သခင်လေးကို စော်ကားရဲမှတော့ မင်း သေသင့်တယ်
Vol. 114 Ch. 1709
ထွက်ပြေးနေချိန်တွင် အင်မော်တယ် ဧကရာဇ်အဆင့် သိုင်းပညာရှင်သည် တစ်ကိုယ်လုံး တုန်ယင်လာသလို ခံစားလိုက်ရပြီး သူ့ကိုယ်အောက်ပိုင်းမှ အရိုးကွဲမတတ် နာကျင်သော ခံစားချက်တစ်ခုကို ရလိုက်သည်။
သူ ရုတ်တရက် နောက်ပြန်လှည့်ကြည့်လိုက်မိသည်။ ထိုအခါ ဧရာမ ကျားခေါင်းကြီးက သူ့အား ရယ်၍ ကြည့်နေသည်ကို တွေ့လိုက်ရသည်။
လက်ရှိတွင် ချုံးချီ၏ ဦးခေါင်းက သူနှင့် တစ်မီတာပင် မဝေးတော့ချေ။ ထို့အပြင် ချုံးချီ၏ ပါးစပ်ထဲ၌ သူ့ခြေထောက်နှစ်ဖက် ရောက်နေပြီး သွေးများ တတောက်တောက် စီးကျလျက် ရှိသည်။
“အား …”
စူးရှသော ကြောက်လန့်တကြား အော်ဟစ်သံ ပဲ့တင်ထပ်၍ ထွက်ပေါ်လာ၏။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင် ဖြစ်သွားကြသည်။
*ရှုံးသွားပြန်ပြီလား*
အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက်တို့သည် မျက်တောင်တစ်ခတ်အတွင်း တစ်ယောက် သေပြီး ကျန်တစ်ယောက်က ဒဏ်ရာရသွားသည်။
အရာအားလုံးက လျှပ်စီးသဖွယ် မြန်ဆန်စွာ ဖြစ်ပျက်သွားခဲ့ပြီး မထင်ထားရလောက်အောင်ပင်။
“မဟုတ်ဘူး”
ထိုစဉ် အင်မော်တယ် ဧကရာဇ်အဆင့် သိုင်းပညာရှင်က ဝမ်းနည်းစွာဖြင့် ကြောက်လန့်တကြား အော်ဟစ် လာသည်။ အရှင်လတ်လတ် ခြေထောက် ကိုက်စားခံလိုက်ရသဖြင့် ဒေါသစိတ်ဖြင့် သေလုမတတ် ဖြစ်လာရသည်။
သို့သော် ဤသည်က အဆုံးသတ် မဟုတ်သေးချေ။
သူ့ခြေထောက်ကို စားပြီးနောက် ချုံးချီက သူ၏ ကျားလက်သည်းတို့ဖြင့် သူ့လက်မောင်းအား စုတ်ဖြဲကာ ပါးစပ်ထဲ ပစ်ထည့်၍ ဝါးစားလေတော့သည်။
အင်မော်တယ် ဧကရာဇ်အဆင့်အား အရှင်လတ်လတ် ဝါးစားနေခြင်းပါတကား။
ဤမြင်ကွင်းက အလွန် ထိတ်လန့်စရာ ကောင်းလွန်းသဖြင့် ဧည့်သည်များအားလုံး ကျောချမ်းလာကြသည်။
အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့သည် မှင်တက် အံ့ဩနေကြပြီး ယခု အဖြစ်အပျက်အား မယုံနိုင် လောက်အောင် ဖြစ်နေကြလေသည်။
*ယဲ့ဖန်ဘေးနားမှာ ရှိနေတဲ့ ကျားဖြူက ဒဏ္ဍာရီတွေထဲက အရက်စက်ဆုံး ချုံးချီ ဖြစ်နေတာလား*
*အိပ်မက်ပဲ*
*ဒါ အိပ်မက်ဆန်လွန်းလိုက်တာ*
နောက်ဆုံးတွင် ထိုအင်မော်တယ် ဧကရာဇ်အဆင့် သိုင်းပညာရှင်သည် အရှင်လတ်လတ် အစားခံလိုက်ရသဖြင့် ဦးခေါင်းတစ်လုံးသာ ကျန်ရှိတော့သည်။ ထိုအခါတွင်မှ ချုံးချီက ဦးခေါင်းပြတ်ကို လျန့်ဝမ်ကျန်း၏ ခြေထောက်နားသို့ လွှင့်ပစ်လေသည်။
သူ့ထက် မလျော့သော ခွန်အားရှိသည့် ထိုအင်မော်တယ် ဧကရာဇ်အဆင့် သိုင်းပညာရှင်က ချုံးချီ၏ လက်ထဲ၌ ဆိုးဆိုးရွားရွား သေဆုံးသွားသည်ကိုမြင်ပြီး လျန့်ဝမ်ကျန်း၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းလာပြီး မျက်နှာ ဖြူရော်လာ၏။
သူ နောင်တရနေသည်။ သူ လုံးလုံးလျားလျား နောင်တရနေလေသည်။
ယခုအခါတွင်မှ သူ သေစေနိုင်သော အမှားကြီးတစ်ခု ကျူးလွန်ခဲ့မိကြောင်း သတိပြုမိသွားသည်။ ယင်းအမှားမှာ ယဲ့ဖန်ဟူသော ဤလူငယ်လေးအား အထင်သေးခဲ့မိခြင်းပင်။
လက်ရှိအချိန်၌ လူတိုင်းက ယဲ့ဖန်ကို ကြောက်လန့်တကြား ကြည့်နေကြသည်။
*ဒီလို ကြောက်စရာကောင်းတဲ့ မကောင်းဆိုးဝါးက သခင်အဖြစ် ခေါ်လာအောင် လုပ်နိုင်တဲ့ ဒီလူက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းနေလိုက်မလဲ*
ထိုစဉ် လူတိုင်း ကျန်အင်မော်တယ် ဧကရာဇ်အဆင့် သိုင်းပညာရှင် သုံးယောက်ကို ခပ်သွက်သွက် ကြည့်လိုက် မိကြသည်။ ယခု ဤနေရာမှ အခြေအနေက ရှင်းလင်းသွားသဖြင့် တစ်ဖက်တွင် မျှော်လင့်ချက်များ ရှိနေဦးမည်လော။
သူတို့ တစ်ဖက်လှည့်၍ ကြည့်လိုက်သည့်အချိန်မှာပင် အားလုံး ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်။ လူတိုင်း၏ မျက်နှာက ကြောက်စိတ်ဖြင့် ပျက်ယွင်းနေလေသည်။
*ကြောက်စရာ ကောင်းလိုက်တာ*
*မယုံနိုင်စရာပဲ*
အင်မော်တယ် ဧကရာဇ်အဆင့် သိုင်းပညာရှင် သုံးယောက်သည် နက်ဗျူလာ၏ ခြေထောက်အောက်၌ လဲကျနေပြီး သူမက လက်မောင်းတစ်ဖက်ကို ကိုင်၍ တစ်မြုံ့မြုံ့ ဝါးနေသည်။
သူမပါးစပ်တစ်ခုလုံးတွင် သွေးများ စွန်းထင်နေ၏။ သွေးသာ စွန်းပေမနေလျင် သူမပုံစံက အတော်လေး ချစ်စရာ ကောင်းပေလိမ့်မည်။ သို့သော် ယခုအခါ၌ အလွန် ကြောက်စရာ ကောင်းနေ၏။
တစ်ပြိုင်တည်း လှုပ်ရှားတာပါတကား။
ဤနေရာမှ အင်မော်တယ် ဧကရာဇ်အဆင့် နှစ်ယောက် သေဆုံးချိန်တွင် နက်ဗျူလာဘက်မှ အင်မော်တယ် ဧကရာဇ်အဆင့် သုံးယောက်တို့လည်း သေဆုံးသွားကြသည်။
အဖြစ်အပျက်က ဆယ်မိနစ်ထက်ပင် မပိုလိုက်ပေ။
သေသွားလေပြီ။ နတ်ဘုရားမျိုးနွယ်၏ အမြင့်ဆုံး ခွန်အားများ ရှိကြသည့် အင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက်အဖွဲ့က ဆယ်မိနစ်အတွင်း မကောင်းဆိုးဝါး နှစ်ကောင်ထံ၌ ရှင်းလင်းခံလိုက်ရသည်။ ထို့အပြင် အစားအစာသဖွယ် ဝါးစားခုံလိုက်ရလေသည်။
*မကောင်းဆိုးဝါးတွေ*
*မိစ္ဆာတွေ*
လူတိုင်း သူတို့ကို ကြောက်စိတ်ပြည့်နေသော အကြည့်များဖြင့် ကြည့်နေကြပြီး တစ်ကိုယ်လုံး အေးစက်နေကာ စိတ်ဝိညာဉ်ပါ တုန်လှုပ်နေကြသည်။
*သူတို့က လူတွေမဟုတ်ဘူး၊ မိစ္ဆာတွေ*
လူသားတို့သည် လူအချင်းချင်း ပြန်မစားကြပါ။ ထိုသို့ လူသားစားသောသူများက အလွန် ကြောက်စရာ ကောင်းလှသည်။
ဆယ်မိနစ်အတွင်း အင်မော်တယ် ဧကရာဇ် ငါးယောက်လုံး သေဆုံးသွားခြင်းက ပုံပြင်တစ်ပုဒ်ဟုပင် ထင်မှတ်ရပြီး မယုံနိုင်စရာပင်။
အားလုံး ယဲ့ဖန်ကို ကြောက်ရွံ့စွာ ကြည့်နေကြသည်။ ဤသာမန်ပုံပေါက်သော လူငယ်လေး၌ အဘယ်သို့သော ကြောက်စရာကောင်းသည့် လှည့်ကွက်များ ဖုံးကွယ်ထားသေးသနည်း။
အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့တောင်မှ နားဝေတိမ်တောင် ဖြစ်နေကြသည်။ သူတို့ ယဲ့ဖန်ကို အထင်ကြီးလွန်းနေပြီဟု ထင်ထားခဲ့ကြသည်။
သို့သော် လက်ရှိ အခြေအနေအရ သူတို့ ထင်ခဲ့သမျှက ရေခဲစိုင်၏ ထိပ်ဖျားလေးသာ ရှိခဲ့သည့်ပုံပင်။
လျန့်ဝမ်ကျန်း တစ်ကိုယ်လုံး တုန်ယင်နေပြီး ကြက်သီးတဖြန်းဖြန်း ထနေသည်။ သူတော်စင်သခင်အဆင့် လူငယ်လေး တစ်ယောက်က အင်မော်တယ် ဧကရာဇ်အဆင့် သိုင်းပညာရှင်အား ခွေးသတ်သလို သတ်နိုင်သော မကောင်းဆိုးဝါး နှစ်ကောင်ကို ထိန်းချုပ်နိုင်သည်တဲ့လား။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ဧည့်သည်များ၏ အခြေအနေသည်လည်း အေးစက်တောင့်တင်းနေသည်။ ဧည့်သည်များအားလုံး၏ မျက်နှာတွင် ကြောက်စိတ်တို့ ပြည့်နှက်နေပြီး ယဲ့ဖန်အား စူးစိုက်ကြည့်နေကြသည်။
*နတ်ဆိုး*
*မိစ္ဆာဆန်လိုက်တာ*
သူတော်စင်သခင်အဆင့် ခန္ဓာကိုယ်လေးနှင့် အင်မော်တယ် ဧကရာဇ်အဆင့်များကို ကျွန်ပြုနိုင်နေခြင်းသာ အပြင်သို့ ပျံ့သွားပါက တစ်လောကလုံး အုတ်အော်သောင်းနင်း ဖြစ်သွားလောက်သည်။
ဤနေရာသို့ မလာခင်က သူတို့ ယဲ့ဖန်၏ ဂုဏ်သတင်းကို ကြားခဲ့ကြသည်။ သို့သော် သူတို့အားလုံး မျက်စိဖြင့် တပ်အပ် မြင်တွေ့လိုက်ရလေပြီ။
ကောလာဟလများက အမှန်တရားထက် ဆိုးရွားသည်။ ဤလူ၏ သတင်းသာလျင် အမှန်တရားထက် ကြောက်စရာ မကောင်းသလို ဖြစ်နေခဲ့သည်။
*ထွက်ပြေးရမယ်*
လက်ရှိတွင် လျန့်ဝမ်ကျန်း၌ ထိုအတွေးတစ်ခုတည်းသာ ရှိနေသည်။ ဤနေရာတွင် ဆက်နေနေပါက သူ့၌ အသက်ရှင်နိုင်မည့် အခွင့်အရေး မရှိပေ။
ထိုမကောင်းဆိုးဝါးနှစ်ကောင်ထဲမှ မည်သူဖြစ်စေ သူ ယှဉ်နိုင်စွမ်း မရှိပါ။ နှစ်ကောင်လုံးက သူ့အား ကြက်သတ်သကဲ့သို့ အသာလေး သတ်ပစ်နိုင်၏။
သို့သော် သူ ခြေထောက်လှုပ်လိုက်သည်နှင့် သတ်ဖြတ်တော့မည့် အငွေ့အသက်က ချက်ချင်း ကျဆင်းလာသည်။
“ရွှစ် ရွှစ်”
လက်မောင်းနှစ်ဖက်လုံး ပြတ်တောက်သွားလေသည်။ ရင်ဘတ် ထုတ်ချင်းပေါက်ကာ ခြေထောက်များ ကျိုးသွားပြီး ဝမ်းဗိုက်လည်း လက်သီးဖြင့် အထိုးခံလိုက်ရသည်။ ထို့အပြင် သန်မာသော လက်တစ်ဖက်က သူ့လည်ပင်းကို ညှစ်လာသည်။ နေရာငါးနေရာမှ သွေးများ ပန်းထွက်လာလေသည်။
တိုက်ခိုက်လာသူက ယဲ့ဖန် မဟုတ်ဘဲ မိသားစုခေါင်းဆောင် ငါးယောက် ဖြစ်နေသည်။
*ဟာ*
လူတိုင်း အံ့ဩသွားကြသည်။ ပူးပေါင်းညီညွတ်သော ဆက်ဆံရေး ရှိခဲ့ကြသည့် မိသားစုခေါင်းဆောင် ငါးယောက်က လျန့်ဝမ်ကျန်းအား ရန်ရှာလာသည်ကို သူတို့ မယုံကြည်နိုင် ဖြစ်နေလေသည်။
“မင်းတို့…”
လျန့်ဝမ်ကျန်းတောင်မှ အံ့ဩနေကာ မိသားစုခေါင်းဆောင် ငါးယောက်အား မယုံနိုင်သလို ကြည့်နေ၏။
“သခင်လေးကို သစ္စာဖောက်ရဲမှတော့ မင်း သေသင့်တယ်”
ကျိုးမိသားစုခေါင်းဆောင်က အရင်ဦးဆောင်၍ သူ့သဘောထားကို ထုတ်ဖော်သည်။
“မင်းလို အသုံးမကျတဲ့ကောင်က သခင်လေးရဲ့ ရန်သူ လုပ်ချင်တယ်ပေါ့လေ၊ သေတောင် မသနားဘူး”
“လျန့်ဝမ်ကျန်း မင်းမှာ မသင်္ကာစရာ ရည်ရွယ်ချက် ရှိနေတယ်လို့ ငါ ရိပ်မိပြီးသား၊ အခု ဒီလို ဖြစ်နေမှ မင်းက ထွက်ပြေးချင်နေသေးတာလား”
မိသားစုခေါင်းဆောင်များက တစ်ယောက်ပြီး တစ်ယောက် ပြောဆိုလာသည်။ သူတို့သည် သူတို့နေရာကို တည်မြဲအောင် လုပ်ခဲ့ပြီးပြီ ဖြစ်ကာ ယဲ့ဖန်ကို လိုလိုလားလား ဦးညွှတ်ခဲ့လေပြီ။
လျ့န်ဝမ်ကျန်းကို သတ်လိုက်ခြင်းက အကောင်းဆုံး သစ္စာခံခြင်း ပုံစံပင်။
ယနေ့ သူတို့ ယဲ့ဖန်ထံ၌ လုံးလုံးလျားလျား ဦးညွှတ်လိုက်ပြီ ဖြစ်သည်။ သူတို့ စိတ်ရောကိုယ်ပါ လေးစားမိသည်။
ထို့ကြောင့် ယခုအချိန်က သူတို့၏ သစ္စာရှိမှုကို ပြသနိုင်မည့် အကောင်းဆုံး အခွင့်အရေးပင်တည်း။
အကယ်၍ မနေ့ညက ယဲ့ဖန်ကို သူတို့ ကြောက်ရွံ့မိခဲ့သည်ဟုဆိုလျင် ယခုအခါက သူတို့ အမှန်တကယ် လေးစားမိသော အချိန်ပင်။
သူတို့အရှေ့မှလူငယ်လေးသည် ကြောက်စရာ ကောင်းလွန်းလာ၏။ သူ မလုပ်နိုင်သောအရာ ဘာမှမရှိသလိုပင်။
လျန့်ဝမ်ကျန်း ခါးသက်စွာ ပြုံးလိုက်မိသည်။ သူ ရှုံးသွားလေပြီ။ သူ အပြီးတိုင် ရှုံးနိမ့်သွားခဲ့လေပြီ။
အစက သူသည် အိုးရန်မျိုးနွယ် ကျဆင်းတော့မည်ဟု ထင်ခဲ့သဖြင့် အိုးရန်မျိုးနွယ်ကို ပစ်ပယ်ကာ သူ့ကိုယ်သူ ဘုရင်တစ်ပါးသဖွယ် နေထိုင်ချင်ခဲ့သည်။
မမျှော်လင့်ဘဲ ယဲ့ဖန်က ရုတ်တရက် ရောက်လာခဲ့သည်။ နှစ်ရက်တည်းနှင့် သူ နှစ်ပေါင်းများစွာ စီစဉ်လာခဲ့သော အစီအစဉ် အားလုံးကို ဖျက်ဆီးခဲ့လေသည်။
သူ ပိုက်ဆံလည်း ဆုံးရှုံးခဲ့ရသည်။ သူ အရာအားလုံးကို ဆုံးရှုံးလိုက်ရလေပြီ။
နတ်ဘုရားမျိုးနွယ်သည် အချိန်အတော်ကြာစဉ်ကတည်းက ကောက်ကျစ်သော အကြံအစည်များ ရှိခဲ့ပြီး မည်သူ့ကိုမှ မလေးစားပေ။ အိုးရန်ကျန်းကိုတောင်မှ မကြောက်ရွံ့ဘဲ လုံးဝ အလေးထားခြင်း မရှိချေ။
ယခု သူ ယဲ့ဖန်ထံ၌ ရှုံးနိမ့်သွားသည့်အခါမှ အားလုံးကို နားလည်သွားရတော့သည်။
“မင်း ငါ့ကို သတ်လို့ရတယ်၊ ဒါပေမဲ့ ငါ့မိသားစုကို အသက်ချမ်းသာပေးနိုင်မလား”
လျန့်ဝမ်ကျန်းက အသနားခံသော မျက်လုံးများဖြင့် ယဲ့ဖန်ကို ကြည့်လိုက်သည်။
သူ သေရတော့မည်ကို သိပါသော်လည်း မသေခင် သူ၏ နောက်ဆုံးမျိုးဆက်များကို ကယ်တင်နိုင်ရန် မျှော်လင့် နေမိသည်။
သို့သော် ယဲ့ဖန်က ခေါင်းခါသည်။
“မြက်ကို အမြစ်ကနေ ဆွဲမနုတ်ဘဲ ထားလို့မရဘူး၊ မဟုတ်ရင် နွေဦးရောက်တာနဲ့ ပြန်ပေါက်လာလိမ့်မယ်၊ ခင်ဗျား ဒီအမှန်တရားကို နားမလည်ဘူးလား၊ ကျုပ် ဒုတိယ လျန့်ဝမ်ကျန်းကို ပေါ်လာမှာကို မလိုလားဘူး”
ယဲ့ဖန်သည် သူ တစ်ချိန်လုံး တိုက်ခိုက်၍ မဖြစ်နိုင်မှန်း သိနေသည်။ သူ ထွက်သွားပြီးလျင် အိုးရန်မျိုးနွယ် ဘာဖြစ်လာမလဲ ခန့်မှန်းရ ခက်သည်။
“သူတို့ မင်းကို ဘာခြိမ်းခြောက်မှုမှ မလုပ်ဘူးလေ”
လျန့်ဝမ်ကျန်း ဒေါသထွက်နေသော အမူအရာဖြင့် အော်ဟစ်လိုက်ပြီး မျက်လုံးတွင်း၌ နာကျင်သော အရိပ်အယောင်များ ပေါ်နေသည်။
“ကျုပ် ခင်ဗျားကို မသတ်ရင် ယဲ့ဖန်ဆိုတဲ့ ကျုပ်က လူအုပ်ကြီးကို သိမ်းသွင်းနိုင်မှာ မဟုတ်သလို အိုးရန်မျိုးနွယ် ကိုလည်း သိမ်းသွင်းနိုင်မှာ မဟုတ်ဘူး”
ယဲ့ဖန်က ခေါင်းခါ၍ ဆက်ပြောသည်။
“ခင်ဗျား အပြစ်တင်ချင်တယ်ဆိုရင် အရမ်း ရူးမိုက်တဲ့လုပ်ရပ်ကို လုပ်ခဲ့တဲ့ ခင်ဗျားကိုယ်ခင်ဗျားပဲ အပြစ်တင် လိုက်တော့”
ယဲ့ဖန်သည် စားသောက်ပွဲ၌ သူ့ကို အခွင့်အရေး တစ်ခါမျှ ပေးချင်စိတ် ဖြစ်ပေါ်ခဲ့သော်လည်း ယခုအခါတွင်တော့ အားလုံး နောက်ကျသွားချေပြီ။
လျန့်ဝမ်ကျန်း သေကိုသေရမည်။
“ဟားဟားဟား …”
ထိုအခါ လျန့်ဝမ်ကျန်း အော်ရယ်လာပြီး မျက်ရည်များ စီးကျလာကာ ဝမ်းနည်းနာကျင်သော မျက်နှာဖြင့် ရေရွတ်လေသည်။
“ငါ မှားသွားပြီ၊ ငါ အမှားကြီး မှားသွားတာပဲ”
လူတိုင်း ထိတ်လန့်နေကြသည်။ အထူးသဖြင့် မိသားစုခေါင်းဆောင်များပင်။ ဤသည်က ထိုလူကို ရန်စခဲ့မိသည့် အဆုံးသတ်ပင်တည်း။
လျန့်ဝမ်ကျန်း၏ ယခု အသွင်အပြင်ကို ကြည့်ပြီး သူတို့ ဝမ်းနည်းမိသည်။
သူတို့ ယဲ့ဖန်ကို မတိုက်ခိုက်မိ၍ ကံကောင်းသွားသည်။ သို့မဟုတ်ပါက သူတို့ လျန့်ဝမ်ကျန်းကဲ့သို့ အဆုံးသတ်ကာ မိသားစုဝင်များအားလုံး အသတ်ခံရလောက်သည်။
ထို့နောက် လျန့်ဝမ်ကျန်းက ယဲ့ဖန်ကို အလွန် မုန်းတီးသော အကြည့်ဖြင့် ကြည့်လာသည်။
“နတ်ဆိုး၊ မင်းက နတ်ဆိုးပဲကွ”
ထိုစကားကို ကြားသော် လူတိုင်း အောင့်သက်သက် ရယ်လိုက်မိပြီး လျန့်ဝမ်ကျန်း၏ စကားကို ထောက်ခံမိသည်။ သူတို့အရှေ့မှ လူငယ်သည် တကယ့်ကို နတ်ဆိုးတစ်ကောင်ပင်။
“ဂျွတ်”
ထိုစဉ် ကျိုးမိသားစုခေါင်းဆောင်က လျန့်ဝမ်ကျန်းကို လည်ချိုး၍ သတ်ပစ်လိုက်ကာ ရက်စက်မှုတို့ ပြည့်နေသော မျက်နှာထားဖြင့် ပြောလိုက်သည်။
“မင်း သခင်လေးကို စော်ကားရဲမှတော့ သေကိုသေသင့်တယ်”
လျန့်ဝမ်ကျန်း၏ မျက်လုံးများက တဖြည်းဖြည်း ငြိမ်သက်လာပြီး မျက်နှာတွင် အလွန် နောင်တရသော အမူအရာ ပေါ်လွင်နေ၏။
“ဒုန်း ဒုန်း”
ထို့နောက်တွင်မူ မိသားစုခေါင်းဆောင် ငါးယောက်က ယဲ့ဖန်ရှေ့၌ ဒူးထောက်လာ၏။
“သခင်လေး ကျုပ်တို့ စိတ်ပြောင်းလိုက်ပါပြီ၊ သခင်လေးကို ကျုပ်တို့ ထာဝရ သစ္စာရှိပါ့မယ်လို့ ကျိန်ဆိုပါတယ်၊ ကျုပ်တို့ ဘယ်သောအခါမှ ထပ်သစ္စာမဖောက်ပါဘူး”
ယဲ့ဖန်က သူတို့ကို တစ်ချက်ကြည့်၍ ပြောလိုက်သည်။
“လျန့်ဝမ်ကျန်းရဲ့ မိသားစု ပိုင်ဆိုင်မှုလုပ်ငန်းတွေကို ခင်ဗျားတို့ အညီအမျှ ခွဲယူလိုက်”
ငါးယောက်လုံး ချက်ချင်း သွေးပျက်သွားပြီး ကျိုးမိသားစုခေါင်းဆောင်က အသည်းအသန် ခေါင်းခါ၍ ပြောသည်။
“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ဒီသစ္စာဖောက်ကို သခင်လေး သုတ်သင်လိုက်တာပါ၊ လျန့်မိသားစုက ပိုင်ဆိုင်မှု အားလုံးကို သခင်လေးပဲ ပိုင်သင့်တာပါ”
“ကျုပ် ပေးတယ် ပြောရင် ယူလိုက်၊ အရေးမပါတာတွေ ပြောမနေနဲ့”
ယဲ့ဖန် စိတ်မရှည်စွာ ပြောလိုက်သည်။
“ဟုတ်ကဲ့”
မိသားစုခေါင်းဆောင် ငါးယောက်လုံး ထပ်မပြောတော့ချေ။ သူတို့မျက်နှာတွင် ဝမ်းသာစိတ်တို့ ပေါ်လွင်နေ၏။
လျန့်ဝမ်ကျန်း၏ ပိုင်ဆိုင်မှုက သူတို့ ငါးယောက်လုံး၏ ပိုင်ဆိုင်မှုအားလုံး ပေါင်းလိုက်သည်ထက်ပင် ပိုများသေးသည်။ ယင်းကို သူတို့ ငါးယောက် အညီအမျှ ခွဲဝေယူလိုက်ရခြင်းက ကံကောင်းမှုကြီး မဟုတ်ပါလော။
ဤပိုင်ဆိုင်မှုနှင့် ယှဉ်လိုက်လျင် မနေ့ညက ဆုံးရှုံးမှုက မပြောပလောက်စရာပင်။
ငါးယောက်လုံး၏ စိတ်ထဲ၌ ကျေးဇူးတင်စိတ် ဖြစ်ပေါ်လာသည်။
ယဲ့ဖန်သည် လူအများကို ထိန်းချုပ်နိုင်စွမ်းရှိပြီး လူ့သဘောထားကို နားလည်နိုင်စွမ်း ရှိသည်။ ထို့ကြောင့် သူ့လက်အောက်မှ လူများကို သိမ်းသွင်းနိုင်ရန် မဆိုသလောက် ဒဏ်ပေး၍ ဆုများများ ပေးသင့်မှန်း သူ သိသည်။
ယဲ့ဖန်က သူတို့ကို မနေ့ညက ဒဏ်ပေးခဲ့ပြီး ယနေ့ ဆုပေးခဲ့သည်။ ယခု သူတို့ ငါးယောက်လုံး ပျော်ရွှင်နေကာ ဘာစောဒက တက်ခြင်းမှ မရှိတော့ပေ။
ထို့နောက် ယဲ့ဖန်က အိုးရန်မိန်လင်နှင့် အိုးရန်ရှောက်ကျွင်းတို့ကို လှည့်ကြည့်လိုက်ပြီး ပြုံးလိုက်သည်။
“အခု မင်းတို့အလှည့််ပဲ”
အိုးရန်မိန်လင်တို့ နှစ်ယောက်လုံး ငေးခနဲ ဖြစ်သွားသည်။ သူတို့ မသိစိတ်အရ အလိုလို နောက်ဆုတ်မိကာ ယဲ့ဖန်အား သတိဖြင့် ကြည့်လိုက်သည်။
“ယဲ့ဖန် နင် ဘာလုပ်ချင်တာလဲ၊ ငါတို့က ဆွေမျိုးတွေလေ၊ နင် ငါတို့ကို သတ်ချင်နေတာလား”
လက်ရှိအချိန်တွင် နှစ်ယောက်လုံး ခြေထောက်များ တုန်နေကြပြီး ယဲ့ဖန်က စာရင်းရှင်းတော့မည် ဖြစ်ကြောင်း ရိပ်မိနေကြသည်။
ယခုအချိန်၌ အိုးရန်မိန်လင်သည် ငိုလုနီးပါး ဖြစ်နေပြီး မျက်နှာတွင် ကြောက်စိတ်နှင့် စိုးရိမ်ပူပန်စိတ်တို့ ပြည့်နှက်နေသည်။ သူမ သတိလစ်မတတ် ဖြစ်နေ၏။
ယဲ့ဖန် အသက်ရှင်လိမ့်မည်ဟု နှစ်ယောက်လုံး ထင်မထားမိပါ။ အင်မော်တယ် ဧကရာဇ်အဆင့် ငါးယောက်လုံး သူ့ကို မသတ်နိုင်ခဲ့ခြင်းက မယုံနိုင်စရာ ကောင်းလှပေသည်။