းထားတဲ့ တာအိုကျင့်စဉ်မျိုး ကတော့ တွေ့ရခဲတယ်၊ အခုအချိန်မှာတော့ ဟိုးအရင်တုန်းက တာအိုကျင့်စဉ်တွေဟာ တိမ်မြုပ် ပျောက်ကွယ် ကုန်ပါပြီလေ၊ ခေတ်စနစ်တွေ ပြောင်းလဲ လာတော့လည်း လောကမှာ တာအိုကျင့်စဉ်တွေလည်း တဖြည်းဖြည်း ပြောင်းလဲ လာကြတာ သဘာဝကျပါတယ်”
“အခု ဝူတင် ကျင့်ကြံနေတဲ့ ကျင့်စဉ်က ဝိညာဉ်စွမ်းအား ကျင့်စဉ်တွေပါ ပါဝင်နေတဲ့ အတွက် ကျင့်ကြံသူဟာ ခန္ဓာကိုယ်ထဲမှာပဲ ဝိညာဉ်စွမ်းအားနဲ့ တန်ခိုးစွမ်းအားတွေကို ပြန်ညှိနှိုင်းဖို့ လိုအပ်တယ်၊ ဒါမှ ကျင့်စဉ်နဲ့ ကျင့်ကြံသူဟာ အံဝင်ခွင်ကျ ဖြစ်ပြီး ပြီးပြည့်စုံတဲ့ တန်ခိုးစွမ်းအားကို ရရှိနိုင်မယ်၊ ဒီလိုသာဆိုရင်တော့ ဝိညာဉ်စွမ်းအားနဲ့ တန်ခိုး စွမ်းအားတွေက တစ်ပြိုင်တည်း တိုးတက်လာပြီး ကျဉ့်စဉ်လမ်းမှာ အချိန်တိုတိုနဲ့ အောင်မြင်မှု ရနိုင်လိမ့်မယ်”
“ကြည့်ရတာ ဒီကျင့်စဉ်ကို ဖန်တီးခဲ့တဲ့သူက ရှေးတုန်းက မူလ နတ်ဘုရားတွေရဲ့ တာအို မှတ်တမ်းတွေကို သုတေသနပြုပြီး အဲဒီ မှတ်တမ်းထဲက တာအိုစွမ်းအားတွေကို ဝိညာဉ်စွမ်းအားနဲ့ တစ်ခါတည်း ပေါင်းစပ်နိုင်ဖို့ ဖန်တီးခဲ့ဟန် တူတယ်၊ ရှေးတုန်းက ကျင့်ကြံသူတွေက အဲဒီလို လုပ်လေ့ရှိပြီ။ အဲဒါကို “မူလတာအို စွမ်းအားကို ပြန်လည် နေရာချထားခြင်း” လို့ခေါ်တယ်၊ မူလနတ်ဘုရား တစ်ပါးရဲ့ တန်ခိုးစွမ်းအား တစ်ခုဟာ ကျင့်စဉ် ပညာတစ်ခု အဖြစ် ပြောင်းလဲ သွားတဲ့သဘောပဲ၊ ရှေ့ပိုင်းလူတွေ ဒီလိုလုပ်ခဲ့လို့လည်း နောက်ပိုင်းလူတွေ ကျင့်စဉ်လမ်းမှာ ကျင့်ကြံရတာ လွယ်ကူ ကြရတာပေါ့လေ”
ကွမ်းလုန်ကျီ၏ စကားများကို နားထောင်ရင်း ဆန်းလျန်သည် သူကျင့်ကြံခဲ့သည့် “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” ကျင့်စဉ် အကြောင်းကို စဉ်းစား လိုက်မိလေသည်။
ကွမ်းလုန်ကျီ၏ “မူလတာအို စွမ်းအားကို ပြန်လည် နေရာချထားခြင်း” ဆိုသည့် စကားသည် ဆန်းလျန်ကို အလွန်စိတ်လှုပ်ရှား စေခဲ့သည်။
အမှန်တော့ ကျောက်စိမ်းကျိုင်းတံ ကိုင်ဆောင် ထားသည့် လင်ပေါင်ထျန်းကျွင်း အရှင်ကဲ့သို့သော မူလနတ်ဘုရား တစ်ပါးကတော့ “မူလတာအို စွမ်းအားကို ပြန်လည် နေရာချထားခြင်း” ကိုပြုလုပ်ပြီး နောင်လာနောက်သားများ အတွက် ကျမ်းစာ တစ်အုပ်ကို ရေးမည့်သူမျိုး မဟုတ်ပေ။ ရေးရန်လည်း စိတ်ဝင်စားမည် မဟုတ်ပေ။
သို့သော် လင်ပေါင်ထျန်းကျွင်း၏ မူလတာအို စွမ်းအားကို အခြေခံကာ တစ်စုံတစ်ယောက်က ဝိညာဉ်စွမ်းအား မြှင့်တင်ခြင်း ကျင့်စဉ်များနှင့် ပေါင်းစပ်ပြီး “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်ကို ဖန်တီးခဲ့ဟန် တူလေသည်။ ထိုသူသည် မည်သူ ဖြစ်လေသနည်း။ ထိုသူသည် ဆန်းလျန်၏ ဖခင် ဖြစ်နိုင်လေသည်။
သို့သော် “စိတ်အာရုံများကို ထိန်းချုပ်နိုင်ခြင်း” စာအုပ်၏ ဇာစ်မြစ်ကို မည်သူမျှ မသိနိုင်သလို ဝူတင် ကျင့်ကြံနေသည့် “ပျံသန်းကြယ်စင်” ကျင့်စဉ်၏ ဇာစ်မြစ်ကိုလည်း မည်သူမျှ မသိနိုင်ခဲ့ပါ။ ထိုကျင့်စဉ် နှစ်ခုလုံးသည် အလွန်အထင်ကြီး လောက်ဖွယ်ရာ စွမ်းအား ထက်မြက်သည့် ကျင့်စဉ်များ ဖြစ်လေသည်။
ကွမ်းလုန်ကျီက ဝူတင်ကို အဓိပ္ပာယ်ပါပါ တစ်ချက် ကြည့်လိုက်ပြီး…
"ကျီကျောက်၊ မင်းရဲ့ကံကြမ္မာက ထူးဆန်းတယ်၊ မင်းငယ်ငယ်လေးတုန်းက ကျင့်ကြံသူ တစ်ယောက်က အဲဒီပညာ မင်းကို သင်ပေးခဲ့တာ မဟုတ်လား အဲဒီလူအကြောင်း ကျုပ်ကို ပြောပြနိုင်မလား"
“ကျွန်တော်က ဆရာ့ကို သုံးခါလားပဲ တွေ့ဖူးတာပါ၊ သူက ရောက်လာပြီးတာနဲ့ ချက်ချင်း ပြန်သွားတာပါပဲ၊ ပြီးတော့ သူ့ပုံစံ ဘယ်လို ရှိတယ်ဆိုတာ ဘယ်သူ့ကိုမှ ပြောမပြဖို့ တင်းတင်းကျပ်ကျပ်မှာ ထားသေးတယ်၊ ဒါပေမဲ့ ဆရာကြီး နဲ့မင်းသားလေးကိုတော့ ပြောပြပါ့မယ်၊ သူက အနက်ရောင် နတ်မြင်းပျံကြီးကို စီးပြီး လျှပ်စီးလက်သလို လျှင်မြန်လွန်းတယ်၊ သူ့ရဲ့ မျက်ခုံး နှစ်ခုကြားမှာ တတိယမျက်လုံး ရှိတယ်၊ အဲဒီမျက်လုံးကို ဖွင့်လိုက်တာနဲ့ ကျွန်တော့်စိတ်ထဲက အရာအားလုံးကို သူက သိမြင်နေတယ်လို့ ခံစားရတယ်”
ဝူတင်က ပြောပြလိုက်သည်။
"တတိယ မျက်လုံး ပိုင်ရှင်ကိုး၊ ဒါတော်တော် ထူးဆန်းတာပဲ၊ မင်းရဲ့ဆရာက တကယ့်ကို ထူးခြားတဲ့သူ ဖြစ်ရမယ်"
ကွမ်းလုန်ကျီက အလေးအနက် ပြောလိုက်လေသည်။
"ပြီးတော့ ဆရာက ပြောသေးတယ်၊ ကျွန်တော်က လူ့လောကကို သိပ်ခင်တွယ်တယ်တဲ့၊ ဒါကြောင့် သူ့ရဲ့တပည့်ရင်း ဖြစ်ခွင့် မရနိုင်ဘူးတဲ့၊ ပြီးတော့ သူက မိုးကောင်းကင် နတ်ဘုရားတစ်ပါး မဖြစ်သေးလို့ တပည့် တစ်ယောက်ကိုလည်း တရားဝင် လက်မခံနိုင်သေးဘူးတဲ့၊ ကြည့်ရတာ ကျွန်တော့်ရဲ့ ဆရာက လောက နတ်ဘုရားတစ်ပါး ဖြစ်နိုင်ပါတယ်၊ ကျွန်တော့် ဦးလေးလည်း သူ့အကြောင်းကို သိပါတယ်"
ဝူတင်က ပြောလိုက်သည်။
"ထျန်းယီလည်း နည်းနည်းတော့ ပြောပြဖူးပါတယ်၊ ဒါပေမဲ့ သူ့အဆင့်နဲ့ဆိုရင် မင်းရဲ့ဆရာ အကြောင်းကို သေသေချာချာသိဖို့ မဖြစ်နိုင်ဘူး၊ သူကလည်း သိချင်မှာ မဟုတ်ပါဘူးလေ၊ မင်းရဲ့ဆရာက မင်းကို အန္တရယ်မပေး သရွေ့ ထျန်းယီက မင်းရဲ့ ကိုယ်ရေးကိုယ်တာတွေကို ပတ်သက်မှာမှ မဟုတ်တာ”
ကွမ်းလုန်ကျီက ပြောလိုက်သည်။
"ဆရာကြီးပြောတာ အမှန်ပါပဲ"
ဝူတင်က ပြန်ပြောလိုက်သည်။
ထို့နောက် ဝူတင်က ဆန်းလျန်နှင့် ကွမ်းလုန်ကျီကို လက်နှစ်ဖက်စုပ်ကာ အရိုအသေ ပေးလိုက်ရင်း…
"ဒီနေ့ ကျီကျောက်ရဲ့ အသက်ကို ဆရာကြီးနဲ့ မင်းသားလေး ကယ်တင်ခဲ့တာ အရမ်း ကျေးဇူးတင်ပါတယ်၊ ဒီကျေးဇူးကို တစ်နေ့မှာ ပြန်ပေးဆပ်ပါ့မယ်၊ ဒါပေမဲ့ ကျီကျောက်မှာ တောင်းဆိုစရာ တစ်ခု ရှိပါသေးတယ်၊ ဆရာကြီးက ကျီကျောက် တောင်းဆိုတာကို လိုက်လျော ပေးနိုင်မယ် ထင်ပါတယ်"
"အလိုက်တဲ့ ကလေး၊ ထျန်းယီ တိချိုးမြို့တော်ကို ရောက်တည်းက နက္ခတ် တာရာတွေရဲ့ အပြောင်းအလဲတွေကို ကျုပ်ကြည့်ထားတယ်၊ နက္ခတ်ဗေဒ အရပြောရရင် ထျန်းယီဟာ အန္တရာယ်ကင်းကင်းနဲ့ တိချိုးကနေ လွတ်မြောက် သွားလိမ့်မယ်၊ ပြီးတော့ ကံကောင်းခြင်းကို ယူဆောင်လာတဲ့ ကြယ်စင် တစ်စင်းကလည်း မင်းရှေ့မှာ ရောက်နေပြီလေ၊ ဘာလိုသေးလို့လဲ"
ဝူတင်မှာ ကွမ်းလုန်ကျီ၏ စကားကြောင့် များစွာ အံ့သြ သွားရလေသည်။ ထို့ပြင် သူ့ကိုယ်သူလည်း အလွန်အသည်ဟု ခံစားလိုက်မိလေသည်။
သူက ချက်ချင်းပင် ဆန်းလျန်ကို ဦးညွတ် ဂါရဝပြုလိုက်ရင်း…
"မင်းသားလေး၊ ကျွန်တော့်ရဲ့ ဦးလေးကို ကယ်တင်ပေးနိုင်မလား၊ ယင်းစန်းဒေသ တစ်ခုလုံးက အရှင့်သားရဲ့ ကြင်နာမှုအတွက် ကျေးဇူးတင်နေမှာပါ"
"ကျွန်မရဲ့ ဦးရီးတော်က တာ့ရှားဧကရာဇ်နော်၊ ရှင်တို့တွေ ကျွန်မရှေ့မှာ ဒီလို စကားမျိုးတွေ ပြောနေတာ ကျွန်မက ဦးရီးတော်ကို သတင်းပေးလိုက်မှာ မကြာက်ဘူးလား၊ တကယ်တော့ ထျန်းယီ အကြီးအကဲရဲ့ ကံကြမ္မာဟာ ကျွန်မရဲ့ ဦးရီးတော် လက်ထဲမှာပဲ ရှိတယ်"
လေ့ကျင်းက အေးစက်စွာဖြင့် ဝင်ပြောလိုက်လေသည်။
သူမက ထိုကဲ့သို့သော စကားမျိုးကို အေးစက်စွာဖြင့် ဝင်ပြောလိုက်သည့်တိုင် သူမ၏ နှလုံးသားထဲတွင် တုန်လှုပ်နေ လေသည်။ သူမ၏ စကားများကြောင့် ဆန်းလျန် စိတ်ဆိုး သွားမည်ကိုလည်း စိုးရိမ် နေမိလေသည်။ သို့ရာတွင် သူမသည် တာ့ရှားပြည်၏ မင်းသမီးငယ် တစ်ပါးဖြစ်သည့် အတွက် သူမရှေ့တွင် ပြောဆိုနေသည့် ကိစ္စရပ်များကို လျစ်လျူမရှုနိုင်ပေ။
လေ့ကျင်းသည် ကွမ်းလုန်ကျီကိုလည်း စူးစိုက်ကြည့်လိုက်လေသည်။
ကွမ်းလုန်ကျီက လေ့ကျင်းကို ပြန်ကြည့်လိုက်ရင်း ပြုံးပြလိုက်လေသည်။
***